ဘော ဒဏ္ဍာရီ …….

အရှေ့တောင်အာရှအားကစားပွဲကြီးလည်းပြီးပါပြီ ၊ မြန်တျန့်ဘောအသင်းလည်း ဝက်ဝက်ကွဲခဲ့ပါသည် ။ အခု ပြည်သူပြည်သားအားလုံးလည်း သွေးအေးကြပြီဆိုမှ ဦးကျောက်ခဲက ပြန်ပြီးသွေးနွှေးပေးပါရစေ ။ ဟုတ်ကဲ့… ဦးကျောက်ခဲပြောချင်တာကတော့ “ဘော” အကြောင်းပါခင်ဗျာ ။ ဘောဆိုလို့ သည်လူကြီး ညစ်တီးညစ်စုတ်ရေးပြန်ပြီလို့ မယူဆပါနဲ့ ။ ယူဆရင်လည်း ဦးကျောက်ခဲသည် အနာရောဂါကင်းရှင်းကြောင်း ၊ ဘောပြသနာမရှိကြောင်း ၊ “ဘူမိကျောင်းတော်သား” ဆိုတဲ့ပို့စ်မှာ အရှက်တွေလည်းကုန်အောင် ၃၂ကောဋ္ဌာနကို လှစ်ဟလို့ မှတ်ကျောက်တင်ခံခဲ့ပြီးပါပြီ ဆိုတဲ့အကြောင်း မှတ်မိကြမယ်ထင်ပါတယ် ။ အခုဒီပို့စ်ကတော့ မြန်မာနိုင်ငံသားမှန်ရင် အသည်းကွဲခဲ့ကြရဖူးတဲ့ “ဘောလုံး” အကြောင်းပါခင်ဗျာ ။

 

ဦးကျောက်ခဲတို့ငယ်စဉ်က မဆလ ခေတ် ဆိုတာတောင်မှ (အမှန်က ပြည်တော်သာစီမံကိန်း အကြွင်းအကျန်တွေပါ) ၊ အားကစားနဲ့ပတ်သက်ရင် ရပ်ကွက်တိုင်းလိုလိုမှာ ဘောလုံးကွင်း ၊ ကလေးကစားကွင်းတွေ အစုံအလင်ရှိပါတယ် ။ ဒီဘက်ခေတ်လို စားဝတ်နေမှု ရုပ်ဝထ္ထုအတွက် သိပ်ပြီး ကြောင့်ကြစိုက်စရာမရှိခဲ့တာမို့ ရုံးစာရေးတောင် အိမ်ပြန်ရောက်ရင် အင်္ကျီလဲပြီး ခြင်းခတ် ၊ ဘောကန် ၊ ကြက်တောင်ရိုက်နိုင်ခဲ့ပါသေးတယ် ။ ဒီဇင်ဘာအားကစားလ ရုံးပိတ်ရက် မနက်ခင်း ၄နာရီလောက်ဆိုလည်း ကိုယ်လက်ကြံ့ခိုင်ရေးအတွက်ဆိုပြီး လော်စပီကာကြီးနဲ့ ဆော်ဩ ၊ အိပ်ရာနှိုးလို့ ရပ်ကွက်အစီအစဉ်နဲ့ လမ်းလျှောက်ရပါသေးတယ် ။ ဘာတဲ့ “ကိုယ်ခန္ဓာသန်စွမ်းစေဖို့ …. စိတ်နှလုံး ကျန်းမာစေဖို့…” ဆိုလား ဘာလား အဲသည့်သီချင်းကိုလည်းဖွင့်လို့ ၊ ပြီးမှ ” မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ… အောင်ရမည်… အောင်ရမည်… အောင်ရမည်” လို့ အစာပိတ် အော်ရတာခင်ဗျ ။ အခုတော့ အဲသည့် ရပ်ကွက်အားကစားကွင်း ၊ မီးတားကွင်း (မီးအကြီးအကျယ်မလောင်အောင် ခြားထားတဲ့ကွင်း) တွေလည်း “ဆိုင်ရာပိုင်ရာ ခရိုနီ ခရိုနက်” တွေက အိမ်ယာတွေဆောက် ၊ စက်ရုံတွေ တည်လိုက်တာ မြို့ပြက ကလေးတွေကို သနားဖို့ရာချည်းပါပဲ ။ အင်း… သင်းကလေးတို့များ ဗီဒီယိုဂိမ်းသာမရှိရင် ကိုယ့်ကိုယ်ကို သတ်သေမလားတောင်မသိ လို့ အကောင်းဘက်က တွေးရမလိုလို…။

 

ဦးလေးကျောက်တို့လို့ အရွယ်တွေတောင် အဲသည့် “ခေတ်ပျောက်” ကိုမီဖူးတော့ အရင် အာရှမှာ မြန်မာအားကစားအသင်းနဲ့ မြန်မာဘောလုံးအသင်းခြေစွာခဲ့ဖူးတယ်ဆိုတာ သိပ်တော့ သံသယမရှိကြပါနဲ့ခင်ဗျာ ။ မြန်မာ့ဘောသမိုင်းကိုပြောရရင် “မဆလ ခေတ် ရတာယူထား ဈေးမများ” ဆိုတဲ့အချိန်မှာ အဖြူ အမဲကွက် အုန်းသီးလောက်နီးနီးမာတဲ့ လေထိုးသားရေဘောလုံးကို “မှော်ဘီ တပ်မတော်ဘောလုံးစက်ရုံ” ကပဲ ထုတ်ပါတယ် ။ လွယ်လွယ်နဲ့ ဝယ်လို့ရမယ်မထင်ပါနဲ့ ၊ ရပ်ကွက်သမဝါယမဆိုင်က ကံစမ်းမဲပေါက်ရလောက်အောင် ကံကောင်းမှပါ ။ အဲသည်တော့ အရပ်သားများ အပျင်းပြေကန်ချင်ရင် ကုန်စုံဆိုင်က “ကော်” ဘောလုံးနဲ့ နှစ်ပါးသွားရတာပေါ့ခင်ဗျာ ။ အဲသည့်ဘောလုံးရဲ့ အရည်အသွေးကောင်းပုံကတော့ မိုးရွာရင်ကပ် ၊ နေပူရင်ပျော့ ၊ ခြေခြင်းဆိုင်ရိုက်ပြီး လုလိုက်ရင် “ဖောင်း” ကနဲ ကွဲပါလေရောခင်ဗျာ ။ ပြောမည့်သာပြောရတာပါ ၊ တကယ်တမ်းတော့ ဘာနဲ့ပဲကန်ကန် ဘောနဲ့ပတ်သက်ရင် ဦးကျောက်ခဲ ကံမကောင်းလှပါဘူး ။ ငယ်စဉ်တောင်ကျေး ကလေးဘဝအခါက “ကော်” ဘောလုံးနဲ့ ကန်တဲ့ခေတ်ကနေ ကမ႓ာ့အဆင့်မီ သားရေဘောလုံးနဲ့ကန်တဲ့ခေတ်အထိပါ ။

 

ဒီလိုပါ “မိုးရွာရင် မိုးရေချိုးမယ်၊ မေမေလာရင်…. ” လို့ ခေတ်ဟောင်း ကာလနာတေး (အဲဂလိုဆိုပြီး သောင်းကျန်းတိုင်း ဖျားတတ်လို့) ဆိုတဲ့ခေတ်မှာ မောင်ကျောက်ခဲကန်သမျှ ဂိုးပေါက်ကိုဝေးလို့ လမ်းဘေးက ခွေးကလေကဝတွေရဲ့ အင်အင်းပုံကိုနင်းရင်နင်း ၊ မနင်းရင် တည့်တည့်ကန်မိတတ်လို့ အိမ်ပြန် ၊ “ကာဘော်လစ်ဆပ်ပြာ”နဲ့ ရေချိုးရတာချည်းပါပဲ ။ အဲသည်တော့ လမ်းဘေးမှာ ခွေး မလိမ္မာတွေရဲ့ဘေးကြောင့် ဘုန်းကံနိမ့်မည့်အရေးကိုရှောင်ရင်း မြက်စိမ်းခင်းတဲ့ ကွင်းကမ္ဗလာမှာကန်ဖို့ အရေးကို နှစ်ချီပြီးစောင့်ရတာပေါ့ခင်ဗျာ ။ သိပ်ကြာကြာတော့ မစောင့်လိုက်ရပါဘူး ၊ မူလတန်းလွန်ဘဝမှာ ရန်ကုန်မြို့ရဲ့ ကိုလိုနီခေတ်လက်ကျန် သာသနာပြုကျောင်းဟောင်းကြီး တစ်ခုမှာ မောင်ကျောက်ခဲ ၅တန်းကနေ ဝင်ခွင့်ရပါတယ် ။ ပျော်လိုက်တာဗျာ… အိပ်တောင် မပျော်ခဲ့ဘူး ၊ မပျော်နေနိုင်ပါ့…. နာရီစင် ၊ ဘောလုံးကွင်းကြီး ၊ ဘတ်စကတ်ဘောခန်းမကြီးတွေရှိတဲ့ ခေတ်ဟောင်းရဲ့နာမည်ကျော် “စိန်ဂေါ်လီဂိုဏ်းကြီး” အခြေပြုခဲ့တဲ့ကျောင်းလေ ။

 

အဲ အဲ… ဆက်သွားရင် လိုရင်းမရောက်ဖြစ်မယ်… ပြန်ဆက်ကြပါစို့ ….

…. ထုံးစံအတိုင်း ချစ်ကိုကြီးတွေကို တောင်းပန်ရတော့မယ် ။ ဝေ့ဝိုက်ပြောရင် စာရိုက်ရတာလည်းရှည် စာဖတ်သူတိုင်းလည်းသိပြိသားမို့ မထူးတော့တဲ့အတူတူ အကိုကြီးများ နာမည်အရင်းသုံးရင် ခွင့်လွှတ်မယ်လို့ “ယုံကြည်ပါရဲ့”… ဘွာတေး… အာဘွား… လွန်တာရှိ ဝန္ဒာမိပါခင်ဗျ….။

 

ဒီလိုပါ… အနှီ နာမည်ကျော် အထက်တန်းကျောင်းတော်ကြီးမှာ မောင်ကျောက်ခဲရဲ့ စီနီယာကြီးတွေက အတန်းကြီးကျောင်းသားတွေဖြစ်တဲ့ မြန်မာ့လက်ရွေးစင်ဂိုးသမား “ကိုအောင်ကျော်ကျော်” တို့ “ကိုစောဘမြင့်”တို့ ပါ ။ မှတ်မိသလောက် နောင် မြန်မာ့လက်ရွေးစဉ်တွေဖြစ်လာကြမည့် အပြင်ကသူတွေလည်း ကျောင်းဆင်းချိန်ဆို လာကစားကြပါတယ် ။ နောက်ပြီး ကျောင်းကဆရာမ ၂ဦးရဲ့ခင်ပွန်းတွေက နာမည်ကျော်မြန်မာ့လက်ရွေးစဉ်ဟောင်း ၊ လက်ရှိ ဘောလုံးအဖွဲ့ချုပ်ရဲ့ အကြံပေးတွေပါ ။ အဲဂလောက် ရေခံမြေခံကောင်းပါလျက်နဲ့ မောင်ကျောက်ခဲ ဘောကိုလုံးလုံးစိတ်နာ ၊ ဘောလုံးကွင်းထဲတောင် ခြေမချရဲလောက်အောင် လက်ဆင်ပေးလိုက်သူကတော့ ချစ်ကိုကြီး ကိုအောင်ကျော်ကျော်ပါ ။ သူ့ညီမနဲ့ အတန်းတူလို့ ချစ်ကိုကြီးလို့ ဖားပြီး ခေါ်တာမဟုတ်ရပါဘူး…. တကယ့်ကို ဂုဏ်ယူလို့ပါဗျ ။ တကယ်တော့… သူ့ညီမက “ကွင်း” အတော်ချောတယ်ခင်ဗျ….. (ဤကား… စကားချပ်) (“ဂေါက်” မိန်းမခေါင်းခေါက်လိုက်သံ)

 

တကယ်ဗျ…. မင်းဖြစ်မည့်ကောင် ရောင်ကလေးနဲ့ ဆိုသလို အထက်တန်းကျောင်းသားဘဝမှာတောင် သူက အတော်ခြေစွာသဗျ ။ ဂိုးပေါက်ကနေ ကန်တင်လိုက်ရင် အနဲလေး ဟိုဘက်ကွင်း ဘီးကုတ်နီးနီးလောက်တော့ ရောက်တယ်ခင်ဗျ ။ ကျောင်းက တစ်နေ့လုံးကျောင်းဆိုတော့ နေ့လယ်မုန့်စားဆင်းချိန်မှာ ဆော့ကစားချိန်ရအောင် စာသင်ချိန် အတန်းနောက်မှာ ထမင်းခိုးစားထားပြီး ၊ မုန့်စားဆင်းခေါင်းလောင်းသံ “ဒေါင်”ကနဲဆိုတာနဲ့ ကွင်းထဲရောက်အောင် ခြေကုန်သုတ်ရတော့တာပဲဗျို့ ။ အစ်ကိုကြီးတွေနဲ့ ခြေရည်တူ ဘောလုံးယှဉ်ကစားဖို့မဟုတ်ပါဘူး ၊ သူတို့ခြေသွေးပြီး ကန်တင်လိုက်သမျှ ဘောလုံးတွေကို ကလေးတို့ဘာဝ တစ်ချက်ထိထိ နှစ်ချက်ထိထိ လိုက်ကန်ဖို့ပါ ။ ဒီလိုနဲ့ တစ်နေ့သား မောင်ကျောက်ခဲလည်း မုန့်စားချိန် ကွင်းထဲဆင်းပြီး ဘောလုံးလုကန်ဖို့ စောင့်နေတာပေါ့ဗျာ ။ ထုံးစံအတိုင်း မောင်ကျောက်ခဲသည် တခြားကလေးတွေလိုမဟုတ် ရွှေဉာဏ်တော်ကွန့်မြူးလို့ မြန်မာ့လက်ရွေးစင်ဟောင်း “ဝင်းအောင်” ကြီးလို အပင်ပန်းမခံပဲ ဘောလုံးကျမည့်နေရာက ခါးထောက်ပြီး စောင့်တာပေါ့ ။ အဲသည့်မှာ ကိုအောင်ကျော်ကျော် “အုံး” ကနဲ ကန်တင်လိုက်တဲ့ မှော်ဘီသားရေဘောလုံးက မောင်ကျောက်ခဲဘက်ကို ဝေ့လာတာပေါ့ဗျာ ။ ပထမတော့ မောင်ကျောက်ခဲလည်း ဘောလုံးနောက်ကို ပြေးလိုက်တယ်ခင်ဗျ ။ ဒါပေသည့် လူကရှေ့ကိုရောက်နေလေတော့ ဘောလုံးအလို “လူကျွံဘော” ဖြစ်နေတာပေါ့ ။ ကံဆိုးမိုးမှောင်ကျချင်တော့…. ဒီဘောဘယ်ရောက်သွားပါလိမ့်လို့ ငဲ့စောင်းလို့အကြည့်မှာ မောင်ကျောက်ခဲ ချိုစောင်းကို “ဒိန်း”ကနဲမှန်လို့ ကြယ်တွေလတွေမြင်ပြီး ကျောင်းဆေးခန်းကို ရောက်သွားပါတယ် ။ အဲသည့်နေ့က စလို့ ယနေ့ထက်တိုင် ဦးကျောက်ခဲ ဘောလုံးကွင်းထဲကို ခြေမချရဲတော့ပါဘူး ။

 

ဒါပေသည့် တက္ကသိုလ်ကျောင်းသားဘဝအရောက် ၊ အရှေ့တောင်အာရှမှာ မြန်မာအသင်း ငွေတံဆိပ်ရလိုက်လေတော့ ဘောသွေးဘောမာန်တွေ ပြန်ထကြွလာတာပေါ့ ။ အဲသည့်အောင်မြင်မှုဟာလည်း အများသိတော်မူကြတဲ့အတိုင်း ကောက်ရိုးမီးလို ကြာကြာမခံပါဘူးဗျာ ။ အဲတာကြောင့် မြန်မာ့လက်ရွေးစင်အသင်းကို စိတ်တွေအပျက်ကြီးပျက်နေတုန်း ကျောင်းပြီးစတစ်ရက် ဘောက်ထော်က ကားဝပ်ရှော့တစ်ခုမှာ ကားပြင်ရင်း အစ်ကိုကြီး “ကိုသန်းတိုးအောင်”နဲ့ဆုံပါတယ် ။ ဝပ်ရှော့ဆရာနဲ့ မောင်ကျောက် စိတ်နာနာနဲ့ ခနဲ့စကားဆိုလေတော့ ၊ ကွမ်းသွေးတပျစ်ပျစ်ဝါးရင်း ဖြစ်ကြောင်းရယ်စုံလင် ဇာတ်စုံခင်းလို့ လင်းရှာပါတယ် ။ သူတို့လည်းလေ လောကီသားပေမို့ အများထက်ပိုပြီး အောင်မြင်ချင်ပါသော်လည်း အမှားမကင်းတဲ့အကြောင်း ၊ အသင်းမှာ နိုင်ငံတော်ရဲ့ထောက်ပံ့မှုက အားနည်းတဲ့အကြောင်း ၊ အစုအဖွဲ့စိတ်ဓာတ်အားနည်းနေပြီး တကိုယ်ကောင်းစိတ်ဓာတ်ထွန်းကားနေတဲ့အကြောင်း ၊ အထူးသဖြင့် အားကစားသမားတွေက “ပဲ” စားသော်လည်း သက်လုံမကောင်းလို့ မနည်းအားတင်းပြီး ပင်ပင်ပန်းပန်း ကန်နေရတဲ့အချိန် ၊ ဘောလုံးပွဲသတင်းကြေညာတဲ့ “မြန်မာ့အသံ ဦးလှဝင်း” ကလည်း အတော် စိတ်ဓာတ်ပျက်အောင် ဒုက္ခပေးကြောင်း စုံလို့ပါပဲခင်ဗျာ ။  မအီမသာနဲ့… သက်ပြင်းချလို့ “အင်းးးး” လိုက်ပြီး ပြန်ခဲ့ရပါတယ် ။

 

တကယ်တမ်းတော့ “မြန်မာ့အသံ ဦးလှဝင်း” ဆိုတာ မောင်ကျောက်ခဲတို့ရဲ့ ဘူမိဗေဒက စီနီယာ့ စီနီယာကြီးပါ ။ သူ့ခမျာ မြန်မာ့အသံမှာ အလုပ်လုပ်သော်လည်း ဘူမိဗေဒသံယောဇဉ်မပြတ်နိုင်တာမို့ အချိန်အားရတိုင်း ရန်ကုန်တက္ကသိုလ်ဝင်းထဲက “တောင်ငူကန်တင်း” မှာ မောင်ကျောက်တို့ရဲ့ဆရာတွေနဲ့ လေ လာပစ်ပါတယ် ။ မောင်ကျောက်ခဲလည်း မသိမသာ သူတို့ဝိုင်းမှာ ဝေယျာဝစ္စပြုရင်း နားစွင့်မိတော့….
“ဒီလိုပါ ဆရာရယ်….။ ဆရာတို့သိတဲ့အတိုင်း… ကျနော်ကျောင်းသားဘဝက တက္ကသိုလ်လက်ရွေးစင်ပါ ၊ ဘောလုံးကို အလွန်ချစ်ပါတယ် ။ ဒီမောင်တွေ ကစားကွက်မရှိဘဲ ဖြစ်သလို ကန်တင်နေကြတာမြင်တော့ အသည်းယားတယ်ဆရာ ။ ကျနော်က ပွဲကြည့်စင်ပေါ်ကမို့ ဘယ်/ညာတောင်ပံ ၊ နောက်တန်း ပေါက်နေသမျှ အကုန် မြင်နေရတယ်ဆရာ ။ ဒီတော့လည်း ကရုဏာဒေါသောနဲ့ ပြောမိတာပေါ့ ။ အခုလည်း အား/ကာက သူတို့ ကစားသမားတွေ စိတ်ဓာတ်ပျက်တယ်ဆိုပြီး ကျနော့ကို မြန်မာဘောလုံးပွဲတွေ မကြေညာဖို့ စာပို့ထားလို့ မကြေညာရဘူး ။ အဝေဖန်မခံနိုင်တော့လည်း သူတို့သဘောပေါ့ ဆရာရယ်” လို့ သူ့ဘက်သဘောကို ပြောရှာပါတယ် ။

 

အဲသည့်လိုနဲ့ “မြန်မာ့အသံ ဦးလှဝင်း” တစ်ယောက် ပျောက်ချက်သားကောင်းနေတုန်း ရုတ်တရက် ပြန်ပေါ်လာပြီး ပယ်ပယ်နယ်နယ် မြန်မာအသင်းကို “ဖဲ့” နေသံကို မြန်မာ့အသံက ကြားလိုက်ရလို့ ဝေခွဲမရဖြစ်နေတုန်း သတင်းကြားရပါတယ် ။ ဟုတ်ကဲ့… ဘောချစ်သူ အခုစာဖတ်နေတဲ့ဘဘကြီးက….
“ဟေ့… ဘောပွဲမှာ မောင်လှဝင်းအသံ မကြားရပါလားကွ… ဘယ်ပျောက်နေလဲ…” လို့ အမေးတော်ရှိပါသတဲ့ ။ အဲသည့်တော့လည်း “ဘောင်းတော်ညိတ် စိတ်တော်သိ” ချက်ချင်း ရှေ့တော်မှောက်ကိုသွင်းလို့ ဘောပွဲသတင်းကြေညာရတော့တာပေါ့ ။ အဟိ… ဦးလှဝင်းတစ်ယောက် ဘယ်လောက်များ ပယ်ပယ်နယ်နယ် လက်စွမ်းပြလိုက်သလဲဆိုရင်… မြန်မာအသင်း ပြည်ပဘောလုံးပွဲရှုံးတိုင်း…
“တောက်စ်… နာရိုးမသားတွေ ၊ တောက်သုံးကိုမကျဘူး ။ မောင်လှဝင်းပြောတဲ့အကွက်နဲ့သာ ကန်ရင် အခုလောက်ဆို ဂိုးရပြီ…. ” ဟု စာဖတ်နေသောဘဘကြီးက မချင့်မရဲ ရေရွတ်တတ်လေကြောင်း ကောလဟလလိုလို တကယ်ကြီးလိုလို နီးစပ်ရာအသိုင်းအဝိုင်းဆီက ကြားခဲ့ရပါလေကြောင်း……။

 

 

 

 

55 comments

  • kyeemite

    April 2, 2014 at 10:24 am

    “ ဘော ဒဏ္ဍာရီ ” တဲ့..ခေါင်းစဉ်ကြည့်ပီးလန့်သွားတာပဲဗျာ..
    ဘာပြောရမှန်းတောင်မသိဘူး…ဘောလည်းငယ်ငယ်ထဲက တစ်ခါမှမကန်ဖူး…
    ဒီနေ့ခေတ်စားနေတဲ့ ပရီးမီးယားလိဒ်တို့ကိုလည်းတစ်ခါမှ မျက်မွှေးထော်မော်လို့တောင်မကြည့်တဲ့ကောင်ဆိုတော့ မမန့်တော့ဘူးလို့လာပြောတာ 😀

    • ဦးကျောက်ခဲ

      April 2, 2014 at 3:23 pm

      ကျောက်စ်လည်း အတူတူပဲ ကိုမိုက်ရဲ့…
      မွေးသဖခင် မြန်မာဘောအသင်းနှိပ်စက်လို့ အသက်ဆုံးပြီးတည်းက…
      ဘောဆိုရင် မျက်မွှေးထော် မော်လို့တောင်မကြည့်… ဟီ ဟိ
      😀

  • Nyo Win

    April 2, 2014 at 10:32 am

    “တကယ်တော့… သူ့ညီမက “ကွင်း” အတော်ချောတယ်ခင်ဗျ….. (ဤကား… စကားချပ်) (“ဂေါက်” မိန်းမခေါင်းခေါက်လိုက်သံ)”
    ……ဟီဟိ….နားနဲ ့ဆက်ဆက် ကြားသွားတယ် ဦးကျောက်စ်… 🙂

    • ဦးကျောက်ခဲ

      April 2, 2014 at 3:27 pm

      လူပျိုဂျီး ဆြာညို… ရယ်ဘာ ရယ်ဘာ…
      အရင်လို မလွတ်လပ်တော့တာ အမှန်ပဲ…
      အခုများ… စကားတစ်ခွန်းကို မပြောခင် အတော်စဉ်းစားရ သဗျ…
      ပြောပြီးရင် ပြေးပေါက်လေးလည်း ကြည့်ထားရသေး… ဟီ ဟိ
      😀

  • ko six

    April 2, 2014 at 10:33 am

    ​ဘောပြဿနာစီရင်​ခန်​းက
    မ​နေ့က​နေ
    ဒီ​နေအထိ..အဲ
    မနက်​ဖြန်​​တွေအထိဆိုပါ​တော့
    ကိုယ်​့အလုပ်​​တွေထဲမှာ သူကလည်​းကန်​့လန်​့လန်​့ကြီးနဲ့
    ပါပါလာတတ်​​တော့လည်​း…

    • ဦးကျောက်ခဲ

      April 2, 2014 at 3:31 pm

      ဦးကျောက်ကတော့ ဘောနဲ့ဝေးအောင်နေတယ် ကို၆ ကို6 ကိုSix ရယ်…ဟိ
      😀

  • Shwe Ei

    April 2, 2014 at 10:53 am

    အူးလေးရယ် အခုပေါ်နေတဲ့ ဘာအက်ဖ်စီ ညာအက်ဖ်စီ တေက ဘောသမားတေ လစာလဲကောင်း ထောက်ပံ့ပေးတာလဲ ကောင်းရဲ့သားနဲ့ ဘာပုလို့ ရှုံးနေကြသေးတာတုန်း????

    သဂျီးလေသံ ပစ်လိုက်အုံးမယ်….စနစ်ကြောင့်မဟုတ် စနစ်ကြောင့်မဟုတ် (စိ်တ်ဓါတ်တွေအားလုံး စနစ်တကျ ရိုက်ချိုးခံခဲ့ရခြင်းသာဖစ်သည်။) 😀

    • ဦးကျောက်ခဲ

      April 2, 2014 at 3:33 pm

      အဲဂလာပေါ့… ဦးလှဝင်းအကွက်နဲ့မကန်လို့ ရှုံးတာ… ဟီ ဟိ
      😀

  • Ma Ei

    April 2, 2014 at 11:07 am

    လူကျွံဘော ကျောက်တစ်ယောက် ကြယ်လမြင်ရပုံတွေးလို့ ရီလိုက်ရတာ…
    ဘောပွဲ အကြောင်းဘာမှ မသိပေမယ့်…ခုခေတ် MNL ကို မြန်မာနီဂရိုးလိဂ်လို့
    ပြောရလောက်အောင် နီဂရိုးတွေငှားကန်နေတာတော့ ကြည်မရဘူး….
    မြန်မာမှာ ဘောကန်တတ်သူ ဒီလောက်ရှားနေပြီလား မသိနော့်…
    🙂

    • ဦးကျောက်ခဲ

      April 2, 2014 at 3:42 pm

      မအိနှယ် သဂျီးကလော်ခံရအောင် နီဂရိုးတဲ့… ဟီ ဟိ
      မြန်မာတွေက ဘောမကန်ပဲ လူကန် ၊ ကော့ပြ ကျွမ်းကျင်ကြတယ်လေ…
      ရောက်ရာနိုင်ငံမှာ မရှိတဲ့သိက္ခာတွေကုန်အောင်ချတဲ့နေရာမှာတော့ ထူးချွန်ပါ၏…
      😀

  • ကေဇီ

    April 2, 2014 at 1:01 pm

    အောင်ကျော်ကျော် ဆိုတာ ဟိုဘက်လူကို ကန်မိလို့ အထုတ်ခံရတဲ့ ဂိုးသမား မဟုတ်လားးး
    ၈ တန်းလောက်တုန်းက နည်းနည်းရင်ခုန်မိတဲ့ထဲ ပါသလိုလို။
    :kwi:
    ဪ သူတို့ ဒီလောက် အသက်ကြီးသွားပါပေါ့လားးး (ခိ။ ကိုယ့် အသက်က ငယ်ကျန်ခဲ့တာဆိုတော့) :mrgreenn:

    သများလည်း ဘော အကြောင်းရေးဖူးသေးတယ်လေ။

    သူ့ ဝဏ္ဏကွင်း (အဲလေ) သုဝဏ္ဏကွင်း မှာလည်း စီဗီလေးကိုင်ပြီး စောင့်ဖူးတယ် (ဂီ ပို့(စ) ထဲမှာ)

    ကျောင်းဆေးခန်းရောက်တော့ ချုပ်လိုက်ရလားးးး အာလူးထွက်သွားလားးး ??
    😀

    • ဦးကျောက်ခဲ

      April 2, 2014 at 3:48 pm

      ဟုတ်ပါတယ် ဒေါ်ကေဇီရယ်…
      ချင်းမိုင် ဆီးဂိမ်းမှာ ဗီယက်နမ်ကစားသမားကို မထိတထိသွားကန်လိုက်တာပါ…
      သူက ဘောမင်းသားမို့ ယပက်လက်မလေးတွေကတောင် “အောင်ကရော်ကရော်” တဲ့…
      ကျောက်စ်ကတော့ သူ့ကြောင့် ခေါင်းမထောင်နိုင်အောင်မူးသွားလို့ ဆေးခွင့် ၃ရက်…
      😀

  • ဦးဦးပါလေရာ

    April 2, 2014 at 1:54 pm

    .အရင်ကတော့ မြန်မာ့လက်ရွေးစင်ပွဲတွေက စိတ်လှုပ်ရှားစရာလဲကောင်း အော်လို့ ဆဲလို့လဲ ကောင်းမှကောင်း…
    .အခုနောက်ပိုင်းတော့
    .မြန်မာပွဲဆို တော်ပါပြီ …ပဲ
    .မဟာစည်ဆရာတော်ကြီးသင်ကြားပေးတဲ့ဆောင်ပုဒ်ကလေးတစ်ခုရှိတယ်..
    .မမြင်ရရာ ကိလေသာ သူ့ဟာသူငြိမ်းသည် …. တဲ့

    • ဦးကျောက်ခဲ

      April 2, 2014 at 3:56 pm

      ကျောက်စ်ကတော့ မြန်မာအသင်းဆို ဝေါင်ဝေါင်ရှေး ဝေးဝေးရှောင်တယ် ဦးပါ…
      ပွဲပြီးရင် ဒေါမနသတွေပွါးရလွန်းလို့… ရေတောင်ငတ်တယ်… ဟီး
      😀

  • Char Too Lan

    April 2, 2014 at 2:36 pm

    (“ဂေါက်” မိန်းမခေါင်းခေါက်လိုက်သံ)
    ဒါ့ပုံလေးပါ တွဲတင်ပေးရင်ကောင်းမယ် 😀

    • ဦးကျောက်ခဲ

      April 2, 2014 at 3:59 pm

      ဟမ်မယေး… ကျောက်စ်ခေါင်းက ဘုကို ဓာတ်ပုံရိုက်ပြရမလား… ဟိ
      😀

  • Myo Thant

    April 2, 2014 at 3:15 pm

    မတ်လ ၂၈ ရက်နေ့က ရခိုင် ယူနိုက်တက်နှင့် ဟံသာဝတီ ယူနိုက်တက် အသင်းတို့ ပဒုမ္မာကွင်း ပွဲစဉ် ပွဲချိန် ၉၀+၄ မိနစ်၌ ဖြစ်ပွားခဲ့သည့် မလိုလားအပ်သော ဖြစ်ရပ်များကြောင့် ပွဲရပ်နားခဲ့ရ သဖြင့် အရေးယူပေး ပါရန် မြန်မာ နေရှင်နယ်လိဂ် ပြိုင်ပွဲ ကျင်းပရေး ကော်မတီက တင်ပြချက် အပေါ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီက မတ်လ ၃၁ ရက်နေ့ နေ့စွဲဖြင့် ပြစ်ဒဏ် ဆုံးဖြတ်ချက် ထုတ်ပြန်လိုက်သည်။

    အဆိုပါ ပြစ်ဒဏ်များမှာ-
    (က)။ ရခိုင် ယူနိုက်တက် အသင်းမှ အုပ်ချုပ်သူ ဦးဖြိုးညီညီစိုးအား စည်းကမ်း ထိန်းသိမ်းရေးမူ အပိုဒ်(၉)၊ (၁၂)၊ (၁၃)နှင့် FIFA Disciplinary Code, Article 49, Para 1.b အရ ဘောလုံးနှင့် ပတ်သက်သည့် မည်သည့် လှုပ်ရှားမှုများတွင် မဆို ရာသက်ပန် ပါဝင်ပတ်သတ်မှု မရှိစေရ။

    (ခ)။ ရခိုင်ယူနိုက်တက် အသင်းမှ အုပ်ချုပ်/စီမံ ဦးလှိုင်ဝင်းနိုင်အား စည်းကမ်း ထိန်းသိမ်းရေးမူ အပိုဒ် (၉)၊ (၁၂)၊ (၁၃)နှင့် FIFA Disciplinary Code, Article 49, Para 1b အရ (၃)လအတွင်း ကွင်းအတွင်း ဝင်ရောက်ခွင့် မပြုရန်နှင့် ဒဏ်ကြေးငွေ ကျပ် ၅ သိန်း ပေးဆောင်ရန်။

    (ဂ)။ ရခိုင် ယူနိုက်တက် အသင်းမှ နံပါတ် (၁၇) သူရကိုကို (၂)အား စည်းကမ်း ထိန်းသိမ်းရေးမူ အပိုဒ်(၃)နှင့် (၁၃) အရ အနီးစပ်ဆုံး (၂)ပွဲ ပါဝင်ကစားခွင့် မပြုရန်နှင့် ဒဏ်ကြေးငွေ ကျပ် ၂ သိန်း ပေးဆောင်ရန်။

    (ဃ)။ ရခိုင် ယူနိုက်တက် အသင်းမှ နံပါတ်(၁၉) ညီညီနိုင်အား စည်းကမ်း ထိန်းသိမ်းရေးမူ အပိုဒ် ၁၃ အရ အနီးစပ်ဆုံး ပွဲပယ် ၁ ပွဲ ပါဝင်ကစားခွင့် မပြုရန်နှင့် ဒဏ်ကြေးငွေ ကျပ် ၂ သိန်း ပေးဆောင်ရန်။

    (င)။ ရုန်းရင်းဆန်ခတ် မှုတွင် ပါဝင်ပတ်သက် ကြသော ရခိုင် ယူနိုက်တက် အသင်းမှ အောက်ပါ ဘောလုံးသမား များကို စည်းကမ်း ထိန်းသိမ်းရေးမူ အပိုဒ် ၁၃ အရ နောက်ဆုံး အကြိမ်အဖြစ် သတိပေးရန်။

    ( ဪ ဘော ဘော ဘော )

    • ဦးကျောက်ခဲ

      April 2, 2014 at 4:01 pm

      ဟီ ဟိ… ဘောပွဲနဲ့ ကရာတေး ဂျူဒို ပါးရိုက်ပွဲ… မှားတွားလို့ပါ ဆြာမျိုး…
      😀

  • Mr. MarGa

    April 2, 2014 at 3:52 pm

    ဒဏ္ဍာရီ မို့
    ဒဏ္ဍာရီလိုပဲ ဝိုးတဝါး ဖတ်သွားပါတယ် ဦးလေး :mrgreenn:

    တီနှင်းက ခေါင်းပဲခေါက်တာလားး သိပ်တော့မထင်ဘူးနော် အသံတိတ်တိုက်ကွက်တွေကျန်ဦးမယ်ထင်တယ် :mrgreen:

    • ဦးကျောက်ခဲ

      April 2, 2014 at 4:03 pm

      ရှူး… တိုး တိုး သဂျား… နောက်ဆို အသံတိတ် ဆိတ်ဆွဲနေဦးမယ်…
      😀

  • ကထူးဆန်း

    April 2, 2014 at 7:15 pm

    “အရှေ့တောင်အာရှမှာ မြန်မာအသင်း ငွေတံဆိပ်ရလိုက်လေတော့”

    အဲ့ဒါကြီးပြောရင် သိလိုက်ကြလားတော့ မသိ ။ ခြင်္သေ့ကျွန်းမှာ မြန်မာတွေ အရှက်တွေကွဲ ပြီးးမှ
    မခံချင်စိတ်နဲ့အောင်မြင်မှုှု ရသွားတာ။။။

    ပါလာတဲ့ ဘောသမား တစ်ယောက်ဆာရာဂွန်းက မှုစတာဖာ ရှော့ပင်းစင်တာ မှာ shop liftting နဲ့ အဖမ်းခံရပြီး ဟိုးလေတစ်ကျော်ဖြစ်သွားတာ။

    ဘောဆြာတွေလည်း အဲ့ဒီ့ အရှက်ကွဲ မှု့ကြောင့် ကြိုးစား လိုက်ကြတာ မထင်မှတ်ဘဲ ငွေတံဆိပ် ရသွားတာလေ .. အံဩစရာ ကောင်းအောင် ခြင်္သေ့ကျွန်းရောက်နေတဲ့ မြန်မာတွေ လည်း အားလုံး ကွင်းထဲလိုက်လို့ ဝို်င်းအားပေးလိုက်ကြတာ ပြောစမှတ်ပြုသွားလို်က်အောင်ပါဘဲ ..

    ဘော ဒဏ္ဍာရီ တစ်ခုပါဘဲ .. :mrgreen:

    • ဦးကျောက်ခဲ

      April 3, 2014 at 1:03 pm

      အဲသည့်တုန်းက “Myanmar… Myanmar… Thief… Thief…” လို့…
      ယဉ်ကျေးပါတယ်ဆိုတဲ့ ကိုရွှေစလုံးတွေက အော်ပြီးအားပေးကြတာ စီဂျေကြီးရဲ့…
      အဲဂလို အရှက်ကကွဲတဲ့အပြင် ဗိုလ်ချုပ်မြင့်အောင် (ဝါးတီးများလို့ပြုတ်) ကလည်း…
      ရန်ကုန်ကနေ ဓားကြိမ်း ကြိမ်းနေလို့ စိတ်ဓာတ်နဲ့ကန်လိုက်တာ…
      စလုံးအသင်းခေါင်းဆောင် “လင်မ်တုန်ဟိုင်” ဆိုရင်…
      သူ့မြေသူ့ပရိတ်သတ်ရှေ့ရှုံးရတာမို့ ချုံးပွဲချပြီး ငိုပါလေရော….
      😀

  • San Hla Gyi

    April 2, 2014 at 9:51 pm

    ဦးကျောက်ခဲရေ
    ပြောစရာလေးတွေ ရှိတာနဲ့ စာရှည်ရှည်လေး ရေးလိုက်ဦးမယ်။ အဲဒီ မြန်မာအသင်းငွေတံဆိပ်ရတုန်းက ခြေစွမ်းလည်း အမှန်ပဲ ကောင်းခဲ့ပါတယ်။ ကျနော် သေသေချာချာ မှတ်မိပါတယ်။ ဘာလို့လည်း ဆိုတော့ အဲဒီအချိန်က မြန်မာနိုင်ငံရဲ့ အကောင်းဆုံးတွေ တိုက်တိုက်ဆိုင်ဆိုင် လာစုမိပြီး သူတို့အားလုံးရဲ့ အတွေ့အကြုံရော ခြေစွမ်းရော အကောင်းဆုံး ဖြစ်နေခဲ့တာကိုး။ အဲဒီတုန်းက ဝင်းအောင်က စင်ကာပူလက်ရွေးစင် ကြည်လွင်က မလေးရှားက ပီရတ်အသင်းရဲ့ မရှိမဖြစ် ကွင်းလယ်လူ ဖြစ်ပြီး မလေးရှား ချန်ပီယံ မျိုးလှိုင်ဝင်းရယ် သန်းတိုးအောင်ရယ် တင်မြင်အောင်ရယ်က မလေးရှားမှာ မြန်မာရဲသုံးဖော်ဆိုပြီး နာမည်ကြီးနေတဲ့ အချိန် ကျန်တဲ့လူတွေလည်း အဲဒီလိုပဲ နာမည်ကြီးနေတဲ့ အချိန်မှာ မြန်မာအသင်း လူအစုံဆုံး ကစားခဲ့ရတာကိုး။ အဲဒီတုန်းက ပွဲဦးထွက် အုပ်စုပွဲမှာ ထိုင်းနဲ့ ကစားရတယ်။ ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးတယ်။ အဲဒီတုန်းက ထိုင်းက လောလောလတ်လတ် အာရှအားကစားပွဲမှာ ဘောလုံးကြေးတံဆိပ် ရထားပြီး ပီယာပွန် သိပ်နာမည်ကြီးနေတဲ့ အချိန်လေ။ ၂ ဂိုးစလုံး ပြီးခါနီးမှ သွင်းသွားတာ။ အဲဒီပွဲပြီးတော့ ထိုင်းဘောလုံးသမားတွေက ပြောတယ်တဲ့။ မြန်မာတွေ မလွယ်ဘူး။ ကံကောင်းလို့ နိုင်လိုက်တာ။ သူတို့ အဆင်မသင့်ရင် ရှုံးတောင် ရှုံးသွားနိုင်တယ်လို့ ပြောတုန်းက ဘယ်သူမှ သတိမထားမိသေးဘူး။ နောက်ဆက်ပြီးတော့ ဘရူနိုင်းကို ၆ ဂိုး ဂိုးမရှိနဲ့ နိုင်တယ်။ လာအိုကို ရ ဂိုး ၁ ဂိုးနဲ့ နိုင်တယ်။ အဲဒီအထိလည်း ဘယ်သူမှ ဂရုမစိုက်သေးဘူး။ နောက်ဆုံပွဲမှာ မာဒေးကား ချန်ပီယံ မလေးရှားကို ကြည်လွင် အစွမ်းပြပြီး ၂ ဂိုး ၁ ဂိုးနဲ့ မြန်မာက နိုင်လိုက်တော့မှ အရှေ့တောင်အာရှ အသင်းတွေ လန့်ကုန်တာ။ အဲဒီတုန်းက အရှေ့တောင်အာရှ သတင်းစာတွေက အာရှနဂါးကြီး အိပ်ပျော်နေရာက နိုးလာပြီဆိုပြီး ဝိုင်းရေးကြတာ။ အဲဒီကတည်းက မြန်မာက ဆီမီးဖိုင်နယ် ရောက်နေပါပြီ။
    မြန်မာဘောလုံးသမား တယောက် စင်ကာပူ ကုန်တိုက်ထဲမှာ ပြဿနာ ဖြစ်တယ်ဆိုတာ ဆီးမီးဖိုင်နယ် တတ်ပြီးတော့ ပွဲမကစားခင် ဖြစ်တာပါ။ တကယ် ခြေမကောင်းရင်တော့ အဲဒီပြဿနာ မဖြစ်ခင် ဆီမီးတောင် ဘယ်ရောက်ပါ့မလည်း။ အဲဒီဘောလုံးသမားနာမည် ကျနော် သိပါတယ်။ ဒါပေမယ့် ကာယကံရှင်ရဲ့ ဂုဏ်သိက္ခာကို ထောက်ထားပြီး မပြောသင့်လို့ မပြောတော့ပါဘူး။ သူ့ပြစ်မှုက အမှန်တော့ သူက စင်ကာပူရဲ့ ကုန်တိုက်တွေမှာ အဲဒီသူခိုးဖမ်းအလမ်းရှိတယ် ဆိုတာ မသိ မကြားဖူးတော့ ပစ္စည်းအသေးလေး တခုကို လက်ဆော့ပြီး လုပ်ကြည့်ရာကနေ ဖြစ်သွားတာပါ။
    ဆီးမီးဖိုင်နယ်မှာလည်း မြန်မာကပဲ အိမ်ရှင်စင်ကာပူကို စင်ကာပူ ပရိသတ်ရှေ့မှာ အနိုင်ယူပြလိုက်တယ်။ ဇတ်လိုက်ကတော့ စင်ကာပူ လက်ရွေးစင် ဖြစ်ဖူးတဲ့ ဝင်းအောင်ပေါ့။ သူ့ကို စင်ကာပူ နောက်ခံလူတွေက ကြောက်ကြောက်လန်လန့်နဲ့ လိုက်ထိန်းရာကနေ နှစ်ဂိုးစလုံး ကိုယ့်ဂိုးကိုယ် သွင်းမိကြတာပါ။
    အဲဒီနှစ်က မြန်မာက ငွေတံဆိပ်ရတယ်။ ဗိုလ်လုပွဲမှာ ထိုင်းနဲ့ အကြိတ်အနယ် ကစားပြီး ၄ ဂိုး ၃ ဂိုးနဲ့ ရှုံးသွားခဲ့တယ်။ အဲဒီတော့မှ ထိုင်းက လန့်သွားပြီး နောက်ဆို မြန်မာတွေကို နိုင်ဖို့ မလွယ်တော့ဖူး ဆိုပြီး ထိုင်းရွှေအိပ်မက်အသင်းကို စဖွဲ့ခဲ့တာ။
    ဦးလှဝင်း ဘောလုံးပွဲ ကြေညာတာကို တချို့လူတွေ မကြိုက်ပေမယ့် ကျနော် ကြိုက်ပါတယ်။ သူကိုယ်တိုင်လည်း ကြေညာနေတုန်းက ပြောခဲ့ဖူးတယ်။ သူဟာ မြန်မာအမျိုးသားတယောက် ဖြစ်လို့ မြန်မာအသင်းကို နိုင်စေချင်လွန်းလို့ ပြောမိတာပါ ဆိုပြီး ပြောခဲ့ဖူးတယ်။ ကျနော် သူပြောတာ လုံးဝ ယုံပါတယ်။ ဘာလို့လည်းဆိုတော့ သူ့ကို ကျနော် မှတ်မိနေတာက ခင်ဗျားပြောတဲ့ ချင်းမိုင်ဆီးဂိမ်းမှာ အုပ်စုနောက်ဆုံးပွဲမှာ မြန်မာက လာအိုနဲ့ ကစားရတယ်။ အဲဒီတုန်းက လာအိုက သရေကျတာနဲ့ ဆီမီးတတ်ပြီ မြန်မာက နိုင်မှရမယ်ဆိုတော့ မြန်မာက ပွဲစကတည်းက တိုက်စစ်ဖွင့်ပြီး ကစားတယ်။ လာအိုက တသင်းလုံး ၁၈ ဂိုက် စည်းထိပ်ကနေ ပိတ်ပြီး ကစားတယ်။ ရှေ့ကို လုံးဝ မတတ်တော့ဘူး။ မြန်မာက ဖိပေမယ့် ကန်သမျှ ဂိုးသမား မိတာနဲ့ ဂိုးပေါက်လွဲတာနဲ့ လာအိုနောက်တန်းက ဖျက်ထုတ်တာနဲ့ မိနစ် ၉ဝ လုံး ဂိုးမရဘူး။ အဲဒီတုန်းက ကြေညာတာလည်း ဦးလှဝင်းပဲ။ သူက အားမရှိတော့တဲ့ အသံနဲ့ “ပရိသတ်ကြီးခင်ဗျာ ပွဲပြီးဆုံးဖို့လည်း တဖြည်းဖြည်း နီးကပ်လာပါပြီ ခင်ဗျာ” လို့ ပြောနေရင်းတန်းလန်းမှာ ခဏရပ်သွားတယ်။ ဂိုးရှေ့မှာ နည်းနည်း ရှုပ်ရှုပ်ထွေးထွေး ဖြစ်နေတယ်ခင်ဗျာ ဘာဖြစ်တာလည်း မသိဘူးလို့ ပြောနေတုန်းပဲ ချက်ချင်း ဝမ်းခေါင်းသံကြီးနဲ့ “ဟာ ပရိသတ်ကြီး ခင်ဗျာ မြန်မာတိုက်စစ်မှူး မျိုးလှိုင်ဝင်းကို လာအိုနောက်တန်းက ဥပဒေပတားလို့ ဒိုင်လူကြီးက မြန်မာအသင်းကို ပယ်နယ်တီကန်ခွင့် ပေးလိုက်ပါပြီ ခင်ဗျား။ မြန်မာအသင်း ပယ်နယ်တီ ရပါပြီ ခင်ဗျား” လို့ အော်လိုက်တဲ့ အသံကြီးကို နားထဲကကို မထွက်တော့ဘူး။ သူတောင် မှတ်မိချင်မှ မှတ်မိလိမ့်မယ်။ “ခင်ဗျား” ဆိုတဲ့ နေရာမှာ တကယ့်ကို ယောကျာင်္းတယောက် အရမ်းဝမ်းသာမှ အော်တဲ့ ရင်ခေါင်းသံကြီးနဲ့ အော်လိုက်တာ။ ဒါက ဟန်လုပ်လို့မှ မလွယ်တာ။ အဲဒီအချက်နဲ့တင် သူတကယ် မြန်မာအသင်းကို သိပ်နိုင်စေချင်တယ်ဆိုတာ သိလိုက်တာပဲ။
    ကျန်တာ နောက်မှ ဆက်ရေးမယ်။

    • ကထူးဆန်း

      April 3, 2014 at 8:02 am

      အဲ့ဒီ့ က စလို့ မြန်မာဘောသမားတွေကိုလည်း စကာင်္ပူ ကလပ် ၊ မလေးရှားကလပ် တို့ က မခေါ်တော့ပါဘူး ။ ငါတို့ က လေ့ကျင့်ပေး ငါတို့နဲ့ အတူကစားနေပြီး ငါတို့ကိုပြန်နိုပ်စက်သွားတယ်ဆိုပြီး … 😆

    • ဦးကျောက်ခဲ

      April 3, 2014 at 1:25 pm

      ကိုရင်စံလှကြီး အားဖြည့်ပေးတာ ကျေးဇူးပါပဲဗျို့…
      အဲသည့်လက်ဆော့တဲ့ ကစားသမားနာမည်ကို ကျောက်စ်လည်းမှတ်မိတယ်ခင်ဗျ…
      ရှိပါစေဗျာ… ဟုတ်သော်ရှိ မဟုတ်သော်ရှိမို့ နာမည်ထည့်မရေးတာပါ…
      ဖိုင်နယ်ဗိုလ်လုပွဲမှာ မြန်မာတွေရှုံးတာ ကံမကောင်းလို့ လို့ပြောရမလိုပါ…
      အဲ… ပီယာပွန်ကတော့ ကိုစောဘမြင့်နဲ့ ဘောလုံးယှဉ်လုရင်း မျက်ခုံးကွဲသွားတယ်…
      ချင်းမိုင်ပွဲမှာတော့… ပီရာပွန် မပါတော့ဘူး… ကိုင်တီဆတ် တို့ ခြေစွမ်းပြချိန်ပေါ့…
      😀

      • San Hla Gyi

        April 3, 2014 at 9:26 pm

        ဟုတ်တယ် ဦးကျောက်ခဲရေ အဲဒီပွဲပြီးတော့ ပီယာပွန် အနားယူသွားတယ်။ ချင်းမိုင်ဆီးဂိမ်းကျတော့ နာတီပေါင်တို့ ကိုင်တီဆတ်တို့ ဆူရာချိုင်းတို့ ဒူးဆစ်တို့ အဖွဲ့တွေပေါ့။ မြန်မာက ကံမကောင်းတော့တာက အဲဒီ ငွေတံဆိပ် ရပြီးကတည်းက တပွဲမှ လူစုံတတ်စုံ မကစားရတော့ဘူး။ ချင်းမိုင်ဆီးဂိမ်းမှာ မြန်မာဘောလုံးအသင်း လူမစုံပါဘူး။ အဓိက ကစားသမားထဲက ဝင်းအောင်ရယ် တင်မောင်ထွန်းရယ် စောဘမြင့်ရယ် ကျန်ခဲ့တယ်။ ခြေလည်း အရင်နှစ်လောက် မကောင်းတော့ဘူး။
        အဲဒီတုန်းကတည်းက မြန်မာအသင်းက အောင်မြင်တဲ့ အရှိန်လေးကို ယူပြီးတော့ ပရိုအဆင့် တတ်လိုက်ရမှာ။ မလုပ်နိုင်ခဲ့ဘူး။ တခြားနိုင်ငံတွေကတော့ ခေါ်ကြပါသေးတယ်။ မျိုးလှိုင်ဝင်းဆို ထိုင်းက ဆင်းဂါးသာမယွန်အသင်းက ခေါ်တယ်။ ဒါပေမယ့် အဲဒီအချိန်ကျတော့ မြန်မာဘောလုံးသမားတွေက ပြည်တွင်းက အသင်းကြီးတွေမှာ ဝန်ထမ်းအဆင့်နဲ့ ရာထူးယူထားပြီးပြီ။ သွားကစားရင် ဌာနက အလုပ် ထွက်မှရမယ် ဆိုတော့ ဘယ်သူမှ မထွက်ချင်တော့ဘူး။ စွန့်စားပြီး သွားကစားတဲ့ လူကျပြန်တော့လည်း ဟိုမှာ ကစားရင်းတန်းလန်းနဲ့ ဒီမှာက လက်ရွေးစင်အသင်း ခြေစမ်းပွဲတွေ ထရိန်နင်တွေ ရှိတယ်ဆိုရင် မလာနိုင်တော့ဘူး။ ပြိုင်ပွဲကျမှ ဝင်ကန်တော့လည်း စုစည်း လေ့ကျင့်ချိန်နည်းတော့ ပြဿနာလေးတွေ ရှိလာပြန်ရော။
        အမှန်မှာ အားကစားဟာ ပိရမစ်လို တတ်မှ ရတယ်။ အောက်ခြေမှာ ကစားတဲ့လူတွေက အများကြီး အပေါ်ဆုံးကျတော့ စစ်သွားပြီး အကောင်းဆုံးပဲ ကျန်တယ် ဆိုတာမျိုး ဖြစ်ရမှာ။ အခု ဒီမှာ လုပ်တဲ့ ပရိုလိဂ်က ပိရမစ်ကို ဇောက်ထိုး ထောင်ထားသလို ဖြစ်နေတယ်။ အောက်ခြေမှာက ကစားဖို့ အခြေခံ အဆောက်အအုံ ဘာမှမရှိဘူး။ အပေါ်ကျမှ ပံ့ပိုးမယ်ဆိုပြီး လုပ်သလို ဖြစ်နေတော့ မအောင်မြင်ပြန်ဘူး။

        • ဦးကျောက်ခဲ

          April 4, 2014 at 10:01 am

          ပြန်တွေးကြည့်ရင် နှမြောစရာကြီး ကိုရင်စံရဲ့ ….
          ဝင်းအောင်ကို ၆မြင်ကပ် ပုဒ်မနဲ့ လက်ရွေးစဉ်ကဖြုတ်တယ်…
          ကိုစောဘမြင့်ရယ် ကိုတင်မောင်ထွန်းရယ်ကိုတော့ အသက်ကြီးလို့တဲ့..
          နောက်ပိုင်း ကာကွယ်ရေးက မောင်တွေကို မြန်မာ့လက်ရွေးစဉ်မှာထည့်တော့ အသင်းလည်းပျက်ကရော…။ ကိုအောင်ကျော်ကျော်ကို ချင်းမိုင်ပွဲပြီးလို့ ၂နှစ်အကြာ နယ်မှာ (သူက အကောက်ခွန်ဝန်ထမ်း) တွေ့လိုက်ရတော့ မှတ်တောင် မမှတ်မိဘူး…။ အရမ်းဝပြီး ကွမ်းသွေးတပြစ်ပြစ်နဲ့…။ နှမြောဖို့ကောင်းတယ်ဗျာ…

        • San Hla Gyi

          April 4, 2014 at 9:39 pm

          ဟုတ်တယ် ဦးကျောက်ခဲရေ အရင် မျိုးလှိုင်ဝင်းတို့ ခေတ်က မြန်မာအသင်း အောင်မြင်သင့်သလောက် မအောင်မြင်ခဲ့တာ ပံ့ပိုးမှု နည်းတာတကြောင်း နောက်ပြီးတော့ အဲဒီအချိန်က တာဝန်ယူနေရတဲ့ လူတွေရဲ့ မကောင်းတဲ့ အကျင့်ဆိုးတခုလည်း ပါတယ်ဗျ။ ဘာအကျင့်ဆိုးလည်း ဆိုတော့ မြန်မာစစ်တပ်မှာ ရှိတဲ့ မကျေနပ်တဲ့ လူတွေကို မျိုးဆက်နဲ့ချီပြီး အညွှန့်တုံးအောင် လုပ်တတ်တဲ့ မကောင်းတဲ့ အကျင့်ဆိုးကြောင့်ပဲ။ တကယ်တော့ ဘောလုံးပွဲမှာ ရှုံးတတ်တာဟာ ကမ္ဘာကျော်အသင်းတွေတောင် ဖြစ်တတ်ပါတယ်။ ကောင်းတဲ့ အသင်းလည်း အမြဲတမ်း အနိုင်မရဘူး။ ဒါပေမယ့် သူတို့က အဲဒီအချိန်က အဲဒါကို လက်မခံဘူးဗျ။ ဒီပွဲရှုံးရင် ဒီကောင်တွေကို လုံးဝမသုံးတော့ဘူး ဆိုတဲ့ စကားမျိုးကို အားကစားမှာ တာဝန်အရှိဆုံး လူတွေကိုယ်တိုင် အစည်းအဝေးတွေမှာ ပြောခဲ့ကြတာပဲ။ တပွဲလောက် မကြိုက်တာနဲ့ တသင်းလုံး မြေလှန်ပြီး လူသစ်တွေနဲ့ လဲပစ်လိုက်တယ်။ လူသစ်တွေနဲ့ ဟန်သလားဆိုတော့ ပိုဆိုးနေမှန်း သိတော့မှ ကမန်းကတန်း လူဟောင်းတွေ ပြန်ရှာထည့်တော့ အသင်းက ဖွဲ့စည်းပုံ ပျက်သွားပြီ။ စိတ်ဓတ်ပျက်သွားပြီ။ တကယ်တော့ မြန်မာဘောလုံးအသင်း ရွှေခေတ်ကနေ ကျဆင်းခဲ့ရတာမှာ အဲဒီအချက်တခုလည်း ပါတယ်။ အဲဒီတုန်းက မီလိုက်တဲ့ လူတွေကို ပြန်မေးကြည့်ပါ။ နောက်ဆုံးကန်တဲ့ ဖိတ်ခေါ်ပွဲတခုမှာ မြန်မာအသင်း ငွေတံဆိပ်ပဲ ရခဲ့တာကို မကျေနပ်တဲ့ တာဝန်ရှိသူတွေက အဲဒီအချိန်က ရန်ကုန် ပထမတန်းမှာ အသက် ၂၈ ထက်ကျော်တဲ့ ကစားသမားတွေ မကစားရဆိုတဲ့ အမိန့်ကို ထုတ်လိုက်တယ်ဗျ။ အဓိကကတော့ သူတို့ မကျေနပ်တဲ့ လက်ရွေးစင်တွေကို အသေသတ်လိုက်တဲ့ သဘောပါ။ အသက် ၂၈ ဆိုတာ ဘောလုံးသမားတယောက် အတွက် အကောင်းဆုံး အရွယ်ပဲဟာ။ ဒီမှာတင် အရွယ်ကောင်း ဘောလုံးသမားတွေ မျိုးဆက်တခုလုံး နီးပါး ဘောလုံးလောကကို ကျောခိုင်းခဲ့ရတယ်တဲ့။ အဲဒီနောက်ပိုင်း မြန်မာအသင်း ကျသွားတော့တာပဲ။
          သူတို့ကတော့ ဒါမျိုးကို အားကစားတင် မဟုတ်ဘူး။ ပညာရေးမှာလည်း လုပ်ပါတယ်။ ဥပမာ YIT က သူတို့ကို တော်လှန်တဲ့ တော်လှန်ရေးတွေကို အစပျိုးခဲ့တယ် ဆိုတာကို မကျေနပ်တာနဲ့ စက်မှုတက္ကသိုလ် မျိုးဆက်တခုလုံး အညွှန့်တုံးအောင် ကျောင်းပါ ပိတ်လိုက်သလိုပေါ့။ တက္ကသိုလ်ရော ဘွဲ့ကိုရော မြောင်းထဲရောက်အောင် လုပ်လိုက်တယ်။ တကယ်ဖြစ်တော့ တိုင်းပြည်ပဲ နစ်နာပါတယ်။
          မြန်မာ အမျိုးသားအသင်း သိပ်မအောင်မြင်ပေမယ့် အမျိုးသမီးအသင်းကတော့ ဘာလို့ အောင်မြင်မှု အတိုင်းအတာ တခုအထိ ရနေတာလည်း လို့တော့ မေးစရာ ရှိတယ်။ ကျနော်လည်း မိန်းကလေးအသင်းကို ချီးကျူးခဲ့ဖူးပါတယ်။ တကယ်တော့ မြန်မာ အမျိုးသမီးအသင်းဟာ ဟိုတုန်းက အမျိုးသားအသင်း အောင်မြင်ခဲ့ဖူးတဲ့ အခြေအနေမျိုး ခပ်ဆင်ဆင်ကို ပြန်ရောက်နေတာပါ။ ဟိုတုန်းက ဒုတိယ ကမ္ဘာစစ်ကြီး ပြီးခါစ အာရှတိုက် နိုင်ငံတွေ အားလုံး ပြာပုံထဲကနေ ရုန်းထလာကြရတယ်။ အားလုံးလက်ထဲမှာ ဇီးရိုးလို့ ပြောလို့ရတယ်။ ကိုရီးယားကလည်း မချမ်းသာသေးဘူး။ ဂျပန်ကလည်း ပြာပုံပဲ။ အဲဒီတော့ ပံ့ပိုးမှုချင်းလည်း မကွာတဲ့ အခါကျတော့ မြန်မာတွေက ဘယ်သူ့ကိုမဆို ယှဉ်နှိုင်တာပေါ့။ သူတကျပ် ကိုယ်တကျပ်ချင်းသာ ယှဉ်ရမယ်ဆိုရင် မြန်မာက ဘယ်သူ့ကိုမှ မကြောက်ဘူးလို့တောင် ထင်ရတယ်။ ဒါပေမယ့် ဒီဘက်ခေတ်ကျတော့ သူတို့က နိုင်ငံရေးတည်ငြိမ်ပြီး စီးပွားရေးတွေက တိုးတတ်ကုန်ပြီ။ အဲဒီတော့ နောက်ခံ ပံ့ပိုးမှုတွေ အဆောက်အအုံတွေ အစစ အရာရာ ကိုယ့်ထက် မယှဉ်နိုင်အောင် သာနေပြီ။ မြန်မာတွေ စိတ်ဓတ်တခုတည်းနဲ့ ဘယ်ယှဉ်နိုင်တော့မလည်း။ သက်လုံပေါက်ပြီး နောက်ကျန်ခဲ့တော့တာပေါ့။
          အမျိုးသမီး ဘောလုံးလောကကျတော့ စတာက မကြာသေးဘူး။ တခြားနိုင်ငံတွေလည်း ဘောလုံး အခြေခံ အဆောက်အအုံတွေက သိပ်မပြည့်စုံသေးဘူး။ ဒီတော့ သူတကျပ် ကိုယ်တကျပ်ချင်းသာ ယှဉ်လိုက်ရရင်တော့ မြန်မာမလေးတွေက ယှဉ်နိုင်တာပေါ့။ အရှေ့တောင်အာရှမှာ စင်ကာပူဆို အမျိုးသားအသင်း ကောင်းပေမယ့် အမျိုးသမီး ဘောလုံးလောကအတွက် ဘာမှ အခြေခံ မရှိသေးဘူး။ ဒီတော့ မြန်မာမလေးတွေက ကောင်းကောင်း နိုင်တော့တာပေါ့။ တကယ်လို့ ကိုယ်က မပံ့ပိုး မဖြည့်ဆည်းဘူး သူများတွေက တဖြည်းဖြည်း တိုးတတ်လာတယ်ဆိုရင် နှစ်ကြာတာနဲ့ အမျှ ကိုယ်က နောက်ရောက်သွားမှာပဲ။

  • naywoon ni

    April 3, 2014 at 4:29 am

    အဲ ခု ခရိုနီ ရုပ်​သံက ​ဘောလုံးပွဲ ​ကျေညာသူ​တွေက ​တော့ မစွံပါဘူး ဥ​ရောပပွဲ​တွေ တစ်​ခါတစ်​​လေ ကြည်​့မိတယ်​ ကိုယ်​့ နိုင်​ငံသား ကန်​တဲ့ပွဲ​တွေမှမဟုတ်​ပဲ ဘက်​မလိုက်​​ကျေညာ​ပေးသင်​့တာ​ပေါ့ မဟုတ်​ဖူးဗျ ာ သူတို့ ​လောင်​းထားတဲ့ ဘက်​က လိုက်​ပြီး​ကျေညာ ​နေသလိုပဲ ဟိုကန်​​နေတဲ့သူ​တွေက ဖြစ်​တာနဲနဲ သူတို့​ကျေညာမှပဲ ပင်​နယ်​ဒီ​ပေးရ​တော့မလိုလို ဒိုင်​​ရှေ့က သူတို့က ဆုံးဖြတ်​ချက်​ချ​ပေး​နေတာ ကြားပြင်​းကပ်​စရာ အဲ့ဒါနဲ့ မကြည်​့​တော့ဘူး တစ်​ခါတစ်​​လေ မနက်​ကျမှ အင်​တာနက်​က ဂိုးစကိုးကြည်​့တယ်​ ။ မနက်​ လက်​ဘက်​ရည်​ဆိုင်​​ရောက်​တာနဲ့ ​ဘော်​​ဘော်​များက ​မေး​တော့ ကြည်​့​ပေးရတာ​ပေါ့ ကျွန်​​တော့ ​ဘော အ​ကြောင်​းက​တော့ ဒီ​လောက်​ပါပဲ ။ အဲ့​မေ့လို့ ငယ်​ငယ်​ကလည်​း ​ဘောမကန်​ဖူးပါ ခုလည်​းမကန်​ပါ သူငယ်​ချင်​းး​တွေ ​ကောင်​းမှုနဲ့ ညည ​ဘောလုံးပွဲ ​လောင်​းပြီး ခဏ ခဏ ​တော့ ​ဘောမှန်​ဖူးပါသီ ။

    • ဦးကျောက်ခဲ

      April 3, 2014 at 1:29 pm

      ကိုယ့်ငါးချဉ်ကိုယ်ချဉ်တာမဟုတ်ရပါဘူး ဆရာနီ…
      ဘောလုံးပွဲကြေညာသူတွေထဲမှာ ဦးလှဝင်းလောက် ဘယ်သူမှမကောင်းဘူး…
      အဟဲ… သူငယ်ချင်းတွေ ဘောမှန်တာကြည့်ပြီး ဘယ်တုန်းကမှ မလောင်းဖူးဘူး…
      😀

      • Myo Thant

        April 4, 2014 at 11:21 am

        ္ဓအနော်ကတော့ ဦးဝင်းမြင့်ကို အကြိုက်ဆုံး
        ပြည်နယ်တိုင်း ဘောလုံးပွဲခေတ်ပေါ့ ၊ ဦးလှဝင်း မြန်မာ့အသံ မရောက်ခင်ကပါ ၊
        မကွေး ဂိုးသမားကို မဂိုးဂွေးသမား ဆိုတာ
        နာမည်ကြီးကို တွင်လို့ ၊

    • ဦးကျောက်ခဲ

      April 3, 2014 at 1:30 pm

      အီခုလော့… ပါးစပ်ရာဇဝင်လေးဖြစ်သွားပြီ ဒညင်းဝက်ရေ…
      😀

  • Ma Ma

    April 3, 2014 at 7:55 am

    ဘောလုံးပွဲဆိုတာနဲ့တင် ဦးလှဝင်းကို သတိရတယ်။

    ကိုစံလှကြီးပြောသလို မြန်မာအသင်း ငွေရခဲ့တဲ့နှစ်တွေတုန်းက မြန်မာဘောလုံးအသင်း ရွှေထီးဆောင်းခဲ့တဲ့အချိန်လို့ ပြောရမယ်။

    အဲဒီတုန်းက ပရိတ်သတ်တစ်ယောက်အနေနဲ့ မြန်မာအသင်းကို ရွှေ မှန်းခဲ့တာ။

    • ဦးကျောက်ခဲ

      April 3, 2014 at 1:49 pm

      အမှန်ပြောရရင် အဲဒီတုန်းက တကယ်ကို ရွှေတံဆိပ်နဲ့တန်တဲ့ခြေ…
      အခုများတော့… ကြေးတံဆိပ်နဲ့တောင်တန်ရဲ့လားမသိ…
      😀

  • ကထူးဆန်း

    April 3, 2014 at 8:45 am

    အဲ့ဒီ့ အချိန်က ရွှေထီးဆောင်းတဲ့ အချိန်တော့မဟုတ်ဘူး အန်တီမမ ရဲ့ ..
    ရွှေထီးဆောင်းတဲ့ အချိန်က အဲ့ဒါထက် အများကြီးစောတယ် .. မဟာဒူးတို့ ဂိုးတင်အောင်တို့ခောတ် က ရွှေထီးဆောင်းခဲ့တာပါ ..
    ဦးစံလှကြီး ဆို နှစ်က အစ မှတ်မိမှာ .. ဦးစံလှကြီးရဲ့ မှတ်ဉာဏ်ကိုတော့ တကယ် ချီးကျူးးပါတယ် ။
    အဲ့ဒီ့တုန်းက ထိုင်းအသင်းမှာလည်း နံမည်ကြီးတွေ ရှိသလို စကာင်္ပူ အသင်းမှာလည်း နံမည်ကြီးတွေ ရှိနေတယ် ။ စကာင်္ပူ မလေးတစ်ယောက်ဆို ဟော်လန် က ကလပ် တစ်ခုမှာ သွားကစားနေတဲ့ အချိန် ။

    မြန်မာကို ရွှေ မပြောနဲ့ ငွေ တောင် မမှန်းတဲ့ ခောတ် ။ စကာင်္ပူကိုလည်း မြန်မာ မနိုင်လောက်ဘူးလို့ မှန်းထားတာ ။

    ကျွန်တော်ပြောတဲ့ ပြဿ နာ တက်ပြီးစကာင်္ပူ နဲ့ ကစားတဲ့ ပွဲမှာ မြန်မာတွေ ခြေအသာကြီးနဲ့ နိုင်တာ မဟုတ်ပေမဲ့ ကြိုးစားအားထုတ်မှု စိတ်ဓါတ် နဲ့ နိုင်ခဲ့ပါတယ် ။အဲ့ဒီ့ နေ့ က အရမ်း အရမ်း ကြိုးစားခဲ့ ကြသလို စကာင်္ပူရောက်မြန်မာအားလုံးနီးနီးလဲ ကွင်းထဲရောက်အားပေးခဲ့ကြတယ် .. တကယ်ကို မထင်မှတ်ခဲ့ကြပေမဲ့ နိုင်ပြိး ဗိုလ်လုပွဲ ရောက်ခဲ့ပါတယ် ..
    ဦးစံလှကြီးလောက် မမှတ်မိပေမဲ့ ကျွန်တော့တစ်သက် အခုထိ မြန်မာ့လက်ရွေးစင်တွေကန်တဲ့ပွှဲ တီဗွီ ကဘဲအားပေးဘူးတာ ။ မြန်မာ့လက်ရွေးစင်တွေ ကန်တဲ့ပွဲ မျက်ဝါးထင်ထင် ကြည့်ဖူးတာ အဲ့ဒီ့ တစ်ပွဲဘဲ ရှိတယ်.။ ။

  • black chaw

    April 3, 2014 at 8:57 am

    အော်…ဘောမှာ ဒဏ္ဍာရီရှိခဲ့သတဲ့ လား ကိုကျောက်ရယ်…။
    အောင်ကျော်ကျော် ညီမ ကွင်းလေး ကို ကြိတ်..ကြိတ်..ပြီး ခိုက်ခဲ့သူတွေထဲ
    ကိုကျောက်လည်း ပါခဲ့တယ်ပေါ့…။ (မိန်းမခေါင်းမခေါက်ခင် ကြိုရှောင်ထားဗျို့…။)
    ဘောလုံးကွင်းထဲ ဘောလုံးမှန်လို့ ဘောလောကကို စွန့်ခွာခဲ့သူကြီးရယ်လို့
    မြန်မာ့ ဘော သမိုင်းမှာ မှတ်တမ်းတင်လိုက်ပါပြီ…။
    :mrgreen:

    • ဦးကျောက်ခဲ

      April 3, 2014 at 1:53 pm

      ကိုဂျီးဘလက်ကလည်း အချွန်နဲ့ မ ပြန်ပြီ…
      ဒီတစ်ခါ မခေါက်တော့ဘူး ၊ အသံထွက်လို့ ဆိတ်ဆွဲမယ်… တဲ့
      😀

  • surmi

    April 3, 2014 at 10:05 am

    ကတောက်စ် !! နာသဗျာ
    အဲ့ဒီဘောလုံးသာမမှန်ခဲ့ရင်
    ဒို့ဦးကျောက်တစ်ယောက် တိုက်စစ်မှူးဘဲဖြစ်မလား ပလေးမိတ်ကာ ဘဲဖြစ်မလား 🙂
    ဘာပဲဖြစ်ဖြစ် အခုတော့လဲပဲ တိုက်စစ်မှူးပါပဲလေ :mrgreen:

    • ဦးကျောက်ခဲ

      April 3, 2014 at 1:56 pm

      အဟိ… အဲသည့်ဘောမှန်လို့ ကံကောင်းသွားတာ… ကိုရင်ဆာ
      မဟုတ်ရင် မြန်မာအသင်းကမောင်တွေနဲ့အတူ… အဆဲခံရမှာပေါ့… ဟီဟိ
      😀

    • ဦးကြောင်ကြီး

      April 7, 2014 at 12:50 am

      ဟုတ်ဝူး … ဦးကျောက်စ်က အခု ထိုးစစ်မှူ း…. ထိုးမည်ဆိုဒါချည်းဗဲ… အဲ.. တဖက်အသင်း ခံစစ်မှူ းဂဒေါ့…

  • Crystalline

    April 3, 2014 at 3:20 pm

    အစ်ကိုတွေကြားကြီးပြင်းခဲ့တော့ ဘောလုံးအားကစားကိုတော့အသေအားပေးခဲ့တာ… ကိုယ်တိုင်လည်းကန်တယ်.. လွန်ခဲ့တဲ့နှစ်နှစ်လောက်က အကန်ကောင်းလို့.. ခြေချောင်းရိုးလေးတောင်ကျိုးသွားခဲ့သေး.. အခုရာသီတော့နားလိုက်တယ်.. :mrgreenn: စတားတာတော့ဟုတ်ဘူးနော်… နောက်ပိုင်းညန်မာပွဲတွေကြည့်ဘူး.. ကျန်တဲ့ပွဲတွေကိုတော့ အိပ်ရေးပျက်ခံအားပေးတယ်..
    ကိုအောင်ကျော်ကျော်ကလည်း တော်တော်ရုပ်ဖြောင့်တယ်နော်.. သူ့ညီမဆိုတာ မမာလေးကိုပြောတာလား.. ဒါမှမဟုတ်အလတ်မလား… :mrgreenn:

    • ဦးကျောက်ခဲ

      April 4, 2014 at 10:04 am

      Crystalline says:
      “သူ့ညီမဆိုတာ မမာလေးကိုပြောတာလား.. ဒါမှမဟုတ်အလတ်မလား…”
      ဟမ်မယေး… ဟမ်မယေး… တိုးတိုးပြောပါမယ်ခွစ်ရဲ့ …
      အဟိ… အိမ်ထောင်ကျပြီး ဝတုတ်ကြီးတွေ ဖြစ်ကုန်ပြီလားဟင်…
      😀

  • ကို ကျောက် သာ ဘော သ မား ဖြစ် လို့ အခု ချိန် မှာ လက ်ရွေး စင် ဖြစ် နေ လို့
    မြန် မာ လိဂ် မှာ ဝင် ကန် နေ ရင် ကို ကျောက် ကုို ဘယ် သူ မှ မြန် မာ ဘော သ မား လို့ မ ထင် မှာ သေ ချာ တယ်

    သ ဘော ပေါက်

    • ဦးကျောက်ခဲ

      April 4, 2014 at 10:10 am

      အဟိ… ရူပါက အဲသည့်လောက်ပွင့်တယ်လေ အကိုပေါက်ရဲ့ …
      ဘာပဲဖြစ်ဖြစ် MNL ဂုဏ်ပုဒ်နဲ့ ညီသွားမှာပေါ့… အား ဟိ
      😀

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 3, 2014 at 4:16 pm

    ဟုတ်တယ်ဗျ ပြောရရင် အားကစားတစ်ခုတွက်
    အထောက်ကူလို့ပြောရမလား အလွန်အရေးတယ်
    ခုလို ဘော ဆိုတဲ့ကိစ္စမှာ ကျုပ်လည်းငယ်ငယ်ကဆို ဘောသမားဘဲဗျ :mrgreen:
    ဘောတစ်လုံးရဘို့ တော်တော်ခက်ခဲတယ်
    ကျုပ်တို့တောရွာတွေမှာဆို ဘောလုံးကန်ဘို့ ရွာအပြင်မှာ
    ဘုရားကုန်းလိုနေရာတွေက ဘောကွင်းဘဲ
    လူရှိတယ် ကွင်းရှိတယ် ဘောမရှိဘူး ရှိတဲ့ဘောကလည်း ပိုက်ဆံပေးပြီးငှားမှရတယ်
    ဘောကိုအလွယ်မရတော့ မကန်ဖြစ်ကြဘူး မကန်ဖြစ်တော့ ခြေမတက်ဘူး
    အင်မတန်ရိုးရှင်းတယ်
    ဝါဆိုလတွေလို ဥပုသ်လတွေကြမှ ဥပုသ်နေ့ဆို မနက်ဘုန်းကြီးကျောင်းမှာ
    သီလယူပြီး ကျောင်းကပြန်လာ လူစု နည်းနည်းပါးပါးကစ်ပြီး မူးလာရင်
    ဘောကိုငှားပြီးကန် ဘောငှားခက လောင်းကြေးရဲ့ % နဲ့ပေးရတာ
    အမှန်ကလည်း ရွာဒေသလူထုတွက် ဘောတစ်လုံးဆိုတာ ဘာမှတန်ဘိုးမရှိဘူး
    အဲ့သည်ဘာမှ တန်ဘိုးမကြီးတဲ့ဘောတစ်လုံးကို အားကစားအတွက်
    ဘယ်သူမှ အလကားဝယ်ထားမပေးဘူး
    ခြေဗလာနဲ့ ကန်ကြလို့ ခြေထောက်တွေနာပြီး ဘောကန်ခြင်တဲ့စိတ်တွေလျှော့တာတို့
    ဘောကန်လို့ ဘောမကျအောင် ပုဆိုးကိုခါးတောင်းကြိုက် အပြင်ကနေ
    လှဆန်းယဉ်အားကစားဘောင်းဘီထပ်ဝတ်ပြီးကန်ရသေးတယ်
    ခါးတောင်းကြိုက်နဲ့ဘဲကန်တော့ နင်လားငါလားဂိုးလုသွင်းကြတော့မယ်ဆို
    ဘောကိုဘဲမဲနေတော့ခါးတောင်းကြိုက်ပြုတ်ပြီး ပုဆိုးကျွတ် တန်းလန်းကြီးနဲ့
    လိုက်ကန်တဲ့ဇာတ်လမ်းတွေလည်းရှိသပေါ့
    အနှစ်ချုပ်လိုက်တော့ ဘောမှသည် အားကစားတွေရဲ့ တိုးတက်ရေးဆိုတာ
    သက်ဆိုင်တဲ့ အားကစားတွေတွက် နေရာ ပစ္စည်းကိရိယာတွေ အပြည့်ဝမဟုတ်တောင်
    အထိုက်အလျှောက်ရှိဘို့တော့လိုဘါဒယ်

    • ဦးကျောက်ခဲ

      April 4, 2014 at 10:15 am

      ကိုရင်မားပုပြောတာ အမှန်ပဲ…
      ကျောက်စ်တို့ငယ်ငယ်က မှော်ဘီသားရေဘောလုံး မာခေါက်ခက်ကြီးနဲ့ ကန်ချင်ရင်…
      စက်ဘီးလေထိုး ကျွတ်ဖာဆိုင်မှာ ငှါးရတယ်ခင်ဗျ ။ မှတ်မိသလောက် ၂နာရီကို ၂၅ပြား
      😀

  • TNA

    April 3, 2014 at 4:48 pm

    အညဲတမ်း မျက်ရည်လည်ရွှဲခဲ့ရလို့ အခုတော့ မြန်မာ့ဘောဆို ယောင်လို့တောင်မှလှည့်မကျိတော့ဘူး။

    • ဦးကျောက်ခဲ

      April 4, 2014 at 10:31 am

      အဟိ… မ စ တော့ပါဘူး မွသဲရယ်…
      ကျောက်စ်လည်း အဖေ မြန်တျန့်ဘောနောက် အသက်ပါသွားထဲက…
      မြန်မာ့လက်ရွေးစင်အသင်းဆို ရှောင်လေဝေးဝေးပါပဲ…
      ကြည့်ကို မကြည့်တော့ဘူး…

  • မဟာရာဇာ အံစာတုံး

    April 4, 2014 at 11:35 am

    မြန်မာမှာ ဘောဝါသနာတွေ များလှပါတယ် ဥငေးရေ …
    ဒါပေမယ့် …
    ဝါသနာအိုးက ဝါသနာအိုး အဆင့်ပါပဲ …
    မြို့ရပ်ကွက် လမ်းမတွေပေါ်မှာ ဘော ကန်တာတွေ အများကြီး တွေ့နိုင်သလို ..
    ရွာဘက်တွေမှာ ဘောပွဲ ချိန်းကန်ကြတာ ရှိပါတယ် …
    ဒီလူတွေထဲကမှ စိစစ်ရွေးချယ်လို့ အသင်းဖွဲ့ရင်တောင် အတော်ဟုတ်လောက်မယ် ထင်ပါရဲ့ …
    ခုတော့ .. နီးစပ်တာ ဖားတတ်တာ ကို ဦးစားပေးကြတော့ ပျက်ပေါ့ …

    စကားမစပ်ဗျာ ..
    ဟို ဘောဝေဖန်တဲ့ လူကြီးရဲ့ အော်သံကို
    ကျနော်ကတော့ဖြင့် လွှတ်သဘောကျခဲ့မိတယ်ဗျို့ …

    • ဦးကျောက်ခဲ

      April 7, 2014 at 10:57 am

      အဲဒါတော့ အဟုတ်ပဲ ကိုရင်အံစာရဲ့…
      ကျောင်းသားဘဝ “ဘဂဝါ အင်တာနေရှင်နယ်” အသင်းနဲ့ ချိန်းကန်ဖို့လာခေါ်ရင်…
      အရှုံးပေးလိုက်ရတာချည်းပဲ… ၊ နယ်ကလူတွေ ဘောသွေးဘောမာန်ကြွချက်ကတော့…
      ရိုက်ပွဲမဖြစ်ရင်… ဘောပွဲမမည်… ဟီ ဟိ
      😀

  • nozomi

    April 4, 2014 at 12:54 pm

    ကျောက်စ် တို့က တော့
    မိန်းမချောချော လေး ကလဲ ရ
    လူစိတ်ဝင်စားနိုင်အောင် ရေးနိုင်တဲ့ လက်လဲ ရှိနဲ့
    တကယ်ကို အားကျမိပါရဲ့

    အောင်ကျော်ကျော် က ကွင်းထဲမှာတောင် အဖမ်းကောင်းတာ မဟုတ်
    ရှမ်းပြည်ဘက် တာဝန်ကျတော့ မှောင်ခို ကားတွေ ဖမ်းတာမှာလဲ နာမည်ကြီး ဆိုပဲ

    ဘာပြောပြော ဘောဆရာ အဲ ဘောပညာရှင် စကားများကို နာယူမှတ်သားသွားကြောင်းပါ

    • ဦးကျောက်ခဲ

      April 7, 2014 at 11:07 am

      အို… အသင်လောက…
      ကိုရင်နိုသည် ခေသူမဟုတ်ကြောင်း… ကျောက်စ် ကောင်းကောင်းကြီးသိရပါပြီ…
      အဟိ… သိလိုသူများ သုံးသိန်းမကျော်သော စားသောက်ဝိုင်းဖြင့်ဧည့်ခံ၍ မေးနိုင်ပါသည်….
      😀

  • padonmar

    April 4, 2014 at 9:39 pm

    အဲဒီ သန်းတိုးအောင်၊မျိုးလှိုင်ဝင်း၊အောင်ကျော်ကျော် ခေတ်လွန်ကတည်းက ပြည်တွင်း ဘောပွဲမကြည့်တော့ဘူး။
    ပြည်ပကတော့ ဘက်ဂီယို မကန်တော့ကတည်းက….
    သူငယ်ချင်းတယောက်အဖေက တိုင်းနဲ့ပြည်နယ်ဖိုင်နယ်ပွဲမှာ လက်ရွေးစင် ရှမ်းကို ကရင်က မထင်ပဲ နိုင်သွားတော့ သူလောင်းထားတာ နိုင်သွားတယ်၊အဲဒီမှာတင် နှလုံးရပ်သေသွားရှာတယ်။ ၁၉၈ဝ လောက်ကပေါ့။

    • ဦးကျောက်ခဲ

      April 7, 2014 at 11:13 am

      ဟိ… အန်တီဒုံလည်း လူစွဲကြီးသကိုး…
      ပြောမည့်သာပြောရ သူတို့ခေတ်နောက်ပိုင်း ဘောပွဲက ကြည့်ချင်စရာမကောင်းတော့ဘူး…
      ကျောက်စ်အဖေကတော့ မြန်မာ – ဘင်္ဂလားပွဲမှာ အသက်ပေးသွားတယ်…

Leave a Reply