အရောင်ပျယ် မျှော်လင့် ပန်းချီ
“တောင်ကညို ပြိုတော့မယ် မှိုင်းမှိုင်းမှုန်ဝေ .. မိုးစက်တွေ .. လေဝေ့လို့ တရွေ့ရွေ့ယူသလေ
တိမ်ဦးလေးရေ .. လွမ်းငွေ့ကို ဆင် .. ဖေါ်မစုံကြွမ်း လွမ်းစိတ်တွေပွေ …”
စစ်မြေပြင်စခန်းတစ်နေရာက ချစ်သူဇနီးကို ပြန်လွမ်းရတဲ့ နတ်သျှင်နောင်ရဲ့ အလွမ်းကို သီကြူးထားတဲ့ သီချင်းတစ်ပုဒ်ပါ။
————————————–
“ဒီအခွင့်အရေးကို အဆုံးအရှုံးမခံနိုင်ပါဘူး”
သူ့စကားဆုံးတော့ ကျွန်တော်ဆက်မပြောချင်တော့ ဖုန်းကိုသာ ချလိုက်ရပါတယ်။ ပီစီအိုဆိုတဲ့ တယ်လီဖုန်းတဲလေးက ထွက်ပြီး ဆူးလေးဘုရားလမ်းအတိုင်း ကျွန်တော်လမ်းလျှောက်ပြန်ခဲ့တယ်။ ကျွန်တော်ဟာ တကယ်တော့ မန္တလေးသားပါ။ ရန်ကုန်မှာ အလုပ်လုပ်နေတာမို့ အမျိုးသမီးနဲ့ သမီးဖြစ်သူကို ခွဲပြီး နေရပါတယ်။ အခုတော့ သင်္ကြန်ပိတ်ရက်ကလည်း နီးပြီမို့ ကျွန်တော် ပျော်ရပါတယ်။ ဟုတ်တယ်လေ။ ကျွန်တော်တို့ မိသားစုအတူတကွ နေနိုင်တဲ့ ရက်ကနည်းလှပါတယ်။ ခုတော့ ဆယ်ရက်ကျော်ကျော် ကျွန်တော်ရော၊ သူရော နားရက်ရပြီ။ သမီးကို အချိန်ပေးနိုင်ပြီ။ နားလို့ရပြီလေ။
ကျွန်တော့် အမျိုးသမီးဟာ မန္တလေးက ကုမ္ပဏီတစ်ခုမှာ မန်နေဂျာအလုပ်လုပ်တယ်။ ကျွန်တော်က ရန်ကုန်မှာ အလုပ်လုပ်ပါတယ်၊ စာရေးပါတယ်။ မနားကြရပါဘူး။ ကျွန်တော်ရော၊ သူရော အလုပ်တွေနဲ့ အားတယ်လို့ မရှိခဲ့ကြဘူး။ ဒီလောက် လုပ်နေတာလည်း ကျွန်တော်တို့ လိုချင်တဲ့ ပြည့်စုံတဲ့ မိသားစုဘဝလေးကို မရကြသေးပါဘူး။ ခုပြန်စဉ်းစားကြည့်တော့ အဲဒီကျွန်တော်တို့ လိုချင်တဲ့ ပြည့်စုံတဲ့ မိသားစုဘဝဆိုတာ ဘယ်လို အနေအထားလဲ။ ဘယ်လို စံသတ်မှတ်ချက်တွေနဲ့ တိုင်းမှာလဲဆိုတာ ခုချိန်ထိ ကျွန်တော်တို့ လင်မယားနှစ်ယောက် မပြောဖြစ်ခဲ့ကြဘူး။
ရန်ကုန်မှာ အလုပ်လုပ်နေတဲ့ လုပ်ဖေါ်ကိုင်ဖက်တွေက မေးပါတယ်။
“ခင်ဗျား.. အမျိုးသမီးနဲ့ ခွဲနေရတော့
သူ့ကို ခင်ဗျား အပြည့်အဝယုံကြည်သလား” တဲ့။
ကျွန်တော် သူ့ကို ယုံကြည်သလားဆိုတော့ ..။ အင်း..။ ကျွန်တော် သူ့ကို တစ်ရာရာခိုင်နှုန်းအထိ အပြည့်အဝ ယုံကြည်ပါတယ်။ ဒါပေမယ့် စိတ်တော့ မချဘူးပေါ့။ ကလေးတစ်ဖက်၊ အလုပ်တစ်ဖက်နဲ့ သူအဆင်ပြေပါ့မလား၊ ကလေးကို ဆိုင်ကယ်ပေါ်တင် သွားရေးလာရေး စိတ်မချတာကတော့ ကျွန်တော့်အလွန်မဟုတ်ဘူး ထင်ပါတယ်။ ပြီးတော့ သူက ဆိုင်ကယ်စီးတာ ကျွန်တော့်ထက် ကြမ်းပါတယ်။ ကျွန်တော် တကယ် စိ်တ်မချပါဘူး။
“မိန်းမ .. မင်း .. ဆိုင်ကယ် ဖြည်းဖြည်းမောင်းကွာ” လို့ ပြောတိုင်း သူ့ဘက်က “အင်းပါ” ဆိုတဲ့ တုန့်ပြန်စကားတွေမှာ ကျွန်တော်ရဲ့ စိတ်မချမှုတွေကို သူသိပါရဲ့လားလို့ ကျွန်တော် အမြဲတွေးခဲ့ဖူးပါတယ်။ ကျွန်တော့်သူငယ်ချင်းတစ်ယောက်ကတော့ ယောက်ျားတွေဟာ သူတို့ ချစ်တဲ့ အချစ်ကို အိမ်ထောင်မကျခင်က ပြောပေမယ့် အိမ်ထောင်ကျပြီး ကြာလာပြီဆိုရင်း ဘာလို့ မပြောတော့တာလဲတဲ့။ ကျွန်တော်က သူ့အဆိုကို ငြင်းချင်ပေမယ့် ကျွန်တော်တို့ အိမ်ထောင်ရေးမှာကော အဲလိုပြောဖြစ်ခဲ့ကြလား ပြန်စဉ်းစားနေလိုက်ပါတယ်။
—————————————
“အခုတလောမှာ .. ငါမက်တဲ့ အိပ်မက်တွေ .. အရမ်း ထူးဆန်းတယ် ..
မြက်ခင်းနဲ့ ခြံဝန်းနဲ့ အိမ်လေးကို တို့နှစ်ယောက်ပိုင်သတဲ့ …”
အငဲရဲ့ အိမ်ဆိုတဲ့ သီချင်းကို နားထောင်ပြီးတော့ ကျွန်တော် အိပ်မရတော့ဘူး။ ကျွန်တော်တို့ လိုချင်တဲ့ ပြည့်စုံတဲ့ မိသားစုဘဝလေးမှာ အိမ်တော့ ရှိရမှာပေါ့။ ဟုတ်တယ်။ ကြီးမားတဲ့ ခြံဝင်းကြီးက ခမ်းနားတဲ့ အိမ်မဟုတ်ရင်တော့ သက်တောင့်သက်သာနဲ့ နေနိုင်မယ်၊ ပတ်ဝန်းကျင်ကောင်းမယ်၊ လေကောင်းလေသန့်ရမယ်၊ လုံခြုံမယ်ဆို အဲဒါဟာ အိမ်ပါပဲ။ မိသားစုအတွက် ပြည့်စုံတဲ့ အိမ်တစ်လုံးဖြစ်ဖို့ ကျွန်တော် ကြိုးစားရမယ်။ ကျွန်တော်တို့အတွက် မဟုတ်ရင်တောင် သမီးအတွက် လိုအပ်နေတာတွေ ရှိပါသေးတယ်။
အရှုံးမပေးပါဘူး။ ကျွန်တော် ဆက်လျှောက်ခဲ့တယ်။ လျှောက်ခဲ့တယ်။ ခုတော့ ကျွန်တော့် အမောတွေ ခဏတာ ဖြေဖို့ ကျွန်တော်တို့ ဆုံတွေ့ကြရတော့မယ်။ သင်္ကြန်။ ပျော်ဖို့ကောင်တဲ့ သင်္ကြန်ရက်လေးမှာ ကျွန်တော်တို့ မိသားစု လူကြီးမိဘတွေ လိုက်ကန်တော့ကြမယ်။ လည်ပတ်ကြမယ်။ သမီးနဲ့ ကျွန်တော် စကားတွေ ပြောရမယ်။ သုံးနှစ်မပြည့်သေးတဲ့ ကျွန်တော်သမီးလေးဟာ စကားတော့ အင်မတန်တတ်ပါတယ်။ ကျွန်တော့ကို ဖုန်းဆက်ပြီး မပီကလာ ပီကလာ အသံမျိုးစုံနဲ့ ပြောတော့တာပဲ။ ကျွန်တော် နားမလည်ပေမယ့် ပျော်ရပါတယ်။ အခု သမီးလေးပြောသမျှကို နားထောင်ပြီး သူ့ကို အချိန်ပေးနိုင်တော့မယ်။
—————————————
ဆရာတာရာမင်းဝေရဲ့ ကဗျာတစ်ပုဒ်ထဲမှာတော့ ကံကြမ္မာဟာ အနက်ရောင်လေးကိုင်းကြီးကို ဝတ်ဆင်ပြီး ဆိုင်ထဲရောက်လာတယ်ဆိုသလိုပါ။ ကျွန်တော်တို့တတွေမှာ အမြဲလိုလို ကိုယ်ဖျောက်ထားတဲ့ ကံကြမ္မာဆိုတာကြီးက အမြဲရှိနေပြန်တယ်။ ပြန်စဉ်းစားကြည့်တော့ ဘာတွေလဲ။ ဘာတွေလဲ။ ဘယ်သူတွေက မှားနေလဲ။ ကျွန်တော်မှားနေလား။ သူမှားနေလား။ ဒါမှမဟုတ်။ အဲဒီ ဒါမှမဟုတ်ရဲ့ နောက်ကို ကျွန်တော်ဆက်မတွေးချင်တော့။ ဆူးလေလမ်းမကြီးက ခိုတွေကို အစာကျွေးရင်းဆိုတဲ့ ဆရာစောဘွဲ့မှူးသီချင်းကို သဲ့သဲ့ပြန်ကြားလိုက်ရသလို ကျွန်တော် ဆူးလေလမ်းမကြီးကို လူကူးမျဉ်းကြားက ဖြတ်ကူးလိုက်တယ်။ ဘုရားပေါ်က ဆင်းလာကြတဲ့ မိသားစုတွေ။ ဘုရားဆီကိုလာကြတဲ့ မိသားစုတွေ။ ဘုရားအဝိုင်းကြီးကို ပတ်ကာ ကားပေါ်မှာ ပါသွားကြတဲ့ မိသားစုတွေ။
တွေ့ဆုံခြင်း၊ ဖြတ်သန်းခြင်း၊ အတူတကွ တို့ရဲ့ အနှစ်သာရတွေကို ခွဲခွာမှုသင်္ကေတတွေနဲ့ ရေးမှ ဘာကြောင့်များပီပြင်နေရပါသလဲ။ ကျွန်တော် မုန်းမိပါတယ်။
“ကိုကို .. သင်္ကြန်ပိတ်ရက် ပြန်လာမှာလား”
ကျွန်တော့် အမျိုးသမီးဖြစ်သူက မေးတော့ ပြန်လာမှာပေါ့ လို့ ဝမ်းသာအားရဖြေလိုက်ပါတယ်။ အဲဒီနောက်တော့ သူက ဆက်ပြောပါတယ်။ ဖုန်းထဲကဖြစ်လို့ လိုင်းမကောင်းတဲ့ကြားက သေချာနားထောင်ရပါတယ်။
“……………………………………….”
သူပြောတာက သူနိုင်ငံခြားသွားဖို့ရှိတဲ့အကြောင်း။ ဟောင်ကောင်ဆိုတဲ့ တစ်နေရာကို သူအလုပ်ကိစ္စနဲ့ သွားရမယ်တဲ့။ ပြီးတော့ ပိုဆိုးတာက သူသွားမယ့် အချိန်က သင်္ကြန်တွင်းကြီး။ ကျွန်တော် စိတ်ပျက်မိသွားပါတယ်။ ဘာလုပ်ဖို့လဲ။ ဘာအရေးကြီးလို့ သွားရမှာလဲ။ ကျွန်တော်ပြန်လာမှာ သိလျက် ဘာလို့များသွားချင်ရတာလဲပေါ့။ ကျွန်တော့် လေသံတွေဟာ အတော်အတန် တင်းမာခဲ့ပါတယ်။
ကျွန်တော် ပြောခဲ့တာဟာ သူ့ကို နိုင်ငံခြား မသွားစေချင်လို့မှ မဟုတ်တာပဲလေ။ သူသိခဲ့ပါသလား။ မသိခဲ့ဘူးလား ဆိုတာ ကျွန်တော် မကွဲပြား။
“ကိုကိုကလည်း ကိုယ့်ဘာသာဆို ဘယ်သွားနိုင်မှာလဲ
သူဌေးက ပို့ပေးတုန်း သွားရမှာပေါ့
ဒီအခွင့်အရေးကို အဆုံးအရှုံးမခံနိုင်ပါဘူး”
ကျွန်တော် ဘာကိုမှ ဆက်မပြောချင်တော့။ ဖုန်းကိုချလိုက်ပါတယ်။ တကယ်ပဲ ကျွန်တော် ဘာဆက်ပြောရမှန်းမသိတော့တာပါ။
—————————————
“ဟိုနှစ် သင်္ကြန် … ဒီနှစ် သင်္ကြန် … နှောင်နှစ်ခါ သင်္ကြန် .. စောင့်မျှော်နေမည် အမှန်”
ဪ ..။ သင်္ကြန်သီချင်းတွေ။ သင်္ကြန်မရောက်သေးပါဘူး။ လူတွေဟာ တစ်ခုခုကို ပျော်ဖို့ အတွက် အမြဲပြင်ဆင်ပြီး ကြိုတင်ပျော်နေတတ်ကြပါတယ်။ ဟာသဇာတ်ကားတွေကို ကြည်ဖို့ ဟာသဇာတ်ကားတွေဝယ်ကြတယ်။ မီးမလာရင် မီးစက်နိုးကြတယ်။ ခွေထည့်ကြတယ်။ ကြည့်ကြတယ်။ ပြီးတော့ တဝါးဝါးရယ်မောကြတယ်။ သူတို့ဟာ ရယ်မောဖို့ ပျော်ရွှင်ဖို့ ပြင်ဆင်နေကြပါတယ်။ တကယ်ပဲ ကျွန်တော်လည်း ပျော်ဖို့ ပြင်ဆင်ပြီးပြီလား။ မပြင်ဆင်ရသေးပါဘူး။ ပြင်ဆင်ပြီးမှ၊ ဒါမှမဟုတ် ပြင်ဆင်နေတုန်း အဲဒီ မျှော်လင့်ချက်ကို ရိုက်ချိုးခံလိုက်ရမှာ စိုးပါတယ်။ အဲဒီ ပျော်ရွှင်မှုဆိုတာကြီး ရောက်လာမှ ယုံကြည်စွာ ပျော်လိုက်ချင်ပါတယ်။ ခုတော့ သူက နိုင်ငံခြားဆိုတဲ့ သူအထင်ကြီးတဲ့ တစ်နေရာ၊ တစ်နည်းဆိုရလျှင် သူမရောက်ဖူးသေးတဲ့ တစ်နေရာကို သွားမယ်တဲ့။
ဟုတ်ပါတယ်။ သူပြောခဲ့သလို ကိုယ့်ဘာသာ သွားဖို့ ကျွန်တော်တို့ မဖြစ်နိုင်ကြသေးပါဘူး။ သူသွားချင်တဲ့နေရာကို ကျွန်တော် မပို့နိုင်သေးပါဘူး။ ကျွန်တော်ဟာ ညံ့သူပါ။ ဒါပေမယ့် ကျွန်တော်သူရှိနေတဲ့၊ ကျွန်တော်တို့နေတဲ့၊ ပြီးတော့ ကျွန်တော့်ရဲ့ မွေးဇာတိမြို့လေးကိုတော့ ကျွန်တော် ပြန်လာနိုင်သူပါ။ ပြန်လာဖို့လည်း အချိန်ရပြီမို့ ကျွန်တော်တွေးပျော်ခဲ့တာလေး။ ခုတော့ ဘယ်ရောက်သွားပြီလဲ။
သူပြောတဲ့ ဟောင်ကောင်ဆိုတာကို ကျွန်တော် မရောက်ဖူးပါ။ ကျွန်တော်တို့ နိုင်ငံထက်တော့ အများကြီးတိုးတက်နေတဲ့ နိုင်ငံရပ်ခြားပေါ့။ အဲလိုနေရာကို သွားရမယ်ဆိုတာ သူ့အတွက် အခွင့်အရေးပါတဲ့။ ကျွန်တော် လက်မခံလို့မှ မရတာပဲလေ။ ဒါပေမယ့် သူတို့သူဌေးက အများသူငှာ ရုံးပိတ်ရက်မှ ဘာလို့ ပို့ချင်ရတာလဲ။ ဒါအခွင့်အရေးပေးတာလား။ လူ့အခွင့်အရေးကို မျက်လှည့်ပြပြီး ချိုးဖေါက်နေတာလား။ ကျွန်တော် စဉ်းစားရုံမျှထက် ကျွန်တော် အဖြေမရှာချင်တော့ပါ။ သူပြောတဲ့ အခွင့်အရေးနဲ့ ကျွန်တော့်ဘက်က အခွင့်အရေးတို့ဟာ ဆန့်ကျင်ဘက်တွေ ဖြစ်ခဲ့ရပြီ။
ကျွန်တော့်ဘက်က တန်ဖိုးထားတဲ့ မိသားစုဆိုတဲ့ တန်ဖိုးဖျက်မရတဲ့ တွေ့ဆုံမှုလေးကို အဲဒီနိုင်ငံခြားဆိုတဲ့ အခွင့်အရေးတစ်ခုက ကာဆီးလို့သွားခဲ့ပြီလား။ ကျွန်တော် မေးကြည့်ချင်သေးပါတယ်။ ခေတ်ဆိုတဲ့ အရာကြီးထဲမှာ ကျွန်တော့်တိုလို အခြေခံလူတန်းစားတွေဟာ ဒီလိုပဲ အမြဲတမ်း လှုပ်ရှားသွားလာရင်း အချိန်တွေ ကုန်ခဲ့ရတယ်။ ကျွန်တော်သမီးလေး စကားစပြောတတ်ခါစမှာ ကျွန်တော်သူနဲ့ ခွဲရတာကို ဝမ်းနည်းမဆုံးဘူး။ ကလေးတစ်ယောက်ရဲ့ စကားပြောတတ်ခါစ အချိန်ဆိုတာ ချစ်စရာအကောင်းဆုံးအချိန်၊ တန်ဖိုးအရှိဆုံး အချိန်ပါ။ ကလေးတစ်ယောက်ရဲ့ ပညာရေးအစပါ။ ဖေဖေ .. ဒါဘာလဲ၊ မေမေ.. ဒါဘာလဲ လို့ သူမေးတတ်ချိန်မှာ ကျွန်တော်က သူ့ကို ခွဲနေရပါတယ်။ ခုလို ပြန်ဖို့အခွင့်အရေးတစ်ခုကို ရတဲ့အချိန်မှာ .. သူက …………..။
ကျွန်တော် ဆက်မတွေးချင်တော့ပါ။
ဘဝမှာ အဲလိုမတူညီတဲ့ အခွင့်အရေးတွေ၊ မတူညီတဲ့ တန်ဖိုးတွေကို ဘာနဲ့ ညှိယူကြမှာလဲ။ ကျွန်တော်ကတော့ အမြဲလိုလို တစ်ခုခုဖြစ်တိုင်းမှာ ဒေါသကို ရှေ့တန်းတင်ချင်ပေမယ့် အခုတော့ လူတွေကို နားလည်တတ်လာခဲပြီ။ အများကြီးမဟုတ်ရင်တောင် အနည်းငယ်တော့ နားလည်တတ်ခဲ့ပြီ။ ဟုတ်ပါတယ်။ ကျွန်တော်သူ့ကိုလည်း နားလည်ပေးလိုက်ပါတယ်။
“အင်းကွာ .. မင်းသွားမယ်ဆိုလည်း သွားပေါ့
ကိုကို သမီးကို ထိန်းပြီး နေခဲ့ပါ့မယ်” လို့သူ့ကို ပြောတော့ သူစိတ်ထဲမှာ ပျော်ခဲ့ပါသလား။ ကျွန်တော် အတ္တတွေကို လျှော့ချလိုက်ရတဲ့ ကျွန်တော့်ဘက်က နှလုံးသားကို သူခံစားတတ်ခဲ့ပါသလား။ မိသားစုတွေ၊ ကမာ္ဘပေါ်က အကြောင်းအမျိုးမျိုးကြောင့် ခဏပဲဖြစ်ဖြစ် ခွဲခွာနေကြရတဲ့ မိသားစုတွေ..။ ကျွန်တော်က ပျော်ရွှင်စွာ ဆုံစည်းနိုင်ကြပါစေလို့ ဆူးလေဘုရားကို အဝေးက လှမ်းကန်တော့ဆုတောင်းလျက် အဲဒီနေ့က ကျွန်တော် ပြန်လာခဲ့ပါတော့တယ်။
ရင်နင့်အောင်
5 comments
MaMa
April 2, 2013 at 6:23 pm
ဒါလည်း သင်္ကြန်သီချင်းတစ်ပုဒ်ပဲ။
ဒါပေမယ့် မြူးကြွတဲ့ သင်္ကြန်သီချင်းတွေကြားထဲမှာ အလွမ်းသီချင်းဖြစ်နေတယ်။ :buu:
မဟာရာဇာ အံစာတုံး
April 2, 2013 at 7:18 pm
အော် …
ဖတ်မိပြီး စိတ်မကောင်း ဖြစ်သွားမိတယ်ဗျာ …
ကျနော့် စိတ်ထဲမှာ ..
ဒီနှစ်သင်္ကြန်မှာ မိသားစု သုံးယောက် မန်းလေးမှာ
ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းသွားတာကို မြင်ချင်မိလိုက်တာ …
နားလည် ခွင့်လွှတ်ပေးလိုက်တဲ့ စိတ်ဓါတ်ကိုတော့ ကြိုက်တယ်ဗျာ …
ဒါပေမယ့်ဗျာ …
ကိုယ့်ဘက်က အလျှော့ပေးလိုက်တယ် ဆိုပေမယ့် …
တကယ်ဆို ဟိုဘက်ကလည်း နားလည် သင့်ပါတယ် …
တစ်ခါတစ်ခါ ဖြစ်ချင်တယ်တဲ့ အရာထက် ဖြစ်နေတဲ့ အရာက အတော့်ကို ဂွကျနေတတ်ပြန်တယ် …
KZ
April 3, 2013 at 9:54 am
အင်း။
ဘယ်လိုပြောရပါ့။ 🙄
အရေးအသားကတော့ ပြောစရာမလိုဘူးဆိုတော့ ဇာတ်လမ်းသဘောလေးပဲ ပြောတော့မယ်။
အိမ်ထောင်တစ်ခုမှာ လူ၂ယောက် ညှိရတာဆိုတော့ကာ နည်းနည်းတော့ လွဲတာလေးတွေ ရှိမပေါ့။
အနီးကပ်ဆုံးဆိုသော်လည်း သူစိမ်းတွေပဲကိုး။
အခြေခံအတွေးအခေါ်မတူတဲ့ ယောင်္ကျား နဲ့ မိန်းမ ဆိုတာလဲ ကွဲပြားသေးတယ်။
ထားရှိတဲ့ နားလည်မှု ပမာဏ မတူညီတဲ့အခါ နားလည်မှုပိုတဲ့ တစ်ယောက်က လျှော့ရတာ သဘာဝပါ။
ယောင်္ကျားပဲ ဖြစ်ဖြစ်၊ မိန်းမပဲ ဖြစ်ဖြစ်၊ အိမ်ထောင်သည် ဘဝမှာ အဓိကကိစ္စ နဲ့ သာမည ကိစ္စ တွေ ခွဲခြားနိုင်တဲ့ ဆင်ခြင်ဉာဏ်ရှိဖို့လိုအပ်တယ်လို့ပဲ မှတ်ပါတယ်။
Thu Thu Htet
April 3, 2013 at 4:55 pm
အားလားလား …..
ကောင်းချက်ပဲဗျာ ….
ရင်နင့်အောင်ပါပဲ (profile name ကိုပြန်ခေါ်နေတာမဟုတ်ဖူးနော်)
အားပေးနေပါတယ်
မောင် ပေ
April 4, 2013 at 11:25 am
ဇါတ်လမ်းက အပြင်မှာ ဖြစ်နေကြ ဇါတ်လမ်းမျိုးကို ကိုရင့်အရေးအသားက ရှယ်နဲ ့ပေါင်းစပ်ဖွဲ ့စည်းလိုက်တော့ ဖတ်ရတာ အရမ်းဂွတ်တယ်ဗျား ။
ကျုပ်လဲ ကျုပ်လေဒီလောင်းကို အသည်းအသန် တားခဲ့ရပါ၏ ။