Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ပုလဲတစ်လုံး (အပိုင်း – ၅)

တံခါးမှာရပ်နေရင်းနဲ့ ကီနိုဟာ မီးအိမ်ကိုင်ထားတဲ့ လူနှစ်ယောက်ယောက် လှမ်းလာတာကို တွေ့တယ်။သူတို့ဟာ ကီနိုရဲ့ ခြံဝင်းစပ်ကိုဖြတ်လို့ တံခါးနားကိုရောက်လာတယ်။ အဲဒီလူနှစ်ယောက်ဟာ တစ်ယောက်က ဆရာဝန်ဖြစ်ပြီး နောက်တစ်ယောက်ကတော့ ဆရာဝန်အိမ်က မနက်က တံခါးဖွင့်ပေးခဲ့တဲ့လူ ဖြစ်တယ်။ သူတို့နှစ်ယောက်ကို မြင်လိုက်တာနဲ့ ကီနိုဟာ ဒေါသစိတ်နဲ့ လက်သီးကို တင်းတင်းဆုပ်လိုက်မိတယ်။ဆရာဝန်က ပြောတယ်

“မနက်က မင်းလာတော့ ငါအိမ်မှာမရှိဘူး။ ဒါပေမယ့် အခုရောက်ရောက်ခြင်း မင်း ကလေး ကို ကြည့်ဖို့ ငါလာခဲ့တာ”

ကီနိုဟာ တံခါးဝမှ ရပ်နေရင်းကနေ မီးဝင်းဝင်းတောက်တဲ့ မျက်လုံးအစုံနဲ့ ကြည့်နေမိတယ်။

ဒေါသစိတ်နဲ့အတူ သူ့မှာ နှစ်ပေါင်းများစွာ အမြစ်တည်လာတဲ့ ကြောက်ရွံ့စိတ်ကပါ လွမ်းမိုးနေတယ်။

“ကလေးက ခု နေကောင်းလုနီးပါး ဖြစ်နေပြီ” လို့ တုံးတိတိပြောလိုက်တယ်။

ဆရာဝန် ပြုံးလိုက်တယ်။ နှုတ်ခမ်းကပြုံးနေပေမယ့်မျက်လုံးတွေက ကောက်ကျစ်မှုနဲ့ အေးခဲနေတယ်။

“တစ်ခါတစ်ရံမှာ ကင်းမြီးကောက်အဆိပ်ဟာမထင်မှတ်လောက်အောင်ပြင်းထန်တယ်။

ပျောက်ကင်းသွားသလိုဖြစ်ပြီး နောက်ဆုံး ……..” ဆိုပြီးစကားကို တစ်ပိုင်းတစ်စနဲ့ရပ်ပြီး ဘယ်လောက်ပြင်းထန်နိုင်သလဲဆိုတာကို အမူအရာနဲ့ဖော်ပြလိုက်တယ်။ နောက်သူ သယ်လာတဲ့ဆေးအိတ်ကို မီးရောင်နဲ့မြင်ရအောင် လက်ရဲ့အခြားဘက်ကိုပြောင်းကိုင်ပြလိုက်တယ်။ ကီနိုတို့လူမျိုးစုဟာ ဒီလို ကိရိယာပစ္စည်းတွေအပေါ်မှာ ယုံကြည်ပြီး သဘောကျကြတယ်ဆိုတာကို သိတဲ့အတွက်ကြောင့် သူ သယ်လာတဲ့ဆေးအိတ်ကို မြင်သာအောင် ပြသခြင်းဖြစ်တယ်။

ဆရာဝန်ရဲ့အသံဟာ ချိုသာဟန်ဆောင်ထားတဲ့ အသံကို ပြောင်းလဲသွားတယ်။

“တစ်ခါတစ်ရံမှာ ထင်ယောင်ထင်မှားဖြစ်တတ်တယ်။ ကင်းမြီးကောက်အဆိပ်အကြောင်းကို ငါ ကောင်းကောင်း သိပါတယ်။ ငါ ကုသနိုင်ပါတယ်။”

ကီနိုဟာ မုန်းတီးမှုနဲ့အတူ ကြောက်ရွံ့မှုတွေပါ ဖုံးလွှမ်းနေတယ်။ သူမသိတဲ့အရာတွေကို ဒီ ဆရာဝန်သိတယ်ဆိုတာနဲ့ ..နောက် သူ့ဟာ ဆရာဝန်ကို ကလန်ကဆန်မလုပ်ဝံ့ဘူး ဖြစ်နေတယ်။ သူဟာ သူတို့မျိုးစုက အခြားလူတွေလိုပဲ ဆရာဝန်ရဲ့ ပရိယာယ်မှာ မိသွားတယ်။ သူဟာ ကိုရိုတီတိုလေး ရဲ့ အသက်နဲ့ရင်းပြီး ဆရာဝန်ကို ကလန်ကဆန်မလုပ်နိုင်ဘူး။ သူဟာ တံခါးဝကနေ ဘေးကိုကပ်ပေးပြီး ဆရာဝန်နဲ့ အစေခံကို ဝင်ခွင့်ပေးလိုက်တယ်။

ဂျူနာဟာ သူတို့ဝင်လာတာနဲ့ မီးဖိုဘေးကနေ မတ်တပ်ရပ်ပြီး ကလေးဆိကိုသွားပြီး သူမရဲ့ ပဝါနဲ့ ခြုံပြီး တင်းတင်းပွေ့ထားတယ်။ ဆရာဝန်ဟာ သူမ ဆီကိုသွားပြီး လက်လှမ်းလိုက်တယ်။ သူမဟာ ကလေးကို ပိုပြီး တင်းတင်းပွေ့ထားပြီး ကီနိုကိုလှမ်းကြည့်လိုက်တယ်။

ကီနို ခေါင်းငြိမ့်ပြလိုက်တော့မှ ခလေးကို ဆရာဝန်ကိုပေးလိုက်တယ်။

“မီး ပြ” လို့ အစေခံကိုပြောလိုက်တယ်။

မီးအိမ်ရဲ့အလင်းရောင်နဲ့ ကလေးရဲ့ ကင်းမြီးကောက်ကိုက်ခံထားရတဲ့ ပုခုံးနေရာကို အတန်ကြာ စိုက်ကြည့်နေလိုက်တယ်။ မိနစ်အနည်းငယ်စဉ်းစားပြီးနောက် ခလေးရဲ့ မျက်ခွံကိုလှန်ပြီး မျက်လုံးကို ကြည့်လိုက်တယ်။ သူဟာ ခေါင်းကိုတဆတ်ဆတ်ငြိမ့်လိုက်တယ်။ ကိုရိုတီတိုလေးဟာ ဆရာဝန်လက်ပေါ်မှာရုန်းကန်နေတယ်။

“ငါထင်သလိုပါပဲလား”

“အဆိပ်ဟာ ကိုယ်တွင်းထိပျံ့နှံ့နေပြီ”

“ဒီမှာ ကြည့်” လို့ဆိုပြီး ကလေးရဲ့မျက်ခွံကို လှန်ပြလိုက်တယ်။

“ကြည့်စမ်း .. မျက်စိတွေ ပြာနေပြီ”
ကီနိုဟာ စိုးရိမ်တကြီးနဲ့ သွားကြည့်လိုက်တဲ့အခါမှာတော့ အမှန်တကယ် အပြာရောင် အနည်းငယ်သန်း နေတာကို သူတွေ့လိုက်ရတယ်။ ဒါပေမယ့် အဲဒါဟာ နဂိုကထဲက

ပြာနေသလားဆိုတာ သူမသိဘူး။ ဒါပေမယ့် ဆရာဝန်ရဲ့ထောင်ချောက်မှာ သူမိသွားပြီ။ သူရုန်းမထွက်နိုင်တော့ဘူး။

ပုခက်ထဲကိုကြည့်နေတဲ့ ဆရာဝန်ရဲ့မျက်လုံးဟာ အရောင်လဲ့ပြီး တောက်ပနေကြတယ်။

“အဆိပ်ကနေ သက်သာအောင် ငါ ဆေးတစ်မျိုးပေးခဲ့မယ်” လို့ပြောပြီး ကလေးကို ကီနို့ လက်ထဲကို ပြန်ပေးလိုက်တယ်။

နောက် သူဟာ ဆေးအိတ်ထဲက ပုလင်းထဲက အဖြူရောင်အမှုန့်အနည်းငယ်နဲ့ သားရေအိတ် ထဲက ဆေးတောင့်တစ်တောင့်ကို ယူလိုက်တယ်။ ဆေးတောင့်ထဲကို အဖြူမှုန့်တွေ ထည့်ပြီး နောက်ထပ် ဆေးတောင့်တစ်ခုထဲ ထည့်ပြီး ပိတ်လိုက်တယ်။ နောက်တော့ ကလေးရဲ့ ပါးစပ်အတွင်းထဲထိ ဆေးကို လက်နဲ့ ပြန်ထွေးမထုတ်နိုင်အောင်  ထည့်လိုက်တယ်။ နောက် ကိုရိုတီတိုလေးကို ကရားထဲက ရေအနည်းငယ်တိုက်လိုက်တယ်။ သူဟာ ခလေးရဲ့ မျက်လုံးကိုထပ်ဖြဲကြည့်လိုက်ပြီး အနည်းငယ်စဉ်းစားနေတယ်။

နောက်ဆုံးသူက ကလေးကို ဂျူနာကို ပြန်ပေးပြီး ကီနိုဘက့်လှည့်ကာပြောလိုက်တယ်။

“ငါထင်တာတော့ အဆိပ်အစွမ်းဟာ နာရီအနည်းငယ်အတွင်းမှာ အစွမ်းပြလိမ့်မယ်။”

“ဆေးအစွမ်းဟာ ကလေးကို သိပ်မနာကျင်အောင် လုပ်ပေးနို်င်လိမ့်မယ်။ နောက်ထပ် နာရီအနည်းငယ်ကြာမှ ငါ ပြန်လာခဲ့မယ်။ တော်သေးတာပေါ့ ..ငါ အချိန်မှီရောက်လို့ ကလေးကို ကယ်လိုက်နို်င်တာ”

သူဟာ ပြောပြီး သက်ပြင်းခပ်လေးလေးချပြီး တဲထဲကနေအပြင်ကိုထွက်လိုက်တယ်။ အစေခံလည်း အနောက်ကနေ မီးအိမ်ကိုင်ပြီး လိုက်သွားတယ်။

ဂျူနာဟာ ပဝါခြုံပေးထားတဲ့ ကလေးကို ဖက်ထားရင်းကနေ ကြောက်ရွံ့မှုနဲ့အတူ စိုးရိမ်လာတယ်။ ကီနိုဟာ အနားကိုရောက်လာပြီး ပုဝါကိုဖွင့်ပြီး ကလေးကို စိုက်ကြည့်နေမိတယ်။ နောက် ကလေးရဲ့ မျက်ခွံကိုထပ်ဖြဲကြည့်ဖို့ လက်လှမ်းလိုက်ချိန်မှာ ပုလဲကို သူဆက်ပြီး လက်ထဲမှာကိုင်ထားမိတာကို သတိရသွားတယ်။ နောက်သူဟာ နံရံဘေးက သေတ္တာတစ်လုံးကိုယူလိုက်ပြီး သားရေအိတ်ရှုံ့လေးတစ်ခုကိုထုတ်ယူလိုက်တယ်။ ပုလဲကို အိတ်ရှုံ့ထဲထည့်လိုက်ပြီးနောက် အိမ်ရဲ့ထောင့်လေးမှာ လက်နဲ့ တွင်းသေးသေးလေး လက်နဲ့တူးလိုက်ပြီး ထည့်လိုက်တယ်။ နောက် တွင်းနေရာကိုပြန်ဖုံးပြီး မြေကြီးကို နေသားတကျ ပြန်ဖို့လိုက်တယ်။ နောက်တော့ ဂျူနာထိုင်နေတဲ့ မီးဖိုအနားကို သွားထိုင်နေလိုက်တယ်။

ဆရာဝန်ဟာ အိမ်ထဲက ကုလားထိုင်ပေါ်မှာ ထိုင်နေရင်းကနေ လက်ပတ်နာရီကိုကြည့်လိုက်တယ်။ အစေခဲတချို့ဟာ သူ့အတွက် ညလယ်စာ ချောကလက် ၊ ကိတ်မုန့်နဲ့ သစ်သီးအချို့ကို ယူဆောင်လာပေးတယ်။ သူဟာ အစားအစာတွေကို စိတ်မပါ လက်မပါ ကြည့်နေတယ်။

အိမ်နီးချင်းတွေ ပြောနေကြတဲ့အကြောင်းအရာကတော့ ဒီပုလဲရလာတဲ့အကြောင်းပဲ။ သူတို့ဟာ လက်ချောင်းတွေနဲ့ ပုလဲရဲ့အရွယ်အစားကို ပုံဖော်ပြနေကြတယ်။ နောက် အဲဒီပုလဲဟာ ဘယ်လောက်အရည်အသွေးကောင်းသလဲဆိုတာကို ပြောနေကြတယ်။ သူတို့ဟာ ကီနိုနဲ့ဂျူနာချမ်းသာသွားမယ့်အချိန်ကို သေချာစောင့်ကြည့်နေကြတယ်။ ဆရာဝန်လာကြည့်သွားတဲ့အကြောင်းကို အားလုံးသိနေကြတယ်။ သူပေါ်လာတာဟာ ကောင်းတဲ့အရာတော့မဟုတ်ဘူးလို့အားလုံးက ထင်မြင်နေကြတယ်။

အပြင်က ပိုးကောင်တွေရဲ့ စိုးစီအော်မြည်သံမှ အပ ညဟာ တိတ်ဆိတ်နေတယ်။ ပိန်ညောင်နေတဲ့ ခွေးနက်လေးဟာ ကီနို့အိမ်ရဲ့တံခါးဝမှာရပ်ပြီး အတွင်းကို လှမ်းကြည့်နေတယ်။ ရုတ်တရက်လှည့်ကြည့်လိုက်တဲ့ကီနိုရဲ့အကြည့်မှာ ခွေးလေးဟာ ကြောက်လန့်သွားပေမယ့် ကီနို မျက်နှာလွှဲလိုက်ချိန်မှာတော့ ပုံမှန်ပြန်ဖြစ်သွားတယ်။ ခွေးလေးဟာ အိမ်ထဲကိုမဝင်ပေမယ့် ကီနို စားသောက်နေတာကို မျှော်ကြည့်နေတယ်။

ကီနိုဟာ စားသောက်ပြီး ဆေးလိပ်သောက်နေတဲ့အချိန်မှာပဲ ဂျူနာဟာ စူးရှတဲ့အသံနဲ့

အော်လိုက်တယ်။

“ကီနို”

သူလှမ်းကြည့်လိုက်ချိန်မှာတော့ ဂျူနာရဲ့ မျက်ဝန်းထဲက ထိတ်လန့်ကြောက်ရွဲ့မှုကို မြင်လိုက်ချိန်မှာ ဂျူနာ့ အနားကို သူအမြန်သွားလိုက်တယ်။ သူမဘေးမှာရပ်ပြီး ငုံကြည့်လိုက်ပေမယ့် မီးရောင်ဟာ မှိန်လွန်းတာကြောင့် သူဘာမှမမြင်ရဘူး။ မီးစာ ကို မြှင့်လိုက်ပြီး ကြည့်လိုက်ချိန်မှာတော့ ကိုရိုတီတိုလေးရဲ့မျက်နှာဟာ သွေးရောင်လွှမ်းနေပြီး အမြုပ်တစ်ချို့ဟာ ပါးစပ်ကနေ စီးကျနေတာကိုတွေ့လိုက်ရတယ်။  ဗိုက်ဟာ နိမ့်ခြည်မြင့်ခြည်ဖြစ်နေပြီး ကလေးဟာ အခြေအနေ တော်တော် ဆိုးနေတယ်။

ကီနိုဟာ သူ့ဇနီးဘေးမှာ ငုတ်တုတ်ထိုင်ချလိုက်တယ်။

“ဆရာဝန်က သိတယ်ပေါ့” လို့ရေရွတ်လိုက်တယ်။ သူ့ရဲ့စိတ်မှာတော့ ဆရာဝန်က ကလေးကို တိုက်သွားတဲ့အဖြူရောင်အမှုန့်တွေကို သံသယဝင်နေတယ်။ ဂျူနာဟာ ကလေးနေမကောင်းတာမှ သက်သာလိုသက်သာငြား သီချင်းတစ်ပုဒ်ကို တိုးတိုးဆိုပြီးချော့သိပ်နေတယ်။ ကလေးဟာ သူမရဲ့လက်ပေါ်မှာပဲ အန်ချလိုက်တယ်။ ကီနိုရဲ့စိတ်မှာ မသေချာမှုတွေနဲ့ပြည့်နှက်နေတာကြောင့် ဂျူနာရဲ့ သီချင်းဆိုသံကိုတောင် မကြားနို်ငဘူး။

ဆရာဝန်ဟာ ချောကလက်ကိုကုန်အောင်သောက်လိုက်ပြီး ကိတ်မုန့်အနည်းငယ်ကို ယူစား လိုက်တယ်။ နောက် ..လက်သုတ်လိုက်ပြီး နာရီကို ထပ်ကြည့်လိုက်ပြီး ဆေးအိပ်ကိုဆွဲပြီး မတ်တပ်ရပ်လိုက်တယ်။

ကလေးလေး အခြေအနေ ပိုဆိုးလာတဲ့ သတင်းဟာ ပျံ့နှံ့သွားတယ်။ ကျန်းမာရေးဟာ သူတို့လို ဆင်းရဲသားတွေအတွက်တော့ ဆာလောင်မှုပြီးရင် ဒုတိယအကြီးမားဆုံးဒုက္ခပဲ။ အိမ်နီးချင်းတွေဟာ ကီနိုရဲ့အိမ်ကို ထပ်သွားကြည့်ကြပြန်တယ်။ သူတို့ဟာ ကြည့်နေရင်း ကနေပျော်ရွှင်ဖို့ ကောင်းတဲ့  အချိန်မှာမှ ပေါ်ပေါက်လာတဲ့ ဝမ်းနည်းစရာကောင်းတဲ့အကြောင်းကို ပြောဆိုနေကြတယ်။

“အရာအားလုံးဟာ ဘုရားသခင်ရဲ့ အလိုတော်အတိုင်းပါပဲ” ပြောလိုက်ကြတယ်။ အမျိုးသမီးအချို့ဟာ ဂျူနာ့ဘေးမှာထို်င်ပြီး ဂျူနာ့ကို နှစ်သိမ့်ဖို့ကြိုးစားနေကြတယ်။

အဲအချိန်မှာပဲ ဆရာဝန်ဟာ ကသုတ်ကရက်ဝင်လာပြီး  ဂျူနာ့ဘေးမှာ ထိုင်နေတဲ့ အမျိုးသမီး တွေကို တွန်းထုတ်လိုက်တယ်။ ကလေးကို ချီပြီး စမ်းသပ်လိုက်တယ်။

“အဆိပ်တွေ အစွမ်းပြလာပြီ၊ ငါ ကုသနိုင်မယ် ထင်တယ် ၊ အစွမ်းကုန်ကြိုးစားပေးမယ်”

လို့ပြောပြီး ရေတစ်ခွက်တောင်းလိုက်တယ်။ နောက် ဆေးသုံးစက်ရေထဲကိုထည့်ပြီး ကလေးကို တိုက်လိုက်တယ်။ ကလေးဟာ နာကျင်ထိတ်လန့်စွာနဲ့ အော်ငိုနေတယ်။ ဂျူနာဟာ ဆရာဝန်ကို မယုံသင်္ကာမျက်ဝန်းတွေနဲ့စောင့်ကြည့်နေတယ်။

“တော်သေးတာပေါ့ .. ငါ ကင်းမြီးကောက်အဆိပ်အကြောင်းကို သိနေလို့ ..မဟုတ်ရင်တော့…..” လို့ ဆရာဝန်က မတွေးရဲစရာဖြစ့်မယ့် ပုံစုံမျိုးနဲ့ ပြောလိုက်တယ်။ ကီနိုဟာ မယုံသင်္ကာနဲ့ သံသယ

ဖြစ်နေတယ်။ သူဟာ ဆရာဝန်ရဲ့ပွင့်နေတဲ့ အိတ်က  အဖြူရောင်အမှုန့်တွေ ထည့်ထားတဲ့ပုလင်းကနေမျက်လုံးကိုမလွှဲနိုင်ဘူး။ ဆေးအစွမ်းကြောင့် ကိုရိုတီတိုလေးဟာ ဆရာဝန်ရဲ့လက်ထဲမှာ မိန်းနေတယ်။ နောက် သက်ပြင်းတစ်ချက် ခပ်ပြင်းပြင်းချလိုက်ပြီး အန်ထားတဲ့အရှိန်ကြောင့် ပင်ပန်းပြီး အိပ်ပျော်သွားတယ်။

ဆရာဝန်ဟာ ကလေးကို ဂျူနာ့ကိုပြန်ပေးလိုက်တယ်။

“မကြာခင်ကောင်းသွားလိမ့်မယ် ၊ ငါ အောင်မြင်စွာ ကုသလိုက်နိုင်ပြီ” လို့ ပြောလိုက်တယ်။

ဂျူနာဟာ ဆရာဝန်ကိုကျေးဇူးတင်တဲ့အကြည့်နဲ့ ကြည့်လိုက်တယ်။

ဆရာဝန်ဟာ သူ့ရဲ့ အိတ်အနားကို ပြန်ရောက်လာပြီး ကီနိုကိုလှမ်းမေးလိုက်တယ်။

“မင်းဘယ်တော့ ဆေးကုသစရိတ်ကို ပေးနိုင်မလဲ” လို့ ကြင်နာတဲ့အသံနဲ့ မေးလိုက်တယ်။

“ငါ ပုလဲရောင်းပြီးတဲ့အခါ ပေးမယ့်” လို့ ကီနို ပြန်ဖြေလိုက်တော့ ..

ဆရာဝန်ဟာ စိတ်ဝင်စားတဲ့ပုံစံနဲ့ မေးလိုက်တယ်။

“မင်းမှာ ပုလဲရှိတယ် ဟုတ်လား ၊ အရည်အသွေးကောင်းလား”

အိမ်နီးချင်းတွေဟာ အလုအယက်ဆရာဝန်ရဲ့အမေးကို ဝိုင်းဖြေကြတယ်။

“သူက ကမ္ဘာပေါ်မှာ ကောင်းပေ့ဆိုတဲ့ ပုလဲကိုရှာတွေ့ထားတာ”

နောက် ..ပုလဲရဲ့အရွယ်အစားကို လက်ချောင်းတွေနဲ့ ပုံဖော်ပြကြပြီး ပုလဲရဲ့ အရည် အသွေးကောင်းမွန်ကြောင်းကို တစ်ယောက်တစ်ပေါက် ဝိုင်းပြောကြတယ်။

“ကီနိုဟာ သူဋ္ဌေးကြီးဖြစ်တော့မှာ ၊ အဲလောက်ကောင်းတဲ့ပုလဲမျိုး တစ်ခါမှ မမြင်ဖူးဘူး”

ဆရာဝန်ဟာ အံ့ဩတဲ့ပုံစံနဲ့ ကြည့်ပြီးပြောလိုက်တယ်..

“ငါ အဲဒီအကြောင်းမကြားပါဘူး .. မင်း ပုလဲကိုလုံခြုံတဲ့ နေရာမှာ သိမ်းထားရဲ့လား ၊ ဒါမှမဟုတ် မင်း ငါ့ရဲ့ လုံခြုံစိတ်ချရတဲ့ ငါ့ရဲ့ မီးခံသေတ္တာထဲမှာသိမ်းထားစေချင်သလား”

ကီနိုရဲ့မျက်လုံးအစုံဟာ အိမ်ထောင့်ကို ရုတ်တရက်ရောက်သွားတာကို ဆရာဝန်ဟာ တွေ့လိုက်တယ်။ နောက် ..ကီနိုဟာ ပြောလိုက်တယ်..

“ငါ လုံလုံခြုံခြုံ သိမ်းထားပါတယ်” “မနက်ဖန်ကျ သွားရောင်းပြီး ဆေးကုသခ ကို ပေးမယ်” လို့ပြောလိုက်တယ်။

ဆရာဝန်ဟာ စိတ်မဝင်စားဟန်နဲ့ ပုခုံးတွန့်ပြလိုက်တယ်။ သူ့ရဲ့မျက်လုံးအစုံဟာ ကီနိုရဲ့ မျက်လုံးကို မလွတ်တမ်းအကဲခတ်နေတယ်။ အဲဒီပုလဲဟာ အိမ်ရဲ့တစ်နေရာရာမှာ မြုပ်ထားတယ်ဆိုတာ သူရိပ်မိသွားတယ်။

ဆရာဝန်နဲ့ အိမ်နီးချင်းတွေပြန်သွားပြီးတဲ့နောက်မှာတော့ ကီနိုဟာ မီးဖိုဘေးနားမှာ

ဆောင့်ကြောင့်ထိုင်ပြီး အပြင်မှာကြားနေရတဲ့အသံတွေကိုနားစွင့်နေတယ်။ ကမ်းခြေက လှို်င်းပုတ်သံသဲ့သဲ့၊ အဝေးက ခွေးတွေဟောင်နေတဲ့အသံ၊ အိမ်ခေါင်မိုးကို လေတိုးတဲ့အသံတွေနဲ့ အိမ်နီးချင်းတွေအိမ်က စကားပြောနေသံသဲ့သဲ့တွေကို သူကြားနေရတယ်။ အိမ်နီးချင်းတွေဟာ ကောင်းကောင်းအိပ်မပျော်ပဲ ညသန်းခေါင်မှာ နိုးလာပြီး စကား အနည်း ငယ်ပြောကြပြီး ပြန်အိပ်သွားသံတွေအားလုံးကို သူကြားနေရတယ်။ နောက် မကြာခင်မှာပဲ ကီနိုဟာ လှဲနေရာကနေ သူ့အိမ်ရဲ့တံခါးဆီကို ထသွားလိုက်တယ်။

သူဟာ အမှောင်ထဲကနေ ဘာသံများကြားရမလဲလို့ နားထောင်ရင်းကနေ အမှောင်ထဲကို အားစိုက်ပြီး လှမ်းကြည့်နေတယ်။ သူ့ရဲ့ခေါင်းထဲမှာ အန္တရာယ်ရဲ့ အချက်ပေးခေါင်းလောင်း သံတွေကိုကြားယောင်မိပြီး သူထိတ်လန့်လာတယ်။ ညအမှောင်ထဲကို စူးစမ်းပြီးတဲ့အခါမှာတော့ သူဟာ ပုလဲကိုမြုပ်ထားတဲ့ဆီကိုသွားပြီး ပုလဲကိုပြန်ဖော်လိုက်ပြီး သူအိပ်တဲ့ဖျာရဲ့အောက်မှာ အခြားတွင်းအသစ်တစ်ခုတူးလိုက်ပြီး ပုလဲကို ထည့်လိုက်ပြီး ဖျာနဲ့ပြန်ဖုံးထားလိုက်တယ်။

ဂျူနာဟာ အိပ်နေရာကနေ ထိုင်ပြီး သူ့ကို စူးစမ်းတဲ့မျက်ဝန်းတွေနဲ့ လှမ်းကြည့်ရင်း ကနေမေးလိုက် တယ်…

“ရှင် ဘယ်သူ့ကိုကြောက်လန့်နေတာလဲ”

ကီနို မေးခွန်းရဲ့ အဖြေမှန်ကိုရှာရင်း အနည်းငယ်ကြာတော့ဖြေလိုက်တယ်။

“အားလုံးကို”

သူ့ကိုလွမ်းခြုံနေတဲ့ ကြောက်ရွံ့ထိတ်လန့်မှုကို သူခံစားနေရတယ်။

ဂျူနာနဲ့ ကီနိုဟာ ဖျာပေါ်မှာအတူလှဲလျောင်းနေကြတယ်။ ဂျူနာဟာ ကလေးကို ဒီနေ့ညအဖို့ ပုခက်ထဲမှာ ထည့်မသိပ်တော့ဘဲ သူမဘေးမှာပဲ သူမ ပဝါလေးနဲ့ ထွေးပြီး သိပ်ထားတယ်။ မီးဖိုထဲက လက်ကျန်နောက်ဆုံးမီးဟာ ငြိမ်းသွားပြီး အမှောင်ဟာ တဲထဲမှာ ကြီးစိုးသွားတယ်။

ဒါပေမယ့် ကီနိုတစ်ယောက် အိပ်နေတာတောင်မှ သူ့ရဲ့အသိစိတ်က နိုးထနေတယ်။ အိပ်မက်ထဲမှာ သူ့သားလေး ကိုရိုတီတိုဟာ စာရေးစာဖတ်နို်င်တယ်။ အဲဒီအိပ်မက်ထဲမှာပဲ ကိုရိုတီတိုလေးဟာ အိမ်တစ်လုံးစာလောက်ကြီးမားတဲ့စာအုပ်ကြီးကိုဖတ်နေပြီး စာလုံးတစ်လုံးတစ်လုံးဟာ ဆိုရင် ခွေးတစ်ကောင်လောက်တောင်ကြီးသတဲ့. စာလုံးတွေဟာ စာအုပ်ပေါ်မှာ လှုပ်ရှားဆော့ကစားနေကြတယ်တဲ့။

ရုတ်တရက် အမှောင်ဟာ စာအုပ်ပေါ်မှာလွမ်းခြုံသွားပြီး အန္တရာယ်ရဲ့တေးသံတွေနဲ့ လွမ်းခြုံ သွားတယ်။ အိပ်မက်ကြောင့် ကီနိုတစ်ယောက် ရုန်းကန်လှုပ်ရှားနေမှုကြောင့် ဂျူနာနိုးလာတယ်။ ဂျူနာနိုးလာပြီး ကီနိုပါ အိပ်မက်ကနေ နိုးလာပြီး အမှောင်ထဲမှာကို နားစွင့်နေလိုက်တယ်။

အဲဒီအချိန်မှာပဲ အိမ်ရဲ့ထောင့်ကနေ တိုးငြင်းလှတဲ့အသံနဲ့ အတူ မြေကြီးပေါ် ရွေ့လျားမှုနေတဲ့

ခြေထောက်တစ်စုံရဲ့အသံကိုကြားလိုက်တယ်။ ကီနိုတစ်ယောက် သူ့ရဲ့ ရှူနေတဲ့ အသက် ကိုတောင်အောင့်ပြီး သေချာထပ်နားထောင်လိုက်တယ်။ သူ အသက်ရှူသံကိုအောင့်ထားသလိုပဲ သူ့တဲထောင့်မှာရှိတဲ့အရာကလည်း ဘာသံမှမကြားရအောင် အသက်အောင့်ထားတယ်။ အချိန်အနည်းငယ်ကြာသည်အထိ အိမ်ထောင့်ကနေ ဘာသံမှမကြားရဘူး။ ကီနိုထင်လိုက်တာက သူထင်ယောင်ထင်မှားဖြစ်တာပဲလို့ထင်လို်က်ပေမယ့် ဂျူနာရဲ့လက် သူ့ကို သတိပေးတဲ့အနေနဲ့ ထိလိုက်တဲ့အချိန်မှာတော့ ခုနက ကြားနေရတဲ့ တဲထောင့်က အသံဟာပြန်ပေါ် လာတယ်။

ခြေသံဖော့ဖာ့နဲ့ အတူ မြေကြီးကိုလက်နဲ့ တူးနေတဲ့အသံ …..

ပြင်းထန်လှတဲ့ကြောက်ရွံ့စိတ်ဟာ ကီနိုရဲ့ ရင်ကိုလာဆောင့်တယ်။ ချက်ခြင်းပဲ ကြောက်လန့်စိတ်ဟာ ဒေါသစိတ်အဖြစ်ပြောင်းလဲသွားတယ်။ ကီနိုရဲ့လက်ဟာ ကြိုးနဲ့ ချိတ်ထားတဲ့ ဓါးရှိရာကို ဖြေးဖြေးချင်းရွေ့သွားတယ်။ နောက် သူဟာ ဒေါသ ထွက်နေတဲ့  ကြောင်တစ်ကောင်လိုပဲ တဲထောင့်ကအသံကြားနေရတဲ့နေရာဆီကို ခုန်အုပ်လိုက်တယ်။ သူဟာ အကျီကို ကိုင်လိုက်မိပြီး ဓါးနဲ့ခုတ်လိုက်ပေမယ့် လွတ်သွားတယ်။ သူဟာ ထပ်ခါထပ်ခါ ဓါးနဲ့လိုက်ခုတ်ပေမယ့် လေကိုသာခုတ်မိပြီး နောက် ခေါင်းမှာ မီးပွင့်လုမတတ် နာကျင်သွားတယ်။ တံခါးစီကို ပြေးလွှားသွားတဲ့ခြေသံကိုကြားရပြီး အရာအားလုံးဟာ တိတ်ဆိတ်သွားတယ်။

ကီနိုဟာ သွေးတွေ နဖူးကနေ စီးကျလာတာကိုခံစားမိတယ်။ ဂျူနာရဲ့ စိုးရိမ်ထိတ်လန့်စွာနဲ့ ခေါ်နေတဲ့ သူ့နာမည်ကို သူကြားနေရတယ်။ “ကီနို ၊ ကီနို”

“ငါဘာမှမဖြစ်ဘူး … သူခိုး ပြေးသွားပီလား”

သူ သူ့ရဲ့ အိပ်ယာရှိရာကို တွားသွားလာတယ်။ ဂျူနာတစ်ယောက် မီးထွန်းဖို့ ပြင်ဆင်နေပြီ။

ပြာတွေကို မှုတ်ထုတ်လိုက်ပြီး ထင်းစ အနည်းငယ်ထည့်လို့ မီးမွှေးလိုက်တယ်။ သူမဟာ လျှင်မြန်စွာ လှုပ်ရှားနေတယ်။ ပုဝါရဲ့အစွန်းနားကိုရေစွတ်လိုက်ပြီးကီနိုရဲ့နဖူးက  သွေးတွေကိုသုတ်ပေးနေတယ်။

“ဘာမှမဖြစ်ပါဘူး” လို့ ပြောနေပေမယ့် ကီနိုရဲ့မျက်လုံးနဲ့အသံဟာ အေးစက်မာကျောပြီး အမုန်းတွေနဲ့ပြည့်နှက်နေတယ်။ ဂျူနာဟာ စိုးရိမ်ပူပန် ကြောင့်ကြမှုတွေနဲ့ ပြည့်နှက်လာပြီး

ပြောလိုက်တယ်။

“ဒီပုလဲဟာ မကောင်းတဲ့ပုလဲပဲ၊မကောင်းတဲ့အရာတွေကို ခေါ်ဆောင်လာတယ်၊ ဒီပုလဲဟာ ငါတို့တွေကို ဖျက်ဆီးလိမ့်မယ်၊ လွှင့်ပစ်လိုက်ကြရအောင် ၊ ကျောက်တုံးနဲ့ထုပြီး ပုလဲကိုဖျက်ဆီးပစ်ပြီး မြေမြုပ်ပစ်ကြမယ်။ ဒါမှမဟုတ် ပင်လယ်ထဲကိုပြန်လွှင့်ပစ်ကြရအောင် ၊ ဒီပုလဲဟာ မိစ္ဆာပုလဲပဲ ၊ ငါတို့ကိုဖျက်ဆီးပစ်လိမ့်မယ်”

မီးရောင်အောက်မှာမြင်နေရတဲ့ သူမရဲ့ နှုတ်ခမ်းနဲ့ မျက်လုံးအစုံဟာ ကြောက်ရွံ့မှုနဲ့ပြည့်နှက်ပြီး

ပြူးကျယ်နေတယ်။ဒါပေမယ့် ကီနိုရဲ့မျက်နှာကတော့ တည်တည်ငြိမ်ငြိမ်ပဲ။

“ဒါ ငါတို့ရဲ့ အခွင့်အရေး”

“ငါတို့သားလေးဟာ မကြာခင်မှာပဲ ကျောင်းနေရမယ် ၊ နောက်ငါတို့ကို ကူညီလိမ့်မယ်”

“ဒီပုလဲဟာ ငါတို့တင်မကဘူး ငါတို့သားလေးကိုပါ ဖျက်ဆီးလိမ့်မယ်” လို့ ဂျူနာ ငိုရင်းပြောလိုက်တယ်။

“တိတ်စမ်း .. ထပ်မပြောနဲ့ .. မနက်ကျရင် ငါတို့ ပုလဲကိုသွားရောင်းမယ် ၊ ဒါဆို မကောင်းတဲ့ မိစ္ဆာလည်းပျောက်ပြီး ကောင်းတဲ့အရာတွေပဲရောက်လာမယ် ၊ မိန်းမရယ် ..ငြိမ်ငြိမ်နေစမ်းပါ” လို့ ကီနိုပြောလိုက်တယ်။

မီးပုံဆီကိုအကြည့်ကိုရွေ့လိုက်တယ်။ သူပထမဆုံးသတိပြုမိတာက သူ့လက်ထဲမှာ ဓါး ကို ကိုင်ထားဆဲပဲ။ ဓားသွားကိုမြှောက်ကြည့်လို်က်ချိန်မှာတော့ ပေကျံနေတဲ့ သွေးစအနည်းငယ်ကိုမြင်လိုက်တယ်။ ဘောင်းဘီစနဲ့ သွေးကိုသုတ်ဖို့ကြံလိုက်ပြီးမှ မသုတ်တော့ပဲ မြေကြီးပေါ်ပွတ်သုတ်လိုက်တယ်။

အပြင်က ကြက်တွန်သံနဲ့အတူ မနက်ခင်းရောင်နီပေါ်စပြုလာတယ်။ ပင်လယ်ပြင်က လှို်င်းရိုက်သံဟာလည်း ကျယ်သထက်ကျယ်လာတယ်။ ကီနိုဟာ အိပ်တဲ့ဖျာကိုမပြီး မြုပ်ထားတဲ့ ပုလဲကို ဖော်လိုက်ပြီး သူ့ရှေ့မှာချထားပြီး စိုက်ကြည့်နေတယ်။ ပုလဲကတောက်ပနေတဲ့ လှပတဲ့အရောင်နဲ့အတူ သူ့ရဲ့အတွေးဟာလည်း ပုလဲအရောင်လိုပဲ တောက်ပနေတယ်။ တေးသံသာတွေကြားကနေ လှပတဲ့အနာဂတ်ကိုသူပုံဖော်နေမိတယ်။ ဆာလောင်မှုကိုလည်း မခံစားရတော့ဘူး၊ လှပတဲ့ ချမ်းသာတဲ့ လုံခြုံစိတ်ချရတဲ့ အနာဂတ်ကို သူ ဖယောင်းတိုင်အောက်က ပုလဲရဲ့ အလင်းရောင်မှာမြင်နေရတယ်။ ကီနိုကိုလှမ်းကြည့်နေတဲ့ ဂျူနာရဲ့မျက်ဝန်းအစုံဟာလည်း တောက်ပနေတယ်။ နှစ်ယောက်သား အချင်းချင်း အပြုံးကိုယ်စီနဲ့ ကြည့်လိုက်ကြတယ်။ သူတို့ရဲ့ နေ့ရက်အစဟာ မျှော်လင့်ချက်နဲ့ နိုးကြားလာတယ်။

 

 

6 comments

  • kyeemite

    October 3, 2013 at 3:10 pm

    အင်း..ဇတ်ရှိန်တော့တော်တော်တက်လာပြီ…
    ဘာသာပြန်စွမ်းကိုလည်းချီးကျူးပါတယ်ဗျာ…
    ဆက်မျှော်နေမယ် 🙂

  • Ma Ma

    October 4, 2013 at 8:11 am

    ပုလဲတစ်လုံးကို အယောင်ပြပြီးးးး လူ့စိတ်တွေ လူ့သဘာဝတွေဆီကို ဆွဲခေါ်သွားတယ်။
    ကောင်းပါလေ့………. 🙂

  • Wow

    October 4, 2013 at 11:13 am

    ဒီလိုဆရာဝန်မျိုးတွေရှိသလား… :buu:

    • nicolus agral

      October 4, 2013 at 8:00 pm

      ရှိတယ်
      ကျွန်တော်တို့ရဲ့အမှောင်ဘက်ခြမ်းပေါ့
      ဆန်ဒကိုသိက်ခါနဲ့ထိန်းပါ………..ဟာ…..ဟာ…ဟာ

  • Mr. MarGa

    October 4, 2013 at 11:23 am

    တစ်ခုခု မက်မောစရာ ထွက်ပေါ်လာတဲ့အခါမှာ
    လူ့စိတ်သဘာဝတွေ အထင်းသား ပေါ်လာတော့တာပဲနော်…..
    ဘာသာပြန် ကောင်းလို့လားတော့မသိ
    နောက်တစ်ပိုင်းကို မျှော်နေမိပြီ

  • sorrow weaver

    October 5, 2013 at 9:45 am

    ညို …တော်ချက်…. အရေးအသားနှယ့် .

Leave a Reply