“တစ်နည်းအားဖြင့် ခရီးသွားကြတဲ့ မိဘ လုပ်သားပြည်သူများခင်ဗျားးးးးးးးးးးးးးးးးးးး”

“တစ်နည်းအားဖြင့်  ခရီးသွားကြတဲ့ မိဘ လုပ်သားပြည်သူများခင်ဗျားးးးးးးးးးးးးးးးးးးး”

 

 

 

 

၁၉၈၃ခုနစ်ဖေဖော်ဝါရီလ က စလို့ရန်ကုန်ကို ကျနော်မရောက်ခဲ့တာ ၂၀၁၁ခုနှစ် ဇူလိုင်လ

ရောက်မှဘဲရန်ကုန်ရောက်ခွင့်ကြုံခဲ့ပါတယ်။

အပွင့်လင်းဆုံးပြောရရင်တော့ အဲကွန်းဘတ်စ် ဆိုသဟာကြီးကို အဲဒီတော့ မှ စစီးဘူးတာပါဘဲ။

တစ်ညလုံးလေအေးတွေလွှတ်ထားပြီး မောင်းတဲ့ကားပေါ်မှာ စောင်ခြုံပြီးလိုက်ရတော့တာပါဘဲ။

ဒါတောင် ကျနော်ရုံးက ကလေးတွေက “လေးလေး စောင်ထည့်သွားနော်”လို့ပြောလို့ပါ။

နို့မဟုတ်ရင်တော့ ခရီးသွားရင် ဘာမှ မသယ်ချင်တဲ့ကျနော်တစ်ယောက် အေးစိမ့်နေတဲ့ကားပေါ်မှာ  အတော်လေး ဒုက္ခရောက်မှာသေချာပါတယ်။

၂၀၁၂ခုနှစ်ရဲ့နောက်ဆုံးရက်မှာ မင်္ဂလာဆောင်ပွဲတစ်ခုတက်စရာရှိတော့ ခါတိုင်းလိုဘဲ

ကားနဲ သွားဘို့ဆုံးဖြတ်လိုက်ပါတယ်။

ကျနော်ရန်ကုန်သွားမှာကို သိတဲ့ သူငယ်ချင်း တစ်ယောက်က ဖုန်းလှမ်းဆက်ပါတယ်။

“ခိုင်မန္တလေး”နဲ့လိုက်ပါလား ကားအသစ် ပရိုမိုးရှင်းလဲရှိတယ် လို့ပြောပေမယ့်

ကျနော်က လက်မှတ်ဝယ်ပြီးပါပြီ။

လက်မှတ်တစ်စောင် ၁၃၈၀ဝကျပ်။

ပုံမှန်ကားကား ၁၀၅၀ဝကျပ် ဆိုတော့ ဈေးကတော့ နည်းနည်းလေးကွာပါတယ်။

ပုံမှန်ကားထက် ထို်င်ခုံက ပိုကျယ်တယ် လမ်းမှာ အစားအသောက်တစ်ကြိမ်ကြွေးတယ်။

နောက်လမ်းမှာကြာကြာမနားဘဲ ဖြေးဖြေးမှန်မှန်မောင်းတယ်ဆိုတာကတော့ အကြိုက်ဆုံးအချက်ပါဘဲ။

ဒါတွေကြောင့်လဲ  ကောင်းတယ်လို့ပြောနေကြတဲ့ ကားအသင်းနဲ့ ရန်ကုန်ကိုနဲ့ချီတက်ဘို့ ဆုံးဖြတ်လိုက်တာပါ။

ရန်ကုန်သွားမယ့်ညက  ကျနော်လိုက်မယ့်ကားက ကိုးနာရီခွဲထွက်မယ်ဆိုတော့ ၉နာရီလောက်အရောက်လာခဲ့ပါတယ်။

ဂိတ်ရောက်တော့ ဘယ်ကားနဲ့လိုက်ရမယ်ဆိုတာ သိအောင် လက်မှတ်လဲ မှတ်ပုံတင်နံပါတ်တွေပေး

ပြီးတော့ ခုံပေါ်လဲထိုင်ရောက် ကလေးမလေးတစ်ယောက်က ကော်ဖီလိုက်တိုက်ပါတယ်။

ဆောင်းည အေးအေးမှာ ကော်ဖီပူပူလေးဆိုတော့ လိုက်မှလိုက်ပါဘဲ။

ပုံမှန်ချိန်ဆိုရင် ကားနဲ့ခရီးသွားရင် ကျနော် လက်ဖက်ရည် ကော်ဖီအအေးစတဲ့  အရည်သောက်လေ့မရှိပါဘူး။

အရည်သောက်မိလို့ ကားပေါ်မှာဒုက္ခရောက်ခဲ့ဘူးလို့ပါဘဲ။

%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%

ရှေးလွန်လေပြီးသောကာလတစ်ခု ၁၉၉၃-၁၉၉၄ ပါတ်ဝန်းကျင်လောက်ကပေါ့။

အဲဒီအချိန်တုံးက ကျနော် မြင်းခြံ မုံရွာ နဲ့ မိတ္ထီလာမြို့တွေကို တစ်လတစ်ခေါက် မှန်မှန်သွားရပါတယ်။

သွားရင် ဥပုဒ်နေ့ မှာဘဲ နေ့ခြင်းပြန်သွားလေ့ရှိပါတယ်။

အဲဒီခေတ်တုံးကတော့ မုံရွာနဲ့မိတ္ထီလာက ဟိုင်းလတ်ကားလေးတွေသလို ကားကြီးတွေလဲရှိပါတယ်။

ကားလဲပေါပြီး အချိန်မရွေးသွားလို့လာလို့ရပါတယ်။

မြင်းခြံ ကတော့ ကားရှားပါတယ်။

ကားအသင်းဆိုလို့  ပြည်တော်အေး နဲ့ ဝင်းဘဲရှိပါတယ်။

ကားအသေးတွေ အနေနဲ့ကတော့ဘီအမ်ကားကြီးတွေရှိမယ် ကားအကောင်းဆိုလို့ ဟွန်ဒိုင်းကားကြီးတွေဘဲရှိပါတယ်။

မန်းလေးကနေမြင်းခြံကို အစောဆုံးထွက်တဲ့ကားက မနက် လေးနာရီခွဲ။

ဟိုရောက်တော့ မနက်ကိုးနာရီပါတ်ဝန်းကျင်

မြင်းခြံကနေပြန်လာရင်နောက်ဆုံးထွက်တဲ့ကားက နေ့လည်နှစ်နာရီ။

မန်းလေးပြန်ရောက်ရင် ညနေ(၇)နာရီ ဒါတောင်လမ်းမှာ ကားမပျက်ပါမှ။

မန်းလေးကဘဲသွားသွား မြင်းခြံကဘဲလာလာ အများအားဖြင့်ညောင်ပင်သာဆိုတဲ့နေရာမှာရပ်ပါတယ်။

အဲဒီအချိန်က ခရီးသွားရင် စိတ်ပျက်စရာအကောင်းဆုံးက တော့ အိမ်သာ ကိစ္စပါဘဲ။

ခရီးသွားကားတွေက အများကြီးထဲမှာ ကားနားတဲ့နေရာမှာရှိတဲ့အိမ်သာက တစ်လုံးနှစ်လုံး။

ကိုယ့်အလှည့်ရောက်ဘို့ကို အကြာကြီးစောင့်ရပါတယ်။

အဲတော့လဲ မအောင့်နိုင်တဲ့ယောက်ျားလေးများကတော့ လူနည်းနည်းကွယ်တဲ့နေရာမှာကိစ္စရှင်းရတာပေါ့။

ပိုစိတ်ပျက်စရာကောင်းတာက ညစ်ပတ်နံစော်နေတာပါ။

အသုံးပြုထားခဲ့သူများကလဲ ကိုယ့်ကိစ္စပြီးရင်ရေလောင်းရကောင်းမှန်းမသိ။

ဒီအညစ်အကြေးတွေကို သန့်ရှင်းမယ့်သူလဲမရှိ။

အိ်မ်သာတက်ပြီးလက်ဆေးစရာ ဆပ်ပြာဝေလာဝေး ရေကန်တောင်မရှိ။

မတတ်သာလို့သာအသုံးပြုရတယ် အတော်လေးကို ရွံစရာကောင်းလှပါတယ်။

ဒါပေမယ့်လည်းရွေးချယ်စရာလမ်းမရှိ။

 

တစ်ခါတစ်ရံကားသွားနေရင်းကနေ မအောင့်နိုင်လွန်းတဲ့လူပါလာရင်တော့

“ ပေါက်တော”လို့အော်လိုက်ရင် ကားရပ်ပေးပါတယ်။

ဒါကလဲ စပယ်ယာသဘောကောင်းမှ ကားလူနည်းနည်းချောင်မှ ရပ်ပေးတာပါ။

အများအားဖြင့်ကတော့ ဘယ်လောက်အော်အော်  မသိချင်ယောင်ဆောင်နေတာများပါတယ်။

တစ်ခါကတော့ ကျနော် မြင်းခြံကအပြန်ကားစောင့်ရင်း မိတ်ဆွေတွေနဲ့လက်ဖက်ရည်ဆိုင်ထိုင်ကြပါတယ်။

လက်ဖက်ရည်သောက်ရင်း ရေနွေးကြမ်းတွေကိုလဲစကားတစ်ပြောပြောနဲ့သောက်မိပါတယ်။

အဲဒီတုံးမှာဘဲ အခြားဝိုင်းမှာထိုင်နေတဲ့မိတ်ဆွေတစ်ယောက်က ကျနော့်အတွက်ဆိုပြီး

စားပွဲထိုးလေးကို စပါကလင်အအေးတစ်ပုလင်းပို့ခိုင်းလိုက်ပါတယ်။

ကျနော်က  ကားစီးမှာမို့ မသောက်ချင်ဘူးလို့ငြင်းမလို့ကြံလိုက်မိပေမယ့် မှာပြီးသားဖြစ်နေတာရယ်

အားနာတာရယ်ကြောင့်သောက်လိုက်ပါတယ်။

အဲဒီနေ့က နေနည်းနည်းပူတော့ ပြဿနာမရှိလောက်ဘူးလို့တော့တွေးမိပါတယ်။

ကျနော်တို့ကားက ထွက်လာလု့ိသိပ်မကြာခင် မြင်းခြံမြို့အထွက်လောက်မှာကားဘီးပေါက်ပါတယ်။

အဲတော့ စပယ်ယာဘီးဖြုတ်ပြီးလဲတာ နာရီဝက်လောက်ကြာသွားပါတယ်။

နောက်တော့ခရီးဆက်ထွက်လာပါတယ်။

ကားလမ်းနံဘေးမှာရှိတဲ့ကျောင်းတွေရဲ့ကျောင်းဆင်းချိန်နဲ့မြင်းခြံကထွက်လာတဲ့ ဒီနောက်ဆုံးကားနဲ့

အချိန်ခြင်းတိုက်တာကြောင့် ဆရာမတွေကျောင်းသားကျောင်းသူတွေက ကားကြုံလိုက်တတ်ပါတယ်။

အဲဒီနေ့ကတော့ ကားတစ်စီးလုံး မတ်တပ်ရပ်လိုက်လာတဲ့ကျောင်းသူကျောင်းသားတွေဆရာဆရာမတွေနဲ့ ပြည့်နေတဲ့အပြင်ကားခေါင်မိုးပေါ်မှာ အထိ လူအပြည့်ပါဘဲ။

အဲတော့ လမ်းမှာ တက်လိုက်ဆင်းလိုက်နဲ့ဆိုတော့ အချိန်တော့ နည်းနည်းလေးဖင့်ပါတယ်။

ကားကလည်းလူအပြည့်ဆိုတော့ ဖြည်းဖြည်းဘဲမောင်းလာပါတယ်။

 

ကျနော့်နဲ့ခုံခြင်းကပ်ရက် ထိုင်လာတဲ့အမျုးိသမီးကလဲသူလမ်းကနေဝယ်လာတဲ့ ဖရဲသီးတွေကြွေးပါတယ်။

ငြင်းရမှာအားနာတော့ စါးမိတာပေါ့။

ကျနော်ကိုယ်တိုင်ကလဲ ဖရဲသီးကိုကြိုက်တာက လဲ တစ်ကြောင်းပေါ့။

ကားသွားနေတုန်းမှာဘဲ ရာသီဥတုကဖောက်ပြီး  နေကျဲကျဲပူနေရာကနေ မိုးတွေအုံ့လာပါတယ်။

သိပ်မကြာခင်မှာဘ ဲ ကျနော်သောက်ထားတဲ့ အအေးတွေနဲ့ သူများကြွေးတာကို အားမနာပါးမနာ

တစ်ဝကြီးစားထားတဲ့ဖရဲသီးတို့က အပြင်ထွက်ခွင့်တောင်းကြပါတော့တယ်။

ကားကလဲ လူအပြည့်ဆိုတော့ အောက်ဆင်းလို့ မလွယ်သလို “ပေါက်တော” လဲ အော်လို့မရ။

ညောင်ပင်သာရောက်ရင်တော့ တဲ့ထိတောင့်အောင့်ထားလိုက်အုံးမယ်လို့  တွေးရင်း အဲဒီဘက်ကိုစိတ်မရောက်အောင်ဟိုငေးဒီငေးနဲ့လိုက်ခဲ့ရပါတယ်။

ကျနော်ဘေးနားက အမျုးိသမီးက စကားတွေအမျှင်မပြတ်လာပြောနေတော့

အလိုက်သင့်သာ အင်း လိုက်နေရတယ် သူဘာပြောနေမှန်းမသိ.။

နောက်ထပ် ၁၅မိနစ်လောက်ဆိုရင် ညောင်ပင်သာ မှာရောက်တော့မယ်ဆိုတော့

“အောင့်နိုင်ကောင်းပါရဲ့”လို့ တွေးမိပါတယ်။

ညောင်ပင်သာအနားရောက်ခါနီးတဲ့အချိန် စပယ်ယာက “ညောင်ပင်သာအဆင်းပါလား”လို့လှမ်းမေးတဲ့အခါ

ဆင်းမယ့်သူတစ်ယောက်မှမရှိတော့ မရပ်ဘဲနဲ့ဆက်မောင်းပါတော့တယ်။

အဲဒီမှာကျနော်လဲအတော်လေးစိတ်လေသွားပါတယ်။

ကားတစ်စီးလုံးလဲအပြည့်အကျပ် ဆင်းမယ့်သူလဲမရှိ။

ကျနော်မှာစိတ်ပျက်လက်ပျက်နဲ့ အောင့်အည်းပြီးနေရပါတော့တယ်။

ဒီအချိန်ကျမှ ဝတ်လာတဲ့ ဂျင်းဘောင်းဘီက အဲ လူကိုညှစ်ထားသလို အစွမ်းတွေပြပါတော့တယ်။

နောက်တော့ ပြင်စည်မရောက်ခင်မှာ လူအတော်များများ ဆင်းသွားတော့ ကားချောင်သွားပါတယ်။

ကားဒရိုင်ဘာကလဲ လမ်းမှာ မိုးမိမှာစိုးတော့ ကားကို အမြန်မောင်းပါတော့တယ်။

မြစ်သားမရောက်ခင်လေးမှာ လမ်းနံဘေးက ကြက်သွန်အိတ်တွေတင်ဘို့

ကားကိုတားတော့ ကားကလမ်းဘေးထိုးရပ်လိုက်တဲ့အခါ ကျနော်မှာအတော်ပျော်သွားပါတယ်။

အကြာကြီးအောင့်ထားရတဲ့ ကိစ္စရှင်းလို့ရပြီပေါ့။

ကြက်သွန်အိတ်ကတော့သိပ်မများပါဘူး လေးငါးအိတ်ဘဲရှိတာပါ။

ကားနဲ့ကပ်ရကလမ်းတောင်ဘက်မှာတော့ ကောက်စိုက်သမတွေအလုပ်လုပ်နေတာကိုလှမ်းမြင်ရတာနဲ့

လမ်းမြောက်ဘက်ကို အမြန်ပြေးရပါတယ်။

လယ်ကွက်အစပ်နားက လူနည်းနည်းကွယ်မယ်ထင်ရတဲ့  ခြုံပုတ်လေးနားလဲရောက်လို့

ဘောင်းဘီ ဇစ်ကိုဆွဲ အဖွင့်

“ဟေးးးးးးးးးးးးးးးးး”ကနဲအော်သံကြားလို့ အသံလာရာဘက်ကိုအကြည့်

အလုပ်ခဏနားလို့ရေနွေးကြမ်းနဲ့ကောက်ညှင်းပေါင်းလွေးနေကြတဲ့ လယ်သူမ အုပ်စုလိုက်ကြီးကို

မြင်လိုက်ရတဲ့အခါ ရှက်တာနဲ့ လဲသေချင်စိတ်ပေါက်ပြီး ဟိုကိစ္စတောင်မေ့သွားလိုက်တာ

ကားနားကိုဘယ်လိုရောက်သွားမှန်းတောင်မသိလိုက်တော့ပါဘူး။

ကားကလဲ ကြက်သွန်အိတ်တင်ပြီးလို့ ဟွန်းတစ်ပွမ်ပွမ်တီးပြီးခေါ်နေတာနဲ့ကားပေါ်အမြန်ပြေးတက်ခဲ့ရပါတယ်။

ကားပေါ်ရောက်တော့ ခရီးသွားဖော် အမျိုးသမီးက ဘယ်ပျောက်သွားတာလဲမေးတော့

ကျနော်မှာ မဖြေနိုင်။

ဟိုဆီကိုစိတ်မရောက်အောင်ကျိတ်မှိတ်လာခဲ့ရပါတယ်။

ကားကလဲ မရပ်ဘဲမောင်းလိုက်တာ ပုလိပ်မြို့ရောက်တော့ မှရပ်ပါတယ်။

အဲဒီအချိန် မှောင်စလဲပြုနေတော့ ကုက္ကိုပင်ကြီးတစ်ပင်အောက်သွားပြိးကိစ္စရှင်းလို်က်မှ

လူလဲနေသာထိုင်သာရှိသွားပါတယ်။

အဲဒီအချိန်ကစလို့ ခရီးသွားရင် ဘယ်တော့မှ အရည်မသောက်တော့ပါဘူး။

ကျနော်အတွေးတွေပွားနေတုန်းမှာဘဲ “အထူးကား ဖိုက်ဘတ်စ်နဲ့လိုက်မယ့်ခရီးသည်များကားပေါ်တက်လို့ရပါပြီရှင်”လို့ ခေါ်တာနဲ့ ကား ပေါ်ကိုတက်လိုက်ပါတော့တယ်။

ကျနော်တို့ကားပေါ်ရောက်တဲ့အခါ မှာဆံပင်ကိုလေးသပ်သပ်ရပ်ရပ်ထုံးထားပြီး ခရမ်းရောင်မြန်မာဝတ်စုံလေးနဲ့ မိန်းကလေးက ကျနော်တို့ခရီးသည်တွေကို ကူညီပေးမယ့် “ကားယာဉ်မယ်”လေးဆိုတာ ကို သိလိုက်ရပါတယ်။

ကျနော်တို့ပါလာတဲ့ ပစ္စည်းကြီးကြီးမားမားကတော့ ကားဝမ်းဘိုက်ထဲမှာထားပေးပြီး

ခရီးလမ်းဆုံးရောက်တဲ့အခါ  ပြန်ရွေးဘို့လက်မှတ်လေးပေးပါတယ်။

အတော်အသင့်သေးတဲ့ပစ္စည်းတွေအဖိုးတန်ပစ္စည်းလေးတွေကတော့ ကိုယ်ထိုင်တဲ့ခုံရဲ့အပေါ်ဘက်က

သေတ္တာလေးထဲမှာထည့်ရုံပါဘဲ။

ဟိုအရင် ကားအဟောာင်းတွေက ဆိုရင် စောရောက်တဲ့လူက သူတို့ပါလာတဲ့ပစ္စည်းတပုံတပင်ကို

သူုများထားရမယ့်နေရာမှာလာဦးထားလို့ ဖယ်ခိုင်းရတာ မကြာခဏ။

အခုကတော့ အလုံပိတ်သေတ္တာလေးထဲမှာကိုယ့်ပစ္စည်းကိုယ်ထည့်ရုံပါဘဲ။

အဲသေတ္တာကို ခတ်ထားစရာ  သော့တော့ မပါ ပါဘူး။

ကားကတော့ ကိုးနာရီခွဲအချိန်မှန်တုိုင်းဘဲ ကျွဲဆည်ကန်ကားဝင်းထဲကနေထွက်ပါတယ်။

ကားထွက်တာနဲ့ကလေးမလေးက အဆင်ပြေပါရဲ့လားလို့ခရီးသည်အားလုံးကိုမေးပါတယ်။

ပြီးတော့ သတ်သတ်လွတ်စားပါသလား၊

အသားစားပါသလား၊

မစားတဲ့အသားရောရှိပါသလား လို့ တစ်ယောက်ခြင်းကိုမေးပြန်ပါတယ်။

ခဏနေတော့  မိုက်ကရိုဖုန်းလေးထုတ်ပြီး နုတ်ခွန်းဆက်စကားပြောပါတော့တယ်။

သွားလမ်းလာလမ်းဖြောင့်ပါစေကြောင်း ဆုတောင်းပေးပါကြောင်း။

သူမ အပါအဝင် ဝန်ထမ်းများက ခရီးသည်များရဲ့ အသက်လုံခြုံရေးကိုတစ်ဖက်တစ်လမ်းမှ

တာဝန်ယူပါကြောင်း၊ လို်က်ပါလာသူ ဝန်ထမ်း များ အရက်ဆေးလိပ်သောက်ခြင်းကို တားမြစ်ထားပါကြောင်း

မော်တော်ယဉ်ကိုမောင်းနှင်သူများကအဝေးပြေးကား မောင်းသက် ဆယ်နှစ်အထက်မှာရှိတဲ့ဝါရင့်ကျွမ်းကျင်တွေဖြစ်ပြီး မွမ်းမံသင်တန်းပေးထားပါကြောင်း၊

သူကိုယ်တိုင်ကလဲ ရှေးဦးသူနာပြုသင်တန်း တက်ထားပြီးသူဖြစ်ပါကြောင်း၊

လိုအပ်တဲ့ကျန်းမာရေးကို ဂရုစိုက်ဆောင်ရွက်မည်ဖြစ်ပါကြောင်း။

ညလယ်စာ အဆာပြေ ကျွေးမွေးမည်ဖြစ်ပါကြောင်းတွေကို သာယာဖွယ်အသံလေးနဲ့ပြောသွားပါတယ်။

နောက်တော့ စောင်လေးတွေလိုက်ဝေပါတယ်။

စောင်ထပ်လိုသေးရင်ပြောပါ ထပ်ပေးမယ်လို့လဲပြောပြန်ပါတယ်။ ပြီးခဲ့တဲ့နွေကတောင်ကြီးသွားတုန်းကစောင်မပါလို့

ဒုက္ခရောက်ခဲ့တာကို တွေးမိတော့ပြုံးမိပါတယ်။

နွေခေါင်ခေါင်သွားတာဘဲဆိုပြီး စောင်ယူအသွားမိပါဘူူး။

လမ်းရောက်တော့အေးလွန်းလို့ မအိပ်နိုင်.။

စပယ်ယာလေးကို အအေးဒီဂရီလျော့ခိုင်းတော့ ပုံသေချိန်ထားပေးတာမို့ လျော့လို့မရတဲ့။

ခက်တော့ ခက်နေပါတယ် အေးလွန်းလို့သေရင်တောင် ဒီအတိုင်း သေရမယ်ထင်ပါရဲ့။

အချိန်အခါအလိုက်ရာသီအလိုက် လိုအပ်သလိုအပြောင်းအလဲလုပ်ရမှာကို ပုံသေအတိုင်း

ဇွတ်ထားတာကိုမြင်ရတော့ အပြောင်းအလဲ မလုပ်ရဲတဲ့၊မလုပ်ချင်ဘူးဆိုရင် အလွယ်တကူငြင်းပယ်တတ်တဲ့ ခေါက်ရိုးကျိုးနေတဲ့ ကျနော်တို့မြန်မာတွေရဲ့စိတ်ဓါတ်တွေကို ဖျတ်ကနဲ့တွေ့လိုက်ရတော့ ရင်လေးမိပါတယ်။

ဒီလိုဝန်ဆောင်မူ့တွေ ကောင်းလို့လဲ ဈေးပိုပေးရတယ်ဆိုတာ သဘောပေါက်လိုက်ပါတယ်။

သီချင်းကလဲ ခပ်အေးအေးဖွင့်ထားပြီး မျက်စေ့နောက်တဲ့ ဗွီဒီယိုကားကိုမကြည့်ရတာတော့ စိတ်ချမ်းသာမိပါတယ်။

(နောင်ဆိုရင်တော့ ကြည့်ချင်ရင်လဲ ကြည့်လို့မရတော့ဘူးနော်- ကားပေါ်မှာဗွီဒီယို မပြရတော့ဘူးတဲ့)

 

အရင်ကားကြီးတွေတုန်းကတော့ လူထိုင်တဲ့ခုံအောက်မှာ ကုန်ထည့်လို့ရအောင်ထိုင်ခုံတွေကို

အပေါ်မြင့်ထားတော့ ထိုင်လို်က်ရင်ခြေနှစ်ချောင်းက လေထဲမှာ မြောက်နေပါတယ်.။

ဆိုဖာခုံဆိုပေမယ့်လဲပေါက်တာပေါက် ပြဲတာပြဲ။

အခုလိုအမြန်ကားတွေ ပေါ်ကာစကတော့ ရှေးက ဟီးနိုလို ဟွန်ဒိုင်းလိုကားထက်စာရင်

ထိုင်ရတာ ပိုကျယ်ပါတယ်။

ဒါပေမယ့်လဲ ပစ္စည်းတစ်ခုကို သုံးသာသုံးနေတယ် မွမ်းမံပြင်ဆင်တဲ့အလေ့အထမရှိလေတော့

ခုံတွေက ရှေ့တိုးနောက်ဆုတ်လုပ်ဘို့ တပ်ထားတဲ့ခလုပ်တွေက ကျိုးတာကျိုး နဲ့အလွယ်တကူရွှေ့မရ။

အမိူက်ထည့်ဘို့ ဆိုပြီး ကိုယ့်ရှေ့က ခုံနောက်ကျောမှာ ကပ်ထားပေးတဲ့ ဇကာကွက် ပိုက် အိပ်တွေကပေါက်ပြဲလို့အသုံးချမရ။

ကြာလေစုတ်လေ ဆိုတဲ့ကားတွေဘဲ ဖြစ်ကုန်ပါတော့တယ်။

 

အခုစီးလာတဲ့ကားက တော့ ဒီချို့ယွင်းချက်တွေကင်းလို့ သပ်သပ်ယပ်ယပ်။

ထို်င်ခုံအရေအတွက်ကလဲ သာမန် အမြန်ကားထက်လျော့ထားပါတယ်။

တစ်တန်းကို ပုံမှန်လေးယောက်ထိုင်ရမှာကို သုံးယောက်စာဘဲလုပ်ထားတော့ကျယ်ကျယ်လွင့်လွင့်။

ကောင်းကွက်လေးတွေရှာပြီး ချီးမွမ်းခန်းဖွင့်နေတုန်း ရှေ့ကထိုင်နေတဲ့လူက သူ့ထို်င်နေတဲ့ခုံကိုအားရပါးရ

နောက်လှန်ချလိုက်တာ လူတောင့်လန့်သွားပါတယ်။

အဲဒီလူက ပက်လက်ကုလားထိုင်များလိုသူထိုင်နေတဲ့ခုံကို အဆုံးထိလှန်ချလိုက်တော့ ကျနော်က ပုံမှန်အတိုင်းထိုင်လို့မရတော့ဘဲ နောက်မှီပြီးထိုင်လိုက်ရပါတော့တယ်။

ထိုင်ရတာ စိတ်ထဲမှာကျဉ်းကျဉ်းကျပ်ကျပ်ဖြစ်သွားပါတယ်။

&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&

တွေးနေရင်းကနေမှေးကနဲ့အိပ်ပျော်သွားတဲ့အချိန် ကျနော်တို့ရဲ့ “ကားယာဉ်မယ်”

လေးရဲ့ အသံကြားတော့ လန့်နိုးလာပါတယ်။

ယာဉ်ရပ်းနားစခန်းမှာ ကျန်းမာရေးအတွက် ဆယ်မိနစ်ရပ်ပေးမယ့်အကြောင်း၊

ကားပေါ်က မဆင်းချင်ဘူးဆိုရင်လဲ မဆင်းဘဲနေလို့ရတဲ့အကြောင်း၊

သတ်မှတ်ချိန်ထက် ပိုပြီး ကျော်လွန်အောင်မနေကြဘို့အတွက် တောင်းပန်တဲ့အကြောင်းကို

ပြောနေပါတယ်။

ကားနောက်ပိုင်းကမိန်းမတစ်ယောက်က  “ကားက ဘယ်နားရပ်မှာလဲ”လို့ မေးတော့ ဖီးလ်စားသောက်ဆိုင်နားမှာရပ်မှာရယ်

ဆယ်မိနစ်ဘဲနားမယ်ဆိုတာပြောတော့

“ချိန်းထားတာရှိလို့” ဆိုပြီးပြန်ဖြေသံတော့ကြားလိုက်ရပါတယ်၊

 

ကျနော်လဲကားပေါ်က မဆင်းချင်တော့ ခုံပေါ်မှာဆက်ပြီး မှိန်းနေလိုက်ပါတယ်။

ဟိုအရင် အချိန်က မကွေးမြိုကို အခုလိုညကားနဲ့ သွားခဲ့ရတဲ့အကြောင်းကို ပြန်သတိရမိပါတယ်။

စားသောက်ဆိုင်တစ်နေရာမှာရပ်ပြီဆိုရင် ကားပေါါ်ကလူတွေကိုအကုန်ဆင်းခို်င်းပြီး တံခါးကိုပိတ်ထားပါတယ်။

အဓိကအချက်ကတော့ ပစ္စည်းပျောက်မှာစိုးလို့ပါ။

ကျနော်တို့ခရီးသည်များကတော ့သူတို့ရပ်ပေးတဲ့ဆိုင်မှာ ထို်င်ချင်ထို်င် မထိုင်ရင်

ဟိုနားဒီနားမိုးတိုးမတ်တပ်နဲ့ အဆင်ပြေသလို ကားမထွက်မချင်းနေရပါတယ်။

မြန်မာ့ခရီးသွား လုပ်ငန်းများရဲ့ ထုံးစံအတိုင်း ဒရိုင်ဘာနဲ့ အဖွဲ့ကို သူတို့ကားရပ်ပေးတဲ့

စားသောက်ဆိုင်က ထမင်း အရက် ဆေးလိပ်  ကွမ်းပြည့်စုံအောင်တာဝန်ယူပေးရပါတယ်။

ဒရိုင်ဘာအဖွဲ့ စားလို့သောက်လို့ဝပြီဆိုမှ ဟွန်းတတီတီ တီးပြီးခရီးသည်တွေကို ကားပေါ်တင်ပါတော့တယ်။

အဲလောက်ကြာကြာနားတာတောင်မှ ကားပေါ်ကိုတော်တော်နဲ့ရောက်မလာတတ်တဲ့ ခရီးသည်တွေရှိပါသေးတယ်၊

နောက်အဲဒီခေတ်က ခရီးသွားပြီဆိုရင် မြို့အဝင်အထွက်တွေမှာ မှတ်ပုံတင်စစ်တတ်ပါတယ်။

ညတစ်နာရီနှစ်နာရီလို ကားပေါ်မှာအိပ်ကောင်းတဲ့အချိန်မျိုးမှာ အားလုံးကိုကားပေါ်က ဆင်းခိုင်းပြီး

မှတ်ပုံတင်စစ်တာပါ။

လုံခြုံရေးအတွက်လို့ဆိုပါတယ်။

မှတ်ပုံတင်မပါတဲ့သူ အထောက်အထားမပြည့်စုံတဲ့သူ မသင်္ကာစရာလူတွေရင်တော့

စစ်ဆေးမေးမြန်းနေတာနဲ့ ကားက တော်တော်နဲ့မထွက်ရတော့ပါဘူး။

အများအားဖြင့်အဲဒီတုန်းက တစ်ည နှစ်ခါတော့ အစစ်ခံရပါတယ်။

ဟိုတွေးဒီတွေး အိပ်ရင်းတွေးနေမိတာ အတော်ကြာတာတောင်ကားမထွက်တာကို သတိထားမိလာပါတယ်။

သေချာနားစွင့်ကြည့်မှခရီးသည်တစ်ယောက် ပြန်မရောက်သေးတာလို့ကားမထွက်နိုင်တာပါတဲ့။

မော်တော်ယဉ်မှူးကလဲ ကားယာဉ်မယ်ကို သေချာ မှာမထားဘူးလား လို့မေးပါတယ်။

ကလေးမလေးက လဲ သူ ကားမရပ်ခင်မှာသေချာ ပြောတယ်ဆိုတာကို ပြန်ရှင်းပြနေပါတယ်။

ဒါနဲ့ဘဲ ယာဉ်နောက်လိုက်ကောင်လေးကို စားသောက်ဆိုင်ကနေပြီး မိုက်ကရိုဖုန်းနဲ့အော်ခို်င်းလို်က်မှ

မိန်းမတစ်ယောက်နဲ့ ကောင်လေးတစ်ယောက်အပြေးအလွားတက်လာပါတယ်။

ကားယာဉ်မယ် က အမတို့သေချာမှာထားရဲနဲ့နောက်ကျတယ်ပြောတော့ ဘာမှအရေးမစိုက်တဲ့လေသံနဲ့

“ငါတို့က အစကတည်းက ဒီမှာချိန်းထားတယ်လို့ ပြောသွားသားဘဲအေ့ ”လို့ ခပ်တည်တည်ပြောပါတယ်။

ကားထွက်ပြီးမကြာခင်မှာ ကလေးမလေးတွေက မုန့်ဘူးလေးတွေတင်ထားတဲ့ တွန်းလှည်းလေးကို

မုန့်ကို အခုသုံးဆောင်မလား နောက်မှဘဲ သုံးဆောင်မလား မေးပြီး အခုစားမယ်ဆိုရင်

ခုံလက်ကိုင်ထဲမှာခေါက်ထည့်ထားတဲ့ စားပွဲလေးကို ထုတ်ပေးပါတယ်။

မုန့်ဘူးလေးထဲမှာတော့ ပေါင်မုန့်ဒိန်ခဲညှပ်တစ်ခု ပုစွန်ကြော်နှစ်ခုနဲ့ နောက်ထပ်မုန့်သုံးခု ပါတဲ့ ဒင်ဆမ်း ဘူးလေးတစ်ဘူးရယ် တူရယ် ပေးပါတယ်.။

နောက်တော့ စပါကလင် လိမ္မော် နဲ့ ကိုကာကိုလာ နှစ်သက်ရာကို ထည့်ပေးပါတယ်။

အအေးကတော့ မဝသေးရင်ထပ်ယူလို့ရတဲ့အပြင်အအေးမကြိုက်ရင် ရေနွေးကြမ်းသောက်လို့ရပါတယ်။

စားသောက်ပြီးချိန်မှာ မုန့်ဘူးအဟောင်းနဲ့ တူတွေကိုလိုက်သိမ်းပေးပါတယ်။

ပြီးမှ ကားခဏရပ်ပြီး တွန်းလှည်းလေးကို ကားဝမ်းဘိုက်ထဲပြန်ထည့်ပါတယ်။

နောက်အစာကြေ ရှောက်သီးဆေးပြားလေးတွေ ကို လိုက်ပြီးကျွေးပါတယ် ကြိုက်ရင်စားပေါ့။

စားသောက်ပြီးကြတဲ့အခါ အစောက နောက်ကျပြီးမှ ကားပေါ်တက်လာတဲ့မိန်းမနဲ့အဖော်က  သူတို့ချင်းစကားပြောခဲ့ကြတာကို

အာကျယ်ပါကျယ်နဲ့စားမြုံပြန်နေကြတာ

တစ်ကားလုံးမှာ သူတို့နှစ်ယောက်ထဲ ပါတဲ့အတိုင်းပါဘဲ။

ကားယာဉ်မယ်လေးက အများအိပ်နေလို့ စကားတိုးတိုးပြောဘို့သွားတောင်းပန်မှဘဲ ရပ်ပါတော့တယ်။

 

ကျနော်ကတော့ စားသောက်ပြီး ဗိုက်လေးတော့ ခဏမှေးရင်းအိပ်ပျော်သွားပြန်ပါတယ်။

နောက်စကားပြောသံကြားလို့ခေါင်းထောင်ကြည့်လိုက်တော့ ယာဉ် ဆယ်မိနစ်နားမယ်ဆိုတာသိရသလို

ကားယာဉ်မယ် က ဆယ်မိနစ်ထက်နောက်မကျဘို့ရယ် ကားအဝင်နောက်ကျရင်သူတို့ အရေးယူခံရမှာရယ်

ပြန်အထွက် နောက်ကျလို့ိုဆိုပြိး သတ်မှတ်ထားတဲ့မိုင်နုန်းထက် ပိုမောင်းလို့မရတဲ့အကြောင်းတွေကို ရှင်းပြတဲ့အသံကိုကြားကြရတဲ့အခါ

တစ်ကားလုံးရဲ့ မျက်လုံးကတော့

အစောက နောက်ကျမှလာတဲ့ နှစ်ယောက်ဆီကိုရောက်သွားသလိုပါဘဲ။

ဒါနဲ့ကျနော်လဲအောက်ခဏဆင်းမယ်လုပ်တော့ရှေ့ခုံကလူက နောက်ဖက်ကိုအစွမ်းကုန်လှန်ပြီးအိပ်နေတော့

ကျနော်က ထွက်လို့မရ။

ဒါနဲ့ဘဲ အဲဒီလူကိုနိုး ခုံကိုမတ်ခိုင်းပြီး မှ အပြင်ထွက်ရပါတယ်။

အောက်ရောက်လို့ကြည့်လိုက်တော့ ကျနော်တို့လို ဘဲ ရန်ကုန်ကိုသွားတဲ့ကားတွေအများကြီးပါဘဲ။

 

မီးတွေလင်းထိန်နေတဲ့စားသောက်ဆိုင်နားရောက်တော့ အိမ်သာသွားဘို့လမ်းလေးပြထားပါတယ်။

အဲဒီစားသောက်ဆိုင်တွေရဲ့နောက်မှာ အများသုံးအိမ်သာ။

ကျားသတ်သတ် မသတ်သတ်။

အထဲရောက်ပြန်တော့လည်း အိမ်သာက သတ်သတ် ဆီးသွားစရာနေရာက သတ်သတ်။

ပြီးရင်လက်ဆေးဘို့ ရေစင်လေးတွေရောအသုံးပြုစရာ ဆပ်ပြာရော ပြီးရင်

လက်သုတ်ဘို့ တစ်သျှုးစက္ကူကလဲ အဆင်သင့်။

အိမ်သာတွေကလဲ ရေအပြည့်နဲ့အတော်အသင့်လေးသန့်ရှင်းပါတယ်။

ဟိုးအရင်ခေတ်ကလို အိမ်သာလေးတစ်လုံးနှစ်လုံးကိုလူတွေစုပြုစောင့်။

အထဲကလူကလဲတော်တော်နဲ့မထွက်နို်င်။

ကိုယ်ကလဲမအောင့်နိုင်တော့ဘူးဆိုရင်အတော်လေးကို စိတ်ပျက်ရ။

အထဲရောက်ပြန်တော့အိမ်သာထဲမှရေမရှိ။

သစ်သားအိမ်သာအမြင့်ဆိုရင် တော့ မှောင်မဲမဲမှလဲမကျအောင်သတိထားတက်။

အိမ်သာတံခါးက သော့မရှိတော့ ပါလာတဲ့အဖော်က ကျောပေးပြီးစောင့်။

နံစော်ညစ်ပတ်ပေမယ့်လဲ မတတ်သာတော့ကိစ္စပြီးအောင် အမြန်ရှင်းရတာတွေထက်စာရင်

အခုလက်ရှိအခြေအနေက ရှေးကနဲ့ ဘာမှ မဆိုင်အောင် ကောင်းလွန်းနေပါတယ်။

ဒါပေမယ့်လဲ အိမ်သာရေကန်မှာ ရေအပြည့်ရှိနေပါလျက်နဲ့ ကိုယ်ကိစ္စကိုယ်မရှင်းသူတွေ။

စက္ကူမသုံးရဆိုတဲ့ရေလောင်းအိမ်သာထဲမှာ စက္ကူတွေထည့်ထားတာတွေ။

သန့်ရှင်းထားတဲ့အိမ်သာကြွေနံရံမှာကွမ်းသွေးထွေးထားတာတွေ။

အိမ်သာထဲမှာ ဆေးလိပ်အတိုအစတွေပစ်ချထားခဲ့တာတွေကိုမြင်ရပြန်တော့

ကျနော်တို့ခရီးသွားတွေထဲမှာ စိတ်ဓါတ်အဆင့်နိမ့်ကျသူတွေရှိနေသေးတယ်ဆိုတာကို သက်သေပြနေသလိုပါဘဲ။

 

အိမ်သာကအထွက်မလှမ်းမကမ်းမှာ မျက်နှာသစ်ဘို့ ရေသောက်ဘို့ ရေသန့်ဘူးတွေ

အဆင်သင့်ချပေးထားပါတယ်။

တစ်ချို့သော ကိုသန့်ရှင်း မသန့်ရှင်းများက အိမ်သာတက်ပြီးရင်လက်ဆေးစရာနေရာ

ရှိနေပေမယ့်လဲအိမ်သာတက်ပြီးမှ  ဒီမျက်နှာသစ်ကန်မှာလက်လာဆေးသူကိုတွေ့ရပြန်တော့

သူ့နေရာနဲ့သူအသုံးချတတ်ဘို့လိုသေးတယ်လို့လဲတွေးမိပြန်ပါတယ်။

 

ဟိုတွေးဒီတွေး တွေးနေရင်းက ကိစ္စဝိစ္စပြီးတော့ ကားဆီအမြန်ပြေးရပါတယ်။

ဒီတစ်ခါတော့ နောက်ကျသူမရှိ။

ဒါပေမယ့် ကားနံဘေးမှာ စီးကရက်သောက်နေတဲ့ကောင်လေးသုံးယောက်ကတော့ မတက်သေး။

ကားယာဉ်မယ် က အကိုတို့ထွက်တော့မယ်ဆိုမှ သောက်လက်စ စီးကရက်ကို တစ်ဝရှိုက်ပြီးကားပေါ်အပြေးတက်.။

ကားပေါ်ရောက်မှ အစောက ရှိုက်ထားတဲ့ မီးခိုးငွေ့တွေကို ဖူးကနဲ့ မာန်ပါပါမူတ်ထုတ်လိုက်ကြတော့

အဲကွန်းဖွင့်ထားလို့ အလုံပိတ်ထားတဲ့ကားပေါ်မှာ စီးကရက်နံ့က မပျောက်ဘဲဝေ့ဝဲလို့နေပါတော့တယ်။

ဒါနဲ့ဘဲ ကားယာဉ်မယ် လေးက ကားထဲကို သံပုရာ ရနံ့ပါတဲ့ ဆေးဘူးလေးနဲ့ တရွွှီးရွှီး လုပ်ရပြန်ပါတယ်။

ကားလဲထွက်ပြီးရော ကားယာဉ်မယ် လေးက တစ်ဦးချင်းဆီကိုလိုက်ပြီး အဆင်ပြေပါသလား

စောင်ထပ်ယူအုံးမလား လိုက်မေးပြီး ပြီဆိုမှ သူ့အတွက်ပေးထားတဲ့ ယာဉ်မောင်းနံဘေးက ခုံလေးမှာ

အသာလေးမှေးလိုက်လာပါတော့တယ်။

အိပ်မပျော်တပျော်နဲ့မှေးနေရင်း က ကားအလည်ခေါင်လူသွားလမ်းမှာ ခုံတွေထိုးပြီး ထိုင်ခိုင်းတဲ့ခေတ်ကို

ပြန်သတိရမိပါတယ်။

ပြတင်းပေါက်နဲ့ကပ်ရက်အစွန်ဘက်မဟုတ်ဘဲ အလည်လမ်းဘက်များထိုင်ရရင် စိတ်ညစ်စရာ။

ကိုယ်ထိုင်တဲ့ခုံက နှစ်ယောက်ထိုင်ရတာကပ်ကပ်သပ်သပ် ကျပ်ညှပ်ညှပ်။

ကိုယ့်နံဘေးကလူက ငိုက်ပြီးကိုယ့်အပေါ်မှီလိုက် ကြားခုံက လူကလဲကိုယ့်အပေါ်မှီလိုက်နဲ့

ကောင်းကောင်းအိပ်ရတယ်ကိုမရှိ။

နောက်ကိုယ်အိပ်နေတုန်း ခါးပိုက်နိူက်ခံရမှာစိုးတော့ အိပ်ရတာနှစ်နှစ်ခြိုက်ခြိုက်မရှိ။

အခုခေတ်မှာတော့ ကားက လမ်းမှာ လူအပိုမတင်တော့ ခရီးသွားရတာ စိတ်ချမ်းသာပါတယ်။

မှေးကနဲ့အိပ်ပျော်ရာကနေ လှုပ်လှုပ်ယှားယှားအသံကြားတော့ အောင်မင်္ဂလာကားဝင်းနားကို

ရောက်ခါနီးနေပါပြီ။

ကားယာဉ်မယ်လေးက လဲ မိုက်ကရိုဖုုန်းလေးနဲ့ နုတ်ခွန်းဆက်နေပါပြီ။

ခရီးသည်တွေကိုဘေးမသီရန်မခဘဲလိုရာခရီးကိုအန္တရာယ်ကင်းကင်းနဲ့

ချောမောစွာပို့ဆောင်နိုင်လို့ဝမ်းသာပါကြောင်း၊

အလုပ်အကိုင်အစစ အဆင်ပြေလို့ စီးပွားတိုးတက်ပါစေကြောင်း၊

ခရီးစဉ်တစ်လျောက်အဆင်မပြေမူ့များရှိခဲ့ရင် သဘောထားကြီးစွာခွင့်လွှတ်စေလိုပါကြောင်းနောင်ကိုလည်း

ခရီးသွားမယ်ဆိုရင် သူတို့ကားကို စီးနင်းဘို့သတိရစေလိုပါကြောင်း၊

 

နုတ်ခွန်းဆက်သနေပုံက မနက်ခင်းလေးအတွက်ကြည်နှုးစရာ။

ကားပေါ်က မဆင်းခင်အပြေးအလွှားတွေးမိပြန်တာက

ကားကလဲ အဆင့်မြင့် ဝန်ဆောင်မူ့ကလဲ အဆင့်မြင့်  ပေမယ့် စီးနင်းလိုက်ပါကြတဲ့

ခရီးသည်တွေကတော့ စိတ်ဓါတ်အဆင့်မမြင့်သေးတာကို တွေ့နေရပါတယ်။

လူအများနဲ့အတူတကွနေထိုင်သွားလာကြရမှာ ကိုယ့်ဘက်က စည်းနဲ့ကမ်းနဲ့

နေတတ်ဘို့ အလေ့အကျင့်လုပ်ပေးဘို့ လိုသေးတယ်လို့တွေးမိပြန်ပါတယ်။

အခုလို သန့်သန့်ရှင်းရှင်းသေသေသပ်သပ်ခရီးသွားရပြန်တော့

ရှေးတုန်းက ဘတ်စကားဂိတ် မီးရထားဘူတာတွေမှာလိုက်ပြီး ့ အာဝဇ္ဇာန်းရွှင်ရွှင်နဲ့ ဈေးရောင်းကြသူတွေရဲ့အော်သံကိုတော့လွမ်းမိသလိုလို။

“တစ်နည်းအားဖြင့်  ခရီးသွားကြတဲ့ မိဘ လုပ်သားပြည်သူများခင်ဗျားးးးးးးးးးးးးးးးးးးး”

“တစ်နည်းအားဖြင့်  ခရီးသွားကြတဲ့ မိဘ လုပ်သားပြည်သူများခင်ဗျားးးးးးးးးးးးးးးးးးးး”

“တစ်နည်းအားဖြင့်  ခရီးသွားကြတဲ့ မိဘ လုပ်သားပြည်သူများခင်ဗျားးးးးးးးးးးးးးးးးးးး”

“တစ်နည်းအားဖြင့်  ခရီးသွားကြတဲ့ မိဘ လုပ်သားပြည်သူများခင်ဗျားးးးးးးးးးးးးးးးးးးး”

 

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး

(6-2-2012)

 

 

 

 

 

 

 

 

 

 

 

 

 

32 comments

  • မိုချို

    February 16, 2013 at 10:32 am

    ကျမ ဝန်ထမ်း ဘဝ နေပြည်တော် ခေတ်ဦး အချိန် တုန်း ကလည်း အလယ်ခုံ တွေပါတဲ့ ကား ကြပ်ကြပ် တွေ ကို သောကြာ ည မျိုး အတွက် အလု အယက် လက်မှတ် ဝယ်ပြီး စီး ခဲ့ရတာ သတိ ရမိတယ်။ အဲတုန်း က ကား လိုင်း တွေ ဆို မော်နေတာ ပဲ၊ ရွှေ မန်း သူ ဆို အဆိုး ဆုံး ပဲ ၊ တချို့ ပရောပရီ လုပ်ပြီး လုပ်ပြီး ဝယ် တဲ့ အမျိုး သမီးတွေ မှ သူတို့ နဲ့ အဆင်ပြေတယ်။ ခုတော့လည် း ပြောင်း လဲ ကုန်ပြီ လောက်ပြီ ထင် တယ်။ ။

    လေးပေါက် စီးတဲ့ ကားလိုင်း လို မျိုးတွေများ များ ပေါ် လာရင် အခြား လိုင်းတွေ ပါ ပြုပြင် လာ ကြ လိမ့် မယ်။ ခရီး သွား တွေ ဖက် ကလည်း အဆင့် မြင့် သန့်စင်ခန်း တွေ နဲ့ အကျွမ်း ဝင် လာ ရင် အသားကျလာ ပါလိမ့် မယ်။ အချိန်တော့ နဲနဲ လိုမှာပေါ့ ။

    ကားတွေ ပေါ် ဗီဒီယို ကားတွေ မဖွင့် ရ တော့ တာ ကောင်း တယ်။ ခရီး သည်တင် ကားတွေ ကို နိုင်ငံခြား သား ခရီးသွား တွေ လည်း စီး လာ ကြပြီ ဆိုတော့ကိုယ် တောင် မကြိုက် တဲ့ ဆူဆူ ညံညံ မြန်မာ ဗီဒီယို ကားတွေ က သူတို့ အတွက် တော်တော် အနှောက် အယှက် ဖြစ် စေတယ် ။ အဲဒီ အစား မြန်မာ ပြည်ရဲ့ ဒေသ ပေါင်း စုံ အလှအပတွေ ( ဥပမာ လွင်မိုး ခရီး သွားနေသည် လိုမျိုး ) ၊ ကိုယ် ပိုင် သံစဉ် သီချင်း အေးအေး ငြိမ့် ငြိမ့် လေး တွေ လိုမျိုး ဖွင့် ပေး ထား ရင် ပို စွဲ ဆောင်နိုင် မယ်။ အကျိုး လည်း ရှိမယ်။

    • အခုခေတ်ခရီးသွားဘို့လက်မှတ်ဝယ်တာ အရင်လိုမခက်တာတော့သေချာပါတယ်။
      ဖုန်းလေးဆက်လိုက်တာနဲ့ အိမ်တိုင်ယာရောက်ပို့ပေးတဲ့အထိ ဝန်ဆောင်မူ့ကောင်းလာပါပြီ
      နောက်ကားလုိုင်းတွေပေါတော့ ဝန်ဆောင်မူ့အပြိုင်ပေးကြတာပါ

  • Mလုလင်

    February 16, 2013 at 11:33 am

    အဲ့ လိုင်းကား က တော့ စီးလို့ အဆင်ပြေ တယ်ဗျို ့ . . အဲ့လို မျိုး ၃ လိုင်း လောက် ဖြစ်နေပြီဗျ . . (လွင်မိုး ခရီးသား နေသည်။) ဆိုတာလိုမျိုးကို English Version နဲ့ မြန်မာ စာတန်းထိုးပြီး ရောင်းနိုင် ရင် အဆင်ပြေ မယ် ထင်လောက်တယ် . . အဲ့လို လုပ်မယ့် အဖွဲ့ တွေ ရှိတယ်ဗျို ့ …..။

  • ခိုင်ဇာ

    February 16, 2013 at 11:42 am

    ဖတ်ရင်း မောသွားတာပဲ။
    အနဲဆုံးတော့ ကားအဆင့်မြင့်၊ ဝန်ဆောင်မှု အဆင့်မြင့်လာတာပဲ တော်သေးတယ်ပြောရမလား။
    ဒါပေမဲ့ ခရီးသည်တွေရဲ့ အပြုအမူ စိတ်ဓာတ်မမြင့်လာနိုင်ရင်ရော ဒီ ဝန်ဆောင်မှုကောင်းတွေ ကြာရှည်နိုင်ပါ့မလား။
    :buu:

    • မောတာကတော့ရေးနေုတုန်းကလဲမောပါ၏။
      စိတ်ဓါတ်ကောင်းသူများလာရင် ညံ့သူက အလိုလို ပြင်လာပါလိမ့်မယ်။
      မပြင်ရင်တော့ ဘေးရောက်သွားမယ်ထင်ပါ၏။

  • မောင်ပေ

    February 16, 2013 at 11:47 am

    ကောင်းပါတယ်ဗျာ
    ကားဂိတ်တွေများလာတော့ အပြိုင်အဆိုင်တွေဖြစ်လာပြီး
    ခရီးသွားမယ့်လူတွေအတွက် စိတ်ချမ်းသာစရာ ဝန်ဆောင်မှုတွေ ဖြစ်လာမှာ မင်္ဂလာတစ်ပါးပေပါတကား

  • လေ းပေါက်ရေး ခုပို့စ်လေးကိုဖတ်ပြီး လွန်ခဲ့တဲ့ နှစ်တွေဆီတုန်းက လွိုင်ကော် -မန်းလေးလိုင်းကားတွေပေါ် လိုက်ပါစီးနင်းရတာကို သတိရမိသေးတယ်။ အဆင့်ဆင့်ပြောင်းလဲလာတဲ့ ယာဉ်လိုင်းတွေကို ခု ကျေးဇူးတင်မိရပါတယ်။ ဟိုတုန်းကဆိုရင် ကုန်တွေ အပြည့်တင်ပြီး ခရီးသယ်က ကားခေါင်းမိုးနဲ့လက်တထွာအလိုလောက်အထိ အကွာအဝေးပဲရှိတဲ့အတိုင်းအတာမှာ ဒူးထောင်ပြီး လိုက်စီးလာခဲ့ရတာ။ ခုတော့ ရွေးချယ်ခွင့်တွေ အများကြီးရှိသွားပြီ။ ဒါပေမယ့်လည်းပေါ့လေ တချို့တချို့ကားများဟာ ပြောင်းလဲမှုနောက်တကောက်ကောက်မလိုက်နိုင်ကြသေးပါဘူး။ ခရီးသယ် သီးသန့်ကားဆိုပြီး ကုန်တွေတင်နေကြတုန်းပါပဲ။ Air Con ကားဆိုပြီး Air Con မရသေးတဲ့ကားတွေရှိနေသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပေါ့။ ခုလေးပေါက် စီးနင်းလိုက်ပါလာတဲ့ ကားကတော့ အတော်လေးကို ဝန်ဆောင်မှုကောင်းတယ်လို့ပြောရမှာပါ။ အရင်တုန်းက သွားခဲ့မိဖူးတဲ့ ခရီးစဉ်လေးတွေရဲ့ အတွေ့အကြုံနဲ့ ယှဉ်ရေးသွားတာလေးကို သဘောကျမိပါတယ်။

    • ကိုသော်ဇင်ရေ
      ခင်ဗျား တို့ ယာဉ်အန္တရာယ်လောလောလတ်လတ်ကြုံခဲ့တာရယ် ကိုနွေဦးရဲ့ အိမ်သာဆောင်းပါးလေးရယ်ကြောင့် ဒီပို်စ်လေးရေးဖြစ်သွားတာပါ။
      ကျေးကျေးပါဗျိုး နှစ်ယောက်လုံးကို

  • ကထူးဆန်း

    February 16, 2013 at 11:59 am

    “တစ်နည်းအားဖြင့် ခရီးသွားကြတဲ့ မိဘ လုပ်သားပြည်သူများခင်ဗျားးးးးးးးးးးးးးးးးးးး”
    လျက်ဆား လေးများ စားရင်တော့
    ရထားလေးများ သွားသလို …. တဘူဘူ နဲ့ …..
    အဟိ .

    .လေးပေါက်ရေ .. လူတွေလည်း စည်းကမ်းလိုက်နာ
    ကားတွေလည်း စထွက် စထောင်စဉ် ပေးတဲ့ ဝန်ဆောင်မှု ကို ထာဝစဉ် ဆက်လက်ထိန်းသိမ်းထားနိုင်ပါစေလို့ဘဲ ဆုတောင်းမိပါရဲ့ …

    ဘယ် ကားအသင်းလည်း ပြောပါဦး .. လေးပေါက်ရဲ့

    • တနည်းအားဖြင့်ခရီးသွားကြတဲ့ မိဘပြည်သူများခင်ဗျား………………
      ကျနော်တို့အခုထုတ်လုပ်ထားတဲ့ ဆေးလျက်ဆားဟာဖြင့်
      တော်တော်လေးစားရင် မော်တော်လေးများသွားသလိုလို
      …………………………………………….

      ကဲ …………ကဲ
      လက်ဝါးပြရင် လျက်ဆားရပါမယ်ခင်ဗျာ

  • ဦး ကျောက်ခဲ

    February 16, 2013 at 12:02 pm

    မြန်မာပြည်မှာ အဲကွန်းဘတ်စ် ဆိုသဟာကြီးကိုမစီးဖူးသေးပေမယ့်
    အကိုပေါက်ရဲ့ ခရီးသွားအတွေ့အကြုံကိုဖတ်ပြီး
    အတော်ခံစားလိုက်ရတယ်…
    အိမ်သာပါတဲ့ ခရီးသည်တင်ကားကြီးတွေ မရှိသေးဘူးလားဟင်…..
    :bar:

    • ခင်ခ

      February 16, 2013 at 1:21 pm

      ဦးကျောက်ခဲရေ ရန်ကုန်-မန်း ဟိုက်ဝေးအဲကွန်းဘတ်စ်ထဲက တစ်ချို့အဆင့်မြင့်ဂိတ်လိုင်းတွေမှာ အခု အိမ်သာပါတဲ့ ခရီးသည်တင်ကားတွေပြေးနေပါပြီ။(၂) ဂိတ်လောက်မှာပါ။ အပေါ့တော့သွား ခွင့်ပြုတယ်လို့သိရပြီး အချိန်ကတော့ ညပိုင်းမောင်းထွက်ကြပါတယ်။ နေ့ပိုင်းမောင်တဲ့ကားတွေမှာတော့ မရှိသေးဘူးခင်ဗျ။

      • ဟုတ်ပါ ကိုကျောက်ခဲရေ
        ကိုခပြောတဲ့အတုင်းပါဘဲ။
        ဒီတစ်ခေါက်မန်းလေးကိုလာတဲ့ ရွာသားတစ်ယောက်
        မမေးဘဲလက်မှတ်ဝယ်မိတယ်။
        ဈေးကြီးတဲ့ကားက အိမ်သာပါမယ်ထင်တာလေ။
        ဒါပေမယ့် ဈေးသက်သာတဲ့ကားမှာအိမ်သာပါ တာပါတဲ့။
        အဲတော့ ဘီဘီကိုကိုများလက်မှတ်ဝယ်ရင် ဈေးကိုမကြည့်ဘဲအိမ်သာပါမပါ မေးဝယ်ကြပါ

  • ဆူး

    February 16, 2013 at 1:46 pm

    လေးပေါက် ရေးထားတာ စီရီပြီး အဆင်ကို ချောနေတာပဲ.. အရှေ့ကို ပြန်လိုက်.. အနောက်ကို စိတ်ကူးယဉ်လိုက်နဲ့ ဖတ်ရတာ မျက်စိထဲ မြင်ယောင် လာတယ်..

    လိုင်းကားနဲ့ မန်း နဲ့ ရန်ကုန်ကိုတော့ သိပ်သွားလေ့ မရှိဘူး တလောကတော့ နေပြည်တော် ကို လိုင်းကားနဲ့ သွားတာ.. အဲ့လို ယာဉ်မယ် ပါတယ် စောင်လိုက်ပေးတယ် ကော်ဖီ တိုက်တယ်။ မုန့်ကတော့ ဝယ်စားလို့ ရတယ် ပြောပြိး ရောင်းတယ်။ ခုံကျယ်တော့ စိတ်ချမ်းသာတယ်။
    ကားခဏရပ်ပေးတဲ့ နေရာက အဓိက အစားအသောက် ကောင်းဖို့ မလိုဘူး.. အိမ်သာ ကောင်းဖို့ လိုတာ.. ခရီးသွားတာ.. အစားအသောက်က ဘယ်နေရာ ဖြစ်ဖြစ် ခံတွင်း မတွေ့တာများတယ်။

  • Foreign Resident

    February 16, 2013 at 4:56 pm

    ကျနော်တော့ VDO ပြတာ ကြိုက်တယ် ။
    ကျနော့်အိမ်မှာ 5 Series ကော ၊ Skynet ကော တပ်ထားတယ် ။
    ဒါပေမယ့် အနုပညာ ဇ မရှိတော့ တစ်ခုမှ မကြည့်ဖြစ်ဘူး ။
    ခရီးသွားတော့မှသာ ရွေးစရာမရှိလို့ VDO ကြည့်ဖြစ်တယ်ဗျ ။

    နိုင်ငံခြားမှာလည်း အဲဒီလိုပဲ ၊
    မိန်းမက တစ်ခွေ ၃ ဒေါ်လာလောက်ပေးပြီး ငှားလာတယ် ၊ မကြည့်ဘူး ။
    လေယာဉ်ပေါ်ရောက်မှ ဆက်တိုက် ကြည့်ဖြစ်တယ် ။

    နိုင်ငံခြားမှာတော့ ကားတွေမှာ အိမ်သာ ရှိနေပါပြီ ။

  • ကိုဖောရေ
    ကျနော်အပါအဝင် ယောကျာ်းလေးအတော်များများက အိမ်မှာ ဘာရှိရှိ ဘာဖွင့်ထားထား မကြည့်ဖြစ်တာများပါတယ်။
    အပြင်ထွက်ဘို့ဘဲကြုးိစားကြတာကိုးဗျ။
    ခရီးသွ ားလို့ကားပေါ်ရောက်ရင်သာ ဘာဖွင့်ထားထားကြည့်ဖြစ်ကြတာပါ။
    ဒါပေမယ့် ကိုယ်မကြိုက်တဲ့ ရုပ်ရှင်ကြည့်နေရရင်တော့ စိတ်လေတာအမှန်ဘဲဗျ

  • Mr. MarGa

    February 16, 2013 at 8:23 pm

    လေးပေါက်ရေ
    လေးပေါက်ပြောမှ ခရီးသွားမှတ်တမ်းလေးတွေ ပြန် သတိရမိတယ်
    ပြောချင်တာလေးကလေ
    အဲဒီ ရန်ကုန် မန္တလေးလမ်းမှာပဲကို
    မိထ္ထီလာက စားသောက်ဆိုင်တန်းနဲ့
    ၁၀၅ မိုင်က စားသောက်ဆို်င်တန်းနဲ့
    အတော်ကို ကွာတာကလားနော်
    နောက်ပြီးတော့လေ
    လေးပေါက်တော့မသိဘူး
    ကျွန်တော် စီးခဲ့တဲ့ ကားတွေကတော့ ခုံတွေက သိပ်ကြာသေးတဲ့ပုံ မပေါ်ပေမယ့် ခြေတင်ခုံတွေ ပျက်နေပြီဗျ
    ကားလိုင်းတွေက ပြင်သင့်ပေမယ့် ခရီးသည်ရဲ့ ဂရုမစိုက်မှုလဲ ပါမှာပေါ့လေ
    နောက်ပိုင်းတော့ တဖြည်းဖြည်း နှစ်ဖက်လုံးက ပြင်လာမယ်ထင်ပါတယ်ဗျာ

    • Mr. MarGa

      February 17, 2013 at 1:34 pm

      အဲဒီတုန်းက နတ်ရထားနဲ့ဆင်းတာဆိုတော့
      ဘာပြဿနာမှ ရေးစရာ ရှိဘူးဗျ

      • မောင်မာဃ
        နတ်ပြည်ကဆင်းလာတုံးက ဖြတ်တဲ့ကားလက်မှတ်ကို ဖေစ်ဘုတ်က ယူပြီးလာပြရမလား

        • Mr. MarGa

          February 18, 2013 at 5:28 pm

          အိ
          ရပါပြီဗျာ အဟဲ
          အဲဒီတုန်းက နတ်ရထားက မြင်းတွေ ပျောက်သွားလို့ပါဗျာ :hee:

  • uncle gyi

    February 16, 2013 at 10:36 pm

    ကားလိုင်းတွေကအပြိုင်ဖြစ်လာကြတာခရီးသည်တွေအတွက်တကယ်ကောင်းပါတယ်
    နောင်ကိုလည်းပိုမိုပြိုင်ကြအုန်းမှာမို့ပိုကောင်းလာဖို့ပဲရှိပါတယ်ကိုပေါက်ရယ်
    ကားလိုင်းတွေပိုကောင်းလာပေမဲ့ခရီးသည်တွေကပိုအသိရှိဖို့တော့အတော်ကို
    ပညာပေးဖို့လိုအုန်းမယ်ထင်ပါတယ်ဗျာ

    • ဟုတ်ပါ၏ အန်ကယ်ဂျီး
      နေရာတကာမှာဖြစ်နေတဲ့အဖြစ်ပျက်တွေကိုလေ့လာလိုက်ရင်
      သူများကိုသာ ပြင်ဘို့ပြောနေပေမယ့် ကိုယ့်ဘက်က ပြင်ရမှာကိုတော့မေ့နေကြပါတယ်။

  • ဦးဦးပါလေရာ

    February 17, 2013 at 12:50 am

    မန္တလေးကားတွေလိုပဲ
    အခြား လိုင်းလတ် လိုင်းတို ကားလိုင်းများမှာလဲ ဝန်ဆောင်မှု့ကောင်းကောင်းပေးပြီး ဈေးကောင်းကောင်းယူတဲ့ ကားလိုင်းမျိုးတွေ ပေါ်လာစေချင်မိတယ်။
    အထူးသဖြင့် အင်မတန်ဝန်ဆောင်မှု့ညံ့ဖျင်းပြီး တာဝန်ယူမှု့ကင်းမဲ့တဲ့ ဘုရားဖူးကားလိုင်းတွေမှာလဲ
    ဒီလိုဝန်ဆောင်မှု့တွေ ကောင်းစေချင်မိပါတယ်။

    ဒါ့ထက် သုံးခုံတန်း နောက်လှန်ခုံတွေနဲ့(ခုံတန်းမထိုးထား) ကားကို ဒီဈေး ၁၃၈၀ဝ ဆိုတာကတော့ နည်းနေပါတယ်။
    အပြိုင်အဆိုင်နဲ့မို့ ဒီဈေးနဲ့ဆွဲနေပေမယ့် အဲဒီကားလိုင်း ရေတိုမှာ မကိုက်ပါဘူး…

    • ိုကိုပါရေ ကားခက 16800ကျပ်ပါဗျာ
      ပုံမှန်ကားခ 10500 ဝန်ဆောင်6300ကျပ်ပါတဲ့
      ဘုရားဖူးကား ကတော့ သွားတဲ့လူတိုင်းစိတ်ညစ်ရပါတယ်။
      ပြောတော့အကောင်း လုပ်တော့ ဖောင်းတွေများနေတာလေ။
      တဖြည်းဖြည်းတော့ကောင်းသောပြောင်းလဲခြင်းကိုရောက်လာပါပြီ
      စိတ်တော့ရှည်ရမယ်ဗျို့

  • nozomi

    February 17, 2013 at 2:02 am

    ဖတ်ရင်း နဲ့ အရင်တုန်းက ကား စီးခဲ့ ရတာတွေ အမှတ်ရမိတယ်
    ခုံက သစ်သားခုံ အောက်ကို ခြေချစရာ မရှိ လမ်းမှာ နှစ်ရက်လောက်ကကြာ

    အခုကြတော့ ကားတွေလဲကောင်း အချိန်တွေလဲ မြန်နဲ့

    ကားလိုင်းတွေ အပြိုင်ဖြစ်လာကြရင် စားသုံးသူ အခွင့်အရေးတွေလဲ ပို ရလာမှာပါ

    ကားယဉ်မယ်တွေ ပါလာတာကတော့ လမ်းမှာ ပို အဆင်ပြေတယ်
    အဲဒါမျိုး မြန်မာပြည်မယ် JJ က စတယ်လို့ ထင်တယ်

  • ကိုနိုရေ 1995အလွန်မှာ နှစ်အတော်ကြာခရီးမထွက်ဖြစ်ဘူး။
    ရန်ကုန်မရောက်တာလဲ အဲသဟာဘဲ။
    အကြာကြီးပျင်းနေအောင် ကတ်သီးကတ်သတ်စီးရတဲ့ဒုက္ခကိုကြောက်လို့ဗျာ

  • Traditional

    February 17, 2013 at 5:01 pm

    ဒါပေမဲ့ လည်းလေ တစ်ခုကတော့ bus မယ် နဲ့ ကိုကို ကားသမားဇာတ်လမ်းလေးတွေ ပေါ်လာတာ ကြောင့်
    ကားသမားဇနီး မယားတွေဖုန်း တဂွမ်ဂွမ် ရင်တပူပူ နဲ့ပါ…..bus မယ်လေးတွေကို သူတို့သိတဲ့ သူတွေ ခန့် spy တွေလွှတ်နဲ့ အိမ်ဘေးက အန်တီလေး သနားစရာပါ

  • (bus မယ် နဲ့ ကိုကို ကားသမားဇာတ်လမ်းလေးတွေ ပေါ်လာတာ ကြောင့်)
    ဒီအဆိုကတော့လက်မခံနိုင်ပါခင်ဗျာ။
    ဖိုနဲ့မဇာတ်လမ်းရှုပ်တယ်ဆိုတာ လူတစ်ဦးချင်းနဲ့ဘဲဆိုင်ပါတယ်။
    ပညာတတ်သောမတတ်သော
    ပိုက်ဆံရှိသော မရှိသောနဲ့မဆိုင်ပါ။
    လူမျိုးဘာသာ အလုပ်အကိုင်နဲ့လဲမဆိုင်ပါ။.
    လူတစ်ယောက်ချင်းစီရဲ့ ဆင်ခြင့်ဉာဏ်နဲ့ဘဲပါတ်သက်ပါတယ်။
    ကားပေါ်မှာလိုက်ပါလာတဲ့ ကားယာဉ်မယ်လေးတွေနဲ့ယာဉ်မောင်းအဖွဲ့က ခရီးသည်ပေါင်းများစွာရဲ့မျက်လုံးအောက်မှ အတူရှိနေကြတာပါ။

    သူတို့တစ်တွေထဲမှာလဲ ဖိုမဖောက်ပြန်မူ့ရှိနိုင်ပေမယ့် ဒီအလုပ် လုပ်တာကြောင့်တော့ ဒီလိုဖြစ်မယ်မထင်ပါဘူး။

  • Traditional

    February 18, 2013 at 9:33 am

    ဟုတ်ကဲ့ ကိုပေါက်ပြောတာ သဘာဝကျပါတယ် လက်ခံပါတယ် post လေးဖတ်ပြီးသည်နောက်
    အန်တီလေး ကိုသတိရမိသောကြောင့် comment ပေး လိုက်ခြင်း ဖြစ်ပါကြောင်း………
    သို့သော် ….သို့သော် လည်း…….ပဲ

  • awra-cho

    February 18, 2013 at 12:41 pm

    ကျွန်တော့ သဘောပြောရရင် ကောင်လေး စပါယ်ယာလိုတယ်ဗျ၊ အခုက အပို ဒရိုင်ဘာနဲ့ ယာဉ်မယ် သုံးယောက်ထဲ ။ကားတွေက အခုအသစ်ဆိုတော့ ဘာမှမဖြစ်ဘူး ၊နောက် တခုခု ဖြစ်ရင် သူတို့က အားမကိုးနိုင်ဘူးလေ၊သူ့ ပြန်စောင့်ရှောက်နေရမှာ၊ ဘီးပေါက်ရင်တောင် ဒရိုင်ဘာ ကိုယ်တိုင် လဲရမယ့်ပုံပဲ။ ကောင်လေးတွေဆို ရှေ့ကားနောက်ကား ကူကြည့်ပြီး တချိန်လုံးပြောပေးနေတာ အခုတော့ ဟုတ်ပါဘူး ဒရိုင်ဘာဘေး ထိုင်ပြီး တတွတ်တွတ်နဲ့ ဘာတွေပြော ကြမှန်းသိ ပါဘူး၊ ယာဉ်မယ်ဆိုတာ ဒရိုင်ဘာ အတွက် ခေါ်ပေးထားပါလား သဘောပေါက်သွားတယ်၊ ကြည်နုးပြီး အကုန်တိုက်ချ သွားတာတွေ ဖြစ်လာနိုုင်ကြောင်း မနာလိုစွာ ရေးသားလိုက်ပါ့ဗျာ

Leave a Reply