ကြွေးကြော်နေရုံမျှနဲ့ မလုံလောက်နိုင်ပေ
တနေ့မှာ ကျောင်းက အပြန် တက်စီစီးလာရင်း ယာဉ်ကြောကြပ်တဲ့နေရာအရောက်မှာ တက်စီဆရာက ညည်းချင်းစလာပါတယ်။
သူက အင်ဂျင်နီယာဘွဲ့ရပြီး စင်္ကာပူမှာ (၇)နှစ် အလုပ်သွားလုပ်ခဲ့ပါတယ်တဲ့။မိသားစုနဲ့မခွဲနိုင်လို့ မြန်မာပြည်ကို ပြန်လာပြီး အီလက်ထရွန်နစ် ပစ္စည်းပြုပြင်ရေး လုပ်ငန်းလေးလုပ်ရင်း တဖက်က အပိုဝင်ငွေ ရအောင် တက်စီထွက်မောင်းပါသတဲ့။ ခုလိုယာဉ်ကြောပိတ်တာနဲ့တိုးရင် အုံနာကြေးတောင် မရတော့ပါဘူးလို့ ညည်းပြောလေး ပြောပါတယ်။
အဲဒီတော့မှ ကျမရဲ့အင်တာဗျူးစပါတော့တယ်။ `စင်္ကာပူမှာ (၇)နှစ်တောင် လုပ်ခဲ့တာ ဒီမှာနဲ့တော့ တော်တော်ကွာမှာပေါ့နော်´လို့ စပေးလိုက်ပါတယ်။ တက်စီဆရာလည်း ရင်ဖွင့်ချင်ချင်ဆိုတော့ ဆက်တိုက် ပြောတော့တာပါပဲ။
“ကွာတာပေါ့ဗျာ ၊ ဆီနဲ့ရေလိုပဲ။ ဒီကိုပြန်ရောက်ရောက်ချင်း လေဆိပ်ထဲရောက်တာနဲ့ တခြားစီပဲ ဆိုတာတွေးလိုက်မိတယ်။ မိသားစုသံယောဇဉ်ကြောင့်မို့လို့သာပေါ့ဗျာ။ ဟိုမှာဆိုရင် အစစအရာရာ စည်းကမ်း ရှိတယ်။ အမှိုက်တစ မတွေ့ရဘူး။ အခုက လေဆိပ်မှာတောင် အမှိုက်တွေတွေ့နေရတယ်။ ဟိုမှာလည်း ဗမာများတဲ့ နေရာတွေဆိုရင် သိပ်မသန့်ချင်ဘူး။ ဗမာဆိုရင် အထင်သေးလို့ လစာလည်း ကောင်းကောင်းမပေးချင်ဘူး။ ကျနော်က သပ်သပ်ရပ်ရပ်လည်း ဝတ်၊ အင်္ဂလိပ်လိုလည်းပြောတတ်တော့ ကျနော့ကိုဆို ဗမာလို့ မထင်ကြဘူး။” လို့ ရင်ဖွင့်ရင်း လမ်းဘေးမှာ ပုံနေတဲ့ အမှိုက်ပုံကို လက်ညှိုးထိုးပြပါတယ်။ “ကြည့်ပါလားဗျာ ၊ ယင်တလောင်းလောင်းနဲ့ ဘယ်လိုလုပ်ကျန်းမာရေးနဲ့ ညီညွတ်မလဲ။ စည်ပင်ကလည်း မှန်မှန်မသိမ်း ၊ လူတွေကလည်း စည်းကမ်းမဲ့ပစ်”လို့ပြောရင်း ကားတံခါးလေး အသာဟပြီး ပါးစပ်ထဲဝါးနေတဲ့ကွမ်းတံတွေးကို လမ်းပေါ်ထွေးချလိုက်ပါတယ်။
နောက်ခန်းက လိုက်လာတဲ့ကျမ “အင့်” ကနဲ စိတ်ထဲမြည်ရင်း ဓမ္မဗျူဟာစာစောင် အသိအမြင် စင်ကြယ်ရေး ကဏ္ဍ ထဲက ဆောင်းပါးလေး တပုဒ်ကို သတိရလိုက်မိပါတယ်။
၂၀၁၃ခု ၊ ( စက်တင်ဘာ)လ ဓမ္မဗျူဟာ စာစောင်မှာပါတဲ့ အရှင်သုမင်္ဂလသီရိ (ဆင်ပေါင်ဝဲ) ရဲ့ `မုန်းချောင်းကမ်းပါး တစ်နေရာ ´ဆောင်းပါးလေးပါ။ စာရေးသူ ရေးထားတာကို အကျဉ်းချုပ်ရေးတာ ဖြစ်တဲ့အတွက် ဆိုလိုရင်းနဲ့ လွဲခဲ့ရင် ကောက်နှုတ်သူ ကျမရဲ့အပြစ်သာ ဖြစ်ပါတယ်။ ဆောင်းပါးအကျဉ်းက ဒီလိုပါ။
မကွေးတိုင်း ကျောင်းတော်ရာ မုန်းချောင်းကမ်းပါး မှာ ဘုရားဖူးငါးကြီးတွေ အစာကြွေးဖို့ စောင့်ရင်း စာရေးသူရဲ့ဘေးမှာ ငါးစာ အတူလာကြွေးတဲ့ လူပုဂ္ဂိုလ်တဦးက “ဒီနှစ်ငါးကြီးတွေ အလာနည်းသွားတယ်” လို့စကားစလာပါတယ်။
တဆက်တည်းပဲ “ဒီလိုငါးတွေ အလာနည်းလာတာဟာ အုပ်ချုပ်သူ အစိုးရ အသုံးမကျလို့ပေါ့ ၊ ဟုတ်တယ်မလား ဘုရား” လို့လည်း ဝေဖန်ရေးအဖော်ညှိလာပါတယ်။
“ဒကာကြီးက ဘာကြောင့် ဒီလိုပြောရတာလဲ” လို့ စာရေးသူက မေးခွန်းထုတ်လိုက်တော့
“ဇာတ်နိပါတ်ထဲမှာ ရှင်ဘုရင် တပါးဟာ ရသေ့တွေ နေတဲ့ ကျောင်းသင်္ခမ်းကို ရောက်သွားတော့ ရသေ့တွေက ချိုနေတဲ့ ညောင်သီးနဲ့ ဧည့်ခံပါတယ်။တိုင်းပြည်အုပ်ချုပ်တဲ့ မင်းက မင်းကျင့်တရားနဲ့ အညီ အုပ်ချုပ်တဲ့ အတွက် ညောင်သီးတွေတောင် ချိုနေပါတယ်လို့ ပြောပြတော့ လက်တွေ့စမ်းချင်တဲ့ ဘုရင်က တိုင်းပြည်ပြန် မင်းကျင့်တရားတွေ ဖောက်ပြီး အုပ်ချုပ်ကြည့်ပါတယ်။ နောက်မှ ရသေ့တွေဆီ ပြန်သွားတော့ ညောင်သီးတွေ ခါးနေတာ တွေ့ရမှ ယုံသွားပြီး မင်းကျင့်တရားနဲ့ အညီ ပြန် အုပ်ချုပ်သွားတယ်လို့ ဖတ်ရပါတယ်။ အခုလည်း ငါးကြီးတွေ မလာတော့တာ ……….ကြောင့်ပဲ။ ငါးကြီးတွေ ပြန်လာစေချင်ရင် ………လုပ်မှ ဖြစ်မယ်´ လို့ ပြောပါတယ်။
စာရေးသူ အရှင်က
“ဒီလိုဆို ၊ ဒကာကြီးက ပဒေသရာဇ်စနစ်ကို ပြန်ရောက်ချင်နေတာဘဲ” လို့ ပြန်ဝေဖန်လိုက်တော့ “တပည့်တော်တို့က ပဒေသရာဇ်ဘုရင်စနစ်ကို မလိုချင်ပါဘူး။ အာဏာရှင်စနစ်လည်း မလိုချင်ပါဘူး။ ဒီမိုကရေစီ စနစ်ဖြစ်အောင် တောင်းဆိုနေတာပါ။” လို့ မကျေမနပ်ပြန်ပြောပါတယ်။“ဒကာကြီးပဲ စဉ်းစားကြည့်။ အုပ်ချုပ်တဲ့အစိုးရမကောင်းလို့ မိုးလေဝသ မမှန်ဘူးဆိုတာ ဘုရင်စနစ်မှာ လုံးဝမှန်တယ်။ တိုင်းသူပြည်သားဆိုတာ ဘုရင်ရဲ့တချက်လွှတ်အမိန့်ကို လိုက်နာနေရတာ။ တရားသည်ဖြစ်စေ ၊ မတရားသည်ဖြစ်စေ ၊ ဘုရင့်အမိန့်ကနေ ဖီဆန်လို့ မရဘူး။ ဖီဆန်ရင် အသက်သေသွားမှာပေ့ါ။ ဒီလိုနဲ့ တိုင်းသူပြည်သားတွေမှာ ကိုယ့်နို်င်ငံကောင်းစားရေးအတွက် ကိုယ်ဘာလုပ်သင့်တယ်ဆိုတဲ့ ဆင်ခြင်နိုင်စွမ်းတွေ ပျောက်ပြီး တိုင်းပြည်ကံကြမ္မာကို ဘုရင့် လက်ထဲ ဝကွက်အပ်လိုက်တာပဲ။ အဲဒီလိုအခါမှာ တိုင်းပြည်သာယာဝပြောဘို့အတွက် သီလစောင့်တဲ့ဘုရင်ဖြစ်ဖို့ အရေးကြီးပါတယ်။ ဒါမှ တရားမျှတစွာ အုပ်ချုပ်ခံရမှာပေါ့။ ဘုန်းကြီးတို့ မြန်မာလူမျိုးတွေ ဆိုတာလည်း ပဒေသရာဇ်စနစ်အောက်မှာ ထောင်စုနှစ်နီးပါးနေခဲ့ရတော့ ဘုရင်စနစ်ကိုပဲ အရိုးစွဲနေတယ်။ ကလေးတွေရဲ့ အိပ်ရာဝင်ပုံပြင်တွေမှာလည်း ဘုရင်၊မင်းသားမင်းသမီး၊ရွှေနန်းတော်ဆိုတာတွေက လွှမ်းမိုးထားတယ်။အဲဒီတော့ ပဒေသရာဇ်စနစ်နဲ့ အခြားစနစ် ယှဉ်လာရင် မသိစိတ်မှာ ဘုမသိဘမသိနဲ့ ပဒေသရာဇ်စနစ်ကိုပဲ ရွေးမိနေတာပဲ။ တကယ်တော့ ပဒေသရာဇ်စနစ်ဆိုတာ အာဏာရှင်စနစ်ကို လက်ယပ်ခေါ်နေတာပါပဲ။
ဘုရင်ဆိုတာလည်း ဘုရင့်သွေးဖြစ်ရင်ဖြစ် ၊ မဖြစ်ရင် ဘုရင်သတ်ပြီး နန်းတက်လာတာ။ အခု ဒကာကြီးတို့လိုချင်တဲ့ ဒီမိုကရေစီဆိုတာ တိုင်းသူပြည်သားက ကိုယ့်ကို အုပ်ချုပ်မယ့်သူကို စိတ်ကြိုက်ရွေးချယ်ခွင့်ရှိတယ်။ဒါ့ကြောင့် ရှင်ဘုရင်ဆိုတာ ပြည်သူပြည်သားကို ကိုယ်စားပြုတဲ့ ပြည်သူ့အစိုးရပဲ။ တိုင်းပြည်ကို တိုးတက်အောင် ၊ ဖွံ့ဖြိုးအောင် ၊ မိုးလေဝသမှန်အောင် လုပ်ဆောင်ဖို့က တိုင်းသူပြည်သားတွေ ရဲ့တာဝန်ဖြစ်တယ်။ အားလုံးကောင်းမှ တိုင်းပြည်ကောင်းပါမယ်။
မင်းကျင့်တရား ဆယ်ပါးဆိုတာလည်း ၂၁ ရာစုမှာ မင်းသာကျင့်ရမယ့် တရား မရှိတော့ဘူး။
တရားမှန်သမျှ မင်းရော ပြည်သူပါ ကျင့်ရမှာ။
အစိုးရရော ပြည်သူပါ အပြောတူ အလုပ်တူကြဖို့ လိုပါတယ်။ တခုတည်းသော အကျင့်တရားအောက်မှာ အတူရှိနေကြဖို့ လိုပါတယ်။ အဲဒီ အကျင့်တရားကတော့ တရားဥပဒေ ပါပဲ။
ဥပဒေ အထက်မှာ ဘယ်သူမှ မရှိရပါဘူး။ဒါကြောင့် မင်းကျင့်တရားဆယ်ပါးဆိုတာ တရားဥပဒေ စိုးမိုးရေး လို့ ဘာသာပြန်ချင်ပါတယ်။
ဒီလိုသာ အစိုးရရော ပြည်သူပါ တရားဥပဒေနဲ့ အညီနေကြမယ်ဆိုရင် ညောင်သီးတွေ ပြန်ချိုသလို ဘုရားဖူးငါးကြီးတွေလည်း ပြန်လာပါလိမ့်မယ်´
ပြောရင်း မဝေးလှတဲ့ အနာဂတ်ကို မှန်းမျှော်မိပါတယ်။
ဒီဆောင်းပါးလေးအတိုင်းပဲ ကျမတို့တတွေလည်း အုပ်ချုပ်သူတွေကိုသာ လက်ညှိုးထိုးမနေပဲ ကိုယ်တိုင်ကောင်းဖို့ ကြိုးစားကြရပါမယ်။
အခုတော့
ရေမြောင်းတွေပိတ်လို့ ရေတွေလျှံပြီး လမ်းတွေပိတ် ၊ ညစ်ပတ်တဲ့ ရေတောထဲ လျှောက်နေရရင်၊ကားတွေ သွားမရတော့ရင် စည်ပင်မကောင်းလို့ ၊ အစိုးရက မြေကွက်လပ်တွေ တိုက်ဆောက်ပစ်လို့ နဲ့သာ ဝေဖန်နေကြရင်း
လက်ကလည်း အမှိုက်တွေကို ရေမြောင်းထဲ တွင်တွင်ပစ်နေကြပါတယ်။နောက်ဖေးလမ်းကြားကို မိုးပေါ်က အထုပ်တွေလည်း ကျကျလာတယ်။ကွမ်းတံတွေးတွေ တပျစ်ပျစ်ထွေးကြပါတယ်။
လမ်းတွေပေါ်မှာ ကားတွေကြပ် ၊ ရှေ့ကိုတိုးမရလို့ အချိန်တွေပုပ်ဖြစ်တိုင်းလည်း အစိုးရက အမြော်အမြင်မရှိ ကားတွေမတရားသွင်း ခွင့်ပြုလို့၊ လမ်းမပြင်လို့၊ မော်တော်ပီကယ် လာဘ်စားပြီး လမ်းမရှင်းလို့နဲ့သာ လေကန်ကြရင်း မောင်းတဲ့ကား ကတော့ လမ်းပြောင်းပြန်၊ လက်ညှိးတချောင်းထောင်ပြီး အတင်းတိုးဝင် ဆိုတဲ့လမ်းစဉ်လိုက်နေကြပါတယ်။
ကျန်းမာရေးစောင့်ရှောက်မှုညံ့တယ်။ ယိုးဒယားမှာ ဘယ်လို၊ စင်္ကာပူမှာ ဘယ်နှယ့်၊ အိန္ဒိယက ဘယ့်နှာ ပြောရင်း ကျန်းမာရေးနဲ့ မညီညွတ်တာတွေကို သိရက်နဲ့စား၊ လေ့ကျင့်ခန်းမှန်မှန်တော့ မလုပ်ချင်ကြဘူး။
ဆရာဝန်ဆရာမတွေ ဆက်ဆံရေးညံ့တာ တော့ ဝေဖန်တယ်။ ကိုယ်နဲ့ ကိုယ့်မိသားစု ဆေးရုံဆေးခန်းပြရင် အလှည့်ကျော်ဝင်ဖို့ ကြိုးစားနေကြပါတယ်။
လူတွေဟာ ကိုယ်နဲ့တန်ရာတန်ရာကိုသာ ရနေကြတာပါ။ ကောင်းတာနဲ့တန်ချင်ရင် ကောင်းအောင် ကိုယ်ကစပြီး နေကြရပါမယ်။
ဒါကတော့ မမဒေါက်တာ ဒေါ်ခင်နွယ်ဝင်း ရဲ့ FB Status က စာလေးပါ။
It is very interesting to note that people wish for a better government in Myanmar.
At least we want the government of the people, by the people,for the people ( Abraham Lincoln ).
But people are missing the most important point. Government alone cannot bring up the country that has been deteriorating slowly over many years of mismanagement and abuse.
Without the people’s willingness to participate, there is very little the government can do whether it is NLD or the present regime.
How about starting with cleanliness at home, communities and the country as a whole. To begin with,stop chewing beetle nuts and spitting all over the place. The media should also stop advertising soft drinks which increase the incidence of diabetes and stop drinking hard liquor which contributes to all kinds of liver diseases. Cigarette smoking is another health hazard.This is a much better way of contributing to your country than antagonizing the government on the streets which oftentimes is futile.
Just remember, without the people’s involvement, the government cannot bring up the country to a higher standard -be it NLD or the present regime.
သန့်ရှင်းသော အစိုးရ၊ သန့်ရှင်းသော အုပ်ချုပ်မှုကို လိုချင်ရင် သန့်ရှင်းသော ပြည်သူဖြစ်ရပါမယ်။
သဘောမတူရင်လည်း ဆဲကြစေသတည်း။
29 comments
ဦးကြောင်ကြီး
May 11, 2014 at 11:44 pm
သန့်ရှင်းသော ပြီသူဖြစ်ဖို့ ရေကမလာ မီးကပျက်… ကဲကွာ အထူးပါဗူး.. မီးတုတ် မီးတုတ် ရှို့ရှို့…
Iris
May 12, 2014 at 5:52 am
ပြည်သူတွေရဲ့ မကောင်းတဲ့အပျင့်တွေကို ဒဏ်ကြေးစနစ် Fine နဲ့ သေသေချာချာတိကျကျလုပ်ရင် လျော့လာမယ်လို့ထင်တယ်။ ဆရာဝန်တွေနဲ့ပတ်သတ်လို့ကတော့ ပြောရင် တီဒုံ စိတ်ဆိုးဦးမယ်။တစ်ချို့တွေ ဝါသနာပါလို့ လုပ်ကြတာ ဟုတ်ပါ့မလား။ ဂုဏ်အတွက် ငွေကြေးအတွက် လုပ်နေကြသလိုပဲ။ လူ့အသက်တွေနဲ့ လက်တွေ့ ဆင်းနေကြသလားပဲ။ နိုင်ငံတော် အဆင့်နဲ့ လုပ်မှ တော်တော် မြန်မြန်သွားမှာပါ။ ပညာရေး။ကျန်းမာရေး။ ဘက တွေ အခမဲ့ဆေးခန်းတွေရယ် NGO တွေကိုချည်းပဲ မှီခိုလို့ တစ်နိုင်လုံးအတိုင်းအတာထိ မထိရောက်နိုင်ဘူးလို့ထင်ပါတယ်။ ဘယ်သူမဆို မွေးရပ်မြေအစွဲကလေးရှိတော့ ကိုယ့်ဒေသကို ဦးစားပေးချင်ကြတာ သဘာဝပါပဲ။
Iris
May 12, 2014 at 6:03 am
.ဆရာဝန်ဆရာမတွေ ဆက်ဆံရေးညံ့တာ တော့ ဝေဖန်တယ်။ ကိုယ်နဲ့ ကိုယ့်မိသားစု ဆေးရုံဆေးခန်းပြရင် အလှည့်ကျော်ဝင်ဖို့ ကြိုးစားနေကြပါတယ်။´
တီဒုံ စိတ်မဆိုးပါနဲ့ နည်းနည်းရှင်းပြချင်လို့
ဆရာဝန်ကြီးနဲ့တွေဖို့ ကြိုတင်ဘွတ်ကင်လုပ်တယ်။ ပြီးတော့ အကြာကြီးသွားစောင့်တယ်။ အမှန်ဆိုရင် ညီမလေး ဝမ်းကွဲ က အဲ့ဒီမှာ တာဝန်ခံ ပြီးတော့ ဆရာဝန်ကြီး ရဲ့အိမ်ကိုဆောက်ပေးနေတာ။ ညီမကပြောတယ် စောစောဝင်မလားတဲ့ သူပြောပေးမယ်တဲ့။ ရတယ်လို့ ငါ့ နံပါတ်ပဲငါစောင့်ဝင်မယ်လို့။ သူ့ကိုဝန်မပိစေချင်တာရယ်။ စည်းကမ်းလိုက်နာချင်တာရယ်ကြောင့်ပါ။ စေတနာ နဲ့ဆူတာကိုတော့လက်ခံပါတယ်။ ဝေဒနာနဲ့မဆိုင်တဲ့ ပါစင်နယ်တွေ က ရောဂါနဲ့မဆိုင်ရင် မမေးသင့်ဘူးထင်တယ်။ ဥပမာ ရန်ကုန်က စင်ကာပူထက်ဈေးသက်သာလို့လာပြတာလား။ ဒီဈေးနဲတန်တဲ့ ဒီဝန်ဆောင်မှုပဲရမယ်လို့တွေ။ အမှန်က မြန်မာအချင်းချင်း သေသေချာချာတိုင်ပင်လို့ရမယ်ဆိုပြီးအားကိုးလာတာ။
padonmar
May 12, 2014 at 8:03 am
Iris ရေ
အန်တီစိတ်မဆိုးပါဘူး။
ဝေဖန်ရေးကို လိုချင်လွန်းလို့ပါဆို။
အခု အိုင်းရစ်စ်လုပ်ခဲ့တာ ကိုယ့်ကိုယ်ကိုယ် လိပ်ပြာလုံတယ်မလား။
ကျော်မတက်ဘူး။အခွင့်အရေးမယူခဲ့ဘူးလေ။
အဲသလို လိပ်ပြာလုံဖို့ အဓိကပေါ့။
ROssI
May 12, 2014 at 8:25 am
ကျနော် ကျော်တက်ဖူးပါတယ်
ရှက်ပါဘူး .. ကျနော် တိုက်ဖိုး ဆန်ဇစ်တစ်ဗတီ နဲ့ သေမလိုဖြစ်နေချိန်
ကျော် ကျော်ခဲ့တာက … သာထိန်းတွေ အပေါ်သွေး ၁၃၀-၄ဝ လောက် ဖြစ်လို့…
အထူးကုကိုလာပြ ကြတာ …
အဲ့လို ..
ပြန်လာပါ့မယ်..
ROssI
May 12, 2014 at 6:35 am
တနေ့ သေကြရမည်.. မသေခင် ..အီးပီစီ နဲ့ အမ်ပီတီကို …ခေါင်းဖြတ်ဂျ….
ဒချိ ဒချိ
alinsett (gazette)
May 12, 2014 at 7:38 am
အဲ့ဒါပြောတာပေါ့
ကိုယ့်မျက်ချေးကိုယ်မမြင်ဆိုတာ
ကားတွေပေါ်မှာ ကွမ်းမစားရ ရေးပြီး ကပ်တာက ကားစပယ်ယာတွေ ယာဉ်လိုင်းက လူတွေ
စားးတော့ သူတို့ပဲ
လမ်းဘေးတွေကို ပျစ်ခနဲပျစ်ခနဲထွေးလို့
ကားမှတ်တိုင်မှာ ရပ်နေရင် ကားပေါ်က ကွမ်းတံတွေးထွေးချလို့ စင်မှာကို မနည်းသတိထားနေရတယ်။
လဘ်ပေးလာဘ်ယူ တို့ရန်သူ လို့ စာတန်းတွေကပ်ထားတဲ့ ရုံးတွေလည်း ဘာထူးလဲ။
စာတန်းနဲ့ဆိုင်းဘုတ်ပဲ လူမြင်ကောင်းအောင်ပြထားတာ
ဒီမိုကရေစီရဲ့အနှစ်သာရကို ပြည်သူတွေ ကျေနပ်အားရစွာ သုံးဆောင်နေရပြီဖြစ်ကြောင်း
အခုဆိုရင် ထင်ထားတာထက်ပို တိုးတက်နေပြီဖြစ်ကြောင်း
သတင်းစာတွေမှာ စာအဖြစ်ဖတ်ရတယ်
တကယ့်လက်တွေ ့မှာတော့ ဘာမှလည်း မဟုတ်ဘူး။
ရပ်ကွက်ထဲမှာ အငတ်ငတ်အပြတ်ပြတ်တွေနဲ့ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကအတိုင်းပဲ
ဆေးဖိုးဝါးခမရှိလို့ မသေသင့်ပဲသေနေသူတွေ ရှိတုန်းပဲ
ဘာာာာာမှ မထူးခြားဘူး။
ဒီမှာက ကြွေးကြော်သံ အသံကောင်းဟစ်သံတွေသာ ညံနေသလိုပဲ
ပြောရတာလည်း မကောင်းပါဘူး
ကိုယ့်ပေါင်ကိုယ်လှန်ထောင်းနေရသလိုပဲ
ကေဇီ
May 12, 2014 at 7:49 am
အပြစ် အရှိဆုံးက အဲဒီ ပစ်မလွဲဂျီးတွေမို့
အပြစ်တင်ရင်း တင်ရင်း
ပြည်သူတွေလည်း အကျင့်မကောင်းတာတွေ့ ကူးကုန်ကြတာနေမှာပါ။
ခိခိခိ
😀
black chaw
May 12, 2014 at 12:57 pm
ယနေ့မှ စ ၍
သန့်ရှင်းသောပြည်သူပြည်သားများဖြစ်ရန်
ကြိုးစားနေထိုင်ပါမည်ဟု
အဓိဌာန်ပြုပါသည် အစ်မတော် ခင်ဗျား…။
kai
May 12, 2014 at 4:48 pm
ဒီလ အယ်ဒီတာ့သင်ပုန်းနဲ့ သဘောတရား.. နည်းနည်းသွားတိုက်ဆိုင်နေတယ်..။
အဲဒီထဲ..
=
၁၂-လရာသီမိုး ဘွဲ့ထဲက.. နောက်ဆုံးအပိတ်..
ကို ကိုးကားရေးတာ.. အဲဒါစိတ်ထဲအလွတ်မှတ်မိတာ.. ဖြစ်နေတာမို့.. အမှန်ဟုတ်မဟုတ်.. မသေမချာဖြစ်နေတာ..
အမှန်သိသူများရှိက.. ကူညီပါကုန်..။
padonmar
May 13, 2014 at 1:13 pm
မြန်မာစာညွန့်ပေါင်းကျမ်း ၅တွဲရှိတယ်။အဲဒီ မိုးဘွဲ့က ဘယ်သူ ဘယ်ခေတ်ကရေးတာလဲ၊ရှာကြည့်ပေးမယ်။
kai
May 13, 2014 at 1:43 pm
မုံရွေးဆရာတော် မှတ်စုလို့မှတ်မိတယ်..
နောက်က အပိတ်ကို..ကျောင်းအတန်း ပြဌာန်းစာအုပ်မှာပြဌာန်းတုံးဖြုျတ်ထားခဲ့တာလို့.. မှတ်မိတယ်..။
မဆလခေတ်က အဲလိုပဲ…
ကမ္ဘာမကြေသီချင်းတောင်.. အဖွင့်ကိုဖြုတ်ချထားတာကြည့်…။
padonmar
May 13, 2014 at 9:08 pm
မြန်မာစာညွန့်ပေါင်းကျမ်းမှာတော့မပါ.
မုံရွေးဆရာတော်ရဲ့ သမန္တစက္ခုဒီပနီမှာလည်းမပါ။
မုံရွေးမှတ်စုတော့ ကျမမှာမရှိ။
စာအုပ်ဆိုင်ရောက်မှ မေးကြည့်မယ်။
lu lu
May 12, 2014 at 4:58 pm
သန့်ရှင်းသော အစိုးရ၊ သန့်ရှင်းသော အုပ်ချုပ်မှုကို လိုချင်ရင် သန့်ရှင်းသော ပြည်သူဖြစ်ရပါမယ်။
ထောက်ခံပါတယ်:mrgreen:
သူ ့များပဲပြောနေလို ့ဘယ်ဖြစ်မလဲ နော့ 🙂
koko
May 12, 2014 at 5:47 pm
ဟုတ်ဖူး အဲဒါ . ..ဘာသာရေးကြောင့်
Ma Ma
May 12, 2014 at 8:20 pm
ပေါက်ပင်ဘာ့ကြောင့် ကို်င်းရတယ် ဆိုသလို…………. 🙁
TNA
May 13, 2014 at 11:53 am
မှန်လွန်းလို့ ဘာပြောရမယ်တောင်မသိတော့ပါဘူး အန်တီဒုံရယ်။ အရည်အချင်းမပြည့်ဝတဲ့ အုပ်ချုပ်သူတွေ ကြောင့် စည်းကမ်းဆိုတာ နားမလည်တော့တဲ့ နိုင်ငံသားတွေကြား မောမိပါတယ်။
မိုက်ကယ်ဂျော်နီအောင်ပု
May 13, 2014 at 4:18 pm
. ပျီသါးတစ်ယောက်အနေနှင့်
. ပျီသူပျီသါးပျီလိင်တူချစ်သူတွေဖက်ကပြောမယ်ဗျာ
. ဆိုခဲ့သလို ပျီသူပျီသါးပျီလိင်တူချစ်သူတွေ ကတော့ စည်းကမ်းရှိကြတာဟုတ်ပါပြီ
. အဲ့သည်ထက်ကိုကျော်ပြီး ပျီသူပျီသါးပျီလိင်တူချစ်သူတွေ က ရွှေလမ်းငွေလမ်းကြီး
. တစ်ချောင်းကိုဖေါက်ခဲ့မယ်ဆိုရင်တောင်
. ကြက်ဖွတ်ကဖေါက်ပါတယ်ဆိုပြီး ပဏာဝင်ယူတာတွေကြတော့ ဘယ်လိုလုပ်ကြမဒုံးဗျာ
. ဆိုခြင်တာက ပျီသူပျီသါးပျီလိင်တူချစ်သူတွေ က ကိုယ်ထူကိုယ်ထ
. ကိုယ့်အိမ်ရှေ့ရေမြောင်းကိုယ်ဆယ် ကိုယ့်အမှိုက်ကိုယ်ရှင်း လုပ်ကြလို့
. စည်ဘင်က ဘတ်ဂျက်တွေလျှော့ယူမယ်လို့ထင်သလါး??
. ဝေးသေး
. ပျီသူပျီသါးပျီလိင်တူချစ်သူတွေ ရဲ့ကိုယ်ထူကိုယ်ထ လုပ်အားတွေကိုပါ
. ဘတ်ဂျက်ထဲထည့်ပြီး သူတို့မိန်းမ ဆပ်စပိုင်တာဘိုးလုပ်ဂျမယ်လို့ ပြောရင်
. ဘါပြောဂျင်လဲ
. ပုံ
. ပျီသူပျီသါးပျီလိင်တူချစ်သူများ ကိုယ်ဇလည်
.
weiwei
May 13, 2014 at 11:26 pm
Good Government, Clean Governance တွေကို ကြားရလွန်းလို့ .. (ဖောင်ကြီးသင်တန်းမှာ ….)
ဒေါ်မြလေး လေသံနဲ့ ပြောရရင်တော့ …
ပြောကို မပြောချင်တော့ပါဘူး ..
Crystalline
May 14, 2014 at 2:27 pm
အဲဒီကွမ်းယာ..ဆေးလိပ်…ကာယကံရှင်ရော…ပတ်ဝန်းကျင်ပါ ကောင်းကျိုးမပေးတဲ့ ပစ္စည်းတွေကို ဈေးပေါပေါနဲ့ နေရာတကာ.. ဝယ်ယူစားသုံးခွင့်ရနေတာကို မုန်းတယ်… စားသုံးတဲ့လူတန်းစားတွေကလည်း ရောဂါဖြစ်လာရင် ထိရောက်စွာမကုသနိုင်မယ့်လူတွေက များတယ်.. အဲလိုဆိုင်မျိုးတွေကို အခွန်တွေချပါလား… ကွမ်းယာဆိုင်ကို လေလံဆွဲပြီးမှဖွင့်ခွင့်ပေး.. ကြမ်းခင်းဈေး.. သိန်းတစ်ထောင်…. လေထဲတိုက်အိမ်ဆောက်ကျိတာ.. တော်တော်လည်း အသဲယားနေလို့.. 😀 .
padonmar
May 14, 2014 at 8:52 pm
ကွမ်း၊ဆေးလိပ်၊အရက်(ဘီယာပါ)တွေကိုတော့ အခွန်တိုးမယ်ဆိုပြီး မတိုးတာလည်း မပြောချင်ပေမယ့် ပြောရအုံးမယ် ခွစ်ရေ။
kyeemite
May 14, 2014 at 4:20 pm
သန့်ရှင်းသော အစိုးရ၊ သန့်ရှင်းသော အုပ်ချုပ်မှုကို လိုချင်ရင် သန့်ရှင်းသော ပြည်သူဖြစ်ရပါမယ်။
ထောက်ခံပါတယ်အာတီဒုံ… 🙂
ဒီလိုစာတွေ ဂဇက်မှာရေးနေတာကိုကလည်း…အာတီဒုံတတ်နိုင်ရာဝန်ထမ်းနေတာပါပဲ…
လေးစားပါတယ်။
padonmar
May 14, 2014 at 8:47 pm
ဦးမိုက်ရေ
အားပေးတာ ကျေးဇူးပါ.
ကိုယ့်ဖာသာရေးပြီး ငါလည်း လေနဲ့ပဲ ကြွေးကြော်ပြစ်တင်နေတဲ့ထဲ ပါများနေပြီလားလို့ ပြန်ပြန်စစ်နေရပါတယ်။
တာဝန်တွေ ကိုယ်စီ ရှိတာ သတိဝင်ကြစေချင်ပါတယ်။
myat pearl phyu
May 15, 2014 at 1:51 pm
ဟိုဝံဂီးက ဘုရားရင်ပြင်ပေါ်တောင် ကားနဲ့တက်ဖူးသတဲ့..
အော်… ဘယ်လိုတွေလည်းတော့ မသိတော့ပု..
ကိုယ့်တိုင်းပြည်ကောင်းဖို့ ..ကိုယ့်မှတာဝန်ရှိပါ၏။
တာဝန်ကိုသိတဲ့သူ တာဝန်ရှိပါ၏…
တာဝန်သိလို့ ဝတ္တရားလည်းကျေပွန်ကြပါစေ…
ကိုပေါက်(မန္တလေး)
May 15, 2014 at 2:35 pm
ဆိုရှယ် လစ် စ နစ် က ဆောင် ပုဒ် ဆို ပေ မယ့် ကောင်း တယ် လို့ ကျ နော် ထင် တဲ့ စာ သားေ လး တစ် ခု ရှိ တယ်
” မိ မိ ကိုယ် ကို ကောင်း အောင် ကြိုး စား မည်” တဲ့။
တစ်ယောက် ချင်း ကောင်း အောင် ကိုယ် တိုင် ကြိုး စား ကြ မှ အားလုံးေ ကာင်း လာ မယ် လို့ ယုံ ကြည်ပါ တယ် ။
အော် နေ လို့ တော့ ဘာ မှ မ ပြီး ဘူးေ နာ်
JackSkellington
May 19, 2014 at 7:52 pm
သူ့ အရပ် နဲ့ သူ့ ဇာတ် က တော့ အဆင်ပြေနေသားဗျ။
စိတ်ကောင်းမရှိတဲ့ အစိုးရ နဲ့ စည်းကမ်း မရှိ တဲ့ ပြည်သူ နဲ့ း)
ခက်တာက စည်းကမ်း ရှိချင်ရင်တောင် ကိုယ်က ခံလိုက်ရဦးမှာလိုမျိုး ဖြစ်နေတယ်။
အနည်းဆုံးတော့ ကိုယ့်အမှိုက် ကိုယ် ပြန်သိမ်း။ ကိုယ့်နေရာ နဲ့ ကိုယ် တန်းစီ လောက် က စကြရင်တော့
တဖြည်းဖြည်းချင်း အဆင်ပြေလာကောင်းပါရဲ့။
naywoon ni
May 19, 2014 at 10:17 pm
ငယ်ငယ်တုန်းက ရန်ဖြစ်နေတဲ့ သူငယ်ချင်း နှစ်ယောက်ကြား အသားယူပြီး ပြောခဲ့ သလို ပြန်ပြောရမဲ့ပုံ ။ ” အကြီးကောင်လဲ တော် အငယ်ကောင်လဲတော် ” ဆိုတာမျိုးလေ ။ ခုလဲ “အစိုးရလဲပြင် ပြည်သူလဲပြင် ” လို့ပြောရမှာပဲ ။ အနိမ့်ဆုံး အဆင့် လူတစ်ဦးချင်းစီက ပြင်ရမှာ ။ လူအတော်များများက ပြင်ပြီး လူတစ်စုက မပြင်လို့လဲ မဖြစ်ပါဘူး ။ အာလုံး ညီညာမှ ပြာသာမှာ ဆိုသလို တစ်ညီ တစ်ညာထဲ ပြင်မှရမှာ ။ ခက်တာက ဘယ်တော့ မှလဲ ညီမှာမဟုတ် ။ တစ်ဖွဲ့လုံးဖြုတ်ပစ်မှ နားအေးမှာ ။ အဲ့ဒိတော့မှ ခေါင်းဆောင်အသစ်က ရှေ့ဆောင် နွားလား ဖြောင့်ဖြောင့်သွားပြရင် နောက်က နွားပေါက်စနတွေ ဘေးကို ရှော်တော မငေါ့ရဲ့ပါဘူး ။ ဘေးက နွားကန် နဲ့ အသင့်စောင့်နေသူလဲ ရှိပါစေပေါ့ ။ လာဘ်တော့မစားစေနဲ့ ။
လုံမလေးမွန်မွန်
May 20, 2014 at 4:03 pm
အန်တီရေ..အခုက နှမ်းတစ်စေ့နဲ့ ဆီမဖြစ်နိုင်ဘူးလို့ အော်နေတာ..
ကိုယ်က ပြုပြင်မယ် စိတ်မကူးဘူး.. သူများ မိုးခါးရေ မသောက်ရင်ကို ရူးနေပြီလို့ ကြည့်ကြတာလေ..
ဥပမာ သမီးဆို တတ်နိုင်သလောက် လူကူးမျဉ်းကြားက ကူးပါတယ်..ဒါပေမယ့် ကားတွေက လုံးဝ ရပ်မပေးဘူး အန်တီရယ်.. မီးပွိုင့်မိနေရင်တောင် မျဉ်းကြားပေါ် တက်ရပ်ထားသေးတယ်… ပွိုင့်ရပ်ထားတဲ့အချိန်မှာ ကားကြားထဲကကူးမှ အဆင်ပြေတယ်.. ဒါတောင် လမ်းပြောင်းပြန်တက်လာမယ့်ကားကို ကြည့်ရသေးတယ်.. မဟုတ်ရင်လည်း ကိုယ်က မျဉ်းကြားရောက်အောင် လမ်းလျှောက်နေတဲ့အချိန်မှာ မီးပွိုင့်က လွှတ်ရော… ကားတွေက အသားကုန်မောင်း၊ ကိုယ်က နောက်တစ်ပွိုင့်မိလို့ ကားတွေရပ်တဲ့အထိ မျဉ်းကြားမှာ နေပူပူကြီးထဲ မတ်တပ်ရပ်စောင့်နေရတဲ့အဖြစ်.. အဲဒီတော့ လွတ်တဲ့အချိန် လွတ်တဲ့နေရာကနေ ဖြတ်မိရော..
Mr. MarGa
May 23, 2014 at 7:06 pm
ဒေါ်လေးရေ
လာမယ်လာမယ်နဲ့ မလာဖြစ်တဲပို့စ်မို့ မန့်နိုင်တုန်းလေး ပြန်ရှာပြီး မန့်လိုက်ပါတယ်
ပြောင်းပါ ပြောင်းပါ ဘယ်လောက်ပဲ ပြောနေနေ ကိုယ်တိုင်က မပြောင်းရင် မပြောင်းပါဘူး
ကိုယ့်ကိုကိုယ် အရင်ပြင်ပြီးမှ ပတ်ဝန်းကျင်ကို ပြုပြင်ဖို့ ပိုလွယ်မှာပါ
တစ်ဖက်ကို လက်ညိုးတစ်ချောင်းထိုးရင် ကိုယ့်ဘက်ကို သုံးချောင်း ပြန်ထိုးထားတာကိုလည်း တွေးသင့်တာပေါ့နော်
ဒါကြောင့် ခုနောက်ပိုင်းမှာ
ဖြစ်စေချင်တာ လုပ်စေချင်တာတွေရှိရင် ကိုယ်တိုင် အရင်ဆုံး လုပ်နိုင်ဖို့ ကြိုးစားနေပါတယ် ဆိုတဲ့အကြောင်း
ဘယ်သူမှ မမေးဘဲ ဝန်ခံသွားပါတယ်ဗျ 🙂