Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

“မိစ္ဆာစီးနင်းခံ ည”

yiwaiNovember 24, 20131min4504

“မိစ္ဆာစီးနင်းခံ ည”

(ဝါ)

“အမှောင်ငတ်သူ….”

———————————–

 

အရောင်တွေ မည်းနက်နေသည်လား။ အမည်းရောင်တွေလေပဲလား။ အမြင်အာရုံတစ်ခုလုံးသည် အမည်းရောင်၏ ဖုံးအုပ်ထားမှုအောက် ကျရောက်နေသည်။

 

“အရောင်တွေဆာလိုက်တာ”

 

ရေဆာသည်ဆိုသည့် ခံစားချက်လိုပင် သူယခု အရောင်တွေ ဆာနေသည်။ ကြည့်လေရာမြင်လေရာတိုင်းသည် အမည်းရောင်။ ပိန်းပိတ်အောင် ထူထပ်နေသည့်အမှောင်မဟုတ်။ အမှောင်အုပ်ဆောင်းအောက် ကျရောက်နေသည့် ကြက်တစ်ကောင်ပမာ ခံစားနေရသည်။ အောက်အီးအီးအွတ်ဟု ကြက်ကအော်လျှင် လူအများက ကြားနိုင်သေးသည်။ သူသည်ကော။ ဒီအမည်းရောင်အုပ်ဆောင်းအောက်က လွတ်ဖို့ ဘယ်လိုအော်ရမလဲ ဟု အပြင်းအထန်စဉ်းစားနေမိသည်။

ငှက်ဆိုသည်မှာ ပျံရင်းသေ၊လူဆိုသည်မှာ ကြံရင်းသေသတဲ့။ ရှေးခေတ်စာပေမှာ ဖတ်ခဲ့ဖူးသည်။ ယခု သူ အမည်းရောင်အုပ်ဆောင်းအောက် မနေချင်သည့်အတွက် ကြံစည်ရပေတော့မည်။ သူက လူကိုး။

……………..

“အရောင်တွေ ဆာလိုက်တာ”

 

ကြံစည်နေရင်းမှပင် တီးတိုးရေရွတ်မိပြန်သည်။ နေ့ခင်းအလင်းရောင် မည်သို့ရှိသနည်း ဆိုသည်ကို သူ မမေ့သေးပါ။ စူးရှဝင်းလက်လွန်းသည့် နေ့အလင်းရောင်သည် အအိပ်မက်လွန်းသော သူ့ကို နှိုးသည့်အတွက် ပြတင်းတွင်လိုက်ကာများထားကာ သူ တားမြစ်ခဲ့ဖူးသည်။ ယခုတော့ သူ နေအလင်းရောင်ကို တမ်းတမိနေပြီ။ နေအလင်းရောင်ကို ငတ်မွတ်မိနေပြီ။

 

ထိုအချိန်မှာပင် ဒီချိန်မှာ တစ်စုံတစ်ယောက်ကို တွေ့ချင်ပါသလား ဆိုသည့်မေးခွန်းသည်ဖျတ်ခနဲ ဦးနှောက်အတွင်းသို့ ဝင်လာ၏။ အယောင်ယောင်အယမ်းယမ်းဖြင့် သူ့လက်နှစ်ဖက်ကို ငုံ့ကြည့်လိုက်မိသည်။ ဗလာ။ အမည်းရောင်သာ မြင်နေရသော သူ့အတွက်တော့သူ့လက်နှစ်ဖက်သည် ဗလာ သာဖြစ်သည်။ အကယ်၍ တွေ့ဆုံမည့်သူသည်လည်း သူ့လို ဗလာသာဖြစ်နေခဲ့လျှင်ဖြင့် ကံကောင်းထောက်မလွန်း၍သာ ကြုံနိုင်ခြင်းဖြစ်ပေလိမ့်မည်။ တစ်ယောက်နှင့်တစ်ယောက် ချော်ထွက်သွားနို်င်သည့် နည်းလမ်းပေါင်းများစွာထဲမှာ ဆုံစည်းနိုင်သည့် တစ်ရာနှုန်းကို သူတို့ ဆုပ်ကိုင်နိုင်ခဲ့၍ ဖြစ်သည်။

 

သို့သော် သူ မတွေ့ချင်ပါ။ ထိုသူသည်လည်း သူ့လို ဗလာဖြစ်နေခဲ့လျှင် သူ မတွေ့ချင်ပါ။ သူက အရောင်ငတ်နေသူသာ ဖြစ်သည်။ အရောင် ဆာနေသူသာ ဖြစ်သည်။ သူ့လို ဗလာတစ်ကောင်ကို လေကုန်ခံဖို့ သက်သက်ဖြင့်တော့ သူမတွေ့ချင်ပါ။ အကယ်၍ ထိုသူ့မှာသာ အရောင်တမျိုးမျိုးပါလာမည်ဆိုလျှင်ဖြင့် သူ တွေ့လိုပါသည်။

 

ရှေ့သို့ ဆန့်တန်းထားသော လက်နှစ်ဖက်သည် တစ်စုံတစ်ခုကို ထိခတ်သွားသလို ထင်ရ၏။ လက်ကိုအလျှင်အမြန်ပြန်ရုတ်ဖို့ကြိုးစားလိုက်သည်။ သို့သော် မလွှတ်။ သူ့လက်ကို တစ်စုံတစ်ယောက်က ဖမ်းဆွဲထားသလို ထင်ရသည်။

 

“အရောင် မင်းမှာ အရောင်ပါလား အရောင် ပါလာလား”

 

အသက်ရှုသံပြင်းပြင်းဖြင့် အငမ်းမရမေးသံတစ်ခုကို သူ ကြားလိုက်ရသည်။ သို့သော် လူကိုမူ သူမမြင်ရ။ သူ့လက်ကို ဆုပ်ကိုင်ထားသည့် တစ်ဖက်မှ ဗလာလူကို မမြင်နိုင်မှန်းသိရက်သူ ခေါင်းခါပြမိသည်။

“ဟင့်အင်း မပါဘူး ပါမလာဘူး ကျွန်တော်လည်း လိုက်ရှာနေတာ”

 

ရုတ်တရက် ဟိန်းထွက်လာ အသံကြောင့် သူ့ ခန္ဓာကိုယ် တစ်ချက်တုန်သွားရ၏။

“မင်း ညာတာ”

 

“မညာဘူး တကယ်ပြောတာ တကယ်ပြောတာပါ ကျွန်တော် ဒီနေရာကို ဘယ်လိုရောက်နေမှန်းမသိဘူး ကျွန်တော်သိတာကတော့ ဒီနေရာကို ရောက်ကတည်းက ခုထိ အရောင်ကို ကျွန်တော် မတွေ့ရသေးဘူး”

 

“မဖြစ်နိုင်ဘူး”

 

အသံတစ်သံမှ ထွက်လာခြင်းမဟုတ်ပဲ လူအများမှ မဖြစ်နိုင်ဘူး ဟု တီးတိုးငြင်းဆိုလိုက်သည့် စုပေါင်းအသံ ထွက်လာသည်။ သူ နားမလည်။ ဘာ့ကြောင့် ထိုသို့မဖြစ်နို်င်ဟု ငြင်းဆိုကြောင်းကို အမှန်တကယ်ကို နားမလည်။

 

“ကျွန်တော့်ကို အရောင်တွေရှိရာ လမ်းပြပေးပါ့လား”

 

“မသိဘူး”

 

ပထမအသံမဟုတ်ပဲ အသံတမျိုးပြောင်းသွားသလိုရှိသည်။ ထို့နောက်လက်မှ အသာအယာဖယ်ခွာသွားသည်ကို ခံစားလိုက်ရသလို ရုတ်တရက် တိတ်ဆိတ်သွားပြန်၏။

“ဟေ့လူ ဟေ့လူ လမ်း ပြောသွားပါဦးဗျာ ဟေ့လူ”

ဘာသံမျှ မကြားရတော့…။

………….

“…..+++++++…..”

ရုတ်တရက် သူ ပျော်သွားသည်။ အသံများ။ အသံများကြားနေရသည်။ မျှဉ်းမျှဉ်းလေး ရှုရှိုက်နေသည့် ဝင်သက်ထွက်သက်သံများ။ ထိုအရာတို့နောက်မှ အသာအယာစိတ်နှစ်ကာ နားထောင်ကြည့်လိုက်သည်။ မှိန်ပျပျအလင်းစတို့ကို တွေ့လိုက်ရသလို ထင်မိ၏။ သို့သော် ဖမ်းဆုပ်၍မရသေး။ သို့သော် အလင်းစမှိန်မှိန်လေးတွေ့ပြီဟူသည့် အသိဖြင့် စိတ်တွင် အနည်းငယ်အားတက်သွားသလိုရှိ၏။

အရောင် တွေ ဆာနေသည့်သူ့ရင်ဝယ် အနည်းငယ်အဆာပြေသွားသလိုရှိသည်ကတော့ အမှန်ပင်ဖြစ်သည်။

 

“သူ ဘာ့ကြောင် အမှောင်အုပ်ဆောင်းအောက် ရောက်နေခဲ့တာလဲ သူ ဘာ့ကြောင့် အလင်းပျောက်နေခဲ့တာလဲ သူ ဘာ့ကြောင့် ဘာ့ကြောင့်…………..အားးးးးးးး”

 

တွေးရခက်လွန်းသည့် မေးခွန်းများစွာမှ ဖယ်ခွါရန် သူ ပင်ပန်းတကြီး အော်လိုက်မိသည်။ သို့သော် သူ ကြောက်လန့်တကြား ဖြစ်သွားရသည်။ အသံ။ သူ့အသံ ဘယ်မှာလဲ။ သူ့အသံကို သူ ပြန်မကြားရ။ ဒါဆို ခုနကလူနှင့် ပြောတုန်းက ဘာ့ကြောင့် ကြားရတာလဲ။ တရစပ် မေးခွန်းများအောက် သူ အသံထွက်ကြည့်ရင်း စိုးထိတ်လာသည်။

 

ကြောက်ရွံ့စိတ်ဆိုသည်မှာ ဒါကိုခေါ်သလား။ ငါ မလွတ်မြောက်နိုင်လောက်ဘူး ဆိုတဲ့စိတ် အကြီုးစိုးခံလိုက်ရလေပြီလား။ အို ..လူဆိုတာ ကြံရင်းသေသတဲ့။ ငါဘာ့ကြောင့် လက်လျှော့ရမှာလဲ။ စိတ်ကို ရုတ်ချည်းအားတင်းရင်း အသက်ရှုသံသဲ့သဲ့တို့ကို နားစိုက်ထောင်လိုက်သည်။ သို့သော် မကြားရ။ မြင်လိုက်ရသည့် ပြောက်ကြားအလင်းစများသည်လည်း ဘယ်အချိန်ကတည်းက ပျောက်ကွယ်သွားသည်မသိ။ အရာအားလုံးသည် အမှောင်အတိဖြင့်။

 

“မင်း အရောင်တွေ ဆက်မရှာတော့ဘူးလား”

 

ခနဲ့သံ ဟုသတ်မှတ်နိုင်သည့်အသံဟု သူ့စိတ်တွင်းမှ သတ်မှတ်လိုက်သည်။

 

“ခင်ဗျားကို ကျွန်တော်က ဘာ့ကြောင့် ပြောပြရမှာလဲ”

“အကောင်းမေးတာပါကွာ မင်း အရောင်စုံတဲ့ ကမ္ဘာကို ပြန်သွားချင်ရင်နည်းတစ်ခုတော့ရှိတယ်“

 

စိတ်မှာ ဖျတ်ခနဲ ဖြစ်သွားသည်။ အရောင်စုံတဲ့ ကမ္ဘာကို ပြန်သွားချင်ရင် တဲ့။ အို သူများဆီက အကူအညီယူရမှာတဲ့လား။ ကိုယ်ကိုယ်တိုင်လည်း လမ်းရှာနိုင်သားပဲ။ ကိုယ်မသိတဲ့ဂြိုလ်ကို ရောက်နေတဲ့ ကမ္ဘာသားတစ်ဦး ဖြစ်နေလေပြီလား။ စိတ်အလျဉ်ကို ကိုယ်ကိုယ်တိုင် မီအောင်မလိုက်နိုင်သေးခင် နှုတ်မှ မေးခွန်းမေးသွားရသည်။

“ဘယ်လိုနည်းလဲ”

 

“မင်းရဲ့စိတ်တစ်ခြမ်းကို သူ့ကို ကြီးစိုးခွင့်ပေးမယ်ဆိုရင် သူက မင်းကို မြေကမ္ဘာပေါ်ရောက်အောင် ကူညီပေးလိမ့်မယ်”

“ဘယ်သူတုန်း”

“မိစ္ဆာ”

 

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ စိတ်တစ်ခြမ်း ဟုတ်လား ကိုယ့်စိတ်ကိုယ် ပိုင်တယ်လို့ ဘယ်သူပြောသလဲ ကျွန်တော့်စိတ်ကို ကျွန်တော်မပိုင်ဘူး ကျွန်တော့်နှလုံးသားနဲ့ဦးနှောက်နဲ့ပိုင်တာဗျ ဒီတော့ စိတ်တစ်ခြမ်းကိုလည်းကြီးစိုးခွင့်မပေးနိုုင်ဘူး အရောင်တွေရှိတဲ့ ကမ္ဘာကို ကျွန်တော်ကိုယ်တိုင် လိုက်ရှာမယ် ”

ယုတ္တိမရှိဟု တွေးရင်း စိတ်တိုတိုနှင့်အော်ဟစ်ပြောဆိုလိုက်မိသည်။ ထိုလူသည် ထိုလူပြောသည့် မိစ္ဆာ၏ လက်ထောက်ပင်ဖြစ်နေနိုင်သည်ဟု စိတ်ပေါက်ပေါက်ဖြင့် တွေးကာ အမှောင်ထုမှာပင် မျက်စောင်းထိုးရင်း သူ ရှေ့ဆက်ရန်ပြင်လိုက်သည်။

 

“အင်း တစ်ချိန်ကတော့ငါလည်း မင်းလို တွေးခဲ့မိတာေ့ပါ့ ကိုယ်တိုင် ထွက်ပေါက်လိုက်ရှာနိုင်မယ်လို့၊ ခုတော့ အရောင်စုံတဲ့ကမ္ဘာကို မမြင်ရတာ ဘယ်လောက်ကြာပြီလဲ ငါမသိဘူး ငါကိုယ်တိုင်လည်း ပြန်ထွက်သွားလို့မရတော့ဘူး မိစ္ဆာက သူ့ဆီကို ရောက်လာတဲ့ လူတိုင်းကို အချိန်တစ်ခုထိ သတ်မှတ်ပေးထားတာ ငါက သတ်မှတ်ချိန်စေ့သွားတဲ့သူပါကွာ”

တိတ်ဆိတ်ခြင်းနှင့် ဆွံ့အခြင်းရောနေသည့် အသံကိုနားထောင်ရင်းသူ မေးခွန်းတစ်ခုကို သတိရလာသည်။

“ခဏခဏ ကျွန်တော်မေးစရာရှိသေးတယ်”

“မေးလေ”

“ခင်ဗျားနဲ့ပြောရင် ကျွန်တော့်အသံကိုကြားရပြီးတော့ ကျွန်တော့်ဘာသာကျွန်တော်အော်ကြည့်ပြောကြည့်တာ ဘာလို့ မကြားရတာလဲ”

“ဘယ်ကြားရမလဲ မင်းနဲ့ငါနဲ့ပြောတုန်းက ငါက မင်းရဲ့ဘေးနားမှာ ပဲ့တင်သံအဖြစ် ပြန်လာဖို့ကြားခံနယ် အဖြစ်ရှိနေတယ်လေ မင်းမရှိပဲ ငါတစ်ယောက်တည်းကိုယ့်ဘာသာပြောရင် ငါလည်းကြားရမှာမဟုတ်ဘူး ဒီနေရာက စကားပြောချင်ရင် ကိုယ့်စကားကို နားထောင်မယ့် ပဲ့တင်သံလူ ရှိရတယ် အသံတွေများလေလေ အသဲနောက်မှ အလင်းမှုန်လေးတွေ ရှိလေလေပဲ ဒီနေရာမှာ ငါလိုလူတွေအများကြီးရှိနေတယ် ငါတို့အတွက်တော့ အသံနောက်က အလင်းစမှုန်မှုန်လေးတွေဟာ စိတ်ဖြေရာပေါ့ကွာ”

တိတ်ဆိတ်သွားပြန်သည်။ မေးခွန်းဖြေပြီးထွက်သွားသည်လား၊ သို့မဟုတ် အနားတွင် ရပ်တန့်နေသည်လား။မသိ။ သူမသိ။ သူသိသည်ကတော့ သူ ဘာလုပ်ရမလဲ ဟူသည့် မေးခွန်းသာ ဖြစ်သည်။ ထိုမေးခွန်းကို ထပ်ခါတလဲလဲ ရွတ်ရင်း သူ ဆက်လျှောက်လာလိုက်သည်။

လမ်းဆုံးလျှင် ရွာတွေ့မည် ဆိုသည့် စကားတစ်ခွန်းကို အမှတ်ရမိသည်။ တစ်ခါတစ်ရံ လမ်းဆုံးလျှင်လည်း ရွာပျောက်နေတတ်ကြောင်း ရောင်စုံကမ္ဘာသို့ရောက်လျှင် မှတ်တမ်းတင်ရဦးမည်ဟု စိတ်မှာတေးထားလိုက်မိ၏။

အမှောင်ထုက ပို၍ပို၍ကြီးရင့်လာသလို ထင်ရ၏။ အသက်ရှု၍ မဝ ဟူသည့်ခံစားချက်အပြင် အရောင်ဆာသည့် ဒဏ်ကိုပါ အလူးအလဲ ခံစားနေရသည်။ အချိန်၊ သူ အချိန်စေ့လေပြီလား။ မိစ္ဆာပေးထားသည့်အချိန်စေ့လေပြီလား။ အို မဖြစ်နိုင်တာဟု တွေးရင်း ခေါင်းခါလိုက်သည်။ ထို့နောက် လုပ်မိလုပ်ရာဖြင့်

“ဟေးး”

သူ အော်ဟစ်လိုက်မိသည်။ ပြန်ကြားရ၍ သူပျော်သွားမိ၏။

“ငါ မင်းဘေးမှာ ရှိနေတယ် မင်း ဘယ်အချိန်ထိ တိုက်ခိုက်နိုင်မလဲလို့”

ထူးဆန်းလွန်းသည့် စကားဟု တွေးရင်း အသံလာရာသို ့ မျှော်မှန်းကြည့်လိုက်မိသည်။

“ဒီအချိန်ဆို သူ သိနေလောက်ပြီ မင်း သူ့အပေးအယူကို လက်ခံတော့မယ်ဆိုတာကို”

“ဒီမှာ ကျွန်တော် ခင်ဗျားပြောတဲ့ မိစ္ဆာကို အယုံအကြည်မရှိဘူးဗျ ခုက အော်ဟစ်ကြည့်ရုံတင်”

 

“ခဏစောင့်လိုက်ပါ မိစ္ဆာလာတော့မယ် ငါ မင်းဘေးနားတောက်လျှောက်ကပ်လိုက်နေတာက မိစ္ဆာလာမှာမို့လို့ ကပ်လိုက်နေတာ မိစ္ဆာလာရင် အရောင်တွေအများကြီးပါလာတယ် မိစ္ဆာရဲ့ ကိုယ်ပေါ်က အရောင်တွေကြည့်ခွင့်ရလိုက်တဲ့အချိန်ဟာ ငါ့အတွက်တော့ ကောင်းကင်ဘုံမှာ ရှိသလို ခံစားရလို့……..ပဲ ဒါက ငါ့အတွက် စိတ်ဖြေဆေးတစ်မျိုးပေါ့”

 

ထိုသူ့စကားအဆုံးသတ်တွင်ပင် ရုတ်တရက် အေးစိမ့်ခြင်းတို့ လွှမ်းခြုံလာသလို ခံစားရသည်။ ထို့နောက်တော့ အလင်းများ။ အို ကြည်နူးဖို့ကောင်းလိုက်တာ။ အရောင်တွေ အရောင်တွေ။ ရေငတ်ပြေသွားပြီ ဆိုတဲ့ ခံစားချက်လိုပါပဲလား။ သူ အရောင်ငတ်ပြေသွားပြီဖြစ်သည်။ ထိုအရောင်များကြားတွင် တစ်စုံတစ်ယောက်ရပ်နေသည်ကို ခံစားလိုက်သည်။ အသေအချာကြည့်လိုက်တော့ သူ။ ဟုတ်သည်။ သူ ရပ်နေသည်။ အရောင်စုံအသွေးစုံ ဖြင့် သူရပ်နေသည်။ ကယောင်ကတမ်းဖြင့် ကိုယ့်လက်ကိုယ် ပြန်ငုံ့ကြည့်လိုက်သည်။ ဗလာသည် ဗလာသာဖြစ်၏။

“မင်း သိပြီးပြီထင်ပါတယ် ငါ့အပေးအယူကို”

ဘာ့ကြောင့် ခေါင်းညိတ်ပြလိုက်သလဲ။ မသိ။သူမသိ။

“တစ်ကနေ တစ်ဆယ်အတွင်းရေမယ် အဲဒီအချိန်အတွင်း မင်းအဖြေပေးပါ ဒီချိန်မှာမှ အဖြေမပေးဘူးဆိုရင် နောက်ထပ်အခွင့်အရေးမရတော့ဘူးမှတ်ပါ”

တစ်ကနေတစ်ဆယ်။

“တစ်၊.. နှစ်၊ ..သုံး၊…လေး၊….ရှစ်၊…ကိုး၊….”

“လက်ခံတယ်”

ဟိန်းထွက်သွားသည့် ကိုယ့်အသံကိုယ် နှစ်ခြိုက်စွာပြုံးမိရင်း သူခေါင်းညိတ်ပြလိုက်သည်။ စိတ်တစ်ခြမ်းကို ကြီးစိုးမယ် တဲ့။ လူတွေ၏ စိတ်ဆိုသည်ကို ကြီးစိုးထားသူများမှာ ဦးနှောက်နှင့် နှလုံးသားဖြစ်သည်ကို ဤမိစ္ဆာသိမည်မထင်။ ထို့အတွက်သာ စိတ်တစ်ခြမ်းကြီးစိုးခွင့်တောင်းခြင်းပင်။ အပြင်ကမ္ဘာ ပြန်ရောက်လျှင် ဦးနှောက်နှင့် နှလုံးသားကိုသုံး၍ ကိုယ့်စိတ်ကိုယ် ပြန်ပြီးအုပ်စိုးခွင့်ရနိုင်သည်မဟုတ်ပါလား။

“လှလိုက်တာ”

ဟုတီးတိုးရေရွတ်လိုက်မိသည်။ မိစ္ဆာ၏ အပြုံးသည် ထိုမျှလှပါသလား။ သူ ထိုကဲ့သို့ လှအောင် တစ်ခါမျှ မပြုံးဖူးပါ။ ထို့နောက်တော့ အလင်းတို့က သူ့ကို စုပ်ယူသွားသလိုရှိသည်။ အလင်းဝဲဂယက်ထဲသို့ ယက်ကန်ယက်ကန်မျောပါရင်း သတိထားလိုက်မိသည်က မျက်ဝန်းတစ်စုံ။ သူ့ကို ငေးကြည့်နေသည့် မျက်ဝန်းတစ်စုံ။ အားကျနေသည့် မျက်ဝန်းများဖြစ်သည်မို့ သူ့ဘေးနားမှ တစ်လျှောက်လုံးကပ်လိုက်လာသည့် လူဟု တစ်ထစ်ချ ယုံကြည်လိုက်တော့သည်။

 

——————++++++++++++++++——————

 

“ထထ နေဖင်ထိုးအောင် အိပ်မှာလား ထတော့ မျက်နှာသစ်ရေမိုးချိုးပြီးရင် မနက်စာ လာစားတော့”

တွန်းနှိုးခံလိုက်ရမှုကြောင့် သူ့မျက်ဝန်းအစုံတို့ ပွင့်သွားရသည်။ မျက်လုံးဖွင့်ဖွင့်ခြင်းတွေ့ရသည်က မေမေ။ အိုး ဒါဆို မိစ္ဆာတွေ၊ အရောင်တွေ ဆိုတာ အိပ်မက်ပေါ့။ ဝမ်းသာလွန်းစွာဖြင့် မေမေ့ပါးကို ရွှတ်ခနဲနမ်းလိုက်ရင်း ရေချိုးခန်းဆီသို့ ထွက်လာလိုက်တော့သည်။

“လာ ဒီမှာ သားအကြိုက် မုန့်ဟင်းခါး ”

မုန့်ဟင်းခါးကို သူ ဘယ်တုန်းက ကြိုက်ခဲ့လို့လဲ၊တစ်ခါမှ မကြိုက်ခဲ့ဖူးပါဘူး ဟုတွေးရင်းပေါင်မုန့်မီးကင်ဆီသို့ လက်လှမ်းလိုက်မိသည်။ မေမေက တစ်ချက်သာ မျက်လုံးလှန်ကြည့်ပြီး ဘာမှမပြော။ ပေါင်မုန့်မီးကင် သုံးချပ်လောက်စားအပြီးမှာတော့ သူ ဗိုက်ဝသွားပြီမို့ ခြံထဲသို့ လမ်းဆင်းလျှောက်ရန်ပြင်လိုက်စဉ်

“ပြောတော့ ပေါင်မုန့်မီးကင်က တူးစော်နံလို့မကြိုက်ဘူးဆို မြန်မာ့ရိုးရာ မုန့်ဟင်းခါးလေးပဲ အမြဲပြင်ပေးပါဆို….”

တရစပ်ထွက်လာသည့် မေမေ့စကားများကြား သူ အထိတ်တလန့်သတိထားလိုက်မိသည်က ထိုစကားများသည် သူပြောခဲ့ဖူးသည်ဆိုတာကိုပင်။ သို့ဆိုလျှင် ပေါင်မုန့်မီးကင်ကို ဘယ်သူရွေးချယ်တာလဲ။ ဘယ်သူရွေးချယ်တာလဲ။ သူအိမ်အပေါ်ထပ်သို့ ပြေးလာရင်း ကိုယ်လုံးပေါ်မှန်ရှိသည့် ဗီရိုရှေ့ရပ်ကာ သူ့မျက်နှာသူ ပြန်ကြည့်လိုက်မိတော့ မျက်နှာတစ်ခြမ်းက ပြုံးနေသည်။ ဟုတ်သည်။ နှုတ်ခမ်းတစ်ဖက်ကွေးကာ ပြုံးနေသည်။ ထိုနှုတ်ခမ်းကွေးရှိသည့်ဘက်မှ မျက်လုံးသည် အမည်းရောင်များပို၍ ထူထပ်နေလေသလား။ ထိုမျက်ဝန်း၏ စူးရဲမှုက ကျန်မျက်လုံးထက် ပိုပြီး စူးရဲနေလေသလား။

“ဟော ဒါလေးပြောတာကိုပဲ ဘယ့်နှယ် နှုတ်ခမ်းကြီးတစ်ဖက်တွန့်ပြုံးတာတုန်း ကြည့်မကောင်းဘူး သားငယ် ရုပ်ဆိုးတယ်”

နောက်မှ ထွက်လာသည် မေမေ့အသံကြောင့် သူ ကြောင်ကြောင်အအဖြင့် မှန်မှ အကြည့်လွှဲကာ ကိုယ့်ပါးစပ်ကိုယ် လက်ဖြင့် ပိတ်လိုက်မိတော့သည်။ ထို့နောက် ခြံထဲပြေးဆင်းလာလိုက်တော့သည်။ အရောင်တွေ၊ သူကြည့်ချင်သည့်အရောင်တွေကို သွားကြည့်ရမည်။

သူဟာ သူလား၊ မိစ္ဆာလား သူကိုယ်တိုင် ဝေခွဲမရသေး။ သူ မိစ္ဆာ၏ အစီးနင်းခံနေရသည်မှာ ဘယ်လောက်ကြာပြီလဲဟု ယောင်ယောင်ယမ်းယမ်းတွေးလိုက်မိတော့ သူ ခေါင်းခါယမ်းလိုက်မိသည်။ မသိ။ သူ မသိ။

လှလိုက်တာ။ ခြံထဲမှာ အပင်တွေ မျိုးစုံအောင် စိုက်ထားသည်ပဲ။ အစိမ်းရောင်၊ အနီရောင်၊ အဖြူရောင်၊ အို နေ၏အလင်းရောင်လေးသည်လည်း ချစ်စရာကောင်းသည်။ မေမေ့အသားရောင်လေးသည်လည်း ချစ်စရာကောင်းသည်။

“မင်းက အရောင်ကိုကြည့် ငါက မင်းကိုယ်ကို ခိုင်းမှာပေါ့ကွာ ဟားဟားဟား”

ကြားလိုက်ရသည့် သူ့အသံကြောင့် ဆတ်ခနဲဖြစ်သွားသည်။ မိစ္ဆာ။ သူ ခေါင်းခါလိုက်ရင်း

“ငါက ငါကွ ငါ့ကိုယ်ကို ငါပဲ ခိုင်းမှာပေါ့”

“မရတော့ဘူး မင်းရဲ့ ကျန်တဲ့စိတ်တစ်ခြမ်းနဲ့ ငါနဲ့ လျှို့ဝှက်သဘောတူညီမှုယူပြီးပြီ မင်းရဲ့ အလင်းရောင်စိတ်ခြမ်းကို ငါဝင်ပြီးရင် သူနဲ့ငါနဲ့ ပူးပေါင်းပြီး မင်းခန္ဓာကိုယ်ကို အုပ်ချုပ်မယ်လို့ စာချုပ်ချုပ်ထားပြီးသားကွ ဟား ဟား ဟား မင်းရဲ့ အမည်းရောင်စိတ်တစ်ခြမ်းက မင်းဘေးနားကနေ တောက်လျှောက်ကပ်လိုက်လာတဲ့သူဆိုတာကိုကော မင်းသိရဲ့လား ဟင် အမှောင်ထုကနေ မင်း လွတ်မြောက်ဖို့ တစ်မိနစ်အလိုမှာ မင်းကိုမိသွားတာပဲ ”

မဟုတ်ဘူး ဟု ခေါင်းခါရင်း သူ့လက်နှစ်ဖက်ကို အသားကုန်လေတွင် ဝေ့ယမ်းကြည့်လိုက်သည်။ မရ။ မရတော့။ သူ သူ့ကိုယ် သူ မပိုင်တော့။ သူ အမြင်တွင် အရောင်များသာ ဟိုဒီဝဲလှည့်လျှက် ကျန်တာ ဘာမျှမမြင်ရတော့။ ဖျတ်ခနဲ မျက်ဝန်းတစ်စုံကို ပြန်လည်မြင်ယောင်မိသည်။ အားကျနေသည့်မျက်ဝန်းများဟု ထင်မှတ်မှားခဲ့မိ၏။ မဟုတ်။ သေချာကြည့်တော့ မျက်ဝန်းထောင့်စွန်းမှာ အနီရောင်အတ္တများ။ အနီရောင်အတ္တများ ကြီးစိုးနေသည့် မျက်ဝန်း။

သူ မျက်ဝန်းအစုံကို မှိတ်လိုက်သည်။ သို့သော ်အရောင်တွေက ပျောက်မသွား။ မှိတ်ထားသည့် မျက်ဝန်းတွင်မှာပါ လာရောက်စွဲထင်နေသည်။ မျက်လုံးအစုံကိုဖွင့်လိုက်တော့လည်း အရောင်တွေ။

သူ အမှောင်ငတ်တတ်လာပြီဖြစ်သည်။

သူ

အမှောင်ကို

ဆာလောင်နေခဲ့သည်မှာ

အတော်

ကြာပြီ

ဖြစ်၏။

 

ရည်ဝေ(လင်းရောင်ခြည်)

4 comments

  • KZ

    November 24, 2013 at 7:26 pm

    ကတ်တဂိုရီကို ရွေးမှ ရှေ့မျက်နှာမှာ ပေါ်မှာ။
    တဂ် မှာ ရွေးလို့ မပေါ်ဘူးးး

    • yiwai

      November 24, 2013 at 8:07 pm

      ဟုတ် ကျေးဇူးဗျ ပြင်လိုက်ဦးမယ် 😀

  • kyeemite

    November 25, 2013 at 4:13 pm

    ခေါင်းတော့နဲနဲနောက်သွားတယ်…ရေလည်းနဲနဲငတ်လာသလိုမို့ ကော်ဖီတစ်ခွက်ဖျော်ခိုင်းလိုက်တယ်
    အရည်ငတ်တယ်ဗျာ…
    အို..အိမ်ပြန်ရောက်ရင် ငတ်နေတဲ့ အရည်တစ်မျိုးသောက်ရမှာပဲလေ…
    ဒါ..ဒါ..မိစ္ဆာ ….မိစ္ဆာ ကသောက်ချင်နေတာများလား….ကြာပြီ…ကြာခဲ့ပြီ 🙄

Leave a Reply