ဂျိုးအမတေဥ (အမြုတေ )ရှာပုံတော်
****** ဂျိုးအမြုတေဥ ရှာပုံတော် *****
ကြာတော့ကြာခဲ့ပါပြီ ….။
လွန်ခဲ့သောအနှစ် နှစ်ဆယ်ကျော်ခန့်ကဖြစ်သည်။တိတိ ကျကျပြောရလျှင် ….
1992 ခုနှစ် ဖေဖော်ဝါရီလဆန်း ….ကျနော်နှင့် သူငယ်ချင်းမျိုးတင့် ၊ မျိုးတင့်၏တပည့်ကျော်မျောက်ရှုံး ၊ လမ်းပြကြီး စောအယ်ထူးတို့သည် ပဲခူးရိုးမတောကြီးအတွင်းသို့ ဝင်ခဲ့ကြဖူးလေသည် ။!
ကျနော်တို့သည် တွတ်ပီမဟုတ်ပါ ။ အလန်ကွာတာမိန်းလည်းမဟုတ်ပါ ။ ဗိုလ်တာရာ လည်းမဟုတ်ပါ…. ထို့အတူ စနေမောင်မောင်လည်းမဟုတ်ပါ ။ သို့သော် …. ဂျိုးမတေဥ (ဂျိုးအမြုတေဥ) တစ်လုံးအတွက် အသက်ဘေးနီးကပ်စွာစွန့်စားလျက် အခက်အခဲများစွာကို ကျော်ဖြတ်ခဲ့ကြဖူးလေသည် ။
××××××××××××××××××××××××××××××××××××××××××××”
ဒီသတင်းကို သယ်လာသူကမျိုးတင့််ဦးလေးဖြစ်သူ၏မိတ်ဆွေ နယ်လှည့် ပရဆေးအရောင်းသမား ဦးသာနုဖြစ်သည် ။ သူငယ်စဉ်က ရှားပါးပရဆေးမြစ်များကိုရှာဖွေရင်းဂျိုးမတေ ဥတစ်လုံးရဖူးလေသည် ။ ရောင်းရငွေမှာ ထိုစဉ်က မော်တော်ကားတစ်စီး တန်ဘိုးမျှ ရသည်ဟုဆိုသဖြင့် ကျနော်တို့ လူငယ်များ သရေကျရလေတော့သည် ။
ကျနော်တို့လည်း ဦးသာနုထံမှ သတင်းအချက်အလက်နှင့် နေရာဒေသတို့ကို သေချာစွာမှတ်သား၍ ပဲခူးရိုးမတောကြီးတွင်းသို့ ဝင်ရန် ဆုံးဖြတ်လိုက်ကြလေတော့သည် ။
ဦးစွာပထမ တောတွင်း၌လိုအပ်မည်ထင်သောပစ္စည်းများကိုစုဆောင်းခြင်း ၊
တောကျွမ်းသူလမ်းပြရှာဖွေစုံစမ်းခြင်းနှင့် တောတွင်းသို့အမဲပစ်ထွက်ဖူးသူတို့ထံမေးမြန်းစံစမ်းခြင်း
စသောရှေးဦးပြုဖွယ်ကိစ္စများကိုဆောင်ရွက်ကြရလေသည် ။
လူတိုင်းနီးပါးက ကျနော်တို့အားတားကြပါသည် ။ သို့သော် လောဘစိတ်၏စေစားရာဖြစ်သော ဆန္ဒ ပြင်းပြလှသောကြောင့်
ကျနော်တို့မှာခေါင်းမာစွာပင် တောထဲဝင်ရန်ဆုံးဖြတ်ခဲ့ကြပါသည် ။
ပါပါကြီး ။ ။
ထိုသူမှာ ချင်းလူမျိုး ဘီအိုင်အေခေတ် စစ်သားဟောင်းကြီးဖြစ်၍
၈၈ အရေးအခင်းမတိုင်မှီအထိ အပျော်တမ်းမုဆိုးဟောင်းကြီးဖြစ်သည်။
ပဲခူးရိုးမတခွင် ပြဲပြဲစင်အောင်ပတ်ခဲ့ဖူးသူပေတည်း ။
ကျနော်တို့နှင့်ရင်းနှီးသူဖြစ်၍ မကြာခဏမုဆိုးပုံပြင်များပြောပြတတ်သူ ။
သူ့ထံမှ ကျားရိုး၊ဆတ်ခွါနှင့် အခြားဆေးဖက်ပစ္စည်းများ မကြာမကြာပေးတတ်သူ။
သူ၏ဧည့်ခန်းတွင်လည်း တသက်တာမုဆိုးဘဝတွင်ရခဲ့သမျှသားကောင်တို့၏အရေခွံများ
ဦးခေါင်းခွံများနှင့်အလှဆင်ထားတတ်သူ ။
ထိုသို့သောမုဆိုးကျော်ကြီးထံ ကျနော်တို့ပွင့်လင်းစွာတိုင်ပင်ခဲ့လေသည် ။
သူ့အဆက်သွယ်ဖြင့် ဦးစောအယ်ထူးဟုခေါ်သော လမ်းပြကြီးကို စည်းရုံးနိုင်ခဲ့ပါ၏ ။
ကိုညိုလှ ။ ။ စစ်သားလူထွက် လက်ရှိမုဆိုးလုပ်နေသူ ။
သေနတ်ပစ်အထူးဖြောင့်သည်ဟုနာမည်ရသူ ။
ပဲခူးရိုးမထဲတွင် တစ်ယောက်တည်း တောလည်တတ်သူ ။
ထိုသူကို ကျနော်တို့ အဖွဲ့ခေါင်းဆောင်အဖြစ်စည်းရုံးနိုင်ခဲ့ပါသည် ။
(အနားနီးမှ ငှက်ဖျားဖြစ်ပြီးဆေးရုံတက်ရသဖြင့်မလိုက်နိုင်ခဲ့ပါ)
မျောက်ရှုံး ။ ။ သူငယ်ချင်းမျိုးတင့်တို့မိသားစု၏တပည့်ကျော်။
သရဲအလွန်ကြောက်တတ်ပြီး ၊ သစ်ပင်တက်အထူးကျွမ်းကျင်သူ ။
တောစပ်သို့မကြာမကြာသွားဖူးပြီး သစ်ခုတ်ဝါးခုတ် လုပ်သူ ။
ဦးကုလားကြီး ။ ။
ယခင်က ချင်းမုဆိုးပါပါကြီးနှင့် တောလည်လိုက်ဖူးသူ ။
အထက်ပါ လူကြီးများထံမှမေးမြန်းနည်းနာခံပြီးလျှင် ကျနော်တို့ အဖွဲ့လေးတောထဲဝင်ခဲ့ကြသည် ။
တကယ်သွားမည့်နေ့မတိုင်မှီ ၂ ရက်ခန့်အလိုတွင် ခေါင်းဆောင်ကိုညိုလှအား ငှက်ဖျားရောဂါမသက်သာသဖြင့်
ဆေးရုံတင်လိုက်ရသည် ။ ကျနော်တို့ ခရီးစဉ်ပျက်မလိုဖြစ်ခဲ့သော်လည်း ခေါင်းမာလှသောမျိုးတင့်မှာ ဦးစောအယ်ထူးကို ခေါင်းဆောင်တင်ပြီး
သွားရန်စီစဉ်လေတော့သည် ။
သို့နှင့် …. ကျနော် ၊ မျိုးတင့် ၊မျောက်ရှုံး နှင့်စောအယ်ထူးတို့လေးယောက်တို့သည်
တသက်တာမမေ့နိုင်သောခရီးကြမ်းကြီးကို
ရူးရူးမိုက်မိုက်စတင်လိုက်လေပြီ ဖြစ်သည်။
ဦးစောအယ်ထူးနေထိုင်သည်မှာတောင်ခြေရှိရွာငယ်လေးတွင်ဖြစ်သည်။
အိမ်ခြေ ၂ဝ ခန့်သာရှိပြီးရွာနာမည်ပင်မရှိပါ။ ကျနော်တို့ သူ့ထံအရင်သွားကြသည် ။ သူ့အိမ်တွင်တစ်ညတာတည်းခိုပြီးနောက်နေ့နံနက်စောစောတွင်မှ
တောင်ပေါ်စတက်ကြမည်ဖြစ်သည် ။
သူ့ထံရောက်သောအခါ ညနေ ၄နာရီခွဲခန့်ဖြစ်သောလည်း
တောရိပ်တောင်ရိပ်ဖြင့် အအေးဓတ်ကစတင်မိတ်ဆက်လာလေပြီ ။
ခဏနားပြီး ကျနော်တို့သုံးယောက်သား မျက်နှာသစ် ၊ကိုယ်လက်သန့်ကြသည် ။
အမိုး (စောအယ်ထူး၏ဇနီး) က မိုးမချုပ်မှီထမင်းပြင်ကြွေးပါသည်။
ကနဦးတော့ … တောကြိုအုံကြားတွင်ဖြစ်သလိုချက်သောဟင်းတွေဟု အထင်သေးမိသည်ကိုဝန်ခံပါ၏ ။သို့သော် …
အမှန်တကယ်စားသောအခါတွင်မူ ဗိုက်တလုံးပင်အပိုဆောင်ထားချင်မိလေတော့သည် ။
ကောင်းလိုက်သည့်ဖြစ်ခြင်း ….
ဟင်းတွေကိုကြည့်လိုက်ပါဦး။ ကျနော်တို့မစားဖူးသော
တောစာ ၊ တောဟင်းလေးများနှင့် ရိုးရာဟင်း
တို့မှာ လျှာဂျွန်းပြန်အောင်ကောင်းလှပေသည် ။
ကြက်ရေချိုအစပ်ချက် ၊ ပဒတ်(ပုတက်)ထောင်းစပ်စပ်လေး၊ ကရင်တာလဘောဟင်းချို ၊ ပဲဇောင်းလျားသီးပြုတ်၊
လယ်ကြွက်ကျပ်တိုက်ကြော် …
ကျနော်တို့ ခေါင်းမဖော်နိုင်အောင်စားခဲ့ကြပါသည်။
ထမင်းစားပြီးတော့ … ညနေ ၆ နာရီခန့် ..
မှောင်ရိပ်သန်း၍ ခတ်စိမ့်စိမ့်လေးဖြစ်လာလေပြီ ။
တဲရှေ့ကွတ်ပစ်တွင်ထိုင်ရင်း နောက်နေ့အတွက် တိုင်ပင်ကြလေသည် ။ ဦးသာနုမှာ ကရင်ကြီးဦးစောအယ်ထူးကိုတဖွဖွမှာလေသည် ။
သူကတော့ မနက်လင်းလျှင်မြို့ကိုပြန်မည်ဖြစ်သည် ။
ကျနော်တို့ကိုစိတ်ချဟန်မတူ ။
ကျနော်တို့သုံးယောက်မှာ အမိုးတည်ခင်းသော ရေနွေးကြမ်းခါးခါးနှင့်
ငါးခြောက်ဖုတ်လေးကိုဇီမ်ခံဝါးရင်း
အပျော်ကြီးပျော်နေမိလေတော့သည် ။ တခါမှမရောက်ဖူးသော
ပဲခူးရိုးမတောင်တန်းကြီးကိုကြည့်ရင်းစိတ်လုှပ်ရှားနေမိသည် ။
အနွေးဓတ်အလို့ငှါ မီးဖိုလေးကိုတချက်တချက်မီးထိုးပေးရင်း
ချင်းမုဆိုးပါပါကြီးပြောပြခဲ့ဖူးသည်များကိုတွေးနေမလေ၏။
ခဏကြာသော် …ဦးစောအယ်ထူးမှ ကျနော်တို့ကိုလက်ချာရိုက်လေတော့သည် ။
တောထဲရောက်လျှင် ဟိုဟာမလုပ်ရ ၊ဒီဟာမလုပ်ရ ၊
စသည်ဖြင့် တောတွင်းပညက်တော် ၁၆ ပါး ။
သူပြောသည်များကို ထိုစဉ်ကပိုလွန်းသည်ဟုထင်မိသော်လည်း
တောတွင်ရောက်ပါမှ မှန်လိုက်သည့်ဖြစ်ခြင်းဟု ။
ဝါးလုံးများစီခင်းထားသောကြမ်းပြင်တွင်အိပ်ရသည်မှာ ခိုးလိုးခုလုဖြင့်ရုတ်တရက်အိပ်မပျော် ။
စိတ်လှုပ်ရှားနေခြင်းလည်းဖြစ်နိုင်ပေသည် ။
မည်သည့်အချိန်ကအိပ်ပျော်သည်တော့မသိ… ဖထီး (စောအယ်ထူး) လာနှုးိသောအခါ နံနက် ၅နာရီခွဲ….။
ကမန်းကတန်းထပြီးမျက်နှာသစ်၍ အထုပ်ပြင်ကြသည် ။ ထိုစဉ်မှာပင် … ထမင်းပူပူလေးနှင့် ငါးခြောက်ဖုတ် ၊ ပဒတ်ထောင်းနှင့်
ဘိုကိတ်ပဲပြုတ်တို့အဆင်သင့်ဖြစ်နေလေပြီ ။
ထိုစဉ်က ရွာနီးချုပ်စပ်တွင်သာငှက်ပစ်ထွက်ဖူးသောကျနော်တို့သည်
နံပါတ် ၂ ကျည်ထည့်ပစ်ရသော လေသေနတ်တစ်လက် ပါလာခဲ့သည် ။ ပဲခူးရိုးမတွင် ကျားမျိုးတုန်းသွားပြီဖြစ်၍ စိုးရိမ်မှုမရှိသည်လည်းဖြစ်လေ၏ ။
သို့သော် … အခြား အန္တရယ်ပြုနိုင်သောတောကောင်များ
ရှိသည်ကိုတော့ မတွေးမိသေးပေ ။ ဖထီး မှာ ကျနော်တို့သေနတ်ကိုကြည့်ပြီး
ရယ်မောလေသည် ။ ထို့နောက် ..သူ့လက်စွဲကျော်ဒူးလေးကြီးကို
ဟန်ပါပါလွယ်လိုက်လေ၏ ။
ကျနော်တို့က သူ့ဒူးလေးကိုကြိတ်ပြီးလှောင်နေမိပြန်သည် ။
နိုင်တီးဂွမ်တီးကျောက်ခေတ်ကလက်နက်ဟု မကြားအောင်ပြောမိကြသည် ၊။
နောင်တွင်… ထိုဒူးလေးမှာကျနော်တို့၏ကျေးဇူးရှင်ဖြစ်မည်
ဆိုသည်ကိုတော့ နဲနဲမှမတွေးမိခဲ့ပေ။
တောင်ပူစာကုန်းတန်းလေးကိုစတက်တော့ဒါလား ရိုးမဟု
တွေးခဲ့သည် ။တဖြည်းဖြည်း ၃ ပေခန့်ရှိလူသွားလမ်းမှာ ကျဉ်းမှန်းမသိ ကျဉ်း၍လာ၏ ။ ကျောပိူးအိပ်ထဲတွင်ရှိသော ဆန်တပြည်နှင့် စောင်အပါအဝင်
တကိုယ်ရေသုံးပစ္စည်းများမှာလည်း လေးလံစပြုပြီဟုထင်မိသည် ။
ဦးလေးသာနုရခဲ့သောနေရာမှာ ရိုးမအလယ်လောက်မရှိသော်လည်း
တောင်ရိုး နှစ်ခုသုံးခုလောက်ကျော်ရမည်ဖြစ်၍
ဒီညနေလောက်မှသာ.ညအိပ်စခန်းသို့ရောက်ပေလိမ့်မည် ။
လျှိုမြှောင်များ ကိုပတ်ပြီးတက်နေရသဖြင့် ခရီးမတွင်လှပေ ။
ညအိပ်စခန်းမှာ ယခင်ကသစ်ခိုးထုတ်သောစခန်းကိုဆိုလိုခြင်းဖြစ်ပေသည် ။
ထိုနေရာတွင် စခန်းချနေထိုင်လျှက် သင်းသတ်ပြီးသားနိုင်ငံတော်ပိုင်သစ်များကိုခိုးထုတ်ခြင်း၊
စသော မှောင်ခိုလုပ်ငန်းတို့အခြေချရာဖြစ်သည် ။
ကျနော်တို့လမ်းပြခေါင်းဆောင်ကြီး ဖထီးစောအယ်ထူးမှာ ထိုစခန်းရှိသစ်များကို သူ့ကျွဲနှစ်ကောင်ဖြင့်မကြာခဏဆွဲပေးဖူးသည်ဖြစ်၍
ထိုစခန်းသို့ တထောက်နားရန်သွားကြခြင်းဖြစ်လေသည် ။
ထိုမှတဆင့် တောထူထပ်ရာသို့ဝင်ပြီး ချိုးသိုက်များရှာကြမည်ဖြစ်လေသည် ။
ကျနော်တို့လည်း နေ့လည်ပိုင်းတွင် အမိုးထည့်ပေးလိုက်သောထမင်းထုတ်ကို
ခဏနားရင်းစားကြလေသည် ။ ဤတွင် … တောဓလေ့ကိုစပြီးသိရသည် ။
ကျနော်တို့အားဖထီးမှ မစားခင်လမိုင်းနတ်အား စားဦးစားဖျားတင်ခိုင်းလေတော့သည် ။
စိတ်ထဲတွင် သိပ်မနှစ်မျို့လှသော်လည်း သူ့အရပ်သူ့ဇတ်မို့ ထမင်းတစ်ဆုပ်ဟင်းတစ်လုပ်တော့ ဖက်ထဲထည့်ပြီး
တင်မြှောက်ခဲ့ရသည် ။ ပသီ မောင်နှမဆိုလား… သူတို့အပိုင်နယ်ဟု ။
ကျနော်တို့အဖွဲ့သည် ညအိပ်စခန်းသို့ ညနေစောင်းတွင်ရောက်ရှိခဲ့၏ ။
စခန်းဆိုသော်လည်း ယာယီအမိုးအကာတဲသုံးလုံးမျှသာ …။
ခဏနားပါရစေ ။မကြာမှီဆက်လက်ဖော်ပြပါမည်။
လေးစားလျှက်
မောင်ဆာမိ
18 comments
surmi
December 27, 2013 at 2:51 pm
မူလက တစ်ပုဒ်တည်းြပြီးတင်လိုသော်လည်း တကယ်ရေးပြီးသောအခါ စာလုံးရေ ထောင်ကျော်သွား၍လည်းကောင်း မောင်အံစာရေးသာပြီးသောအပိုင်းကိုပြန်လည်ဖော်ပြရမည်ဖြစ်သောကြောင့်လည်းကောင်း အခန်းဆက်ခွဲရခြင်းအပေါ်
သည်းခံခွင့်လွှတ်နိုင်ပါစေကြောင်း….
Mr. MarGa
December 27, 2013 at 3:21 pm
ထိုသူများမဟုတ်သော်လည်း
ဂျလေဘီ အိပ်စပို့ အင်ပို့ ကုမ္ပဏီပိုင်ရှင်ကြီး ၏ ဂျိုးအမတေ ရှာပုံတော်ကို ဆက်လက် စောင့်ဆိုင်းနေပါမည် ဖြစ်ပါကြောင်း။
ဘယ်နေ့ နောက်တစ်ပိုင်းဆက်မလဲဗျို့
KZ
December 27, 2013 at 3:25 pm
ဒါမိုး ဇာတ်လမ်းတွေဆိုသိပ်ကြိုက်။
စောင့်ဆိုင်းဖတ်ရှုဦးမှာဖြစ်ကြောင်းးး
အဲဒါဘာစွမ်းတာတုန်း??
Ma Ma
December 27, 2013 at 4:40 pm
ဂျိ ုးအမြုတေဥဆိုပြီး ကြက်ဥလိုပုံစံနဲ့ ရွံ့လုံးလေး တွေ့ဖူးတယ်။
လေသေနတ်စမ်းချင်တဲ့သူက သေနတ်ပြောင်းဝနဲ့ချိန်ပြီးပစ်ထည့်လိုက်တာ အမှုန့်ဖြစ်သွားတာပဲ။ 😀
alinsett
December 27, 2013 at 3:28 pm
စနေမောင်မောင်တို့ တွတ်ပီတို့ကို ထက် ပို စိတ်ဝင်စားမိပါသည်။
နောက်အပိုင်းကို မြန်မြန်တင်ပါရန် တောင်းဆိုလိုက်ပါသည်။
ဟိုစဉ်က ဒဂုန်ရွှေမျှား / မင်းသိင်္ခ နှင့် ကြိစက္ကတို့၏စာအုပ်များကို စွဲစွဲမြဲမြဲ ဖတ်ခဲ့ဖူးသော နေ့ရက်များကိုလည်း ပြန်သတိရသွားပါသည်။
:kwi:
nozomi
December 27, 2013 at 3:29 pm
လူဆိုး စာလုံးရေ များရင်လဲ နှစ်ပုဒ် ခွဲတင်ပါလား
ဖတ်တဲ့သူကို ဆန့်တငင်ငင် ဖြစ်အောင်လုပ်တယ်
နောက်တစ်ခါ ဆို
ဘာလုပ်လုပ် တန်းလန်းကြီး ဖြစ်နေပါစေ ဆုတောင်းပေးလိုက်မယ်နော်
ငယ်ငယ်ကတော့ အဲလို မတေဥ တွေ့လိုဆိုပြီး ဟုတ် မဟုတ် သေနတ်နဲ့ ပစ်စမ်းတဲ့ နောက် ကလေး ပီပီ လိုက်ကြည့်ဖူးရဲ့
မဟာရာဇာ အံစာတုံး
December 27, 2013 at 3:34 pm
ခုလို ခဏ စောင့်ခိုင်းဒါ
ခညားလည်း ပြန်ပြီး ဝဋ်လည်လိမ့်မယ်နော် ….
ငိငိငိ
စောင့်ဖတ်ဖို့ စောင့်နေဘာဒယ်ဗျို့ …
kai
December 27, 2013 at 3:35 pm
အဲလိုခရီးသွားချင်တာဗျာ…
ခုတော့.. တောနင်းပြီး.. သွားလိုက်တိုင်း.. ဟိုဟာမကိုင်ရ.. ဒီအကောင်မထိရ.. ဟိုးအကောင်မပစ်ရ.. ဟိုသစ်ကိုင်းမချိုးရ… ချည်းဖြစ်နေလို့…
ဘယ့်နှယ်..
ဝက်ဝံနဲ့တွေ့ရင်တောင်.. သူ့အသက်ကသိပ်တန်ဖိုးရှိနေသမို့.. ကိုယ်ကအသေခံပေးရမယ့်ပုံ….
အိုဘယ့်..
တိရိစ္ဆာန်.. :buu:
တနေ့ကတင်… တောထဲခြံဝယ်ထားတဲ့.. ဗမာတယောက်နဲ့စကားပြောဖြစ်သေး..
သမင်ပစ်ဖို့.. လိုင်စင်လုဝယ်ရသတဲ့…။
တနှစ်မှ တရာသီ(တလလောက်မှာ) အစောင်၃ထောင်ရောင်းတာ..နောက်နည်းနည်းကျတာနဲ့..ကုန်သတဲ့..
လိုင်စင်ပေးတဲ့ရာသီမှာ… သမင်တွေက.. ဘယ်သူသိမ်းထားလိုက်မှန်းမသိ.. (ကျုပ်ကတော့..အစိုးရဖမ်းသိမ်းထားတယ်ထင်တာပဲ) တကောင်မှမတွေ့ရဖူးတဲ့..
အဲဒါ..အနှစ်၂ဝမှာ.. ၁ကောင်ပဲပစ်ရဖူးသတဲ့..။
ဒါမျိုးတွေ…
surmi
December 29, 2013 at 1:03 pm
ဒီမှာက သစ်တောဥပဒေအရ လုံးဝ မထိရမယ့်အကောင်တွေ
ရှိပေမယ့် .. တချို့ကောင်တွေကတော့ ပစ်လို့ရပါသေးဗျာ ။
ဆိုတော့…
စိတ်ဝင်စားသေးရင် တောစပ် (နှစ် ညအိပ်ခရီး) ကိုလောက်တော့ ပို့ပေးနိုင်ပါသေးတယ်။
အဲ…. တစ်ခုပဲ
ဗမာဗိုက်ဖြစ်ဖို့တော့ကျင့်ထားမှရမယ်
မတော် ဝမ်းလျောနေမှဖြင့် 🙂
ဒီမှာ အခုချိန်သေနတ်လိုင်စင် မပေးတော့
တရားမဝင် တောထဲမှာပစ်ရမှာလေ …
လက်နက်ကိုင်အဖွဲ့အစည်းကတစ်ယောက်ယောက်ကို ခေါ်သွားကြရတာ
ဦးကျောက်ခဲ
December 27, 2013 at 3:46 pm
တောအကြောင်းပြောရရင် ကိုယ်တွေ့မို့ ယုံပါ၏…
တောခြောက် တောမှောက် မမြင်ရတာတွေလည်း အများကြီး…
မုဆိုးကျော်ကဆာမိရဲ့ မဟာစွန့်စားခန်းကြီးကို စောင့်မျှော်လျက်ပါ…
😀
TNA
December 27, 2013 at 4:55 pm
ဆက်လက်စောင့်မျှော်နေဘာမည် အမြန်မနှေးတင်ကပေးစေလိုပါသည်
Paing Lay
December 27, 2013 at 8:14 pm
တောတွင်း အခန်းဆက် တွေ အင်တာနက်မှာ ဖတ်ဖူးတား ပထမဆုံး အကြိမ်ပဲဂျို့
koyinmaung
December 27, 2013 at 8:40 pm
ဂျိ ု းအမြူတေလားတော့သိဘူး အံစာတုံးမှာတော့ရှိတယ်ကြားဘူးတယ်..
ဟဲ့ကောင်လေးဦးဆာကိုပြလိုက်စမ်းဘာ ဟုတ်မဟုတ်သိရအောင်…….
ဗိုလ်ဆာရေ နောက်အခန်းဆက်စောင့်မျော်နေပါကြောင်း…….
ကျော်စွာခေါင်
December 28, 2013 at 1:44 am
ကိုဆာရေ
စိတ်ဝင်စားတယ်ဗျာ..
မြန်မြန်လေးဆက်ရေးပါ..တော်အကြောင်း တောင်အကြောင်းဆို စိတ်ဝင်စားတယ်။
မျှော်နေမယ်..ကိုဆာရေ..။
Novy
December 28, 2013 at 10:58 am
ကိုရင်ဆာမိ
ရှင် ဘယ်လိုုလုပ်လိုက်တာလဲဒီမှာ စွန့်စားခန်းကြီးကို ဖတ်လို့ကောင်းတုံးရှိသေးတယ်
လူဆိုး
ဆက်ရန်ကိုမြန်မြန်တင်
ပုံ
မယ်မယ်ကြီးနိုဗွီ
ကိုပေါက်(မန္တလေး)
December 28, 2013 at 12:06 pm
ဗိုလ် တာ ရာ ဖိုး ကျော့ နဲ့ မုဆိုး ကြိး စိန် ဝင်း တို့ စာတွေ ကို ပြန ်သ တိ ရ သွား သည် ကဆာမိ
surmi
December 29, 2013 at 12:52 pm
လေးစားရပါသောစာဖတ်သူ များနှင့်တကွ
အမှတ်တရ အားပေးချီးမြှင့် မှတ်ချက်ရေးပေးကြကုန်သော
မောင်မာဃ
မခိုင်ဇာ
အန်တီ မမ
အလင်းဆက်
ကိုနိုဇိုမိ
မောင်အံစာ
သဂျီးမင်း ဦးခိုင်
အစ်ကိုဦးကျောက်
မသဲနု
ကိုပိုင်လေး
အစ်ကိုကြီး ကိုရင်မောင်
ဆရာခေါင် (အစ်ကိုကျော်စွာခေါင်)
မနိုဗွီ
အစ်ကိုကြီး ကိုပေါက် တို့အား
အထူးကျေးဇူးတင်ရှိပါကြောင်း ….
တစ်ဦးချင်းစီ ပြန်လည်ပြောကြားလိုကာသော်လည်း
အကြောင်းကြောင်းကြောင့် မဆောင်ရွက်နိုင်ခဲ့သည်ကို
နားလည်ခွင့်လွှတ်ပေးပါရန် နှင့်
ဆက်လက်ပြီး မကြာမနှေး ကြိူးစားပြီး အပြီးသပ် တင်ပေးပါမည်ဆိုသည့်အကြောင်း….
လေးစားလျက်
့
•*¨နန်းတော်ရာသူ •*¨
December 29, 2013 at 1:35 pm
အတွေ့အကြုံစုံပါပေ့ဦးဆာ..
အမြုတေတွေစုံအောင်ကြားဖူးပါတယ်။
ဒါနဲ့အဲဒါတွေကဆေးဖော်ရတာမျိုးလား
🙄