သုံးပန်လှတောင်သမန်(၃) (ငယ်ဘဝကိုပြန်လွမ်းခြင်း) Young Mite
တောင်သမန်….တောင်သမန်အင်း…
ကျုပ်ငယ်ငယ်ကရင်းနှီးကျွမ်းဝင်ခဲ့ရတဲ့ `တောင်သမန်´
တောင်သမန်နဲ့စတင်သိကျွမ်းရတော့ ကျုပ်အသက်က ၁၃နှစ်
တောင်သမန်ရဲ့တည်နေရာကတော့ အမရပူရနဲ့တံခွန်တိုင်အကြား
အဲဒီတောင်သမန်အင်းကြီးရဲ့ တောင်ဘက်ကမ်းပါး တစ်လျောက် အလယ်နားလောက်မှာမေးတင်နေတာကတော့
ကြီးမိုက်ရဲ့ အဖေ တာဝန်ထမ်းဆောင်ခဲ့တဲ့ တပ်ပေါ့ဗျာ..
ဒါကြောင့်ပဲ ကြီးမိုက်နဲ့တောင်သမန်ရင်းနှီးဖို့ဇတ်လမ်းဖန်ခဲ့ရတယ်ပေါ့..
တောင်သမန်ဟာ ရာဇဝင်သမိုင်းတွေကိုပွေ့ပိုက်ပြီး အိန္ဒြေတခွဲသားနဲ့
ခန့်ခန့်ညားညားရှိခဲ့တာပါ….
ကဗျာဆရာ၊ စာရေးဆရာ၊ ဂီတစာဆိုတွေ အတွက်
ရေးဖွဲ့ လို့မကုန်နိုင် မရိုးနိုင်လောက်အောင်အလှအပတွေဆောင်လို့ပေါ့
သူ့ပါတ်ပါတ်လယ်မှာလည်း ကြည်ညိုဘွယ်ရာ
စေတီပုထိုးတွေဝိုင်းရံလို့ …တည်ငြိမ်တဲ့အသွင်နဲ့
တစ်မျိုး ဂုဏ်တင့်လို့နေပြန်ပါရောလား…
သူ့ကိုပိုမိုခန့်ညားလှပစေတာကတော့
တောင်သမန်အင်းကြီးရဲ့အရှေ့နဲ့အနောက်ကို သွယ်ဆက်တည်ဆောက်ထားတဲ့
`ဦးပိန်တံတား´ကြီးပါပဲ…
မြန်မာနိုင်ငံအနှံ့ကသာမက ကမာ္ဘ့နိုင်ငံအသီးသီးက
ကမာ္ဘလှည့်ခရီးသွားများပါစိတ်ဝင်တစား လာရောက်လည်ပါတ်ကြတဲ့
မန္တလေးမြို့ရဲ့ ထင်ရှားတဲ့ နေရာတစ်ခုလည်းဖြစ်လို့
အမြဲလိုလို လာရောက်လည်ပါတ်သူတွေနဲ့စည်ကားနေတတ်တဲ့နေရာပါ
ကြီးမိုက်တို့အတွက်တော့ တောင်သမန်နဲ့ဦးပိန်တံတားကြီးဟာ
အလှအပခံစားဖို့နေရာသက်သက်မဟုတ်ခဲ့ပါဘူး
ပြောရရင်တော့ ကြီးမိုက်အပါအဝင် ဆင်းရဲသားလူများစု မိသားစုတွေအဖို့တော့
တောင်သမန်ဟာ တကယ့် ရိက္ခာထောက်ပံ့ပေးခဲ့တဲ့အင်းကြီးပါဗျာ..
အခုလိုမိုးဖြိုင်ဖြိုင် ကျတဲ့ ဝါဆို၊ ဝါခေါင်ဆိုရင် တောင်သမန်ထဲဝင်ရောက်လာတဲ့
ချောင်းကတဆင့် မိခင်ဧရာဝတီထံကစီးဝင်လာတဲ့ ရေတွေကြောင့်
ကန်တစ်ခုလုံးရေတွေဖွေးဖွေးနဲ့ ပြည့်လျှံလို့ ပင်လယ်ပြင်ကြီးအလား
ထင်မှတ်မှားအောင် လှပလို့နေပါတော့တယ်…
အဲဒီအချိန်ဆို ကြီးမိုက်တို့ ငါးမျှားတံကိုယ်စီကိုင်လို့ အင်းထဲရောက်နေပါပြီ
ပေါင်လယ်၊ ခါးလယ် လောက်ထိရေထဲဆင်းစိမ်ပြီးမျှားကြရတာပါ…
ရတဲ့ငါးကတော့ ကြီးကြီးမားမားမဟုတ်..ငါးခုံးမ၊ ငါးရံ့၊ ကသပိုးနဲ့ ငါးဇင်စပ်
လောက်ပါပဲ…
တစ်ခါတလေကျောင်းပိတ်ရက်များဆိုရင်တော့..
မယ်ဘယက်ကုန်းလို့ခေါ်တဲ့ ဘုရားစေတီ စုစုလေးရှိရာဖက်ကိုသွားမျှားကြတယ်
အဲဒီနေရာက အရိပ်အာဝါသလဲရှိ ငါးလည်းပိုရတတ်တယ်ဗျ…
အများအားဖြင့်တော့ ငါးဇင်ရိုင်းကျွဲသိုး(ငါးဇင်ရိုင်းခပ်ကြီးကြီး)တို့
ငါးမွေထိုးတို့ ငါးမွေနဂါးတို့ရတတ်တယ်လေ…
ငါးမွေနဂါးဆိုတာကတော့ ငါးမွေထိုးထက်ပိုရှည်ပြီး ကိုယ်မှာအမဲစင်းကြား
နဲ့ငါးမျိုးပါ..ကံကောင်းရင် နှစ်ဆယ်သား၊ အစိပ်သားလောက်ကောင်တွေတောင်ရတတ်ပါ့…
ဒီလိုရေကြီးချိန်မှာတော့ ငါးက အိမ်စားဖို့လောက်သာရတတ်တာပါ…
အဲ..တစ်နေ့တော့ ကျုပ်အချစ်ဆုံးကျောင်းနေဖက်သူငယ်ချင်း `ခရစ္စနားဗဟာဒူး´က
ဦးပိန်တံတားပေါ် ငါးသွားမျှားမတဲ့…အဲဒီမှာဆို ငါးပတ် ကြီးကြီးတွေပါရတယ်ဆိုပဲ…
ဒါနဲ့ပဲ မနက်စောစော ထမင်းထုပ်ကိုယ်စီနဲ့ ဦးပိန်တံတားကိုငါး သွားမျှားကြပါတယ်..
အဟုတ်ဗျို့ ..ကျုပ်သူငယ်ချင်းပြောသလိုပဲ ..နှစ်ဆယ်သား..အစိတ်သားလောက်ရှိတဲ့ငါးပတ်ကြီးတွေရသဗျ…ကျုပ်လည်းတော်တော်
ပျော်သွားတာပေါ့..ဟုတ်တယ်လေ..အိမ်ဟင်းစားတင်မက ဈေးမှာပြန်ရောင်းလိုက်ရင်
ဆန်ဖိုးဆီဖိုးလေးပါ ထွက်လာမှာကိုး…
ဒါပေမဲ့ ငါးစာကတော့ ရိုးရိုးတီကောင်လောက်နဲ့မရဘူးဗျို့…သေချာလုပ်ရတာ..
ဖွဲနုသန့်သန့်ကို ထမင်းနဲ့ ညက်နေအောင်ရောထောင်း..ငါးမျှားချိတ်ပေါ် မှာချိတ်ဖုံးအောင်
လုံးပီးတတ်ရတာ…ဖွဲနုနံ့လေးသင်းနေတော့ ငါးကြီးတွေအကြိုက်ပေါ့….
နောက်ပီးတော့ ရေအပေါ်ပိုင်းတွေမှာနေတတ်တဲ့ ငါးအငယ်တွေတွတ်မပစ်အောင်
ငါးမျှားကြိုးမှာဖေါ့မတတ်တော့ပဲ..ခဲသီးခပ်ေလေးလေးတတ်ပြီး အဝေးရေနက်ထဲလှမ်းပစ်မျှားရတာ…ငါးမျျှားကြိုးကိုလည်း ပုလင်းခွံတစ်လုံးမှာပတ်ထားရတာ
ငါးမျှားကြိုးကိုဝှေ့ရမ်း ပစ်လိုက်ပြီးမှ ပုလင်းကိုအလိုက်သင့်ထားပေးလိုက်ရင် အိုကေတာပါပဲ..
ကျုပ်တို့ကတော့ `လက်ထွန်ပစ်´တယ်ခေါ်တာပဲ
ငါးမျှားကြိုးကိုလက်နဲ့ဆကိုင်ထားပြီး
လက်မှာတိုးလာတဲ့ ငါးအဆွဲကို အာရုံခံပြီး ဆွဲသုတ်ရတာ…ငါးချိတ်မိနေပြီဆိုပြန်တော့
လွတ်မသွားအောင် အသာလျှော့လိုက် တင်းလိုက်နဲ့ ဖြေးဖြေးချင်းဆွဲယူရတယ်…
တတ်နိုင်သူတွေကတော့ ကျုပ်တို့လိုဘယ်ဟုတ်လိမ့်မလဲ…
စက်သီးပါတဲ့ ငါးမျှားတံအကောင်းစားနဲ့မျှားကြတာပေါ့
ဒါပေမဲ့ဗျာ..တချက်မှာတော့ ငါးခပ်ကြီးကြီးတစ်ကောင်ဆွဲပါလေရော…အချိန်မီသုတ်လိုက်လို့
ငါးကလည်းချိတ်မှာမိနေပြီ…ဖြည်းဖြည်းချင်း ချော့ဆွဲနေရင်းက ငါးကအတင်းရုံးလိုက်တာ
`ထောင်´ကနဲ ကြိုးအရင်းကပြတ်ပါသွားပါလေရော…ဘာရမလဲဗျာ…
အိပ်ထဲမှာ ငါးမျှားချိတ်နဲ့ ခဲသီးအပိုတွေကအသင့်ဆောင်လာပီးသား…
နောက်တစ်ကြိုးဆင်..ဆက်မျှားပေါ့…
ဦးပိန်တံတားကို အပျော်လာလယ်ကြသူတွေတချို့လည်း စိတ်ဝင်တစားနဲ့
ဘေးကထိုင်အားပေးကြသေး သပေါ့…တခါတလေ သူတို့ကပဲ ရတဲ့ငါးတွေတောင်းဝယ်သွားတတ်သေး…ဈေးနှုန်းရယ်တော့မရှိဘူးပေါ့
အကောင်အရွယ်ကြည့်ပြီး ဈေးညှိ ရောင်းလိုက်တာပါပဲ…
အဲ..ဆောင်းအကုန်နွေအကူးရောက်ရင်တော့ ကျောင်းတွေကလည်းပိတ်
အင်းကြီးမှာလည်းရေကျသွားပြီ…စိုက်ပျိုးရေးလုပ်ကြတဲ့ လယ်သမား၊ ကိုင်းသမားတွေ
လည်းထွန်ယက်စိုက်ပျိုးကြပြီပေါ့….
အင်းလေလံရထားတဲ့ အင်းပိုင်ရဲ့ ရေလုပ်သားတွေလည်း ငါးဖမ်းလုပ်ငန်းစပြီပေါ့…
ကွန်ပစ်ဖမ်းသူဖမ်း၊ ရေနုံးထိုးသူထိုး၊ ငါးမွေထိုးချိတ်သူချိတ်ပေါ့….
ကြီးမိုက်တို့အဖို့လည်း…ပွပေါက်တိုးတဲ့ကာလလေးပါပဲ….
အင်းလုပ်သားတွေလို… ကွန်ပစ်ဖမ်း၊ ရေနုံးထိုး၊ ငါးမွေထိုးချိတ် လို့တော့မရဘူးပေါ့
ရေနုံးထိုးတဲ့ လူတွေနောက်က ရေထဲဒူးထောက်လိုက်ရင်း ငါးလိုက်စမ်းကြတာပေါ့
ရေနုံးထိုးသွားတဲ့နောက်မှာ ငါးဖယ်တို့ ငါးခူတို့..စတဲ့ ရွှံ့အောက်ကပ်ကျန်ခဲ့တဲ့ငါးမျိုးစုံကို
လက်နဲ့စမ်းရင်း ပါးစပ်မှာကိုက်ထားတဲ့ ငါးထည့်ဖို့ ပိ်တ်စဟောင်းနဲ့ချုပ်ထားတဲ့ အိပ်ထဲထည့်ပေါ့
ငါးပေါလိုက်ပုံများကတော့ လက်တောင်မလည်ဘူး..ကောက်ထည့်ပဲ…
သုံးလေးနာရီ လောက် ရေနုံးထိုးတဲ့နောက် လိုက်စမ်းလိုက်ရင် အနဲဆုံး ငါးမျိုးစုံ
တစ်ပိဿာကျော်ကျော်လောက်ရတတ်တယ်ဗျ….
“ရေနုံး” လို့ကျုပ်တို့ခေါ်ကြတဲ့ ဟာက ပိုက်ကွန်နဲ့လုပ်ထားတဲ့ ယက်သဲ့အကြီးစားကြီးပေါ့..ထိုးတဲ့ဖက်ထိပ်မှာ ချောထိုးလို့ရအောင်
သစ်သားဘိနပ်ကြီးတွေတတ်ထားတယ်…ငါးမိလာရင် ရေနုံးကိုထောင်ပြီး နောက်အစွန်ကိုငါးတွေစုပြီး ကိုင်ထားကြတယ်….
ဒါပေမဲ့ ကြီးမိုက်တို့ကလောဘကြီးတယ်ပြောပြော..မကျေနပ်နိုင်ဘူး….
အဲလိုလိုက်စမ်းလို့ရတဲ့ငါးတွေက ငါးမျိုးစုံဆိုတော့ အိမ်စားဖို့ထက် ပိုလည်း ရောင်းရခက်တယ်
ဒီတော့ ကြံရပြန်တာပေါ့…..
အင်းသူကြီးတွေ ခွင့်မပြုတဲ့ `ငါးမွေထိုး´ကိုချိတ် နဲ့ချိတ်တာက အကောင်းဆုံးပဲ
ဒီနည်းက ငါးမွေထိုးတစ်မျိုးထဲပဲသီးသန့်ရတယ်..တခါတလေ အခြားငါးတစ်ကောင်တလေ
ကြံဖန်ချိတ်မိတာကလွဲလို့ပေါ့…ပီးတော့ သုံးနာရီလောက်ချိတ်လိုက်ရင်
တစ်ပိဿာခွဲလောက်တော့အသာလေးပဲ…
တစ်ခုပဲ…ခိုးချိတ်ရတာဆိုတော့..အင်းပါတ်ဖမ်းနေတဲ့ လှေတွေပဲကရုစိုက်ရတယ်..
ခွင့်မပြုဘူး.ဆိုတော့ ထုံးစံအတိုင်း တွေ့ရင် လိုက်ဖမ်းပီး ချိတ်ရော မိထားတဲ့ငါးရောသိမ်းတာပဲ..ဒါပေမဲ့ ကြီးမိုက်တို့ကလည်း ငါးပိုရချင်တယ်၊ အိမ်စားဖို့
ချန်ပီးကျန်တာ မြို့ဟောင်းဈေးမှာသွားသွင်းရင် ဆန်ဖိုးလေး ဆီဖိုးလေးရတော့ ညနေညနေ
ဆို ငါမွေထိုးသွားချိတ်တာပဲ၊ ငါးမွေထိုးချိတ်ရင်း မျက်လုံးကလည်း ကျီးကန်းတောင်းမှောက်
ကြည့်နေရတယ် အင်းထဲလှေနဲ့ပါတ်ပါတ်လာတတ်တဲ့ အင်းစောင့်တွေကိုပေါ့…
ခပ်လှမ်းလှမ်းမှာလှေတွေ့တာနဲ့ ငါးမွေထိုးချိတ်နဲ့ ငါးသီတံကို ကို နုံးထဲနှစ်ထား
ပီးမရောင်မလည်နဲ့ ရေထဲထိုင်ပီး ငါးစမ်းချင်ရောင်ဆောင်နေလိုက်ကြတာပဲ..
သူတို့လည်းသိပါတယ်လေ..အတင်းကြီးလိုက်မဖမ်းပါဘူး ..ဗျောင်ကျကျမလုပ်အောင်
ဟန့်တဲ့သဘောနဲ့ အင်းကိုပါတ်နေတာပါ…လှေဝေးသွားမှ ချိတ်နဲ့ ငါးသီတံပြန်စမ်းရှာရတယ်
ဒါတင်ပဲလားဆိုတော့…မဟုတ်သေးဘူးဗျ…
တောင်သမန်အင်းကြီးက ကြီးမိုက်တို့လိုလူတွေအဖို့ အသီးအနှံတွေလည်းအလျှံပယ်
ထောက်ပံ့ပေးသေးတယ်…
မြေပဲနှုတ်ချိန်ဆို လုပ်အားခလည်းရသေး … ကောက်သင်းကောက်ပြီးအိမ်စားဖို့မြေပဲလည်းပါသေး…
ခရမ်းချဉ်သီးတို့ ငြုပ်သီးတို့ဆိုတာ ကြီးမိုက်တို့ဝယ်မစားဖူးဘူး..တောင်သမန်ဇောင်းမှာ
အလျှံပယ်…ဒီနေရာမှာ ရီစရာလေး ပြောရအုံးမယ်….
အဲဒီတုန်းက ကိုင်းခရမ်းချဉ်သီးတွေက ပေါ်ခါစသာ ဈေးကောင်းရတာ..
နောက်ကျသွားတဲ့အသီးတွေဆို..တစ်ပိဿာမှ ပြားသုံးဆယ်လောက်ပဲရတော့တာဆိုတော့
အခင်းရှင်တွေက မခူးကြတော့ဘူး… ဒီအတိုင်းပစ်ထားလိုက်တော့တာ…..
အခင်းမှာတောင်စာထောင်ထားသေး…`အခင်းနားရောက်ရက်နဲ့ခရမ်းချဉ်သီးခူးမသွားတဲ့သူ
ငါ-ိုးမသား´တဲ့
တကယ့်အဖြစ်အပျက်ပါဗျာ…
ကျုပ်သိပ်လည်းကြိုက်တဲ့ တောင်သမန်ကိုင်းထွက်သီးနှံတစ်မျိုးကတော့
ကိုင်းတွေထဲအလေ့ကျပေါက်တဲ့ `မြူရွက်´ ပဲ…သုပ်စားရင်သိပ်ကောင်းဗျာ…
အပင်သေးတစ်မျိုးပါပဲ..အရွက်ပေါ်နှင်းမှုံလေးတွေလိုသီးလို့….
စပါးခင်းတွေရိပ်ချိန်ဆိုလည်း ..ရိပ်တဲ့လုပ်အားခလည်းရသေး…
စပါးခင်းတွေထဲက နွေအောင်းငါးတွင်းတွေလည်းလိုက်ဖေါ်နိုင်သေး…
အဲဒီနွေအောင်းငါးတွင်းတစ်တွင်းလောက်တွေ့လို့ကတော့ ထောပြီ….
တစ်တွင်းထဲကို ငါးနှစ်ပိဿာ၊ သုံးပိဿာလောက်ရတတ်တာ…
အများအားဖြင့်တော့ ငါးကျည်းတွင်း၊ ငါးရံ့တွင်း၊ ငါးခူတွင်းတွေပါပဲ…
အဲဒီငါးမျိုးတွေဟာ..ရေခန်းနေတဲ့ တစ်နွေလုံး မြေအောက် တွင်းတွေထဲ
စုနေကြပြီး နောက်နှစ်ရေတက်လာတဲ့အထိ အသက်ဆက်ကြတာ….
ရေသတ္တဝါတွေရဲ့ ထူးခြားမှုတစ်ခုပေါ့ဗျာ..
နောက်ဆုံး တောင်သမန်ထဲ ငါးဖမ်းသူတွေနိုင်သွားလို့ငါးရှားပါးလာတဲ့
အချိန်ဆိုတောင် ကြီးမိုက်တို့အတွက်တော့ စားရေရိက္ခာမရှားပါဘူး..
`ယောက်သွား´ လို့ခေါ်တဲ့ ဂုံးတွေစမ်းပြီး ချက်ပြုတ်စားနိုင်သေးသပေါ့..
ဒါတွေကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးဆယ့်ငါးနှစ်လောက်က တောင်သမန်အင်းကြီးနဲ့
ကြီးမိုက်ရင်းနှီးချစ်ခင်ခဲ့တုန်းကအခြေအနေအတွေ့အကြုံလေ းတွေပေါ့…..
အခုတော့…..
အဲဒီလိုသဘာဝတရားကြီးရဲ့အလိုတော်အတိုင်း တောင်သမန်အင်းကြီးဟာ
နွေ၊ မိုး၊ ဆောင်း သုံးရာသီ စလုံး
….အလှအပခံစားဖို့လာသူတွေ….စာပေ၊ ဂီတ ဖွဲ့နွဲ့ဖို့လာသူတွေကိုရော…
အနီးပါတ်ဝန်းကျင်က လယ်သမား၊ ကိုင်းသမားတွေအတွက်ရော
ကျုပ်တို့လို ငါးရှာ၊ ဖါးရှာ စားသူတွေအတွက်ရော…
သုံးပန်လှတောင်သမန်အဖြစ်
နှစ်ပေါင်း ရာနဲ့ချီ တာဝန်ကြေခဲ့ရှာတာပါ….
အင်မတန်လှတဲ့တောင်သမန်ပါဗျာ…
ဒါကို စစ်အစိုးရမင်းများက ဘယ်လိုတွေရွှေဉာဏ်တော်စူးရောက်တယ်မသိ
တောင်သမန်မှာရေအမြဲရှိရမတဲ့
တောင်သမန်အဝင် ရေဝင်ရေထွက်ကိုအသေပိတ်
တောင်သမန် ကိုအသက်ရှုပိတ်
တောင်သမန်နဲ့လုပ်စား သူတွေအသက်ရှုမှားအောင်ရက်စက်ခဲ့ကြ
လူတွေကိုသတ်လို့အားမရ…သဘာဝကိုပါသတ်ပစ်ကြ
ရာဇဝင်နဲ့ တောင်သမန်အင်းကိုပါသတ်ပစ်ခဲ့ကြ….
ကျုပ်ဒီနှစ်တောင်သမန်ရောက်တော့
တောင်သမန်က ရေသေတွေ ညှီစို့စို့နေလေရဲ့
တောင်သမန်အင်းဘေး နှစ်ပေါင်းများစွာနေလာတဲ့တောင်သမန်သားတစ်ယောက်က
ဒီလိုမြင်သတဲ့…..
“တောင်သမန်ကို အရင်လို သုံးရာသီ ရေဝေရေလဲ စံနစ်လေး ပြန်လုပ်ပေးနိုင်ရင် ပိုလှသွားမှာ။ ခုက ရေအမြဲ ထည့်ထားတော့ သဘာဝအလှ မခံစားရဘူး။ ဟိုးအရင် တောင်သမန်ကို လာခဲ့ဖူးတဲ့ နိုင်ငံခြား ဧည့်သည်တွေ ခုပြန်လာတော့ တောင်သမန်က အရင်လို မလှတော့ဘူးလို့ ပြောကြတယ်”
ကျုပ်ဒီစာကို ကြီးမိုက် နှလုံးသားနဲ့ရေးခဲ့တယ်…
တောင်သမန် ပြန်ရှင်တာမြင်ချင်တယ်ဗျာ……
ရွာသူားအားလုံးကိုလေးစားခင်မင်လျှက်
ထာဝရလမ်းဆက်လျှောက်နေတဲ့…
ကြီးမိုက်။
မှတ်ချက်။ ပုံတစ်ချို့ကိုတော့ အင်တာနက်ကရှာယူပါတယ်
16 comments
kyeemite
August 13, 2013 at 9:07 am
သုံးပန်လှတောင်သမန်(၁)ကို ကိုစွယ်တော်ရွက်ကရေးပြီး
သုံးပန်လှတောင်သမန်(၂) ကိုတော့ ကိုပေါက်(မန္တလေး) ကရေးတင်ခဲ့ကြပါပြီ…
အခုတော့ ကြီးမိုက်ရဲ့ ဗားရှင်းသုံးပန်လှတောင်သမန်(၃) ကိုဖတ်ကြည့်ကြပါအုံးဗျာ
ဦးကျောက်ခဲ
August 13, 2013 at 9:28 am
သုံးပန်လှတောင်သမန်ကို အားပါးတရ နှလုံးသားနဲ့ဖတ်သွားတယ် အကိုမိုက်…
ဟိုအစိမ်းဝတ်တွေ ရွှေဉာဏ်တော် စူးရောက်ပုံများကတော့ ကမ႓ာ့အံ့ဘွယ်ပဲ…
တောင်သမန် ထာဝရရှင်သန်ပါစေဗျာ…
ဟီ ဟိ စာဖတ်ပြီး ငါးမျှားချင်စိတ်ပေါက်လာပြီ…
😀
ကိုပေါက်(မန္တလေး)
August 13, 2013 at 9:46 am
ဘယ်အချိန်ကြည့်ကြည့်
ခံစားတတ်သူများအတွက်က ထာဝရလွမ်းစရာ
ဘယ်အချိန်ကြည့်ကြည့်
ဘဝဝမ်းစာရှာသူများအတွက်တော့ သဘာဝ ဟင်းအိုးကြီး
ဘယ်အချိန်ကြည့်ကြည့်
တန်ဘိုးမထားတတ်သူများအတွက်တော့
………………………………………….
…………………………………………………..
ကိုစွယ်တော်ပြောတဲ့ မကျည်းပင်တန်းလေးက အပင်တွေမစုံတော့ဘူးဗျ။
အကြော်ဆိုင်လေးတွေတော့ အဲဒီအောက်မှာဖွင့်ထားပါတယ်။
garfield
August 13, 2013 at 9:59 am
ရမ်း မိုက် ရဲ့ ပရီစန်တေးရှင်းကတော့ ရမ်းရမ်းမိုက်နေပါရော့လားးးး (မလိမ်မာဘူးးးး)
လွမ်းတယ်။
ငါးဖမ်းတာမြင်တော့ ငါးကြော်စားချင်တယ်။
ခွိခွိခွိ။ 😀
ခင် ခ
August 13, 2013 at 10:08 am
ဝင်ရောက်ဖတ်ရှု့ ခံစားသွားပါတယ် တောင်သမန်ရယ်။
kyeemite
August 13, 2013 at 10:22 am
ကိုကျောက်ရေ..ကျုပ်ကလည်းငါးမျှားတော်တော်ဝါသနာပါတာဗျ..
အခုတော့ အခြေအနေမပေးတော့လို့….
ကေဇီကဗျာလွတ်တို့ကတော့ စားမယ်ဆိုတာချည့်ပဲ 😀
ကျုပ်ပီးခဲ့တဲ့ဒီဇင်ဘာရောက်ခဲ့တုန်းက ဘီဘီနဲ့ ငါးကြော်ထိုင်စားခဲ့သေး..ကောင်းမှကောင်း
Myo Thant
August 13, 2013 at 10:30 am
သဘာဝကို ဖျက်ဆီးခဲ့တာ တောင်သမန်တစ်ခုတည်း ခံရတာမဟုတ်ပါဘူးလေ ၊
ကိုယ်ကျင့်တရားတွေကို ဖျက်ဆီးခဲ့သလို ပျက်စီးသွားရတဲ့ သဘာဝအလှတရားတွေ
တစ်ပြည်လုံးအနှံ့ပဲလေ ၊
ပြန်ပြင်လို့မရတော့တဲ့ အလှများစွာအတွက် ရင်နာနေရတာကလွဲလို့
ကျနော်တို့ . . . . .
မဟာရာဇာ အံစာတုံး
August 13, 2013 at 10:38 am
ဟိတ်လူဂျီးး
ခညား ပေါဒေါ့ ကြီးမိုက် ဆို …
ခုဟာဂ ရမ်းမိုက် ဒဲ့ …
ရမ်းမိုက်ဆို ငယ်ကြီးမိုက် လို့ ပြင်ခေါ်ရဒေါ့မယ် …
စာဒွေဒေါ့ အကုန်ဖတ်ရသေးဘူးးး
ညမှ အေးဆေး ဖတ်ဒေါ့မယ် … အိုကေ …
black chaw
August 13, 2013 at 1:57 pm
ဓါတ်ပုံတွေကိုရော…
စာတွေကိုရော…
အားပေးသွားပါတယ် ကိုမိုက်ရေ…။
လွမ်းစရာမို့ လွမ်းပြသွားတာကို လွမ်းလွမ်းနဲ့ ဖတ်ပြီး
လွမ်းသွားပါတယ်ဗျာ…။
ချစ်ခင်လေးစားတဲ့…
ဘလက်ချော..။
အရီးခင်
August 13, 2013 at 3:08 pm
မန်းလေး ကို ရောက်ဖူးပေမဲ့ တောင်သမာန် ကို မရောက်လိုက်ဘူး။
အတော်လေး ကို လှတဲ့ နေရာဖြစ်မှာလို့ ယုံပါတယ်။
ပါတ်ဝန်းကျင်မှာပါ စိမ်းစို နေမှ ပိုပြီး လှမှာ။
လတ်လတ်ဆတ်ဆတ် ငါး တွေ နဲ့ဝေးနေတာ ကြာပြီ။
မြူရွက်သုတ် ကတော့ ကျုပ်ရဲ့ မဟာဖေးဘရိတ် ပါဘဲ ကကြီးမိုက်ရယ်။
အဖွားမြို့လေး ကို လဲ ပြေးပြီးလွမ်း သွားတယ်။
😥
ဦးကြောင်ကြီး
August 14, 2013 at 9:06 am
တောင်သမန်အင်းထဲ မိကျောင်းလွှတ်ထားရမယ်ဗျ… ဒါမှ တိုးရစ်တွေ ပိုစိတ်ဝင်စားမယ်.. အဲကြမှ ဝင်ကြေးတယောက် ဘယ်လောက်ဆို ကောက်ဗျာ… မိကျောင်းအားမရ ငါးမန်းပါထည့်.. 😛
kyeemite
August 14, 2013 at 10:21 am
မစ္စတာကြောင်က လူတွေမိကျောင်းကိုက်သေအောင်အချွန်နဲ့မနေပြန်ပါပီ
မနေ့တစ်နေ့ကတောင် ဘိုကလေးဘက်မှာ ဦးဇင်းတစ်ပါး မြစ်ရေဆင်းချိုးရင်း
မိကျောင်းကိုက်လို့ ပြန်တော်မူပါရောလား….
သျှားသက်မာန်
August 14, 2013 at 10:45 am
ရောက်ဖူးခဲ့တဲ့တောင်သမန်အင်းကိုသတိရလိုက်တာ..ရေအရမ်းကြီးတာတော့..တစ်ခါဆိုတစ်ခါမှမကြုံဖူးသေးပါဘူး….ရေအရမ်းနည်းလို့တစ်ဖက်ကမ်းကိုတောင်တံတားအောက်ကနေသွားလို့ရတဲ့အထိဖြစ်တာမျိုးတော့ကြုံဖူးတယ်…….အဲ့ဒါကတော့အမှတ်တရပဲ…
Mr. MarGa
August 14, 2013 at 12:52 pm
လွမ်းတယ် လွမ်းတယ်
တောင်သမန်အကြောင်းကို ဖတ်ရတိုင်း လွမ်းတယ်
ဘာလွမ်းလဲတော့ လာမမေးနဲ့
ပြောပြဘူး ဟီဟိ
Ma Ma
August 15, 2013 at 9:01 am
ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ်တွေ အားရပါးရ အလွမ်းသယ်ထားတာပါလား။
ပုံတွေရော စာတွေရော မြိုင်မြိုင်ဆိုင်ဆိုင်နဲ့မို့ အားရပါးရ ဖတ်သွားပါတယ်။
ကြီးမိုက်ရင်းနှီးခဲ့တဲ့ တောင်သမန်အင်းဆိုတဲ့ပုံကိုကြည့်ပြီး ….
အဲဒီပုံထဲမှာ ငယ်လိမ္မာလေး ပုဆိုးကွင်းသိုင်းနဲ့ပုံလေးပါ ထည့်မြင်ယောင်မိတယ်။ 😛
(ဒီတမာတန်း ကဝင်လာရင်ကြီးမိုက်တို့နေခဲ့တဲ့တပ်ကိုရော..တောင်သမန်ကိုပါရောက်တာပေါ့) ဆိုတဲ့ လမ်းကလေးကို ကြည့်ပြီး လွမ်းချင်ချင်တောင် ဖြစ်သွားတယ်။
(ရေအကြီးဆုံးအချိန်ပေါ့) ဆိုတဲ့ပုံမျိုး တခါမှ မမြင်ဖူးဘူး။
တောင်သမန်ရေပြည့်ချိန်ကို သွားကြည့်ချင်မိတယ်။
(ကွန်တွေ တဝင့်ဝင့်နဲ့ အင်းလုပ်သားများ) …ဆိုတဲ့ ပုံကိုကြည့်ပြီး ဆရာဒိုင်းမွန်းကီး ကို သတိရမိပါရဲ့။
ရွှေမိုးတိမ်
August 15, 2013 at 2:29 pm
ဦးကြီးမိုက်ရေ ….စာရေးကောင်းလိုက်တာ ။ တစ်ဝကြီးဖတ်သွားတယ်ရှင့် ။ တောင်သမန်မှာ နှမ်းပင်တွေရိတ်သိမ်းခါနီးချိန် ဒါ့ပုံသွားရိုက်ချင်တာ…..အရမ်းကိုလှတယ် နောက်နှစ်တော့ ရောက်အောင်သွားဦးမယ် နီးရက်နဲ့ဝေးနေတာ 🙂