Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဒါလေးလည်း ဖတ်စေချင်တာ။

Kyi LwinAugust 9, 20131min3324

ငွေရတုပွဲကြီး ဝှဲချီးကျင်းပနေချိန်မှာ ဒီဆောင်းပါးလေးဖတ်ဖြစ်တယ်။ စဉ်းစားစရာလေးတွေပါတယ်။ ဖတ်သင့်တယ်ထင်လို့ ကူးယူဝေမျှပါတယ်။

၈၈ တို့ ဘယ်သွားမလဲ

မကြာသေးမီက ဖေ့စ်ဘွတ်စာမျက်နှာကနေ ABSDF အဖွဲ့ဝင်ဟောင်း ကိုသီရိညွန့် ရှစ်လေးလုံးငွေရတုနဲ့ပတ်သက်ပြီး ရေးလိုက်တဲ့ သူ့သဘောထားကို ဖတ်ရတယ်။ မိမိတို့ရည်မှန်းချက် ပြီးဆုံးအောင်မြင်အောင် မဆောင်ရွက်နိုင်သေးဘဲ၊ ကျဆုံးသွားသူတွေ၊ ခန္ဓာကိုယ် စွန့်လွှတ်ခဲ့သူတွေ၊ ဒီနေ့အထိ တောထဲတောင်ထဲ၊ ကတုတ်ကျင်းတွေမှာ ဒုက္ခခံရပ်တည် နေကြသူတွေကို အားနာလို့ ပြည်တွင်းက ရှစ်လေးလုံး ငွေရတုပွဲကြီးကို မတက်ရောက်နိုင်တဲ့အကြောင်း၊ အဝေးကပဲ အမျှဝေ ကုသိုလ်ကောင်းမှုပြုလုပ်သွားမယ်လို့ ရေးထားတာ ဖတ်ရတော့ကိုယ်နဲ့ စိတ်တူကိုယ်တူ ခံစားချက်တူ ရဲဘော် တွေအများကြီး ရှိနေတာပဲလို့ ပီတိရင်ဘတ်နဲ့ခံစားပြီး ကျေနပ်ခဲ့ရတယ်၊ ဝမ်းသာ ဝမ်းနည်းလည်း ဖြစ်ရတယ်။

လွန်ခဲ့တဲ့ ဇွန်လက ကိုမိုးသီးဇွန်က အီးမေးလ်ပို့တယ်။ “ကိုမွန်းအောင်နဲ့ ခင်ဗျားကို ငွေရတုဖိတ်ချင်တယ်၊ အထဲက အဖွဲ့ပေါင်းစုံက ကျနော့ကို ပြောလာလို့ ဖိတ်ကြားရေးတာဝန်ယူနေတယ်။ ခင်ဗျားတို့တက်မယ်ဆို ဖိတ်စာပို့ပေးလိုက် မယ်” လို့ ရေးထားတယ်။ အဲဒီအချိန် ကိုမွန်းအောင် က ဂျာမဏီရောက်နေလို့ သူ့ကို စာရေးအကြောင်းကြားလိုက်တယ်၊ ကိုမွန်းအောင် နော်ဝေးပြန်ရောက်တော့ “အောင်ပွဲရလို့ ကျင်းပနိုင်တဲ့ ပွဲမှမဟုတ်ဘဲဗျာ၊ ပြီးတော့ ညီလာခံကနေ ရလဒ် ကောင်းတွေပေါ်လာဖို့၊ မှန်ကန်တိကျတဲ့ လုပ်ငန်းစဉ်တွေ ပေါ်လာဖို့က ပိုအရေးကြီးပါတယ်၊ ပျော်ပျော်ပါးပါး ဆုံစည်းတ ဲ့ပွဲမျိုး မဖြစ်သင့်ဘူး၊ ကျဆုံးသွားတဲ့ ရဲဘော်တွေနဲ့ နဂိုရည်မှန်းထားတဲ့ ပန်းတိုင်လည်း မရောက်သေးတော့ သွားဖို့မ ဝံ့ရဲ ဘူးဗျာ” လို့ ပြောပါတယ်။ ကျနော်ကိုယ်တိုင်လည်း အစောကတည်းက သွားဖို့မဖြစ်နိုင်ဘူးဆိုတာ ဆုံးဖြတ်ပြီးသားမို့ ကိုမိုးသီးဇွန်ကို သတိတရဖိတ်တာ ဝမ်းသာကျေးဇူးတင်ပေမဲ့ ကျနော်တို့ မတက်နိုင်တော့ကြောင်း ဖုံးဆက်ပြောပြတယ်။

ငွေရတုမနွှဲနိုင်တဲ့ ပြည်ပရောက် ၈၈ တွေ

ပြည်ပရောက်တွေထဲက မသွားနိုင်ကြသူတွေက လူအမျိုးမျိုး အကြောင်းအထွေထွေ ရှိကြမှာပါ။ ဥပမာ..တချို့ကလည်း မိမိယုံကြည်ချက် ကြောင့်၊ တချို့က ငွေရေးကြေးရေး၊ တချို့ မိသားစုပြဿနာ၊ တချို့ အလုပ်အကိုင်အခြေအနေ၊ တချို့ လည်း နိုင်ငံကူးလက်မှတ်ပြဿနာ စတဲ့ပြဿနာတွေထဲက တခုခုဖြစ်စေ၊ စုပြုံပြီးဖြစ်စေ အခြေအနေအမျိုးမျိုးရှိမှာပါ။သွားနိုင်သူတွေအတွက် ဝမ်းသာပါတယ်၊ သမတ ဦးသိန်းစိန် က သေသေချာချာ ဥပဒေနဲ့၊ တရားဝင်ကြေငြာချက်နဲ့၊ တာဝန်ခံမှုနဲ့ ခေါ်တာမဟုတ်တာတောင် အူယားဖားယား ပြေးဝင်နေတဲ့အချိန် အခုလို ကိုယ့်မျိုးဆက် နိုင်ငံရေးသမား တွေက ငွေရတုနွှဲဖို့ခေါ်တာမျုး ဆိုတော့ အာဏာရှင် ဝန်ကြီးချုပ်ဘဝပြောင်း သမတရဲ့ လက်ကမ်းမှုထက် စာရင် ဂုဏ် သိက္ခာရှိ တယ်လို့ ပြောနိုင်ပါတယ်။

မူလရည်မှန်းချက် မမေ့နဲ့

နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး နယ်ပယ်အသီးသီးမှာ မှန်းချက်နဲ့နှမ်းထွက် မကိုက်တာမျိုး ရှိတတ်ပါတယ်။ ကိုယ်ရည်မှန်း တာမျိုး ခုချက်ချင်း တင်းပြည့်ကျပ်ပြည့်ဖြစ်ရမယ်လို့ မျော်လင့်လို့မရပါ။ အခြေအနေ အကြောင်းတရား အမျိုးမျိုးရှိကြမှာ ပါ။ ဒါပေမဲ့ “ငါတို့မျှော်လင့်တဲ့အတိုင်း မဖြစ်တော့ဘူး၊ သူတို့ခင်းတဲ့လမ်းအတိုင်းပဲ ရေလိုက်ငါးလိုက် လျှောက်ကြတာ ပေါ့” တို့၊ “ဖြစ်သမျှအကြောင်း အကောင်းချည်းပဲ၊ ဖြစ်ချင်တာ မဖြစ်လာတော့၊ ဖြစ်သင့်တာပဲ လုပ်ရမှာပေါ့” တို့၊ “ပါးပါးနပ်နပ် လိမ်လိမ်မာမာနဲ့ အသာချော့ပေါင်းပြီး အကျိုးရှိအောင် လုပ်ရမှာပေါ့” ဆိုတဲ့ အတွေးအခေါ်တွေကိုတော့ ကျနော်တို့ လက်မခံပါ။ အဲဒါ ကိုယ့်ရည်မှန်းချက်ကို ဘယ်တော့မှ အကောင်အထည်မပေါ်လာနိုင်စေတဲ့ အလျှော့ ပေးရေး လမ်းစဉ်၊ ပျော့ညံ့တဲ့ ရေသာခိုစိတ်ဓာတ်၊ ကိုယ်ကျိုးရှာ အချောင်သမားစိတ်ဓာတ်တွေကို မြားဦးလှည့်သွားနိုင်ပါတယ်။

အနှစ် ၂ဝ ကျော် တိုက်ပွဲဟာ အချည်းနှီးမဖြစ်ခဲ့ဘဲ တိုက်ပွဲနည်းဗျူဟာတွေ ပြောင်းသွားတာကိုတော့ အားလုံးလက်ခံကြ သလို ၈၈ ကကျနော်

တို့ မှန်းထားခဲ့တဲ့ရည်ရွယ်ချက်တွေ မပြည့်သေးဘူးဆိုတာလည်း အားလုံးသိကြပါတယ်။ ၈၈ ရဲ့ အခြေခံကျကျ ရည်မှန်းချက်တွေက
(၁) အာဏာရှင်စနစ် အကုန်အစင်ဖျက်သိမ်းရေး၊
(၂) စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ပေါ်ထွန်းရေး၊
(၃) အဖိနှိပ်ခံပြည်သူတို့လွတ်မြောက်ရေးတို့ ဖြစ်တယ်။
နောက်ပိုင်း နိုင်ငံရေးရည်မှန်းချက်ထဲမှာ တိုင်းရင်းသားပေါင်းစုံ စစ်မှန်တဲ့ ဖယ်ဒရယ်ပြည်ထောင်စုစနစ် ပေါ်ထွန်းရေးတို့ ပါလာတယ်။ အခု အဲဒီ အခြေခံရည်မှန်းချက်တွေ ဘယ်နှစ်ခုများ ပြည့်စုံပြီလဲ မေးခွန်းထုတ်ကြည့်ပါ။ အဖြေကရှင်းတယ်၊ တခုမှ မပြည့်စုံသေးဘူး။

၈၈ ကနေ ဘာတွေရခဲ့လဲ

၂၅ နှစ်တာကာလမှာ အချည်းနှီးမဖြစ်ခဲ့ဘူးဆိုတာက ကျနော်တို့ပြည်သူတွေ အဖိနှိပ်ခံ၊ အဆင်းရဲခံ၊ သည်းညည်းခံပြီး အံကြိတ်လှုပ်ရှား လာခဲ့တဲ့၊ အသွေးတွေ၊ အရိုးတွေ၊ စိတ်ဓာတ်တွေနဲ့ ခင်းကျင်းပေးလိုက်တဲ့ ဒီမိုကရေစီလမ်းမပေါ်၊ တလျှောက်လုံး ဒီမိုကရေစီကို အဆိုးမြင် နဲ့ပုံဖျက်ခဲ့ကြတဲ့ အာဏာရှင်တွေ မိချောင်းတွားသွား လှိမ့်တက်လာရတာပဲ ဖြစ်တယ်။ မချိသွားဖြဲနဲ့ ဒီမိုကရေစီဆိုတဲ့ ဝေါဟာရကို ကမ္ဘာကြီး နဲ့လိုက်မီအောင် သုံးစွဲလာရတာပဲ ဖြစ်တယ်။ ဒီမိုကရေ စီကို ကာကွယ်စောင့်ရှောက်မယ့် အာဏာရှင်စနစ်ကို တိုက်ဖျက်နေမယ့် တော်လှန်တဲ့ လူတန်းစားတရပ် ပြည်သူတွေ ကြားမှာ အဆင်သင့်ဖြစ်ထွန်းလာတယ်။ မြန်မာ့နိုင်ငံရေးကစားပွဲကို နိုင်ငံတကာပရိဿတ်က သေချာကြည့် နေတယ်။ အသိသာဆုံးကတော့ မြန်မာပြည်မှာ အာဏာရှင်စနစ်ကို ဘယ်ခေတ်ကာလမှ လက်မခံနိုင်၊ သည်းညည်းမခံနိုင်တော့တဲ့ အထိ ပြည်သူတွေက အာဏာရှင်တွေကို ရွံရှာသွားတယ်။

ဘာတွေဆုံးရှုံးခဲ့သလဲ

ဆုံးရှုံးတာတွေကအများကြီး။ အုပ်ချုပ်ရေးစနစ်မကောင်းတာကြောင့် ထင်သာမြင်သာမှုတွေက အမျိုးသားညီညွတ်ရေး ဆုံးရှုံးတယ်၊ တိုင်းရင်းသားစည်းလုံးရေး ပြိုကွဲတယ်၊ တိုင်းပြည်ရဲ့ ပညာရေး၊ တရားဥပဒေနဲ့ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ သယံဇာတ အရာရာ ကစဥ့်ကလျားနဲ့ နိမ့်ပါးသွားတယ်။ ချက်ချင်းမမြင်နိုင်တဲ့ ဆုံးရှုံးမှုတွေက နိုင်ငံတော် လုံခြုံရေး၊ ပြည်သူတွေရဲ့စာရိတ္တမဏ္ဍိုင်၊ ပြည်ပဩဇာ သက်ရောက်မှုနဲ့ လူသားအရင်းအမြစ် ဆုံးရှုံးမှုတွေ ဖြစ်တယ်။ ပြီးတော့ မပြောမဖြစ်ပြောရမှာက ကျနော်တို့ ဒီမိုကရေစီ အင်အားစုတွေ ပြိုကွဲတယ်။ တချိန်က ပြည်ပ မီဒီယာတွေမှာ မိုးဦးကျ ဖားတွေလို တအုံးအုံးတအွမ်အွမ်နဲ့ အော်နေသူတွေ အစိုးရခါးပိုက်ထဲရောက်သွားလို့ အရိုးနင်နေတယ်။ ဒီထက်မကတဲ့ ဆုံးရှုံးမှုတွေ အမြားကြီးရှိအုံးမယ်။

ရည်မှန်းချက်နဲ့ ဘာတွေလွဲနေလဲ

ကျနော် အဆိုးမြင်သမားမဟုတ်သလိုအကောင်းချည်းလည်းမမြင်တတ်ပါ။ အရှိတရားအတိုင်းပဲ ပြောချင်ပါတယ်။ရှစ်လေးလုံးက ရည်မှန်းချက် တွေ ဒီနေ့ထိလက်တွေ့ဖြစ်မလာသေးဘူး။ပြည်ပကလှမ်းမျော်ကြည့်တဲ့ ကျနော့်ထက် ပြည်တွင်းကနိုင်ငံရေးသမားတွေ ပြည်သူတွေ အများကြီး

သိပါတယ်။ နဂိုရည်မှန်းချက်တွေထဲက အာဏာရှင်စနစ် တိုက်ဖျက်ရေးကိုပဲ ပြန်လေ့လာကြည့်ပါ။ လွန်ခဲ့တဲ့ ၂၆ နှစ်က တပါတီအာဏာရှင် စနစ်ကို ပြည်သူတွေက တဗိုလ်တက် တဗိုလ်ဖြုတ် အောင်ပွဲခံခဲ့ကြပေမယ့် ဒီကနေ့ ၂၅ နှစ်ထိ တဗိုလ်ပြီးတဗိုလ်တက်လာတဲ့ စစ်အာဏာရှင်ဟောင်းတွေက သူတို့သဘော သူတို့ဆောင်ပြီး အုပ်ချုပ်နေဆဲ ဖြစ်တယ်။ ပြည်သူတွေကို မျက်လှည့်ပြ အုပ်ချုပ်တုန်းပဲ။ ဘောလုံးစကား နဲ့ ပြောရရင် တဘက်ပြိုင်ဘက်အသင်းဟာ ကွင်းကလည်းသူ့ကွင်း၊ သေချာလေ့ကျင့်ပြင်ဆင်ထားတဲ့ ကစားသမားတွေ၊ ခွန်အားလည်းကောင်း၊ သက်လုံလည်းကောင်း၊ နောက်တန်းလည်းလုံတယ်၊ တိုက်စစ်လည်းဆင်နိုင်တယ်၊ ကိုယ့်ကစား ကွက်နဲ့ကိုယ် အချိတ်အဆက်လည်းမိတယ်၊ လူခွဲပြီးလည်း ကစားတယ်၊ အရံလူလည်း ပြည့်စုံတယ်၊ အသင်းကိုလည်း ခရိုနီတွေ ဓနအားနဲ့ မွန်းမံထားတယ်၊ ကဲ .. ဘာကျန်သေးလဲ။ မိမိတို့ အင်အားစုတွေမှာကရော? ဆက်မပြောလိုပါ၊ စောစောက ဘောလုံးအသင်းနဲ့ ဆန့်ကျင်ဘက်ဖြစ်နေမယ်ဆိုတာ ကိုယ့်ဖာသာပဲ ဆက်ပြီးတွေးကြည့်ကြပါ။

ဒီမိုကရေစီစနစ် ထူထောင်ရေးကို ဆန်းစစ်ရင်လည်း ဒီမိုကရေစီကို ဦးတည်မယ့် အရပ်သားအစိုးရလို့ နာမည်ကင်ပွန်း တပ်ထားတာ (၃) နှစ်ကျော်လာပေမယ့် စစ်အစိုးရခေတ်မှာတောင် မဖြစ်ဖူးတဲ့၊ တရားဥပဒေမဲ့ လုပ်ရပ်တွေ၊ အကြမ်းဖက် သတ်ဖြတ် ဆူပူလှုံ့ဆော်မှုတွေ တွေ့ရတယ်။ ပြည်သူတွေရဲ့ အခြေခံရပိုင်ခွင့်က၊ ဘယ်ဆီနေမှန်းမသိသေးခင် လူ့အခွင့် အရေးကို ပျက်ရယ်ပြုသံတွေက ပိုပြီးကျယ်လောင် လာတယ်။ မီဒီယာလွတ်လပ်ခွင့်ရှိနေပြီဆိုလို့ဝမ်းသာလို့ကောင်းတုံး၊ မီဒီယာအဖွဲ့အစည်းရဲ့ သဘောထားကိုဆန့်ကျင်တဲ့ နှိပ်ကွပ်ရေး ဥပဒေ ကို၊ လွှတ်တော်က တဖက်သပ် အတည်ပြုလိုက် တယ်။ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှုရှိရမယ်ပြောပြီး ဝန်ကြီးတွေနဲ့ လွှတ်တော်ဥက္ကဋ္ဌ ကိုယ်တိုင် မိမိတို့ပိုင်ဆိုင်မှုကို ဖော်ပြဖို့ ငြင်းဆန်နေတယ်။ လူနှစ်သိန်းနီးပါးသေဆုံးခဲ့တဲ့ နာဂစ်မုန်တိုင်းကို လျစ်လျူရှုပြီး မတရားအတည် ပြုခဲ့တဲ့ အာဏာရှင်ဝါဒ သက်ဆိုးရှည်ရေးနဲ့ စစ်ရာဇဝတ်မှုအကာအကွယ်ပေးရေး ၂ဝဝ၈ ဖွဲ့စည်းပုံကို ပြင်ဖို့ကလည်း နောက်ထပ် ဘုရားတဆူပွင့်ရအုံးမယ်။

ရှစ်လေးလုံး ရည်မှန်းချက်တခုဖြစ်တဲ့ အဖိနှိပ်ခံပြည်သူတွေ လွတ်မြောက်ရေး ဆိုတာကလည်း ကောင်းကင်က ကျလာ တဲ့ အပ်နဲ့ မြေကြီး ပေါ်ထောင်နေတဲ့အပ် ထိမိမှ ဖြစ်မယ့်ကိစ္စလိုလို။ အစိုးရသက်တမ်းတခုက ကုန်တော့မယ်၊ လယ် သမားတွေ လယ်ထွန် စရာမြေ မရှိသလို အလုပ်သမားအခွင့်အရေး တောင်းဆိုမှုက ရှိနေတုန်း။ မမြင်ရတဲ့ ခန္ဓာကိုယ် ထဲက အစိတ်အပိုင်းတွေနဲ့ ရောဂါကိုဓာတ် ရောင်ခြည်တွေနဲ့ ခွဲစိတ်နေတဲ့အချိန် ပြည်သူတွေက မမြင်ရတဲ့တန်ခိုးရှင် တွေကို ဆုတောင်းပြီး ကုနေရတယ်၊ မဆလ ခေတ်ကတည်းက တနိုင်ငံလုံးစာတတ် မြောက် ပြီဆိုပေမယ့် ကကြီး ခခွေး ပုတ်လောက်ရေးပြလို့ ဘာမှန်းမသိသူတွေ၊ ကိုယ့်တိုင်းရင်းသားစာတောင် ကိုယ်မသင်နိုင်တဲ့ဘဝတွေက ရှိနေတုန်း။ တိုင်းရင်းသားပြည်သူတွေဟာ မြန်မာပြည်က၊ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ မလောက်ငှလို့၊ ထိုင်း၊ တရုတ်၊ အိနိ္ဒယ မလေးရှား နိုင်ငံတွေအထိ အပိုဆုတွေယူနေရတယ်။

၈၈ ခေါင်းဆောင်မှုနဲ့ ဒီကနေ့ ခေါင်းဆောင်မှု

၈၈ က မိမိကိုယ်ကို မိမိကိုယ်မိမိပြဋ္ဌာန်း၊ မိမိကိုယ်ကိုမိမိတာဝန်ယူပြီး မိမိတို့ဖာသာ အခြေအနေသုံးသပ် လှုပ်ရှားခဲ့ကြ တယ်။ ၁၃ဝဝ ပြည့် အရေးတော်ပုံလို ဘယ်ခေတ်နဲ့မှမတူတဲ့ တမျိုးသားလုံးညီညွတ်မှုကို ရခဲ့တယ်။ အာဏာရှင်တွေ စိတ်ဓာတ် ကစဥ့်ကလျား ဖြစ်ပေါ်စေတယ်။ တိုက်ပွဲထဲက လူထုကို ဦးဆောင်နိုင်တဲ့ ခေါင်းဆောင်တွေပေါ်လာတယ်။ တော်လှန်တဲ့ အလွှာအသီးသီးမှာ ခေါင်းဆောင်တွေပေါ်လာတယ်။ ဒါပေမဲ့ အတွေ့အကြုံနဲ့ သမိုင်းသင်ခန်းစာတွေ အရမယူနိုင်ခဲ့လို့ တော်လှန်ရေးဟာ ခြေကုန်လက်ပမ်းကျခဲ့တယ်။ ဆန့်ကျင်ဘက် အင်အားစု အပေါ် အချိန်ပေးပြီး လက်ဦးမှုလည်းမယူနိုင် ယုံကြည်မှုနဲ့ ညီညွတ်မှုကိုလည်း မတည်ဆောက်နိုင်လို့ အင်အားတွေ ပြိုကွဲခဲ့တယ်။ ဒီနေရာမှာ တဖက်အင်အားစုရဲ့ ရက်စက်မှု၊ ပြင်းထန်တဲ့နှိမ်နင်းမှုနဲ့ အာဏာကို အမိအရဆုတ်ကိုင်လိုမှုတွေက ပိုပြီး အခရာကျပါ တယ်။

NLD ရဲ့ မျက်မှောက်အနေအထား

ဒီကနေ့နိုင်ငံရေးခေါင်းဆောင်တွေဟာအတွေ့အကြုံနဲ့ စိတ်ဓာတ်ရေးရာကို အထူးအထွေပြောစရာမရှိပေမဲ့ မိမိအင်အားကို မိမိတို့ ခိုင်မာအောင်

မတည်ဆောက်နိုင်တာကို မျက်ဝါးထင်ထင် မြင်နေရတယ်။ ဥပမာ NLD ပါတီဟာ ရှစ်လေး လုံးက မွေးထုတ်ပေးတဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ ဖြစ်တယ်။ ကျောင်းသားလူငယ်တွေတောခိုပြီး ပါတီပေါ်လာတာဖြစ်ပေ မဲ့ သူတို့ရဲ့ တပ်ဦးပါတီလို သဘောထားခဲ့ကြတယ်၊ အားပေးပံ့ပိုးခဲ့ကြတယ်၊ စည်းရုံးမဲဆွယ်ပေးကြတယ်၊ နောက်ဆုံး ဒီမိုကရေစီတိုက်ပွဲအတွက် အားကောင်းမောင်းသန်ပါတီတခုဖြစ်အောင် ဝန်းရံပြီး သံတမန်လောက၊ မီဒီယာလောကထဲပါ မကျန် ထိုးဖောက် မြှင့်တင်ခဲ့ကြတယ်။ ပြည်ပရောက်တွေ၊ ပြည်တွင်းအင်အားစုတွေဟာ NLD ပါတီဝင်တွေမဟုတ်ပေမဲ့ အစွမ်းရှိသမျှ တပ်ဦးအလံကို အမြင့်ဆုံးရောက်အောင် လွှင့်ထူခဲ့ကြတယ်။ ဒါပေမဲ့ နောက်ဆုံးမှာ သစ္စာဖောက် တာ ခံလိုက်ရတယ်လို့တောင် ခတ်ကြမ်းကြမ်းဝေဖန်ကြတယ်။

ပြည်ပရောက် ၈၈ ကျောင်းသားလူငယ်တွေဟာ NCGUB အမျိုးသားညွန့်ပေါင်းအစိုးရရဲ့ အလေးမထား၊ လျစ်လျူရှုတာ လည်းခံရ၊ NLD ရဲ့ ပြစ်ပယ်မှုလည်းခံခဲ့ရတယ်။ ဒီကနေ့ NLD ဟာ ခေါင်းတခြား ကိုယ်တခြား ရွေ့နေတယ်။ ညီညွတ်မှု ပျက်ပြားနေတယ်၊ မိမိတို့ပါတီထဲမှာတောင် အဆက်အစပ်လည်းမရှိ၊ ပါတီတွင်းစည်းရုံးရေးလည်းမရှိ၊ မဟာမိတ်အဖွဲ့တွေ၊ ညီနောင်အဖွဲ့တွေနဲ့လည်း တသီးတခြား နေပြီး ပူးပေါင်းဆောင်ရွက်မှုလည်း မရှိသလောက် ဖြစ်နေတယ်လို့ အားမလိုအားမရ ဝေဖန်သံတွေကြားရတယ်။ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပါတီကို ပြန်လှည့်မကြည့်နိုင်။ လွှတ်တော်ရေးရာကိစ္စ၊မိမိတာဝန်ယူထားတဲ့အဖွဲ့အစည်းကိစ္စ၊ အစည်းအဝေး တွေ၊ ဧည့်သည်တွေနဲ့ လုံးချာရိုက် နေပြီ။ NLD ပါတီထဲမှာလည်း အရည်အချင်းကနည်းသလို ဗျူရိုကရက်အုပ်ချုပ်ရေးဆန်ဆန်တွေလည်း ပေါ်ပေါက်နေ တယ်။ အသေးစိတ်မဖော်ပြလိုပါ၊ ဥပမာ ပါတီတွင်းအစည်းအဝေးနဲ့ ဆုံးဖြတ်ချက်တွေ၊ ဆက်ဆံရေးတွေ၊ အရေးယူမှုတွေ ကို လေ့လာရင်မြင်နိုင်တယ်။

ဆယ်ရီဗရယ်တီ ရှစ်လေးလုံးမျိုးဆက်

“အုတ်ရောရောနဲ့ ကျောက်ရောရော မောင်ဒီလိုနေတာကို ×× ပျိုးလေးမိ အံ့ဩပါတယ် ×× ရောတိရောရာ ×× ရောဆရာကြီးရယ် ××

ဆိုတဲ့ ရေဒီယိုအဆိုတော်ဒေါ်တင်တင်မြရဲ့ “ယောဆရာကြီး” သီချင်းပဲဆိုပြရမလို ဖြစ်နေတယ်။ အခမ်းအနားမှန်သမျှ သူတို့မပါပွဲမစည်။ ဂီတပွဲတော်၊ စာအုပ်ဖွင့်ပွဲ၊ ပြခန်းဖွင့်ပွဲ၊ ဆုပေးပွဲ၊ စာပေဟောပြောပွဲ၊ အလှူမင်္ဂလာနဲ့ နာမည်ပေးကင် ပွန်းတပ်ကအစ သူတို့မပါမဖြစ်လေတော့ အဆိုတော်တွေနဲ့ မော်ဒယ်တွေ၊ ဖက်ရှင်မယ်တွေထက် မျက်နှာပွင့်တဲ့ ဆယ်ရီဗရယ်ဒီတွေ ဖြစ်နေတယ်လို့ အထဲကမိတ်ဆွေတွေက ပြောပြ တယ်။ ဝမ်းနည်းစရာကောင်းတာက ပြည်သူတွေ ကယ်သူမဲ့ အခွင့်အရေးမဲ့နေတဲ့ကိစ္စတွေမှာ တက်တက်ကြွကြွ မပါနိုင်တော့တာပဲ ဖြစ်တယ်။ အစိုးရနဲ့ ပလဲပနံသင့် အောင် အားထုတ်နေရတယ်၊ ခရိုနီတွေ၊ NGO တွေနဲ့ အသက်ဆက်နေရတယ်။ အစိုးရ မျက်နှာတော်ညိုမှာကို စိုးရိမ်နေ ကြပြီး မတရားအဖိနှိပ်ခံတွေနဲ့ ဖိနှိပ်သူတွေကြားက လေချိုသွေး လှုပ်ရှားနေရတယ်လို့ သိရတယ်။ တချိန်က ပြည်ပအင် အားစုတွေနဲ့ NGO တွေ လုံးထွေးပြီး မျက်စေ့လည်လမ်းမှားသလို ဒီကနေ့ ပြည်တွင်းအင်အားစုတွေလည်း ရွာလည်နေ တယ်လို့ သတင်းထွက်နေတယ်။ သူတို့ ပြည်ပခရီးစဉ်တွေထွက်လာတော့ အများက ဩဘာပေးကြတယ်၊ အတွင်း အပြင် ချိတ်ဆက်မှုတွေ ကျကျနန လုပ်နိုင်တော့မယ်၊ အပြင်က နိုင်ငံရေးအတွေးအမြင်တွေနဲ့ အထဲက အနေအထား တွေကို ချိန်ဆနိုင်လိမ့်မယ်လို့ အများက တွေးထင်ထားကြတယ်။

တကယ်လက်တွေ့မှာတော့ နိုင်ငံရေးအကြောင်းဆိုလို့ မျက်နှာစုံညီ ဟောပြောပွဲနဲ့ တီဗီ ရေဒီယို အင်တာဗျူးတွေ လောက်သာ အချိန်ပေးပြီး ပြည်ပမှာ အမှန်တကယ်လှုပ်ရှားနေသူတွေနဲ့ ဘာမှ ဟုတ်တိပတ်တိ ဆွေးနွေးသွားတာ မရှိဘူးလို့ သိရတယ်။နီးစပ်ရာ စတော်ခေါ်၊ မြှောက်ထိုး ပင့်ကော်သမားတွေနဲ့ လုံးထွေးကြည်ဖြူကြတဲ့ အတွင်းသတင်းတွေ ပြန်ကြားရတယ်။ ဒါပေမယ့် ၈၈ မျိုးဆက်တွေအတွက် ဒီကာလမှာ တခြား လမ်းရွေးစရာမရှိပါ။ နိုင်ငံရေးလုပ်မယ်ဆို နိုင်ငံရေးသတ္တိ မွေးရပါ့မယ်။ လက်ပံတောင်းမှာ ဒေါ်အောင်ဆန်းစုကြည် ပြောတာ မှတ်မိသေးတယ်။ “နိုင်ငံရေးလုပ် တယ်ဆိုတာ လူကြိုက်များအောင်လုပ်တာ မဟုတ်ဘူး၊ နိုင်ငံကောင်းကြောင်းကို ရွေးချယ်လုပ်တာ ဖြစ်တယ်၊ ကိုယ့်နိုင်ငံကောင်းဖို့ဆို အမုန်းခံပြီး လုပ်ရဲတဲ့သတ္တိလည်း ရှိရမယ်”။

နိုင်ငံရေးလုပ်ချင်ရင် ပါတီထောင်ပါ

ဗိုလ်ချုပ်အောင်ဆန်းလည်းကျောင်းသားသမဂ္ဂအမှုဆောင်လှုပ်ရှားမှုကနေတက္ကသိုလ်ပရဝုဏ်ထွက်ပြီး ဒို့ဗမာအစည်း အရုံးဝင် သခင် နိုင်ငံရေး သမားဘဝကိုခံယူတယ်။လက်တွေ့ကျတဲ့နိုင်ငံရေးသာတလျှောက်လုံးလုပ်သွားတယ်၊လွတ်လပ်ရေးတိုက်ပွဲတလျှောက်တော်လှန်ရေးသမား၊

အတိုက်အခံ နိုင်ငံရေးခေါင်းဆောင် ဘဝကနေ ဂျပန်အစိုးရထဲ မှာရော၊ အင်္ဂလိပ် အစိုးရထဲမှာရော အတွေ့အကြုံတွေ အရယူတယ်၊ နိုင်ငံရေးအာဏာရအောင်ယူတယ်၊ နိုင်ငံရေးသမား ဟောင်းတွေနဲ့ ပေါင်းရဲတဲ့သတ္တိလည်းရှိတယ်။ လူမှန်နေရာမှန်လည်း ရွေးချယ်တတ်တယ်။ ကျနော်တို့ မျိုးဆက်တွေဟာ အသက် (၅ဝ) တန်းထဲရောက်နေပြီ။ ရင့်ကျက်တဲ့ အတွေ့အကြုံနဲ့ ဖြတ်သန်းမှုလည်း ရှိကြတယ်။ စိတ်ပိုင်းရော၊ ရုပ်ပိုုင်းပါ အဖွံ့အဖြိုးဆုံးအချိန် ဖြစ်တယ်။ စွန့်လွှတ် အနစ်နာခံမှုတွေကလည်း အတိုင်းအတာ တစုံတရာအထိ ရှိနေကြတယ်။ တိုင်းချစ်ပြည်ချစ်စိတ်နဲ့အတူဒီလူတွေရဲ့တိုင်းပြုပြည်ပြုစိတ်ဓာတ်ကိုပါ ကျနော်တို့အကြွင်းမဲ့ယုံကြည်တယ်။ဘဝရဲ့ အားအကောင်းဆုံးကာလ

တွေကို လက်တွေ့ကျတဲ့ ဖော်ဆောင်မှုတွေဆီ ဦးတည်သင့်တယ်။ နိုင်ငံရေးလုပ်မယ်ဆို ယောဆရာကြီးဘဝကို ကျေနပ်နေလို့ မဖြစ်ပါ။ စင်အောက်ကလက်ခုတ်သံတွေမှာ မိန်းမောနေလို့မရပါ။ ကျနော်တို့ မျော်မှန်းတဲ့ ဒီမိုကရေစီနိုင်ငံဆီ ဦးတည်နိုင်ဖို့ ကျနော်တို့မှာ တရားဝင် လုပ်ပိုင်ခွင့် တွေ ရှိဖို့လိုတယ်၊ အခွင့်အာဏာရဖို့ လိုတယ်။ နိုင်ငံရေးအာဏာရှိမှ နိုင်ငံသစ်ကို အပြောင်းအလဲလုပ်ပေးနိုင်မှာ ဖြစ်တယ်။ နိုင်ငံရေးသမားဟာ နိုင်ငံရေး အာဏာအတွက် နိုင်ငံရေးပါတီထောင်ရုံကလွဲလို့ အခြားမရှိပါ။

ငွေရတုမှာ ဘာလုပ်မှာလဲ

၂၅ နှစ်ခရီးဟာ ဒဏ်ရာအနာတရတွေ၊ သင်ခန်းစာတွေ၊ ရင့်ကျက်မှုတွေအသီးသီးနဲ့ပါ။ အပြင်ကလူနဲ့ အတွင်းကလူတွေ ဆုံတဲ့ပွဲဟာ လက်တွေ့ကျပြီး ထိရောက်တဲ့ ဗျူဟာတွေ၊ လုပ်ငန်းစဉ်တွေ ချပြဆွေးနွေးနိုင်ဖို့ လိုတယ်။ မှန်ကန်တဲ့ လမ်း ကြောင်းတခုကို သွားနိုင်ဖို့လိုမယ်။ လူများပြီး ပွဲမစည်တဲ့ကိန်းမျိုး ခဏခဏ မဖြစ်စေချင်တော့ပါ။ ငွေသိန်းပေါင်းရာချီ အကုန်အကျခံပြီး ဖွတ်မရ ဓားမဆုံး မဖြစ်စေချင်၊ ခမ်းခမ်းနားနား အပြင်အဆင်၊ ထည်ထည်ဝါဝါ စင်မြင့်ကြီးနဲ့ မြူးမြူး ကြွကြွ ဂိတအဆိုအကတွေကြား မိမိတို့ ဘဝတွေ အသက်တွေ စိတ်ဓာတ် တန်ဘိုးတွေ ဖုံးလွှမ်းမသွားစေချင်ပါ။ စိန်ကောင်း ကျောက်ကောင်းနဲ့ ရတနာအခင်းအကျင်းတွေကြား ဓားသွေးကျောက်လေးပဲ ပါလာမှာ စိုးရိမ်ပါတယ်။ ပြည်ပကနေ အခွင့်မသာမှု၊ ကိုယ့်ယုံကြည်မှုကြောင့်၊ အဆုံးအဖြတ်ကြောင့် မပါဝင်၊ မဆုံစည်းနိုင်ပေမဲ့ ငွေရတု အင်အားစုတွေ ကို ပြည်ပရောက်တွေက အားပေးထောက်ခံနေမှာ ဖြစ်တယ်။ ကိုယ့်အသွေးအသားတွေလို တန်ဘိုးထား နေမှာ ဖြစ်တယ်။ လက်သဲဆိတ်ရင် လက်ထိတ်နာနေအုံးမှာ ဖြစ်တယ်။

NLD နဲ့ ၈၈ တွေကို ဝန်းရံကြ

နောက်ဆုံးတော့ သူတို့ကလွဲလို့ အခြားမရှိပါ။ ကိုယ့်စိတ်အလိုနဲ့ ကိုက်ညီသည်ဖြစ်စေ၊ မကိုက်ညီသည်ဖြစ်စေ၊ ကြိုက် သည်ဖြစ်စေ၊ မကြိုက် သည်ဖြစ်စေ စည်းရုံးရေးအမြင်၊ တိုက်ပွဲအမြင်၊ ညီညွတ်ရေးအမြင်အရ ပြည်သူတွေက သူတို့ကို အားပေးထောက်ခံမှာ ဖြစ်တယ်။ သူတို့ဟာ ပြည်သူတွေရဲ့ အင်္ဂါအစိတ်အပိုင်းတွေ ဖြစ်နေတယ်၊ ခေတ်ဆိုးကြီး တလျှောက်လုံး အဖိနှိပ်ခံ၊ အနစ်နာခံပြီး စေတနာမှန်နဲ့ တည်ဆောက်လာ ကြ သူတွေ ဖြစ်တယ်။ ပြည်သူတွေက အမြဲတမ်းတာဝန်ကျေတယ်၊ နိုင်ငံရေးအမြင် ရှိကြတယ်။ သူတို့အတွက် စေတနာမှန်နဲ့လုပ်ပေးမယ့် အင်အားစုလို့ ယုံကြည်ရင် အားပေးမှာပဲ။ “အကောက်ထဲမှာ အဖြောင့်ရှာ၊ ကွေးကွေးလေးကအကောင်းဆုံး” ဆိုတဲ့စကားလို NLD ကို အားမရလည်း NLD ကို အားပေးတာပဲ။ ယောဆရာတွေကို မကြိုက်လည်း သူတို့စွန့်လွတ်မှုနဲ့စေတနာကို တန်ဘိုးထား အားပေးနေမှာပဲ။ အပြုသဘောဆောင်တဲ့ တည်ဆောက်တဲ့၊ တိုင်းပြုပြည်ပြု နိုင်ငံရေးယဉ်ကျေးမှုကို ဖွံ့ဖြိုးလာဖို့ သိပ်ကိုလိုအပ်နေတယ် မဟုတ်လား..။

ကိုညို (အော်စလို)
၂ရ ဇူလိုင် ၂ဝ၁၃

4 comments

  • ခင် ခ

    August 9, 2013 at 4:40 pm

    ( လက်ပံတောင်းမှာ ဒေါ်အောင်ဆန်းစုကြည် ပြောတာ မှတ်မိသေးတယ်။ “နိုင်ငံရေးလုပ် တယ်ဆိုတာ လူကြိုက်များအောင်လုပ်တာ မဟုတ်ဘူး၊ နိုင်ငံကောင်းကြောင်းကို ရွေးချယ်လုပ်တာ ဖြစ်တယ်၊ ကိုယ့်နိုင်ငံကောင်းဖို့ဆို အမုန်းခံပြီး လုပ်ရဲတဲ့သတ္တိလည်း ရှိရမယ်”။)

    အခုလက်ရှိ မြန်မာနိုင်ငံရဲ့ တိုင်းပြည်အုပ်ချုပ်သူအများစုက ကိုယ်ကောင်းဖို့ အမုန်းခံပြီး လုပ်ရဲတဲ့သတိ္တရှိ သူတွေက အများလားကွယ်။

  • အလင်းဆက်

    August 9, 2013 at 7:21 pm

    ဖတ်စေချင်တာလေး..
    ဖတ်သွားတယ် ဗျာ..။
    ဒီလို ဆောင်းပါး ကောင်းလေးတွေ..ရှယ်ပေးလို ့…
    ဖတ်ခွင့် ရတာ..ကျေးဇူးတင်ပါတယ်။

  • Zaw Thant

    August 10, 2013 at 10:23 am

    .. ဖတ်သွားပါတယ်ဗျ ..

Leave a Reply