မိဘဝတ် (သို့) မိဘဝဋ်
“မိဘဝတ် (သို့) မိဘဝဋ်”
မကောင်းမြစ်တာ၊ ကောင်းရာညွှန်လတ်၊ အတတ်သင်စေ၊ ပေးဝေနှီးရင်း၊ ထိန်းမြှားခြင်းလျှင် ဝတ်ငါးအင် ဖခင်မယ်တို့တာ။
မိဘဝတ်တရား ငါးပါးထဲမှာ အတတ်သင်စေလို့ ပါပါတယ်။ ပညာကမှ လူတယောက်ကို အကျိုးအကြောင်း ဆင်ခြင်တတ်စေနိုင်တာမို့ သားသမီးကို ချစ်နည်းမှန်စွာ ချစ်တတ်တဲ့မိဘတိုင်းက ကိုယ့်သားသမီးကို မဖြစ်မနေ ပညာသင်ယူစေပါတယ်။
………………………………………………………………………….
ဝဋ် ဆိုတာ ဝဋဆိုတဲ့ ပါဠိစကားမှ ဆင်းသက်လာပါတယ်။ သံသရာလည်ပတ်ခြင်း။ အကြောင်းပြီးအကျိုး အကျိုးပြီးအကြောင်း ဆက်စပ်ဖြစ်ပျက်ခြင်း။ မကောင်းမှုပြုသည့်အတွက် သံသရာဘဝခရီး၌ ဆိုးကြိုးတစုံတရာကို ခံစားရစေခြင်း စသောအဓိပ္ပါယ် များစွာရှိပါတယ်။ သည် ဝဋ်ကတော့ သံသရာလည်ခြင်းကို ဆိုလိုချင်တာပါ။ (မိဘဝဋ် = မိဘသံသရာလည်ပတ်ခြင်း)
…………………………………………………………………………………….
“မသွားချင်ဘူး။ ဟီး….ဟီး”
“ မသွားလို့ မရဘူးလေ သမီးရဲ့”
မေလအကုန်မို့ မိုးဦးက ဝင်စပြုပြီ။ မိုးလေးက တစ်ပြိုက်နှစ်ပြိုက် ရွာပြီမို့ လမ်းတွေက အရင်လို ဖုန်မထူတော့ဘူး။ ချိုင့်ခွက်တွေထဲက မွမွလေးမှုန့်နေတဲ့ ဖုန်မှုန်လေးတွေကလည်း မိုးရေနဲ့ သိပ်ကာ မာလာပြီမို့ လှည်းလည်း မစောင့်တော့ပဲ လှည်းစီးရတာ သက်တောင့်သက်သာနဲ့ ဖုန်လည်းမကပ်တော့တဲ့ ဒီအချိန်ဆို ကျွန်မ အမြဲငိုနေကျပါ။ အမေလည်း မျက်ရည်စက်လက်နဲ့ချော့နေကျ။ ဘာလို့လဲဆို ကျောင်းတွေဖွင့်တော့မှာမို့ ကျောင်းပြန်တက်ဖို့ ကျွန်မ ရန်ကုန် ပြန်ရတော့မယ်။ နွဲ့ဆိုး ဆိုးလို့လည်းရ အပူအပင်ကင်းကင်းနဲ့ ဘယ်သူ့အရိပ်အကဲမှ ကြည့်စရာမလို စိတ်တိုင်းကျ နေရတဲ့နေရာက ခွာရတော့မှာမို့ပါ။
“အမေ ရက်စက်တယ်။ ကိုယ့်သမီးလေးကို ခွဲထားတယ်။ ဟီး..ဟီး..သမီး အမေနဲ့ မခွဲချင်ဘူး”
“မခွဲလို့မရဘူးလေ သမီးရဲ့၊ ခဏပဲဟာ။ သမီး ပညာတွေတတ်တော့ အတူတူပြန်နေလို့ရတာပေါ့”
“အဲ့သည့် ပညာတွေ မသင်ချင်ဘူး။ ပညာမတတ်တတ် အမေနဲ့ပဲနေမယ်”
“ပညာမတတ်တော့ အမေတို့လို ငါ့သမီး ပင်ပန်းမှာပေါ့”
“ပင်ပန်းပါစေ အတူတူနေမယ်”
တတွတ်တွတ်ပြောရင်း ငိုနေတဲ့ ကျွန်မကို ဖက်ရင်း အမေက ငိုပါတယ်။ အဖေကတော့ ဒီလိုမြင်ကွင်းကို မမြင်ချင်လို့ထင်ရဲ့ ခပ်စောစောကတည်းက တောင်ဘက်ကို ထွက်သွားပြီ။ လူဌါးကလေး ဂျစ်တူးကတော့ တိတ်တိတ်ဆိတ်ဆိတ် ကျွန်မ ခရီးဆောင် အိတ်တွေကို မြင်းလှည်းပေါ် တင်နေရဲ့။ မြင်းလှည်းသမားကြီး ဦးခင်မောင်ညိုကတော့ လှည်းပေါ်ကနေ လည်ပြန် ခပ်ပြုံးပြုံးကြီး ကြည့်နေတယ်။ နှစ်တိုင်းမြင်နေကြမို့ သူ့အတွက်ကတော့ ရိုးနေတဲ့ မြင်ကွင်းကိုး။
“ကဲ ကဲ တူမကြီးရေ သွားရအောင်။ နေမြင့်ရင် မြင်းရော လူရော နေပူတယ်ကွဲ့”
တခါကတော့ ဂျစ်တူးကပြောတယ်။ မမကြီး ပြန်မဲ့နေ့ဆို ကျွန်တော့မှာ သတိထားနေရတယ်။ ဟဲ့ …ဘာလို့လဲဆိုတော့….အဲ့နေ့ဆို အဖေကြီး စိတ်မကြည်ဘူး။ အဖေကြီးဆိုတာ ကျွန်မအဖေကို သူခေါ်တာပါ။ မြင်မြင်ရာ ဒေါသထွက်နေလို့ သတိထားနေရတယ်။ ပြန်ခါနီး မငိုပါနဲ့ဗျာတဲ့လေ။ အေးပါဟာ မငိုပါဘူးလို့ ပြောပေမဲ့ ပြန်ခါနီးတိုင်း ငိုမြဲတိုင်းငိုပါတယ်။ မသွားမနေရ သွားရမယ်မှန်း သိလျှက်နဲ့ ကျွန်မဟာ နှစ်တိုင်း ကျောင်းဖွင့်ချိန်ရောက်တိုင်း ငိုပါတယ်။ အမေလည်း ငိုပါတယ်။ အဖေလည်း အမြဲ ထွက်သွားပါတယ်။ အဲ့တုန်းက မိဘစေတနာကို နားမလည်သေးတော့ အမေနဲ့ အဖေ ရက်စက်လေခြင်း သားသမီးကို ခွဲထားရက်တယ် အသည်းတွေ မာလိုက်လေ။ ငါ့ကို သိပ်မချစ်လို့ ဖြစ်မှာလို့ မိဘကို ရက်ရက်စက်စက် ထင်ရက်ခဲ့တာ။
ဒီလိုနဲ့ အလယ်တန်းအောင်၊ နောက် အထက်တန်း၊ ပြီးတော့ တက္ကသိုလ်ပြီးကာ ဘွဲ့ရပါတော့တယ်။ တရက်ထက်တရက် ရက်တွေများလာပေမဲ့ ကျွန်မ အိမ်ပြန်ချိန်ကတော့ နည်းလာပါတယ်။ ဟိုး…..ငယ်ငယ်တုန်းကလို ပြန်ခါနီး ငိုဖို့မပြောနဲ့ နှစ်စဉ် နှစ်တိုင်း မပြန်ဖြစ်တော့သလို တပတ်ထက် ပိုကြာအောင်တောင် ရွာမှာမနေနိုင်တော့ဘူး။
အိမ်ထောင်ရက်သားများကျတော့ ပိုဆိုး။ ပြန်မယ်လို့ ကြံစည်တိုင်း ခင်ပွန်းသည်အလုပ် နားရက် မရတာမို့ အကြံအစည်ပျက်ကာ မရောက်ဖြစ်သလောက်။ နောက်တော့ သားသမီးတွေ ရလာတော့ ပြန်ဖို့ ပိုခက်ခဲလာပါတော့တယ်။ ဒီလို ဒီလိုနဲ့ ပညာစုံရင် ပြန်နေမယ်ဆိုတဲ့ အမေ့အိမ်နဲ့ ပိုရျ် ပိုရျ် ဝေးကွာသွားပါတော့တယ်။
…………………………………………………………………………………..
ဒီနေ့ သားကို ကျောင်းစပြီးပို့ရမဲ့နေ့။ ကျွန်မတို့ ငယ်ငယ်က ၅နှစ်မှ ကျောင်းစနေရပါတယ်။ တိုးတက်လာတဲ့ ခေတ်နဲ့အညီ ခေတ်ကိုပဲ လိုက်လို့ မမှီမှာ စိုးရိမ်လို့ပဲလား။ မိဘနှစ်ပါးစလုံး ရုန်းကန်နေရလို့ ကလေးထိန်း ဌါးရမဲ့ အတူတူမထူးဘူး။ ကျောင်းပဲပို့လိုက်မယ်ဟဲ့ ဆိုတဲ့ စိတ်ကူးတွေပဲ များလာသလား ( ဒါကတော့ ကျွန်မအထင်ပါ) ကလေးတွေ ကျောင်းစတက်ချိန် စောလာပါတယ်။ ညီမလေးတွေ လက်ထက်မှာ လေးနှစ်မှာ မူကြိုစတက်ရပေမဲ့ သားတို့ ခေတ်မှာတော့ နှစ်နှစ်ခွဲ သုံးနှစ်ဆို မူကြိုစထားကြပြီ။ အရင်ကတော့ သားကို လေးနှစ်မှ မူကြိုထားမယ်လို့ စိတ်ကူးရှိပေမဲ့ အခုတော့ အခြေအနေ အချိန်အခါအရ သုံးနှစ်မှာ စထားရတော့မယ်။ တိုးတက်လာတဲ့ ခေတ်ကြောင့်မဟုတ်သလို လင်မယားနှစ်ယောက်လုံး ရုန်းကန်နေရတာကြောင့်လည်း မဟုတ်ပါဘူး။ ကျွန်မက သမီးကို မီးဖွားဖို့ ဆေးရုံတက်ရမှာမို့ပါ။ ဘာဆိုင်လို့လည်းလို့ စကားတင်း ဆိုစရာရှိမှာပါ။ အဖြစ်က ဒီလိုပါ။ အိမ်ကြီးရှင် နောက်ကို ယောင်နောက်ဆံထုံးပါ၊ အပ်သွားရာအပ်ချည်ပါဆိုသလို ကျွန်မလိုက်သွားတော့ သားက တနှစ်။ ပတ်ဝန်းကျင်ကို စသိစအချိန်၊ မှတ်သားဖို့ ပြုစ အချိန်မှာ သား သိတာက အဖေနဲ့ အမေ သည်နှစ်ယောက်တည်း။ အဲ့သည့် နှစ်ယောက်တည်းမှာမှ အဖေက တပတ်မှာ ခြောက်ရက်လောက် ရုံးတက်ရဆိုတော့ကာ ၂၄နာရီလုံး မခွဲမခွာနေရတာက သည်အမေ။ ဒါ့ကြောင့် အမေကို အတွယ်တာဆုံး။ ကုန်ကုန်ပြောရရင် သားနဲ့ ကျွန်မ တနာရီပြည့်အောင်တောင် မခွဲဘူးဖူး။ သမီးကို မီးဖွားဖို့ ပြန်လာတော့ ဇန်နဝါရီလကုန်ခါနီး။ ရောက်ရောက်ခြင်း သားဟာ အိမ်ထဲကိုဝင်ဖို့ ခေါ်လို့မရဘူး။ ဒါ သားအိမ်မဟုတ်ဘူးဆိုတဲ့ စကားကို တတွတ်တွတ်ပြောရင်း အိမ်ထဲကို မဝင်ပါဘူး။ သူသိတတ်စကတည်းက သိတဲ့ အိမ်က အစ္စရေးကအိမ်လေ။ ကျွန်မမှာ သူ့ကို ချီရင်း အိမ်အပြင်မှာ ခဏနေနေရပါသေးတယ်။ သူ့ အဖွားက သူငယ်ငယ်က ဓါတ်ပုံလေးတွေ ထုတ်ပြမှ နည်းနည်း စိတ်ချလာပြီး အိမ်ထဲကို အဝင်ခံတာ။ နောက်နေ့တွေမှာ ဒါလည်း သူ့အိမ်၊ ဒီလူတွေဟာလည်း သူ့ကိုချစ်တဲ့ မိသားစုဝင်တွေလို့ လက်ခံလာပေမဲ့ အမေကို မျက်စိအောက်က အပျောက်မခံသေးဘူး။ အဒေါ်တွေနဲ့ ဆော့ရင်း မေ့လည်း ခဏပဲ။ ပြီးရင်ချက်ချင်း အမေကိုရှာပါတယ်။ သူ့အဖွားကတောင် ငါးမိနစ်ပြည့်ပါစေဦးကွယ် တကတည်း အပျောက်ကို မခံဘူးလို့ ပြောယူရလောက်အောင်ပါ။ အဲ့သလို နေလာတဲ့ သားအမိပါ။ တခါ သားလမ်းလျှောက်တတ်စကတည်းက တိုက်ခန်းမှာနေလာတာဆိုပေမဲ့ လှေကားတက်စရာမလိုလို့ သားလှေကား မတက်တတ်ဘူး။ နောက် ပြေပြစ်ချောမွေ့တဲ့ လမ်းမှာ လျှောက်နေကြမို့ လမ်းလျှောက်ရင် အောက်ကို ဘယ်တော့မှ ကြည့်မလျှောက်ဘူး။ ချိုင့်၊ ဘုထစ်၊ ကျောက်တုံးဆိုတာ သူမြင်မှ မမြင်ဘူးတာ။ ပြန်ရောက်ကတည်းက ခြံထဲဆင်းရင်တောင် နောက်က လိုက်ထိန်းနေလို့ ဒဏ်ရာ အကြီးအကျယ် မရပေမဲ့ ပွန်းရာပဲ့ရာတွေ ဗရပွ။ ဘယ်ဘက်ကတွေးတွေး ကျွန်မမှာ သားကို စိတ်မချ နိုင်ပါဘူး။ သို့ပေမဲ့ ကျွန်မက ဆေးရုံတက်ရမှာမို့ မခွဲမနေရ ခွဲရမယ်။ ပြင်ပကလူတွေနဲ့ ရင်းနှီးသွားရင် ခွဲရမှာလွယ်မယ်ထင်တာရယ်။ နေ့ဘက်ကျောင်းတက်နေရလို့ အမေနဲ့ ခွဲနေရရင်လည်း မသိသာအောင် သုံးနှစ်မှာ ကျောင်းထားဖို့ ပြင်ရပါတော့တယ်။
မွေးရမှာက ဇွန်လ၊ ခွဲဖို့ အကျင့်ရအောင်လို့ မေလမှာ ကျောင်းစအပ်ပါတယ်။ ရန်ကုန်ပြန်ရောက်ပြီး သုံးလအကြာမှာပါ။ ကျောင်းကို ရောက်ရောက်ခြင်းတော့ ရွယ်တူလေးတွေ အများကြီးမို့ ပျော်ပါတယ်။ ပထမရက်မို့ တနာရီသာ တက်ရမည့်အကြောင်း။ ၉း၃ဝမှာ စတက်လို့ ၁ဝး၃ဝမှာ ကြိုခိုင်းပါတယ်။ သားဟာ လှေကားကို တယောက်တည်း မတက်တတ်ကြောင်း၊ မြေပြင်မညီရင် လမ်းမလျှောက်တတ်ပဲ ခဏခဏ ခလုတ်တိုက်လဲတတ်ကြောင်း၊ ကျွန်မမှာ စိတ်မချတိုင်း မှာမဆုံးပါဘူး။ ဆရာမကတော့ စိတ်ချပါဆိုတဲ့ စကားတလုံးပဲ တတ်တယ်ထင်ပါရဲ့ တချိန်လုံး အဲ့သည့်စကားပဲ ဆက်တိုက်ပြောနေပါတယ်။ စိတ်ထဲမှာတော့ ပိုလွန်းတဲ့ အမေလို့ထင်မလားမသိ ကျွန်မရင်မှာတော့ မီးတောက်နေတာ ဆရာမမှ မမြင်တာ။
ဒုတိယရက် နောက် တနာရီ ထပ်တိုး ၁၁း၃ဝမှာ ကြိုရတယ်။
တတိယရက် တနေကုန်ဖြစ်ပြီမို့ ညနေ ၃နာရီမှ ကြိုရတယ်။ တနေကုန် ကျွန်မမှာ နေမထိ ထိုင်မထိ။ သားပြန်မရောက်မခြင်း ကျွန်မမှာ စိတ်ချလက်ချ နေမရလို့ ဗိုက်ကြီးတကားကားနဲ့ သားကို ကြိုဖို့ နာရီ တကြည့်ကြည့်မို့ ယောက်ခမက ပြုံးပြီး ကြည့်ပါတယ်။ ငါတို့ ဒါမျိုး ကြုံဖူးခဲ့ပြီးပြီလို့များ ဆိုချင်သလား။
၄ရက်မြောက်နေ့ မနက်။ သားကို ခါတိုင်းလိုပဲ ကျောင်းပို့ဖို့ ပြင်တော့ သားမျက်နှာ သိပ်မကောင်းလှဘူး။ မသိချင်ယောင်ဆောင်ရင်း ပြင်ပေးရတယ်။ ကျောင်းသွားရာ လမ်းတလျှောက် ကားပေါ်မှာလည်း အမေကို မျက်နှာငယ်လေးနဲ့ တချက်တချက် မော့ကြည့်ရင်း မျက်ရည်ဝဲနေတာ မြင်ပေမဲ့ မမြင်ချင်ယောင်ဆောင်ရတယ်။
ကျောင်းတံခါးဝ ကားရပ်တော့ အရင်နေ့တွေလိုပဲ ဆရာမလေးတွေ ထွက်ကြိုတော့ အမေ့လက်ကို မလွှတ်တော့ဘူး။ မျက်ရည်တွေ ကျစပြုနေပြီ။ ကျွန်မပါ ကျောင်းခန်းဝထိ လိုက်ပို့ပေးပြီး လှည့်ပြန်ဖို့ ပြင်တော့ အမေရဲ့ ခြေအစုံကို လက်နှစ်ဖက်နဲ့ ပိုက်ရင်း အော်အော်ပြီး ငိုပါတော့တယ်။ သူတယောက်တည်း မနေခဲ့ဘူး။ အမေပါကျောင်းတက်။ အမေတက်လို့ မရဘူးဆိုတော့ ကားပေါ် အတင်းပြန်တက်။ ဆရာမတွေကဆွဲ။ သူက အမေကို လွှတ်မပေးပဲ ရှိုက်ကြီးတငင်ငိုတာ ကျွန်မ အသည်းကို အပ်နဲ့ တစွပ်စွပ်ထိုးနေသလို နာကျင်ရပါတယ်။ အိမ်ကို ပြန်ခေါ်ချင်စိတ်ကို အတင်းတိုးထုတ်။ သားနဲ့ အတူ မျက်ရည်ဖြိုင်ဖြိုင်ကျရင်း ကိုယ့်စိတ်ကို ထိန်းရပါတယ်။ ကိုယ့်စိတ်ကို အသိပညာနဲ့မထိန်းပဲ ကိုယ့်အတ္တ ဆန္ဒသာ ဦးစားပေး လုပ်ရရင်ဖြင့် ပထမတန်း ဖတ်စာထဲက ဆားတုံဆရာတော်ကဗျာထဲက ကုဋေရှစ်ဆယ်သူဌေးသားလိုလူ တယောက်တိုးရချည်ရဲ့။
ငါ့အတွက်မဟုတ်ဘူး သူ့အတွက်ဟဲ့။ ငါ ရက်စက်သင့် ရက်စက်ရမယ် ဆိုတဲ့ အတွေးဝင်လာပြီး သားလက်ကို အတင်းဆွဲဖြုတ် ။ အတင်းတွန်းထုတ်ကာ ဆရာမလက်ထဲ ထိုးထည့်ပြီး ဇွတ်ထွက်လာခဲ့ရတယ်။ ကားထွက်လာပေမဲ့ သားရဲ့ ငိုသံဟာ ကားစက်သံကို လွှမ်းပြီး ကျွန်မနောက်ကို လိုက်လာပါတော့တယ်။ ကားပေါ်မှာ ငုတ်တုတ်ထိုင်ရင်း သုတ်မနိုင်အောင် စီးကျနေတဲ့ မျက်ရည်ကို ဘယ်ညာသုတ်ရင်း ကျွန်မရင်တွေ နာလိုက်တာ။ အသည်းကွဲတယ်ဆိုတာ ဒါမျိုးထင်ရဲ့ ။ သားလေးကိုလည်း သနားမဆုံးဘူး။ ရင်ထဲကိုသာ ဖေါက်မြင်ရရင် ကျွန်မအသည်းတွေများ သွေးစိမ်းရှင်ရှင် ကျအောင် ကွဲချင်ကွဲနေမှာ။ အဲ့လောက်တောင် နာကျင်ရပါလား။
………………………………………………………………………….
ရန်ကုန် ပြန်ရမဲ့ မနက်က ကျွန်မ တအားငိုနေတာကို မြင်ရတာ စိတ်မကောင်းလွန်းလို့ ထင်ရဲ့ ကျွန်မ ကြီးတော်ကြီးက အမေ့ကို ပြစ်တင်စကား ဆိုပါတယ်။
“စံမှီရယ် …နင်တို့ အသည်းတွေများ ဘာသားနဲ့ လုပ်ထားသလဲ..ဟဲ့။ မာလိုက်တာလွန်ရော။ ကလေးက မသွားချင်လို့ ဒီလောက် ငိုနေတာ မပို့ရင်မပို့ ပါနဲ့လား”
“ အမရယ် ဒီလိုလုပ်တာ ကျွန်မအတွက်မဟုတ်ဘူး။ သူ့ ဘဝ အတွက်။ ကျွန်မလည်း စိတ်ချမ်းသာတယ် ထင်လို့လား။ သူ့ကို ကျောင်းပို့ရတိုင်း ကျွန်မအသည်းတွေ ကွဲရလွန်းလို့ ဒဏ်ရာတွေအပြည့်။ ထပ်ကွဲစရာ နေရာလွတ်တောင် မကျန်တော့ဘူး။ ကျွန်မလည်း အမေပါ အမရယ် အမေပါ။ သားသမီးကို မျက်စိအောက်မှာ ရင်အုပ်မကွာ ထားချင်တာပေါ့။ မတတ်နိုင်ဘူး သူ့ဘဝအတွက် ကျွန်မရင် အကွဲခံပြီး ရက်စက်ရမှာပဲ။”
စကားအဆုံးမှာ ကြူကြူပါအောင် ငိုချလိုက်တဲ့ အမေ့ကို ကြည့်ရင်း ကြီးတော်ကြီး ငိုင်သွားသလို ကျွန်မလည်း အငိုရပ်။
……………………………………………………………………………………….
ကြည့်စမ်း အခု ငါအမေ့နေရာ ရောက်နေပါပေါ့လား။ ထိုင်နေရင်းက ရုတ်တရက် အတွေးဝင်လာပါတယ်။ အမေရက်စက်လှချည်လားလို့ ကျွန်မ အမေ့ကို အပြစ်တင်ခဲ့သလို ကျွန်မသားလေး စိတ်ထဲမှာကော……….။ ကျွန်မလည်း အမေဆိုသလို ဆိုရပါတော့မယ် အမေ့အတွက် မဟုတ်ဘူး။ သားဘဝအတွက်ပါ သားရယ်လို့။ နှစ်တွေ ကြာလာတော့လည်း သားလည်း ကျွန်မလို အမေ့ရင်ကို ခွဲပြီးထွက်လာတာ ကြာပေမဲ့ အမေ့ဆီ ပြန်ရောက်ဖို့ ခက်ချင်ခက်လာဦးမှာ မဟုတ်ပါလား………။
၅ရက်၁၂လ ၂၀၁၃။
ညနေ ၄နာရီ ၁၅မိနစ်။
22 comments
padonmar
December 6, 2013 at 1:11 am
မှန်လိုက်လေ မှီရယ်။
နောက်တော့လည်း ကလေးက ကျောင်းမှာ ပျော်လွန်းလို့ အိမ်တောင်မပြန်ချင်ဖြစ်သွားအုံးမှာပါ။
သားဦးမို့လည်း ပိုခွဲရခက်နေတာ.
သမီးလေးကျရင်ကြည့်၊
ကိုကိုကျောင်းတက်ရင် လိုက်မယ်ချည်း ပြောနေလိမ့်မယ်။
(ဒို့တုံးကများ အငယ်ဆုံးဆိုတော့ အဖေနဲ့အမေက ကျောင်းတောင်လိုက်အပ်မပေးတော့ဘူး၊အကိုတွေ အမတွေနဲ့ ပဲ ထည့်လွှတ်လိုက်တာ)
KZ
December 6, 2013 at 7:39 am
မမှီရယ်။
ရေးတတ်လေခြင်းးးးးးး
အိမ်ပြန်ချင်စိတ် အရမ်းဖြစ်နေချိန်မှ ဖတ်မိလေခြင်းးးး
ကျနော်က ဆိုးတယ်။
ကိုယ့် ကောင်းကျိုးအတွက် မိဘက ဝေးရာလွှတ်ရင် သွားတော့သွားတယ်။
တွေ့ချင်လို့ ပြန်လာခိုင်းရင် “ဒီ အဝေးကို ဘယ်သူ လွှတ်တာလဲ” တို့ ဘာတို့ ပြောတတ်တာ။
ကျနော်က ကိုးတန်းကတည်းက အိမ်နဲ့ခွဲနေရတာ။
မိဘဆိုတာ အသက်ကြီးလေ သားသမီးနား နေချင်လေပေါ့။ ခု သဘောပေါက်တဲ့ အချိန်ကျ အချိန်မရွေးပြန်တွေ့ဖို့ မလွယ်တဲ့ဘဝ။
😥
ဦးကျောက်ခဲ
December 6, 2013 at 8:23 am
မမှီရေ မကြုံဖူးသေးလို့ သေသေချာချာမသိပေမည့်…
မိဘနားသိပ်ကပ်တဲ့ ခလေးတွေ ကျောင်းစအပ်ရင် အခုလိုပဲတဲ့…
မောင်ကျောက်စ် ကျောင်းစနေတော့ ဇောင်းထဲကလွှတ်တဲ့မြင်းလို အလွန်ပျော်…
အတန်းထဲကခလေးတွေကတော့ ငိုလိုက်ကြတာ သောသောညံ…
မှတ်မိသေးတယ်… အတန်းဖော် ကောင်မလေး ၂ယောက်ကို အာဘွားပေးမိတာ…
သူတို့အဖေကြီးတွေက ဘုရှိုး ရှိုးတာပေါ့… ဒီကောင် ဇ မသေးဘူးတဲ့… ဟီး ဟီး
😀
weiwei
December 6, 2013 at 8:53 am
ကလေး အငယ် အလှည့်ကျရင်တော့ အဆင်ပြေသွားမှာ …
အိမ်မှာ တူမလေးကအကြီး တူလေးက အငယ် .. သူ့အမ အရင်ကျောင်းတက်ရတာကြည့်ပြီး တစ်ချိန်လုံးကျောင်းတက်ချင်နေတာ .. မူကြိုက ၃ နှစ်မှ လက်ခံတာမို့လို့ ချော့မော့ထားရပြီး ၃ နှစ်မွေးနေ့ရောက်ပြီး နောက်တစ်နေ့မှာ ကျောင်းလိုက်အပ်ပေးလိုက်ရတယ်အထိပဲ …
ဗုံဗုံ
December 6, 2013 at 12:12 pm
ကလေးကိုသနားလိုက်တာ..အန်တီမှီ
သမီးတို့ငယ်ငယ်တုန်းကလည်း
အဲ့လိုဘဲ..ဆွဲထားတဲ့သူကို
ကုတ်ဖဲ့ပြီး ငိုတာဘဲ. 😥
TNA
December 6, 2013 at 12:36 pm
ကျွန်မသားတုန်းက ဖယ်ရီနဲ့ပို့တာ။ ဖယ်ရီလာပြီဆိုရင် သူ့ဆရာမကကားထဲကဆင်းလို့မရဘူး။ ကားထဲကနေ အသင့်စောင့်နေရတယ်။ သားကိုကျွန်မကချီးပြီး ဖယ်ရီထဲကိုထိုးသွင်း ကားထဲကဆရာမက ခါးကနေအတင်း ဆွဲ၊ သားက ကျွန်မကိုယ်လုံးကိုခြေနှစ်ချောင်းနဲ့လိမ်ပြီးညှပ်ထား လက်ကလဲလည်ပင်းရောဆံပင်ရောအတင်း ကုတ်ကပ်တွယ်ထား။ ကျွန်ကလဲအတင်းဖြုတ်ချပြီးထိုးထည့်၊ ကားထဲကအတင်းဆွဲနဲ့နောက်ဆုံးပါသွားရေ။ ကျွန်မလဲစုတ်ပြတ်သတ်ပြီးကျန်ခဲ့တာပဲ။ အဲတာနေ့တိုင်း။ အခုတော့လဲကျောင်းပျော်လိုက်တာမှ ရက်ရှက်ကျောင်းပိတ်ရက်ဆိုရင်တောင်သူ့မှာကျောင်းကိုလွမ်းလို့မဆုံးဘူး။
လုံမလေးမွန်မွန်
December 6, 2013 at 1:34 pm
အန်တီမှီရယ်..မျက်ရည်တောင်ဝဲတယ်…
ဒီခေတ်ကြီးထဲမယ်… မိဘနဲ့သားသမီး တစ်အိမ်တည်း အတူတူနေတာတောင် တစ်နာရီပြည့်အောင် စကားထိုင်မပြောနိုင်ဘူး… မိုးလင်းမိုးချုပ် အလုပ်လုပ်..ပြန်လာရင် ပင်ပန်းပြီး အိပ်ယာဝင်…
နောက်ကျရင်တောင် ကျောင်းပျော်တွေ ဖြစ်သွားမှာပါ… မိဘတွေကတော့ အခုကတည်းက ခွဲနေဖို့ ပြင်ဆင်ထားရမှာပေါ့နော်.. 🙂
nozomi
December 6, 2013 at 2:37 pm
မမှီ မိဘ နဲ့သားသမီး ကြားက ချစ်ခြင်းမေတ္တာအကြောင်းလေးတွေ ရေးထားတာ တော်တော်များနေပြီ
အဲဒါတွေထဲက ပဲပင်ပေါက်အကြောင်းလေးကတော့ အခုထိ စိတ်ထဲစွဲနေတုန်းပဲ
အဲဒီလို မျိုးလေးတွေ စုပြီး ဝတ္ထုတိုပေါင်းချုပ်ပြိုင်ပွဲ တစ်ခုခု ဝင်ပါလား
သား သမီး ဘဝ ရော၊ မိဘ ဘဝရော ဖြတ်သန်းနေရတာမို့ ပို့စ် လေး ဖတ်ရတာ ပိုအသက်ဝင်နေတယ်
ကလေးတွေက တစ်ဦး နဲ့ တစ်ဦး ဗီဇ လဲ ကွာမယ်ထင်ရဲ့
သမီးတုန်းက မူကြို ပို့ရတာလဲ လွယ်တယ် ကျောင်းတက်ရတာလဲ ပျော်တယ်
မိသားစုလိုက် ခရီးသွားဘို့ ရှိလို့ တစ်ရက်လောက် ကျောင်းက ခွင့်ယူပါ ဆိုတာကို စာတွေနောက်ကျမှာစိုးလို့ မယူပါဘူး လုပ်လို့ မနဲချော့ ယူခိုင်းရတယ်
သားတုန်းကတော့ မသဲနုအေး သားအတိုင်းပဲ မလွယ် မလွယ်
Paing Lay
December 6, 2013 at 3:48 pm
ဒါကိုကြည့်ပြီး အနော်လည်း ငယ်ဘဝကို တမ်းတမိပါတယ်။ မူကြိုကနေ ပထမတန်းအထိ အမေမပါဘဲ ကျောင်းမသွားဘူးဆိုပြီး ဂျီကျခဲ့တဲ့ အချိန်လေးတွေကိုပေါ့ဗျာ 😥
အရီးခင်
December 6, 2013 at 5:20 pm
မှီရေ
ဝဋ်မဟုတ်ပါဘူး။
သဘာဝ ပါဘဲ။
•*¨နန်းတော်ရာသူ •*¨
December 6, 2013 at 7:01 pm
ကလေးတွေကိုခွဲဖို့စဉ်းစားမိတိုင်းဝမ်းနည်းရတယ်။
သူတို့တွေကြိီးလာလို့ သဘာဝလမ်းစဉ်အရခွဲကြရရင် ကိုယ့်ကိုယ်ကိုဘယ်လိုဖြေသိမ့်ရမလဲတောင်မစဉ်းစားရဲဘူး။
🙁
ဝင့်ပြုံးမြင့်
December 6, 2013 at 11:47 pm
မမှီရေ မြန်မာကလေးတွေက နည်းနည်းနောက်ကျတယ်လို့မထင်ဘူးလား။ ရုပ်ပိုင်း + စိတ်ပိုင်း ဖွံ့ဖြိုးတဲ့နေရာမှာလေ။ ကျမကတော့ ကလေး ၃နှစ်မှာ မူကြိုအပ်တာ ငယ်သေးတယ် ထင်တာပဲ။
—
မမှီလည်း သမီးတစ်ယောက် သားတစ်ယောက်နဲ့ နှစ်ကိုယ်ခွဲရင်တောင် အလုပ်တွေ မနိုင်ဘူးဆိုတာ ကျမ မှန်းလို့ရနေတယ်။ ကိုယ်တိုင်လည်း ဒီလိုပဲ၊ သားတစ်ယောက် သမီးတစ်ယောက်၊ တစ်ရက် အိပ်ချိန် ၄နာရီပဲ ရှိတယ်။
kyeemite
December 7, 2013 at 9:28 am
အရင်ဦးဆုံးပြောချင်တာတော့ “ “မိဘဝတ် (သို့) မိဘဝဋ်”” ဆိုတဲ့ခေါင်းစဉ်လေးကိုသိပ်ကြိုက်မိကြောင်းပါ
အင်း..ကျနော်လည်း မိဘတွေနဲ့ တစ်မြို့ထဲနေတာတောင် တစ်လတစ်ခေါက်လောက်ပဲရောက်တယ်ဗျာ
သဘာဝဓမ္မကိုသေသေချာချာလက်ခံလိုက်ရင် ခံစားရတာသက်သာပါလိမ့်မယ်လေ…ဘာပဲပြောပြော
အားလုံးတစ်နေ့ရင်ဆိုင်ကြရမှာမဟုတ်လား… 🙁
surmi
December 7, 2013 at 9:56 am
ကျနော့်သားနဲ့သမီးမူကြိုစပို့ကတည်းကဖယ်ရီနဲ့ဘဲပို့ခဲ့တာ
သူတို့ကိုကျောင်းမှာဘယ်လိုနေလဲလို့သွားချောင်းရတာလည်းအကြိမ်ကြိမ်ပေါ့ ။
သူ့အမေဆိုရင်ကျောင်းလွှတ်ချိန်မှာ သူတို့မမြင်အောင်ချောင်းကြည့်နေကျ ။
မမှီပြောသလိုပါပဲ .. သူတို့ကျောင်းသွားလို့တိတ်ဆိပ်နေတဲ့အိမ်ထဲမှာကလေးတွေရဲ့အမေကတော့..လွမ်းနေမှာပေါ့…
အဖေလုပ်သူကတော့ …….
alinsett
December 7, 2013 at 11:46 am
မိဘနဲ့ သားသမီးကြားက မေတ္တာအဖွဲ့လေး
အန်တီမှီ စာရေးကောင်းလလွန်းလို ့ဖတ်ရတာ
ရသတွေ တနင့်တပိုး ရလိုက်တယ်ဗျာ
kai
December 8, 2013 at 6:33 am
==
ကိုယ်ကသားသမီးဘဝကအမှု..မိဘဘဝမှာပြန်ရပြီး… ဝဋ်ဖြစ်တာပေါ့..
တကယ်တော့.. အခုမှီမမသုံးတဲ့.. ဝဋ်ဆိုတာမှာ.. မကောင်းတဲ့အဓိပ္ပါယ်ပါနေတာမဖြစ်သင့်ဖူးပေါ့..
ကလေးဘဝကောင်းဖို့.. မိဘက..စိတ်ဆင်းရဲခံ.. “ရင်း”တာပဲ..။
ဆိုတော့..
ဝဋ်တိုင်းလည်း… မကောင်း..
မကောင်းတိုင်းလည်း..ဝဋ်မဟုတ်…။
hmee
December 8, 2013 at 10:49 am
မပဒုမ္မာရှင့် သားတုန်းကသာ ခွဲရခက်တာ အခုတော့ သမီးလေးက သူ့အစ်ကို ကျောင်းသွားခါနီးတိုင်း သူ့ကျောပိုးအိတ် အသေးလေးကို လွယ်ပြီး ကျောင်းတက်ချင်လို့ သူ့အစ်ကို လက်ကို ဆွဲပြီး လိုက်မယ်လုပ်နေလို့ လေ။
………………………………………………………………………………..
KZ ရေ အခွင့်အရေးရရင် ပြန်လိုက်ပါဦး။ မိဘဆိုတာ သားသမီး မျက်နှာမြင်ရရင် အလွန်းဝမ်းသာရှာတာ။
…………………………………………………………………………………..
ဦးကျောက်ရှင့် ကျွန်မသမီးလေး ကျောင်းတက်ရင် ဦးကျောက်လို ကျောင်းသားနဲ့ တွေ့ရင် ဒုက်ခေါပဲ။ 😀
……………………………………………………………………………………
မဝေရှင် အခုတော့ သားတော်မောင်တယောက် ကျောင်းပျော်ချက် ဖျားနေတာတောင် ကျောင်းသွားမယ်လုပ်နေတာ။ အခုတော့ ကျောင်းပျော်နေပြီ။
……………………………………………………………………………………..
ဗုံဗုံရေ အခုတော့ အိမ်မှာထက် ကျောင်းမှာ (သို့) အလုပ်မှာ ပိုပျော်နေပြီမဟုတ်လား။
……………………………………………………………………………………..
TNA ရှင့် အခုတော့ မူကြိုမှာ အဆင်ပြေနေပြီ။ ကျောင်းဖွင့်ချိန် မူလတန်း စတက်ရင် ဖယ်ရီနဲ့ ပို့ရင် ဘယ်လို လာဦးမလဲမသိသေးဘူး။ 😀
………………………………………………………………………………
လုံမလေးမွန်မွန်ရေ သဘာဝတရားမို့ ကိုယ့်တုန်းကလည်း ပျော်ပျော်ကြီးခွဲလာတာ။ မိဘခံစားချက်ကို ထည့်တောင်မတွက်မိဘူး။ အခုတော့ ကိုယ့်အလှည့်ရောက်ပြီ။ 😀
…………………………………………………………………………..
ကိုနိုဇိုမီက ကျွန်မကို အားတက်အောင် အမြဲ အားပေးတယ်။ ကျွန်မက ဝါသနာအရ ရေးတာမို့ ပြိုင်ပွဲဝင်ဖို့ အဆင့်မမှီလောက်ဘူးလည်းထင်လို့ မပြိုင်ရဲဘူး။ ဝါသနာပါလွန်းလို့သာ သမီးကို လိုက်ဆွဲနေရတာနဲ့တင် တခါတလေ အတွေးထဲဝင်လာတဲ့ စာတွေကို ချမရေးဖြစ်တာများပြီ။ တို့လို့တန်းလန်း စာကိုယ်ဝန်တွေလည်း အများကြီးပဲ။ စိတ်သွားတိုင်း လိုက်မရေးနိုင်သေးဘူး။ 😀
…………………………………………………………………….
ပိုင်လေးရေ ကလေးတွေက အမေက အလိုလိုက်မှန်းသိလို့ကို အမေ့ကိုဆို ပိုပြီး နွဲ့ဆိုးကို ဆိုးတာ။
…………………………………………………………………..
အရီးခင်ရှင့် အပေါ်မှာ ဝဋ်ရဲ့ အဓိပ္ပါယ်များစွာထဲကမှ သံသရာလည်ခြင်းဆိုတဲ့ ကောင်းတဲ့ အဓိပ္ပါယ်ကို ယူထားတာပါ။ ပို့စ် အဆုံးမှာ “ကြည့်စမ်း ငါလည်း အခု အမေ့နေရာ ရောက်နေပါလား” လို့ ဆိုထားပါတယ်။ သားသမီးနဲ့ မိဘကြားက ဖြစ်လေ့ရှိတဲ့ သံသရာလည်ခြင်းကို ပြောချင်တာပါ။
……………………………………………………………………………………
နန်းတော်ရာသူရေ သဘာဝတရားမို့ အဲ့အချိန်ကြရင်လည်း ဖြေနိုင်မယ် ထင်တာပဲ။ 😀
………………………………………………………………………………………….
မဝင့်ပြုံးမြင့်ရှင့် ဟုတ်တယ် မြန်မာကလေးတွေဟာ မိဘကို တွယ်တာလွန်းတယ်။ မိဘတွေကလည်း သားသမီးကို စိတ်မချတာ သဘာဝကို ဖြစ်နေတာကိုး။ တခြားနိုင်ငံက ကလေးတွေနဲ့ အရွယ်တူရင်တောင် စိတ်ရော ရုပ်ရော ဖွံဖြိုးရင့်ကျက်မှုမှာ နောက်ကျတယ်။ ခန္ဓာကိုယ် သန်မာထွားကြိုင်းမှာပါ မမှီဘူး။ သားနဲ့ သမီး နှစ်ယောက်မို့ တကယ်ကို မအားတာ။ အခုတော့ သားကျောင်းတက်နေချိန်ဆို ဘာပဲဖြစ်ဖြစ်နည်းနည်းတော့ သက်သာသလိုမို့ ကျောင်းပိ်တ်ရက်ဆို ကျောင်းပဲပို့ချင်နေရော။ ပြောမနိုင်လို။ 😀
…………………………………………………………………………………
ဦးကြီးမိုက်ရှင့် ကျေးဇူးပါ။ အမှန်တော့ မိဘသံသရာလို့ အရင်ခေါင်းစဉ်တပ်တာ။ 😀 နောက်မှ ပြန်ပြောင်းလိုက်တာ။ ကျွန်မလည်း ဒီနှစ် သင်္ကြန်တော့ ပြန်ဖြစ်အောင် ပြန်မယ်လို့ စိတ်ကူးထားတာပဲ။
…………………………………………………………………….
ဦးဆာမိရှင့် အမေတွေကတော့ အဲ့လိုပါပဲ။
………………………………………………………………………….
ကျေးကျေးပါ အလင်းဆက်ရေ။
…………………………………………
သဂျီးရှင့် ဝဋ် အဓိပ္ပါယ်ကို အများစုက မကောင်းတဲ့ အဓိပ္ပါယ်လို့ သိတာများလို့ တမင်ကို အပေါ်မှာ ဝဋ်ရဲ့ အဓိပ္ပါယ်ကို ရေးပြထားတာပါ။ တကယ်ဆို ကျွန်မက သံသရာလည်ခြင်းကို ယူထားတာပါလို့ ထည့်ရေးသင့်တာနော်။ နည်းနည်းလိုသွားတယ်။ 😀 သဂျီးလို အကုန်မရေးမိဘူး ပါဠိတွေများရင် ဖတ်ရတာ ရှုပ်ကုန်မှာ ကြောက်လို့။ အဲ့တာလေးကို ထည့်ရေးချင်လို့ တော်တော် ဗျာများသွားသေးတာ။ ဝဋ် အဓိပ္ပါယ်ကို ရေးချင်တာ အတိအကျရှာမရလို့ အရပ်ကူပါ လူဝိုင်းပါ ဖြစ်သွားသေးတာ။ နောက်မှ မောင်လေးက အကြံပေးတာ call center ကို မေးကြည့်ပါလား ဆိုလို့ မေးမှ အဖြေအတိအကျရတာ။ အဖြစ်က အဲ့လို..။:D
သကြားလုုံးကြော်
December 8, 2013 at 1:22 pm
ဖတ်လိုု့ကောင်းလိုုက်တာ။
ကလေးဘဝက အစောဆုုံး ကိုုယ်တိုုင် မှတ်မိတာပြောပါလိုု့ မေးရင် မူကြိုမသွားချင်တဲ့ နေ့တနေ့ကိုုပဲသတိရတယ်။ အဖိုုးက မူကြိုကိုုစက်ဘီးစီးပြီးလိုုက်ပိုု့တယ်။ မသွားချင်တာကိုုသိလိုု့ထင်တယ် အဖိုုးက လမ်းမှာရောင်းနေတဲ့ သကြားရည်နဲ့ပုုံဖော်ထားတဲ့ မျောက်ရုုပ် တုုတ်ထိုုးသကြားချောင်းလေးဝယ်ပေးပြီး မူကြိုပိုု့လိုုက်တယ်။ မူကြိုဆရာမက နေ့လည်မှ/ကျောင်းဆင်းမှ စားရမယ်ဆိုုပြီး နံရံမှာ ထိုုးထားတယ်။ နေ့လည် ကလေးတွေအကုုန်အိပ်ချိန်မှာ အဖိုုးဝယ်ပေးသွားတဲ့ နံရံပေါ်က မျောက်ရုုပ်ကလေးကိုုပဲကြည့်ပြီး ငါ့အဖိုုးဝယ်ပေးသွားတာဆိုုပြီး အဖိုုးကိုုပဲသတိရနေတာ မှတ်မှတ်ရရပဲ။
ကျမအဖိုုးမရှိတော့ပါဘူး။ ဒါပေမဲ့ ငယ်ငယ်က ကျမကိုု မူကြိုလိုုက်ပိုု့ပေးပြီး နှစ်သိမ့် မျောက်ရုုပ်ကလေးဝယ်ပေးတာကိုု စဉ်းစားမိတိုုင်း အဖိုုးကိုုချစ်လိုု့မဆုုံးဘူး။
အန်တီမှီ့သားလေးကိုု ကျောင်းပိုု့ရင် သူ့အနားမှာယူသွားစရာ အမေ့ကိုုယ်စားဆိုုပြီး အရုုပ်သေးသေးတခုုခုု ထည့်ပေးလိုုက်ပါလား။ something to hold onto.
kai
December 8, 2013 at 2:28 pm
သကြားလုံးကြော်က..သကြားလုံးစကားနဲ့.. ဝင်လာတယ်ပေါ့..
မမြင်မကြားရတာတောင်..ကြာပြီနော..
ဓာတ်တွေနဲ့ကူးစရာမလိုပဲမြင်ရတဲ့.. ဒစ်ဂျစ်တယ်ပုံလေးတွေတင်ပါဦး.. :kwi:
=
မှီမမရေ..
စာကောင်းလေးအတွက်ကျေးဇူးပါ…။
ဝဋ်..ဝတ်တွေဘေးချိပ်ပြီး… သတိရစရာလေးတွေပေါ်လာလို့…။
သကြားလုုံးကြော်
December 9, 2013 at 5:46 am
အဲဒီလိုု သကြားလုုံးသမိုုင်းရှိတယ်လေ သဂျီးရဲ့။
မမြင်တာကြာဆိုု ရွာထဲသေချာမရောက်ဖြစ်တာ အတော်ကြာသွားလိုု့ စာရိုုက်တာ နှေးသွားတယ်။ အပေါ်ကကွန်မန့် တောင်အတော်ကြာကြာရိုုက်လိုုက်ရတယ်။ တလုုံးရိုုက်လိုုက် တခါဖျက်လိုုက်နဲ့။
ဦးကြောင်ကြီး
December 9, 2013 at 8:09 am
မိဘတွေ ဝဋ်မြန်မြန်ကျွတ်ဖို့ ကကြောင်တို့ သာမီးလေးတွေ အတင်းလိုက်ဆွဲ နေရဒါပေါ့ဗျာ.. ဒါဂိုမြား နှာဗူးဒဲ့.. ဟွန့်၊ ရရင် ဘာမှ မလုပ်ဖူးဟေ့ ရှိုးကေ့စ်ပေါ်တင်ထား အလှကြည့်မယ်။
Ma Ma
December 10, 2013 at 8:01 pm
အရင်ဆုံး နောက်ကျတဲ့ကွန်မန့်အတွက် တောင်းပန်းပါတယ် မှီရေ။
ကလေးနှစ်ယောက်နဲ့ ရွာထဲမှာပိုစ့်တင်နိုင်သေးတယ်ဆိုတာ နည်းတဲ့သံယောဇဉ်မဟုတ်ဘူး။
ပိုစ့်ကို ဖတ်ပြီးသွားတာတော့ ကြာပါပြီ။ ကွန်မန့်ရေးချင်တာ ကွန်မကောင်းတာနဲ့။ အလုပ်မအားတာနဲ့မို့ ရက်ကြာလို့ပိုစ့်မတက်လာမှာစိုးလို့ tag တစ်ခုနဲ့ ဖွင့်ထားရတယ်။ ဆန်ကာတင်ထဲပါလာတာတွေ့တော့ ကိုယ့်အကြိုက်နဲ့ကိုက်လို့ ဝမ်းသာသွားတယ်။
ပြောရမယ်ဆိုရင် ဒီပိုစ့်ကို ခေါင်းစဉ်ကစပြီး အတော်သဘောကျတယ်။
မိဘနဲ့ သားသမီးသံယောဇဉ်ကို နှစ်နေရာစလုံးကနေ ခံစားနားလည်ထားပြီး စာဖတ်သူ ခံစားနားလည်နိုင်အောင် ရေးတတ်ပါပေတယ်။ 🙂