“မည်သူစောင့်၏ မစောင့်၏ တားသူရှိ၏ မရှိ၏”
“မည်သူစောင့်၏ မစောင့်၏ တားသူရှိ၏ မရှိ၏”
ဒီနေ့မနက်အလုပ်သွားဘို့ အိမ်ကထွက်ခါနီးမှာ အဝေးက မိတ်ဆွေ တစ်ယောက်ဆီက
ဖုန်းဝင်လာပါတယ်။
“ ကိုပေါက် ကျုပ်မန်းလေးရောက်နေတယ်ဗျ။
ခင်ဗျားပြောပြောနေတဲ့ ‘တိုရှည်’ ဆိုတဲ့မုန့်စားချင်တယ်ဗျာ၊
နောက်ချပါတီနဲ့ ဘာဂျီကြော်ရောဗျာ။”
“ရတယ်လေ ကျနော်လာခေါ်မယ် ဘယ်နားမှာတည်းတာလဲ”
“၃၅လမ်းကုန်းကျော်နားမှာဗျ ကျုပ်မိန်းမနဲ့ကလေးတွေလဲပါတယ်”
အဲလိုပြောတော့ ကျနော်မှာအုံးစားသွားပါတယ်။
မန်းလေးမှာ ဆိုးတာတစ်ခုက ကိုယ့်မှာ ကိုယ်ပိုင်ကားမရှိရင် ဧည့်ဝတ်ကျေဘို့ အတော်ခက်ပါတယ်။
ဧည့်သည်ကတစ်ယောက်ထဲဆိုရင် ပြဿနာမရှိပေမယ့် တစ်ယောက်ထက်ပိုရင် ထမင်းလိုက်ကျွေးဘို့
တို့ ဟိုနားဒီနားလိုက်ပို့ ဘို့က အဆင်မပြေတတ်ပါဘူး။
မန်းလေးမှာ သင့်တင့်တဲ့နူန်းထားနဲ့ပြေးတဲ့ တက္ကစီ မရှိတာကြောင့်ပါ။
တက္ကစီ ရှိတယ်ဆိုပေမယ့်လဲ ဈေးကြီးသလို ကားအရေအတွက်ကလဲမများ။
ကျနော်မှာကလဲ ကားမရှိ ဆိုင်ကယ်ဘဲရှိတာကိုး။
အဲဒါနဲ့ အမြန်ဆုံးစဉ်းစားလိုက်တော့ သူစားချင်တဲ့ ‘တိုရှည်’လဲရ သူတည်းတဲ့နေရာနဲ့လဲနီး
သူလဲလာလို့လွယ်မယ့် လက်ဖက်ရည်ဆိုင်ကိုဘဲ လာခဲ့ဘို့ ချိန်းလိုက်ရပါတယ်။
ကျနော်မိတ်ဆွေစားချင်တဲ့မုန့်ကလဲ မြန်မာမုန့်မဟုတ်တော့ ဘာရယ်ညာရယ်ရွေးလို့မရနိုင်ပြန်ပါဘူး
ဒီမုန့်ရတဲ့ဆိုင်ဘဲသွားစားရတော့တာပေါ့။
သူကိုဘယ်လိုလာရမယ်ဆိုတာပြောပြတော့သူကလဲ လမ်းလျောက်ပြီးလာခဲ့မယ်လို့ဆိုတော့
အဆင်ပြေသွားပါတယ်။
*********************************************************
ကျနော်လက်ဖက်ရည်ဆိုင်ရှေ့အရောက်သူတို့မိသားစုလဲ ရောက်လို့လာပါတယ်။
ဆိုင်ထဲရောက်တော့ ကိုယ်စားချင်တာကိုယ်မှာကြပေါ့။
ကလေးတစ်ယောက်က ဒန်ပေါက်။
တစ်ယောက်က ဆိတ်စွတ်ပြုတ်နဲ့နံပြား။
သူ့မိန်းမကတော့ အာလူးပူရီ။
သူကတော့ တိုရှည်တစ်ပွဲ ချပါတီတစ်ပွဲနဲ့ ဗာဂျီကြော်။
သူတို့နေတဲ့မြို့မှာအလွယ်တကူဝယ်စားလို့မရနိုင်တဲ့မုန့်တွေပေါ့။
ကျနော်ကတော့ မလိုင်နဲ့နံပြား။
မှာထားတဲ့မုန့်မရောက်သေးခင်မှာတစ်ယောက်နဲ့တစ်ယောက်မာကြောင်းသာကြောင်းတို့
လုပ်ငန်းကိုင်ငန်းတွေ ဟိုရောက်ဒီရောက်တွေ့တုန်းလေးအပြေးလွှား
ပြောကြရတာပေါ့။
အဲလိုပြောနေတုန်း သပိတ်ကလေးနဲ့ကိုရင်လေးတစ်ပါး
လက်ဖက်ရည်ဆိုင်ထဲမှာဝင်ပြီးဆွမ်းခံပါတယ်။
ကျနော်တို့ဝိုင်းနားကို အဲဒီကိုရင်လေး ဆွမ်းရပ်တော့ ကျနော့် မိတ်ဆွေရဲ့မိန်းမက
ရာတန်လေးတစ်ရွက်ထုတ်ပြီး လှူလိုက်ပါတယ်။
ကိုရင်လေးလာရပ်လိုက်တော့ ပြောလက်စ စကားလဲပြတ်သွားပါတယ်။
သိပ်မကြာခင်မှာထားတဲ့မုန့်တွေရောက်လာတော့ စားလိုက်စကားပြောလိုက်ပေါ့။
ကျနော်တို့ မုန့်စားနေတုံး ဘေးနားမှာ နောက်ထပ်ကိုရင်လေးတစ်ယောက်
ရောက်လာပြန်တော့ကျနော်မိတ်ဆွေက ၂၀ဝကျပ်တန်တစ်ရွက်
ထည့်လိုက်မှ ကိုရင်လေး လဲဒီပြင့်ဝိုင်းဘက်ကိုဆက်ကူးသွားပါတယ်။
အဲဒီကိုရင်လေးထွက်သွားတော့ နောက်ထပ်ကိုရင်တစ်ပါးထပ်ဝင်ပြီး
အစောကလိုဘဲဆွမ်းခံပြန်ပါတယ်။
မိတ်ဆွေ ကလဲ သူ့ပိုက်ဆံအိတ်ထဲက နေထုတ်လှူလိုက်ပြန်ပါတယ်။
ဟော ခဏနေတော့ နောက်ထပ်ကိုရင်လေးတစ်ပါး။
ပြီးတော့ နောက်ထပ်ကိုရင်လေးတစ်ပါး။
နောက်ထပ်ရောက်လာတဲ့ကိုရင်လေး အလှည့်ရောက်တော့
ကျနော့် မိတ်ဆွေလဲ သူ့ပိုက်ဆံအိတ်ထဲ မှာ အရွက်သေးမကျန်တော့ ။
အဲတော့ ကန့်တော့ဆွမ်း လိုက်ရပါတော့တယ်။
အဲဒါနဲ့ ကျနော်လဲ ကိုရင်လေးတွေ ဆွမ်းခံနေတာကို လိုက်ကြည့်မိပါတယ်။
ကိုရင်လေးတွေဆွမ်းဝင်ခံကြတာကို အလှူငွေထည့်လိုက်သူလဲရှိ။
ကန့်တော့ဆွမ်းလို့ပြောသူလဲရှိ။
ခေါင်းယမ်းပြသူလဲရှိ။
ဘာမှမပြောဘဲ အစားမပျက် စကားပြောမပျက် ဟန်မပျက်နေသူလဲရှိ။
စိတ်အနှောင့်အယှက်ဖြစ်သွားပုံရတဲ့သူလဲရှိ။
ကိုရင်လေးတွေကတော့ ဒါတွေကို ဘာမှသိပ်ဂရုစိုက်နေပုံမပေါ်။
စားပွဲနားမှာ ဝင်ပြီး ရပ်နေ။
အလှူငွေထည့် လိုက်တယ်ဆိုရင်တော့ မြန်မြန် နောက်တစ်ဝိုင်းကူး။
မထည့်ဘူးဆိုရင် အတော်ကြာအောင် ရပ်နေတတ်ပါတယ်။
ဟိုကနေ့ ကန့်တော့ဆွမ်းပြောလိုက်မှ ဒါမှမဟုတ်
မလှူတာသေချာလောက်ပြီဆိုမှ နောက်တစ်ဝိုင်းကူး။
ကြည်ရင်းကျနော်ခေါင်းတွေတောင် မူးလာသလိုပါဘဲ။
????????????????????????????????????????????????????????????
ဟိုအရင်နှစ်ပေါင်းများစွာကနေ့ လက်ရှိအချိန်အထိ ကျနော်တို့
” ဗုဒ္ဓဘာသာအနွယ်ဝင်” များဟာမိရိုးဖလာ ကိုးကွယ်မှု့
သက်သက်နဲ့ဘဲနေလာခဲ့ကြပါတယ်။
အဖိုးအဖွား အဖေအမေကိုးကွယ်လို့ ဆက်ကိုးကွယ်တယ် ဒီထက်မပို။
ကိုယ့်ယုံကြည်တဲ့ဘာသာတရားကို စည်ပင်ဝေဆာအောင်လုပ်တာက
ဘုရားသားတော်ဖြစ်တဲ့သံဃာတော်များရဲ့တာဝန်ဆိုတဲ့ အတွေးနဲ့ဘဲ နေသာသလိုနေခဲ့ကြပါတယ်။
သာသနာတော်ကို ပျံ့ပွားအောင်လုပ်ခဲ့ကြတဲ့ လူဝတ်ကြောင်တွေရှိခဲ့ပေမယ့် အရေအတွက်မများပါဘူး။
ကျနော်အပါအဝင်အများစုကလဲ အလှူအတန်းလို ရှိတဲ့အခါမျုးိမှာသာအများနဲ့ရောပြီး
“နမောတဿ” လုပ်တာ၊ ဘုရားရောက်ရင် ပေါက်ဆိန်ပေါက် ဦးချကန့်တော့ တာ
ကလွဲရင်ကျန်တဲ့အချိန်မှာတော့ ဘာသာရေးဆိုတာ ကိုယ်နဲ့မဆိုင်သလိုနေခဲ့ကြ။
ဘာသာတရားဆိုတာ အလုပ်မလုပ်နိုင်တဲ့သက်ကြီးရွယ်အိုအချိန်ရောက်မှ
ကိုယ့်နဲ့ထိတွေ့ရမယ့် ကိစ္စတစ်ခုလိုသဘောထားကြပါတယ်။
ဥပုဒ်ရက်မှာ ဥပုဒ်သီတင်းဆောက်တည်တာ။
ကိုယ့်ရဲ့ညီအကိုမောင်နှမတွေ တူတူမတွေ သားသမီးတွေကို ” ဗုဒ္ဓဘာသာ”နဲ့ပါတ်သက်
တဲ့သိသင့်သိထိုက်တာတွေကို ပြောပြဘို့ဝေလာဝေးကိုယ်တိုင်တောင်သေချာမသိ။
ပါဠိဘာသာနဲ့ရေးထားတဲ့ ဘုရားစာကို အနက်သိဘို့မပြောနဲ့ အသံထွက်တောင်
ဌာန်ကရိုင်းကျအောင် မဆိုတတ်ကြပါဘူး။
ကိုယ့်ကလေးတွေကိုလဲ ” ဗုဒ္ဓဘာသာသင်တန်း”တွေပို့ဘို့လဲ အသိတရားထဲမှာမရှိ။
အဲတော့ ” ဗုဒ္ဓဘာသာအနွယ်ဝင်”အားလုံးဟာ အမည်ခံသက်သက်လောက်
အဆင့်နဲ့ဘဲ ရပ်တည်ခဲ့ကြပါတယ်။
ကလေးတွေကို ဘုန်းကြီးကျောင်းပို့ပေးရကောင်းမှန်းမသိ။
ဒီတော့လဲ ကလေးတွေက ရဟန်းသံဃာများနဲ့စကားမပြောတတ်တော့။
အချို့ကတော့ ဒါကိုဘဲဂုဏ်ယူစရာတစ်ရပ်လိုရှိနေခဲ့ကြ။
“လူနည်းစုမို့လုပ်နိုင်တာပါကွာ”လို့ဆိုချင်ဆိုနိုင်ပေမယ့် ကျန်သောဘာသာဝင်များက
သူတို့ဘုရားဝတ်ပြုရမယ့်ရက်တွေ ဘုရားဝတ်ပြုချိန်တွေမှာ လူကြီးလူငယ်မကျန်
ဘုရားကျောင်းတက်တာ ဘုရားဝတ်ပြုကြတာကတော့ အတုယူစရာလို့ပြောရင်မမှားနိုင်ပါ။
ကြုံလို့သွားတာ မဟုတ်ဘဲ တကယ့်ကို လုပ်ရမယ့် ဝတ္တရားတစ်ခုလိုသဘောထားလို့
မှန်မှန်ကြီးသွားကြတာပါ။
နောက်သူတို့ရဲ့သားသမီးတွေကို ငယ်စဉ်ကလေးဘဝက စပြီး သူတို့
ကိုယ်ယုံကြည်ကိုးကွယ်တဲ့ဘာသာတရားနဲ့ပါတ်သက်တဲ့ စာတွေကိုမူရင်းအတိုင်း
ဖတ်နို်င်အောင် စာသင်ကျောင်းလေးတွေဆီကို မိဘကိုယ်တိုင်က လိုက်လံပို့ပေးတာ
စံနစ်တကျသင်စေတာကလဲ အတုယူစရာတစ်ခုပါဘဲ။
ကျနော်နေထိုင်ရာအိမ်အနားက အစ္စလမ်ဘာသာကိုယုံကြည်ကိုးကွယ်တဲ့မိသားစုက
ကလေးတွေကို မနက်ခြောက်နာရီလောက်ဆိုရင် အာရဗီစာသင်ကျောင်းကို မိဘ
ကိုယ်တိုင် လိုက်ပို့တာကိုတွေ့မြင်နေရပါတယ်။
ဟိုအရင်က “ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်း”တွေဖွင့်ကြတဲ့အခါ
ကျနော်တို့မိဘတွေကိုယ်တိုင်က စိတ်ပါလက်ပါလိုက်ပို့တာ မတွေ့ရသလောက်။
ညီလေးညီမလေးကို လိုက်ပို့ဘို့ အိမ်က ခိုင်းရင်တောင်မှ အလုပ်ရှုပ်တယ်ထင်တဲ့
သူတွေအများကြီးရှိခဲ့ကြပါတယ်။
(ပြီးခဲ့တဲ့လကတော့ ဘုရားကြီးစာတိုက်ကွေ့နားက သာသနာ၂၅၀ဝဗိမ္မာန်မှာ
ယဉ်ကျေးလိမ္မာသင်တန်းဖွင့်တော့ မနက်မနက်ဆိုရင် သင်တန်းတက်မယ့် ကလေး လေးတွေကို
ကားတွေဆိုင်ကယ်တွေနဲ့ လာ လာပြီးပို့ကြတာမြင်ရတော့ စိတ်ထဲမှာ
တကယ်ကိုကြည်နူးမိတာအမှန်ပါဘဲ။)
ကိုယ့်ယုံကြည်ရာဘာသာနဲ့ပါတ်သက်ရင် ကိုယ်တို်င်အသေအချာသိနေဘို့လိုအပ်ပါတယ်။
ဘာမသိ ညာမသိ အလွတ်အော်ဆိုနေတာထက်စာရင် စိတ်ထဲမှာစိမ့်ဝင်နေအောင်
သိနေတာက ပိုကောင်းပါတယ်။
ဒါကလဲ ဘာမှ မစွမ်းဆောင်နိုင်တော့တဲ့အိုမင်းမစွမ်းတဲ့ အရွယ်မှလုပ်ရမှာမဟုတ်ဘဲ
ငယ်စဉ်ကလေးဘဝကတည်းက သင်ယူခဲ့ကြရမှာဖြစ်ပါတယ်။
ကျနော်တို့ကိုယ်တိုင်လဲ ငယ်စဉ်ကတည်းက မသင်ယူခဲ့ရတော့ အခုအသက်အရွယ်
ရလာချိန်မှာတောင် ဝေတေဝါးတားဖြစ်နေတုံးဆိုတာကလဲ ငြင်းမရပါဘူး။
နှလုံးသားအတွင်းထဲထိ သဘောပေါက်လာလို့ ယုံကြည်ခဲ့ရင် အခြားဘာသာတစ်ခုကို
ကူးပြောင်းဘို့ဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး။
ကိုယ့်အတွင်းစိတ်ကသာ ခိုင်ခို်င်မာမာ စွဲမြဲယုံကြည်နေခဲ့ရင် ဘာနဲ့ဘဲဆွဲဆောင်
ဆွဲဆောင် လုံးဝယိမ်းယိုင်မသွားနို်င်ဘူးလို့ခံယူပါတယ်။
နောက်တစ်ချက်က လူတိုင်းလူတိုင်းဟာ ကိုယ့်ရဲ့စားဝတ်နေရေးအတွက်မအားရအောင်
နေ့စဉ် ရုန်းကန်လုပ်ကိုင်နေကြတာမှန်ပေမယ့် အရွယ်ရှိသူ ကျားမ မရွေး
ကိုယ်နဲ့နီးစပ်တဲ့ ဘုရားကျောင်းကန်မှာ ဥပုဒ်ဇရပ်မှာ ရပ်ကွက်ဓမ္မာရုံမှာ
ကိုယ့်ရဲ့အားလပ်ချိန်ထဲကနေနည်းနည်းလောက်ဖဲ့ပြီးမှန်မှန်လေးတွေ့ဆုံကြပြီး
ကိုယ့် ဘာသာတရားနဲ့ပါတ်သက်တာတွေ၊ကိုယ့်အမျိုးသားရေး တွေ၊
ကိုယ်နိုင့်ငံအရေးနဲ့ပါတ်သက်တာတွေကို ပြောဆိုဖြစ်ကြ တိုင်ပင်ဖြစ်ကြမယ်ဆိုရင်
အတော်လေးကို ကောင်းမယ်လို့လဲတွေးမိပါတယ်။
အဲလိုမှန်မှန်တွေ့ဆုံပြီး စုစည်းမိကြမယ်ဆိုရင် မသိလိုက်မသိဖာသာနေသူတောင်
စိတ်ပါလာအောင် ဆွဲဆောင်နိုင်မယ်လို့လဲယုံကြည်မိပါတယ်။
ဒီလိုအစုအဖွဲ့လေးတွေက တစ်နိုင်တစ်ပိုင်လုပ်ဆောင်တာတွေကနေအစုအဖွဲ့
ကြီးအသွင် ကူးပြောင်းလာရင် ကျနော်တို့ယုံကြည်ကိုးကွယ်တဲ့
” ဗုဒ္ဓဘာသာ” ကို မိရိုးဖလာအရ ” အဖြစ်ကိုးကွယ်”နေရာကနေပြီး
မှန်ကန်စွာယုံကြည့်လို့ ကိုးကွယ်တဲ့ “ အစစ်ကိုးကွယ်”တဲ့ အနေအထားကို
သေချာပေါက်ရောက်သွားနိုင်ပါတယ်။
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
ဒီနှစ်ပိုင်းတွေမှာ ဝမ်းသာစရာကောင်းတဲ့ကိစ္စတစ်ခုကတော့ ကျနော်တို့
” ဗုဒ္ဓဘာသာအနွယ်ဝင်” တွေ ရဲ့ ဆောင်ရွက်မှု့လေးတွေပါဘဲ။
အရင်က ဘာသာတရားဆို တာ သက်ကြီးရွယ်အိုတွေသာဆောင်ရွက်ရမယ့်
အလုပ်လိုသတ်မှတ်ရာက နေ လူငယ်ပိုင်းကပါ အင်တို်က်အားတိုက်ပါဝင်ဆောင်
ရွက်လာကြတာပါဘဲ။
အရင်က မန်းလေးမှာဆိုရင် နာရေးမှာ ကူညီဆောင်ရွက်တဲ့ကားက ၂ရလမ်း-၈၂လမ်းက
အစ္စလမ်ဘာသာဝင်များထူထောင်ထားတဲ့ နိဗ္ဗာန်ဆော် ကားအစိမ်းလေးတစ်စင်းဘဲရှိပါတယ်။
“ဘယ်နားမှာဘာတဲ့”ဆိုရင် အဲဒီကားလေးကဘဲ လာပြီးသယ်တာပို့တာလုပ်ရပါတယ်။
လမ်းမှာယာဉ်တို်က်မူ့ဖြစ်ရင်လဲ ဒီကားလေးပါဘဲ။
ကျုံးထဲမှာရေနစ်သေတယ်ဆိုရင်လဲ ဒီကားလေးပါဘဲ။
လူတွေရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးခဲ့ ကောင်းသောအမူ့ကိုပြုခဲ့ကြတာပါ။
လက်ရှိအနေအထားမှာတော့ ကျနော်တို့ ” ဗုဒ္ဓဘာသာအနွယ်ဝင်”တွေထူထောင်ထားတဲ့
သာရေးနာရေး လူမူ့ရေး အသင်းအဖွဲ့တွေလဲအများကြီးရှိနေပါပြီ။
အရင်က ဆိုရင် “လွဲမှားသောအယူများ”အရ အသုဘတင်တဲ့ကားကို ရပ်ကွက်ထဲမှာ
ထားဘို့မပြောနဲ့ ကားပျက်လို့ရပ် ရင်တောင် မှာ အရပ်နာတယ်ဆိုပြီး အရပ်မခံခဲ့ကြ။
လမ်းမှာ မတော်တဆမူ့ဖြစ်နေတာတွေ့ရင်တောင် ဆေးရုံပို့ရင်းကိုယ့်ကားပေါ်လူသေ
မှာစိုးတော့ ကူညီပြီးလိုက်ပို့လေ့မရှိ။
အဲတော့ဆေးရုံကိုအချိန်မှီမရောက်လို့ သေခဲ့ကြသူတွေလဲ အများကြီး။
အခုအချိန်မှာတော့ ရပ်ကွက်ထဲမှာ နာမူ့ကူညီရေးအတွက် ကားတွေအဆင်သင့်ရှိနေတော့
အရေးအကြောင်းဆိုရင် ဆေးရုံပို့ဘို့ ကူညီဘို့က မန်းလေးမြို့နေရာအနှံ့အပြားမှာ
အသင်းအဖွဲ့တွေအများကြီးရှိနေတာ ဝမ်းသာစရာပါဘဲ။
ဒါတင်မကသေးပါဘူူး အရင်က ဆိုရင် ခွဲစိတ်လူနာများ အမြဲအခက်ကြုံရတာကတော့
မရှိမဖြစ်သွေးပါဘဲ။
သွေးလှူဘဏ်ဆိုတာ ရှိနေပေမယ့်လဲ အရေးအကြောင်းဆို အားကိုးမရ။
အဲတော့ ပွဲစားများကတစ်ဆင့် ဈေးကြီးပေးဝယ်ရပါတယ်။
အခုအချိန်မှာတော့ သွေးလိုတယ်ဆိုရင် ဖုန်းလေးဆက်ပြီးချိတ်လိုက်တာနဲ့အဆင်သင့်။
လာရောက်ကူညီပေးကြတဲ့ သွေးလှူရှင်က လူနာရှိတဲ့နေရာကိုအရောက်လာပေးပါတယ်။
ဒီလိုလာရောက်လှူဒါန်းကြတဲ့အခါ ဘယ်ရွေ့ဘယ်မျှ ထည့်ရမယ်လို့မသတ်မှတ်။
စေတနာပေါက်သလောက် ကိုယ်နိုင်သလောက်အလှူငွေထည့်လိုက်တာနဲ့ရပါတယ်။
ဒါကတော့ အင်မတန်ကိုမွန်မြတ်သော လုပ်ငန်းစဉ်တစ်ရပ် ဆိုတာအမှန်ပါဘဲ။
အရင်ကဆိုရင် သင်္ကြန်ပိတ်ရက်ဆိုရင်ပျော်ဘို့ အော်ဘို့ ကဲဘို့လောက်သာခေါင်းထဲရှိခဲ့ကြပါတယ်။
အခုဒီဘက်နှစ်တွေမှာတော့ သင်္ကြန်ပိတ်ရက်ရှည်မှာ တရားစခန်းဝင်ကြတဲ့လူငယ်တွေ
အများကြီးရှိသလို ဒီပိတ်ရက်လေးမှာ ဘဲ သာသနာဘောင်ကို ဝင်ကြတဲ့ မိန်းကလေး
ယောကျာ်းလေးတွေ ပိုုပိုများတာကို တွေ့ရပါတယ်။
သင်္ကြန်အပြိးမှာ ကတုံးဆံပင်ပေါက်ခါစ ကလေးများကို မြင်ရင်
“ သူတို့ သာသာနာဘောင်မှာ ခေတ္တခိုလှုံခဲ့ကြတာဘဲ”လို့တွေးမိပါတယ်။
(ဆံပင်ဆေးဆိုးထားပြီး အနက်ပြန်ပေါက်အောင် ကတုံးတုံးထားသူများလဲရှိနိုင်ပါတယ်)
နောက်နိုင်ငံနေရာအနှံ့အပြားမှာလဲ တရားစခန်းတွေဖွင့်၊
ကလေးများအတွက် ” ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာ”သင်တန်းတွေဖွင့်၊
ဆရာတော်တွေဦးစီးလို့ ကလေးများကို ” ဗုဒ္ဓဘာသာ”အခြေခံတွေသင်ပေးတာမြင်တော့
စိတ်ထဲမှာ ကျေနပ်အားရမိပါတယ်။
အခုလောလောလတ်လတ် ခေတ်အစားဆုံးကတော့ “၉၆၉”ပါဘဲ။
” ဗုဒ္ဓဘာသာ”ဆိုတာကို မိရိုးဖလာကိုးကွယ်မူ့ လိုအလိုက်သင့်ဖြစ်ချင်သလိုဖြစ်
နေလာခဲ့ကြ တာကနေ အမျိုးသားရေးအသွင်နဲ့ ရေရှည်အကျိုးကြည့်ပြီးဆောင်
ရွက်နေကြတယ်ဆိုရင်လဲမမှားပါဘူး။
ကျနော်တို့ယုံကြည်ကိုးကွယ်တဲ့ ” ဗုဒ္ဓဘာသာ”ကို ရေရှည့်တည်တန့်အောင်၊
ခိုင်မြဲအောင် တစ်ဖက်တစ်လမ်းကနေကြိုးပမ်းနေကြပါတယ်။
ဒီလိုကြိုးပမ်းကြသူတွေထဲမှာ သံဃာတော်တွေက ဦးဆောင်နေသလို
နောက်ကနေ တက်ကြွစွာ ဝိုင်းဝန်းကြိုးပမ်းကြတဲ့ လူကြီးလူငယ် ဘာသာဝင်တွေကလဲအများကြီးပါဝင်ဆောင်ရွက်နေကြပါတယ်။
အကျိုးမရှိတဲ့ မကောင်းမူ့ကိုလုပ်ဆောင်တာထက်စာရင် ကောင်းမူ့ကိုဦးတည်လို့
လုပ်ဆောင်တာကိုတော့ အားလုံးက ဝိုင်းဝန်းလို့ အားပေးကြရမှာအမှန်ပါတယ်။
ကျနော့်အမြင်ကတော့ ကို်ယ်ယုံကြည်ကိုးကွယ်ရာဘာသာ တည်တန့်ခိုင်မြဲဘို့
အများအမြင်မှာတင့်တယ်အောင်လုပ်ဆောင် ကြဘို့ကတော့ ဘာသာ ဝင်တိုင်းမှာတာဝန်ရှိပါတယ်။
သူများ ဘာလုပ်တယ် ဆိုတာကို ငဲ့စောင်းကြည့်နေမယ့်အစား ၊
ကိုယ်လုပ်စရာရှိတာကို ကိုယ်လုပ်ကြဘို့က ပိုအရေးကြီးပါတယ်။
အမှတ်အသားတွေ ကိန်းဂဏန်းတွေ ဆိုတဲ့ သတ်မှတ်ချက်တွေထက် ကိုယ်ကိုးကွယ်တဲ့
” ဗုဒ္ဓဘာသာ”တရားတော်များကို ကိုယ်တို်င်လဲလိုက်နာ ဘို့၊
မလိုက်နာသူကိုလဲ လိုက်နာချင်လာအောင် စည်းရုံးဖျောင့်ဖြဘို့၊
နေထိုင်ပြုမူ တာတွေက အများအမြင်မှာ အမြဲတင့်တယ်နေဘို့ သူများဝေဖန်စရာ
မဖြစ်အောင် သူများအပြစ်တင်တာ လက်ညှိုးထိုးတာမခံရအောင် နေတတ်ဘို့ကတကယ်လိုအပ်ပါတယ်။
အဲလိုနေဘို့ကတော့ ကျနော်တို့” ဗုဒ္ဓဘာသာအနွယ်ဝင်”အားလုံးမှာတာဝန်ရှိပါတယ်။
&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&
မြတ်စွာဘုရားရဲ့ တရားဒေသနာတော်များကို ဟိုးနှစ်ပေါင်းများစွာကနေစလို့ အခုအချိန်ထိ လက်ဆင့်ကမ်း
သယ်ဆောင်ခဲ့ကြ ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြသူများကတော့ ဘုရားသားတော်များလို့ သတ်မှတ်ထားတဲ့ သံဃာတော်များသာဖြစ်ပါတယ်။
များပြားလှစွာသော တရားတော်များကို အာဂုံဆောင်အလွတ်ကျက်လို့ထိန်းသိမ်းခဲ့ကြ၊
စာပေမှတ်တမ်းများနဲ့တကွ မလွဲအောင်ထိန်းသိမ်းခဲ့ကြလို့လဲ အခုချိန်ထိ ” ဗုဒ္ဓသာသနာတော်”
တည့်တန့်နေခဲ့ရခြင်းဖြစ်ပြန်ပါတယ်။
ဒါကြောင့်လဲ သံဃာတော်များ သာသနာတော်အကျိုးကို စိတ်ဖြောင့်လက်ဖြောင့် ဆောင်ရွက်နိုင်ဘို့အတွက်
စီးပွားရှာတဲ့အမူ့ကိုမပြုစေဘဲ လူတွေက သံဃာတော်များရဲ့ နေမူ့စားမူ့ကို တာဝန်ယူခဲ့ကြပါတယ်။
ကျနော်တို့ ” ဗုဒ္ဓဘာသာ အနွယ်ဝင်” များက လည်း သံဃာတော်များကို
ရိုသေဆည်းကပ်ကြ အထွဋ်အမြတ်ထားကြပါတယ်။
ကိုယ်မှာမရှိချင်နေ သာသနာအတွက် သံဃာတော်များအတွက်ဆိုရင် လှူဒါန်းဘို့ဝန်မလေးကြပါဘူး။
မြတ်စွာဘုရားကလဲ ် သာသနာဖြန့်ကြမယ့်သံဃာတော်များကို ဆွမ်းတစ်နပ်သာ အလှူခံစေပြီး
လူတွေဝန်ထုပ်ဝန်ပိုးမဖြစ်စေဘို့အတွက် ညနေစာ စားခြင်းကို ခွင့်မပြုခဲ့ပါဘူး။
(ခြိုးခြံချွေတာခြင်း ရောင့်ရဲတင်းတိမ်စေခြင်းဆိုတဲ့ ရည်ရွယ်ချက်လဲ ပါမယ်ထင်ပါတယ်)
သာသာနာပြုရမယ့် သံဃာတော်များ ဝတ်ဆင်ရမယ့် အဝတ်အထည်ကိုလဲ
တပ်မက်မူ့များကို ကန့်သတ်တဲ့အနေနဲ့“ဖန်ရည်စွန်းသောသင်္ကန်း”လို့ သတ်မှတ်ပေးထားခဲ့ပါတယ်။
ပံ့သကူလို့ခေါ်တဲ့ စွန့်ပစ်ထားတဲ့အဝတ်အထည်အပိုင်းအစတွေကို လိုက်လံကောက်ယူပြီး
သတ်မှတ်ထားတဲ့ ဝိနည်းတော်များ အညီဆက်စပ်လို့ချုပ်၊
ပြီးတဲ့အခါ အရောင်ကိုလဲ တစ်ရောင်ထည်း (မြန်မာပြည်မှာတော့ပိန္နဲရောင် ခပ်မိူင်းမိူင်း)
ကိုသစ်ခေါက်ကနေ ဆိုးယူရပါတယ်။
အခုလိုတိုးတက်ပြောင်းလဲနေတဲ့ခေတ်မှာတော့ သင်္ကန်းအတွက်ပစ္စည်းများရယူပုံကွာခြား
သွားတာမှန်ပေမယ့် “ဝိနည်းတော်နှင့်အညီ” ဆိုတဲ့အချက်အလက်ကိုတော့ကျော်လွန်လို့မရပါ။
နောက်လူအများလှူဒါန်းထားတဲ့ဆွမ်း၊ဝတ္တု များကို သုံးဆောင်တဲ့ သံဃာတော်များကိုလည်း
လွယ်လွယ်ကူကူ နဲ့စားခွင့်ပြုမထားပါဘူး။
ဆရာကြိီး ဦးသုခရိုက်ပြခဲ့တဲ့ “ရဟန်းစားရသောဆွမ်းတစ်နပ်”မှာ အတိအကျ ပါ ပါတယ်။
သံဃာတော်များမှာစောင့်ထိန်းလိုက်နာရတဲ့ စည်းကမ်းပေါင်းမြောက်များစွာချထားပြီးဖြစ်ပါတယ်။
တစ်ကယ်စစ်မှန်တဲ့သံဃာတစ်ပါးဖြစ်ဘို့ဆိုတာလွယ်ကူသောအလုပ်မဟုတ်ပါဘူး။
&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&
ကျနော်တို့မြန်မာနိုင်ငံရဲ့ သမိုင်းမှာ သံဃာတော်များရဲ့အခန်းကဏ္ဍကလဲတကယ့်ကိုအရေးပါသော
နေရာများ မှာ ပါဝင်ခဲ့ကြပါတယ်။
သူတစ်ပါးလက်အောက် ကျရောက်ခဲ့စဉ် အမျိုးဘာသာ သာသနာ မကွယ်ပအောင်
အသက်ပေး ကာကွယ်ခဲ့ကြတဲ့ ကြည်ညိုလေးစားဖွယ်ရာ ဂုဏ်ပုဒ်များနဲ့ပြည့်စုံသော
သာသနာ့အာဇာနည် သံဃာတော်များမြောက်များစွာရှိခဲ့ပါတယ်။
နောက်ကျေးရွာတွေမှာဆိုပြန်ရင်လဲ ရပ်ရွာတိုးတက်ရေး သာမက ကလေးများပညာတတ်
မြောက်ရေးအတွက်ပါ ဦးဆောင်ဦးရွက်ပြုသူတွေကလဲသံဃာတော်တွေပါဘဲ။
သဘာဝဘေးအန ္တရာယ်ကြုံတဲ့အချိန် မီးလောင်တဲ့အချိန် တွေမှာ ကူညီခဲ့သူတွေမှာ
သံဃာတော်တွေအများအပြား ပါဝင်ခဲ့ကြပါတယ်။
မန်းလေးမြို့မှာ လောင်ခဲ့တဲ့ မီးကြီးတွေမှာ ဝိုင်းဝန်းငြိမ်းသတ်ခဲ့ကြတဲ့
ရဟန်းသံဃာတွေရဲ့ကျေးဇူးတရားတွေအများကြီးရှိခဲ့ပါတယ်။
အခုလက်ရှိဖြစ်ပေါ်နေတဲ့ အရေးအခင်းပေါင်း ဆန္ဒပြပွဲပေါင်းများစွာမှာလည်း လူထုနဲ့အတူ
ဒီသံဃာတော်တွေက ဘဲ စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြတာ မျက်မြင်ကိုယ်တွေ့ပါဘဲ။
ဒါကြောင့်လဲ ကျနော်တို့ ” ဗုဒ္ဓဘာသာ အနွယ်ဝင်”အများစုက သံဃာတော်ကို
တန်ဘိုးထားလို့ကိုးကွယ်ဆည်းကပ်ခဲ့ကြပါတယ်။
ဘုရားသတ်မှတ်ပေး ထားတဲ့ သင်္ကန်းကို ခြုံထားသူတိုင်းကို သင်္ကန်းဂုဏ်ရည်ကို
ထောက်ထားပြီး ရိုသေလေးစားခဲ့ကြပါတယ်။
ဘုရားရှင်ရဲ့ကိုယ်စားလှယ်တော်အနေနဲ့ စိတ်ထဲမှာ သတ်မှတ်ထားကြလို့ပါ။
ဟိုအရင်အချိန် များကဆိုရင် သံဃာတော်များ နဲ့စားပွဲတစ်ဝိုင်းတည်းအတူထိုင်စားဘို့ဆိုတာဝေးလာဝေး
ကြမ်းတစ်ပြေးထဲတောင်မထိုင်ဘဲ ဦးစားပေးခဲ့ကြပါတယ်။
ဒီလို ဦးစားပေး တယ်ဆိုတာကလဲ ရိုသေထိုက်သူကိုရိုသေရမယ်ဆိုတဲ့ ဘုရားစကားကို
နားထောင်ကြလို့ပါဘဲ၊
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
ဒီလိုလူအများရဲ့ သံဃာအပေါ်မှာကြည်ညိုတဲ့စိတ်ကို ခုတုံးလုပ်တဲ့လူတန်းစားတစ်ရပ်ပေါ်လာပါတယ်။
ရဟန်းတု ရဟန်းယောင် သင်္ကန်းအရေခြုံတွေပါဘဲ။
ကျနော်တို့တစ်တွေ က မသိလို့ မဟုတ်ပေမယ့် သင်္ကန်းဝတ် ဆိုတာကိုထောက်ထားပြီး မသိချင်ယောင်
ဆောင်နေခဲ့ကြတာကို အခွင့်ကောင်းယူခဲ့ကြသူတွေဆိုလဲမမှား။
အရင်ကတော့ မန်းလေးမှာ “ရဟန်းပျို”အဖွဲ့ဆိုတာ ရှိခဲ့ပါတယ်။
မန်းလေးမြို့အနှံ့အပြားမှာရှိတဲ့ ရဟန်းတု ရဟန်းယောင်တွေကိုဖော်ထုတ်ပြီး
လူဝတ်လဲပြီး အပြစ်ပေးခဲ့ကြတဲ့ တကယ့်ကိုလေးစားစရာကောင်းသောအဖွဲ့ပါ။
အခုအချိန်မှာ ဒီအဖွဲ့ကြီးရှိမရှိ ကျနော်လဲသေချာမသိတော့ပါ။
မြန်မာပြည်အနှံ့အပြားမှာ သာသနာတော်ပျံ့ပွားအောင် ကြိုးပမ်းဆောင်ရွက်နေသော
တိုင်းသူပြည်သားများရဲ့ ဘဝလိုအပ်ချက်များကို တတ်နိုင်သမျှ ဆောင်ရွက်ပေးနေသော
အများအတွက် အနယ်နယ်အရပ်ရပ်သို့ အပင်ပန်းခံကာအလှူခံပေးနေသော
ကြည်ညိုလေးစားစရာကောင်းလှသော သံဃာတော်များ မြောက်များစွာရှိနေပါတယ်။
သင်္ကန်းအရေခြုံပြီး လိမ်ညာအလှူခံနေသော ရဟန်းတုများကို မြင်ရတဲ့အခါမှာ
စိတ်ထဲမှာဒေါသက်ထွက်မိသလို သံဃာတော်အစစ်များအတွက်လဲ ယူကြုံးမရဖြစ်မိပါတယ်။
အကြောင်းမသိသူများက ကောင်းသူနဲ့ဆိုးသူကို တစ်တန်တစ်စားထဲထားပြီး အမြင်မှားကြမှာ
အထင်အမြင်သေးသွားမှာ ကိုတွေးမိလိုက်လို့ပါဘဲ။
ဘောလုံးပွဲလောင်းသော၊ချဲဒိုင်လုပ်သော၊အရက်သောက်သောအစရှိတဲ့ သံဃာတော်နဲ့မသက်ဆိုင်တဲ့ မကောင်းမူ့တွေကို
ကျူးလွန်နေကြတဲ့ ရဟန်းအတုများကလဲ အများအပြား။
လက်ဖက်ရည်ဆိုင် စားသောက်ဆိုင်များမှာ မာတုဂါမ များနှင့်တစ်စားပွဲထဲထိုင်ကာ
စားသောက်နေတာတွေ မြင်ရပြန်တော့ ကြည့်ရတာ အမြင်မတော် စိတ်မချမ်းသာစရာ။
ကားဂိတ်တွေ စားသောက်ဆိုင်မှာ ကိုရင်တွေ မယ်သီလရင်တွေ ဝင်ပြီးအလှူခံခြင်းမှာလည်း
စိတ်ပျက်စဘွယ်။
အထူးသဖြင့် ဘာသာခြားများရဲ့ စားသောက်ဆိုင်များမှာ ဝင်ပြီးအလှူခံခြင်းက ပိုပြီးမဖြစ်သင့်
လို့လဲ ခံစားမိပါတယ်။
ရပ်ကွက်ထဲက အိမ်တွေမှာ စာရွက်စာတမ်းတွေနဲ့ဇွတ်ဝင်ပြီး အလှူခံတတ်သော
ရဟန်းအတုများကို ပြဿနာတက်မှာကြောက်လို့ အလှူငွေထည့်လိုက်ရတာမျိုးကလဲ
မကြာခဏ။
မဖွယ်မရာ အမှားတွေကျူးလွန်နေသူကသင်္ကန်းကို ခုတုံးလုပ်ထားတဲ့ ရဟန်ုးအတုမှန်းသိနေ ကိုယ့်မျက်စေ့ရှေ့မှာမြင်နေပေမယ့် ကျနော်တို့လိုသာမန်လူများအဖို့ စိတ်မချမ်းသာစွာနဲ့
ကြည့်နေရုံကလွဲပြီး ဘာမှမတတ်နိုင်ပါ။
သင်္ကန်းဝတ်ထားသူက အတုဖြစ်စေ အစစ်ဖြစ်စေ သူတို့နဲ့ ပြဿနာမတက်ချင်တာလဲ ပါ ပါတယ်။
လျော့ရဲအားနည်းနေတဲ့ ” ဗုဒ္ဓဘာသာ”ကို ပြန်လည်ခို်င်မာလာအောင်၊
ကျစ်ကျစ်လစ်လစ်နဲ့ အင်အားတိုးပွားလာအောင် အင်တိုက်အားတိုက်နဲ့ ကြိုးစားဆောင်ရွက်နေချိန်မှာ
ဒီလိုရဟန်းတု ရဟန်းယောင်တွေက သာသနာညိုးနွမ်းအောင်လုပ်နေတယ်လို့ယုံကြည်ပါတယ်။
” ဗုဒ္ဓသာသနာတော်” ရေရှည်တည်တန့်နိုင်ဘို့ အတွက် ” ဗုဒ္ဓဘာသာ”မဟုတ်သူများရဲ့အမြင်မှာ
ကိုယ့်ဘာသာကို အထင်မသေးစေဘို့အတွက် တော့ ဒီအတုအယောင်တွေကိုရှင်းလင်းဘို့လိုအပ်ပါတယ်။
အရင်ကလဲ နိုင်ငံတော်အစိုးရက နေ သာသာနာသန့်ရှင်းရေးတွေဆောင်ရွက်ခဲ့ဘူးပါတယ်။
အခုအချိန်မှာ ပိုလိုအပ်လို့လာပြီ။
ကြည်ညိုလေးစားရတဲ့ ဆရာတော်ကြီးများက ဦးစီးလို့ အတုအယောင်များကို ဖယ်ရှားတဲ့
အဖွဲ့အစည်းတစ်ခုပေါ်ပေါက်လာသင့်ပါပြီ။
ဆွမ်းခံချိန်မှာဖြစ်စေ အခြားအချိန်မှာဘဲဖြစ်စေ ကားဂိတ်တွေ စားသောက်ဆိုင်တွေမှာ
ဝင်ရောက်အလှူခံတာကိုတော့ တားမြစ်စေချင်ပါတယ်။
သံဃာတော်တို့ရဲ နေထိုင်မူ့နဲ့ ညီညွတ်စွာမနေသော သင်္ကန်းဝတ်များကိုလည်း စောင့်ကြည့်
ပြီး သံဃာဝိနည်းနဲ့အညီနေအောင် ပဲ့ပြင်ပေးမယ့် ဆရာတော်ဘုရားများ ရှိနေသင့်ပါပြီ။
ဒီလိုအတုအယောင်တွေ ကို တွေ့ရှိတဲ့အခါ နောင်မလုပ်ရဲအောင် နောင်ကျဉ်သွားအောင်
ကြီးလေးသောအပြစ်ဒဏ်ပေးသင့်တယ်လို့ လဲ အကြံပေးချင်ပါတယ်။
အတုအယောင်တွေသာ ကင်းစင်သွားခဲ့ရင် သူတို့အတွက်အလဟဿကုန်သွားတဲ့ငွေ
ကြေးတွေကို အခြားလိုအပ်တဲ့သာသနာရေးကိစ္စများအတွက် ထို်က်တန်စွာအသုံးချ
နိုင်မှာအမှန်ဘဲဖြစ်ပါတယ်။
ကျနော်တို့ယုံကြည်တဲ့ ” ဗုဒ္ဓဘာသာ” ရေရှည်တည်တန့်ဘို့ ဘာသာဝင်တွေတိုးပွားလာဘို့ဆိုတာကတော့
သာသနာကိုစောင့်ရှောက်ဘို့ တာဝန်ယူထားကြရသော သံဃာတော်များက ကြီးမားသော
အခန်းကဏ္ဍ အဓိကကျသောကဏ္ဍမှာရှိနေတယ်လို့ဆိုချင်ပါတယ်။
အဲတော့ သာသနာကို ဖျက်ဆီးနေသော အတုအယောင်များကို တားဆီးဘို့အတွက်ကတော့
“မည်သူစောင့်၏ မစောင့်၏ တား သူရှိ၏ မရှိ၏”
လို့ဘဲစိတ်ထဲမှာတွေးနေမိပါတယ်။
………………………………………………………………………………………။
ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး
27-4-2013
40 comments
ဦး ကျောက်ခဲ
April 28, 2013 at 10:37 pm
ရှယ်ပဲ ကိုပေါက်… ကျွန်တော်တော့ လက်မထောင်သွားတယ်။ ကျွန်တော် ရွာပြန်ရင် စိတ်ညစ်ရတာ အလဇ္ဇီသံဃာများပါ… နေရာတကာ သပိတ်ထိုးပြီးအလှုခံနေတာ ပြောပြန်ရင် ကျွန်တော့ရုပ်နဲ့ အရိုက်ခံရဦးမယ်။ ဒီကိစ္စကို သက်ဆိုင်ရာသံဃာ့အဖွဲ့အစည်းတွေက သံဃာဝင်လက်မှတ်ကိုစစ်ပြီး ကြပ်မတ်သင့်တယ်။ လုပ်စားမယ့်သံဃာများဖို့မလို၊ သံဃာစစ်ဖို့ပဲလိုတယ်လို့ ယူဆတယ်ဗျာ…
ကိုပေါက်(မန္တလေး)
April 28, 2013 at 10:55 pm
ဟုတ်ပါတယ် ဘိုကျောက်။
ကျနော်တို့တိုင်းပြည်ကို ဒုက္ခပေးနေတာက သံဃာအစစ်တွေမဟုတ်ပါဘူး။
အတုတွေကြောင့်ပါ။
ဒါပေမယ့် ဝါးလုံးရှည်နဲ့သိမ်းပြီးအရမ်းခံနေရတာများလာတော့ ခွဲခြားသိ အောင်ရေးလိုက်ရတာပါ။
သူများအတွက်တော့ မသိဘူး ကျနော်တို့ အတွက်ကတော့သာသာနာကိုတည့်တန့်အောင်
ဆောင်ရွက်ပေးနိုင်မယ့် သံဃာအစစ်တွေလိုအပ်ပါတယ်။
Fall Guy
April 28, 2013 at 11:29 pm
မှန်ပါ့ကိုပေါက်ရေ….
သံဃာအတုအယောင်တွေကို ဘယ်လိုမှခွင့်လွှတ်စရာမကောင်းဘူး…။ စိတ်ထဲရှိတဲ့အတိုင်းသူတို့ကို
ဆက်ဆံရင် ဘေးကအမြင်မှာရိုင်းတယ်ဖြစ်မှာ..။တချို့ ဘုန်းကြီးအတုတွေဆိုအလှူမထည့်ရင် ပြန်ရန်လုပ်
ချင်သေးတယ်…….။
Mr. MarGa
April 29, 2013 at 9:01 am
လောလောဆယ် အသေးစိတ် မမန့်သေးဘူး
နောက်မှ ပြန်လာမဗျို့
အခုတော့ ဖတ်ပြီး မန့်ဖို့ တေးထားတယ်
kyeemite
April 29, 2013 at 11:12 am
ကျနော်လည်းအဲဒီနေရာမရွေး ဝင်ပီးအလှူလိုက်ခံနေတာတွေ့ရတော့
တော်တော်စိတ်ပျက်မိတာအမှန်ပဲဗျာ…ပိုက်ဆံမလှူပေမဲ့ အားနာနာနဲ့
“ကန်တော့ပါသေးတယ်”ပြောနေရတာကိုက အလုပ်မဟုတ်တာ…
ရုတ်ဆွအဆုံး အရက်ရောင်းတဲ့ စားသောက်ဆိုင်တွေထဲတောင်ရောက်တယ်ဗျာ..
ပီးတော့..အဖိတ်၊ဥပုဒ်ရက်တွေမဟုတ်ပဲ ရက်မရွေး အလှူလိုက်ခံနေတဲ့
သီလရှင်တွေလည်းအားကြီးပဲ..ကိုပေါက်ပြောသလို..
“ကိုယ့်ဘာသာကို အထင်မသေးစေဘို့အတွက် တော့ ဒီအတုအယောင်တွေကိုရှင်းလင်းဘို့လိုအပ်နေပါပြီ”
ကိုပေါက်(မန္တလေး)
April 29, 2013 at 2:33 pm
အဖြစ်သင့်ဆုံးကတော့ အလှူခံရမယ့် နေရာ နေ့ရက် အချိန်တွေ တိတိကျကျသတ်မှတ်ပေးဘို့လိုအပ်ပါတ်ယ။
ရာမည
April 29, 2013 at 11:38 am
အတုတွေများလာတာဟုတ်ပါတယ်
အစစ်လည်းပဲရှိနေတတ်တပါတယ်
သင်္ကန်းသုံးထညးသပိတ်တစ်လုံးနဲ့ရပ်တည်လို ့မရနနုင်တဲ့အခြေအနေဖြစ်နေတာကြောင့် လိုအပ်ချက်တွေရှိနေတာပါ
ကိုရင်လေးတွေအတွက် စာအုပ် စာရေးကရိယာ ဆေးဝါး အဟာရ အထောက်အပံ့
တကယ်လိုအပ်ချက်ရှိနေပြန်ပါတယ်
ဘုရားလက်ထက်က စာမှမရေးရတာဘဲဗျာ ။နှုတ်တိုက်သင်တာဆိုတော့ စာအုပ်မလိုဘူးပေါ့။
ဒီခေတ်မှာ အရာရာငွေနဲ့ဖွဲ့စည်ကြတာဖြစ်လို ့
ရဟန်းသံဃာ ငွေမကိုင်ရ ဆိုပြီး ဝိနည်းတော်ရှိပေမယ့်
ဒကာအင်အား မရှိသူများမှာ အခက်အခဲဖြစ်ကြပါတယ် ။
နိုင်ငံတော်အဆင့်ပါဝင်ပြီး သံဃာကိုသံဃာချင်းထိန်းကျောင်းပြုပြင်သင့်ပါတယ်
ဒီလို စာမျိုးလည်းများရေးစေချင်ပါတယ်
ကိုပေါက်(မန္တလေး)
April 29, 2013 at 4:51 pm
မှန်ပါတယ် ပြောင်းလဲသင့်တဲ့ဝိနည်းတွေကို ပြောင်းလဲရမှာပါ။
အတုတွေအတွက်သာ အပိုမကုန်ဘူးဆိုရင် သံဃာအစစ်များအတွက်လှူဒါန်းငွေက
တိုးသည်ထက် တိုးလာမှာအမှန်ပါဘဲ။
KZ
April 29, 2013 at 11:57 am
လေးပေါက်။
လက်မလေးထောင်သွားပါတယ်။။
:hee:
ဒါနဲ့ မန်းလေးမှာ နောက်ထပ် တိုက်တစ်လုံး ဆောက်ချင်တာလားဟင်။
:kwi:
ကိုပေါက်(မန္တလေး)
April 29, 2013 at 2:37 pm
အတိအကျပါဘဲ တိုက်ဆောက်ဘို့ စိတ်ကူးလေး အကောင်အထည်ဖော်ကြည့်တာပါ။
ပန်းစံပါယ်
April 29, 2013 at 1:21 pm
အခုလို ရေးတင်ပေးတာကို အလွန်ဝမ်းသာကျေးဇူးတင်မိပါတယ်။ ဒီလိုပိုစ့်မျိုးကို မျှော်လင့်နေတာကြာပါပြီ။
ဦးပေါက်ရေးထားတာတွေက အားလုံးပြည့်စုံနေပါပြီ။ ပေးတဲ့သူဘက်ကတော့ တာဝန်ကျေပါပြီ ပေးနေတာကို အသိတရားရ သတိတရားဝင်ကာ ရအောင်ယူပြီး အကျိုးရှိအောင် လက်တွေ့လုပ်ဆောင်ဖို့ကတော့ မိမိတာဝန်ပေါ့။ ဒီပိုစ့်ကို ထောက်ခံတဲ့အနေနဲ့ ဆွေးနွေးပါတယ်။
ကျမတို့မူလတန်းတုန်းက အတန်းကျောင်းရော ဘုန်းကြီးကျောင်းရော နှစ်ကျောင်း တက်ရတယ်။ အတန်းကျောင်းမှာ အတန်းပညာသင်ယူရင်းနဲ့ ဘုန်းကြီးကျောင်းမှာလည်း အခြေခံဘာသာရေးစာတွေ နဲ့ သင်ပုန်းကြီးဖတ်စာ သင်ယူရတယ်။ အတန်းကျောင်းမတက်ခင် အချိန်နဲ့ အတန်းကျောင်းပြီးတဲ့အချိန်တွေမှာ ဘုန်းကြီးကျောင်းကို သွားရတယ်။ ကျူရှင်ဆိုတာတွေ အိမ်စာဆိုတာတွေမရှိတော့ အဲဒီအတွက် အချိန်ပေးစရာမလိုခဲ့ဘူးကိုး။ ဒါပေမယ့် ကျမတို့နောက်ပိုင်း ကလေးတွေမှာတော့ ဘုန်းကြီးကျောင်းသွားတဲ့သူ မရှိသလောက်ဖြစ်သွားတယ်။ မိဘတွေရော ဘုန်းကြီးတွေကရော အလိုလို ပေါ့လျော့သွားကြတဲ့သဘောပေါ့။ ကျမတို့တုန်းကတည်းက ကလေးရဲ့ခေါင်းထဲကိုထည့်ပေးတဲ့ သင်ကြားပုံနည်းစနစ်ပိုင်းမှာ လိုအပ်ချက်တွေရှိနေတာကို အခုစဉ်းစားမိတော့မှ သိလာတယ်။
နောက်တစ်ခုက အရင်က ကျမတို့နေတဲ့အိမ်ရဲ့ ယာဘက်အိမ်က မွစ္စလင်မ် မိသားစု။ ဝဲဘက်အိမ်က ဗုဒ္ဓဘာသာမိသားစု။ အဲဒီ နှစ်အိမ်မှာ ပထမတန်းတက်တဲ့ သမီး တစ်ဦးစီ ရှိကြတယ်။ ဦးပေါက်ပြောသလိုပဲ အဲဒီမှာ ကွာခြားချက်တွေ့ရတာက မွစ္စလင်မ်ကလေးက ညနေတိုင်း(မနက်ဘက်ဘာလုပ်လဲတော့ ကျမမသိလို့) ကလေးမိခင်က ကလေးလက်လေးဆွဲပြီး သူတို့စာသင်ကျောင်းကို လိုက်ပို့တာ။ ကျမအထင် ၆ နာရီကနေ ၈ နာရီအထိထင်တယ်။ အဲဒီအချိန်မှာ ကလေးက ဝတ်စုံပြည့်နဲ့။ ပြီးတဲ့အချိန် သူ့အစ်ကိုက စက်ဘီးနဲ့ သွားကြိုတယ်။
ဗုဒ္ဓဘာသာကလေးက အတန်းပိုင်ဆရာမသင်တဲ့ ကျူရှင်ကိုသွားရတယ် ဒါမှမဟုတ် အိမ်မှာ အိမ်စာလုပ် ဒါမှမဟုတ် ကစားနေတာပေါ့။ အဲဒီလို လုံးဝကွာခြားနေတာကိုတွေ့ရတာပါပဲ။ အဓိက က ကျမအပါအဝင် လူကြီးမိဘတွေမှာ တာဝန်အရှိဆုံးလို့ထင်ပါတယ်။ ငယ်ငယ်လေးကတည်းက သွင်းထားသင့်တဲ့ပုံစံကို သွင်းထားရမှာ မိဘတွေရဲ့တာဝန်ပါပဲ။ ဘာသာရေးနဲ့ပတ်သက်ပြီး အမျိုးသားရေးနဲ့ပတ်သက်ပြီး ဘာမှမသိခဲ့ စိတ်ထဲဘာမှမရှိခဲ့ကြဘူး။ အခုထိလည်း အဲဒီလိုတွေဖြစ်နေတုန်းပါပဲ။ နောက်ပြီး လောကီရေးနဲ့ လောကုတ္တရာရေးကို ခွဲခြားမသုံးသပ်တတ်ကြဘူး။ အဲဒီလိုဖြစ်နေတာဟာ ကျမအပါအဝင် လူကြီးမိဘအားလုံးရဲ့ ရှေ့ဆောင်မှု သွန်သင်လမ်းညွှန်မှု မရှိခဲ့ကြလို့ မှားခဲ့ကြလို့လို့ ဆိုရင် မှားမယ်မထင်ပါဘူး။ မြန်မာတွေ ပြောကြတဲ့စကားတစ်ခွန်းရှိသေးတယ်။ ကလေးပဲ ငယ်သေးတယ် မသိသေးပဲကိုး လွတ်လွတ်လပ်လပ်နေပါစေ။ အချိန်တန် သူ့ဟာသူ ဖြစ်သွားလိမ့်မယ်။ သိပ်မကန့်သတ်နဲ့ မချုပ်ချယ်နဲ့ဆိုတာတွေ။ အမှန်က ကန့်သတ်ချုပ်ချယ်တယ်လို့မမြင်ပဲ ပုံစံတစ်ကျဖြစ်အောင် ပုံသွင်းထုလုပ်တယ်လို့ ရှုမြင်သုံးသပ်သင့်တယ်။ ကန့်သတ်သင့်တဲ့နေရာ ကန့်သတ်သင့်တဲ့အရာကို ကန့်သတ်ရမှာဖြစ်သလို ချုပ်ချယ်သင့်တဲ့အရာကိုလည်း ချုပ်ချယ်ဖို့လိုမယ်ထင်ပါတယ်။ တရားဥပဒေလိုပေါ့။ မလုပ်သင့်တဲ့အရာကို မလုပ်ရဘူးလို့ကန့်သတ်ထားတယ်။ မလိုက်နာပဲ လုပ်ရင် ဒီလိုအပြစ်ဒဏ်ပေးရမယ် ပေးတယ်ဆိုပြီးချုပ်ချယ်သလိုမျိုးပေါ့။
နောက်တစ်ခုက ရဟန်းအတုအယောင်တွေကို စိစစ်ဖော်ထုတ်ပြီး ထိရောက်တဲ့ ဆောင်ရွက်ချက်ပြုသင့်နေပါပြီ။ ကျမအနေနဲ့တော့ အများစုကို သင်္ကန်းဝတ်အနေနဲ့ပဲရှုမြင်မိတယ် (သီလ သမာဓိ သိက္ခာနဲ့ပြည့်စုံတဲ့ ဝိနည်းနဲ့အညီကျင့်ကြံတဲ့ ရဟန်းတွေကို မဆိုလိုပါ)။ ဒါကြောင့် တော်ရုံရဟန်းကို လွယ်လွယ်နဲ့ယုံကြည်ပြီး ကြည်ညိုကိုးကွယ်မှု မပြုပါဘူး။ စိစစ်ဖော်ထုတ်မှု ထိရောက်တဲ့အရေးယူဆောင်ရွက်မှုမပြုပဲ ဒီအတိုင်းဆက်သွားရင် ကြာရင် သံဃာကို ယုံကြည်ကိုးကွယ်မှုအပိုင်းပါမက ဘာသာသာသနာတည်တန့်ရေးအတွက်ပါ အခုထက်ပိုဆိုးသွားနိုင်တယ်လို့ ယူဆမိပါတယ်။ ဒါကြောင့် ပထမအဆင့်အနေနဲ့ ရဟန်းအတုအယောင်တွေကို စိစစ်ဖော်ထုတ် အရေးယူပြီး သံဃာထုကို သန့်ရှင်းစင်ကြယ်အောင် လုပ်သင့်တယ်။ အဲဒါဆိုရင် စစ်မှန်တဲ့သံဃာတွေပဲကျန်မှာဖြစ်တဲ့အတွက် လူအများက သံဃာကို ယခုထက် ကြည်ညိုလာပြီး ကိုးကွယ်ဆည်းကပ်လာကြမယ်။ ဘုရားကျောင်းကန် သွားလာချင်ကြမယ်။ အဲဒီလိုကနေ အချင်းချင်း စုစည်းမိကြမယ်။ တဖြည်းဖြည်းနဲ့ ဓလေ့ထုံးစံလေးတစ်ခုအဖြစ် ပုံပေါ်လာမယ်လို့ထင်ပါတယ်။
လောလောဆယ်မှာ ကျမအနေနဲ့ သားသမီးဝတ်ငါးပါးထဲက တစ်ပါးဖြစ်တဲ့ စောင့်လေမျိုးနွယ် ဆိုတဲ့အချက်ကို ကျေပွန်ဖို့ ထမ်းနေပါတယ်။ တိုက်ရိုက်ပတ်သက်တာရော၊ သွယ်ဝိုက်ပြီးပတ်သက်တာရော ဘယ်အရာ ဘယ်နေရာမှာ ဘာပဲလုပ်လုပ် ဘာပဲစားစား ဘယ်ကိုပဲသွားသွား ဘာပဲဝယ်ဝယ် အဲဒီ သားသမီးဝတ် စောင့်လေမျိုးနွယ်ဆိုတဲ့ တာဝန်ပဲ ရင်ထဲမှာ ကိန်းအောင်နေပြီး အမြဲသတိကပ် နေပါတယ်။ မောင်ညီမတွေကိုလည်း အဲဒီတာဝန်အတွက် ပြောနေတုန်းပါပဲ။ သဘောပေါက်လက်ခံသူရှိသလို လက်မခံသူလည်းရှိသေးတော့ တာဝန်ကျေတဲ့အစ်မကြီးဖြစ်ဖို့အတွက် ဆက်ကြိုးစားရဦးမှာပေါ့။ ရေးတာများသွားလို့ နားလည်သည်းခံပေးပါလို့ မေတ္တာရပ်ခံရင်း….။
ကျေးဇူးအထူးတင်စွာဖြင့်..
ပန်းစံပါယ်
ကိုပေါက်(မန္တလေး)
April 29, 2013 at 5:00 pm
ပန်းစံပါယ် ရေ
အခုလို စိတ်ပါလက်ပါ အရှည်ကြိး မန်းပေးတဲ့အတွက် ကျေးဇူးအကြီးကြီးတင်ပါကြောင်း။
ကျနော်တို့လိုသာမန်လူအနေနဲ့ ပြောပြရုံဘဲတတ်နိုင်ပါကြောင်း။
မင်းမင်း
April 29, 2013 at 1:38 pm
GOOD.
ခင်ခ
April 29, 2013 at 2:57 pm
ကိုပေါက်ရေ
ဘုန်းကြီးကျောင်းတိုင်း ဘုန်းကြီးကျောင်းတွေက ကျောင်းထိုင်ဆရာတော်တို့ တိုက်အုပ်ဆရာတော်တို့က ဝိနည်းတွေကို ရဟန်းသံဃာ နဲ့ ကိုယ်ရင်တွေကို ဟောကြား သင်ပေးစေချင်တယ်။ ဘာသာ သာသနာ တည်တံ ခိုင်မြဲပြီး ပြန့်ပွားဖို့ ဆိုတဲ့နေရာမှာ ဝိနည်းနဲ့ အညီ နေခြင်းလည်း အဓိကပါတယ်ဗျ။ ဘာလို့လဲဆိုတော့ သကာ သကာမ တွေရဲ့ အတွင်းစိတ်သန္တန်မှာ သဒ္ဒါဖြစ်ကာ ကြည်ညိုဖို့ဆိုတာ ဝိနည်းတော်နဲ့ အညီနေထိုင်ကျင့်တဲ့အားပေါ်မှာလည်း မူတည်နေလို့ပါ။
ဥပမာ- ကိုပေါက်တို့ အထက်ဘက်က အမရပူရမှာရှိတဲ့ မဟာဂန္ဓာရုံကျောင်းမှာ လှုချင်တန်းချင်သူတွေ များနေကြတယ်၊ အဲဒါတွေက သူထက်ဌာ အပြိုင်လှုကြတာ မဟုတ်ဘူး ကျင့်ကြံနေထိုင်မှု့ စနစ်ကျမှု့ ဝိနည်းညီမှု့တွေက လှုစေချင်တဲ့ သဒ္ဒါစိတ်ဖြစ်မှု့ကြောင့်ပါဘဲ။
အဲလို မဟုတ်ဘဲ နေသာသလိုသာနေကြ ကျင့်ကြတာတွေ ရဟန်းသံဃာ ကိုယ်ရင်တွေမှာ တစတစ များလာရင်တော့ သာသနာကွယ်ခြင်းဆိုတဲ့ ဘုရားဟောခဲ့တဲ့ လမ်းကိုဖောက်မှန်းမသိ ဖောက်ပြီးသွားနေ ကြတာမျိုး ဖြစ်လေမလားလို့ တွေးမိတာလေးပါ။
ကိုပေါက်(မန္တလေး)
April 29, 2013 at 5:02 pm
ကိုခ ပြောတဲ့အတိုင်းပါဘဲ။
ဝိနည်းမသိတော့ ညီအောင်မနေနိုင်။
အဲလိုမနေသူများရင် သာသနာကွယ်သွားနိုင်ပါတယ်။
မောင် ပေ
April 29, 2013 at 8:44 pm
လေးပေါက်ရေ
ကျုပ် အလုပ်ကိစ္စနဲ ့ခရီးသွားရတဲ့ မြို ့လေး က ဘုန်းကြီးကျောင်းပေါ့ဗျာ
တစ်ရက်က အလုပ်ကိစ္စနဲ ့သွားရင်း ၊ ဘုန်းကြီးကျောင်းထဲကို ဝင်ဖူးဖြစ်တော့
ကျောင်းထိုင် ကိုယ်တော့်ကို ဖူးရတာ ကြည်ညို သဒ္ဒါစိတ်ပေါက်မိလို ့၊ ဝတ္ထုငွေ ကပ်လှူတော့ ၊ ကိုယ်တော် က ဝတ္ထုငွေ ကို လက်နဲ ့မခံဘူးဗျာ ။ ကပ္ပိယလေးကို ပဲ လှူလိုက်ရတယ် ။ ဒါနဲ ့ကျုပ်ကလဲ ဘာမှ သိပ်သိတာ မဟုတ်တော့ စိတ်မကောင်းဖြစ်တာပေါ့ ။ မန်းလေး ပြန်ရောက်လို ့၊ လူကြီးတွေ ကို ပြန်ပြောကြည့်တဲ့ အခါကြမှ ၊ ရဟန်း သံဃာ ဟာ ပိုက်ဆံ/ ကပ်လှူတဲ့ ဝတ္ထုငွေ ကို လက်နဲ ့ကိုင်လို ့မရဘူးတဲ့ဗျ ။
လေးပေါက် ပို ့စ်ထဲ က လို ကိုရင်ပေါက်စ တွေကတော့ ၊ ကြပ်ကြပ်မတ်မတ် စည်းကမ်းထိန်းမယ့် အဖွဲ ့အစည်းတွေ ပေါ်လာမှပဲ ၊ သန် ့ရှင်းလာမယ် ထင်ပါရဲ ့
ကိုပေါက်(မန္တလေး)
April 29, 2013 at 9:17 pm
ကိုပေရေ
ငါ့ဟာဆိုတဲ့အစွဲနဲ့တွယ်ညိမှာစိုးလို့ သံဃာတွေကို ဝတ္တုငွေ ကိုင်ခွင့် မပြုခဲ့ဘူးလို့အကြမ်းဖျဉ်းသိခဲ့ရပါတယ်။
အဲတော့ ငွေထိန်းသိမ်းဘို့အတွက် ကပ္ပိယ ကို လက်စွဲထားရတာပေါ့။
အခုခေတ်ကတော့ အဲလောက်ထိတော့ မထိရ မကိုင်ရလို့ တင်းကျပ်ဘို့တော့မလိုဘူးလို့ယူဆမိပါတယ်။
ဒါပေမယ် တွေ့ကရာနရာကို အလှူလိုက်ခံတာကိုတော့ ကျပ်မတ်သင့်တယ်လို့ ခံယူပါတယ်။
Mr. MarGa
April 29, 2013 at 9:22 pm
အဟမ်း…………..
ပထမအချက်
သံဃာတော်တွေဘက်က အပိုင်း
ဟိုယခင် ဘုရားလက်ထက်ကတည်းက အနေအစားချောင်တာကြေင့် သာသနာ့ဘောင်ကို ဝင်ရောက်လာသူတွေ ရှိခဲ့ပါတယ်။
သမိုင်းတစ်လျှောက် သာသနာ ကွယ်ခဲ့ရတဲ့ အခြေအနေတွေကို ကြည့်မယ်ဆိုရင်လဲ ဒီလို သံဃာတု၊ သံဃာယောင်တွေကြောင့်ဆိုတာ တွေ့နိုင်တယ်။
သံဃာတော်တွေဟာ သာသနာကို ကာကွယ်ဖို့အတွက် တာဝန်အရှိဆုံးလို့ ယူဆနိုင်တယ်
ကနေ့ခေတ်မှာ (ထေရဝါဒနဲ့ ပတ်သက်ရင်) အခိုင်မာဆုံးနဲ့ နောက်ဆုံး ကျန်နေတာက မြန်မာနိုင်ငံပါ။
ဒီလိုအချိန်မှာ သာသနာကို အဓွန့်ရှည်အောင် ထိန်းသိမ်းဖို့အတွက် ဆရာတော်၊ သံဃာတော်ကြီးတွေက ဦးဆောင်လို့ အဖွဲ့အစည်းအနေနဲ့ လုပ်သင့်ပြီ။
နောက် လေးပေါက် ပြောတဲ့ ရဟန်းပျို အဖွဲ့လို အဖွဲ့တွေနဲ့လဲ စိစစ်သင့်တယ်။
ဒါက သံဃာတော်တွေအပိုင်း
နောက် ဥပါသကာလို့ ပြောရမယ့် ဒါယကာဒါယကာမတွေ
ဘယ်လောက်ပဲ ဒီဘာသာကို သက်ဝင်ယုံကြည်တယ်ပြောပါစေ
တကယ် ဘာသာရဲ့ အဆုံးအမအတိုင်း မလိုက်နာရင်
နောက်ပြီး
ကိုယ့်ရဲ့ မျိုးဆက်တွေကို ဘာသာရေးအသိ ချန်မပေးခဲ့ရင်
နောက်ပြီး သံဃာတွေရဲ့ ဟာကွက် အားနည်းချက်တွေကို အသိမပေးနိုင်ရင်
ကိုယ့်ဘာသာအတွက် တာဝန်ကျေတယ်လို့မဆိုနိုင်
ဒီနေရာမှာတော့ တခြားဘာသာတွေရဲ့ ကောင်းကွက်တွေကို ယူသင့်ရင် ယူရမယ်နော့
အချုပ်အနေနဲ့ ပြောရရင်
နှစ်ဖက်စလုံးက အတိုင်အဖောက် ညီညီနဲ့ လက်တွဲနိုင်ပါမှ အောင်မြင်မှု ရမယ် ထင်ပါကြောင်းဗျာ။
တပည့် ဒါယကာတွေ ဘက်ကလဲ သံဃာတော်တွေကို လှူဒါန်းရာမှာ အကျိုးဖြစ်အောင် ပြုမူကြဖို့ လိုသလို
သံဃာတော်တွေ အနေနဲ့လဲ ဝိနည်းတော်နဲ့အညီ ကျင့်ကြံလို့ သဒ္ဒါတရား တိုးပွားအောင်၊ စွမ်းဆောင်ဖို့ လိုပါတယ်။
ကိုပေါက်(မန္တလေး)
April 29, 2013 at 10:15 pm
အဟမ်းလို့စလိုက်တော့ တရားဟောခံရပြီမှတ်နေတာ။
ဘုရားရှင်က ရှေးကတည်းက ကိုယ်ပိုင်လွတ်လပ်ခွင့်ပေးခဲ့တာပါ။
(သာသနာ့ဘောင်မှာ မပျော်ရင်လူထွက် ပျော်ရင်ဆက်နေ)။
ဒါပေမယ့်ရှေးကတည်းက ဒါကိုအ ခွင့်အရေးတစ်ခုလိုအသုံးချခဲ့ကြတာကတော့
လွန်တာပေါ့နော်
uncle gyi
April 29, 2013 at 10:52 pm
မန်းလေးစားသောက်ဆိုင်တွေမှာကိုရင်တွေဝင်ရောက်အလှူခံတာထုံးစံလိုဖြစ်နေတာ
အတုပဲဖြစ်ဖြစ်အစစ်ပဲဖြစ်ဖြစ်
မြင်မကောင်းတာကတော့အမှန်ပဲကိုပေါက်ရေ
ဘာသာကိုထိမ်းသိမ်းတာလည်းမြန်မာကအားနည်းတာလည်းအမှန်ပဲဗျ
ထိမ်းသိမ်းတဲ့နေရာလည်းဘုန်းဘုန်းတွေနဲ့ချည်းပဲဆိုထိမ်းရခက်မှာ
အစိုးရပိုင်းကလည်းပါမှထိရောက်မှာ
စာသင်ခန်းတွေမှာမသင်ပေးနိုင်တောင်နိုင်ငံ့ဝန်ထမ်းခန့်တဲ့နေရာတွေမှာ
သာသနာရေးကိုမေးခွန်းတခန်းအနေနဲ့ထည့်မေးတာမျိုးလုပ်ပေးမယ်ဆို
မလေ့လာလို့ကိုမရတော့ဖူးပေါ့
ဥပမာတခုအနေနဲ့ပြောတာနော်အခြားလုပ်စရာတွေအများကြီးရှိသေးတယ်
ကိုပေါက်(မန္တလေး)
April 30, 2013 at 8:51 am
အန်ကယ်ဂျီးရေ
ဝန်ထမ်းခန့်ထားတာကို ဘာသာရေးနဲ့ရောလို့တော့ မသင့်တော်ပေဘူး။
ကျနော်တို့က လွတ်လပ်စွာကိုးကွယ်ခွင့်ပြုထားသောတိုင်းပြည်ဖြစ်နေလို့ပါဘဲ။
kai
April 30, 2013 at 12:22 am
ဘယ်သူစောင့်စောင့်မစောင့်စောင့်.. မီဒီယာက စောင့်ပေးနိုင်ရင်တော်တော်ကောင်းနေပြီ..။
…. ဒီလို”ရဲရဲ”စောင့်ပေး.. ထောက်ပေးနိုင်သူတွေ..အများကြီးလိုပါတယ်.. လို့..။ :kwi:
ဝင့်ပြုံးမြင့်
April 30, 2013 at 1:58 am
အန်ကယ်ကြီးပြောတဲ့ — (စာသင်ခန်းတွေမှာမသင်ပေးနိုင်တောင်နိုင်ငံ့ဝန်ထမ်းခန့်တဲ့နေရာတွေမှာ
သာသနာရေးကိုမေးခွန်းတခန်းအနေနဲ့ထည့်မေးတာမျိုးလုပ်ပေးမယ်ဆို
မလေ့လာလို့ကိုမရတော့ဖူးပေါ့ )
မထောက်ခံပါ။ အဲဒါ တခြား ဘာသာဝင်တွေအပေါ် ဘယ်တရားမလဲ။ တကယ်လုပ်သင့်တယ်လို့ ပြုံးထင်တာက ကလေး ၅နှစ်လောက်ကစပြီး ဒီမိုကရေစီ ရဲ့ အနှစ်သာရကို စာသင်တဲ့အထဲ ထည့်ပေးလိုက်ရမှာ။ ဗုဒ်ဒဘာသာဖြစ်ဖို့ ဉာဏ်ရည်လည်းလိုပါတယ်။ ဉာဏ်ကောင်းတဲ့လူမှ ဗုဒ်ဓဘာသာ တကယ်ဖြစ်နိုင်တယ်။ မဟုတ်ရင် နတ်ပဲကိုးကွယ်နေမှာပေါ့။
ရွှေ ကြည်
April 30, 2013 at 6:44 pm
မှန်လိုက်တာ ဆရာမရယ် စိမ်းပေးရုံအားမရလို့
ကိုပေါက်(မန္တလေး)
April 30, 2013 at 8:54 am
ဝင့်ပြုံးမြင့် ရေ
သိပ်မှန်တဲ့အချက်ကိုထောက်ပြတာပါ။
ကလေးတွေကို ငယ်စဉ်ကတည်းက ကိုယ့်အမျိုးကိုယ်ချစ်တတ်အောင်သင်ပေးရင်
မတူညီသောသူများနဲ့လဲ လက်တွဲနေတတ်အောင် လေ့ကျင့်ပေးရမှာပါ။
Novy
April 30, 2013 at 11:28 am
လေးပေါက်ရေ..
မည်သူစောင့်မလဲ မည်သူတားမလဲလို့ ဝင်ရောက်ကြည့်လိုက်တော့
အများစုဟာ မိရိုးဖလာဗုဒ္ဓဘာသာတွေများပါတယ်
တကယ်ကိုသက်ဝင်ယုံကြည်နားလည်သူက ၅၀% မပြည်ဘူးလို့ထင်ပါတယ်
ဒီတော့ကား ဗုဒ္ဓဘာသာကိုးကွယ်တဲ့လူတိုင်း
စောင့်ကျ တားကျမှာသာလျှင်
သာဿနာအရောင်ထွန်းလင်းပြောင်ပြီ ဗုဒ္ဓဘာသာတရားကြီးအဓွန့်ရှည်တည်မြဲနေမယ်လို့
ပြောချင်ပါတယ်ရှင်
kai
April 30, 2013 at 2:08 pm
ကလေးတွေကို ဘာသာရေးမှိုင်းသွင်းတာမျိုးလုပ်တာကို.. ဘယ်ဘာသာသာသနာကလုပ်တာကိုမှ.. မထောက်ခံပါ..။ ကန့်ကွက်ပါတယ်..။
အစိုးရကဒါမျိုးလုပ်မယ်ဆို.. အပြင်အထန်ကို ကန့်ကွက်ပါတယ်..။
အခုတော့.. အခုလောက်ပဲ.. :harr:
ဆူး
April 30, 2013 at 2:30 pm
ကလေးတွေကို သိမ်မွေ့အောင် ဘာသာရေး အသိ သွင်းပေးရကောင်းမှန်း မသိတဲ့ မိဘက မွေးတဲ့ လူတွေ ကြီးလာရင်လည်း ဒီလိုပဲ ပြောကြလိမ့်မယ် ထင်တယ်.. အဲ့လိုလူတွေက မှတ်ပုံတင်ထဲသာ ကိုးကွယ်ရာ ဘာသာ ရှိပြီး သတ္တဝါဆိုတာ လူချွတ်မှ ကျွတ်တယ် ဆိုပြီး အရှင်လတ်လတ်တောင် သနားရကောင်းမှန်း မသိ စားချင် ကြတဲ့ လူမျိုးတွေ ဖြစ်တတ်တာပေါ့လေ။
ကိုပေါက်(မန္တလေး)
April 30, 2013 at 2:30 pm
ကိုခိုင်ရေ ဘာသာရေးမိူင်းသွင်းတာနဲ့ မိဘ ကိုးကွယ်နေတဲ့ ဘာသာကို သိအောင်သင်ကြားပေးတာ
တစ်ခြားစီပါ။
အဲလိုသင်မပေးဘဲ ကလေးတွေ နေချင်သလိုနေ ဘယ်ဘာသာမှ မသင်ပေးနဲ့။
စဉ်းစားတတ်တဲ့အရွယ်ရောက်မှ မင်းတို့ကြိုက်တာမင်းတို့ယူကြလို့ ပြောလို့တော့မဖြစ်နို်င်ပါဘူး။
ဒီဘာသာဝင်က မွေးတဲ့ ကလေးက မိဘ သင်ယူပေးတာခံရမှာပါဘဲ။
ဘာသာမဲ့က မွေးလာရင်တော့ ဘာမှသင်ယူစရာမလိုဘူးပေါ့။
ဘာသာရေးမိူင်းသွင်းတယ်ဆိုတဲ့စကားက ကျယ့်ပြန့်ပါတယ်။
လူတစ်ယောက်လိမ္မာယဉ်ကျေးဘို့အတွက် ကိုးကွယ်စရာ ဘာသာတစ်ခုကတော့ငယ်စဉ်ကတည်းကရှိဘို့လိုအပ်ပါတယ်။.
တကယ်တမ်းပြောကြရင် မွေးလာတဲ့ကလေးတစ်ယောက်မှာရွေးချယ်ပိုင်ခွင့်မရှိပါဘူး။
(ငါဘယ်မိဘ ဗိုုက်ထဲရောက်ချင်တယ်လို့ ရွေးချယ်ခွင့်မရှိတာကိုပြောတာပါ)
ရောက်သွားတဲ့ မိဘရဲ့ အသိုင်းအဝိုင်းရဲ့ နေထိုင်မူ့ ကိုးကွယ်မူ့အတိုင်းနေခဲ့ရမှာပါဘဲ။
ကိုယ့်ထမင်းကိုယ်ရှာမစားနိုင်သမျှ ကာလပါတ်လုံး မိဘရှာကျွေးတာကို စားနေရတော့
သူတို့ထားတဲ့အတိုင်းနေရမှာအမှန်ပါဘဲ။
ဒါကို ဇွတ်လွန်ဆန် လို့လဲမဖြစ်နိုင်ပါဘူး။
ဘယ်မျိုးချစ်မျက်ကန်း ဘာသာရေးမျက်ကန်း ဘယ်အစွန်းရောက်မှ မကောင်းပါဘူး။
ဘယ်လူမျိုုး ဖြစ်ဖြစ် ဘယ်ဘာသာဖြစ်ဖြစ် ကို်ယ်ယုံကြည်တာကတော့ အကောင်းဆုံးလို့ သတ်မှတ်ကြသူတွေချည်းပါဘဲ
သူများကို သွား မပုတ်ခတ် ဘို့ မစော်ကားဘို့ ကိုယ့်စည်းသူစည်းလေးစားဘို့က အဓိကပါ။
ကျနော်အမြင် ဘာမှ ယုံကြည်ကိုးကွယ်ခြင်းမရှိဘူးဆိုတာထက်စာရင်
တစ်ခုခုကို ယုံကြည်ကိုးကွယ်မူ့ ရှိနေတာက ပိုသင့်တော်တယ်လို့ထင်မိပါတယ်။
အကောင်းဆုံးကတော့ ကိုယ်ယုံကြည်တာကိုယ်လုပ် သူများယုံကြည်တာကိုလဲ ယုံကြည်ပါစေ။.
ယုံကြည်မူ့ ဆိုတာ ကိုယ်နေတဲ့ဘက် က မှန်တယ်ထင်တဲ့သူတွေချည်းပါဘဲ။
အဲတော့ …………………………….
kai
April 30, 2013 at 2:48 pm
ကိုကြီးပေါက်ရဲ့.. စာထဲတင်အဖြေကပါပြီးသားပဲ..
ကိုယ့်ကလေးဆိုတာ.. ကိုယ်မဟုတ်ပါ.. ကို်ယ်မပိုင်ပါ..။ ကိုယ်က..သခင်မဟုတ်ပါ..။ ကလေးက ကျွန်မဟုတ်ပါ.။
ကလေးဘဝမှာ.. ပုံစံသွင်းရအင်မတန်လွယ်ပါတယ်..
ဘာသာရေးနဲ့သွားမထိန်းချုပ်ပါနဲ့.. လွတ်လပ်ပါစေ…။ မိုးကောင်းကင်အမြင့်ကို ပျံနိုင်ပါစေ.။
လူ့လောကထဲ.. ရဲရဲဝင်.. ရင်ဆိုင်.. ကိုယ်တိုင်ရွေးချယ်တတ်အောင်သာ လမ်းပြပေးပါလေ..
မိဘတွေက.. ကလေးတွေဘဝကို.. ထိန်းကြောင်းတည့်မတ်ပေးရာမှာ..(တကယ်တော့) ပရိုမဟုတ်ပါ..။
စေတနာတာရှိတယ်.. လုပ်နည်းလုပ်ဟန်.. နားမလည်နိုင်ပါ..။
ဒါကြောင့်.. ပရိုဖြစ်တဲ့.. ကျောင်းဆရာ..ဆရာမတွေလက်အပ်ရပါတယ်..။
အဲ.. ကျောင်းဆရာ/ဆရာမတွေက.. ပရိုမဟုတ်ပြန်ရင်တော့.. ဒုက္ခတွေများပါပြီ..
အဲဒီအခါမျိုးမှာ.. မိဘတွေအလုပ်က.. ကျောင်းဆရာ/ဆရာမတွေ.. ပရိုဖြစ်လာအောင်.. အစိုးရကလေ့ကျင့်ပေးနိုင်ဖို့.. ပညာရေးပိုင်းဘက်ဂျက်ပိုချပေးဖို့.. အော်ယုံပဲတတ်နို်င်ပါတော့တယ်…
အစိုးရက ဘာသာရေးလက်အိပ်မဲကြီးစွပ်ပြီး.. ကလေးတွေဘဝထဲဝင်ရှုတ်တယ်ဆိုရင်တော့..
အဲဒီတိုင်းပြည်ကျိန်စာကျတာပါပဲ.. :buu:
ကိုပေါက်(မန္တလေး)
April 30, 2013 at 4:45 pm
(ကိုယ်ယုံကြည်တာကိုယ်လုပ် သူများယုံကြည်တာကိုလဲ ယုံကြည်ပါစေ။.)
မှန်ပါတယ် ကိုခိုင်ရေ
ကျနော်အဲလိုရည်ရွယ်သူတွေက မိမိကိုယ်ပိုင်ဉာဏ် နဲ့စဉ်းစားဆုံးဖြတ်တတ်တဲ့အရွယ်ရောက်နေသူများကိုရည်ညွန်းပါတယ်။
ကျနော်တို့မြန်မာပြည်က မိဘတွေက ကိုယ်မွေးထားတဲ့သားသမီးများကို
ကျွန်အဆင့် -နဲ့သတ်မှတ်ပြိး မဆက်ဆံကြပါဘူး။
အချို့သောမိဘများ ခြွင်းချက်အနေနဲ့ရှိကောင်းရှိနိုင်ပါတယ်။
အဲလိုဆက်ဆံတဲ့မိဘကလဲရှိရင်လဲ အနည်းငယ်သောအရေအတွက်သာရှိပါမယ်။
ကိုယ့်သားသမီးကိုကောင်းစေချင်တဲ့ စိတ်နဲ့လမ်းညွန်တာမျိုးတော့ရှိနိုင်ပါတယ်။
ကိုယ်ကိုးကွယ်တဲ့ ဘာသာကို ကို်ယ်မွေးထားတဲ့သားသမီး ကို လက်ဆင့်ကမ်းကြမှာကတော့
ဘယ်ဘာသာမဆို လုပ်နေကြတာပါဘဲ။
ဒါကို ဘာသာရေးမိူင်းသွင်းတယ်လို့တော့ပြောမရပါဘူး။
နောက်တစ်ချက် ကျနော့်အတွေ့အကြုံအရ ပြောရမယ်ဆိုရင်
(ကျနော်က မြန်မာပြည်ပြင်ပကို မရောက်ဘူးသူပါ)
ဆရာ ဆရာမဆိုတာ ပရိုဘဲဖြစ်ဖြစ် ဘာဖြစ်ဖြစ်
အတတ်ပညာကို ဘဲ သင်ကြားပေးနိုင်သူပါ။
အသိပညာကို သင်ကြားပေးနိုင်သူက အိမ်မှာအတူနေတဲ့ မိဘတွေလို့ ခံယူပါတယ်။
အစိုးရက လက်အိပ်မဲကြိးစွတ်ပြီး ဘာသာရေးမုူိင်းတိုက်တာက မြန်မာပြည်မဟုတ်တာ သေချာပါတယ်။
ရွှေ ကြည်
April 30, 2013 at 7:07 pm
ဗုဒ္ဓဘာသာအဆုံးအမတွေက ကလေးကိုငယ်ငယ်တကည်းကဆုံးမသွန်သင်ရာမှာသုံးလို့ရပါတယ်။
ပုံစံသွင်းတယ်မသွင်းဘူးဆိုတာထက် မကောင်းမြစ်တာ ကောင်းရာညွှန်လတ်ဆိုတာက မိဘဝတ္တရားမို့ မှန်ကန်တဲ့အတွေးအခေါ်မှန်ကန်တဲ့အပြောအဆိုအမူအရာတွေရှိဖို့ဆိုတာ မိဘကသာသင်ကြားပေးရမယ့်တာဝန်ပါ။ အမှားအမှန်ဆိုတာကို ကလေးက စဉ်းစားနိုင်စွမ်းရှိတဲ့အရွယ်ရောက်ရင် သူ့ဘာသာသာဝေဖန်သုံးသပ်သွားပါလိမ့်မယ်။ တခုပဲမိဘတွေကိုယ်တိုင်သင်ပေးနိုင်ဖို့ အဆင်မပြေရင် သင်ကြားပေးနိုင်တဲ့သူဆီပို့သင်ခိုင်းရမှာပါပဲ။
ဒါနဲ့ သူကြီးပြန်လာပြီ ပါတီထောင်ရွေးကောက်ပွဲဝင်ပါလား ဘွားဒေါ်ပြီးရင် သူကြီးကို မဲပေးမယ်လေ :harr:
MaMa
April 30, 2013 at 3:56 pm
အရင်တုန်းကတော့ သပိတ်တစ်လုံးနဲ့ သင်္ကန်းဝတ်ထားတာတွေ့ရင် အလွယ်တကူပဲ အနည်းနဲ့ အများဆိုသလို လှူလိုက်တာပါပဲ။
လှူတာက ကိုယ့်ကုသိုလ်၊ အလှူခံပုဂ္ဂိုလ်က မှန်မှန်ကန်ကန် ဖြစ်မဖြစ်က သူ့ကိစ္စဆိုပြီးတော့ပေ့ါ။
ဒါပေမယ့် ဆရာတော်တစ်ပါးက သူငယ်စဉ်တုန်းက သင်္ကန်းဝတ် အတုအယောင် ဘုန်းကြီးတွေကိုတွေ့တိုင်း စိတ်စနိုးစနောင့်ဖြစ်ပြီး ပြောတတ်တာကြောင့် အဲဒီအယောင်ဆောင် ဘုန်းကြီးတွေနဲ့ ရန်ဖြစ်ဖူးလို့ ရှက်စရာအဖြစ်ပဲဆိုပြီး နောင်တရခဲ့တယ်တဲ့။
နောက်ပိုင်းတော့ဒကာ/မ တွေ အစစ်အမှန်ကို ရွေးချယ်ကိုးကွယ်ကြပါလိမ့်မယ်လို့ပဲ သူ့ကိုယ်သူ စိတ်ဖြေလိုက်တယ် လို့ ပြောဖူးကတည်းက သင်္ကန်းဝတ်တွေ့တိုင်း အလွယ်တကူ မလှူတော့ဘူး။
ငါ့လက်ကလွတ် ပြီးရော၊ ဘာဖြစ်ဖြစ်လို့ သဘောမထားတော့ပဲ၊ အမှန်အကန်အကျိုးရှိမယ့် အစစ်အမှန်သံဃာကိုသာ ရွေးချယ်လှူဒါန်းတော့တယ်။
(ရွာထဲမှာ အနေကြာလို့ သဂျီးရဲ့ သင်ကြားပြသမှုတွေကြောင့်လို့ ဆိုရင်လည်း မမှားဘူးပေ့ါ။) :hee:
Wow
April 30, 2013 at 4:16 pm
ပျောကျိတာပါ..
သာသနာကွယ်မှာက ဘာသာခြားကြောင့်မဟုတ်ဘဲ ဘုရားသားတော် ရဟန်းတွေကြောင့်ပဲဖြစ်မှာဆိုတဲ့ ဘုရားစကားကြောင့်…
ငတ်၊ အလုပ်မရှိ၊ ရီးစားနဲ့ မယားနဲ့ကွဲတိုင်း ရဟန်းဝတ်တာမျိုးမဟုတ်ပဲ.. entrance သဘောလိုမျိုး ပရိယတ် ပရိပတ်ကို standard တစ်ခုအနေနဲ့ pass ဖြစ်မှ ဝင်ခွင့်ပြုရင်ကောင်းမလားလို့….
ကိုပေါက်(မန္တလေး)
May 2, 2013 at 2:16 pm
Wow ရေ
ဗုဒ္ဓဘာသာ စတင်ထွန်းကားတဲ့ အချိန်က အိန္ဒိယနိုင်ငံကဇာတ်မြင့်ဇာတ်နိမ့် ပြဿာနာအလွန်ကြီးမားတာပေါ့။
အဲ့တော့ လူအတန်းအစားမရွေး သာသနာ့ဘောင်ဝင်နိုင်အောင်ကန့်သတ်ချက်တွေနည်းအောင်
ထားခဲ့တယ်ထင်ပါတယ်။
နောက်တစ်ချက် သာသာနာ ဘောင်ဝင်တာက ကိုယ့်စိတ်ထဲ တကယ် လုပ်ချင်တယ်ဆိုမှ
ကောင်းတယ်လို့ ထင်မြင်တဲ့အတွက် လွတ်လပ်စွာ ဝင်ထွက်ခွင့်ပေးထားတာကို
လူတွေကတလွဲအသုံးချတယ်လို့ဘဲတွေးမိပါတယ်။
အဂျစ်
April 30, 2013 at 5:44 pm
https://www.facebook.com/photo.php?fbid=547929101926483&set=a.492950560757671.175905.246646252054771&type=1&theater FB မှာတွေ့လို့ …. သူများလိုဝင်မပြောတက်တော့ ဖတ်သွားကူးသွား fr တွေကိုလဲ လာဖတ်ဖို့ သံချောင်းခေါက်သွားပါ၏.. 🙂
နေဝန်းနီ
May 1, 2013 at 9:24 pm
အားလုံး ကျေးဇူးပြု၍ နားထောင်ပေးကြပါဦး …..။ ကျွန်တော်တို့က သံဃာ အစစ် အတု ပြောနေကြတယ် ….။ ကျွန်တော်တို့ အားလုံးကကော ဗုဒ္ဓဘာသာ အစစ်တွေ ဟုတ်ကြရဲ့လား ………..။ ကိုပေါက်ပြောသလို ဗုဒ္ဓဘာသာ အနွယ်ဝင်တွေ ပဲမဟုတ်ဘူးလား………။ အလှူခံမှာ ဒီလိုအော်ပြီးအလှူခံနေလို့ စဉ်းစားကြည့်တာပါ……..။ ဘယ်လိုအော်ပြီးအလှူခံနေသလဲဆိုတော့………………….။
“…………. ရပ်ကွက်ထဲမှာ နေထိုင်ကြတဲ့ ဗုဒ္ဓဘာသာ အနွယ်ဝင် သူတော်စင်အပေါင်းတို့ ခင်ဗျား …………………. ”
qိုပြီးအလှူလာခံနေတာ ကြားကြားနေရလို့ပါ……။ နေဝန်းနီ ကတော့ အဲဒိလို အလှူခံမျိုး တစ်သက်လုံးမထည့်ဘူး ….။ လှူလည်းလှူရသေး ဗုဒ္ဓဘာသာ အနွယ်ဝင်လို့လည်းအပြောခံရသေး ….. မတန်ဘူး တစ်ကယ်မတန်ဘူးနော်
uncle gyi
May 1, 2013 at 10:37 pm
သူကြီရေ
မြန်မာမှာဘယ်ဘုန်းကြီးကျောင်းမှဟဲ့ကလေးတွေခေါ်လာဘာသာရေးသင်ပေးရမယ်မရှိပါ
ဘယ်ဘာသာမှာရှိတယ်ဆိုတာတော့မပြောတော့ပါဖူး
ဘာသာရေးလက်အိပ်မဲကြီးစွပ်ပြီးကလေးတွေဘဝထဲဝင်စွက်တာဘယ်ဘာသာဆိုတာမြင်ယုံနဲ့သိသာပါတယ်
ဦးကြောင်ကြီး
May 2, 2013 at 10:12 am
စောင့်နွား
မောင့်ကျား
ထောင့်သွား
အောင့်ထား
ကြောင့်အား
ညောင့်စား
ခေါင့်ဖျား
နောင့်ပါး..
surmi
May 2, 2013 at 2:14 pm
တကယ်တော ့ ဝိနည်းဆိုတာ ရဟန်းသံဃာရဲ ့အသက်ပါပဲ ။
သာသနာတော်ကို ရဟန်းအဖြစ်စဝင်တာနဲ ့ပါတိမောက် ကိုသင်ရပါတယ် ။
ကိုရင်လေးများဆိုရင် ငယ်စဉ်ကတည်းက သင်ပြီးသားပါ ။
လိုက်နာကျင့်သုံးခြင်း ရှိသူ မရှိသူ သာလျှင်ကွာခြားပါလိမ် ့မယ် ။
လူတွေဘက်ကလည်း ရဟန်းဝိနည်းတချ်ု ့ကိုသိထားသင့်ပါတယ်။
အနည်းဆုံး ပါရာဇိက ၄ပါး နဲ ့ သံဃာဒိဿိတ် ၁၃ ပါးကိုပေါ ့
ပြီးတော ့ ရဟန်းများ လူနေရပ်ဝန်းနဲ့ထိတွေ့နေရလို ့
ရဟန်းများဝိနည်းဖေါက်ဖျက်ချင်စိတ်မရှိအောင်လည်းလူတွေမှာတာဝန်ရှိသေးတယ် ။
အဓိက ကတော ့ ကျနော ့အမြင်ပြောရရင်
ကိုယ် ့ဘာသာ ကိုယ်သန် ့ရှင်းစေချင်ရင် ကိုယ်အပါဝင် ကိုယ် ့မျို းဆက်ကိုလည်း
ဗုဒ္ဓဘာသာဝင်စစ်စစ်ဖြစ်စေဖို ့ ကြိုးပမ်း အားထုတ်သင် ့ပါကြောင်း …..