ဂဇက်ကဗျာချစ်သူများရဲ ့ကဗျာပြခန်းအမှတ်(၁၄)
‘ညီမငယ်လေးသို ့….”
ပုံရိပ်ယောင်သွင်
အမှန်ထင်
လေဝယ်ဖမ်းရင်း
ပြေးထွက် အဝေးဆီ
ညီမငယ်လေး…
မင်းအခုဘယ်ဋ္ဌာနီ……
ကြယ်တွေရဲ ့အလယ်
လမ်းပျောက်နေရှာတယ်
ဟိုတဖက်ကမ်းက ညီမငယ်
လမ်းမှန်တွေ ့
အိမ်အရောက်ပြန်နိုင်ပါစေကွယ်။
————————————————————-
“ကမ္ဘာပြားကြီးအောက် ငုံ့ကြည့်တော့ ကဗျာဆရာကိုတွေ့တယ်”
ငါတို့လောကဓံက ကော်ဖီမစ်လို ချိုတာထက် ခါးတာပိုများ
အရသာ၊ ပိုရှိ၊ လွှတ်,ကြိုက်
အနုပညာအတွက် ငွေကိုကန်းနေတော့ အားလုံးထက် ပိုငတ်ပြတ်တယ်
ဘာဖြစ်လဲ တစ်ကိုယ်လုံး ထွန်ယက်ထားတာ
တစ်ပြည်လုံးစားဖို့ အဲ့ဒီလိုကြွေးကြော်မယ် ဒါ… ကဗျာဆရာ
အသက်နဲ့ လူလုပ်တာမဟုတ်၊ စာသားနဲ့ လူလုပ်တာ
ခင်ဗျား ချဉ်ချင်လည်းချဉ်
လောကမှာ အရာရာရှုံးရင်တောင် ခံစားမှုအမြတ်ထွက်တာ ငါတို့ပဲ
ငါတို့ ထွက်ပေါက်မှာ ဘယ်သူလာပိတ်ပိတ်
အဲ့ဒီသူကို သတ်ပစ်မယ်ဆိုတဲ့အစွမ်း ကဗျာထဲမှာ စီးနေတယ်
ဟေ့ အုတ်ရောရော ကျောက်ရောရော ကဗျာဆရာဆိုတာ မရှိဘူး
မင်တို့ပြောတဲ့ အပေါစားဆိုတာ ငါတို့ လူရာမသွင်းတဲ့ကောင်တွေ
ခေတ်ကြီးရဲ့ တာဝန်ကျေပွန်ဖို့ နင့်နေတဲ့ခေတ်ကြီး တစ်ကိုယ်လုံး
ငါတို့ ကျောပိုးထားတာ၊ လွယ်လွယ်တော့ မဟုတ်ဘူး
ငါတို့,ငါတို့တွေဟာ
ရယ်သံတွေနဲ့ ကဗျာချူရသလို မျက်ရည်တွေနဲ့ ကဗျာချူခဲ့ဖူး
ငါတို့,ငါတို့တွေဟာ
အားမာန်တွေနဲ့ ကဗျာသွေးရသလို စိတ်ကျရောဂါနဲ့ ကဗျာသွေးခဲ့ဖူး
တစ်ခါတစ်ခါလည်း
ငုပ်သမျှ လှုပ်ယူဖူးသလို လှုပ်သမျှလည်း ငုပ်ယူခဲ့ဖူး
ငါတို့ဟာ ငါတို့အပေါ် တစ်ခုခုကျလာသမျှ
အဲ့ဒီတစ်ခုခုကို ဇော်ဂျီတောင်ဝှေးနဲ့ တစ်ခုခုဖြစ်အောင်လုပ်လိုက်တဲ့ဝိ
ဇ္ဇာ
မြေလျှိုးပြီးပုန်းနေတဲ့ အမှန်တရားကို မိုးပျံအောင် ဖော်ပစ်မယ်ဆိုတဲ့စိတ်
ဒီလိုအရေးအသားနဲ့ အပြောသမားကို လောကက မောင်းထုတ်မယ်
အလိမ်အညာကို မလှန်နိုင်အောင် နွှာပစ်မယ်
မျက်နှာဖုံးတွေ စုတ်ပြတ်အောင် ခွာပစ်မယ်
ငါတို့ဟာ ငါတို့အလုပ်နဲ့ ငါတို့
ဆူးတွေထွင်းမယ် မြက်တွေရှင်းမယ် သစ်ပင်မခုတ်
မောင်ချောနွယ်ပြောတဲ့
ဝဋ်နာကံနာလှံကြီးတောင် ငါတို့တဆုံး မြိုထားသေးတာပဲ
ဘယ်ခြိမ်းခြောက်မှုကိုမှ မကြောက်
ငါတို့စီးတဲ့မြစ်ဟာ ဖြောင့်ဖြောင် (ထပ်ပြောမယ်)
ငါတို့စီးတဲ့မြစ်ဟာဖြောင့်ဖြောင့်
ဘယ်သူ့ ပယောဂကြောင့်မှ ကောက်မသွား
ခေတ်အဆက်ဆက် မိုင်ကုန်စီးတဲ့ရေဟာ မာန်အပြည့်
ဗုံးဆန်ချည်း ကျနေတဲ့ဝပ်ကျင်းထဲ ကမ္ဘာကြီးကို ခေါင်းနဲ့ရွက်ထားတယ်။ ။
———————————–
လရောင်ဟောက်ပက်မြို့တော်
……………………………….
ဆဲလ်တစ်ခုပဲရှိရာက
စခဲ့ကြတာပါပဲကွယ့်။
ကမ္ဘာဦးလမ်းခွဲ
မျိုးစိတ်တို့ မပြန့်ကြဲခင်
မင်းစိတ်ထဲ စွဲထင်နေတဲ့သံသယ
ဘယ်လမ်းကြောင်းကို လိုက်ရမလဲတဲ့။
တစ်ချို့ အမြီးနဲ့ယက် ရေမှာကူး
တစ်ချို့ အတောင်ပံဝဲ လေထဲပျံ
လူတွေ ခြေတံနဲ့ မြေမှာသွားကြ
ဘယ်သူက ဘာပိုကြလို့လဲ။
မိုးခြိမ်းသံ သို့မဟုတ် စွန်ရဲဒဏ်ကို ပုန်းခိုရင်း
တွင်းကလေးထဲမှာ ဆုံကြတော့
ကမ္ဘာဦးက သံသယစွဲနဲ့
မင်းက တစ်ယောက်တည်း ခွဲတွေးတယ်
ငါဟာ လမ်းရွေးမှားခဲ့တယ်လို့။
အနည်းဆုံးတော့
မင်းခြေအစုံဆင်း နင်းထားတဲ့အရာ
အဲဒါ ငါပဲ မဟုတ်လား။
ဘယ်လိုအကြောင်းပြချက်နဲ့မှ
နောက်ပြန်မလှည့်ပါနဲ့
ငါ့ရဲ့ ကြွက်မကလေးရယ်
ငါ့ရင်ဘတ်ပေါ် တွင်းဖောက်
မင်း အသိုက်ဆောက်နေနိုင်တယ်။
ကောင်းကင်မှာ လေ ချောင်းမှာ ရေနဲ့
မင်းလိုလေသမျှ အလင်းရဖို့
နေကိုလည်း ဆောင်ကျဉ်းပေးပါ့မယ်။
ငါ့မြေပြင် ငါ့တိမ်တိုက်
မင်းအရပ်နဲ့ ကိုက်မယ်ဆို
နေတတ်သလို နေပါ
အခုအချိန်က စ
ငါ့ရဲ့ခန္ဓာ မင်းဖို့ကမ္ဘာ။ ။
——————————————————-
ခင်ဗျားတို့ပဲ ပြောကြစမ်းပါ
ကဲ…
ခင်ဗျားတို့ပဲ ပြောကြစမ်းပါ
ခင်ဗျားတို့ရဲ့ ရှင်သန်ခြင်းအဓိပ္ပါယ်ဆိုတာကို
ခင်ဗျားတို့ပဲ ပြောကြစမ်းပါ
ခင်ဗျားတို့ရဲ့ ပေးဆပ်မှုဆိုတာကို
ခင်ဗျားတို့ပဲ ပြောကြစမ်းပါ
ခင်ဗျားတို့ရဲ့ ခင်မင်မှုဆိုတာကို
ခင်ဗျားတို့ပဲ ပြောကြစမ်းပါ
ခင်ဗျားတို့ရဲ့ ရိုးသားမှုဆိုတာကို
ခင်ဗျားတို့ပဲ ပြောကြစမ်းပါ
ခင်ဗျားတို့ရဲ့ ကြီးမြတ်မှုဆိုတာကို
ခင်ဗျားတို့ပဲ ပြောကြစမ်းပါ
ခင်ဗျားတို့ရဲ့ မေတ္တာတရားကြီးမားမှုဆိုတာကို
ခင်ဗျားတို့ပဲ ပြောကြစမ်းပါ
ခင်ဗျားတို့ရဲ့ ကိုယ်ချင်းစာနာမှုကို
ခင်ဗျားတို့ပဲ ပြောကြစမ်းပါ
ခင်ဗျားတို့ရဲ့ ကောင်းမြတ်မှုတွေကို
ခင်ဗျားတို့ပဲ ပြောကြစမ်းပါ
ခင်ဗျားတို့ရဲ့ ယဉ်ကျေးမှုဆိုတာကို
ခင်ဗျားတို့ပဲ ပြောကြစမ်းပါ
ခင်ဗျားတို့သတ်မှတ်တဲ့ အဆင့်အတန်းဆိုတဲ့ ငွေကြေးကြွယ်ဝမှုကို
ခင်ဗျားတို့ပြောတဲ့ ခင်ဗျားတို့ အကြောင်းကို
ကျွန်တော် နားမလည်လို့
ခင်ဗျားတို့ပဲ ထပ်ရှင်းပြကြစမ်းပါဦး…
—————————————————————————————————-
“ဇန်နာဝါရီလ ရောက်ပြီမို့´´
မှုန်ပြာလို့ ရီမှုန်မှုန်
နှင်းမြူဖုံးလို့ အအေးကပို
လပြာသို ခွါညိုပန်းရယ်သင်း
နောက်ကျပ နေအာရုံရယ်
အရှေ့ဆီက ထွက်ပေါ့နေရောင်ဝယ်
နေပူဆာလှုံကာ နွေးစေလို့
အေးလှတဲ့ဆောင်း။
ကမ္ဘာအလည်မှာ ဒီမြန်မာဆိုတာက
လွတ်လပ်တဲ့ ဒို့တိုင်းပြည်ပါဗျ
ကြွေးကြော်ကာ ဂုဏ်တင့်စေဖို့
လေးရက်နေ့ ဇန်နာဝါရီအခါမှာ
ရလာတဲ့ လွတ်လပ်ရေး
ထူးလှတဲ့လ ဆိုရချည်သေး
ရောက်ခဲ့ရ ဇန်နာဝါရီပါဗျ။
================================
ကောင်မလေးဖတ်ဖို့ အချစ်ကဗျာ
အနုမြူစစ်ကြီးဖြစ်မဖြစ်ထက်
ကိုယ်က မင်းပြန်ချစ်မချစ်ပဲ အရေးကြီးနေမိတယ်။
ကွန်မြူနစ်စနစ်ရဲ့ ကျဆုံးမှုထက်ဘုံစနစ်နဲ့
မင်းကို မျှော်လင့်နေတတ်သူတွေကိုပဲစိတ်
ညစ်နေမိတယ်။
သစ်ရွက်လှုပ်ရင်လည်းချစ်တယ်။
သက်ဆင် မရှိတော့ရင်လည်းချစ်တယ်။
ကိုယ့်နှလုံးသားကို မဲပေးသူမရှိလည်း
လမ်းမလွတ်ပေမယ့် နတ်ရဲတဲ့သစ်ပင်လို
ပေကပ်ရှင်သန်ရင်းချစ်တယ်။
လေးဖြူသီချင်း မဆိုတော့လည်း
ကိုယ်က မင်းကို ချစ်နေမှာပါပဲ
တို့မြို့လေးကို လူမုန်းများနေလည်း
ချစ်တယ်။
ဆူနာမီနဲ့နီးကပ် ..
ကက်ထရီနာလိုအဆုံးရှုံးများစေတတ်လည်း
ချစ်မယ်။
တင်မိုသီမက်ဗေး ကွယ်လွန်ပြီးလည်း
ငါကမင်းကို ချစ်နေခဲ့တယ်။
မင်းကိုချစ်နေရမယ်ဆို
အမေရိကန်အမုန်းသမားလည်း ဖြစ်ချင်တယ်
အီရတ်က အသေခံဗုံးတစ်လုံးလည်း ဖြစ်မယ်
ကြိုးပေးခံရမယ့် ပင်လယ်ဓားပြတွေထဲလည်း
ကိုယ်ဝင်ရောက် တန်းစီပြရဲပါတယ်။
ချစ်ရတာမမောပါဘူး ကလေးရယ်
အလင်းမဲ့ ညတွေများလို့
လမ်းမှားမှားနေတာကပဲ ခက်ခဲ။
ပဲရစ်မင်းသားလိုလည်းချစ်တယ်၊ ထရိုဂျင်မြင်းရုပ်ကြီးလိုလည်းချစ်တယ်။
မင်းကိုရဖို့အတွက်ဆို ရေနံဈေးတွေတက်နေလည်း
ကြက်ဆူဆီနဲ့ခုတ်မောင်းရင်း
အဖာအထေးများခဲ့တဲ့ လမ်းဟောင်းကြီးအတိုင်းချစ်မယ်။
တကယ်ပါကောင်မလေးရယ်
လိမ်ခဲ့တာတွေများလို့ကြမ်းပိုးနဲ့လိပ်မခွဲတတ်တော့ပေမယ့်
မင်းကိုတော့ . . . .
သည်းသည်းမည်းမည်း ချစ်နေခဲ့တာ အမှန်။
====================================
စွယ်တော်အိမ်မက်
တပွင့်တည်း
ရင်ထဲကစွယ်တော် …။
နှစ်လွှာပေါင်းတစ်ရွက်ဆိုပေမယ့်
ကြမ္မာပြောင်း တစ်သက်ဝေးရင်ဖြင့်
တွေးကြည့်ဖို့တောင်မဝံ့ရဲ
ပန်းချွေသူ လက်ထဲရောက်လို့
နွမ်းခြောက်ပြီးကြွေကြွေ
ပွင့်ဖတ်တွေ ဝဲချင်ဝဲ
တစ်စစီပြန့်ကျဲလည်း
ရနံ ့မပြေ ရင်မှာလှိုက်လို့
တရှိုက်မက်မက် ….။
==============================
“ အဖြူရောင် အလွမ်း”
ငါ တို့ ကမ္ဘာလေးထဲ
ငါ တို့ မသိတဲ့ မျက်နှာတွေ များများလာတယ်
ငါ တို့ လျှောက်ဖူးတဲ့ လမ်းတွေမှာ
ခြေရာဟောင်းတွေ မှုန်ရီ ပျက်စီး
ငါ တို့ ဥယာဉ်လေးထဲ
သံစဉ်အားလုံး တိတ်ဆိတ်အေးစိမ့်
ငါ တို့ အတူရှိဖူးတဲ့
ညခင်းမွှေးမွှေးတွေမှာ
အရင်လို ရနံ့မစုံခဲ့တာ ကြာပြီ
ငါ တို့ ကောင်းကင်ပေါ်
ကြယ်ပွင့်လေးတွေ
ပိုပိုလင်းလက်လာတာမှန်ပေမယ့်
ခမ်းနားတဲ့ နေ့ရက်တွေ ရောက်တိုင်း
နင် မေ့နေတဲ့
ငါ တို့မြေရဲ့ နွေးထွေး မူ့တွေကို
နင့် ဆီ
ပါဆယ် ထုတ်ပြီး ပို့ပေးချင်တယ် ။ ။
=============================================
လေးရက် ဇန်နဝါရီ
တိုင်းတစ်ပါးကျွန် အဖြစ်မခံ
တွန်းလှန်ကာထုတ် ဇာတိမာန်အဟုတ်နဲ့
တောနယ်မြို့မကျန် တစ်ပြည်လုံးညံလို့
ဦးဆောင်အောင်ဆန်း မလျှော့တန်းနဲ့
နယ်ချဲ့အင်္ဂလိပ် တိုက်ထုတ်ဖြစ်တော့
ဖက်ဆစ်ဂျပန် ကြီးစိုးပြန်လို့
တစ်ခါပြန်လှန် တွန်းလှန်ထုတ်ဖို့
အင်္ဂလိပ်နယ်ချဲ့ ပြန်ကာသွင်းခဲ့
တောင်းဆိုလွတ်လပ်ရေး ပေးရန်မနှေးတော့
နယ်ချဲ့အလိုကျ ဦးစောပြုသမျှ
အကြံပက်စက် လုပ်ကြံတဲ့အတွက်
ဗိုလ်ချုပ်အပါ ကျဆုံးသော်လည်း
သခင်ဦးနု ဆက်လက်စွမ်းဆောင်
တောင်းဆိုလွတ်လပ်ရေး ရလာခဲ့ပြီ
လွတ်လပ်ပြီ လွတ်လပ်ပြီ
ဒို့တွေ လွတ်လပ်ပြီ
ကြွေးကြော်သံတွေ ညံကာစီ
လေးရက် ဇန်နဝါရီ။
=======================================
ငွေဆောင်နားကရွာကလေး
ဆင်းရဲနွမ်းပါးမှုလျှော့ချရေး ..တဲ့
ရွာထဲမီးမလင်းဘဲ
ဖယောင်းတိုင်လေးလည်းတိုနေပြီ
အဝေးကကြားနေရတဲ့ ဗျောက်အိုးဖေါက်သံနဲ့
“တဟေးဟေး”အော်ဟစ်သံတွေ
တကယ်ဆို ကိုယ့်အစာကိုဆင်ကလုစားလို့
ပဋိပက္ခဖြစ်နေတဲ့ အိမ်ကမောင်လေးနဲ့ အဖေ
မနေ့က ငွေဆောင်မှာ
ပုဇွန်ကင်လေးရောင်းရငွေကိုရေတွက်ကြည့်မိတယ်
အဖေစပါးပေးယူထားလို့ ကုတ်သွေးစုပ်တဲ့ ဖုတ်ကောင်တွေ မနက်ဖြန်လာတော့မယ်
ကိုယ့်အိမ်ရှေ့က ပန်းပင်လေး
အခုဆိုမွှေးနေလောက်ပြီ
တခါတလေ ငွေဆောင်မှာ ငွေ တွေဆောင်ဖို့
ပန်းခေါင်းအညွှန့်ချိုးခံရလေမလား
ကမ္ဘာကြီးက အသက်ရှုကြပ်တယ်
ဘဝရယ်….
တောင်စပ်မှာတဲလေးတစ်လုံးနဲ့
လယ်ယာစိုက်စားရတဲ့အနုပညာ
ပင်လယ်ကြီးက ပြာသလား
လူတွေပင်လယ်လာလာကြည့်ကြတာ
အံဩမိတယ်
အမေကချောင်းတဟွတ်ဟွတ်ဆိုးနေပြီးအသံကပြာလို့
သမီးဘယ်ကမ်းခြေမှာ ငိုရှိုက်ရမလဲ စတုတ္ထတန်းရောက်ပြီး နေ့စားထွက်လုပ်နေရတဲ့ မောင်ငယ်လေးရေ
ရာသီဥတုက သာယာလာပါပြီ
ပုဇွန်ကင်လေးတွေ လိုက်ရောင်းရင်း
ကမ်းခြေအလှကိုခံစားခဲ့ပါကွယ် ။
=================================================
ကြိုမသိနိုင်တဲ့ ပဟေဠိ
ဘယ် “အချိန်” လဲ….
တိတိကျကျ
မသိနိုင်တဲ့
နေ့စွဲတစ်ခုမှာ
ငါတို့ရဲ့
အသက်ရှူခြင်းတွေအားလုံး
ရပ်တန့်သွားကြမှာပါ…။
ဘယ်လို ကံကြမ္မာ
ဘယ်လို ရောဂါမျိုးတွေက
ငါတို့ကို နှိတ်စက်
ဘယ်သုဿန်မှာ
အိပ်ကြရမှာလဲ…ဆိုတာ
ငါတို့ ဖွင့်ဖတ်ခွင့်မရှိတဲ့
သေမင်းလက်ထဲက
ပဟေဠိဆန်မှု တစ်ခုပါပဲ…။
ငါတို့ဟာ
ဘယ်ကို သွားရမယ်မှန်းမသိတဲ့
သံသရာရဲ့
မျက်ကန်းခရီးသည်တွေ
အချစ် ၊ အလွမ်း ၊ အမုန်း….
လောဘ၊ ဒေါသ ၊ မောဟ…
အနိုင်အရှုံး အနိမ့်အမြင့်…
ဖောက်လွဲဖောက်ပြန်
လောကဓံ ဝင်္ကပါထဲ
အိပ်မက် အတုယောင်တွေနဲ့
လမ်းပျောက်ရင်းသာ
ဒီလိုနဲ့
ဘဝခရီးကို
ထက်ဝက်ကျိုးလုလု
အမှုမှတ်မဲ့စွာ
စီးဆင်းခဲ့ကြပြီးပြီ………..လေ။
=======================================
တောင်းဆု
တစ်သက်လုံး သိမ်းထား ပါရစေ
ရင်မှာလေ တင်းကြပ်
ရင်းခဲ့ရ ဝေဒနာ
မင်းအတွက်ပါ
အတွယ်အတာ မဲ့
အကာအရံ မဲ့ ဘဝ ထဲ
မသိမ်းသွင်းရက် ပါ
အမြင့် ပျံငှက်
နှုတ်မဆက်နဲ့ ကွယ်
ရဲရဲ သာတက် မငဲ့ကွက်နဲ့
မင်းအတွက်.. အကောင်းဆုံးဖြစ်ခဲ့ ပါစေ
ဒါပေမယ့် ..
အတောင် ညောင်းပျက်
နားခိုရာမဲ့ခဲ့ရင်
အနီးဆုံး ရင်ခွင်
ကိုယ် ရှိ နေချင်ပါ တယ် ။ ။
========================================
မေ ဘယ်သို့ စေမှာလဲ…
ဖျတ်ခနဲတွေ့ နေ့ညစိုးမိုး
ခိုးတွယ်ရင်ထက် စက်လည်းမပျော်
မျှော်လည်းမလာ မှာလည်းမခြွေ
ဝေဆဲမနွမ်း လွမ်းတသသ
တလျက်ခုံမင် မြင်ချင်အိပ်မက်
ရှက်ယောင်အပြုံး မုန်းယောင်အချစ်
ပစ်ယောင်မပြေး ထွေးယောင်မပွေ့
မွေ့လျော်မနွမ်း ကျွမ်းသော်မဖြေ
ဝေပါရင်ထက် ခက်လက်စိမ်းစို
ထိုမြိုင်အုံ့ဆိုင်း မှိုင်းတုံ့လင်းချည်
သည်တစ္ဆေည လှပရွှန်းတင့်
ခင့်မျက်ဝန်းလျှင် မြင်သော်စိတ်ပန်း
နွမ်းရိရော်ဆွေး ဝေးမှလှိုက်ဖို
ညိုမှောင်ရီဝေ နွေဆီသို့ကူး
မူးလို့အန်ထွက် နက်ဖန်နေရောင်
မှောင်စေသော်ငြား နားခေါ်ထားရှိ
သိစေလိုကြောင်း တောင်းဆုတွေခြွေ
မေ ဘယ်သို့လေ စေမှာလဲ…။ ။
အကြိုက်ဆုံး..ကဗျာ ( ၃ )ပုဒ်ကိုလည်း.မဲမေး.ရွေးချယ်..ပေးသွားကြပါဦးနော့်…။