ကဗျာချစ်သူများ၏ ကဗျာပြခန်း အမှတ်(၈)

Mr. MarGaSeptember 1, 20128min218

=================================

ပြခန်းများရဲ့ ထုံးစံအတိုင်း ကဗျာဆောင်းပါးနဲ့ စကြရအောင်

ဒီဆောင်းပါးက အရင်ပြခန်းရဲ့ အဆက်ပါနော်..

=================================

(၃)
ဘာပဲဖြစ်ဖြစ် ကဗျာနှင့် ကဗျာဆရာတို့၏ ပဋိပက္ခသည် အဓိက ပဋိပက္ခတော့မဟုတ်ချေ။ သာမည ပဋိပက္ခသာ ဖြစ်သည်။ ကိုင်း ဒါဖြင့် အဓိက ပဋိပက္ခက ဘာလဲ။ ခေတ်၊ စနစ်၏ ရန်ဘက်ကို မစေ့စပ်တမ်း တိုက်ပွဲဝင်ရပေမည်။ အဓိက ပဋိပက္ခကို ဖြေရှင်းရာ၌ အနုအကြမ်း နှစ်မျိုးကို သုံးရပေမည်။ ဤအဓိက ပဋိပက္ခကို ဖြေရှင်းရာ၌ ကဗျာနှင့် ကဗျာဆရာတို့သည် တညီတညွတ်တည်း သွေးစည်းရပေမည်။ ဤသဘောနှင့် ဆန့်ကျင်စွာ ကဗျာကသာ တိုက်ပွဲဝင်ပြီး ကဗျာဆရာက တိုက်ပွဲမဝင်ပါက (ဝါ) ကဗျာနှင့် ကဗျာဆရာတို့သည် သီးခြားကင်းလွတ်နေပါက ကဗျာကိုသာ ပြည်သူက ကြိုဆိုမည်ဖြစ်ပြီး ကဗျာဆရာကိုမူ ပြည်သူက ရှုတ်ချပေလိမ့်မည်။ ထိုအခါ ကဗျာဆရာသည် ကျဆုံးခြင်းသို့ တိုင်လိမ့်မည်။ ထို့နောက် ကဗျာသည်လည်း ကဗျာဆရာနှင့်အတူ တဖြေးဖြေး ကျဆုံးသွားလိမ့်မည်။ ပြည်သူ့ တံတွေးခွက်ထဲ ပက်လက်မျောလိမ့်မည်။ ဤနေရာ၌ မိုးဦးရွက်သစ် ကဗျာစာအုပ်မှ ဒဂုန်တာရာ၏ အမှာစာပိုဒ်ကို ကိုးကားလိုသည်။

“ကဗျာသည် ယနေ့ပြောင်းလဲလှုပ်ရှားမှုများနှင့် အမြဲထိတွေ့ခံစားလျက်ရှိသည်။ ကဗျာဆရာသည် အဟောင်းနှင့် အသစ်တို့ ပဋိပက္ခမုန်တိုင်းတွင် ပါဝင်လျက်ရှီသည်။ အလုံပိတ်မှန်ခန်းထဲ၌ နေ၍မရပြီ။”

မှန်သည်။ ကဗျာဆရာသည် ပစ္စည်းမဲ့ ပြည်သူအတွက် သူ၏ကဗျာကို ထုတ်လုပ်ဖြန့်ဖြူးရုံ၊ တင်ပြရုံသက်သက်ဖြင့် တာဝန်ပြီးဆုံးပြီလား၊ တာဝန်ကျေပြီဟူ၍ မှတ်မလား။ မဖြစ်နိုင်ပါ၊ လုံးဝမဖြစ်နိုင်ပါ။ သူ၏တာဝန်ကို အဆုံးစွန်ထိ ပြီးမြောက်အောင် လုပ်ရပါလိမ့်ဦးမည်၊ နည်လမ်းညွှန်ပြရမည်၊ မြှင့်တင်ရေးလုပ်ငန်းကို ဇောက်ချရပါလိမ့်မည်။

ဥပမာ၊ အိမ်ဆောက်ဖို့ တာဝန်ရှိသည် ထားပါတော့။ သစ်၊ ဝါး၊ အိမ်ဆောက်ကိရိယာတို့ မရှိလျှင် အိမ်ဆောက်နိုင်ပါမည်လော။ ဒါကြောင့် သစ်၊ ဝါး၊ အိမ်ဆောက်ကိရိယာ စသည့် ပြဿနာရပ်များကို မဖြေရှင်းပေးနိုင်လျှင် အိမ်ဆောက်ဖို့ ပြောနေသည်မှာ အလကားဖြစ်ပေမည်။ လုပ်နည်း၊ ကိုင်နည်း၊ လမ်းညွှန်မရှိလျှင် ဖြန့်ဖြူးရေး၊ တင်ပြရေးတို့မှာ တန်ဖိုးမဲ့နေပါလိမ့်မည်။

ဒါကြောင့် ကဗျာဆရာသည် သူ၏ကဗျာနှင့် ထပ်တူဖြစ်နေရပါမည်။

ထပ်တူမဖြစ်သမျှ ကာလပတ်လုံး ကဗျာဆရာ၏ ကဗျာသည် ပြောင်လက်တကာ့အလက်ဆုံးဖြစ်အောင် မိမိ၏ ကဗျာကို ဆီပိဿာချိန်တစ်ရာ သုတ်လိမ်းထားစေ၊ ဘယ်တော့မှ ပြောင်လက်လာမည် မဟုတ်ချေ။ အနီတကာ့ အနီရဲဆုံးဖြစ်အောင် ဆေးနီတစ်ဘူးလုံး ခြယ်ထားစေ၊ ဘယ်တော့မှ နီရဲလာမည် မဟုတ်ချေ။

အဆုံးသတ်ကိုမူ ကျွန်ုပ်တို့ ရဲဘော်ကြီး ရွှေရ (တောင်ကုတ်) ၏ ကဗျာနှင့် နိဂုံးချုပ်လိုပေသည်။ ကိုင်း ဖတ်ကြည့်စမ်းပါ။  ။

ဤရဲဘော်ကား၊ တော်လှန်ရေးက
သူ့အားပေးအပ်၊ လက်နက်မြတ်ကို
ချွေးထပ်ထပ်ပြန်၊ ကြောက်စိတ်မွှန်လျက်
လက်ခံမရဲ၊ ငြင်းဆန်လွဲကာ
ကဗျာသက်သက်၊ ကျည်မထွက်သည့်
လက်နက်နှင့်သာ တိုက်သူတည်း။  ။

=================================

ပြခန်း (၈)မှာ ပါဝင်တဲ့ ကဗျာများကတော့ အောက်ပါအတိုင်း ဖြစ်ပါကြောင်း ….။

ကဗျာ စာသားများချည်းသာ သီးသန့် ဖတ်ရှုလိုတယ်ဆိုရင်တော့ဖြင့် ဒီစာကြောင်းပေါ်ကိုသာ နှိပ်လိုက်ပါဗျာ။

=================================

(၁)

 

ဗေဒါလမ်း-၁၉
ဗေဒါလမ်း-၁၉

=================================

(၂)

 

နင့်အတွက် … ငါ
နင့်အတွက် … ငါ

=================================

(၃)

 

စက်တင်ဘာလ ရောက်ပြီမို့
စက်တင်ဘာလ ရောက်ပြီမို့

=================================

(၄)

 

လမ်းပြသူ
လမ်းပြသူ

=================================

(၅)

 

 စစ်သား
စစ်သား

=================================

(၆)

 

နေရာနဲ့ကျော
နေရာနဲ့ကျော

=================================

(၇)

 

သစ္စာပုံပြင်
သစ္စာပုံပြင်

=================================

(၈)

 

အသက်၄ဝအလွမ်း
အသက်၄ဝအလွမ်း

=================================

(၉)

 

 ဒွိဟ
ဒွိဟ

=================================

(၁၀)

 

ချစ်သူသို့တမ်းချင်း
ချစ်သူသို့တမ်းချင်း

=================================

(၁၁)

 

သူမ ဆိုတာ …..။

=================================

=================================

=================================

(၁)

*** ဒါကတော့ ပြခန်းရဲ့ အဖွင့်ဖြစ်တဲ့ ရှေးကဗျာလေးပါ။ ***

“ဗေဒါလမ်း – ၁၉”

– ဇော်ဂျီ

  • ပွင့်ဖူးတံချီ၊ ဗေဒါရီ တမိ။

ချောင်းတခွင် သူဆန်သွား၊ ချောင်းဖျား အထိ။

  • တရွာကိုကျော်၊ တခေါ်လောက် စခန်း။

မဗေဒါ ဆန်တဲ့ချောင်း၊ ကျောင်းနဲ့ နတ်လမ်း။

  • နတ်လမ်းကို ကျော်၊ တခေါ်လောက် စခန်း။

မဗေဒါ ယာဘက်ဘေး၊ တဲ လေးအိမ်တန်း။

  • လေးအိမ်ကို ကျော်၊ တခေါ်လောက် စခန်း။

မဗေဒါ မယ့်လက်ဝဲ၊ ကျွဲစားကျက် တန်း။

  • စားကျက်ကို ကျော်၊ တခေါ်လောက် စခန်း။

မဗေဒါ ဝဲယာလိုက်၊ တော ဗျိုက်ဖြူတန်း။

  • ဗျိုက်တောကို ကျော်၊ တခေါ်လောက် စခန်း။

မဗေဒါ ပတ်ချာဝိုင်း ကိုင်း မြက်ရှည်တန်း။

  • ရောက်ပြန်လျှင် ပျော်၊ ကျော်ပြန်တော့ သူလွမ်း။

ရောက်တိုင်း တပျော်ပျော်နဲ့
ကျော်တိုင်းသာ သူ့မှာလွမ်း
ချောင်း ဗေဒါလမ်း။

=================================

(၂)

 “နင့်အတွက် … ငါ”

  • ချစ်သူ…

နင့်အတွက်ပန်းအဖြစ်ငါပွင့်ခဲ့ပေမယ့်
နင်မနမ်းချင်ရင်လည်း လမ်းအဖြစ်တော့နင်းခဲ့ပါ..
ငါခင်းပေးပါ့မယ်… နင့်အတွက်….

  • ချစ်သူ…

နင်သွားလေရာအရိပ်ပေးဖို့ ထီးအဖြစ်ငါမိုးပေးခဲ့ပေမယ့်
နင်မလိုအပ်ခဲ့ရင် ဖြတ်တော့လျှောက်သွားခဲ့ပါ
ငါရပ်နေပါ့မယ် သစ်တစ်ပင်အဖြစ်… နင့်အတွက်…

  • ချစ်သူ………………

နင်အမောပြေဖို့ ရေစင်တစ်ခွက် ငါဖြစ်ခဲ့ပေမယ့်
နင်မသောက်ချင်ရင်လည်း ခြေတော့ဆေးခဲ့ပါ..
ငါအားလုံးသွန်ချပေးပါရစေ….. နင့်အတွက်…

  • ချစ်သူ…

နင်ရေးဖို့ စက္ကူဖြူတစ်ရွက်ငါဖြစ်ခဲ့ပေမယ့်
နင်ရွတ်မယ်ဆို ကဗျာတစ်ပုဒ်
ငါဖြစ်ပါရစေ… နင့်အတွက်…

  • ချစ်သူ…

နင့်အတွက် အချစ်သီချင်းတစ်ပုဒ် ငါဖြစ်ခဲ့ပေမယ့်
နင်မနှစ်သက်ခဲ့ရင်လည်း အလွမ်းတေးတစ်ပုဒ်တော့
ငါဖြစ်ပေးပါရစေ… နင့်အတွက်…

  • ချစ်သူ…

နင့်အတွက် ငါဖြည့်ဆည်းသမျှအားလုံး
နင်အလိုမရှိခဲ့ရင်လည်း နင်ကိုယ်တိုင်တော့ ဖျက်ဆီးခဲ့ပါ
ငါပျက်သုန်းပေးပါရစေ… နင့်အတွက်…။   ။

=================================

(၃)

 “စက်တင်ဘာလ ရောက်ပြီမို့”

  • မြစ်အတွင်း သင်းဖြူးပါတဲ့ရေအသွင်

လှေငယ်ဆင် ပြိုင်ကာနွှဲကြတယ်
ရှေးသရော အချိန်အခါဝယ်။

  • ရွာတော့လည်း မစဲပါမို့

တော်သလင်းမိုး အိမ်အောက်တိုး
ရွာမယ့်ဟန်ပြင်ကာ မှိုင်းကာမှ
လင်းပရဲ့ နေအရှိန်
ပူလွန်းကာ ပုဇွန်သေပါလို့
ပူသကာ ရွာသလှည့်
လူတကာ ဖျားနာချင်ပါရဲ့
ဂရုစိုက်ပါ့ ကိုယ့်ခန္ဓာ
ပွင့်လှတဲ့ ရွှေယင်းမာ
သင်းလှတဲ့ ပန်းမဟာ
ရောက်ပါပေါ့ စက်တင်ဘာ။  ။

=================================

(၄)

 “လမ်းပြသူ”

  • ရနံ့ရယ်ကြူ မျက်မမြင်သူ တစ်ယောက်ရယ်က

စိတ်ဝယ်သူ မှန်းဆရည်ရော်တော့
ဖြူဆင်လွလွ။

  • အဆင်းရယ်ဖြူ မြင်ထိုက်သူ စိတ်ကိုငြိမ်းစေမယ့်

ရွက်စိမ်းငယ် အယဉ်ဆင့်လေတော့
ပန်းစံပယ်ရဲ့ဘဝ။

  • အစိမ်းနဲ့အဖြူ ဆင်ယင်သူ ကေသာထုံးမှာဖြင့်

နေရာယူ ထပ်တူပြုလေတော့
ရှုလို့မဝ။

=================================

(၅)

 “စစ်သား”

  • စစ်ပွဲတစ်ရာ နွှဲလိုက်ချင်ရဲ့

အချစ်တစ်ပွဲတော့ မနွှဲချင်တော့ဘူးကွယ်
ဪ ချွဲတတ်လိုက်တာ…။

  • အနုပညာမှာ  အရိုးမရှိတဲ့အတိုင်း

ပုံခိုင်းနှိုင်းလိုက်မှဖြင့်
စစ်ပွဲတိုင်းကလွယ်သယောင်ယောင်
အသက်တွေ လောင်းကြေးထပ်
တတ်ကျွမ်းသူ နိုင်စတမ်း
ကြမ္မာဆန်းရင်ဖြင့်
အရင်းတော့  ပြန်ရပါရဲ့
ခြေတစ်ဖက်မပါ…။

  • အချစ်ပွဲတစ်ရာ နွှဲလိုက်ချင်ရဲ့

စစ်တစ်ပွဲတော့  မနွှဲချင်တော့ဘူး
ရင်မှာဗလောင်ဆူ ကြောက်စိတ်ထုံလွှမ်း
ဒီလမ်းက  သေမင်းလမ်း
ဆူးငြှောင့်တွေထက် နင်းမိုင်းတွေခင်း
ပုံသေပစ်ကြောင်းဆင်
ငါတို့ ဘယ်လိုဝင်ရမလဲ
ပန်းခင်းဖို့ မတောင်းဘူး
(ရန်)သူတို့ နှစ်နှစ်ခြိုက်ခြိုက်  အိပ်ပျော်ပါစေ..လေ
အမှောင်အားကိုး တိတ်ဆိတ်ခြင်းနဲ့
ငါတို့ ချဉ်းရမယ်..
ငါတို့ တက်ရမယ်..
ဆန့်သောလက် မကွေးခင်..
အတွေးမှာ သေချာပြီလား …
ဒါ ဆို ငါ တို့ ရဲ  ဝံ့ စွန့်စား..
ဒီ ကုန်း မှာ မြန်မာ အလံ တလွှားလွှား လွင့် ရမည်…။       ။

=================================

(၆)

 “နေရာနဲ့ကျော”

  • နင့်အောင်မြင်မှု နင့်နေရာတစ်ခုအတွက်

နင်သူများကျောပေါ်နင်းတက်ခဲ့တယ်…
သူများကျောကနေ နင့်အတွက်နေရာတစ်ခုပိုင်ဆိုင်ခဲ့တယ်…
အဲဒီနေရာမြဲဖို့ရာကို နင်ကျောတွေထပ်ကာနင်းတက်ခဲ့ရတယ်…
နင်နင်းတက်ခဲ့တဲ့ ဒီကျောတွေအတွက် နင်အားနာစိတ်နည်းနည်းတောင်မှမရှိခဲ့…။

  • နင်နင်းတက်မှန်းသိပါလျက်နဲ့ အဲဒီကျောတွေ နင့်ကိုထမ်းတင်ခဲ့တယ်…

ကျေးဇူးတရားမထောက်ထားပဲ အဲဒီကျောတွေနင်နင်းချေတယ်…
အဲဒီအောင်မြင်မှုကို စစ်မှန်မှုလို့နင်ထင်ခဲ့တယ်…
အောင်မြင်မှုက နင့်ဘဝကိုမော်ကြွားစေတယ်…
မာနတံခွန်လွှင့်ထူရင်းနဲ့ နင်နင်းခဲ့တဲ့လူတွေကိုနင်ငုံကြည့်ခဲ့တယ်…
နင့်နေရာလေးမြဲဖို့အရေး ထပ်နင်းတက်စရာကျောနင်ရှာနေခဲ့တယ်…။

  • ငါတစ်ခုပဲဆုတောင်းချင်တယ်…

နင်နင်းတက်စရာကျောမရှိတော့ရင်
နင့်နေရာလေး မြဲပါစေလို့
ငါအဝေးကနေ တောင်းဆုချွေမယ်
နင်အောင်မြင်နိုင်ပါစေ…။          ။

=================================

(၇)

 “သစ္စာပုံပြင်”

  • ပိတောက်တွေ သစ္စာမဲ့တော့

ငုဝါတွေကို ပြောတယ်…
ငါတို့ သစ္စာရှိပေးခဲ့တာကိုတော့
သူတို့သူတို့တွေ ဘာလို့
တန်ဖိုးမထားခဲ့တာလဲ…။

  • ဥဩငှက်က ဆိုပြန်တယ်

ငါလည်း ငါ့တာဝန်ကျေခဲ့ပါတယ် တဲ့…။

  • နင် ချစ်ရတဲ့သူ သစ္စာမဲ့တော့

သူငယ်ချင်းတွေကို ပြောတယ်
နင့်ရဲ့ သစ္စာတွေကို
ဘာလို့ သူ တန်ဖိုးမထားခဲ့တာလဲ
ငါလည်း ပြောလိုက်တယ်
နွေရာသီကတော့
ဘယ်တော့မှ ပျောက်ပျက်သွားမှာ မဟုတ်ဘူုး လို့…။ ။

=================================

(၈)

 “အသက်၄ဝအလွမ်း”

ပန်းမထီးမှာ
ကြီးပြင်းလာခဲ့ အလွမ်းနဲ့ စတင်
အချစ်မှာ အကြိမ်ကြိမ်အထိနာ
သစ်ရွက်ကြွေသလိုတဖွဲဖွဲ အရှုံးတွေ
ကိုယ့်အတွက်နည်းနည်း
သူများအတွက်များများ
အဲဒီမှာ အသက်၄ဝအလွမ်းဇာတ်
မအောင်မြင်ခဲ့ပါဘူး
ကဗျာလေကိုရှုခဲ့ ရှိုက်ခဲ့
အတိတ်ကထိရှတဲ့ ပုလင်းကွဲရှသလိုဒဏ်ရာများ
ပြန်သလိုက် နာကြည်းလိုက်
ဓါးသွားပေါ်က ပျားရည်ကိုမက်မောခဲ့ နှစ်ပေါင်း၄၀
အချစ်နဲ့လောင်ကျွမ်းခဲ့ နှစ်ပေါင်း၄၀
စိတ်ကိုအတင်းကြီးလျှော့ကြိုးလို လျှော့ခဲ့ နှစ်ပေါင်း၄၀
ကြေကွဲခြင်း အလိုမပြည့်ခြင်းဒုက္ခဆင်းရဲနဲ့ နှစ်ပေါင်း၄၀
နှလုံးသားထဲဆူးစူးနေတဲ့ နှစ်ပေါင်း၄၀
အခု…
ကိုယ်လည်းဘေးလွတ်ရာရှောင်
သူတစ်ပါးလည်း ဘေးလွတ်ရာဆောင်
အတ္တကိုအရည်ဖျော်ဖျော်ချရတဲ့ နှစ်ပေါင်း၄၀..။ ။

=================================

(၉)

 “ဒွိဟ”

  • နှလုံးသားရဲ့ အလိုမှာ

ဦးနှောက်က ဆိုတယ်
“လက်တွေ့ဘဝ အဓိက” တဲ့…

  • ဦးနှောက်ရဲ့ တိုက်တွန်းချက်

နှလုံးသားက ကန့်ကွက်တယ်
“ပြန်ငဲ့ကြည့်ပါဦး” တဲ့…

  • မိန်းကလေး အိန္ဒြေအောက်

အချစ်ကို ဒူးထောက်ခိုင်းတော့
“ဘဝက တိုတိုလေးပါ” တဲ့…

  • မေတ္တာကို လှစ်ဟမယ်ကြံတော့

အသိက ငြင်းဆန်ပြန်တယ်
“ထိန်းချုပ်ခြင်း” တဲ့…

  • မာနတံခွန်လွှင့်ထူ

တစ်ယောက်တည်း မင်းမူမယ်ဆိုတော့
“အချစ်စစ်က အနားမှာ” တဲ့…

  • ချစ်ခြင်းထံပါး

မှီတွယ်မလား တွေးပြန်တော့
“အချိန်ဇယားကြား အသားကျနေသားနဲ့” တဲ့…

  • ဒီလိုနဲ့…

ဒွိဟတွေလွန်ဆွဲ
တွေဝေမှုတွေ များလာတယ်..
ဘဝခါးခါးရဲ့နောက်
ကြေမွနေတဲ့နှလုံးသား
အကန့်ပျက်များလာတဲ့ ဦးနှောက်
အတင်းဆွဲတင်ထားတဲ့ မာနကြား
ငါဟာ…
ရက်စက်သူလား…
ရှုံးနိမ့်သူလား…။ ။

=================================

(၁၀)

 “ချစ်သူသို့ တမ်းချင်း”

  • ဟိုဝေးမှာ

ပိုဆွေးကာ အနေခက်ပါလို့
ပွေရတက် ဖြေမလွယ်
လွမ်းလွန်းလှတယ်။

  • ချစ်သူရယ်

ခုချိန်မယ် တစ်မြေခြား။

  • နှေးမကြာ

တွေးကာသာ ကြိုးစားရ
နောင်ကာလ နီးမှာမို့ကွယ်
အားတင်းလို့ထား။    ။

=================================

=================================

(၁၁)

သူမ ဆိုတာ

  • သူရိန်က မျက်စပစ်တော့

စန္ဒာက ရှက်ပြုံးလေးနဲ့ ခေါင်းငုံ့သွားတယ်
ဆည်းလည်းလေးတွေ သီချင်းဆိုလို့
စက္ခုနဲ့သောတ အာရုံစ ခံစားမိချိန်
မင်းက ထထွက်သွား
ငါ့ရဲ့အိပ်မက်ထဲက ရနံ့တပါးပဲပေါ့ ……။

=================================

ကဗျာပြခန်းအတွက် ကဗျာများကို alinsett.art@gmail.com သို့ ပေးပို့နိုင်ပါတယ်။

ကဗျာတွေကို ဖတ်ရှုခံစားပြီးရင် အကြိုက်ဆုံး သုံးပုဒ်ကို ရွေးပေးသွားကြဖို့လဲ တောင်းဆိုပါတယ်

 

လေးစားစွာဖြင့်

ဦးမာဃ (ခေတ္တ လူ့ပြည်)

=================================