တွေးမိတွေးရာ ရေးမိရေးရာ…(၁)
ဒီနေ့ ကျနော် လ္ဘက်ရည်ဆိုင်ကို သွားရင်း လမ်းမှာ လူတစ်ယောက်ကို တွေ့တယ်..။ အသက်က ငါးဆယ်နီးပါး ပိန်ပိန်ပါးပါး အရပ်ရှည်ရှည် ဆံပင်ရှည်ရှည် ပုဆိုးကို တိုတိုဝတ်ပြီး အကျီင်္ကလည်း ကြယ်သီးမတွယ် ရင်ဘတ်ဟောင်းလောင်းနဲ့ပေါ့…။ သူ့မျက်လုံးတွေက ကျီးကန်းတောင်မှောက် ဟိုကြည့် ဒီကြည့် ပါးစပ်ကလည်း မရပ်မနား တတွတ်တွတ် ဘာတွေရွတ်လို့ ရွတ်နေမှန်း မသိ…။ ဪ.. စိတ်မနှံသူ စိတ်ဖောက်ပြန်နေသူပါလား..။ ဒီလိုလူတွေ တော်တော်များများကို ကျနော်မြင်ဘူးတွေ့ဘူးပါတယ်..။ သူတို့လိုလူတွေကို ကျနော် တော်တော်ကြောက်မိပါတယ်…။ ဘာကြောင့်လည်းဆိုတော့ စိတ်မမှန်သူတွေဟာ ဘာမဆိုလုပ်နိုင်တာမို့လေ…။ ဒါပေမယ့် ဒီလို စိတ်မမှန် စိတ်ဝေဒနာခံစားနေရသူတစ်ဦးနဲ့ ကျနော် စကားတွေ အများကြီးပြောဘူးတယ်ဆို ယုံကြည်ကြမလား။
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
ဟုတ်တယ်ဗျ… လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကပေါ့…။ ကျနော် မြစ်ကြီးနားမှာ ဂျီတီအိုင်တက်တုန်းကလေ..။ ကျနော် ညနေပိုင်း ဒါမှမဟုတ် ညပိုင်းကို မြစ်ကြီးနား ဧရာဝတီမြစ်ရဲ့ဘေးမှာ ရှိတဲ့ ဆုတောင်းပြည့် ဘုရားကို အမြဲလိုလိုရောက်တယ်..။ ဘုရားဖူး ပြီးရင် ဧရာဝတီမြစ်ကမ်းဘေးမှာ ထိုင်ပြီး ရေပြင်ကြီးရယ်… စက်လှေတွေရယ်.. ဟိုးးး တစ်ဘက်ကမ်းက မှုန်ပျပျမြင်နေရတဲ့ အိမ်လေးတွေကို ငေးရင်းပေါ့… အဲ့ဒီဆုတောင်းပြည့်ဘုရားမှာ စိတ်မနှံတဲ့ လူကြီးတစ်ဦးရှိတယ်.. ဒီလူကြီးဟာ ကျနော်လမ်းမှာတွေ့မိတဲ့ လူကြီးအရွယ်ပါပဲ… ဒါပေမယ့် သူက ယဉ်ယဉ်လေးရူးနေတာလို့ ပြောရမယ်ဗျ…။ ကျနော်တွေ့ရမြင်ရသမျှ ကြမ်းကြမ်းတမ်းတမ်းသိပ်မရှိဘူး.. ပြီးတော့ စစ်ထွက်တစ်ယောက်ဖြစ်နေမလားတော့ မသိဘူးရယ်…။ သူ့ကို ကျနော်ဘယ်နေရာမှာ စပြီး သတိထားမိ သဘောကျမိသလဲဆိုရင် တစ်ညနေကျနော် ဘုရားကိုအလာ ကျနော့်ရှေ့နားက မိန်းကလေးတစ်အုပ် စက်ဘီးကိုယ်စီနဲ့ ဘုရားကိုလာကြတယ်.. အဲ့ဒီမှာ ဒီလူကြီးက လမ်းမအတိုင်း ဘုရားဘက်ကနေ ထွက်လာတယ်..။ ဘုရားကိုလာတဲ့ မိန်းကလေးတစ်သိုက်နဲ့ လမ်းမပေါ်မှာ ပက်ပင်းတိုးတော့တာပေါ့.. လူကြီးက လမ်းလယ်တည့်တည့် မိန်းကလေးအုပ်စုကလည်း စက်ဘီးကိုယ်စီနဲ့ လမ်းအပြည့်ဆိုတော့ … ဘယ်ကိုရှောင်လို့ ရှောင်ရမယ် မသိဖြစ်နေတဲ့ပုံနဲ့ပေါ့…. ဒီလိုအနေအထားမှာ မိန်းကလေးတွေကို လူကြီးကပြောလိုက်တဲ့ စကားလေး ကျနော်ကြားရတော့ ပြုံးမိတယ်… ” တိုက်မိလို့ကတော့ ဖူးစာပဲနော်…” တဲ့… မိန်းကလေးတွေကလည်း လူကြီး စိတ်မမှန်တာ သိကြဟန်ရှိရဲ့… ဘာမှပြန်မပြောပဲ.. တခစ်ခစ်ရယ်ပြီး ရှောင်ကွင်းစီးသွားကြတယ်….။ ဆုတောင်းပြည့်ဘုရားရဲ့ မြစ်ကမ်းဘက်အခြမ်းမှာ ညောင်ပင်ကြီးတစ်ပင်ရှိတယ်.. ညောင်ပင်ကြီးရဲ့ အောက်နားလေးတွေမှာ အုတ်ထိုင်ခုံလေးတွေ လုပ်ထားပေးတယ်…ပြီးတော့ ညောင်ပင်ကြီးအောက်နားလေးမှာပဲ ဇရပ်ခေါ်မလား.. အမိုးပဲရှိပြီး အကာမရှိတဲ့ အဆောင်လေးတစ်ခုဆောက်ထားသေးတယ်…။ သူ့ကို ညောင်ပင်အောက်က အုတ်ခုံပေါ်မှာ ဒါမှမဟုတ် အဆောင်လေးထဲမှာ အမြဲတွေ့နေကျ… သူ့နဲ့ကျနော့်ကို မိတ်ဆက်ပေးတာက အင်းတော်မြို့က စီနီယာအစ်ကိုတစ်ယောက်ပါ… သူက ကျနော့်ကို အဲ့လူကြီးဆီခေါ်သွားပြီး ..” ဗိုလ်ကြီး ဒါက မြောက်ပိုင်းတိုင်း စစ်ဋ္ဌာနချုပ်က ဗိုလ်မှူးကြီး ထွန်းဝင်းလတ်ပါ…” ဆိုတော့ လူကြီးက မတ်တပ်ရပ် သတိတွေဆွဲပြီး ကျနော့်ကို အလေးတွေပြုနေတော့တာပါ..ပြီးတော့ ..”လေးစားပါတယ်…လေးစားပါတယ်… ကျနော်ကတော့ ဗိုလ်ဖိုးကွန်းပါ..” ဆိုပြီး ပြန်မိတ်ဆက်သဗျ…။ ကျနော် ရယ်ချင်စိတ်ကို မျိုသိပ်ပြီး ..”ဟုတ်ကဲ့…ကျေးဇူးတင်ပါတယ်…”လို့ပြန်ပြောရပါတယ်…။ ဒီလိုနဲ့ ကျနော်နဲ့ ဗိုလ်ဖိုးကွန်း မိတ်ဆွေဖြစ်ခဲ့ကြတယ်ဆိုပါတော့… နောက်ဘုရားသွားတိုင်း သူစားဖို့ ချိုချဉ်၊ နေကြာစေ့ စတာလေးတွေယူသွား သူနဲ့တွေ့ရင် တောင်ရောက်မြောက်ရောက် စကားတွေပြောပေါ့.. ကျနော်က လျှောက်မေး သူကဖြေချင်ရာဖြေနဲ့ အဆင်ပြေနေတော့တာပါပဲ….။ တစ်ခါတစ်လေ..သူပြောတာလေးတွေက စိတ်ဝင်စားဖို့ကောင်းသားဗျ…။ ဥပမာဗျာ…. လကမ္ဘာကို လူတွေအရောက်သွားနိုင်တယ်ဆိုတာ သူကမယုံဘူးဆိုပဲ… ဘာလို့လဲလို့ ကျနော်မေးတော့ ယုံကြည်လောက်အောင် မလုပ်ပြနိုင်လို့တဲ့လေ… ဘယ်လို ယုံကြည်နိုင်လောက်အောင် လုပ်ပြရမှာလဲဆိုတော့.. လကြီးက လင်းထိန်နေတာပဲတဲ့.. လကိုလူတွေရောက်တယ်ဆိုတာကို သက်သေပြဖို့ဆို လင်းထိန်နေတဲ့ လမင်းကြီးကို မလင်းအောင် တစ်ခုခုနဲ့ ကွယ်ပေး အုပ်ပေးထားပါလားတဲ့..ဒီလိုလုပ်ပြလိုက်ရင် အားလုံးက လကမ္ဘာပေါ်ကို လူရောက်တယ်ဆိုတာ ယုံကြမှာပေါ့ဆိုပဲ…။ပြီးတော့ သူကပြောသေးတယ်.. မိန်းကလေးတွေဟာ လကမ္ဘာကလာကြတာတဲ့လေ… လကနေ ဥတွေချလိုက်တာ.. လဥတွေကကွဲပြီး မိန်းကလေးတွေဖြစ်လာရတာတဲ့… ကဲ… ဒီလူကြီးရဲ့ အတွေးအခေါ်တွေက တော်တော်စိတ်ဝင်စားဖို့ကောင်းတယ် မဟုတ်လား….။ သူက တစ်ခါတစ်လေ လူတွေကရူးနေကြတာတဲ့… ဒါပေမယ့် ရူးမှန်းမသိတော့ခက်တယ်ဆိုပဲ… သူကတော့ သူ့ကိုယ်သူ ရူးမှန်းသိတယ်တဲ့.. ဘယ်လိုသိတာလဲလို့ မေးတော့ လူတွေက သူ့ကို အရူးလို့ခေါ်ကြလို့ဆိုပဲ… ဒါက ဂုဏ်ယူစရာကောင်းတယ်တဲ့.. သူ့လိုလူတွေ များလာရင် လောကကြီးက သာယာလှပအေးချမ်းနေမှာဆိုပဲ…။ ကမ္ဘာကြီးဟာ ကိုယ့်ကိုကိုယ် ရူးမှန်းမသိကြတဲ့ လူတွေကြောင့် ပူလောင်နေရတာတဲ့လေ…။ သေချာတွေးကြည့်တော့လည်း ဟုတ်သလိုလိုပဲဗျ…။ ကျနော်တို့ မြတ်စွာဘုရားရှင်ကလည်း ဟောကြားထားတယ်မဟုတ်လား ပုထုဇဉ်မှန်သမျှ အရူးတွေ အကန်းတွေပဲလို့လေ…။
နောက်ပြီး အရူးစကား ကလေးစကားတွေက အမှန်တွေလို့ ကြားဘူးတာပဲ…။ ကျနော်တော့ တော်တော်လေးတွေးစရာလေးတွေ ရလို့ လူကြီးကို ကျေးဇူးတင်မိတာတော့ အမှန်ပါ….။ နောက်ပြီး ကချင်စစ်တပ်ကို ဗမာစစ်တပ်က ဘာလို့ နိုင်အောင် မတိုက်နိုင်တာလဲဗျလို့ ကျနော်မေးတော့..သူဖြေပုံလေးက ဒီလိုဗျ.. “လွယ်လွယ်လေးကို ခက်အောင်လုပ်နေကြတာပါဗျာ… ဧရာဝတီမြစ်ကြီးရဲ့ ဘေးမှာ ကချင်တပ်တွေ နေကြတာ… ဧရာဝတီမြစ်ကြီးရဲ့ အစမှာ ရေကို ခဏပိတ်ပြီး အရက်တွေလောင်းချပစ်လိုက်..အရက်တွေချောင်းစီးသွားလိမ့်မယ်.. အဲ့ဒီအရက်တွေကို ကချင်စစ်တပ်တွေ သောက်မိပြီး မူးကုန်မယ်… မူးကုန်တော့ အေးဆေးတက်သိမ်းလို့ ရပြီပေါ့ဆိုပဲ…”
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
အခုဆို… ကျနော်နဲ့ မြစ်ကြီးနား ဆုတောင်းပြည့်ဘုရားက လူကြီးမတွေ့တာ ကြာပေါ့… သူဘယ်ရောက်နေလဲ အသက်ရှင်နေသေးလားတော့ မသိ… ကျနော့် အတွေးထဲဝင်ရောက်လာတာကတော့ .. ဒီလူကြီး တရုတ်ပြည်ရောက်သွားပြီး အကြံပေးလိုက်လို့များ မြစ်ဆုံစီမံကိန်းကြီး ပေါ်လာလေသလားးလို့…………
ပျော်ရွှင် ချမ်းမြေ့ကြပါစေ……
K.T.W.L
2 comments
မဟာရာဇာ အံစာတုံး
August 16, 2013 at 2:29 pm
မြောက်ပိုင်းတိုင်း စစ်ဋ္ဌာနချုပ်က ဗိုလ်မှူးကြီး ထွန်းဝင်းလတ်
ဆိုဘာလား ….
နယ်နယ်ယယဂျီး မီဟုတ်ဝူးဘဲ … ဂလု .. ဂလု ..
ဒီလူဂျီး တော်ကီ တစ်ချက်နဲ့ …
မိန်းခလေးဒွေ ဖစ်လာပုံကို မှတ်သွားဒယ် .. ဟဲဟဲ ..
ရွှေမိုးတိမ်
August 16, 2013 at 4:36 pm
ဗိုလ်ဖိုးကွန်းကြီးအကြောင်းဖတ်ရင်း ပြုံးသွားပါတယ် 🙂