“လွမ်းလို့ရေးတဲ့စာပါ သူဇာ”

ကဗျာတွေနဲ့ ငါငိုနေပါတယ် သူဇာ။ ခွဲခွာခြင်းက တို့နှစ်ယောက်ခေါင်းကို ဝင်တိုက်လိုက်ချိန်က စလို့ပေါ့။ ဒီအချိန် အမှောင်တွေပြိုကျလာတာများ ငါမတားနိုင်တော့ဘူူး။ မရပ်တန့်နိုင်တဲ့မြစ်ဟာ စီဆင်းခြင်း အရှိန်နဲ့ ဝင်ဆောင့်လို့၊ တားဆီးခွင့်ဆိုတာ ငါ့အတွက် ပျောက်ရှနေခဲ့တယ် သူဇာ။

“သူဇာ… ဘယ်မှာလဲ… ၊ သူဇာ… ဘယ်မှာလဲ…”

ဒီလို တစ်ခေါက်ပြီး တစ်ခေါက် အော်ခေါ်ရင်း အသံတွေ အက်ကွဲလာတယ်။ ငါ့အသည်းနှလုံးဟာ သွေးစိမ်းရှင်ရှင်ကျလို့၊ ငါ့နာရီဟာလည်း သွေးတွေအန်ပစ်တယ်။ မြင်မြင်သမျှ ငါ့ကမ္ဘာကြီး သွေးတွေဖုံးလွှမ်းသွားတာများ အသည်းကွဲစေတဲ့အလွမ်းဆိုတာ ဒါလား။ ငါ ခံနိုင်ရည်မရှိတော့ဘူး သူဇာ။ ငါ ခံနိုင်ရည်မရှိတော့ဘူး။

ရင်တစ်ခုလုံးနွေးစေတဲ့ သူဇာရဲ့ အကြည့်လေးကို လွမ်းတယ်။ မဟာဆန်တဲ့ အလှနတ်ဖုရားရဲ့ အပြုံးချိုချိုလေးကို လွမ်းတယ်။ သူ့နှုတ်ခမ်းဖျားလေးက စမ်းရေစီးသံကိုလည်း လွမ်းတယ်။ တကယ်ပါ သူဇာ။ လွမ်းမယ်ဆို လွမ်းစရာတွေက တပုံကြီး။ ဒီလိုရေတွက်နေလို့ ဘယ်လိုဆုံးမှာလဲ။ အလွမ်းဟာ ရုန်းလေနစ်လေ နွံဆိုရင် ကိုယ်ဟာ ကျွံဝင်သွားတဲ့လူ။ သူဇာရယ်… ပြန်ကိုပေါ်မလာတဲ့နွံထဲက ဒီလူကို ဆွဲထုတ်ပေးပါတော့။ ဒီနွံက ငါ့အတွက် နက်ကိုနက်လွန်းလှတယ်။

ဘယ်အချိန် ပြန်တွေ့ခွင့်ရမှာလဲ။ ဒီမေးခွန်းဟာ ကိုယ့်ဘဝတစ်ခုလုံး သိချင်တဲ့အဖြေ ဖြစ်သွားပြီ။ တစ်ခေါက်လောက်တော့ ကိုယ်ယောင်ပြလှဲ့ပါ သူဇာ။ ဒီလိုသာ ပြန်မဆုံတော့ဘူးဆိုရင် ဒဏ်ရာတွေနဲ့ ရူးတဲ့သူဟာ ကိုယ်ဖြစ်သွားလိမ့်မယ်။

လွတ်သွားတဲ့အချိန်တွေကို ခုမှ ပြန်နှမြောမိတယ် သူဇာ။ ငါကိုယ်တိုင်က ယောက်ျားမာနနဲ့ အသည်းနှလုံးရဲ့ အမှန်တရားကို လျစ်လျူရှုမိတယ်။ အခုတော့ အရာအားလုံးဟာ ငါ့ကိုလျစ်လျူရှုလို့၊ ဆေးမမီတဲ့လူနာလို့ ရောဂါတဖြည်းဖြည်း ရင့်လာခဲ့။ အတော့်ကို ဆိုးဝါးလွန်းပါတယ် သူဇာ။ အတော့်ကို ဆိုးဝါးတယ်။

နောင်တတွေနဲ့ အတိတ်ကို ပြန်မျှားလို့ရရင် သိပ်ကောင်းမှာပဲ။ ပစ္စုပ္ပန်မှာတော့ ငါဟာ အချိန်လွန်နောင်တတွေနဲ့ ကြေကွဲလို့ပေါ့ သူဇာ။ ကြွေကျသွားတဲ့ သစ်သီးတွေကို ပြန်ဆက်ဖို့ ကြိုးစားသလိုပေါ့။ မဖြစ်နိုင်တော့တဲ့ အခြေအနေမှာ ငါဟာ တိတ်တိတ်လေး ကြေကွဲနေတယ်။

“ငါ နင့်ကို အရမ်ချစ်တယ်…”

ဒီလို အရိုးသားဆုံး ဝန်ခံဖို့ ငါဘာလို့ နှုတ်မရဲခဲ့တာလဲ။ ငါ့ကိုယ်ငါလည်း အားမရဘူး သူဇာ။ ငါသိလိုက်တဲ့ ချစ်ခြင်းမေတ္တာဟာ အကြောက်တရားလား။ ချစ်ခြင်းမေတ္တာဟာ သရဲဘောကြောင်စေသလား။ နေရာတကာ ရဲဝံ့လွန်းတဲ့ငါက သူဇာအနားရောက်တာနဲ့ သတ္တိတွေ အလိုလို ငုပ်လျှိုးသွားတာ ဘာကြောင့်လဲ။ ငါ့ကိုယ်ငါလည်း စဉ်းစားလို့ မရဘူး သူဇာ။ စဉ်းစားလို့ မရတော့ဘူး။

ညညအတွက်ရခက်တဲ့ အလွမ်းပုစ္ဆာဟာ သူဇာကြောင့်။ မနက်မနက် အသက်မဲ့စေတဲ့ တန်ခိုးရှင်မဟာ သူဇာကြောင့်။ အိမ်မက်တွေချည်တဲ့ကြိုးထဲမှာ နှိုးစက်သံကျယ်ကျယ်နဲ့ အလန့်တကြား လန့်နိုးစေတဲ့နာရီဟာ သူဇာပါ။ ငါ့အတွက်တော့ သူဇာဟာ အရာအားလုံး။ အခုတော့ ဒီအရာအားလုံးမှာ ငါဟာ ပိတ်လှောင်မွန်းကျပ်လို့၊ တကယ်ကို အသက်ရှူလို့ မဝတော့ဘူး သူဇာရယ်…။

*သူဇာရယ်…

အလွမ်းတဲ့

ငါ့တစ်ကိုယ်လုံးကို မီးရှို့သတ်လိုက်တယ်

ဘာတစ်ခုမှ ရစရာမရှိတော့…

ဘာကိုဆယ်ယူရမှာလဲ*

ခံစားချက်နဲ့ ဖွဲ့ထားတဲ့ ငါ့ကဗျာထဲကလို ရစရာမရှိတော့တဲ့ကောင်ပါ။ သူဇာရယ်… အသည်းနှလုံး၊ အချိန်၊ စိတ် အရာအာလုံးဟာ မင်းနောက်ကို ပါသွားပြီးတဲ့နောက်၊ အားလုံးဟာ ပျက်စီးသွားခဲ့တယ်။ ငါမာန်နဲ့တင်းထားသမျှ အစိုင်အခဲအားလုံးဟာ အရည်ပျော်ကျလို့၊ ဘာတစ်ခုမှ ရစရာမရှိတော့ဘူး သူဇာရယ်… ။ ဘာတစ်ခုမှ ရစရာမရှိတော့ဘူး။

*သူဇာနဲ့တွေ့မှ ကျွတ်တန်းဝင်မယ့် တစ္ဆေဟာ ငါ။

သူဇာနဲ့တွေ့မှ လင်းမယ့်ကြယ်ဟာ ငါ။

သူဇာနဲ့တွေ့မှ အသက်ဝင်မယ့်ဂစ်တာဟာ ငါ။

သူဇာနဲ့တွေ့မှ လျှောက်မယ့်ခြေထောက်ဟာ ငါ။*

သူဇာ့စိတ်နဲ့ ငါ့ကိုယ် အခုတော့ အဆက်ပြတ်ခန္ဓာနဲ့ ငါ့ဘဝတွေ သေနေခဲ့တယ်။ ဒီလို အသံတိတ်ငိုညည်းနေတာကို ဘယ်သူက နားလည်ပေးနိုင်မှာလဲ။

ဘာပဲဖြစ်ဖြစ် နောက်ဆုံးချိန်အထိ ငါကိုယ်တိုင် ရှင်သန်ထမြောက်လာမယ့် တစ်နေ့နေ့ကို မျှော်လင့်ရင်း သူဇာကို စောင့်မျှော်နေမိတယ်။ တတိတိ လှိုက်စားနေတဲ့ အလွမ်းမီးထဲမှာ ငါ့အပူတွေ လောင်စရာမရှိအောင်ကျွမ်းလို့။ ရေငတ်လွန်းတဲ့လူတစ်ယောက် ရေကိုအငမ်းမရတောင့်တနေသလိုပေါ့။ သူဇာဟာ ငါ့အတွက် လိုကိုလိုအပ်တယ်။

တစ်နေ့နေ့ဆိုတာနဲ့ ဆွဲဆန့်ထားတဲ့အသက်တွေကို သူဇာ့ကိုလွမ်းရင်း ငါဟာ ဆံပင်တွေ တဖြည်းဖြည်း ဖြူလာမယ်။ သွားတွေ တဖြည်းဖြည်း ကျိုးလာမယ်။ ဒီလိုဇရာရဲ့အရိပ်အောင် အမျိုးမျိုးပျက်စီးမယ်ဆိုတာ ကျိန်းသေသိထားတယ်တယ်။ ဒါပေမဲ့ သူဇာနဲ့ပတ်သက်ပြီး ဘယ်တော့မှ မပျက်စီးနိုင်တဲ့ အရာတစ်ခု ငါ့မှာရှိတယ်။ အဲ့ဒီအရာတစ်ခုနဲ့ ငါဟာ သူဇာကိုစောင့်ရင်း အနည်မထိုင်တဲ့စိတ်တွေနဲ့ သေလောက်အောင် အလွမ်းသည်းနေမယ်ဆိုတာ…။    ။

စေပိုင်ထွဋ်(ပုသိမ်)

8 comments

  • MAUNG

    December 17, 2013 at 6:23 am

    အားပေးနေပါတယ်

  • ဦးကြောင်ကြီး

    December 17, 2013 at 8:55 am

    သူဇာ
    ဖြူ ပြာ
    ယူမှာ
    ဒူလာ
    မူယာ
    အူနာ
    ခူရှာ
    ဗျူ ဟာ..

  • Wow

    December 17, 2013 at 9:17 am

    အော်… သူဇာရယ်… နာတော့ ဟုတ်ဝူးနော်… :mrgreen:

    • KZ

      December 17, 2013 at 10:33 am

      ဪ သူဇာခင်ရယ်။
      အဲလေ သူဇာရယ်။
      သူဇာ ဆိုရင်ကို သူများ အသည်း ကွဲစေရော့သလားကွယ်။

      :kwi:

      • Wow

        December 17, 2013 at 10:50 am

        တူညားအသီးခွဲဖို့နေနေသာသာ…. ကွကိုယ်တောင် အနိုင်နိုင်ပါအေ… :kwi:

  • alinsett

    December 17, 2013 at 11:50 am

    အလွမ်းသည်းသည်း
    မိုးဖွဲဖွဲအောက်
    အနမ်းဖြူဖြူကို
    လွမ်းနေသူ

    အင်းးးးး
    အလွမ်းဆိုတာကိုက
    စိတ်ကို ခွဲတဲ့ ဓါးတစ်လက် မဟုတ်ပါလားးးး

  • kyeemite

    December 17, 2013 at 2:20 pm

    လွမ်းလို့ရေးတဲ့စာ
    လှမ်းလို့ပေးခဲ့မှာ
    ပန်းတို့မွှေးတဲ့အခါ
    စမ်းတို့ အေးမဲ့နေရာ
    အနမ်း တို့ပေးလှည့်ပါ။ 😀

Leave a Reply