ထမင်းတစ်နပ်
နွေရာသီမွန်းတည့်နေက ကျဲကျဲတောက်ပူလောင်လွန်းလှပါလား။
ကတ္တရာကားလမ်းပေါ်မှာ တံလျှပ်တွေတောင်ထလို့။
ခေါင်းပေါ်က ခေါင်းခုနဲ့ ဆံပင်ကြားမှာ ချွေးတွေဆိုတာ ရေလောင်းထားသလို စိုစိစိဖြစ်နေတာကို ကိုယ့်ဘာသာခံစားမိနေတယ်။
ခေါင်းခုပေါ်မှာတော့ တံမြက်စည်းတွေကိုစုစည်းပြီးရွက်ထားရတယ်လေ။
သားကလည်းကျုပ်လက်တဖက်ကိုတွဲထားရင်း ဟိုငေး၊ ဒီငေးနဲ့ ဒရွတ်ဆွဲလိုက်ပါလာခဲ့ပါတယ်။
တော်ပါသေးရဲ့ အောင်လံမြို့ဘက်အထွက်တဲ့ပြည်မြို့အစွန်ဘက်လမ်းမှာ လမ်းဘေးဝဲရာ မယ်ဇလီပင်တွေနဲ့မို့အရိပ်နည်းနည်းတော့ရနေသေးလို့။
အရိပ်ကိုခိုလျှောက်ရင်း အောင်ချမ်းသာရပ်ကွက်လူနေအိမ်တွေနားရောက်အောင်ခပ်သွက်သွက်လျှောက်နေမိတယ်။
ပြည်နည်းပညာကောလိပ်လို့ ရေးထားတဲ့ကျောင်းကိုကျော်ပြီး သစ်တောဝန်းတွေကိုရောက်လာပြီမို့
ကျောင်းသူအဆောင်တွေ လူနေအိမ်တွေနဲ့နီးလာပါပြီ။ လှမ်းတောင် မြင်နေရပြီလေ။
ပူလောင်လွန်းတဲ့နေကြောင့်လမ်းပေါ်မှာလူသူရှင်းနေတာကိုသတိထားမိတယ်။
ကျုပ်တို့သားအမိကတော့နေပူကြောက်နေလို့မရပါဘူး စီးကျလာတဲ့ချွေးကို လက်ခုံနဲ့သုတ်ရင်း သားကိုငုံ့ကြည့်လိုက်မိတယ်။
သားကပြန်မော့ကြည့်ရင်း ဗိုက်ဆာတယ်မေမေလို့ပြောလာတယ်။
ဟုတ်ပ ဗိုက်ထဲက တကျုတ်ကျုတ်မြည်နေတာကြာပေါ့။
စားရမယ်သားရဲ့ ခနလေးစောင့်နော် လို့ပြောသာပြောလိုက်ရတာ ပိုက်ဆံကအကြွေလေး ၅ဝ တန်နှစ်ရွက်ပဲပါတယ်။
ခြေစောင့်လက်စောင့်လေးထားရတာ။
သက်ပြင်းမောကိုမသိမသာမှုတ်ထုတ်ရင်း တံမြက်စည်းတစ်ချောင်းလောက်တော့ရောင်းရပါစေလို့ စိတ်ထဲကနေဆုတောင်းနေမိတယ်။
သစ်တောဝန်းကျော်တော့ ကားလမ်းဘေးကနေ အောက်ဖက်လမ်းကလေးကိုဆင်းလျှောက်လာခဲ့တယ်။
ဟော အိမ်တွေ ဆိုင်တွေတွေ့ပြီ “တံမြက်စည်း” လို့ အော်ရင်း ခေါ်သံကိုနားစွင့်ထားမိတယ်။
ခေါ်သံမကြားရပါလား တအိမ်လောက်ခေါ်ပါစေ။ ခေါ်သံကိုသာမျှော်လင့်နေရတာခေါ်တိုင်းလည်းဝယ်တာမဟုတ်။
အဆောင်ကြီးကြီးတခုရှေ့ရောက်တော့ခပ်ကြာကြာလေးရပ်ပြီး အခါခါအော်နေမိတယ်။ ဗိုက်ဆာလှပြီ။
ခေါ်သံမကြားတော့ဆက်လျှောက်လာရင်း ထမင်းဆိုင်သပ်သပ်ရပ်ရပ်လေးတခုရှေ့က မယ်ဇလီပင်အောက်မှာ
သစ်သားတန်းထိုင်ခုံလေးတွေ့တော့ နားဖို့သတိရသွားတယ်။
တံမြက်စည်း အစည်းကိုချ သားကို ထိုင်ခုံပေါ်တင်ပေးရင်း ခေါင်းခုကိုဖြည်ပြီး ချွေးသုတ်နေမိတယ်။
ချွေးထွက်များလို့ထင့် ရေငတ်လာသလိုပဲ။ အနီးအနားမျက်လုံးဝေ့ရှာကြည့်မိတယ်။
ကံကောင်းချင်တော့ ရေအိုးစင်လေးတွေ့တယ် ကျန်းမာချမ်းသာကြပါစေတော် ကိုယ်တိုင်လည်းခပ်သောက်
သားကိုလည်းတိုက်မယ်ဆိုပြီးလှည့်ကြည့်လိုက်တော့ ကျုပ်ခေါ်ဖို့စွံ့သွားတယ်။
သားကလေ ထမင်းဆိုင်ထဲက ကျောင်းသူအရွယ်ကောင်မလေးတွေထမင်းစားနေတာကိုငေးကြည့်နေတယ်လေ။
ဝေ့ဝဲလာတဲ့မျက်ရည်ကို မျက်တောင်ခတ်လိုက်ရင်း သားကိုရေသောက်ဖို့လှမ်းခေါ်လိုက်တယ်။
သားကထပ်ပြောတယ် “ဗိုက်ဆာတယ် မေမေ” တဲ့။ သိပါတယ်သားရယ် အမေလည်းဆာနေတာပေါ့။
“စားရမှာပေါ့သားရဲ့မုန့်ဟင်းခါးဝယ်ကျွေးမယ်နော်”
အခုအချိန်များ တံမြက်စည်းတစ်ချောင်းလောက်ရောင်းရရင် သားကို မုန့်ဟင်းခါးလေးဝယ်ကျွေးလိုက်မယ်လို့တွေးရင်း ငေးနေမိတယ်။
အဲဒိအချိန်ကောင်မလေးနှစ်ယောက် ဆိုင်ထဲကထွက်လာတယ် ပြီးတော့ ကျုပ်တို့ဆီကိုလျှောက်လာနေတယ်။
ကျုပ် ဖျတ်ကနဲဝမ်းသာသွားပြီး တံမြက်စည်းလာဝယ်တာများလား လို့ မရဲတရဲ တွေးမိတယ်။
ကျုပ်တွေးတာမှန်တယ်တော့ သူတို့တံမြက်စည်းလာဝယ်တာ ညနေ ဘုရားမှာ တံမြက်စည်းလှည်းမလို့ဆိုပဲ။
တံမြက်စည်း သုံးချောင်းဝယ်မယ်တဲ့။ အောင်မလေး ကျုပ်ဝမ်းသာလိုက်တာကွယ်။ ကျုပ်လည်း ကောင်းတာလေးတွေရွေးပေးလိုက်တယ်။
မယ်မင်းကြီးမလေးတွေ ကျန်းမာပါစေတော်။ ဈေးတောင်မဆစ်ဘူးတော့ သုံးချောင်းဝယ်သွားတယ်။
ကျုပ်သားလက်ကိုဆွဲလိုက်တယ် တံမြက်စည်း စည်းကို လက်ကပိုက်ပြီး
“လာ သား ထမင်းသွားစားကြမယ်” ရဲရဲကြီးပြောလိုက်ပြီး ဟိုး ရှေ့ကမြင်နေရတဲ့ လိုင်းကားဂိတ်လေးနားက ထမင်းဆိုင်သေးသေးလေးဆီကို
ကျုပ်ခြေလှမ်းတွေဦးတည်လိုက်ရင်း…………။
ကျေးဇူးအထူးတင်ပါတယ်ရှင့်။ ( ဓါတ်ပုံရှာပေးသော မောင်ငယ်လေး အံစာတုန်းကိုကျေးဇူးတင်ပါတယ်ရှင့် )
60 comments
ဦး ကျောက်ခဲ
May 4, 2013 at 2:46 pm
တော်ပါသေးရဲ့ ရွှေကြည်ရယ်…
ဦးကျောက် ဘဝဆိုတာကို နားလည်ပေမည့် ဇာတ်အရမ်းနာတဲ့…
ဆင်းရဲတာတို့ အဆင်မပြေတာတို့ဆိုရင် ဖတ်ပြီးစိတ်ရှုပ်လို့ သိပ်မဖတ်ဘူး…
ဟီး… ဈေးမဆစ်ပဲဝယ်သွားတဲ့ သူငယ်မသုံးယောက် လင်ကောင်းသားကောင်းရပါစေဗျာ…
(ဟီ ဟိ အဲ့အထဲ ရွှေကြည်ပါ ပါသလားမသိ)
:harr:
ရွှေ ကြည်
May 4, 2013 at 4:29 pm
အူးကျောက်ရေ အတူတူပဲ ဇာတ်လမ်းကြည့်ရင်တောင်အရမ်းဇာတ်နာရင် မကြည့်ဘူး။
ရွှေကြည်ပါသလားဆိုတာတော့…………. 😆
Foreign Resident
May 5, 2013 at 8:05 pm
ဟဲ ဟဲ ။
အဘ လည်း ဦးကျောက်လိုပဲ ၊ ဆင်းရဲ ဇတ်နာတာတွေ သိပ် မကြည့် / မဖတ်ဘူး ။
ကြည့်မိ ဖတ်မိ ရင် ၊
၁ ။ ကိုယ်ပါလိုက် စိတ်ဆင်းရဲ လို့ ။
အဘိဓမ္မာ က ပြောတာကတော့
၂ ။ အဲဒီ ဆင်းရဲ ဇတ်နာတာတွေ မြင်ရတာ ၊
အရင် ဘဝ က အကုသိုလ်ကြောင့် ဖြစ်တယ်တဲ့ ။
၃ ။ အဲဒီ ဆင်းရဲ ဇတ်နာတာတွေ မြင်ရရင် ဒီ ဘဝ မှာလည်း ၊
အကုသိုလ် ထပ်ပွားတယ်တဲ့ ။
ဒါကြောင့် ဆင်းရဲ ဇတ်နာတာတွေကို တတ်နိုင်သလောက် ရှောင်တယ် ။
( အင်း ၊ အရမ်း ဆင်းရဲ လွန်းလို့ အဝတ်ပါ မကပ်တော့တဲ့ ၊
သာမီးလေးတွေကတော့ ချွင်းချက် ပေါ့လေ ၊ ဟီ ဟိ ၊ ငယ်တုန်းက ပြောပါတယ် ။
အခုတော့ ၊ တရားသဘောနှင့်ပဲ ကြည့်ပါတော့တယ် ၊ အနိတ်စ ၊ အနိတ်စ )
ရွှေ ကြည်
May 10, 2013 at 7:09 pm
အဘရေ တရားသဘော တရားသဘော :harr:
မဟာရာဇာ အံစာတုံး
May 4, 2013 at 2:46 pm
အော် … ထမင်းတတစ်နပ် … ထမင်းတစ်နပ် …
မလွယ်ပါလား …
အခု ဒီထဲက ဈေးသည် သားအမိရဲ့ ဘဝဟာ
တကယ်ကို သနားစရာပါပဲ ….
နောက်ဆုံးမှ ဝမ်းသာသွားမိတယ် …
ဟို တံမျက်စည်း ဝယ်ပေးသွားတဲ့ တောင်မလေးတွကိုလည်း ကျေးဇူးတင်ဒယ် …
ကျေးဇူးတင်ဒဲ့ အနေနဲ့ …
ဟောဒီ ကိုကိုအံ က အနစ်နာခံပြီး ဂျစ်ပေးလိုက်မယ် …
ဘာမွှလည်း ဆိုင်ဝူး …
ရွှေ ကြည်
May 4, 2013 at 4:31 pm
ဟုတ်ပ ငါ့မောင် ထမင်းတနပ်တန်ဖိုးဟာ နွမ်းပါးသူတွေအတွက် သိပ်ကိုခက်ခဲပါတယ်။
ကိုကိုအံက တော့ ရက်ရောချက် ဂျစ်မယ်ဆိုတာကြီးပဲ ယောင်းမတော့ရတော့မယ်ထင်တယ်
ခင်ခ
May 4, 2013 at 2:51 pm
နေပူတာလည်း ဒို့မမှု့နိုင်၊ မိုးရွာတာလည်း ဒို့မမှု့နိုင်
တစ်ဝမ်းတစ်ခါး အတွက် ရှာရဖွေရ လုပ်ကိုင်ရလို့
ဘဝမှာနေရတာတောင် ပျော်စရာမကောင်းပါဘူးကွယ်လို့
ငြီးတွားနေတဲ့သူတွေရဲ့ ရုန်းကန်နေကြတဲ့ မြင်ကွင်းတွေကလည်း ရှု့မျှော်လို့မဆုံးသလို။
အစီအရီ ပြေးလွှားကာ ဒီဇိုင်းမျိုးစုံ မြို့ပြတွေရဲ့ ကားမျိုးစုံစီတန်းသွားလာမြင်ကွင်းကလည်း ရှုမျှော်လို့ မဆုံးပါ။
အဲဒီမြင်ကွင်းတွေ တစ်လှည့်စီတွေ့နေရတဲ့ ကျွန်တော်လည်း ဝမ်းနည်းဝမ်းသာ ဖြစ်စမြဲပါလို့………။
ရွှေ ကြည်
May 4, 2013 at 4:33 pm
လေးခင်ခရေ မှန်ပါ့ မှန်ပါ့ ပြည်မှာတုန်းကထက် ရန်ကုန်ရောက်တော့ ဘဝပိုစုံတဲ့ရှုခင်းတွေတွေ့ရတာ ရသစုံပါပဲရှင်။
မောင်တင့် တယ်
May 4, 2013 at 2:59 pm
ဟော အိမ်တွေ ဆိုင်တွေတွေ့ပြီ “တံမြက်စည်း” လို့ အော်ရင်း ခေါ်သံကိုနားစွင့်ထားမိတယ်။
ခေါ်သံမကြားရပါလား တအိမ်လောက်ခေါ်ပါစေ။
ရွှေ ကြည်
May 4, 2013 at 4:33 pm
ခေါ်တိုင်းလည်း မဝယ်ကြပါဘူးလေ 😆
MaMa
May 4, 2013 at 6:17 pm
တစ်ပုဒ်ဆို တစ်ပုဒ် ဆိုသလောက် ရသမြောက်အောင် ရေးနိုင်ပါပေတယ်။
ဇာတ်ကောင်နဲ့အတူ ရင်မောစွာ စီးမျောလိုက်ပါရင်း…..
နောင် ဈေးအတင်းဆစ်တတ်တဲ့ ဗီဇကို ပြင်ရမယ်။ :harr:
ရွှေ ကြည်
May 4, 2013 at 8:12 pm
ချစ်မမရေ ရွှေကြည့်ရဲ့ လက်ရာကိုအားပေးလို့ ကျေးဇူးပါ မမရယ်
အခြေအနေနဲ့ အချိန်အခါအရ ဆစ်သင့်ရင်လည်းဆစ်ရပေမပေါ့ ချစ်မမရေ 😆
ကိုရင်စည်သူ
May 4, 2013 at 6:28 pm
ရွှေကျီလေး.. ကျလိ.. ကျလိ.. အများအားဖြင့်တော့ လမ်းလှည့်ရောင်းတဲ့ ဈေးသည်တွေကို
မဝယ်ပေးတတ်ပါဘူး.. ကိုယ့်စိတ်က သနားတတ်တော့…
ခေါ်ဝယ်ရင် မတန်တဆဈေးမှန်းသိလဲ အားနာတာကော
သနားတာကော ပေါင်းပြီး ဝယ်ဖြစ်သွားကော…။
သနားဂရုဏာစိတ်ကို အသုံးချတတ်တဲ့ လူဒွေကခပ်များများဆိုတော့..
ထမင်းတစ်နပ် တန်းဖိုးတော့..
ထမင်းခဏခဏငတ်ဖူးတဲ့ ကိုရင် အသိဆုံးဖြစ်ပါကြောင်း…။
အရေးအသားဒရမ်မာကို အားပေးသွားပါတယ်..
ရွှေ ကြည်
May 4, 2013 at 8:20 pm
ကိုရင်စည်ပြောတာလည်းမှန်တယ်ရှင့် ဒါပေမယ့် ရွှေကြည်ကလူကိုကြည့်သေးတယ်
တချို့ကရိုးသားမှန်းသိသာတယ် သူတောင်းစား(သန်သန်မာမာနဲ့တောင်းတတ်သူ) ကိုပေးမယ့်အစား
အဲလိုမျိုးကိုပေးချင်တာ အဲဒါကြောင့်ဈေးမဆစ်တော့တာ။
သူတောင်းစားတောင် သီချင်းလေးများဆိုပြပြီးေတောင်းနေရင် ပေးပြီးသားပဲ တီးလုံးလေးတွေများတီးတတ်ချက်တော် နားထောင်ကောင်းတယ်
အရေးအသားအားပေးတယ်ဆိုလို့ ဝမ်းသာပါ၏ ကိုရင်ရေ လိုနေတာလေးတွေလည်းဝေဖန်ပါဗျ။
Mr. MarGa
May 4, 2013 at 6:38 pm
ထမင်းတစ်နပ် စားရဖို့
တစ်ဝမ်းတစ်ခါးကို ဖြည့်ဆည်းနိုင်ဖို့
ခက်ခဲတဲ့ ဘဝတွေ
အရင်ကလဲ ရှိ အခုလဲ ရှိ နောင်လဲ ရှိဦးမှာပေါ့
ဒါတွေကို ဘယ်လိုဖြေရှင်းမလဲ
အတွေးတွေနဲ့ ဆက်ငေးဆဲပါ…………………….
:kwi:
ရွှေ ကြည်
May 4, 2013 at 8:22 pm
ဖြေရှင်းဖို့ကတော့ အလုပ်လုပ်ရင် လုပ်သလောကို တန်ရာတန်ကြေးရနိုင်အောင် အင်းးးးးးး ဘယ်လိုလုပ်ရပါ့။
KZ
May 4, 2013 at 6:47 pm
အဲလို သူများတွေ ထမင်းတစ်နပ် ရှာစားရတာ ခက်ခဲတာ တွေ့လေ……
ထမင်း ငတ်မှာ ကြောက်လေ……………………………………………….
ထမင်း ပိုစားဖြစ်လေ……………………………………………………………………..
ရွှေ ကြည်
May 4, 2013 at 8:24 pm
အစ်မဇာရေ ထမင်းတော့ပုံမှန်ပဲစားပါအစ်မရယ် ရွှေကြည်တောင်ဝိတ်လျှော့နေလို့ လျှော့စားနေတယ် :harr:
မောင် ပေ
May 4, 2013 at 7:09 pm
ကြည်လေးရေ သာဓု သာဓု သာဓု ပါကွယ်
နတ်သမီးလေးတွေလို ချောပါစေကွယ်
ရွှေ ကြည်
May 4, 2013 at 8:25 pm
အူးပေ ကြည်လေးလို့ ဘာလို့တပ်အပ်ပြောရတာတုန်း
နတ်သမီးလိုမချောချင်ပါဘူး သိကြားမင်းကြောက်လိုပ :harr:
Mr. MarGa
May 9, 2013 at 6:55 pm
သိကြားက ကိုက်မစားပါဘူးကွယ်
ကြောက်ပါနဲ့ :528:
နေဝန်းနီ
May 4, 2013 at 9:51 pm
ထမင်းတစ်နပ်
ငတ်ဖူးမှသိမယ်….။
ရေတစ်ခွက်တန်ဘိ်ုး
ရေအိုးစင်မရှိတဲ့နေရာရောက်မှ သိလိမ့်မယ်….။
နွေခါ သောက်ခဲ့ဖူးတဲ့ရေအိုးစင်လေးတွေကို
အို…….. ငါလေ သိပ်လွမ်းတာပဲကွယ်….။
(ရေအိုးစင် ယဉ်ကျေးမှု ဗမာပြည်မှာ ကွယ်ပျောက်စပြုနေပါပြီ ရေသန့်ဘူး ကောင်းမှုနဲ့)
ရွှေ ကြည်
May 4, 2013 at 10:50 pm
လွန်ခဲ့တဲ့ ရ နှစ်လောက်ကတော့ရေသန်ဗူး ပေါ်နေပြီဆိုပေမယ့် ရေအိုးစင်လေးတွေရှိနေသေးတယ်ဗျ
ကိုနေ ရေ ကျေးဇူးအကြီးကြီးပါနော့ 😆
အလင်းဆက်
May 5, 2013 at 7:38 am
မမ ရွှေ
တော်ချက်
တိုတိုလေးနဲ ့ ထိထိမိမိ ရေးသွားလိုက်တာ
ရသလည်း မြောက်တယ်
ခင် ခင် ထူးရဲ ့ဝတ္တု တိုတွေ ကို တောင်
သတိရ သွားတယ်
ရွှေ ကြည်
May 5, 2013 at 1:41 pm
အလက်ဆင်းရေ တကယ်ကြီးလားဟ နည်းနည်းလောက်ဝေဖန်ပါဟ ကိုယ့်အစ်မကို ပစ်မထားပါနဲ့ မြှောက်ပေးတာတကယ်ထင်ပြီး ဘဝင်မမြင့်ပါရစေနဲ့ 😆
ခင်ခင်ထူး ဝတ္တုတိုတွေကြိုက်တယ်
ဦးကြောင်ကြီး
May 5, 2013 at 10:09 am
ထမင်းတနပ်
ဒညင်းဝက်
အပျင်းမဖက်
နားရင်းနှက်
တလင်းဇရပ်
ပုလင်းသွက်
လာဘ်တွင်းပါးစပ်
မငြင်းရက်…
ရွှေ ကြည်
May 5, 2013 at 2:13 pm
မငြင်းရက်
မင်းခက်
လင်းဝက်
kai
May 5, 2013 at 2:31 pm
ရွှေ ကြည်
May 5, 2013 at 2:37 pm
ဟာ သူကြီးပါလား
သူကြီးရေ သူကြီးလာကိုဆိုလိုလည်းဆိုတာထက် ရွှေကြည့်ရဲ့ အဲဒိအချိန်က ခံစားချက်ကတော့
ဝယ်လိုက်ရင် သူတို့ပိုက်ဆံရမယ် သူတို့အတွက် အဆင်ပြေမယ် ကိုယ်ကလည်း ဒီလောက်မလိုအပ်တော့
အနားကစေတီမှာ တံမြက်စည်းလည်းလှူမယ် သန့်ရှင်းရေးလည်းလုပ် လိုက်မယ်ဆိုတဲ့ အတွေးပဲရှိတာမို့… 😆
kai
May 5, 2013 at 2:51 pm
ဘုရားမှာမလှည်းပဲ.. မူလတန်းကလေးကျောင်းမှာသွားလှည်းရင်.. လက်တွေ့သိသာတဲ့ကုသိုလ်ရမယ်လို့… ပြော..ပြော… ချင်တာပါ…။
အဲလောက်အချိန်မရှိရင်လည်း.. ကိုယ့်အိမ်ရှေ့ကိုသာ.. လှည်း..
ဒီလောက်ညစ်ပါတ်နေကြတာလေ..။ စည်ပင်ချည်းလွှဲချနေလို့… မဖြစ်တော့တာပဲ..။
အတွေးအခေါ်တွေထဲမှာကို… ယာစကာမျိုးဖြစ်ပြီး.. တညိုးညိုးနဲ့.. လိုတာထက်ပိုကုန်ပြီ…
အင်း.. နှစ်၁၀၀ဝ ကျိန်စာ.. လို့… ပြော.. ပြော.. ပြောချင်တာ…။
ရွှေ ကြည်
May 5, 2013 at 2:57 pm
အာ သူကြီး က လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ
မူလတန်းကျောင်းမှာက တံမြက်စည်းရှိတယ် ကျောင်းအတွက်သန့်ရှင်းရေးပါရှိပါတယ် မြို့ကြီးကိုဗျ ပေါလို့
နယ်ကကျောင်းတွေမှာဆိုရင်တော့ လိုအပ်ရင်လည်းလုပ်ပေးတာပဲ ရွှေကြည့်အစ်မဆို တောကျောင်းက
မူလတန်းပြဆရာမ လိုအပ်တယ်ဆိုရင် လုပ်ပေးတာပဲ စာအုပ်က အစ သူတို့ရွာကလူတွေကနွမ်းပါးလို့လေ။
အိမ်ရှေ့ကလည်းလှည်းစရာမလိုအောင် စည်ပင်ကလှည်းတယ်ဗျ။ လိုလာရင်လည်း အတူတူ အဆောင်သူတွေလှည်းကြတာပဲ အိမ်ရှေ့လှည်းတဲ့တံမြက်စည်းက အုန်းတံမြက်စည်းဗျ။ မြေကြီးချလှည်းတာ တခါ တခါ သူကြီးဆိုလိုရင်းကိုလိုက်မမှီဘူးဗျာ
မိရွှေကြည်ညံ့ပါ၏ 😆
အရီးခင်လတ်
May 11, 2013 at 2:53 pm
ဒီမိုကရေစီဖတ်စာ မှာ လူတစ်ဦးသည် အခြားသူများကို မထိခိုက်သ၍ သူ့ကြိုက်ရာလုပ်ခွင့်ရှိသည်။
ဘုရားမှာ သန့်ရှင်းရေးလုပ်တာ ဘယ်သူ့ကို ထိခိုက်လို့လဲ။
သူကြီး စာပြန်ဖတ်ပါဦး။ 😆
မောင်ဘလိူင်
May 6, 2013 at 11:28 am
မရွှေကြည်က ပြည် နည်းပညာကောလိပ်မှာ တက်ခဲ့ဘူးသလားခင်ဗျ..
ဘယ်နှစ်ခုနှစ် ..ဘယ်မေဂျာကလည်း မသိဘူး… ကျွန်တော်တို့ ကျောင်းတက်
တုန်းကတော့ ပိုက်ဆံ ၁၀ဝ ဆိုရင် ထမင်းစားလို့တယ်..။
ရွှေ ကြည်
May 9, 2013 at 5:42 pm
ကိုမောင်ဘလှိုင်ရေ ရွှေကြည်က ပြည်နည်းပညာမှာ ၂၀၀၁ ကနေ ၂၀၀၅ အထိတက်ခဲ့ပါတယ်။
ရွှေကြည်တို့ခေတ်တုန်းကတော့ ထမင်းကိုဟင်းနဲ့စားမယ်ဆိုရင်အနည်းဆုံး ၃၀ဝ တော့ကျမယ်ထင်တယ်။
ရေးနေရင်းစဉ်းစားတာ သေချာမမှတ်မိတော့လို့ နောက်ကနေ ခြေစောင့်လက်စောင့် ထားရတယ် လို့ထည့်ရေးပေးလိုက်တာပါ။ ကြိုကာထားတာလေ :harr: ကိုမောင်ဘလှိုင်ကလည်းပြည်နည်းပညာကလား
တွေ့ရတာဝမ်းသာပါတယ် အမှတ်မှားဘူးဆိုရင် ရွှေတောင်ကလို့ထင်ပါတယ် ဟုတ်လားတော့မသိ 😆
မောင်ဘလိူင်
May 10, 2013 at 12:01 pm
အဲဗျ..ဒါဖြင့် ကျွန်တော်တို့ တစ်ကျောင်းတည်းပေါ့…နောက်တော့ လက်ခုပ်ပင်ကို
ကျောင်းပြောင်းရတယ်လေ…ကျွန်တော် ပြည်သားပါ။ ၂၀၀၁ ခုနှစ်လောက်ကဆို
လက်ဘက်ရည် ရိုးရိုးတစ်ခွက်ဟာ ၁၅ကျပ်ပေါ့…ထမင်းဖြူတစ်ပွဲဟာ ၁၅ကျပ် ၂၀
ထက် မပိုလောက်ဘူး..။ ဆီကျန် ရေကျန် ကြက်သားတုံးသေးသေးလေး နှစ်တုံး
လောက်ပါတဲ့ ဟင်းတစ်ပွဲဟာ ၅ဝကျပ် လောက်ပါပဲ..။ အခုဇာတ်လမ်းထဲပါတဲ့
ဘုရားကြီးရှေ့က ထမင်းဆိုင်တော့ တစ်ခါလား နှစ်ခါလား စားဖူးပါရဲ့..။အိုင်တီ
မေဂျာက မောင်သန်းထိုက် ကို သိရင် သူနဲ့ တတွဲတွဲ နေတဲ့ ကျွန်တော့်ကို
သတိပြုမိမှာပါ။ ဒီကောင်က ကျောင်းမှာ မသိသူ မရှိသလောက်ကိုး။
ရွှေ ကြည်
May 10, 2013 at 7:30 pm
ကိုမောင်ဘလှိုင်ရေ သန်းထိုက်ကိုသိပါတယ် ဒါဆို ကိုမောင်ဘလှိုင်ကိုလည်းလူမြင်ရင်တော့သိလောက်ပါတယ်
ဆိုင်ကိုဘုရားကြီးရှေ့ကလို့တန်းပြောနိုင်တယ်ဆိုတာ
ဘုရားကြီးနယ်ကိုကျွမ်းကျင်မှန်းသိသာပါ့ :harr:
Novy
May 6, 2013 at 12:03 pm
ရွှေကြည်ရေ..
ဟတ်ထိသွားတယ်
ငယ်စဉ်က ဆာလောင်မှု့ရဲ့ဒဏ်ကိုခံစားဘူးလေတော့
မျက်ရည်တောင်ဝဲမိရဲ့
ရွှေ ကြည်
May 9, 2013 at 5:48 pm
မနိုရေ ခုလိုအားပေးလို့ ကျေးဇူးအကြီးကြီးတင်မိပါကြောင်း ဆာလောင်မှုဒါဏ်ကို ရွှေကြည်လည်းခံစားဖူးပါရဲ့
နာဂစ်ဖြစ်တုန်းက ရန်ကုန်မှာလေ 😆
kyeemite
May 6, 2013 at 2:10 pm
ဘာပဲပြောပြော..မရှိပေမဲ့ ရိုရိုးသားသားကောင်းရောင်းကောင်းဝယ်လုပ်စားတာကို
ကျုပ်တော့ သဘောကျတယ်..သန်သန်စွမ်းစွမ်းကြီးနဲ့ တောင်းစားတာ…လိမ်စားတာ
ခိုးဝှက်စားနေတာတွေထက်စာရင်ပေါ့….ကျုပ်လည်းငယ်ငယ်ကဈေးရောင်းဖူးတော့…
“ဟော အိမ်တွေ ဆိုင်တွေတွေ့ပြီ “တံမြက်စည်း” လို့ အော်ရင်း ခေါ်သံကိုနားစွင့်ထားမိတယ်။
ခေါ်သံမကြားရပါလား တအိမ်လောက်ခေါ်ပါစေ။ ခေါ်သံကိုသာမျှော်လင့်နေရတာခေါ်တိုင်းလည်းဝယ်တာမဟုတ်။
အဆောင်ကြီးကြီးတခုရှေ့ရောက်တော့ခပ်ကြာကြာလေးရပ်ပြီး အခါခါအော်နေမိတယ်။”
အဲဒီနေရာလေးရောက်တော့ ဈေးရောင်းခဲ့တာပြန်သတိရသွားတယ်…
ဟုတ်တယ်..ဈေးသယ်ဆိုတာ ဝယ်သူကိုမျှော်ရတာပဲ..ရောင်းရရင်လည်းသိပ်ဝမ်းသာတာ…
အဖွဲ့အနွဲ့ကတော်တော်ပီပြင်ပါတယ်..မရွှေကြည်ရေ.. :hee:
ရွှေ ကြည်
May 9, 2013 at 5:50 pm
အူးကြိုက်မီးရေ ရွှေကြည်ဝမ်းသာမိပါကြောင်း အူးကြိုက်မီးနဲ့ တသဘောတည်းဖြစ်ပါကြောင်းးး :hee:
Ma Ei
May 7, 2013 at 12:16 pm
ရွှေကြည်လေး…
တံမျက်စည်းသည်ကိုမေးရေးသလား…
တွေးရေးသလား မသိရပေမယ့်…
ရေးတတ်လိုက်တာလို့ အားပေးပါတယ်…
ရွှေ ကြည်
May 9, 2013 at 5:52 pm
အစ်မအိရေလာရောက်အားပေးမှုအတွက် ဝမ်းမြေက်ဝမ်းသာဖြစ်ရပါတယ်
ဈေးသည်ကိုမမေးပါဘူးအစ်မရေ
ဒီအဖြစ်အပျက်လေးက လွန်ခဲ့တဲ့ ရ နှစ်လောက်ကပါ။
ပြန်လည်ခံစားထားတာပါ အစ်မရေ။ 😆
ကျေးဇူးအကြီးကြီးတင်ပါကြောင်း။
လူကလေး
May 10, 2013 at 3:08 pm
ငါ့ဖေကြီးလဲ အဲလိုပဲ ခံစားခဲ့ရမှာ… 🙁 🙁
ရွှေ ကြည်
May 10, 2013 at 7:23 pm
လူကလေးရေ စိတ်မကောင်းဖြစ်အောင်လုပ်မိရင်တောင်းပန်ပါတယ်နော် 🙁
nature
May 10, 2013 at 9:55 pm
ရသမြောက်ပြီးအကျိုးရှိတဲ့ပိုစ်ကလေးပါပဲရွှေကြည်ရေ။ ဒီလိုဇာတ်လမ်းမျိုး ကိုယ်နဲ့ခင်တဲ့သူတယောက်က ကိုယ်တွေ့ကြုံဖူးတယ်။ ထောင်ကထွက်လာတာလားမသိတဲ့သားအမိ ၂ယောက် ၊ အမေက လက်ကိုအတင်းဆွဲ သားကအတင်းရုန်းပြီး မုန့်ဟင်းခါးဆိုင်နားမှာစားချင်လို့ သွားငေး လိုက်အမေက အတင်းဆွဲခေါ်လိုက်နဲ့ ဗိုက်တော်တော်ဆာနေပုံရတယ်။ ဒါကိုတွေ့တဲ့မိတ်ဆွေက သနားလို့ခေါ်ပြီး ထမင်းကြွေးတာ အငမ်းမရစားလိုက်ကြတာ သနားဖို့ကောင်းတယ်။ အဲဒီစေတနာရဲ့
အကျိုးကြောင့်ထင်ပါရဲ့ သိန်း ၅၀ဝ ၊ ၁၀၀ဝ ၊ ၁၅၀ဝ ထီဆုကြီးတွေ ပေါက်ဖူးတယ်။
ရွှေ ကြည်
May 10, 2013 at 10:55 pm
နေချားရေ ကျေးဇူးအကြီးကြီးတင်ပါရစေ နော် 😆
နေချားသူငယ်ချင်းလိုတော့ သိန်းဆုကြီးကြီးတော့မပေါက်ဖူးဘူး
တသောင်းဆုတော့ထီတွတ်ဝင်လို့ ရဘူးတယ် ကျောင်းပြီးကာနီးပေါ့ :harr:
GaviaGirl
May 11, 2013 at 1:01 pm
ဟင့်… သများလည်း အဲလို ဈေးလိုက်ရောင်းနေတာမြင်ရင် သိပ်သနားတာ… နေပူကြီးထဲမှာဆိုပြီးတော့….
နောက်ခါကျရင် တတ်နိုင်သလောက် ဝယ်လိုက်ဦးမယ်…နော်….
မမဂျီး.. ရေးထားတာ ရှယ်ပဲ.. တကယ်ပြောတာ… LIKE!!!!!
ရွှေ ကြည်
May 11, 2013 at 3:47 pm
အမွန်ရေ ကျေးဇူးတင်ပါ၏ မမဂျီးဆက်လက်ကြိုးစားပါဦးမည် :harr:
အရီးခင်လတ်
May 11, 2013 at 2:46 pm
လောကကို တစ်ဖက်တစ်လမ်း အလှဆင်ပေးတဲ့ မိန်းကလေး ကို ဒီဇာတ်လမ်းထဲမှာတွေ့ လိုက်တယ်။ 🙂
ရွှေ ကြည်
May 11, 2013 at 3:50 pm
ချစ်ရတဲ့ အရီးရေ လာအားပေးလို့ ဝမ်းသာလိုက်တာ 😆
uncle gyi
May 11, 2013 at 10:51 pm
တချို့ကကျိုးစားပေမဲ့ထမင်းတနပ်ခက်တယ်
တချို့ကပျင်းလို့ထမင်းတနပ်ခက်တယ်
ဘယ်လိုခက်ခက်
အချိန်တန်မစားရလို့ကတော့
ဗိုက်ဆာတာပါပဲလေ
ရွှေ ကြည်
May 12, 2013 at 11:54 am
အန်ကယ်ကြီးရေ မှန်လိုက်လေ 😆
ဝင်ရောက်ဖတ်ရှုအားပေးလို့ကျေးကျေး
Crystalline
May 12, 2013 at 10:04 am
တိုတိုရှင်းရှင်း ထိထိမိမိရေးထားလာလေးကိုသိပ်သဘောကျတယ်..
အစားတစ်လုတ်အတွက် အရမ်းခက်ခဲအောင်ရှာနေရတဲ့သူတွေကိုမြင်တော့.. စားချင်တာကို တစ်ဝတစ်ပြဲစား.. စားလို ့ဝိတ်တက်လာရင် ပိုက်ဆံအကုန်ခံပြီး ပိန်ဆေးပြန်သောက်တဲ့ကိုယ့်ကိုယ်ကို..စိတ်ပျက်မိတယ်. 🙁
ရွှေ ကြည်
May 12, 2013 at 11:57 am
ခရစ်စတယ်လေးရေ ကိုယ့်ကိုယ်ကိုတော့စိတ်မပျက်ပါနဲ့နော်
ကိုယ့်ဘဝနဲ့ကိုယ် သူ့ဘဝနဲ့သူပါကွယ် ဘယ်တတ်နိုင်ပါ့မလဲ
ဘယ်သူမပြု မိမိမှုပေါ့ သူတို့ဘဝကိုစာနာလို့ နိုင်သလောက်ဖေးကူတာကလွဲပြီးဘာမှမတတ်နိုင်တာပဲနော်။
TNA
May 13, 2013 at 12:46 pm
တိုတိုလေးနဲ့ရင်ထဲထိပါတယ်။ အဲလို အထမ်းခေါင်းရွက်ဈေးသည်တွေအပေါ်အမြင်စောင်းခဲ့သမျှ အခုပြင် ရ တော့မယ်ထင်ပါ့။
ရွှေ ကြည်
May 13, 2013 at 5:41 pm
အစ်မသဲရေ အားပေးတာ ကျေးကျေးပါ။
ခေါင်းရွက်သည်တွေနေပူပူမှာမြင်တိုင်းသနားတတ်တဲ့အကျင့်ကိုမနည်းဖျောက်ထားရတာ
ကိုရင်စည်ပြောသလိုတချို့က အခွင့်အရေးသမားတွေလေ။
ဆူး
May 13, 2013 at 1:24 pm
ဒီခေါင်းစဉ်လေးကို အမှတ်တမဲ့ တွေ့နေတာတော့ ကြာပြိ.. အခုမှ ကွန်မန်းထဲမှာ သူများမန်းတာ မြင်မှ ဘာလဲလို့ ဝင်ကြည့်တာ.. အရေးကောင်းပါတယ်။ စိတ်ကူးကောင်းပါတယ်။
ဆူး အမေ ဆိုလဲ မြင်တတ်တယ်.. အဘိုးကြီးတွေ အဘွားကြီးတွေ ဘာမှ အဖိုးမကြီးတဲ့ ပစ္စည်းလေးတွေ ထိုင်ရောင်းနေတာ မြင်ရင် အားပေးရင်းနဲ့ ပိုတဲ့ဟာ ပြန်မအမ်းနဲ့ ယူလိုက်ဆိုပြီး လုပ်တတ်တယ်။ အဘိုးကြီး အဘွားကြီးတွေ ဝမ်းသာလို့ ဆုတွေ ဘာတွေ ပေးလို့.. ကိုယ်တိုင်တော့ သတိမထားမိလို့လား မသိဘူး.. တခါမှ အဲ့လို မတွေ့မိဘူး။
သူငယ်ချင်းလင်မယားကလည်း စည်ပင်ဝန်ထမ်းတွေ တပတ် ကို ၂ရက် လင်မယား ၂ယောက် မွေးနေ့ မှာ သူတို့ စားတဲ့ ညနေစာ အတိုင်း(သူတို့ စားတဲ့ ဟင်း ထမင်း) ၃ဗူး ထုတ်ပြီး ကျွေးတယ်ပြောတယ်.. အားကျမိပါတယ်။ ကိုယ်ပဲ လောကကြီး ကို သေချာ မကြည့်မိတာလား မသိပါဘူး။ ကြုံကို မကြုံကြိုက်ဘူး။
အလှူအတန်း ဆိုတာ ဘယ်နေရာမှာ ဘယ်လောက်မှ မဟုတ်ပဲ.. နီးစပ်ရာ တတ်နိုင်တဲ့ အပိုင်းက လှူတာ အလွန်ကောင်းပါတယ်။ ကိုယ်တိုင် ကတော့ ညံ့လျက်ပါပဲ။
ရွှေ ကြည်
May 13, 2013 at 5:53 pm
ရွာတော်ရှင် ကိုယ်တိုင်ကြွရောက်ချီးမြှင့်တာ ဝမ်းသာလိုက်တာ
အစ်မဆူးရေ အစ်မကမညံ့ပါဘူး အစ်မလည်းနိုင်သလောက်လုပ်ပေးနေတာပဲလေ 😆
padonmar
June 5, 2013 at 8:53 pm
ချစ်ရွှေကြည်ရေ
ကျော်သွားမိတယ်။ခုမှ သူများညွှန်လို့ ပြန်လှည့်လာတာ။
အဲသလို သနားလို့ ဝယ်မိတာတွေ မနည်းတော့ဘူး။
ဈေးဦးမပေါက်လို့ပါဆိုလည်း ဝယ်မိတာပဲ။
သူတော်ကောင်းပိုက်ဆံ ဆိုပြီး ဖတ်ဖတ်ဖတ် ရိုက်ရင် ပီတိကိုဖြစ်လို့။
ဒါလေးကုန်ရင် အိမ်ပြန်ချင်လို့ အကုန်ယူသွားပေးပါဆိုရင်လည်း ဝယ်လိုက်မိတာပဲ။
အိမ်ကျတော့မှ အနာတွေ အပုပ်တွေပါရင် ဆူခံရဖူးတယ်။
အခု အသက်ကြီးလာလို့ ဆူမယ့်သူမရှိတော့ပေမယ့် ကိုယ့်ဖာသာ မလုုံဘူးပေါ့။
ဒါပေမယ့် နောင်တွေ့ရင်လည်း သနားပြီး ဝယ်အုံးမှာပဲ။
အရိပ်စစ်
June 5, 2013 at 10:00 pm
ရေးထားတာလေးက တကယ်ထိပါတယ် မမရွှေကြည်ရေ…
အလှူလေးအတွက်လည်း အခုထိ ပြန်တွေး ကြည့်မိတိုင်း ပီတိ ဖြစ်နေတုန်းပဲ မဟုတ်လားဟင်