တောင်တန်းတွေနှင့် ယဉ်တဲ့မြို့
၁။
မြောက်လတ္တီတွဒ် (၂၂˚-၅၀΄) နှင့် (၂၂˚-၅၅΄) ကြား၊ အရှေ့ဘက်တွင် မိုင်းလုံမြို့နှင့် (၂၁) မိုင်၊မြောက်ဘက်တွင် မိုးမိတ်မြို့နှင့် (၂၈) မိုင်၊ အနောက်ဘက်တွင် သပိတ်ကျင်းမြို့နှင့် (၆၀)မိုင်၊ မန္တလေးမြို့နှင့် (၁၂၈)မိုင်တို့နှင့် အသီးသီးကွာဝေးသည့် ပြင်ဦးလွင်ခရိုင်တွင် ပါဝင်သော မိုးကုတ်မြို့သို့ ကျွန်မရောက်ရှိလို့လာပါသည်။ မိုးကုတ်သို့မရောက်ခင် ရန်ကုန်ကနေမိုးကုတ်အထိ ကားတိုက်ရိုက်မရောက်သောကြောင့် မန္တလေးမှတဆင့် ဗန်ကားလေးဌားပြီး မိုးကုတ်သို့ဆက်လက်ထွက်ခွာခဲ့ရသည်။
မိုးကုတ်မြို့ ရှုခင်း
အကွာအဝေးကြာချိန်ကိုမှတ်သားချင်သောကြောင့် နာရီကိုကြည့်လိုက်ရာ (၁၀)နာရီထိုးနေပြီဖြစ်သည်။ မန္တလေးမြို့မှစထွက်လာတော့ အပူဓာတ်ကအရှိန်ကောင်းနေတုန်းပဲဖြစ်သည်။ ထို့နောက် နာမည်ကြီးလှသည့် ကိုးသုံးလုံးကွေ့ (၉၉၉) ကွေ့ကို ကျွန်မတို့ရင်ဆိုင်သည့်အခါ အအေးဓာတ်လေးကလွှမ်းမိုးစပြုလာတော့သည်။ တစ်ကွေ့ကို ကွေ့လို့မဆုံးသေးဘဲ နောက်ထပ်တစ်ကွေ့ကိုထပ်ကွေ့ရသည်။ လမ်းကမကြမ်းသော်လည်း အကွေ့ပေါင်းများစွာကို ကွေ့ပတ်ပြီးသွားရသောကြောင့် ခေါင်းမမူးရအောင် ကျွန်မကတော့မျက်လုံးလေးစဉ်းပြီးလိုက်ပါသွားသည်။ ထို့ပြင် တောင်တန်းတွေကို ဖြတ်ကျော်သွားရသောကြောင့် ပတ်ဝန်းကျင်ကလည်း စိမ်းစိုအေးမြလျက်ရှိသည်။ တဖြည်းဖြည်းနှင့် တောင်များ၏အလယ်တွင် မြို့တည်ထားရာ အလယ်တွင်ချိုင့်ခွက်နေသောဒယ်အိုးပုံစံရှိသည့် မိုးကုတ်မြို့ကို လှမ်းမြင်ရသည့်အချိန်မှာတော့ ညနေ(၃)နာရီပင်ထိုးနေပြီဖြစ်သည်။ ထိုနေ့ညနေမှာတော့မိုးကုတ်မြို့ကို လည်ရန်အချိန်မရှိတော့ပြီဖြစ်သောကြောင့် ဟိုတယ်မှာပဲအနားယူလိုက်ပါသည်။
၂။
`ကိတ်၊နဂါး၊ကြွက် သုံးစဖော်ယှက်၊ ကျောက်မျက်ရတနာ၊ပေါ်ထွက်လာ ဂန္ဓာလတိုင်း၊ သမိုင်းပွင့်ဆန်း၊ ပင်သဖန်းဟု၊မော်ကွန်းထိုးထုတ်၊ မြို့မိုးကုတ် ́ ဟူသော ရှေးဟောင်းတပေါင်အရကိတ်က (၉)၊ နဂါးက (၇)၊ ကြွက်က (၅)၊ ၎င်းကို ပြောင်းပြန်ယူသော် (၅၇၉) ဖြစ်ရာ ထိုနှစ်ပင် သဖန်းပင်ရွာကိုအရင်တည်ပြီး မိုးကုတ်မြို့ကိုဆက်လက်တည်ခြင်းဖြစ်သောကြောင့် `မိုးကုတ်အစသဖန်းပင်က ́ဟုလည်းခေါ်ဆိုကြသည်။ ထို့ပြင်မိုးကုတ်မြို့ကိုလည်းအဓိပ္ပာယ်အမျိုးမျိုးဖွင့်ဆိုသည့်အနက် ကျွန်မကတော့ တောင်ချိုင့်ဝှမ်းထဲကအေးချမ်းတိတ်ဆိတ်သောမြို့ဟု ကင်ပွန်းတပ်ချင်လောက်အောင် မိုးကုတ်မြိ့ကအေးချမ်းစိမ့်အေးပြီး နားအေးပါးအေးရှိလှသည်။
ကျွန်မတို့ရန်ကုန်မြို့ပေါ်မှာဆိုလျှင် နံနက် (၁၀)နာရီဆိုလျှင် နေကခြစ်ခြစ်တောက်ပူနေပြီဖြစ်သော်လည်း တောင်ပေါ်
ဒေသဖြစ်သော မိုးကုတ်မှာတော့ နံနက်(၁၀)နာရီပင်လျှင် မြူကျကောင်းတုန်းပဲဖြစ်သည်။ မြူကျတာမှပတ်ဝန်းကျင်တစ်ခုလုံး အုံ့ဆိုင်း
မှောင်မည်းပြီး မည်သည်ကိုမျှသေသေချာချာမမြင်ရတာဖြစ်သည်။
မိုးကုတ်မြို့ နံနက် (၁၀)နာရီ မြင်ကွင်း
ရှေးဦးစွာကျွန်မတို့မိုးကုတ်မြို့အနောက်ပိုင်းကြပ်ပြင်၌ရှိသော ကျောက်ပြဿဒ်သို့ သွားရောက်ခဲ့ကြသည်။ ကြပ်ပြင်ဆိုသည့်နာမည်ကို ကျွန်မစိတ်ဝင်စားသွားသောကြောင့် မည်သို့မည်ပုံဖြစ်ပေါ်လာလေသနည်းဟုသိရှိရန် လမ်းညွှန်စာအုပ်ကို ကျွန်မကောက်ဖတ်လိုက်သည်။
`ကြပ်ပြင်တွင်နေထိုင်ကြသော ကသည်းလူမျိုးများသည် ထမင်းဟင်းချက်ပြုတ်စားသောက်ရာတွင် ရေချိုးပြီးမှပြုလုပ်ရသည့် ဓလေ့ရှိရာအလွန်အေးသော ဒေသဖြစ်၍ရေချိုးပြီးတိုင်းကျပ်တင်သကဲ့သို့တစ်ကိုယ်လုံးနွေးစေရန်မီးဖိုနားတွင်ကပ်နေခဲ့ကြရာကျပ်တင်
မှတဆင့် ကြပ်ပြင်ဖြစ်လာခြင်းဖြစ်သည် ́တဲ့။
သို့နှင့် ကျွန်မတို့လည်း ကျောက်ပြဿဒ်ဘုရားတောင်ခြေမှာ ကားကိုရပ်ထားခဲ့ပြီးတောင်ကြားများတစ်လျှောက် ကျောက်ခဲများ
ကိုဖော်ထွင်းပြီးကြောင်လိမ်လှေကားသဖွယ်ကွေ့ကောက်သောလှေကားများကို အားယူရင်းတောင်ထိပ်သို့ရောက်အောင်တက်သွား
ကြသည်။လမ်းတစ်လျှောက်တွင်လည်း တောင်ထွတ်များ၊ တောင်စွန်းများတွင်လည်း စေတီငယ်များ၊ ပုံတော်များကိုတည်ထားရာ လွန်စွာမှပင် သပ္ပါယ်ကြည်ညိုစရာကောင်းသည်။
တောင်ထွတ်များ၊ တောင်စွန်းများရှိ စေတီငယ်များ
ကျောက်ပြဿဒ်ဖြစ်ပေါ်လာပုံကိုလည်း စနည်းနာကြည့်ရာ စေတီနှင့်ဆင်းတုတော်များကို သဘာဝအလျောက် ကျောက်ပြဿဒ်သကဲ့သို့ဖြစ်နေသော ကျောက်တောင်ကြီးပေါ်တွင် တည်ထားသောကြောင့် ကျောက်ပြဿဒ်ဘုရားဟုခေါ်ဆိုခြင်းဖြစ်
ကြောင်း၊ နှစ်စဉ်မြွေကြီးများရက်ပေါင်း အတော်ကြာကြာနေထိုင်ပြီးဘုရားဖူးတက်ခြင်းကလည်း ထူးခြားချက်ဖြစ်ကြောင်းသိရှိရသည်။ ထို့နောက် ကျွန်မတို့ဘုရားဝတ်ပြုပြီးတောင်ပေါ်ကနေရှုခင်းများကို မျှော်ကြည့်လိုက်သည်။ အမြင့်ရောက်လေလေ လေအေးအေးတွေ
တိုက်ကာ…….အေးစိမ့်ပြီးနေလို့ကောင်းလေလေဖြစ်သည်။ ပတ်ဝန်းကျင်တစ်ခုလုံးကလည်း မြူတွေခဲပြီး ဝိုးတိုးဝါးတားသာဖြစ်သည်။
ထိုမှတဆင့် ကျွန်မတို့သည် သမိုင်းတွင်ရာဇဝင်တွင်ခဲ့သည့် ဒေါ်နန်းကြည့်တောင်ဘုရားသို့ ဆက်လက်ထွက်ခွာခဲ့ကြသည်။ တောင်ပေါ်ရောက်တော့ (၁၁)နာရီထိုးနေပြီဖြစ်သောငြားလည်းမြူနှင်းများကတော့ ဝေနေဆဲဖြစ်သည်။ သို့နှင့်ကျွန်မလည်း ဘုရားဝင်ဖူးပြီး ဒေါ်နန်းကြည့်တောင်ရာဇဝင်ကိုသိရှိရန် စာအုပ်ကို (၁၅)မိနစ်လောက် အချိန်ပေးပြီး ဖတ်ကြည့်လိုက်သည်။
ချင်းတွင်းနယ်သားငမောက်သည်တစ်ညတွင်အရောင်များတလက်လက်တောက်ပနေသော ကျောက်နီပတ္တမြားကြီးတစ်လုံးကို တွေ့ရှိခဲ့ရာ နှစ်ပိုင်းခွဲပြီး တစ်ပိုုင်းကို ပင်းတလဲမင်းထံဆက်သလိုက်ရာ ဘုရင်လည်း ဆုတော်ငွေများပေးသနားကာ ငမောက်ကိုလည်း ပတ္တမြားငမောက် ဟူ၍ အမည်ပေးလိုက်သည်။ ထိုအချိန်နှင့် မရှေးမနှောင်းတွင် တရုတ်ပြည်၌ မင်မင်းဆက်ပျက်ပြီး နီးစပ်ရာတိုင်းပြည်ခိုလှုံရင်း မြန်မာနိုင်ငံသို့ခိုဝင်လာသော တရုတ်လူမျိုးတစ်ဦးဆီမှ ပတ္တမြားတစ်ပိုင်းလည်း ပါလာသည်။ ထိုပတ္တမြားကိုဘုရင့်ဆီဆက်သရာ ဘုရင်က ငမောက်ဆက်သထားသော ပတ္တမြားနှင့် တရုတ်ကုန်သည်ကြီး ဆက်သသောပတ္တမြားတို့ကို ဆက်လိုက်ရာ တစ်ပွင့်ထဲမှဖြတ်တောက်ထားကြောင်း၊ ပဒေသရာဇ်ခေတ်၏ အကျင့်အတိုင်း ငမောက်အားအဘယ်ကြောင့် ကျောက်အားလုံးမဆက်သရသနည်း ဟုဆို၍ ငမောက်နှင့်ဆွေမျိုးများကို သတ်ဖြတ်ကွပ်မျက်လို်က်သည်။ ထိုအခါ အစ်မဖြစ်သူဒေါ်နန်းလည်း ထွက်ပြေးတိမ်းရှောင်ရင်း တောင်ပေါ်တစ်ခုသို့ ရောက်လာသည်။ ထိုတောင်ပေါ်သို့ရောက်ပြီး ပြန်လှည့်ကြည့်ရာ အဝေးတွင်မောင်ဖြစ်သူ ငမောက်နှင့်ဆွေမျိုးများသတ်ဖြတ်ခြင်းခံရသည်ကို မြင်ပြီး ရင်ကွဲနာကျကာ ထိုတောင်ပေါ်တွင်ပင်သေဆုံးသွားခဲ့ရာမှအစပြု၍ ယခုကျွန်မတို့ရောက်ရှိနေသော တောင်ကို ဒေါ်နန်းကြည့်တောင် ဟူ၍ခေါ်ခဲ့ကြခြင်းဖြစ်သည်။
ငမောက်ရရှိခဲ့သော ပတ္တမြားသည် မိုးကုတ်မြို့ထွက် ပတ္တမြားတွေထဲမှ အကောင်းဆုံးပတ္တမြားဖြစ်ပြီး အချိန် (၉၀) ရတီရှိကာ ဆွတ်ဆွတ်ဖြူနေသော ဝါဂွမ်း (ဝါ) နွားနို့အတွင်းတွင် ထိုပတ္တမြားကို ထည့်လိုက်လျှင် ဝါဂွမ်းနှင့် နွားနို့တို့ပင်အနီရောင်
ပြောင်းသွားတတ်သည်ဟုဆိုရာ ကျွန်မအတော်လေး စိတ်ဝင်စားသွားသည်။ ထိုကဲ့သို့ ထူးခြားသည့်အစွမ်းနှင့် တန်ဖိုးရှိသော ပတ္တမြားကို ယခုအချိန်မှာ ကျွန်မတို့မြင်ခွင့်မရတော့တာကတော့ အတော်ဝမ်းနည်းဖို့ကောင်းလှသည်ဟု တွေးရင်း…စာဖတ်ခြင်းကို
ခေတ္တရပ်လိုက်သည့်အချိန်မှာတော့ ကောင်းကင်တစ်ခုလုံးကြည်လင်နေပြီး ရှုခင်းတွေကိုကောင်းစွာ မြင်ရတော့သည်။
ကောင်းစွာမြင်ရသည်ဆိုသော်လည်း မြူကင်းရုံမျှသာ ဖြစ်သည်။ နေကတော့ ထွက်မလာသေးပါ။
ဒေါ်နန်းကြည့်တောင်ပေါ်မှ မိုးကုတ်မြို့ရှုခင်း
ထို့နောက် ကျွန်မတို့ မြေကြီးထဲက မည်သို့ ရွှေထွက်ပြီး မည်သည့်နည်းများနှင့် တူးဖော်ကြသနည်းကို သိရှိရန် လုပ်ကွက်ရှိရာကို ခရီးဆက်လာခဲ့သည်။ ယခုအခါ ကုမ္ပဏီကြီးများက တာဝန်ယူလုပ်ဆောင်နေကြခြင်းဖြစ်သောကြောင့်သူတို့၏
ခွင့်ပြုမိန့်ကို (၅)မိနစ်မျှ စောင့်ရသေးသည်။ ထို့နောက် သူတို့ထဲမှ တာဝန်ရှိသူတစ်ဦးက ကျွန်မတို့ကို လုပ်ကွက်များရှိရာသို့ လိုက်လံပြသသည်။ တွေ့မြင်ရတာကတော့ တောင်များကိုအကုန်ဖြိုချခြင်း မဟုတ်ဘဲ အနည်းငယ်ချိုင်ယူပြီး ရေစုပ်စက်၊ သဲစုပ်စက်၊ ဗြုံးစုပ်စက် စသည်တို့ကို အသုံးပြုကာ တူးဖော်ကြသည်။ တူးဖော်နည်းအမျိုးမျိုးရှိသည်ဟုလည်း ရှင်းပြသည်။ သူတို့ကစက်တွင်း
တူးဖော်နည်းကို အများဆုံးလုပ်သည်ဟုဆိုသည်။ စက်တွင်းတူးဖော်နည်း အများစုကို သူကလက်တွေ့ရှင်းပြရန် အလုပ်သမားများ
အလုပ်လုပ်နေသည့် နားသို့ခေါ်ဆောင်သွားသည်။ အလုပ်သမားများက အင်းဗြဲပုံသဏ္ဍာန်တွင်းကြီးများတူးပြီး ဗြုံးမြေများကို ရေဖြင့်နူးစေကာ အားကောင်းသောသဲစုပ်စက်၊ ဗြုံးစုပ်စက်များဖြင့် အပေါ်ရှိရေမုံခွက် (ဗြုံးထည့်မွှေသည့် ရေလှောင်ကန်)ထိရောက်
အောင် သယ်ယူလိုက်ကြသည်။ ထိုအခါ ရေပိုက်ခေါင်းမှတဆင့် ရေမုံခွက်ထဲသို့ ဗြုံးနှင့်မြေတို့ရော၍ ကျလာကာ ရေမုံခွက်ထဲတွင် တွင်းသမားများက ပေါက်ပြားများနှင့် ပေါက်ချေသည်။ ရေမုံခွက်တွင်ရေမြောင်းတစ်ခုရှိပြီး ထိုရေမြောင်းအဆုံး၌ ဗြုံးဆေးစက်တစ်ခု
ရှိသည်။ ရေမုံခွက်ရှိရေထွက်မြောင်းမှဖြတ်သန်းစီးဆင်းလာသော သဲဖတ်များသည် ဗြုံးဆေးစက်အတွင်းတွင် သွား၍ စုနေပြီး ထိုစက်ထဲမှ ကျောက်ရောသဲများပါ ရောနှောနေသည့် သဲဖတ်များကို ကျုံးယူပြီး ကျောက် ရွေးသံဇကာများဖြင့် ပြန်လည်ရွေးယူကြ
သည်။ ထို့နောက် ကျွန်မတို့လည်း ရွေးပြီးသားကျောက်များပေါ်မှ ဖြတ်ပြီးသွားစဉ် အဝေးခပ်လှမ်းလှမ်းက တူတစ်ချောင်းကိုင်ပြီး ကျောက်များကိုထုခွဲနေကြသည်ကို မြင်လိုက်တော့..
`သူတို့ဘာလုပ်နေကြတာလဲဟင် ́ လို့မေးလိုက်တော့ သူက
`ကျွန်တော်တို့ ရွေးပြီးသားခဲစာတွေထဲကနေ..ကျောက်ပြန်ရှာနေတာ ́တဲ့။ ထိုအခါ ကျွန်မက
`ဟင်…ဒီကရှာပြီးသားဆိုတော့….သူတို့အတွက်ရှိပါဦးမလား ́
`သိပ်ရှိတာပေါ့..၊တွေ့နိုင်ပါတယ်..တချို့တွေ့သွားတဲ့လူတွေလည်းရှိတယ် ́ ဟု ဆိုသော်လည်း လှမ်းမြင်နေရသည့် လူနှစ်
ယောက်ကတော့ မည်သည့်အချိန်အထိလုပ်နေမည်မသိ။ ယခုအထိတွေ့ပုံမပေါ်သေးပါ။ ဇွဲကောင်းကောင်းနှင့်ထုရှာနေဆဲဖြစ်သည်။
ထို့နောက်လေးပင်တွင်း တူးဖော်နည်းရှိရာသို့ ကျွန်မတို့ကိုခေါ်ဆောင်သွားသည်။ လေးပင်တွင်းတူးဖော်နည်းဆိုသည်မှာ လေးထောင့်ကျကျမြေအောက်သို့တူးဖော်သွားရသည့်နည်းဖြစ်ပြီး ဘေးမှမြေသားများပြိုမကျအောင် အတွက်လည်း ပတ်ပတ်လည်တွင်သစ်သားများဖြင့် ဘောင်ခတ်ကာကွယ်ထားသည်ကို တွေ့မြင်ရသည်။ ထိုသို့သစ်သားဘောင်နှင့် တွင်းနံရံကြားတွင်
ထောက်ထားသောကြောင့် တော်ရုံတန်ရုံမြေမပြိုနိုင်ဟုဆိုသည်။ ထို့ပြင်အောက်နှင့်လည်း ဆက်သွယ်မှုရှိရန် ရေဒီယိုတစ်လုံးကိုအပေါ်
မှာ ထားထားသည်။ ထို့ကြောင့် အောက်ကလုပ်သားများသီချင်းဆိုသံများ၊ စကားပြောနေသံများကို အတိုင်းသားကြားရသည်။ ထိုအချိန်တွင် အောက်ကအချက်ပေးလိုက်သောကြောင့် အပေါ်ကလူကကြိုးကိုဆွဲလိုက်ရာ အောက်ကတင်ပေးလိုက်သော ဗြုံးတွေပါသည့် မြေသားကျောက်များထည့်ထားသည့် ဗုံးကအပေါ်သို့ ရောက်လာသည်။ ပါလာသည့်ထိုဗြုံးများကိုဘေးဘက်သို့သွန်ပြီး
အပေါ်ကလူကဗုံးကိုပြန်ချပေးလိုက်သည်။ သူတို့အလုပ်နှင့် သူတို့ကတော့ဟန်ချက်ညီညီပဲဖြစ်သည်။ မြေအောက်ရောက်နေသည့် လူများကလည်း ကိုယ့်အသက်အန္တရာယ်ကိုမမှုဘဲ အေးအေးဆေးဆေးပင်သီချင်းဆိုလို့ကောင်းနေဆဲ ဖြစ်သည်။
လေးပင်တွင်းတူးဖော်နည်း
၄။
ကျွန်မတို့လည်း ထိုမှတဆင့် ပန်းခြံထာပွဲဈေးသို့ ဆက်လက်ထွက်ခွာခဲ့သည်။ ထိုသို့လမ်း၌ဖြတ်သန်းသွားနေစဉ် ကားဆရာကကျွန်မတို့ကို ဟိုးရှေးကမြင်ရသည့်တောင်က ပင့်ကူတောင်ဟုပြောသည်။ ရှေးယခင်က ပင့်ကူတောင်၏အောက်ခြေတွင်
ပင့်ကူကြီးတစ်ကောင်နေထိုင်ပြီး ကျောက်နီပတ္တမြားကြီးတစ်ပွင့်ကိုစောင့်ရှောက်ရာမှ အစွဲပြုပြီး ခေါ်သည်ဟု ရှင်းပြသည်။ ကျွန်မလည်း
`ဒါဆိုတက်ကြမယ်လေ ́ ဟုပြောတော့ ကားဆရာက
`ဒေါ်နန်းကြည့်တောင်တက်ပြီးရင်..အဲ့တောင်ကိုတက်လို့မရဘူး ́
`ဟွန်…ဘာလို့လဲ ́ လို့မေးတော့
`တက်လို့မရဘူး၊ နတ်ကြီးတယ်လို့တော့ပြောကြတာပဲ ́ ဟု ကားဆရာကတော့ ပြောသည်။ ကားနဲ့တက်ပြန်တော့
လည်းကားက တောင်ထိပ်ထိတက်လို့မရ၊ အပေါ်ရောက်လေမတ်လေဖြစ်သောကြောင့် ခြေလျင်တဆင့်ပြန်တက်ရသေးသည်ဟု ဆိုသည်။
သို့နှင့် ကျွန်မတို့ပန်းခြံထာပွဲဈေးသို့ ရောက်ရှိလာသည်။ `ထာပွဲဟူသည် ကျောက်အရောင်းအဝယ်လုပ်ငန်းလုပ်ရာနေရာစု
ရပ်တစ်ခု ́ဟု အဓိပ္ပာယ်ရသည်။ ထိုဝင်းထဲသို့ဆိုင်ကယ်များနှင့် အလျှိုလျှိုဝင်လာကြသည့် ကျောက်ပွဲစားများကိုလည်း တွေ့ရသည်။ ထိုင်ခုံများကို ဝိုင်းတွေဝိုင်းတွေဖွဲ့ပြီး ထီးများဖြင့်မိုးထားကာ ကျောက်ရောင်းသူကရောင်း၊ ဝယ်သူကဝယ်နှင့်၊ တချို့ကလည်း Laser pointer များနှင့် ထိုးကြည့်သူကကြည့်နှင့် လူအတော်စည်ကားနေသည်။ ထိုစဉ် လွတ်နေသောနေရာတစ်ခုကို တွေ့သောကြောင့် ဝင်ထိုင်လိုက်ပြီး စားပွဲပေါ်တင်ထားသော မသွေးရသေးသည့် ပတ္တမြားအရိုင်းတုံးများကို ယူကြည့်လိုက်သည်။ တန်ဖိုးအရှိဆုံးကပန်းနီ
ရင့်ရင့်တွေဖြစ်ပြီး အချို့မှာနီဝါရောင်၊ နီညိုရောင်စသဖြင့် အရောင်အမျိုးမျိုးတွေ့ရသည်။ ကျွန်မကို ကျောက်ပိုင်ရှင်ကထိုအရိုင်းတုံး
ကျောက်များကို ဈေး(၅)သိန်းခေါ်သည်။ အတုံးတွေကအလွန်ဆုံးရှိစ (၅၀)တော့ရှိမည်ဖြစ်ပြီး ကောင်းတာတွေရော မကောင်းတာတွေ
ရော ရောထားတာဖြစ်သည်။ ထို့ပြင် ကျွန်မကိုဣန္ဒနီလာဟုခေါ်သော ကျောက်ကိုလည်းထိုးပြသည်။ အနီ၊ အပြာ၊ အစိမ်းတို့ရောနှော
နေသော်လည်း ရိုးရိုးကြည့်လျှင်အပြာရောင်သန်းနေသည်။ သူကထိုကျောက်ကိုမီးနှင့် ကျွန်မကိုထိုးပြသည့် အချိန်မှာတော့ အနီရောင်ရဲ
နေသည်။ အိုး……..တော်တော်လည်းအံ့ဩဖို့ကောင်းလိုက်တာနော်။
ပန်းခြံထာပွဲဈေး
၅။
ထို့နောက်ညနေစောင်းခါနီးဖြစ်သောကြောင့် ကားဆရာကကျွန်မတို့ကို ညနေဆည်းဆာအလှကို ခံစားရန်ပတ္တမြားစေတီသို့ ခေါ်ဆောင်သွားသည်။ ပတ္တမြားစေတီတောင်ပေါ်ကနေ ကျွန်မတို့သည် မိုးကုတ်မြို့အနောက်ပိုင်းရှုခင်းကို ပြည့်ပြည့်စုံစုံတွေ့ရှိရသည်။ ထို့ပြင် အရှေ့တည့်တည့်တွင်ရှိသော မိုးကုတ်အင်းကြီးကိုလည်း လှပစွာတွေ့မြင်ရသည်။ ထိုအင်းကြီးသည် ကနဦးမိုးကုတ်တည်တုန်းကမရှိဘဲ မစ္စတာမော်ဂန်၏ဥမင်လိုဏ်ခေါင်းသာဖြစ်ခဲ့သည်။ထိုဥမင်လိုဏ်ခေါင်းကြီး
ပြိုကျပျက်စီးသွားရာမှ မိုးကုတ်ချိုင့်ဝှမ်းဒေသရှိ တွင်းများအားလုံး ရေများဖုံးလွှမ်းသွားပြီး ထိုနေရာ၌ရေအင်းကြီးဖြစ်သွားသည်ဟု ဖတ်ရသည်။ မည်သို့ပင်ဆိုစေ ထိုအင်းကြီးကလည်း မိုးကုတ်မြို့အနောက်ပိုင်းကိုလှအောင် ဖန်တီးပေးနေသောအရာများထဲမှ တစ်ခုပင်ဖြစ်သည်။ ထိုတောင်ပေါ်မှရှုခင်းကို သေသေချာချာကြည့်မှ မိုးကုတ်မြို့သည်ခမောက်ကိုပက်လက်လှန်ထားသကဲ့သို့
ရှိနေသည်ကို ကွင်းကွင်းကွက်ကွက်မြင်ရသည်။ နေ၏အလင်းရောင်ကြောင့် မိုးတိမ်တိုက်တို့ကလည်း ရေအင်းကြီးထဲမှာ အရိပ်ထင်နေကြသည်။
မိုးကုတ်အင်း
အပြန်လမ်းတွင် ဖောင်တော်ဦးဘုရားသို့ ကျွန်မတို့ဝင်ရောက်ဖူးမြော်ခဲ့ကြသည်။ အင်းလေးကန်က ဖောင်တော်ဦးဘုရားကဲ့သို့ပင်ဖြစ်ပြီးပလ္လင်ကိုမိုးကုတ်ထွက်ကျောက်မျက်ရတနာအမျိုးစုံတို့ဖြင့် စီခြယ်ပူဇော်ထားသည်။ မိုးကုတ်မြို့ကအမှန်တကယ်ပင် မြေကြီးကရွှေထွက်သည် ဖြစ်သည်။ ထို့ကြောင့်လည်း မိုးကုတ်မြို့သည် ကမ္ဘာပေါ်တွင်ယနေ့ထက်ထိတိုင် နာမည်ကျော်ကြားနေခြင်း
ဖြစ်ကာ မိုးကုတ်ကပတ္တမြားသည်လည်းကျောက်မျက်ရတနာဈေးကွက်တွင် အရည်အသွေးကောင်းပြီး ရှေးမြန်မာမင်းများခေတ်ကပင် နန်းသုံးတော်ဝင်ရတနာအဖြစ် သတ်မှတ်ခြင်းခံခဲ့ရသည် မဟုတ်ပါလား။
၆။
နောက်တစ်နေ့နံနက်စောစောတွင် ကျွန်မတို့သည် မိုးကုတ်မြို့နှင့် အတော်အသင့်ဝေးသော ရွာများသို့လေ့လာရေးကွင်း
ဆင်းကြသည်။ ဦးစွာသွားသောပိန်းပြစ်ရွာ၏အိမ်အများစုမှာဓနိမိုးထရံကာအိမ်များဖြစ်ပြီး ရွှံ့မြေစေးနှင့် ဆောက်ထားသောအိမ်အချို့
လည်း ရှိသည်။ အများစုမှာ လယ်သမားများဖြစ်ကြသည်။ ထိုမှတဆင့် တောတောင်အထပ်ထပ်ကို (၁)နာရီကြာဖြတ်ကျော်ပြီးမှ ဘားနာဒ်ရွာသို့ရောက်ရှိလာခဲ့သည်။
`ဘားနာဒ်ဟူသည် ဗြိတိသျှတို့သည် မိုးကုတ်မြို့ကိုချီတက်မသိမ်းပိုက်ခင် ပတ္တမြားမြေခရိုင်အဖြစ်သတ်မှတ်လိုက်ပြီး ခရိုင်ဌာနချုပ်ကို မိုးကုတ်မြို့တွင်လည်းကောင်း၊ အခြေစိုက်စခန်းကို ပြောင်ခေါင်းကျောက်ထွက်ရှိရာ ပြောင်ခေါင်းရွာအနီးတွင်လည်းကောင်းထားရှိခဲ့သည်။ အခြေစိုက်စခန်းတွင် ရူဘီမိုင်းဘတ်တာလျံ
အမည်ဖြင့် တပ်ခွဲတစ်ခုအမြဲထားရှိခဲ့ကာ ထိုအရပ်ဒေသကိုလည်း မြန်မာနိုင်ငံဆိုင်ရာ မဟာမင်းကြီးဖြစ်သူ ဘားနာဒ်ကိုဂုဏ်ပြုသော
အားဖြင့် ဘားနာဒ်ဟု အမည်ပေးခဲ့ခြင်းဖြစ်သည်။ ́
ယခုအခါ ဘားနာဒ်ကို `ရွာသာယာ ́ဟူ၍ ပြောင်းလဲခေါ်နေပြီဖြစ်သော်လည်း ယခင်ကနေထိုင်ခဲ့ကြသောအင်္ဂလိပ်လူမျိုးများ၏
ယမ်းတိုက်ဟောင်းနှင့် စစ်သင်္ချိုင်းဟောင်းကလည်း ယခုအထိဘားနာဒ်မြို့၏အထင်ကရအရာများပင် ဖြစ်နေသေးသည်။ ထို့ပြင် ငါးရက်တစ်ဈေးလုပ်လေ့ရှိသော ဘားနာဒ်ထာပွဲဈေးကလည်း အထူးစည်ကားသည်ဟုဆိုသည်။ ပန်းခြံထာပွဲဈေးထက်ထူးခြားသည်က
အခြားကုန်ခြောက်ပစ္စည်းများပါရော၍ ဝယ်ယူနိုင်ခြင်းဖြစ်သည်။ ပွဲချိန်ကလည်း နံနက်(၇)နာရီခွဲမှ(၉)နာရီခွဲအထိသာဖြစ်သည်။ ကျွန်မ
တို့ရောက်တော့ နံနက်(၁၀)နာရီပင်ခွဲနေပေပြီ။ သို့နှင့်စစ်သင်္ချိုင်းရှိရာသို့သာ မေးစမ်းပြီးသွားကြသည်။ ယခုအခါစစ်သင်္ချိုင်းမှာ မြက်ရိုင်းများပင် ပေါက်ပြီးသေသေချာချာပင် မမြင်ရတော့ပါ။
ယမ်းတိုက်ကလည်း မြက်ပင်ချုံနွယ်ပိတ်ပေါင်းတို့ဖြင့် အကျည်းတန်နေလေသည်။ ထိုဘားနာဒ်မြို့က အင်္ဂလိပ်စစ်သင်္ချိုင်းနှင့်
ယမ်းတိုက်တို့ကို သေသေချာချာပြုပြင်မွမ်းမံထားမည်ဆိုလျှင် ကမ္ဘာလှည့်နိုင်ငံခြားသားခရီးသည်များ အတော်လာမည်ဖြစ်ကာ နိုင်ငံခြားငွေဝင်ရပြီး ဘားနာဒ်ရွာက နေထိုင်သူများလည်း စီးပွားရေးပိုမိုအဆင်ပြေလာမည်ဟု ကျွန်မတွေးမိသည်။ ထို့ပြင် မြေပြန့်မှာ
ပေါက်သော နှင်းဆီပန်းများကဲ့သို့သေးသေးကွေးကွေးမဟုတ်ဘဲ ဘားနာဒ်ရွာကနှင်းဆီပန်းများကား စွင့်စွင့်ငြားငြားနှင့် ပန်းသွေးခြယ်
ကာလှပနေကြသည်။
ဘားနာဒ်ရွာ က ယမ်းတိုက်
ထို့နောက် ကျွန်မတို့လည်း ချောင်းကြီးရွာသို့သွားလည်ကြသည်။ မိုးကုတ်မြို့၏ရိုးရာစားသောက်ဖွယ်ရာများထဲမှ နှစ်ခုဖြစ်သော ရှမ်းခေါက်ဆွဲနှင့် တို့ဟူးခြောက်ကို နေ့လည်စာအဖြစ်စားသောက်ကာ ဟိုတယ်ပြန်ပြီး အနားယူရင်း မနက်ဖြန်ပြန်ရမည်ကိုတွေးရင်း စိတ်တွေလေးနေခဲ့သည်။
၇။
အပြန်လမ်းခရီးတွင် စိုင်းဆိုင်မောလ်၏ `တစ်ရွာသားနဲ့ပုဝါပါး ́ သီချင်းထဲကအတိုင်း ကျွန်မသည် တောင်ပေါ်လမ်းအကွေ့
အကောက်များကိုလည်း ဖြတ်ကျော်လာခဲ့ပြီးဖြစ်ကာ ဆိုုင်ရှင်လေးလှလားလည်းမသိ၊ မလှလည်းမသိသော ခေါက်ဆွဲလည်းစားခဲ့ပြီးဖြစ်
ပြီး လွမ်းသလိုလို၊ဆွေးသလိုလိုဖြစ်နေသည့်သကာလမှာဖြင့်။
(၁.၉.၂၀၁၃)
ကိုးကားချက်။ ။ ဦးထွန်းဦး (ကမ္ဘာကသိတဲ့မြန်မာ့ပတ္တမြားမြေ)
21 comments
KZ
September 9, 2013 at 11:11 am
ဟယ်။
ညလေးက မိုးကုတ်ကလားးးး
အမ မိုးကုတ်မှာ ၂၀၀၆ လောက်က ၅ လလောက် လိုက်နေဖူးတယ်။
အဲဒီ တောင်နီကွေ့ဆိုလားမသိ အဲဒီက ရှမ်းခေါက်ဆွဲတို့၊ မာလာဟင်းတို့ အကင်ဆိုင်တို့ဆိုတာ အလွန်စားကောင်းတယ်။
ကျောက်ပြဿဒ်သွားတဲ့လမ်းက လက်ဖက်ပင်တွေနဲ့ တောင်စောင်းမှာဖွင့်ထားတဲ့ ဆိုင်လည်း စားကောင်းတာပဲ။ ဟိဟိဟိ
😀
ဦးကျောက်ခဲ
September 9, 2013 at 11:22 am
မြေကြွက်စ် ကျောက်စ်ကတော့…
မိုးကုတ်နဲ့ မိုင်းရှူးက ကျောက်တွင်းတွေကို တွေ့ရင် အသီးသိပ်ယားတာပဲ…
ဘာမှ စိတ်ချရတဲ့ အကာအရံမရှိ၊ ပြိုကျလိုက်လို့ကတော့…
အရှင်လတ်လတ် မြေမြှုပ်ပြီးသားပဲ…
KZ
September 9, 2013 at 11:25 am
အာ့ဆို ဘော်တွင်းသတ္ထုတွင်းကို ပါ သွားကြည့်လိုက်။
ယင်းဂလိပ်တွေကဘယ်လို တူးခဲ့တုန်းတော့မသိ။
ခုတော့ …………………..
:kwi:
ခင် ခ
September 9, 2013 at 11:32 am
“ယောက်ျားဖောင်စီး မိန်းမမီးနေ´´ ဆိုတဲ့စကားက ပင်လယ်ပြင်ခရီးသွား သင်္ဘောသားတွေ လှိုင်းဒဏ်ရာသီဥတု စသည်တို့ကြောင့် ဆိုခဲ့ဟန်ပါ။
အခု မိုးကုတ်တို့လို အထက်ပြည် ကျောက်တွင်းတူးသမားတွေအတွက်က “ယောက်ျားတွင်းအောင်း မိန်းမဆုတောင်း´´ လို့ ဆိုရမယ်ထင်ပါရဲ့။ ကိုကျောက်ပြောသလို ဘဲ စိတ်ချမှုအကာမရှိဘဲ လုပ်ကိုင်စားသောက်နေရတာလေ။
Ma Ei
September 9, 2013 at 1:25 pm
ခရီးစဉ်လေးကို သမိုင်းကြောင်းလေးတွေရယ်
လက်ရှိ အခြေနေတွေ ပုံဖော်ပြောသွားတာ
စိတ်ဝင်စားစရာ ကောင်းလိုက်တာ…
အရောက်သွားသင့်တဲ့ နေရာလေးတစ်ခုပါဘဲ…
မရောက်ဖူးသေးလို့ သွားချင်ပါတယ်…
kyeemite
September 9, 2013 at 4:00 pm
ခရီးသွားဆောင်းပါးလေးက သမိုင်းအချက်အလက်လေးတွေနဲ့ပြည့်စုံပြီး
ဖတ်လို့ကောင်းပါ၏။ ကျုပ်လည်းမရောက်ဖူးသေး….
Mr. MarGa
September 9, 2013 at 4:30 pm
မိုးကုတ်မှာ သူငယ်ချင်းတွေတော့ ရှိတယ်
တစ်ခါမှတော့ မရောက်ဖူးသေး
အခုတော့ ကိုယ်တိုင်ရောက်သလို စုံစုံလင်လင် သိရတာမို့
သွားဖြစ်ရင် လမ်းပြအနေနဲ့ ငှားပါရစေ
မဟာရာဇာ အံစာတုံး
September 10, 2013 at 1:27 am
သည်းလေးနဲ့ ရွှေလက်တွဲတဲ့အခါ
အဲ့ဒီ မိုးကုတ်ဘက်ကို
ခရီးတစ်ခေါက် ထွက်ဦးမယ်ဗျာ ….။
ခုလိုလေး ရေးလိုက်တော့ ….
သွားချင်စိတ်တွေ ရမ်းရမ်း ထက်သန်သွားတာပေါ့ ….။
သာဒု .. သာဒု …
Ma Ma
September 10, 2013 at 7:09 am
ဟိုတစ်နေ့က ကိုရင်ဝတ်နဲ့ တွေ့လိုက်ပါတယ်။ :loll:
ပိုစ့်မှာ ဝင် နောက် နေတာကို စိတ်မရှိပါနဲ့ ပိုစ့်ပိုင်ရှင် သျှားသက်မာန်ရေ။
အချက်အလက်ပြည့်ပြည့်စုံစုံနဲ့ ခရီးသွားဆောင်းပါးလေးကို အရေးအသားနဲ့ စွဲဆောင်သွားလို့ ဖတ်လို့ ကောင်းပါတယ်။ 🙂
လုံမလေးမွန်မွန်
September 10, 2013 at 9:34 am
ရွာပွဲနဲ့တိုက်နေလို့ နာမလိုက်လိုက်ရဝူး… ဒါမယ့်.. နာ့ သယ်ရင်းလေး သွားလို့ ဒီလိုပို့စ်မျိုး ထွက်လာတာ.. ငါသာဆို ဒါ့ပုံတွေရိုက်ပြီး ဒီအတိုင်း ပြန်လာဖြစ်မယ်ထင်တယ်…
အရမ်းအရမ်းကောင်းတဲ့ ဆောင်းပါးလေးအတွက် ဘရာဗိုပါ.. 🙂
လိုက်ပို့တဲ့သူရှိရင် အဲ့ဘက်ကို ခရီးထွက်မယ်…
သျှားသက်မာန်
September 10, 2013 at 10:21 am
မKZ ရေ.ညီမက..မိုးကုတ်သူမဟုတ်ပါဘူး…အလုပ်ကိစ္စနဲ့..သွားရမယ်လို့..ပြောလာတော့လည်း.ငြင်းလို့ဘယ်ရမလဲနော်.ရောက်ဖြစ်သွားတာပါ..အစကတော့…စိတ်ဝင်စားဖို့ကောင်းတဲ့မြေလို့ကို..မထင်ခဲ့တာ..ရောက်လည်းရောက်ရော..အရမ်းအေးပြီး..နေလို့ကောင်းတဲ့မြို့လေးဆိုတာကိုသိလိုက်ရလို့…ငါသိပ်ကံကောင်းပါလား..လို့ကိုထင်ခဲ့ရတယ်…အဲ့လောက်တောင်ပါ…ဟုတ်တယ်အမ…ကျောက်ပြဿဒ်သွားတဲ့လမ်းမှာ..လက်ဖက်စိုက်ခင်းတွေကိုလှမ်းမြင်ခဲ့ရပါတယ်…
သျှားသက်မာန်
September 10, 2013 at 10:24 am
ခင်ခ
ဟုတ်ပါတယ်………ငွေရဖို့အတွက်နဲ့..သက်စွန့်ဆံဖြားအလုပ်လုပ်နေခဲ့ကြတာပါ..ကိုယ့်မျက်မြင်ပါပဲ။။။
သျှားသက်မာန်
September 10, 2013 at 10:27 am
Ma Ei ရေ
ဟုတ်ပါတယ်…အရမ်းလည်းနေလို့ကောင်းပြီး…စိတ်ဝင်စားလို့လည်းကောင်းတဲ့နေရာလေးတစ်ခုပါပဲ..
သျှားသက်မာန်
September 10, 2013 at 10:34 am
Kyeemite ရေ
အားပေးသွားတာကျေးဇူးပါ…
သျှားသက်မာန်
September 10, 2013 at 10:35 am
Mr. MarGa ရေ
အမကGuide ကမဟုတ်တာ..ဘယ်လိုလမ်းပြလုပ်မတုန်း….
သျှားသက်မာန်
September 10, 2013 at 10:40 am
ကိုအံကလည်း…သာဓုကိုသုံးခါခေါ်မှ…သည်းလေးနဲ့ရောက်မှာပေါ့…လို့.ဟီး…………..
သျှားသက်မာန်
September 10, 2013 at 10:41 am
အားပေးသွားတာကျေးဇူးတင်ပါတယ်မမ
သျှားသက်မာန်
September 10, 2013 at 10:47 am
လုံမလေးမွန်မွန်
နင့်သူငယ်ချင်းပါဆိုမှ..နင့်လိုပဲပေါ့………..ဟီး……….
ခင် ခ
September 11, 2013 at 3:29 pm
ပိုမိုရှင်းအတွက် မှတ်တမ်းဝင်(၁၁)ခု ညနေ ၃း၂၈
surmi
October 1, 2013 at 7:04 pm
ကျုပ်သိပ်ရောက်ဖူးချင်တဲ့မြို့ပါ
တနေ့နေ့တော့……
သျှားသက်မာန်
October 20, 2013 at 11:17 am
ဦးဆာမိရေ..သွားဖြစ်အောင်သွားလိုက်ပါ…အရမ်းနေလို့ကောင်းတဲ့မြို့လေးပါပဲ..