လူပါး ပုလင်းထိ
ကျွန်တော့နာမည် ကျော်ကျော်။
အသက်က ၂၀။
အဖ ဦးရွှေ။
အမိ ဒေါ်ချစ်။
ပညာအရည်အချင်းက ၁ဝ တန်း ၂ခါကျ။
အနူတောက လူချောလို့ပဲ ပြောပြော…
ရွာမှာတော့ ၁ဝတန်းတက်ဖူးတဲ့ကျွန်တော့ကို ပညာတတ်လို့ပဲ သတ်မှတ်ကြတယ်။
ရွာမှာ အဖေနဲ့အမေက အင်းလုပ်ငန်းလုပ်တယ်။
လုပ်ငန်းကိုင်ငန်းကောင်းသလို ငွေရွှင်တယ်။
ကျွန်တော်က တစ်ဦးတည်းသောသား။
ဆိုတော့…. သဘောပေါက်။ :harr:
သူဌေးသားဆိုတော့ သိကြတဲ့အတိုင်း…
အဖေတို့ အမေတို့လို ပင်ပင်ပန်းပန်း မလုပ်နိုင်ဘူး။
အဲဒီတော့ မိဘလုပ်ငန်းကရတဲ့ ထွက်ကုန်တွေကို မြို့တက်ရောင်းတဲ့အလုပ်လုပ်တယ်။
မိဘတွေက သူတို့ရတဲ့ကုန်ကို ဈေးသက်သက်ညှာညှာနဲ့ ဖြတ်ပေးပြီး
မြို့တက်ရောင်းခိုင်းတယ်။
ရတဲ့အမြတ်ကို ပေးတယ်။
အဲဒီတော့ ကိုယ်ပိုင်ဝင်ငွေနဲ့ မဆိုးတဲ့ ဘဝ ပေ့ါ။ :hee:
ဘဝပေးကုသိုလ်ကြောင့်….
ကိုယ့်မိဘဆီကဆိုတော့ ကုန်မရမှာကို မပူရဘူး။
ကုန်ရှုံးမှာကိုလည်း ပူစရာမလိုဘူး။
အဖေတို့ကို ဈေးပြန်လျှော့ခိုင်းလိုက်ရုံပဲ။
ကုန်ရောင်းရတာလည်း ….
ကိုယ့်အိမ်က ကုန်ဆိုတော့ လူတကာတွေလို ပင်ပန်းခံပြီး ကြိုးကြိုးစားစား ရောင်းစရာမလိုဘူး။
ပွဲရုံကို ကုန်သွားချပြီးရင်….
သွားချင်ရာ သွား၊
မြို့ရောက်တုန်း ဝယ်ချင်တာ ဝယ်၊
ပြီးတော့ မြို့စာတွေ စား။
ကုန်ရောင်းပြီးပြီဆိုမှ ငွေရှင်းယူပြီး တောပြန်ရုံပဲ။
အဲဒါ ကျွန်တော့အလုပ်။
မြို့ကို သွားချည် လာလှည့်နဲ့ မကြာခဏရောက်နေတော့….
မြို့ရည်လည်တယ်ဆိုပြီး ရွာက အလှူကိစ္စတွေဆိုရင် ကျွန်တော်ပါမှပြီးတယ်။
********************************************
ကိုယ်ကသာ အမြဲတမ်းသွားလာနေတဲ့သူမို့
မြို့မှာ သွားတာလာတာ ဝယ်တာခြမ်းတာ နှံ့နှံ့စပ်စပ် ကျွမ်းကျွမ်းကျင်ကျင်ရှိပေမယ့်…
ကိုယ်ရတာလေး နည်းနည်းပါးပါးစုပြီး
တခါတလေမှ မြို့တက်ရောင်းတဲ့လူတွေကျတော့လည်း….
မသွားတတ်၊ မလာတတ်နဲ့ ဘယ်မှာ စားလို့ ဘယ်မှာနေရမှန်းမသိ။
အဲလိုလူတွေနဲ့လည်း ကြုံရတတ်သေးတယ်။
အဲလိုမျိုးနဲ့တွေ့တဲ့အခါမှာတော့လည်း…
ကိုယ်သိတာတွေကို လမ်းညွှန်ပေးပြီး ကူညီရတာပေ့ါ။
မြို့တက်ပြီး ကုန်ရောင်းတဲ့အခါမှာ သတိအထားရဆုံးက
ပွဲရုံက ငွေရှင်းယူပြီးတဲ့အခါ ခါးပိုက်နှိုက် မခံရဖို့ပဲ။
တချို့လူတွေဆိုတာကလည်း မြို့တက်ကုန်ရောင်းလို့
လက်ထဲမှာ ငွေလုံးငွေခဲလေး ကိုင်ရတဲ့အခါ…..
မိသားစု အထိန်းအကွပ်နဲ့ ဝေးနေတဲ့ အခိုက်အတန့်လေးမှာ
ထင်တိုင်းကြဲပြီး သောက်စားတတ်ကြတာကလည်း
ခါးပိုက်နှိုက်တွေအတွက် အခွင့်အရေးတစ်ခုလို့ ပြောရမယ်။
ကျွန်တော်ဖိုးကျော်ကတော့ လူငယ်ပီပီ အလှအပကြိုက်ပြီး…
ခေတ်မီမီ ဝတ်ချင်စားချင်တာကလွဲပြီး
အသောက်အစားကတော့ ကင်းတယ်။
ဒါ့အပြင် ပညာလေးကလည်း အနည်းအကျဉ်းတတ်တော့…
လူရိပ်လူကဲခပ်နိုင်တာရယ်
သတိရှိတာရယ်တွေကြောင့် ….
ကျွန်တော့်ကို မြို့တက်ကုန်ရောင်းဖို့
မိဘတွေက စိတ်ချလက်ချ လွှတ်ကြတာပေ့ါ။
အခြားလူတွေ ခါးပိုက်နှိုက်ခံရတာ၊ ငွေအလစ်သုတ်ခံရတာတွေ ကြားဖူးပေမယ့်….
ဖိုးကျော်တို့တော့ တစ်ခါမှ ခါးပိုက်နှိုက် မခံရဖူးဘူး။
ဤသည်လည်း ကြွားစရာ ဖြစ်ချေသည်တမုံ့။ :kwi:
************************************************
ရန်ကုန်ကို ကုန်တက်ရောင်းတဲ့သူတစ်ယောက်အနေနဲ့
ကုန်ရောင်းပြီးအပြန် လမ်းတလျှောက်မှာ ငွေကို လုံလုံခြုံခြုံ ထည့်သိုသွားဖို့နဲ့
သတိထားပြီး ဂရုတစိုက် သယ်ဆောင်သွားဖို့ အင်မတန်မှ အရေးကြီးပါတယ်။
အဝေးပြေးကားပေါ်မှာ ….
ခရီးသည်ဟန်ဆောင်ပြီး လမ်းတလျှောက်လုံးလိုက်လာပြီး
လမ်းကျမှ ခါးပိုက်နှိုက်ပြီး ဆင်းသွားတာမျိုးတွေလည်း တွေ့ခဲ့ရဖူးတယ်။
ကျွန်တော်ကတော့ ကုန်ဖိုးငွေတွေ လက်ထဲရာက်ပြီဆိုတာနဲ့…..
ငွေကိုသေသေချာချာ အိတ်ထဲထည့်၊
ငွေအိတ်ကို အဝတ်အိတ်ထဲမှာ အဝတ်တွေကြားထဲညှပ်၊၊
အဝတ်အိတ်ကို ကိုယ့်ရှေ့ဘက်မှာထားပြီး စလွယ်သိုင်းထားလေ့ရှိတယ်။ :hee:
***************************************************
ကျွန်တော်က ရွာပြန်ရင် အချိန်ကောင်းဖြစ်တဲ့ မနက်စောစောထပြီး ကားကို စီးလေ့ရှိတယ်။
အဲဒါမှ ရွာကို ညနေစောင်းလောက် ပြန်ရောက်တယ်။
အခုတစ်ခေါက် ကုန်လာရောင်းရင်း ဦးကြွယ် ဆိုတဲ့ ဦးကြီးတစ်ယောက်နဲ့ ပြောဆိုခင်မင်သွားတယ်။
အမှန်တော့ ဦးကြွယ်က ခုမှမြို့ရောက်ဖူးတာမို့ မသွားတတ်၊ မလာတတ်လို့ ကိုယ်ကပဲ ဦးဆောင် ခေါ်သွားရင်းနဲ့ သူ့အကြောင်း ကိုယ့်အကြောင်း ပြောမိကြတယ်။
အပြန်ကျရင်လည်း လမ်းကြောတစ်ကြောတည်းမို့ အတူတူပြန်ဖို့ စီစဉ်ကြတယ်။
ရိုးရိုးအအ တောသားဖြစ်တဲ့ ဦးကြွယ်ကို မြို့ရည်လည်တဲ့ ကျွန်တော်ဖိုးကျော်က ကူညီချင်တဲ့ စိတ်နဲ့ပေ့ါ။
ထုံးစံအတိုင်း မနက်စောစောထပြီး ကျစ်ကျစ်လစ်လစ် သေသေချာချာ ထုပ်ပိုးထားတဲ့ အိတ်ကိုယူလို့ ဦးကြွယ်ကို ခေါ်ပြီး အဝေးပြေးကားဂိတ်ကို သွားကြတယ်။
ကားတစ်စီးတည်းအတူတူစီးပြီး ကျွန်တော်ကတော့ ရွာသွားမယ့် လမ်းခွဲမှာ ဆင်းနေခဲ့မယ်။
ဦးကြွယ်ကတော့ ဆက်စီးသွားရမယ်။
ဒါပေမယ့် လမ်းမှာ ကားခဏရပ်ပြီး အဆာပြေစားဖို့ ဆင်းကြတဲ့အခါ
ဦးကြွယ်ကို မတွေ့တော့ဘူး။
ပြန်ထွက်ခါနီးမှာ ကားသမားက ခရီးသည်စုံပြီလားလို့ မေးတဲ့တော့ ဦးကြွယ်ကျန်နေသေးလို့ ပြောပေမယ့် လမ်းပေါ်မှာလည်း ဘယ်သူမှမရှိတော့ပါဘူး။
ကားသမားကလည်း အကြာကြီး မစောင့်နိုင်တာမို့၊ တခြားကားနဲ့ ပါသွားတယ်လဲ ယူဆတာမို့ ကားထွက်လာခဲ့ပါတော့တယ်။
ကားထွက်လို့ သိပ်မကြာပါဘူး။
မြို့ငယ်လေးတစ်မြို့ကို မရောက်ခင်မှာ လူကြီး ၃-၄ယောက်က လမ်းပေါ်ကနေ ကားကို ရပ်ခိုင်းပါတယ်။
ကားရပ်သွားတဲ့အခါမှာ ရပ်ကွက်လူကြီးလို့ ထင်ရတဲ့ လူတစ်ဦးက …
ဒီကားပေါ်မှာ ……. ရွာက ဦးရွှေရဲ့သား ကျော်ကျော် ပါသလားလို့ မေးပါတယ်။
ကျွန်တော်လည်း ရုတ်တရက် ကိုယ့်နာမယ်ခေါ်သံကြားတော့ ခေါင်းကြီးသွားတယ်။
ငါလည်းဘာမှ လုပ်မထားပါဘူး၊ ဘာကိစ္စများ ရှိပါလိမ့်လို့ တွေးမိပါတယ်။
`ကျွန်တော်ပါ´ လို့ ဆိုတော့…
`မင်းကို မေးစရာရှိတယ်၊ ငါတို့နဲ့ လိုက်ခဲ့´ လို့ ခေါ်ပါတယ်။
ငါဘာအပြစ်မှ လုပ်ထားတာ မရှိဘူး။ လူမှားတာလား၊ အထင်မှားတာလား တစ်ခုခုပဲ ဖြစ်ရမယ်ဆိုပြီး
ကျွန်တော်လည်း ကိုယ့်ပစ္စည်းထုပ်လေးဆွဲပြီး ကားပေါ်က ဆင်းလိုက်ပါတယ်။
ကားပေါ်က လူတွေရဲ့ အကြည့်မှာတော့ ကျွန်တော့ကို
ရာဇဝတ်သားလား၊ လူဆိုးသူခိုးလား ဆိုတဲ့ သံသယမျက်လုံးတွေနဲ့ပေ့ါ။ :eee:
ကားထွက်သွားတဲ့အချိန်မှာ
ကျွန်တော့ကို လူနှစ်ယောက်က ဘေးက ညှပ်လိုက်ပြီး လမ်းဘေးက ကိုင်းတောထဲကို ခေါ်သွားပါတယ်။
`ကျွန်တော့မှာ ဘာအပြစ်ရှိလို့လဲ။ ဘယ်ကိုခေါ်သွားမလို့လဲ´ လို့ မေးလိုက်တဲ့တော့….
`လျှာမရှည်နဲ့ ငါတို့နောက်သာ လိုက်ခဲ့´ လို့ ခပ်မာမာ ပြန်ပြောပါတယ်။
တော်တော်လးလျှောက်ပြီးလို့ ကားလမ်းနဲ့ ဝေးသွားတဲ့အခါမှာ
ကျွန်တော့်လက်ထဲက အထုပ်ကို တောင်းပါတယ်။
`ဒါ ကျွန်တော့ပစ္စည်းပါ။ ခိုးလာတာ မဟုတ်ပါဘူးလို့´ တောင်းပန်တာကို မရပဲ
လက်ထဲက အထုပ်ကို ဆွဲလုပါတယ်။
`ငါတို့ လိုချင်လို့ ယူတယ်။ မင်းဘာကောင်လဲ´ လို့ ပြောပြီး
နောက်တစ်ယောက်ကကျွန်တော့ခေါင်းကို အနောက်ကနေ ရိုက်ချလိုက်ပါတယ်။
ကျွန်တော်မေ့လဲသွားတာ တစ်နေ့ခင်းလောက်ကြာပါတယ်။
သတိရတဲ့အချိန်မှာ ဒယီးဒယိုင်နဲ့ ကားလမ်းပေါ် ပြန်တက်ပြီး တွေ့တဲ့ကားကို တားလို့
ကားသမားကို ပစ္စည်းတွေ အလုခံရလို့ ကားခမရှိတဲ့အကြောင်း တောင်းတောင်းပန်ပန်နဲ့ပြောပြီး ရွာပြန်ခဲ့ရပါတယ်။
တစ်ခါမှ ငွေမပျောက်ဖူးဘူး။
အလစ်သုတ်မခံရဖူးဘူး။
ခါးပိုက်နှိုက်မခံရဖူးဘူး။
သွားတတ်လာတတ်နဲ့ မြို့ရည်လည်တယ်လို့
ကိုယ့်ကိုယ်ကိုရော၊အခြားသူတွေကပါ ထင်နေကြတဲ့ လူပါးဖိုးကျော် ပုလင်းထိတာ ရှက်မိပါတယ်။ :byae:
*************************************************************
ကျော်ကျော့်က သူခံလိုက်ရတာကို ရှက်စရာလို့ ယူဆပေမယ့်
သူ့လို အဖြစ်အပျက်မျိုး နောက်လူတွေ မကြုံရလေအောင်၊
သင်ခန်းစာယူနိုင်အောင်ဆိုပြီး ပြောပြတာကို ထပ်မံ၍ လက်ဆင့်ကမ်းပေးလိုက်ပါတယ်။
ကိစ္စအားလုံးကို သတ္ထုချကြည့်တဲ့အခါ ……..
လမ်းမှာ ပျောက်သွားတဲ့ ဦးကြွယ်ဟာ အဓိက တရားခံပဲလို့ တွက်ဆမိပါတယ်။
ရိုးရိုးအအလို့ထင်ပြီး လူစိမ်းတစ်ယောက်ကို ကိုယ့်မိသားစုအကြောင်း ပြောပြမိတော့
ကိုယ်ရေးကိုယ်တာ အချက်အလက်သိတာကို အခွင့်အရေးအဖြစ်အသုံးချပြီး လူရွေးပြီး ကားပေါ်ကခေါ်ထုတ်နိုင်ခဲ့တယ်။
အချို့သောလူလိမ်တွေဟာ ယုံကြည်အောင်ပြောဆိုပြီး လိမ်လည်တဲ့ လူလည်တွေ ဖြစ်သလို
အချိုု့သောလူလိမ်တွေဟာ လိမ်မယ်လို့ မထင်ရအောင် ရိုးအတဲ့ ပုံစံလည်း ဖြစ်နေတတ်ပါတယ်။
နောက်တစ်ချက်က-
ငွေကို လုံခြုံအောင် ထုပ်ပိုးသိမ်းဆည်းထားရုံနဲ့ မပျောက်ဆုံးနိုင်ဘူးလို့ မထင်ပါနဲ့။
ရိုက်နှက်လုယူတာ ခံရနိုင်ပါသေးတယ်။
ဘယ်လိုပဲ ကိုယ့်ကိုကိုယ် သတိရှိပါတယ်ဆိုပေမယ့် ………..
မထင်မှတ်တဲ့ ပုံစံနဲ့ အလစ်အငိုက်ခံရနိုင်သေးတာကြောင့် သတိရှိကြစေချင်ပါတယ်။
အားလုံးပဲ…………
အသေဝနာစ ဗာလာနံ
လူမိုက်နဲ့ ကင်းဝေးနိုင်ကြပါစေ။ :hee:
PS
အရင်ကတင်ထားတဲ့
သတိဟူသည် ပိုသည်မရှိ https://myanmargazette.net/160270
ပိုစ့်မှာတုန်းက
nozomi says:
အရင်က နေအေး ရဲ့ လိမ်နည်းများ ဆိုတာလို
နောက်ဆို မမ ရဲ့ လိမ်းနည်းများ စာအုပ် ရောင်းမလောက် ဖြစ်တော့မှာပေါ့
ဆိုတဲ့ ကွန်မန့်က ဒီလိုပိုစ့်တွေ ရေးဖို့အတွက် တွန်းအားဖြစ်စေခဲ့ပါတယ်။ :hee:
37 comments
kyeemite
May 18, 2013 at 8:35 am
အမှန်တော့“ ဦးကြယ်”က ခုမှမြို့ရောက်ဖူးတာမို့ မသွားတတ်၊
ကြွယ်ဖြစ်ရမှာ….ဟိ သတ်ပုံမမ ဘာတတ်နိုင်သေးလဲ :kwi:
အဖြစ်အပျက်က ရိုးစင်းပေမဲ့ အယုံမလွယ်ဖို့ သတိပေးတာလေးကြိုက်ပါရဲ့..
လမ်းမှာကားတားပီး ခေါ်တဲ့လူတွေကို ကိုယ်အပြစ်လုပ်မထားပဲယုံပီးလိုက်သွားတာက ပိုမှားတာပါ..
MaMa
May 18, 2013 at 8:39 am
ပိုစ့်ကို သေသေချာချာ ဖတ်တယ်ဆိုတာ သေချာသွားပြီ။ :harr:
လူကြီးရှက်တော့ ရီတယ် ဆိုတာလို….
ပြင်လိုက်ပါပြီ။ :hee:
ခရီးသည်ကြီး
May 18, 2013 at 9:09 am
ခက်တာဘဲ ။
လမ်းမှာခဏခဏတားပြီးစစ်ဆေးတာခံရနေကျဆိုတော့ ကျုပ်တို ့လူမျိုးတွေ
ခံရတဲ့ဘက်မှာ အသားကျနေပြီဗျ
ယခုခေတ်လို ဆက်သွယ်ရေးပစ္စည်းတွေ အီလက်ထရောနစ်ပစ္စည်းတွေ
အစွမ်းထက်နေချိန်မှာ ပိုပြီးသတိထားရမယ်
ကြားဖူးမှာပါ စမ်းကလေးဆရာတော်ဆိုတာ
ဖွပါဦးမယ် အဲ မှားသွားလို ့
တနေ ့ရေးချင်ပါသေးတယ်
MaMa
May 18, 2013 at 2:03 pm
မတူတဲ့ အတွေးတွေ၊ အရေးတွေနဲ့ ခရီးသည်ကြီးရဲ့ ဆန်းသစ်တဲ့ လက်ရာတွေကိုလည်း စောင့်မျှော်နေပါတယ်။
လာရောက်အားပေးသွားလု့ိလည်း ကျေးဇူးတင်ပါတယ်။ :hee:
မဟာရာဇာ အံစာတုံး
May 18, 2013 at 9:11 am
တီတီရဲ့ ခေါင်းဇင်ကို ကျိမိဒေါ့ ….
“လူပါး ပုလင်းကွဲရှ မမ” …. တဲ့ ..
အခုဟာက မသိကျွမ်းတဲ့ လူတစ်ယောက်အပေါ်
စေတနာ ထားမိတဲ့ ကျော်ကျော်ရဲ့ အဖြစ်ပေါ့နော့ …
လူပါး ပုလင်းကွဲရှ ထက် စေတနာကို အလွဲသုံးစား ပြုလုပ်ခံလိုက်ရခြင်းလို့ မြင်မိပါတယ် …
စကားမစပ် ကျုပ် မြို့တက်တုန်းက အဘွားမှာတဲ့ စကားလေးကို သတိရမိတယ် ..
“ထသွား ပြန်ကြည့်” ….. တဲ့ ……။
MaMa
May 18, 2013 at 2:06 pm
မဟာအံမန့်တာကို မျက်စိလျှမ်းပြီး ဖတ်လိုက်တာ…
တီတီရဲ့ ခေါင်းကျိန်းသွားတယ်.. လို့ ဖတ်မိသွားတယ်။
ဆက်ဖတ်တော့လည်း……
“လူပါး ပုလင်းကွဲရှ မမ”
ဆိုတော့ လူကြီးကို သွေးထွက်သံယိုဖြစ်စေမှုနဲ့
ကြောင်ကြီးပြောတဲ့ တရားသူကြီးဆီမှာ တိုင်မှ ထင်တယ်။
:kwi:
Novy
May 18, 2013 at 10:41 am
ကိုယ်သိမ်းတာလုံးလှပြီတော့ မထင်နဲ့လို့ သတိပေးလိုက်တာပေါ့နော်
ကိုယ်ကကျူး ကိုယ့်ဒူးတောင် မယုံနဲ့တဲ့
အိမ်က အထုပ်ကြီး ဘယ်မှာထားရပါမလိမ့်
ဟီးးးးအမှိုက်ထုတ်ကြီးပြောပါတယ်
MaMa
May 18, 2013 at 2:15 pm
စာဖတ်ပြီး ဥစ္စာစောင့် ဖြစ်နေပြီလား။
သတိပေးတာ လွန်သွားပြီထင်တယ်။
:kwi:
TNA
May 18, 2013 at 11:06 am
အောင်မယ်လေးပြောမနေပါနဲ့တော့အန်တီမမရေ။ လူလိမ် ခါးပိုက်နိုက်တွေက သားသားနားနားချည်ပါပဲ။ ကိုယ်တွေ့ပါ။ တခါကဘတ်စ်ကားစီးဒါ။ ခါးပိုက်နိုက်အကြောင်းလဲသိ။ အခု မမ ရဲ့ဖိုးကျော်လိုပဲ နိုက် ခံရမှာစိုးလို့ သေသေချာချာ ပိုက်ဆံအိပ်ကြီးထဲထည့် ချိုင်းအောက်မှာကပ်လွယ်။ အပေါ်ကထီး ထည့်တာတောင်ရအောင်ဇစ်ဖွင့်နိုက်သွားတယ်။ နောက်မှာရပ်နေတာ ခါးပိုက်နိုက်လု့ိမထင်မိပါဘူး။ တကယ်ပါ။ လည်ကတုံးအဖြူလက်ရှည်၊ ကချင်ပုဆိုးအသစ်၊ စကောဖိနပ်နဲ့ဆိုတော့ ခါးပိုက်နိုက်လို့ တကယ်ကိုမထင်မိတာပါ။ ပိုက်ဆံတွေ အထုပ်လိုက်ပါသွားပါရောလား။ ကုန်ရောပဲ။ ကျွန်မလဲ တကယ့်ကို လူပါးပုလင်းထိတာပါပဲ။
Ma Ma
May 18, 2013 at 9:54 pm
လူလိမ်တွေဆိုတာ လိမ်မယ်လို့ မထင်ရလောက်အောင် သရုပ်ဆောင်ကောင်းကြတယ်။
အဲဒါလည်း လူလိမ်တွေရဲ့ နည်းဗျူဟာလို့ ပြောရမယ်။
Mr. MarGa
May 18, 2013 at 3:52 pm
လူပါး
ပါးလွန်းရင်လဲ ခံရတတ်တယ်နော့
ဦးမာဃတို့လို တောသားဆိုလို့ကတော့ ဒီထက်တောင် ဆိုးမလားမသိ
ဒါပေသိ ဂလို ဂလိုတွေ ရှိတယ်ဆိုတာကိုတော့ မှတ်လို့ သားလို့ သွားပါသဗျ :hee:
Ma Ma
May 18, 2013 at 10:39 pm
သိကြားမင်းလည်း လူလိမ်ခံရ
အဲ- နတ်တွေလိမ်မှာ ကြောက်တာပဲလား။
နတ်ပြည်မှာတော့ လိမ်တာညာတာ မရှိလောက်ပါဘူး။
ရှိရင်လည်း သိကြား ကိုယ့်အပြစ်နဲ့ ကိုယ်ခံရတယ်လို့သာ မှတ်လိုက်ပေတော့ :harr:
အရီးခင်လတ်
May 18, 2013 at 3:58 pm
မမ ရေ
မနေ့ကဘဲ ဒီမှာ အလိမ် သတင်း တစ်ခု ဖြစ်ခဲ့တယ်။
အမျိုးသမီး တစ်ယောက်ဆီ ကို လူတစ်ယောက် ဖုန်းဆက်ပြီး “ခင်ဗျား ရဲ့ မြေး က Apple က ပစ္စည်းဝယ်ဖို့ ခင်ဗျား ရဲ့ Credit Card ကို သုံးခဲ့ တယ်။ အဲဒါ ကို အတည်ပြုလား” လို့ မေးတာ။
အဲဒီမှာတင် သူက အဲဒါ တစ်ယောက်ယောက် က လိမ် နေပြီ ဆိုတာ သိလိုက် လို့ အတည်မပြုဘူး လို့ ငြင်း ပြီး ချက်ချင်း ဖုန်းချ၊ ပြီးတာနဲ့ ဘဏ် ကို လှမ်းပြီး ဖုန်းဆက် ပြီး သူ့ Card ကို ချက်ချင်း cancel လုပ်ဖို့ အကြောင်းကြား တယ်။
အဲဒီမှာ ဘဏ်က သူ့ detail တွေကို တောင်းလို့ ပေးလိုက် တယ်။
တကယ်တော့ သူဖုန်းချပြီးချိန် တစ်ဖက် လူက ဖုန်း ကို ကိုင်ပြီး နည်းပညာ နဲ့ အဲဒီ အမျိုးသမီး ခေါ်တဲ့ ဖုန်း ကို စောင့်ဖြေနေခဲ့ တာ သူမသိခဲ့ဘူး။
နောက်ပိုင်း သူ့တစ်ခြားကဒ် တွေ ကိုပါ ဘဏ်အယောင်ဆောင်လူတွေကိုယ်တိုင် လာယူသွားတာ။
အဲဒီနောက်မှ တကယ်အလိမ် ခံရတာ သတိပြုပြီး ရဲ တိုင်ချိန် ပိုက်ဆံ တစ်ထောင်ကျော် ဆုံး သွားတယ်။
ကြုံတုန်းလေး ဝင်ဖြည့်သွားတာ။
Ma Ma
May 18, 2013 at 10:42 pm
နည်းပညာတိုးတက်လာတော့ နည်းပညာနဲ့ လိမ်နည်းတွေ ထပ်တိုးလာတာပေ့ါ။
ခုလောလောဆယ် ဒီမှာ အွန်လိုင်းဘန်ကင်းတွေ မသုံးကြသေးပေမယ့်
အဲဒီလိမ်နည်းကိုတော့ ဗဟုသုတအဖြစ် မှတ်ထားရမယ်။ :hee:
ဦးဦးပါလေရာ
May 18, 2013 at 6:12 pm
ကျုပ်ကတော့ တသက်လုံး ပုံစံမျိုးစုံနဲ့ ခံရပေါင်းကို မနည်းပါဘူး…
အဲဒီ ခံရသမျှအားလုံးမှာ တူညီတဲ့အချက်ကတော့
ကိုယ့်ကို လိမ်တဲ့သူအားလုံးဟာ မသင်္ကာစရာလုံးဝမရှိပဲ ၊ သရုပ်ဆောင်လဲ အလွန်ကောင်းကြတယ်။
ဒါကြောင့် … ကျုပ်ကတော့ ဖြေတွေး .. တွေးပါတယ်….။
ကိုယ်ခံရတာ ကိုယ်ညံ့လို့မဟုတ်ဘူး…
သူတို့တော်လို့ … လို့
:harr:
Ma Ma
May 18, 2013 at 10:49 pm
(ကိုယ်ညံ့လို့မဟုတ်ဘူး… သူတို့တော်လို့)
ဦးပါရဲ့အဆိုကို ထောက်ခံသွားပါတယ်။
:harr:
KZ
May 18, 2013 at 6:49 pm
ချစ်မမ
စာမဖတ်ခင် ငါးခြောက်တွေကြည့်ပြီး သားရည်တမြားမြားဖြစ်သွားတယ်။
:kwi:
လူပါး ပုလင်းထိ
ကတုံးပေါ်ထိပ်ကွက်
ဂျင်ပေါ်ထုံးသုတ်
အဲလိုတွေ အလုပ်ခံရချိန်က ကိုယ့်ကိုယ်ကို လည်လှ တော်လှပြီလို့ သွေးနားထင်အရောက်ဆုံး လူနဲ့ အဲ့ဒီ ထင်နေတဲ့အချိန်မှာပဲ ခံရတာများတာပဲရယ်။
မယုံမရှိပါနဲ့ ကိုယ်တွေ့ပါ။
:harr: :harr:
Ma Ma
May 18, 2013 at 10:57 pm
ကြည့်ရတာ ခိုင်ဇာလည်း လူပါးပဲပေ့ါ။ :kwi:
ခပ်တည်တည်နဲ့ ရွှီးရရင်… အဲ- မေးပါမယ်။
ခေါင်းစဉ်အမှန်ရွေးပေးပါ။
လူပါး ပုလင်းထိ လား
လူပါး ပုလင်းကွဲထိ လား
လူပါး ပုလင်းကွဲရှ လားးးးး အဖြေမှန်သူကို ဒုတိယအကြိမ်တွေ့ဆုံပွဲမှာ လက်ချောင်ပေးပါမည်။
ပြောရမယ်ဆိုရင်… ခေါင်းစဉ်ကို ပေးချင်လို့သာ ပေးလိုက်တာ။
မသေချာဘူး။
တတ်သိနားလည်သူများ ကူကြပါအုံး။ :buu:
padonmar
May 19, 2013 at 7:41 pm
လူပါးပုလင်းထိ ပါ။
လက်ချောင်လိုချင်လို့ ပဟေဠိအဖြေညှိပါတယ်။
…..
ဒီလို နာမည်မေးပြီး ဆွဲချတာကို ကားက လူတွေကလည်း ကိုယ်နဲ့မဆိုင်သလို နေကြတာပဲနော်။
မတော်ရန်ညှိုးရှိလို့ သတ်ဖို့ ရှာတာဆို သေဖွယ်သာရှိတော့တာပေါ့။
Ma Ma
May 19, 2013 at 8:52 pm
ဟီးးးးးးးးးးးးးးးးး တစ်ချက်ခုတ် နှစ်ချက်ပြတ်သွားပြီ။ :harr:
စိတ်ထဲမှာတော့ လူပါး ပုလင်းထိ လို့ ထင်ပေမယ့် ဘယ်လို အကျိုးအကြောင်းနဲ့ အဓိပ္ပါယ်ရှိမှန်းမသိဘူး။
အဲဒါနဲ့ စဉ်းစားလို်က်တော့လည်း လူပါး ပုလင်းကွဲရှ ဆိုရင် အဓိပ္ပါယ်ရှိတယ်ထင်ပြီး ရေးလိုက်တာ။
ခုတော့ ပြင်လိုက်ပါပြီ။
အဖြေမှန်သိချင်လို့ စည်းရုံးလှုံ့ဆော်တဲ့အနေနဲ့ ဒုတိယအကြိမ်တွေ့ဆုံပွဲမှာ လက်ချောင်ပေးမယ်လို့ ကြော်ငြာလိုက်တာ။
ဒါပေမယ့် အဖြေပေးတဲ့သူက အမွှာညီအမဆိုတော့ ……..
လက်ချောင်က မပေးလည်းရ၊ ပေးလည်းရဆိုတော့………
အဖြေလည်းရ၊ လက်ချောင်လည်း မကုန် ဆိုတော့…..
တစ်ချက်တည်း ခုတ်လိုက်တာ နှစ်ချက်ပြတ်သွားတော့တာပေ့ါ။ :kwi:
ဆူး
May 20, 2013 at 10:15 am
တွေးမိတာ ပြောကြည့်မယ်..
လူပါး ပုလင်းထိ တော့ ဖူးယောင်သွားမယ်..
ပုလင်းကွဲ ရှ တော့ သွေးထွက်မယ်..
ပုလင်းကွဲ ထိတော့ တခါမှ ကြားဘူးဘူး။
ဒါပေမဲ့ အကုန်လုံးကတော့ နာကျင်မှု ကို သက်ရောက်စေတာပါပဲ
uncle gyi
May 18, 2013 at 11:05 pm
မမရဲ့လူပါးပုလင်းထိက
အရေးအသားသွက်သွက်နဲ့လိမ်နည်းတမျိုးကိုသတိပေးသွားတာ
ပြောမယ်ဆိုနေအေးရဲ့နည်းတွေထဲကတမျိုးပေါ့
အရီးရဲ့နည်းကတော့နေအေးမမှီလိုက်တဲ့နည်းကိုပြောပြသွားလို့
ကျုပ်တို့လိုအန်းတိတ်တွေမကြားဖူးသေးတာအမှန်
Ma Ma
May 18, 2013 at 11:19 pm
အခုစာက အမှန်တကယ် ကိုယ်တွေ့ခံခဲ့ရတဲ့ လူငယ်လေးက ပြန်ပြောပြလို့
ဒီနည်းနဲ့ အလိမ်ခံရတယ်ဆိုတာကို အံ့ဩပြီး လိမ်နည်းအသစ်လို့ ထင်မိတာ။
နေအေးရဲ့ လိမ်နည်းများဆိုတာ ခေတ်ဟောင်းကမို့ ဒီလို လိမ်နည်းတွေပါလိမ့်မယ်လို့ မထင်ခဲ့မိဘူး။
အန်ကယ်ကြီးရေးလိုက်တဲ့ အရေးအသားသွက်သွက် ဆိုတဲ့ စာကိုဖတ်ပြီးးးးး
ခေါင်မိုးနဲ့ ခေါင်းဆောင့်မိသွားတယ်။ :harr:
Ko chogyi
May 19, 2013 at 10:58 am
ခါးပိုက်နှိုက်တာ၊ အလစ်သုတ်တာ၊ ရိုက်လုတာမခံချင်ရင်
နည်းလမ်းကောင်းရှိပါတယ်။
–
–
–
–
–
–
–
ရှိတာအကုန်သုံးပစ်/လှူပစ်လိုက်ပါ။
Ma Ma
May 19, 2013 at 9:02 pm
ကိုချိုကြီးရေ-
အကောင်းဆုံး အကြံဉာဏ်ကြီးပါလား။ :kwi:
မရှိတောင့်တ ရှိကြောင့်ကြ
ရှိပူရသေး ကုန်မှအေး လို့ ဆိုကြပေမယ့်……..
ရှိတာအကုန်သုံးပစ်/လှူပစ်မလိုက်နိုင်သေးတော့လည်းးးးးးးးးးးး :buu:
Mobile13
May 19, 2013 at 1:54 pm
ကျုပ်ဘွမယ်တော့ မော်တော်ပီကယ်က ဒါးပြတိုက်တာ မပေးချင်ပဲ ပေးဖူးလေရဲ့ သွားလေရာဒေသ တစ်ခါမှ ပိုက်ဆံလုတာတို့ ခိုးခံရတာတို့ မဖြစ်ဖူးဘူး လက်ထဲမလဲ ပိုက်ဆံများများရှိဘူး။
မရှိတောင်းတ ရှိကြောင်းကြ ဆိုသလို အကောင်းဆုံးနည်းကတော့ ko chogyi ပြောသလိုပါပဲ။
Ma Ma
May 19, 2013 at 9:06 pm
Mobile13 ရေ-
ကိုချိုကြီးပေးတဲ့ အကြံဉာဏ်ကို လိုက်နာနိုင်မယ်ဆိုရင်တော့ ပူပင်စရာနည်းသွားမှာ အမှန်ပဲ။
ဒါပေမယ့် လိုက်နာနိုင်ဖို့တော့ လိုတယ်နော်။ :eee:
မောင် ပေ
May 19, 2013 at 6:51 pm
သတ်ပုံအဖွဲ ့ဥကဌကြီး မမ ရဲ ့
လိမ်းနည်းများ ဘုတ်အုပ် ထွက်ရင် တစ်အုပ်လောက် ပို ့ပေးပါလို ့
တောင်းဆိုရင်း ( တောင်း/ခြင်း/ဘက်စကတ် = ထည့်စရာ )
အဲဒါ … အဲဒါ
Ma Ma
May 19, 2013 at 9:18 pm
မောင်ပေ အားပေးလို့ စာအုပ်ထုတ်ဖို့ အားရှိသွားပြီ။
ရောင်းကောင်းမှာ မကောင်းမှာထက် ခြင်းနဲ့ထည့်ပြီး လက်ဆောင်ပေးရင် ပိသာချိန်နဲ့ ရောင်းလို့ အကုန်မြန်မယ့် သဘောရှိတယ်။ :harr:
အလင်း ဆက်
May 19, 2013 at 9:03 pm
အန်တီ မမရေ..
ဖတ်ရှု သွားပါကြောင်းးး
လောလောဆယ်တော့..
ကိုယ့်ကိုယ် ကိုပဲ.
လူမိုက်လို ့..ပြန်ခေါ်နေရသေးတဲ ့…ကျွန်တော် ဖြစ်ကြောင်းးးး
ကျွန်တော်သာ..အခုနေ 5 နှစ်သားလောက်ပြန်ဖြစ်ရင်..
အရင်လို မဆိုးမပေပဲ…
ဖြူဖြူစင်စင် ပြန်နေချင်ပါတယ် ။
🙂
Ma Ma
May 20, 2013 at 3:47 pm
လူတိုင်း အမှားနဲ့ မကင်းတတ်ကြပါဘူး။
လူ့ဘဝမှာ မှားခဲ့တာကို ခဲဖျက်နဲ့ ပြန်ဖျက်လို့ မရပေမယ့်…
နောက်ဒါမျိုး မမှားတော့ဘူးဆိုရင်ပဲ မှန်သွားပြီလို့ ပြောရမယ်။ :hee:
မှားခဲ့မိလို့ ၅နှစ်သား ပြန်ဖြစ်ချင်တယ်ဆိုရင်….
က ကြီး ခ ခွေး ပြန်သင်နေရအုံးမယ်နော်။ :kwi:
အောင်ကြူး
May 20, 2013 at 8:52 am
ကျော်ကျော့် ဒဏ်ရာကိုလည်း သေချာစစ်ပါအုံး.. တကယ်ဟုတ်ရဲ့လားလို့.. ဖဲရှုံးလို့ လိမ်ပြောတာလည်း ဖြစ်နေအုံးမယ်… ဒီခေတ်မှာ လူရိုး သင်္ချိုင်းကုန်းမှာသာ ရှိတာကလား… သဲအင်းဂူဆရာတော် ဓမြဘဝတုန်းကတော့ ရဲနဲ့ပေါင်းပြီး ကားဂိတ်လဖက်ရည်ဆိုင်ကနေ ခရီးသည်ဘယ်သူ ပိုက်ဆံပါသလဲ ဘယ်ကားစီးသလဲ ကြည့်တယ်… ပြီးမှ အဲဒီကားလိုက်စီးပြီး ဓမြတိုက်တာ.. ရဲက တမင်ရှောင်ပေးတယ်.. ဝေစားမျှစားပေါ့ဗျာ…
Ma Ma
May 20, 2013 at 4:00 pm
ကြောင်ကြီးက မြွေ မြွေချင်းမို့ ခြေမြင်တာ ထင်တယ်။ :kwi:
တချို့လည်း ကာရာအိုကေသွားတာတို့၊ ဂိမ်းကစားတာတို့၊ ဖဲရှုံးတာတို့ကို ခါးပိုက်နှိုက်ခံရတယ်၊ ငွေလုခံရတယ်ဆိုပြီး ပြောတတ်ကြပါတယ်။
သဲအင်းဂူဆရာတော်ကြီး အတ္ထုပ္ပတ္တိဖတ်တုန်းက ဓားပြတိုက်တုန်းက အကြောင်းတွေ ရေးထားတာ ဖတ်ဖူးတယ်။ :hee:
ဆူး
May 20, 2013 at 10:19 am
ငါးခြောက်တွေ သဘာဝ ခြောက်တာလား.. ယမ်းစိမ်းပါလားဟင်.. ဟိဟိ..
ယမ်းစိမ်းမပါ.. ဆားပါးပါး နယ်ပြီး နေ့ချင်းခြောက်တဲ့ ငါးရံ့ခြာက်လေးဆိုရင် ရှလွတ်..
မျက်စိကလည်း မြင်တတ်ပါ့နော်.. မြင်ဆို ပုံပြထားတာ ဆိုတော့..
အပြင် လောကကြီး အကြောင်း သိပ်မသိသေးလို့.. အပြင်လောကကြီးမှာ ရှိတဲ့ လူလိမ်တွေ အကြောင်း ဖတ်ပြီး ဗဟုသုတ အဖြစ် မှတ်သားသွားပါကြောင်း။
Ma Ma
May 20, 2013 at 4:46 pm
ငါးတွေကို ဆားနဲ့ ယမ်းစိမ်းနဲ့ ရောစိမ်ပြီးမှ လှန်းကြတာချည်းပဲများပါတယ်။
ငါးခြောက်လှန်းတဲ့သူတွေကို သဘာဝအတိုင်း ယမ်းစိမ်းမသုံးဖို့ စည်းရုံးရေး ဆင်းဖူးတယ်။
သဘာဝအရောင်ဆိုရင် ငါးလတ်ဆတ်မှ ပန်းရောင်ကြည်ကြည်လေး ဖြစ်နေမှာ။
ဆားပေ့ါရင် ငါးအသားမတင်လို့ တွက်ခြေမကိုက်ကြဘူးလေ။
ဒါ့အပြင် စားသုံးသူတွေက အမြင်မှာ နီပြီး လှနေမှ ဈေးကောင်းပေးကြတာဆိုတော့…
လုပ်တဲ့သူတွေကလည်း …
ငါးအသားတင်အောင် ဆားများများထည့်။
ဆားများရင် အရောင်ဖြူပြီး မလှမှာမို့ အရောင်လှအောင် ယမ်းစိမ်းထည့်ကြတယ်။
တော်ရုံ ငါးမလတ်လည်း ယမ်းစိမ်းထည့်တော့ အရောင်လှသွားတယ်။
အချို့အချို့သော အကောင်းကြိုက်သူများကတော့ ဘယ်သူတွေ ဘယ်လိုလုပ်လုပ် ကိုယ့်ပစ္စည်ကိုယ် ကောင်းအောင် လုပ်နေကြသူတွေ (အင်မတန်နည်းပါးသော အရေအတွက်သာ) တော့ ရှိပါသေးတယ်။
နောက်ကြုံရင် အမြည်းကျွေးပါအုံးမယ်။ :hee:
ဆူး
May 21, 2013 at 9:40 am
ငါးက ဆားနည်းနည်းပဲ နယ်ထားတာ တနေ နဲ့ မခြောက်ခဲ့ရင် နောက်နေ့ ယင်ဥ တဲ့ ပြသနာ ရှိတယ်လို့ ကြားဖူးတယ်။
Ma Ei
May 21, 2013 at 11:01 am
လိမ်နည်းတွေထက် ငါးရံ့ခြောက်ကြီးတွေ ပိုစိတ်ဝင်စားမိလို့ ခွင့်လွှတ်ပါ မမရေ…
ငယ်စဉ်က အဖိုးအဖွားတွေရှိတဲ့ ဒိုက်ဦးကိုသွားရင် အဖွားက ငါးရံ့ခြောက်ကိုယ်တိုင်ခွဲ၊
ငါးရံ့အူကိုနံနံပင်လေးနဲ့ချက်၊ငါးရံ့ခေါင်းတွေ စပါးလင်လေးနဲ့ မွှေးနေအောင်ချက်ပေးတာတွေ
သတိရလို့ အဖွားကို လွမ်းမိသွားပြီ…
:byae: