တောင်ကုန်းပေါ်ကအိမ် (သို့) မာယာ (၁)
လှပတဲ့ နွေညနေခင်းတစ်ခုမှာပေါ့။
ကျွန်တော် အရမ်းပျော်နေတယ်။ စာမေးပွဲတွေပြီးသွားပြီ။
နောက်ထပ်စာမေးပွဲတွေ မရှိတော့ဘူး။ ကောလိပ်ပြီးသွားပြီ။
ခု ကျွန်တော် လိုတာက အလုပ်တစ်ခု။ ကျွန်တော်က သတင်းစာအတွက် ရေးတဲ့ စာရေးဆရာဖြစ်ချင်တယ်။
ဒါပေမယ့် ခုလောလောဆယ် ကျွန်တော် အနားယူရမယ်။
အိမ်ထဲမှာ တော်တော်ပူတယ်။ လေကလည်းမတိုက်ဘူး။
မြစ်ကမ်းဘေးကို ငါလမ်းလျှောက်ထွက်ဦးမှပဲလို့ ကျွန်တော် ကိုယ့်ကိုကိုယ် ပြောလိုက်တယ်။
ကျွန်တော် နေထိုင်တာက မြို့ငယ်ငယ်လေးတစ်မြို့မှာဆိုတော့ ခဏနဲ့ပဲ မြို့ပြင်ကိုရောက်သွားတယ်။
မြစ်ကမ်းဘေးမှာလမ်းလျှောက်ရင်း ရေမှာ ကျက်စားနေတဲ့ ငှက်မျိုးစုံကို ကြည့်တယ်။
ရုတ်တရက် ကောင်မလေး တစ်ယောက်ကို ကျွန်တော် တွေ့တယ်။
သူမက တစ်ယောက်ထဲ မတ်တပ်ရပ်ပြီး ရေထဲကို စိုက်ကြည့်နေတယ်။
သူမက ခပ်ငယ်ငယ် နောက် သူမ တော်တော်လှတယ်။ သူမမှာ မဟူရာရောင် ဆံပင်ရှည်ရှည်တွေရှိပြီး
အဖြူရောင် ဂါဝန်ကို ဝတ်ထားတယ်။
ကျွန်တော် သူမ အနားကို သွားပြီး နှုတ်ဆက်လိုက်တယ်။
“ဟေး … မင်းနာမည် ဘယ်လိုခေါ်လဲ”
သူမက ကျွန်တော့်ကို ပြုံးပြပြီး ဖြေတယ်။
“ငါ့နာမည်က မာရီယာ ပါ”
ကျွန်တော်တို့နှစ်ယောက် အကြာကြီးစကားတွေပြောကြတယ်။
နေဝင်လုပြီ။ မှောင်မိုက်စပြုလာချိန်မှာ မာရီယာကပြောတယ်။
“ငါ ပြန်ရတော့မယ်”
“မင်းက ဘယ်မှာ နေတာလဲ” ကျွန်တော်မေးလိုက်တယ်။
“ငါက ဟိုးတောင်ကုန်းပေါ်က အိမ် အဖြူအကြီးကြီးမှာနေတာ” လို့ သူမက ပြန်ဖြေတယ်။
“မင်းရော ဘယ်မှာ နေတာလဲ” သူမ ကျွန်တော့်ကို ပြန်မေးတယ်။
“ဈေးနားလေးက အိမ်ညိုသေးသေးလေးမှာနေတာ” လို့ ကျွန်တော်ပြန်ဖြေတယ်။
ကျွန်တော်တို့ ရယ်လိုက်ကြတယ်။ ဒါပေမယ့် ကျွန်တော့်စိတ်ထဲမှာတော့ ဝမ်းနည်းနေတယ်။
အဲဒီတောင်ကုန်ပေါ်က အိမ်က အိမ်ကြီးအိမ်ကောင်းဖြစ်ပြီး သူဋ္ဌေးတွေနေတဲ့ အိမ်လေ။
မာရီယာက ချမ်းသာတယ်။ ကျွန်တော်ကတော့ ဆင်းရဲတယ်။ နောက်ပြီး ကျွန်တော် သူ့ ကို
မြင်မြင်ချင်း ချစ်မိသွားပြီ။
နောက်တော့ ကျွန်တော်တို့နှစ်ယောက် မြစ်ကမ်းဘေးမှာ မကြာခဏတွေ့ကြတယ်။
သူမက လှပတဲ့ အဝတ်အစားတွေကို အမြဲဝတ်ဆင်ထားတယ်။
သူမက ဘယ်အချိန်ကြည့်ကြည့် ချစ်စရာကောင်းနေတာပဲ။
ကျွန်တော် သူ့အကြောင်း အမြဲပဲ နေ့ညမပြတ် တွေးနေမိတယ်။
တစ်ရက် … ကျွန်တော် သူမကိုပြောတယ်။
“မာရီယာ .. ငါမင်းအကြောင်းကို ကဗျာတစ်ပုဒ် စပ်ဆိုထားတယ်”
ကျွန်တော့် အိပ်ထောင်ထဲမှာ ထည့်ထားတဲ့ ကဗျာစာရွက်ကိုထုတ်ပြီး ဖတ်ပြလိုက်တယ်။
“သူမကို ကျွန်တော် ညနေခင်းတစ်ခုမှာ မြစ်ဘေးမှာ တွေ့တယ်
သူမရဲ့ ဂါဝန်က နှို့နစ်ရောင်လို ဖြူလွလွနဲ့
ဆံပင်တွေကို လှပတဲ့ ဖဲပြားနဲ့ ချည်နှောင်ထားတယ်
ကျွန်တော့်ကို သူမ ပြုံးပြတော့
သူမနာမည်ကို ကျွန်တော် မေးခဲ့တယ်
ကျွန်တော်က ငယ်ရွယ်ပြီး ဆင်းရဲပေမယ့်
ကျွန်တော့်ရဲ့ အချစ်ကတော့ အမြဲတည်တံ့နေမယ်။
“တော်လိုက်တာ ၊ မင်း ကဗျာကို ငါ ကြိုက်တယ်” လို့ မာရီယာကပြောတယ်။
ကျွန်တော် သူမလက်ကို ဆွဲလိုက်ပြီး မျက်လုံးတည့်တည့်ကိုကြည့်လို့ ပြောလိုက်တယ်။
“ငါ မင်းကို ချစ်တယ်” “ မင်းရော ငါ့ကို ချစ်သလား”
“ငါလည်း မင်းကို ချစ်တယ်” လို့ သူမက ပြန်ဖြေတယ်။
“ငါ ပြန်ရတော့မယ်” လို့ သူက မတ်တပ်ရပ်ပြီးပြောတယ်။
ကျွန်တော် အရမ်းပျော်တယ်။ မာရီယာကလည်း ကျွန်တော့်ကို ချစ်တယ်တဲ့ …
ကျွန်တော်အိမ်ပြန်လာတယ်။ ကျွန်တော်နေတဲ့ အိမ်လေးက နုံချာပြီး သေးငယ်တယ်။
ဒါပေမယ့် အမြဲတမ်း သန့်ရှင်းသပ်ရပ်နေတယ်။
ကျွန်တော်နဲ့ မေမေ နှစ်ယောက်ထဲ နေကြတယ်။ ဖေဖေကတော့ ဆုံးသွားပြီ။
အဲဒီညနေခင်းပဲ မေမေက ကျွန်တော့်ကို ကြည့်ပြီး မေးတယ်။
“သား .. မင်းဘာဖြစ်နေတာလဲ။ ဘာလို့ အရမ်းပျော်နေတာလဲ”
“ဘာမှ မဟုတ်ပါဘူး” ကျွန်တော် ပြန်ဖြေတယ်။
မင်း တစ်ယောက်ယောက်ကို ချစ်မိနေပြီ ဆိုတာကို ငါ သိပါတယ် ဆိုတဲ့ အပြုံးမျိုးမေမေက ပြုံးတယ်။
နောက်ရက် သူမနဲ့ကျွန်တော် မြစ်ကမ်းဘေးမှာ တစ်ခေါက်ထပ်တွေ့တယ်။
သူမ ဝမ်းနည်းနေတာကို ကျွန်တော် သတိမပြုမိခဲ့ဘူး။
သူမ လက်ကို ကျွန်တော် ကိုင်ရင်းကနေ ပြောလိုက်တယ်။
“မာရီယာ .. ငါ ခုလောလောဆယ် ဆင်းရဲပေမယ့် တစ်နေ့မှာ ငါဟာ နာမည်ကျော်ကြားတဲ့
စာရေးဆရာတစ်ယောက် ဖြစ်လာအောင်ကြိုးစားမှာပါ”
သူမ ဘာမှ ပြန်မပြောခဲ့ဘူး။
“မင်း ငါ့ကို လက်ထပ်မှာလား” ..
ခေါင်းငြိမ့်လိုက်ပါ .. ငါတို့ အရမ်းပျော်ကြမယ် ..နောက်ပြီး …
ပြောလက်စကို ကျွန်တော် ခဏရပ်ထားလိုက်တယ်။
မာရီယာ ကျွန်တော့်ကို ကြည့်တယ်။ သူ့မရဲ့ မျက်ဝန်းမှာ မျက်ရည်စတွေနဲ့ …
သူမ ခေါင်းကို ဖြည်းဖြည်းချင်း ခါတယ် နောက် .. သူမ အနားကနေ ထွက်ပြေးသွားတယ်။
“မာရီယာ…” ကျွန်တော် လှမ်းအော်ခေါ်တယ်။ ဒါပေမယ့် သူမက ကျွန်တော့် မြင်ကွင်းကနေပျောက်ကွယ်သွားပြီ။
ကျွန်တော် အိမ်ကို လေးဖင့်စွာနဲ့ ပြန်ခဲ့တယ်။ ကျွန်တော် သူမကို နားမလည်နိုင်ဘူး။
“ဘာ ဖြစ်လို့လဲ” “သူ ငါ့ကို ချစ်တယ်ဆို”
မေမေ ကျွန်တော်ပြန်အာလကို စောင့်နေတယ်။ ကျွန်တော့်ကို တွေ့တော့ မေမေပြောတယ်။
“သနားစရာကောင်းလိုက်တဲ့ ငါ့သား .. ကောင်မလေးက သူ့ကို မချစ်ဘူးထင်တယ်”
သားအမိနှစ်ယောက် ညစာကို တိတ်ဆိတ်စွာပဲ အတူစားကြတယ်။ ရုတ်တရတ်
အိမ်ရှေ့က တံခါးခေါက်သံ ပေါ်လာတယ်။ အခိုင်းအစေ အဝတ်အစားအဝတ်ထားတဲ့လူတစ်ယောက် အပြင်မှာ ရပ်နေတယ်။
“ကျွန်တာ်က တောင်ကုန်းပေါ်က အိမ်ကပါ ၊ သခင်မက ပေါလ် နဲ့တွေ့ချင်ပါတယ်တဲ့” လို့ပြောတယ်။
“ကျွန်တော်ပါပဲ” လို့ ဆိုတော့
“ကျွန်တော်နဲ့ အခု လိုက်ခဲ့လို့ရမလား” လို့ အစေခံက ပြန်ပြောတယ်။
“ဟုတ်ကဲ့ … လိုက်ခဲ့ပါမယ်” ကျွန်တော် ပြန်ပြောတယ်။
ကျွန်တော် အရမ်းစိတ်လှုပ်ရှားနေတယ်။ သူမ စိတ်ပြောင်းသွားပြီး ကျွန်တော့် လက်ထပ်ခွင့်ကို
သဘောတူမလို့ထင်တယ်။
မေမေက တံခါးပေါက်မှာရပ်ပြီး ကျွန်တော်နဲ့ အစေခံလူကြီး ကိုကြည့်နေတယ်
“တောင်ကုန်းပေါ်ကအိမ် … ငါ အဲဒီကလူတွေကို သိတယ် .. ချမ်းသာတဲ့ အမျိုးသမီးကြီးနဲ့ သူမရဲ့ ချောမောတဲ့ သမီး”
“သနားစရာကောင်းလိုက်တဲ့ ငါ့သား”
တောင်ကုန်းပေါ်ကအိမ်က သိပ်တော့ မဝေးလှဘူး။ အိမ်ထဲကိုရောက်ဖို့ ကျွန်တော့်တို့ ကြီးမားလှတဲ့ လှေကားထစ်တွေပေါ်ကနေ ဖြတ်လာရတယ်။ ကျွန်တော် စိတ်တွေလှုပ်ရှားပြီး နှလုံးခုန်သံတွေ အရမ်းမြန်နေတယ်။
အိမ်ထဲမှာ ရှိရှိသမျှအရာအားလုံးဟာ အဖိုးတန်ပြီး ဝင့်ထည်နေတာပဲ။
ခမ်းနားလှတဲ့ ကော်ဇော၊ ပန်းချီတွေ ၊ နောက် မှန်အကြီးကြီးတစ်ချပ်..
ကျွန်တော် တုန်လှုန်နေတဲ့ ကိုယ့်ရုပ်သွင် ကို မှန်ထဲမှာ မြင်နေရတယ်။
ကျွန်တော်ရောက်နေတဲ့နေရာက ခမ်းနားကြီးကျယ်သလောက် ကျွန်တော်ကတော့ သိမ်ငယ်နေတယ်။
အစေခံလူကြီးဖွင့်ပေးတဲ့ တံခါးကနေ ကျွန်တော် အိမ်ထဲကို ဝင်သွားတယ်။
ထိုင်ခုံအကြီးကြီးမှာ ထိုင်နေတဲ့ အဘွားကြီးတစ်ယောက်ကို တွေ့တယ်။ မာရီယာက သူမ ဘေးမှာ မတ်တပ်ရပ်နေတယ်။
အဲဒီမိန်းမကြီးဟာ အရမ်းရုပ်ဆိုးတာပဲ။ မျက်ဝန်းတွေကလဲ ကျဉ်းမြောင်းပြီး အကြည့်တွေက အေးစက်နေတယ်။
နှုတ်ခမ်းတွေကလဲ ပါးလှပ်ပြီး တင်းတင်းစေ့ထားတယ်။ သူမရဲ့ အရိုးစုလို လက်ချောင်းတွေမှာ လက်စွပ်အကြီးကြီးတွေ
အပြည့်ဝတ်ထားတယ်။ သူမကြည့်ရတာ အရမ်းမာနကြီးပြီး ဒေါသလည်းထွက်နေပုံပဲ။
“ဘယ်လို မိန်းမကြီးပါလိမ့်” “အဲဒါ မာရီယာရဲ့ အမေလား?”
ကျွန်တော် တွေးရင်းနဲ့ မာရီယာကိုတစ်လှည့် သူမကိုတစ်လှည့်ကြည့်မိတယ်။
“မင်းလား .. ငါ့သမီးကို လက်ထပ်ချင်တယ်ဆိုတာ” မိန်းမကြီးက ခပ်တင်းတင်းမေးတယ်။
“ဟုတ်ပါတယ် .. ကျွန်တော်သူ့ကို ချစ်တယ် .. သူ့ကိုလက်ထပ်ချင်တယ်” လို့ ကျွန်တော် ရဲရဲဝင့်ဝင့်ပဲ ပြန်ဖြေလိုက်တယ်။
အဘွားကြီးက တဟားဟား ရယ်တယ်။
“ငွေမရှိ ၊ အဖေမရှိ ၊ ဆင်းရဲသား ကျောင်းသား ၊ မင်းကို ငါ့သမီးက ဘယ်တော့မှ လက်ထပ်မှာမဟုတ်ဘူး”
ကျွန်တော် ဘာမှ ပြန်မပြောဘူး။ မာရီယာကိုကြည့်လိုက်တော့ သူမက ကျွန်တော့်ကို မျက်နှာလွှဲထားတယ်။
“ဟုတ်တယ် ..ကျွန်တော်က အခုတော့ ဆင်းရဲတယ် .. ဒါပေမယ့် တစ်နေ့ ကျွန်တော်က ထင်ရှားတဲ့စာရေးဆရာတစ်ယောက် ဖြစ်လာမှာပါ”
“ဟား ဟား ဟား … ဒီမှာ .. ငါ့သမီးက ဘယ်တော့မှ မင်းအတွက် ဖြစ်လာမှာမဟုတ်ဘူး။ သူမက လက်ထပ်တော့မှာ ..
မင်းသူ့ကို နောက်ထပ်ဘယ်တော့မှ တွေ့ရမှာမဟုတ်တော့ဘူး” လို့ပြောပြီး အခန်းထဲက ထထွက်သွားတယ်။
သူမနဲ့ ကျွန်တော်ပဲ ကျန်ခဲ့တယ်။ ကျွန်တော်သူမကို ကြည့်တော့လည်း သူမက ကျွန်တော့်ကို မျက်နှာလွှဲထားပြီး ဘာမှ မပြောဘူး။
ကျွန်တော်သူမအနားကိုသွားပြီး သူမကို လှမ်းဖက်လိုက်တယ်။ သူမ ကျွန်တော်လက်ကိုဖယ်ပြီး နောက်ဆုတ်လိုက်တယ်။
“စိတ်မကောင်းပါဘူး ပေါလ် .. ငါ့အမေပြောတာမှန်တယ် .. ငါမင်းကို လက်မထပ်နိုင်ဘူး .. ငါ မဆင်းရဲချင်ဘူး ..
ငါပိုက်ဆံတွေ၊ အဝတ်အစားကောင်းကောင်းတွေ၊ နောက် မော်တော်ကားတွေ လိုချင်တယ်”
ကျွန်တော်သူမကို နားမလည်ဘူး ..နောက် ကျွန်တော် ဒေါသထွက်လာပြီး မေးလိုက်တယ် ..
“ဒါပေမယ့် မင်း ငါ့ကိုချစ်တယ်ဆို မာရီယာ”
“ဟုတ်ပါတယ် .. ငါ မင်းကို ချစ်ပါတယ် .. ဒါပေမယ့် အချစ်တစ်ခုထဲနဲ့ မလုံလောက်ဘူးလေ..” လို့ ဝမ်းနည်းတဲ့မျက်နှာနဲ့ ကျွန်တော့်ကို
ပြန်ဖြေတယ် ..
“နောက်ထပ် ရက်သတ္တပါတ် နှစ်ပါတ်ဆိုရင် ငါလက်ထပ်တော့မယ်”
“နှုတ်ဆက်ခဲ့ပါတယ် ပေါလ် .. ငါစိတ်မကောင်းပါဘူး”
ကျွန်တော် အိမ်ထဲကနေ ထွက်လာခဲ့ပြီး မြစ်ကမ်းနဘေးကို တစ်ယောက်ထဲအကြာကြီး သွားထိုင်နေတယ်။
“မာရီယာငါ့ကိုချစ်တာ ငါသိတယ် .. ဒါပေမယ့် သူမ ငါ မဟုတ်တဲ့ အခြားတစ်ယောက်ကို လက်ထပ်တော့မယ်..
အဲလူကို သူမ ပိုက်ဆံကြောင့်မို့ လက်ထပ်ရမှာ .. သူ့အမေကြောင့် .. မာရီယာ သူ့အမေကို ကြောက်လို့ လက်ထပ်ရမှာ … ငါ ဘာလုပ်ရမလဲ ..”
မိုးချုပ်ချုပ်မှာ ကျွန်တော် အိမ်ပြန်သွားတယ်။ အိမ်တံခါးဖွင့်ထားပီး မေမေ ကျွန်တော့်ကို စောင့်နေတယ်။
ကျွန်တော့်ကို ဖက်လို့ မေမေပြောတယ် ..
“သား ..သူတို့က လူကောင်းတွေမဟုတ်ဘူး .. မင်း သူ့ကို မေ့ပစ်ရမယ်”
(ဆက်ရန်)
Elizabeth Laird ၏ The House On The Hill ကို မြန်မာမှုပြု ရေးဖွဲ့ပါသည်။ း)
14 comments
alinsett
September 13, 2013 at 1:20 pm
မြန်မြန်ဆက်ပါဦးဗျို ့။
ရေးဟန်လေး ( ဘာသာပြန် ဟန်လေး)က သွက်ပြီး ချောနေလို ့
ဖတ်ရင်းနဲ့ တစ်ပုဒ်လုံးဆုံးအောင် တထိုင်တည်းနဲ့ ဖတ်ချင်လာတယ်။
မနှင်းဖြူ မှန်မှန်ပြော
September 13, 2013 at 1:23 pm
ယနေ့ည ပြီးအောင်တင်ပေးချင်ပေမယ့် ..
တစ်နေ့ ၂ပိုစ့်ပဲဆိုတော့လဲ ..
နောက်တစ်ပိုင်းမှာ အပြီးရေးနိုင်အောင်ကြိုးစားပါ့မယ်..
😉
Ma Ei
September 13, 2013 at 1:58 pm
မနှင်းဖြူလေး…အရမ်းတော်တာဘဲ…
ဆက်ရေးပါနော်…စောင့်ဖတ်နေပါမယ်…
ငါ မင်းကို ချစ်ပါတယ် ..
ဒါပေမယ့် ….
🙁
မနှင်းဖြူ မှန်မှန်ပြော
September 13, 2013 at 5:22 pm
ရမ်းချီးကျူးတာပဲ ..ရှက်လာပြီ 😛
(တိုးတိုးလေး အနား ကပ် ..ပြောပြမယ်..
အဲဒါက Elementry အဆင့်ပဲရှိတဲ့ စာကို ဘာသာပြန်တာ..)
sorrow weaver
September 13, 2013 at 2:03 pm
အခုတလော အသဲကွဲစာတွေပဲ ဖတ်ချင်နေတယ်…မေမေရယ်…အဟီး
Wow
September 13, 2013 at 2:24 pm
စိတ်ဝင်စားစရာကောင်းတယ် ဆက်ရေးပါဦး 🙂
မနှင်းဖြူ မှန်မှန်ပြော
September 13, 2013 at 3:09 pm
အားပေးကြတယ်လား.. 😀
ရေးနေတယ်..ပြီးတော့မယ်..
မကြာမှီ လာမည် မျှော်………………
MAUNG
September 13, 2013 at 3:14 pm
အားပေးပါတယ် ဗျာ 🙂
ဆက်ရေးပါ
kyeemite
September 13, 2013 at 3:50 pm
ဇတ်လမ်းကတော့ ရိုးရိုးလေးပါ
ဒါပေမဲ့ ဘာသာပြန်တော်လို့ဖတ်ကောင်းပါဂျောင်းး 🙂
မနှင်းဖြူ မှန်မှန်ပြော
September 13, 2013 at 5:16 pm
အားပေးကြတော့ အားရှိတယ်
တစ်နေ့ တစ်ပုဒ်လောက်တော့ ရေးနိုင်ဖို့ကြိုးစားပါ့မယ်
သည်းခံ ဖတ်ကြပေါ့နော်.. 😛
Ma Ma
September 14, 2013 at 9:59 am
ကွန်မကောင်းလို့ စာတွေအကုန်မဖတ်ဖြစ်ဘူး။
ဖတ်ဖြစ်တော့ ဖတ်လို့ကောင်းလို့ နောက်အပိုင်းကို ပြေးပြီ။ 🙂
Novy
September 14, 2013 at 11:52 am
မမနောက်ကနေ မမှီမှာ စိုးလို့ အပြေးလိုက်သွားပါတယ်
ဘာသာပြန်လေးဖတ်လို့ကောင်းလို့လေး
ခင် ခ
September 15, 2013 at 6:11 pm
နီ၁၂ခုမှတ်ပြီး နောက်အပိုင်းတွေစီသွားပြီဗျို့
အောင် မိုးသူ
August 12, 2015 at 11:52 am
ဘာသာပြန်ဝတ္တုလေးပဲလား