“နွဲ့ယိမ်းဖွဲ့နှောင်လှိုင်းကလေးရဲ့သောင် “(အခန်းဆက်ဝတ္တုရှည်) အပိုင်း5

“နွဲ့ယိမ်းဖွဲ့နှောင်လှိုင်းကလေးရဲ့သောင် “(အခန်းဆက်ဝတ္တုရှည်)

အပိုင်း ငါး ဘဝရဲ့ခြေလှမ်းသစ်များ
မနက်ပိုင်းမင်္ဂလာဆောင်ပြီး အဲဒီနေ့ နေ့လည်မှာဘဲ မကွေးကိုပြန်ခဲ့ကြပါတယ်။ ကျမအိမ်ကပေးလိုက်တဲ့ လက်ဖွဲ့ကို မောင်တို့ အိမ်က ကျမလက်ထဲ ပြန်ထည့်ပေးလိုက်ပါတယ်။ ကျမကလဲ မောင်တို့အဒေါ်ကိုဘဲပြန်အပ်ထားလိုက်ပါတယ။် ကျမတစ်သက် အဲ့လောက်များတဲ့ ငွေကို ကိုင်လဲ မကိုင်ဘူးသလို သုံးစရာအကြောင်းလဲမရှိသလိုပါဘဲ။ မကွေးပြန်ရောက်တဲ့အခါမှာတော့ မောင်က ဦးလေးတို့ဆီစက်မှာဦးလေးနဲ့အတူအလုပ်လုပ်ရပါတော့တယ်.။ မနက်ပိုင်းမှာဦးလေးနဲ့ နှမ်းဝယ် ပဲဝယ်လုပ်။ နေ့လည်ဆီစက်မှာ ဝင်လုပ်ပေါ့။ ကျမကတော့ ဒေါ်ဒေါ်နဲ့အိမ်မူ့ကိစ္စ ကူလုပ်ပေါ့။ ဒီလိုနဲ့ဘဲကျောင်းဖွင့်ချိန်ရောက်တဲ့အခါ ဦးလေးတို့က ကျမကိုကျောင်းပြန်တက်ဘို့ စီစဉ်ပေးတာနဲ့ ကျောင်းဆက်တက်ရပါတယ်။ မောင်ကတော့ လုပ်ငန်းခွင်ထဲမှာပေါ့။ ဦးလေးတို့က ကျမတို့နှစ်ယောက်ကို စားရိတ်ငြိမ်းတင်ကျွေးထားတာပါ။ မောင်ရတဲ့လခကို ကျမတို့နှစ်ယောက်သုံးချင်ရာသုံးရုံပါဘဲ။ သူတို့ကလဲသားသမီးမရှိတော့ကျမတို့ကသားသမီးလိုဖြစ်နေပါတယ်။ ကျမလဲမကွေးရောက်မှ တကယ့်ကျောင်းသူဘဝရောက်သွားသလိုပါဘဲ။ သူငယ်ချင်းအသစ်တွေလဲ လွတ်လွတ်လပ်လပ်လဲနေရတော့ပျော်ပါတယ်။ အတော်များများက ကျမကို အိမ်ထောင်သည်မှန်းမသိကြပါဘူး။
ပြန်တွေးကြည့်ရင်ကျမမှားခဲ့တာအများကြီးပါဘဲ။ အိမ်ထောင်သည်တစ်ယောက်ဖြစ်တယ်ဆိုတာဖွင့်မပြောခဲ့မိတာ။ တကယ့်တက္ကသိုလ်ကျောင်းသူလေးလိုနေပြီး သူငယ်ချင်းတွေနဲ့ဟိုသွားဒီသွား သွားခဲ့တာ။ သူငယ်ချင်းတွေစုပြီး ရွှေစက်တော်တို့ ပုဂံတို့ဘက်ကို ဘုရားဖူးထွက်တဲ့အခါမောင့်ကိုလိုက်ခဲ့ဘို့မခေါ်မိတာ။ ယောကျာ်းလေးသူငယ်ချင်းတွေကို ရင်းရင်းနှီးနှီးဆက်ဆံမိတာ။ ကျမတို့သူငယ်ချင်းတွေအထဲကို မောင့်ကိုဆွဲမသွင်းဘဲဖယ်ထားခဲ့မိတာ။ ကျောင်းတက်ချိန်ကာလများမှာမောင့်ကို ပစ်ပယ်ထားခဲ့မိတာ။ ဒါတွေဟာမောင့်ရဲ့ စိတ်ကို နာကျည်းစေမယ် ဆိုတာကို ကျမမတွေးတောခဲ့မိတာတွေကမောင်နဲ့ကျမကိုဝေးကွာစေခဲ့တာပါဘဲ။ ကျမပြောနိုင်တာတစ်ခုကတော့ကျမသည် မဖောက်မပြန်ဘဲ မောင်တစ်ယောက်ထဲကိုသာချစ်ခဲ့ သစ္စာရှိခဲ့တယ်ဆိုတာပါဘဲ။ တကယ်တမ်းတော့ သစ္စာတရားဆိုတာကလဲ လက်ဆုပ်လက်ကိုင်မပြနိုင် မမြင်နိုင်တော့ အခက်သားလား။ ကျမနောက်ဆုံးနှစ်အစမှာ မောင်အရက်သောက်တတ်လာပါတယ်။ ကျမကိုလဲ”တက္ကသိုလ်ကျောင်းတော်သူကြီး”လို့စသလိုနောက်သလိုခေါ်ပြီး စကားနာတွေထိုးတတ်လာပါတယ်။ နောက်အရင်တုန်းက မပြောဘူးတဲ့ သဝန်တိုတဲ့စကားတွေပြောတတ်လာပါတယ်။ ဒါပေမယ့် ကျမက မောင့်စိတ်ထဲမှာ ဒီလို သိမ်ငယ်စိတ်ဝင်နေတာကို လုံးဝမရိပ်မိခဲ့ပါဘူး။ ပိုဆိုးတာက မောင်အိမ်ပြန်ချိန်ဟာ အတော်လေးညဉ့်နက်နက်လာတာပါဘဲ ။ ပြန်ရောက်လာရင်လဲ ကျမကို စကားနာထိုးတာ မယုံသင်္ကာစကားတွေပြောတဲ့ အကြိမ်တွေများလာ မောင့်လေသံတွေက ကျမအပေါ်တင်းမာလာတဲ့အခါမှာ။ ကျိတ်ကျိတ်ပြီးရန်ဖြစ်တဲ့အနေအထားကိုရောက်လာပါတယ်။ ဒါတွေကို ဦးလေးနဲ့ဒေါ်လေးတို့က မသိပါဘူး မသိဆို သူတို့နဲ့ တစ်ဝိုင်းထဲနေပေမယ် အိမ်ကတော့ တစ်အိမ်စီသီးသန့်နေကြလို့ပါဘဲ။ ပြဿနာအကြီးဆုံးတစ်ရက်ကတော့ ကျမမောင်ဝမ်းကွဲလေး မကွေးက သူ့သူငယ်ချင်းတွေဆီကိုအလည်ရောက်လာခဲ့တဲ့ရက်ပါဘဲ။ အဲဒီရက်က ကျမကလဲကျောင်းပိတ်ရက်ဆိုတော့ အိမ်မှာရှိနေချိန်ပေါ့။ မောင်လေးက သူမကွေးရောက်နေတယ် သူ့ကိုလာခေါ်ပါဆိုတာနဲ့ သူ့ တည်းတဲ့အဆောင်ကိုသွားခေါ်ပါတယ်။ အဆောင်ရောက်တော့ သူ့သူငယ်ချင်းတွေကလက်ဖက်ရည်ဆိုင်မှာစောင့်နေတယ်ပြောတာနဲ့ သူ့ကိုုဆိုင်ကယ်မောင်းခိုင်းပြီး ကျမက သူ့ဆိုင်ကယ်နောက်ကနေလိုက်ခဲ့ပါတယ်။ မောင်နှမဝမ်းကွဲပေမယ့် အရင်းလိုဖြစ်နေတော့ သူ့နောက်က ထိုင်လိုက်တာ ကျမအတွက်ဘယ်လိုမှ မဖြစ်ပါဘူး.။ မန်းလေးမှာတုံးကလဲ ဒီလိုဘဲနေခဲ့ကြတာပါဘဲ။ မတွေ့တာ ကြာတဲ့မောင်နှမ တစ်လမ်းလုံးစကားတွေပြောလာကြတာ ဘာကိုမှသတိမထားမိပါဘူး။ ကျမအိမ်ကနေ ဆင်းခဲ့ရတဲ့အချိန်ကစပြီး ကျမ အိမ်အကြောင်းကို မေးခွင့်ရတာကလဲ ဒါပထမဆုံးအကြိမ်ကိုး။ အဲတော့ စကားတွေဖောင်ဖွဲ့မိပါတယ်။ အပြန်လမ်းမှာတော့သူဆိုင်ကယ်နောက်က ထိုင်လာရင်း အမေတို့ ဒေါ်ကြီုးတို့ ဒေါ်လေးငယ်တို့အကြောင်းပြောရင်းငိုလာမိပါတယ်။ မောင်လေးကလဲ အဲဒီနေ့ညကားနဲ့မန်းလေးကို ပြန်သွားပါတယ်။ ညရောက်တဲ့အခါ ပြဿအကြီးအကျယ်တက်တော့တာပါဘဲ။ ယောက်ျားတစ်ယောက်လုံးက ဆိုင်ကယ်ဟွန်းတီးခေါ်တာတောင်မကြားရလောက်အောင် ဘာမွန်နေသလဲပေါ့။ အပြန်လမ်းမှာငိုလာတာက ခွဲရတော့မှာမို့ငိုတာလားပေါ့။ ကျမက မောင်လေးပါလို့ပြောလဲ မယုံ ပိုဆိုးတာက သူနဲ့အခုတွေ့ပေးလို့ပြောတဲ့အခါ ပြန်သွားပြီလို့ပြောလဲပြောရော ကျမကို ဖောက်ပြန်တယ်ဆို စွတ်စွဲပြီး ကျမရဲ့ပါးနှစ်ဖက်ကို ဘယ်ပြန်ညာပြန် အကြိမ်ပေါင်းများစွာရိုက်ပါတော့တယ်။ ကျမလဲ ဦးလေးတို့သိမှစိုးလို့အသံမထွက်ဘဲကြိတ်ပြီးခံပါတယ်.။ အဲဒီအခါမှာ သူ့ကိုအာခံတယ်ဆိုပြီး ကျမနားအုံကို တစ်ချက်အရိုက် ကျမလဲအသွားမှာ ကျမကို့ဆောင့်ဆောင့်ကန်တဲ့အချိန်မှာတော့ ကျမ ဘယ်လိုမှတောင့်မခံနို်င်တော့တဲ့အဆုံး “ကယ်ကြပါအုံး”လို့ အော်မိတဲ့အခါ ဦးလေးတို့ ဒေါ်ဒေါ်တို့ ကြားသွားပြီး အိမ်ဘက်ကိုကူးလာပါတယ်။ ဦးလေးလဲတို့လဲရောက်လာတဲ့အခါ ဒေါ်လေးက လဲနေတဲ့ကျမကိုပြေးပွေ့ပါတယ်။ အဲဒီအချိန် ကျမ သတိလစ်မတတ်ဖြစ်နေပါပြီ။ ဒီမြင်ကွင်းလဲမြင်ရော ဦးလေးက သူ့ကိုလက်သီးနဲ့ထိုးမယ်ရွယ်တော့ သူအိမ်ကနေထွက်သွားပါတယ်။ ကျမလဲ အဲဒီနေ့ကစပြီး အိပ်ယာထဲမှာနေရတာ တစ်ပါတ်လောက်ကြာပါတယ်။ မျက်နှာတစ်ခုလုံးလဲယောင်ကိုင်း သွားတွေလဲကျိူးပေါ့။ အပြင်ဒဏ်ရာတွေထက် ရင်ထဲက နာတဲ့ အနာက ပိုုဆိုးပါတယ်။ ကျမမောင့်ကိုအရမ်းကိုကြောက်သွားပါတယ်။ ဆယ်ရက်မြောက်မှာသူအိမ်ပြန်ရောက်လာပါတယ်။ ဦးလေးကလဲ သူ့ကို အရက်မသောက်ဘို့ဆုံးမသလို ကျမကိုလဲ အိမ်ထောင်သည်ဖြစ်တဲ့အတွက် ကျောင်းသူလို နေလို့ မသင့်တော်ဘူးလို့ဆုံးမပါတယ်။ ဒါပေမယ့် အဲ့ဒီရက်ကစပြီး မောင်က ကျမနဲ့အတူမအိပ်တော့ပါဘူး။ ပိုဆိုးတာက ကျမ ကို မသတီဘူး ဆိုတဲ့ ပုံစံနဲ့ကြည့်တာ သစ္စာမဲ့တဲ့ဖောက်ပြန်တဲ့ မိန်းမတစ်ယောက်လိုဆက်ဆံတာ အခံရအခက်ဆုံးပါဘဲ။ ကျမမောင့်အပေါ်မှာ တစ်စက်ကလေးမှ မဖောက်ပြန်တာ ကျမအသိဆုံးပါ။ အဲတော့ ကျမ သစ္စာရှိကြောင်းပြတဲ့အနေနဲ့ ကျောင်းဆက်မတက်ဘဲထွက်လိုက်ပါတော့တယ်။ တစ်အိမ်ထဲ တစ်မိုးအောက်မှာအတူနေပေမယ့် လွန်စွာဝေးကွာနေသလိုပါဘဲ။ နောက်ပိုင်းမှာတော့ အိမ်အပြန်နောက်ကျရာကနေ လုံးဝပြန်မအိပ်တဲ့ရက်တွေ များများလာပါတယ်။ ကျမသိလာတာကတော့ မောင်မှာ ကျမထက်ပိုချစ်ရမယ့် သူရှိနေတယ်ဆိုတာကိုပါဘဲ။ သူရတဲ့လခကို ကျမကိုလုံးဝမပေးတော့ပါဘူး။ ကျမမှာ ဘာစီးပွားရေးမှလဲမရှိ။ လက်ဖြန့်ခံစရာလူူလဲမရှိ။ ဒေါ်လေးတို့က ထမင်းကျွေးထားလို့ သာ ကျမ မငတ်တာပါ။ ကျမရဲ့ဒီအခက်အခဲတွေကို ရင်ဖွင့်ပြောပြီး ခေါင်းထိုးလို့ငိုစရာလူကတော့ နံဘေးအိမ်က “မမမော်”ပါဘဲ။ သူကတော့ ကျမဘဝရဲ့ မမေ့နိုင်တဲ့ကျေးဇူးရှင်ပါဘဲ။ ကျမအတွက်စိတ်ဓါတ်ရေးရာရော ငွေရေးကြေးရေးရော လိုလေသေးမရှိအောင် ပံ့ပိုးပေးခဲ့သူပါဘဲ။ သူအဝတ်အစားဝယ်ရင်ကျမအတွက်ပါထည့်ဝယ်ပေးသလို ကျမအတွက်ထွေလီကာလီ သုံးစရာ ငွေကိုလည်း ဇွတ်အတင်းလက်ထဲ ထိုးထည့်လို့ပေးခဲ့သူပါဘဲ.။ နောက်တော့ ကျမတို့ရဲ့ပြိုကွဲနေတဲ့ အိမ်ထောင်ရေးကိုဒေါ်လေးသိသွားတဲ့အခါ ကျမအပ်ထားတဲ့ငွေကိုပြန်ထုတ်ပေးပါတော့တယ်။ သူ့တို့လုပ်ငန်းထဲမှာရှယ်ယာထည့်ပေးထားတာလို့အကြောင်းပြပြီးကျမကို ငွေဆယ်သိန်းတိတိပေးပါတယ်။
ခြောက်လ လောက်အကြာမှာတော့ မောင်က အိမ်ကိုလုံးဝ ပြန်မလာတော့ဘဲ နောက်အိမ်ထောင်ထူထောင်မယ့်အကြောင်းဖွင့်ပြောတဲ့အပြင်ကွာရှင်းပြတ်စဲပေးဘို့ တောင်းဆိုပါတော့တယ်။ ဦးလေးဒေါ်လေးတို့က ပြန်ပေါင်းဘို့ပြောပေမယ့် ကျမက ကွာရှင်းပေးဘို့ သဘောတူလိုက်ပါတယ်။ နောက်တော့ ကျမလဲ ဒေါ်လေးတို့ ဇွတ်တားတဲ့ ကြားထဲကနေမန်းလေးကိုပြန်ခဲ့ပါတယ်။ မောင်နဲ့စပ်မှတော်ရတဲ့ သူတွေရဲ့အပေါ်မှာဆက်မှိခိုမနေချင်တော့တာ အမှန်ပါဘဲ။

(ဆက်လက်ဖော်ပြပါမည်)
ကိုပေါက်လက်ဆောင်အဆွေးပါးပါးလေး
30-10-2013

11 comments

  • KZ

    October 30, 2013 at 10:06 am

    အမငိ !
    ကြောက်စာဂျီးပဲ။
    ဒါဟာ အချစ်တဲ့လားးးးးးး
    အဲဒါ အချစ်တဲ့လားးးးးးးးး

    ခက်တယ်။
    ဘဝကို ရိုးရိုးစင်းစင်း မတွေးခေါ်ကြပါလားးးး
    လေးပေါက် ရေးတာ တော်ချက်။
    ဖြစ်ရပ်မှန်ကို အခြေခံသလားဟမ်??

  • Mr. MarGa

    October 30, 2013 at 2:12 pm

    ဪ..အချစ် အချစ်…
    ပြောသာပြောရ ဒါ အချစ်ကိစ္စ မဟုတ်တော့ဘူးး
    အက်ကြောင်းထင်နေတဲ့ အိမ်ထောင်ရေး ဖြစ်နေပြီကိုး….
    ဘယ်လို ဆက်ဖြစ်မယ် မသိ

  • Ma Ma

    October 30, 2013 at 3:53 pm

    ဇာတ်လမ်းက ဟာကွက်မရှိအောင်ကို ဇာတ်ဆရာက တော်ပါပေတယ်။ 🙂
    ငယ်ရွယ်သူတွေအတွက် သင်ခန်းစာယူစရာပါ။

  • kyeemite

    October 31, 2013 at 11:41 am

    ဒီဇာတ်မှာတော့ တကယ်မျောသွားရပါတယ်ဗျာ…
    ဟိုချောင်းသာခရီးမှာသာကိုပေါက်ကိုမြင်မိတာ…
    ဇတ်သိမ်းပိုင်းစောင့်နေပါတယ် ကိုပေါက်ရေ… 🙂

  • Ma Ei

    October 31, 2013 at 12:27 pm

    တစ်ကယ့် အဖြစ်တွေနဲ့ တူရဲ့…
    ယုံကြည်မှုတွေ ပျက်သုန်းနေတဲ့
    အိမ်ထောင်ရေးမျိုးတော့
    ဖြတ်လိုက်တာ အကောင်းဆုံးပါဘဲ…
    အဲ့ဒီ မောင် ကိုလဲ မုန်းလိုက်တာ…
    🙁

    • အော် မအိရေ
      အကြောင်းအရာတစ်ခုရယ်လို့ဖြစ်ခဲ့ရင် သူရော ကိုရောမှားကြလို့သာတွေးပေတော့

  • မဟာရာဇာ အံစာတုံး

    November 1, 2013 at 2:41 pm

    တကယ်တော့ ဖြစ်သင့်တာဟာ
    ဟိုမိန်းမ က သူ့ယောက်ကျားကို ကြိုတင် အသိပေးပြီးမှ သွားဖို့ပါပဲ …
    ဒီလိုသာ အသိပေးခဲ့ရင် ဟိုက အဲ့ဒီလို ဖြစ်မှာ မဟုတ်လောက်ပါဘူးရယ်
    ခုတော့ ….
    ဘယ်ကမှန်း မသိတဲ့ ကောင်လေးရဲ့ နောက်မှာ စကားတွေ ဖောင်ဖွဲ့လို့
    ငိုလိုက် ရီလိုက်နဲ့ သွားလာနေတာကို မြင်ရတော့
    ဟိုကောင်က တစ်မျိုးတွေ တွေးတော့မှာပေါ့ …

    ဒီဇာတ်မှာ ဒီလို ဖြစ်ရတာဟာ နှစ်ယောက်စလုံး မှားကြတာပါ
    သူတို့ရဲ့ လက်သည်ဟာ မရင့်ကျက်ခြင်းပါပဲ ….

Leave a Reply