`ညှော်မယ်ဗျို့ ´
ကျမတို့ ငယ်ငယ် နယ်မှာနေစဉ်တုံးက အိမ်တွေက တအိမ်နဲ့ တအိမ် ကပ်နေကြပါတယ်။ တအိမ်က ရန်ဖြစ်သံ ဆူဆူညံညံဆိုရင် ဘေးအိမ်တွေကကြားပြီး ဆွဲတန်ရင် လာဆွဲကြပါတယ်။ဒါကြောင့် ရန်ဖြစ်ရင်တောင် ဘေးအိမ်ကို အားနာလို့ အချင်းချင်း `တိုးတိုး၊မအော်ပါနဲ့၊မရှက်ဘူးလား´ သတိပေးရပါတယ်။
တအိမ်က ငရုပ်သီးလှော်ရင်လည်း အခြားအိမ်ကို အနံ့ရောက်ပါတယ်။
အဲတော့ အနံ့ထွက်မယ့် အကြော်တွေ၊အလှော်တွေ လုပ်မယ်ဆိုရင် မလုပ်ခင်
`ညှော်မယ်ဗျို့ ´လို့ ဗျိုးဟစ်ရပါတယ်။
ဘေးအိမ်တွေ ဆဲတာမခံရအောင်ထက်
မြန်မာလူမျိုးတွေ က အညှော်ရှောင် အညှော်ကြောက်တတ်ကြတော့ ဖျားနာနေသူ၊ခေါင်းကိုက်နေသူ၊သက်ကြီးရွယ်အိုများ ကိုယ့်ကြောင့် နေမကောင်းထိုင်မသာ စိတ်ဆင်းရဲမှုမဖြစ်စေချင်လို့ပါ။
ရန်ကုန်ရောက်လာတော့ တိုက်ခန်းမှာ နေရပါတယ်။
အဲဒီအခါ နယ်နဲ့မတူပဲ ညှော်မယ်လို့လည်း မပြောကြ၊
ညှော်မကြောက်တတ်ကြလို့ မအော်တာထား။
အပေါ်ထပ်က ရေညစ်တွေကို အောက်ကို ဗျန်းကနဲ သွန်အချ ကိုယ်ကလည်း ပြူတင်းပေါက်ကနေ နောက်ဖေးလမ်းကြကားကို ဝါးလုံးနဲ့ ထမီအလံထူလို့ အထုတ် ကြုံရင် သေချင်စော်နံတာပါပဲ။
တောသူတွေဆိုတော့ ရန်လည်း မတွေ့တတ်ပါဘူး။
ရန်ကုန်သူရန်ကုန်သားတွေ တယ်ရိုင်းတာပဲလို့သာ ထင်မိတာပါပဲ။
အခုတော့ ရန်ကုန်ရောက်စ တွေ့ဖူးတဲ့ ရန်ကုန်သူတွေထက် ပိုဆိုးတာတွေ တွေ့တွေ့နေရပါတယ်။
ကိုယ့် ကိုယ်ရေးကိုယ်တာ၊ကိုယ့်စီးပွားရေးတွက်ဆို ဘယ်သူ့ကိုမှ ကြိုတင်ခွင့်မတောင်းပဲ၊သဘောတူညီချက်မယူပဲ လုပ်ချင်ရာလုပ်နေကြသူများပေါ့။
…………………
ဒီနေ့ညနေ ရနာရီလောက် သူငယ်ချင်းတယောက်ကို အိမ်ပြန်ပို့ဖို့ အောက်ကြည်မြင်တိုင်လမ်းက အသွား အနောက်ပိုင်းဆေးရုံမရောက်ခင်မှာ ကားတွေ ပိတ်ပြီး ဖြည်းဖြည်းချင်းသွားနေရပါတယ်။ဘာပိတ်မှန်းမသိ ၁၅မိနစ်လောက် တရွေ့ရွေ့သွားနေရာက ကွင်းကျောင်းလမ်းထိပ်နားမှာ ဘွားကနဲတွေ့လိုက်ရတာက ဆောက်လုပ်ရေးတခုက တိုက်သစ်ဆောက်တာကို ကွန်ကရစ်လောင်းနေတာ၊
အဲဒီကားကြီးက လမ်းတဝက်ကို ပိတ်ရပ်ထားတယ်။ဘေးက အန္တရာယ်မဖြစ်အောင် ကာထားတဲ့ လုပ်ငန်းခွင် အကာအရံတွေက နောက်လမ်းတစိတ်ကိုပါ ပိတ်နေတယ်။အဲတော့ လမ်းမပိတ်ခံနိုင်ရိုးလား။
စည်ပင်ရဲ့ လမ်းတခြမ်းပိတ်ခင်းဒဏ်ကို ငုံ့ခံနေကျဆိုတော့ ပိတ်ရင် ပိတ်တယ်လို့မှတ်ပါပဲ။
အဲဒီအကျပ်ထဲမှာ ဟိုဖက်ယာဉ်ကြောက လူနာတင်ယာဉ်ပါပိတ်နေတာ မြင်လိုက်ရတော့ ဒေါသထွက်လာပါတယ်။
တကယ်ဆို လမ်းပိတ်မှ လုပ်လို့ရမယ့် အလုပ်ဖြစ်တော့ အများသူငါ အသွားအလာရှင်းတဲ့ ည ၈နာရီနောက်ပိုင်းမှ လုပ်သင့်ပါတယ်။
(သူများနိုင်ငံတွေမှာ အဲသလို အလုပ်တွေကို ညနက်ပိုင်းမှ လုပ်ရတာပါ။လမ်းခင်းတာတောင်မှ ညဖက်အပြီးခင်းရတာ)
ကိုယ်ပိုင်စီးပွားရေးဖြစ်စေ၊အစိုးရရဲ့ လုပ်ငန်းဖြစ်စေ
အများပြည်သူကို မထိခိုက်စေသင့်ပါဘူး။
တကယ်လို့ လမ်းပိတ်ရမယ်ဆိုရင်တောင် ဒီနေရာမရောက်မီ လမ်းဆုံတွေကနေ ရှေ့မှာ …အကြောင်းကြောင့် လမ်းပိတ်ဆို့မည်ဖြစ်ပါ၍ လမ်းလွှဲသွားနိုင်ရန် အသိပေးပါသည်လို့ ဆိုင်းဘုတ် တင်သင့်ပါတယ်။
(အဲဒါ ညှော်မယ်ဗျို့အော်တာပါပဲ)
မောမောနဲ့ အိမ်ကိုပြန်လာ လုပ်စရာရှိတဲ့ အလုပ်တွေလုပ် ကွန်ပျူတာရှေ့ထိုင်၊နေ့စဉ်ပြုနေကျ ဝတ်တွေပြုနေတုံး ည၁၁ နာရီ ကျော်မှာ တဖျစ်ဖျစ်တရှဲရှဲ တဒေါက်ဒေါက်မြည်သံစုံတွေ အကျယ်ကြီးထွက်လာပါတယ်။
ဘာများဖြစ်လဲလို့ ပတ်ဝန်းကျင်ကိုထလေ့လာတော့ အိမ်နားက စားသောက်ဆိုင်က သူ့အဆောက်အဦးပြင်တာ၊တိုးချဲ့တာကို ဝယ်ဒင်းဆော်နေတာပါ။
သူ့ဟိုတဖက်က အိမ်ဆိုရင် အသက်ကြီးတဲ့ အန်ကယ်ကြီး တယောက်ရှိပါတယ်။
ဒီအချိန် ကျမတို့ မအိပ်သေးပေမယ့် အန်ကယ်ကြီးဆို အိပ်ရောပေါ့။
ကျမတောင် ဒီအသံတွေ၊ဝယ်ဒင်းဆော်တဲ့ မီးတဖျပ်ဖျပ်တွေကြောင့် လန့်ရင် အိပ်မောကျနေမယ့် အန်ကယ်ကြီးဆို ဘယ်လိုနေပါ့မလဲ။
ဒီဆိုင်က ကျမတို့နားမှာ လာဖွင့်တာ မကြာသေးပါဘူး။
ဖွင့်ကာစကလည်း ဒီလိုပဲ ညနက်သန်းခေါင် ၁ဝနာရီနောက်ပိုင်းမှချည်း လျှပ်စစ်ရွေပေါ်သံ၊ထုသံနှက်သံ မျိုးစုံအောင် နေ့စဉ်ရက်ဆက် ၁ဝရက်လောက်လုပ်နေတော့ အန်ကယ်ကြီးသမီးက လာတိုင်ပင်ပါတယ်။
အဲဒါနဲ့ အိမ်နီးချင်းတွေ စုပြီး သူတို့ ဆိုင်သွား ကန့်ကွက်ကြပါတယ်။
မန်နေဂျာက မဖြေရှင်းပေးပဲ ပိုင်ရှင် ယိုးဒယားမရှိတယ်၊ကိုယ်တိုင်ပြောဆိုပြီး တွန်းလွှတ်ပါတယ်။
`အေး၊ငါတို့ အင်္ဂလိပ်လိုပြောမယ်၊မင်းတို့ ယိုးဒယားမနားလည်ရင် နားထောင်ခိုင်း´ဆိုပြီး
`ဒီလို အချိန်မတော် ဆူညံသံတွေလုပ်တာ ပတ်ဝန်းကျင်ကို အနှောက်အယှက်ပေးတာပဲ၊မင်းတို့ တိုင်းပြည်မှာ ဒီလိုလုပ်လို့ရလား။
၊နောင်ဒီလိုမျိုးလုပ်ရင် မင်းတို့ဆိုင်ဖွင့်တာကို ကန့်ကွက်ကြောင်းစာတင်မယ်´ လို့ ပြောလိုက်ပါတယ်။
ယိုးဒယားမက အင်္ဂလိပ်လို သိပ်တတ်ဟန်မတူပါဘူး။
ဆောရီး ပဲပြောတယ်။
ဘာပြောပြော နောက်နေ့တွေတော့ ၁ဝနာရီနောက်ပိုင်းဆို အလုပ်သိမ်းပေးပါတယ်။
နောက်ပိုင်းလည်း ဒီလိုပဲ မကြာခဏ ညဉ့်နက်သန်းခေါင် ဆူဆူညံညံ ပြင်ဆင်ထိန်းသိမ်းရေးတွေ လုပ်ပြန်တာပါပဲ။
တခါကတော့ ည ၁၁နာရီမှာ တဒီဒီ အသံကျယ်ကြီးနဲ့ မီးခိုးတွေလည်း ထွက်လာတော့ လန့်ဖျပ်သွားတာပဲ။ကျမတို့အိမ်တွေထဲပါ မီးခိုးတွေဝင်လာပါတယ်။အလန့်တကြား ထွက်ကြည့်တော့ ခြင်ဆေးမှုတ်တာပါ။
ကျမလည်း တခါတည်း သူတို့ဆီ ထွက်သွားပြီး ဒါဘာလုပ်တာလဲလို့ သွားမေးပါတယ်။
ခြင်ဆေးမှုတ်နေတဲ့ ဝန်ထမ်းက ခြင်ဆေးမှုတ်တာလေ လို့ဘုတောပါတယ်။
ဒါ ခြင်ဆေးမှုတ်ရမယ့်အချိန်လား၊နာရီလည်းကြည့်ပါအုံးဆိုတော့
ဒီအချိန်မမှုတ်လို့ ဘယ်အချိန်မှုတ်မလဲတဲ့။
သူတို့ဆိုင်က စားသောက်သူတွေကုန်တော့မှ ခြင်ဆေးမှုတ်တာပေါ့။
သူ့ဆိုင် စားသူတွေကိုတော့ ဦးစားပေးပြီး ပတ်ဝန်းကျင်ကိုတော့ ဂရုမစိုက်တာ တော်တော်ခံပြင်းဖို့ကောင်းပါတယ်။
မင်းတို့ဆိုင်အနေအထားအရ ညဉ့်နက်မှ ခြင်ဆေးမှုတ်ချင်တယ်ဆိုရင်လည်း ဘေးပတ်ဝန်းကျင်ကို မင်းတို့ ကြိုတင် အသိပေးရမှာပေါ့။
မငိးတို့လူလိုမသိတတ်ဘူးလား လို့ ရန်တွေ့မိပါတယ်။
အဲဒီတော့မှ အသက်နည်းနည်းကြီးတဲ့ ညစောင့်က တောင်းပန်ပါတယ်။
ဒီလိုမျိုး ကိစ္စတွေ မကြာခဏဖြစ်နေတာပါပဲ။
ပြောရင် ပြောတုံးခဏပဲ၊
နောက်တခါကျ နောက်တမျိုး ထပ်လုပ်တာပဲ။
မန်နေဂျာကို တွေ့ပြီး အေးအေးဆေးဆေးပြောပြလည်း ကောင်းပြီကောင်းရဲ့ပြော၊နောင်လုပ်ချင်သလိုလုပ်တာပဲ။
စည်ပင်စည်းကမ်းတွေဖြစ်တဲ့ တအိမ်နဲ့တအိမ်ခြားရမယ့် အကွာအဝေးဆိုလည်း မလိုက်နာဘူး။
ခြံစည်းရိုးထိရောက်အောင် သူတို့အဆောက်အဦးကို ကန့်ကွက်နေတဲ့ကြားက တိုးတိုးချဲ့ပစ်တယ်။
အရင် ကျမတို့ အိမ်နီးချင်းတွေက တယောက်ကို တယောက်သိပ်လေးစားကြပါတယ်။
ဒီစားသောက်ဆိုင်နေရာမှာပဲ ဟိုတယ်ဖွင့်သွားတဲ့ မြန်မာပြည်သား အိန္ဒိယလူမျိုးပိုင်ရှင်ဆိုလည်း ပတ်ဝန်းကျင်ကို သိပ်အလေးထားပါတယ်။
အနှောက်အယှက်မဖြစ်စေပါဘူး။
ဒီနေရာကို ဒီယိုးဒယားတွေ လာဖွင့်မှ ဒီလို အိမ်နီးနားချင်းကို မထီမဲ့မြင်ကိစ္စတွေ ပေါ်လာရတာပဲ။
စည်ပင်ကို တိုင်လည်း သူတို့က လာဘ်ထိုးပြီး ပြီးသွားမှာပဲ။
ကျမအိမ်၊ကျမ ကိုယ်ရေးကိုယ်တာကို ရင်ဖွင့်ချင်တာထက်
ဒီလို သူတပါးအခွင့်အရေးကို အလေးမထားတဲ့ စရိုက်ဟာ ကျမတို့တိုင်းပြည် ကျမတို့လူမျိုးတွေရဲ့ စရိုက်မဟုတ်ဘူးဆိုတာ` ညှော်မယ်ဗျို့´ အော်ခဲ့ရတာ သိသာပါတယ်။
အခု အဲဒီ စိတ်ဓာတ်တွေ ပျက်စီးလာတော့ ပထမ ကိုယ့် လူမျိုးချင်း စော်ကားတယ်။
ဒုတိယ သူများလူမျိုးကပါ ကျမတို့လူမျိုး ကို စော်ကားတာပါ။
(အထူးသဖြင့် အဲဒီဆိုင်ဘေးမှာ ထိုင်းသံရုံးရဲ့ Commercial Attache Office ဖွင့်ထားတော့ လူ့အခွင့်အရေး မသိဆိုတာ မဖြစ်နိုင်ပါဘူး)
သူတို့ကိုယ်တိုင် လက်နဲ့ မလုပ်ပေမယ့် မြန်မာဝန်ထမ်းတွေကို မသိချင်ယောင်ဆောင်ပြီးခိုင်းတာ၊ ပြောရရင် အိမ်ကြက်ချင်း အိုးမဲသုပ်ခွတ်ခိုင်းတယ် ဆိုတာမျိုးပဲ။
အဲဒါကို မြန်မာလူမျိုးဝန်ထမ်း တွေက စည်းကမ်းနည်းလမ်း မသိပဲ သူတပါး အခွင့်အရေး ဖောက်ဖျက်နေမိတာတောင်မှ အားနာရကောင်းမှန်းမသိ၊အကဲပိုတယ်ထင်နေကြပုံပါပဲ။
ကျမတို့ တိုင်းပြည်ကြီးလည်း ဒီအတိုင်းပါပဲ။
ညှော်မယ်ဗျို့အော်တတ်တဲ့ တောသူမတွေလောက်တောင်
လူ့အခွင့်အရေး မသိတတ်ကြရင် သူများကျွန် ဖြစ်မှန်းမသိ ဖြစ်နေကြပြီလို့သာ ပြောချင်ပါတယ်။
38 comments
Swal Taw Ywet
May 24, 2014 at 5:22 am
ကျနော် ကတော့ တိုင်စေချင်တယ်။ လာဘ်စားတာမစားတာ အပထား Official Record ၁ခုတော့ဖြစ်သွားမှာပါဘဲ။ အနည်းဆုံး ရပ်ကွက်အုပ်ချုပ်ရေးရုံးကို စာဖြင့်တိုင်ကြားထားသင့်ပါတယ်။ အားနာတတ်ရင် ခေါင်းပေါ်တက်မည့်သူဆိုတော့ မမပဒုမ္မာရေ Fighting. With respect, Swal Taw Ywet.
padonmar
May 25, 2014 at 10:19 pm
ကိုစွယ်တော်ရေ
အားပေးတာ ကျေးဇူးတင်ပါတယ်။
အိမ်နီးချင်းမတည့်ဘူးဆိုတာ ရှက်စရာလို့ ကျမတို့က ခံယူထားတာ။
ဒါကြောင့် တတ်နိုင်သ၍တော့ ဟိုတိုင်ဒီတိုင် မတိုင်ချင်ပါဘူး။
အလိုက်သိသင့်တာတွေကို ထောက်ပြတာပါ။
သိပ်ဆိုးလာရင်တော့ သက်သေအထောက်အထားနဲ့တကွ တိုင်မှာ။
ကိုယ်ရေးကိုယ်တာလိုမျိုး မို့ ဒီလိုရေးရတာတောင် ရှက်တယ်။
ကျမ ဆိုလိုချင်တာ ပေါ်အောင်က တကယ့် အဖြစ်အပျက်နဲ့ရေးချင်လို့သာ ဒီအကြောင်းတွေ ရေးတာပါ။
ကျမတို့တွေ သူတပါး အခွင့်အရေးတွေကို မကျူးကျော်မိကြဖို့၊
မတတ်သာလို့ လုပ်ရရင်လည်း ကြိုတင်တောင်းပန်ခွင့်တောင်းဖို့ အသိရှိကြသင့်ပါပြီ။
တနေ့ ကျမ အကို မြို့ထဲသွားရင်း တွေ့လာတဲ့ ဆိုင်းဘုတ်ကို ချီးကျူးမဆုံးဘူး။
ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုမှာ အုတ်သဲကျောက်ချဖို့ ကား နေရာဦးထားတဲ့ ဆိုင်းဘုတ်ပါ။
`…..လမ်းပြည်သူများခင်ဗျား၊အလေးအပင်ပစ္စည်းများ ချလိုပါသဖြင့် ခေတ္တကားရပ်ခွင့်ပြုပါရန်´ တဲ့။
ကြိုတင်တောင်းပန်ထားတော့ မငြူစူရင်တော့ဘူး။
JackSkellington
May 24, 2014 at 8:28 am
ကိုယ့်လူတွေကလဲ ခံ ရပါ များနေလို့ ဒီတိုင်း ငြိမ်ခံ နေရတာ အကျင့် ပါနေပြီ နဲ့တူပါတယ်။
အန်တီ ဒုံ တို့လို ပြောရဲ တဲ့ လူတွေ နည်းနည်းလာပြီ။ ဒါကြောင့်လဲ လူတကာ က အနိုင်ကျင့် လို့ ကောင်းနေတာ ဖြစ်မယ်။
အတော် များများ က လဲ သိပ်ပြီး complaint မတက်ချင်ကြဘူး။ မြန်မာ လူမျိုး တွေ ရဲ့ အားနာတတ်တဲ့ (လွန်စွာ မကောင်းသော) အကျင့်ကြီး ကြောင့် နေမယ်။ 🙂
ဝင်ပြောရင် ပြောတဲ့ လူ ကိုတောင် သူတို့က ပြူးကြည့်ချင်သေးတာ။
အနည်းဆုံး တော့ တစ်ယောက် က စ လို့ ဒီလို ကောင်းသော complaints တွေ တောင်းတတ် ပြောတတ်လာရင် တဖြည်းဖြည်းနဲ့တော့ တစ်ယောက် တစ်လမ်း တစ်ရပ်ကွက် စပြီး ဟုတ်လာလိမ့်မယ် လို့ မျှော်လင့်ရတာပဲကော။
padonmar
May 25, 2014 at 10:21 pm
မှန်ရာကို ပြောရဲတဲ့ သတ္တိမွေးကြဖို့ လိုပါတယ်။
အန်တီ့မှာလည်း အဲဒီသတ္တိမရှိသေးပါ။
မွေးမြူနေပါတယ်။
naywoon ni
May 24, 2014 at 10:02 am
ဒီမိုကရေစီ စပြီဆိုကတည်းက အဲ့ အများပြည်သူ ထိခိုက်မှု ကာကွယ်ရေး ဥပဒေ လိုဟာမျိုးမျိုးလင့်ခဲ့တာ ။ သူများတွေဆီမှာ ဆိုရင် ခွေးကလေး တစ်ခြားအိမ်ကျော်ပီး အီးအီး ပါတာက ဥပဒေ ရှိတယ်မဟုတ်လား ။ ကျောတို့ဆီမှာတော့ ဟ ိုလွှတ်တော်ဆိုတာကြီး ထဲမှာ မယောင်ရာဆီလူးနေကြတာပဲ ။ ပြဌာန်းသင့်တဲ့ ဥပဒေ မပြဌာန်း ။ ပြဌာန်းဖို့မလိုတာ ပြဌာန်းဖို့ကြိုးစား ။ ညည ဟွန်းအကျယ်တီးပီး မောင်းတဲ့ ကားတွေ ဘယ်နေ့ ခဲနဲ့ ထွက်ထုဖြစ်မလဲမသိဘူး ။ ဆူညံမှု ထိန်းချုပ်ရေး ဥပဒေ ဘယ်တော့ ပေါ်လေမည်မသိ ။ နောက် အသံချဲ့စက်တွေ တစ်သောင်းခွဲ မြို့နယ် ထွေအုပ်ကို ပေးထားရင် တစ်လ လုံး ကြိုက်တဲ့ နေရာ ဖွင့်လို့ရ ဆိုပဲ ။ ခက်ဖူးလား
padonmar
May 25, 2014 at 10:22 pm
အဲဒီ ဥပဒေမျိုး ပေါ်လာမယ့်နေ့ကို မျှော်နေပါ့မယ်။
ကိုပေါက်(မန္တလေး)
May 24, 2014 at 5:13 pm
သူ များမ ထိ ခိုက် အောင် နေ နည်း ထိုင် နည်း ကို ကျနော် တို့ မ တတ် ကြ သေး ပါ။
သ ိသူ က ထောက် ပြ လျင် လည်း ဆ ရာ ကြီး လုပ် သည် ထင် ကြ ပ ါ သည်။
အဲ တော့ လူ တွေ စိ တ် ဓ ါတ် မေ ပြာင်း သ၍ ဒီ အ တိုင်း ဘဲ ရှိ နေ ပါ အုံး မည်။
လူ တိုင်း ညော် မယ် ဗျို့ အော် တတ် ကြ ပ ါစေ
padonmar
May 26, 2014 at 12:07 am
ကိုပေါက်ရေ
ခုခေတ်က ညှော်မယ်ဗျို့လို့ အော်တာကို ရှက်စရာလို့ ပြောင်းပြန်မြင်နေကြပြီ။
lu lu
May 24, 2014 at 5:52 pm
လူ ့ပတ်ဝန်းကျင် ကိုအားနာရ ကောင်းမှန်းမသိတာ
တကယ် စိတ်ပျက်ဖို ့ကောင်းတယ် အာတီဒုံ
လု လု ဆိုအ ရင် ကမြစ်ကြီးနားမှာကိုယ့်ခြံကိုယ့်ဝန်း
နဲ ့နေခဲ့ရ တော့ ဒါတွေမခံစားရဘူး နောက် မန္တလေး
ရောက်မှတိုက်ခန်းနဲ ့နေမှ ဒီပြဿနာတွေရင် ဆိုင်
ဖြေရှင်းရတော့တာပါ
🙁
padonmar
May 26, 2014 at 12:12 am
လုလုရေ
တိုက်ခန်းဖြစ်စေ၊တဲဖြစ်စေ၊ခြံဝင်းဖြစ်စေ ပတ်ဝန်းကျင်ဆိုတာကို အားနာတတ်တဲ့ အိမ်နီးချင်းတွေ များလာဖို့ ကိုယ်ကစပြီး ကောင်းအောင်နေကြပါစို့။
lu lu
May 26, 2014 at 6:56 am
ဒါပေါ့ အများကောင်းအောင် လုပ်ပေးချင် တယ်ဆိုရင် ကိုယ့်ကိုယ်ကိုကောင်း
အောင် အရင် ပြင် မှဖြစ်မှာပေါ့
အာတီဒုံ ရေ ဒီလို ပို့စ်တွေများများ ရေးပြီးမသိသေးတဲ့ သူတွေကိုဒီထက်မက မျှ
ဝေနိုင် ပါ စေ လို ့ လုလု အားပေး အားမြောက် တောင်းဆိုလိုက်ပါတယ်
🙂
အရီးမုတ်ဆိတ်
May 24, 2014 at 8:40 pm
အစ်မဒုံ – ညှော်မယ်ဗျို့။
သများ ကြက်ကြော်ကြော်ဖို့။ စားဦးမား။
အစ်မရေ ဒီမှာလဲ လမ်းခဏ၊ ခဏ ပြင်တယ်။
နေ့ပြင်ပါတယ်။ လမ်းပိတ်ပြီး ပြင်ပါတယ်။
ဒါပေသည့် အစ်မဖြစ်ချင်သလို လမ်းလွှဲ ဆိုင်းဘုတ် တွေ က ဟိုးအဝေးကြီး ထဲ က ကြိုသတိပေးပြီးသားပါ။
လူနေအိမ်တွေကြားထဲ စားသောက်ဆိုင် ဖွင့်တာ ပါတ်ဝန်းကျင်ကို အနှောက်အယှက်ဖြစ်လို့ မရပါဘူး။
မဟုတ်ရင် တရားစွဲခံ ရမှာ အသေအချာပါဘဲ။
မြန်မာပြည်ကတော့ ဘာဆိုဘာမှ တရား မရှိတော့ ငွေများငွေနိုင်ဖြစ်နေမှာ အသေအချာပါဘဲ။
ငါအကျိုးမပျက်ဖို့ ကို ရှေ့ထားနေသ၍ စည်းကမ်း တွေ၊ ကျင့်ဝတ်တွေ နောက်ရောက်နေမှာ မလွဲဘဲ။
ဒါမျိုးလေးတွေ ရေးရင်း လက်တို့ရင်း နိုင်သလောက် လူတွေ ကို ဆွဲခေါ်နိုင်ဖို့ ကြိုးစားရုံပေါ့။
လက်ရှိ အစိုးရကတော့ ငါအာဏာမြဲဖို့ကလွဲလို့ ဘာကိုမှ စိတ်ဝင်စားမှာမဟုတ်။
padonmar
May 26, 2014 at 12:38 am
မလတ်ရေ
အဲသလို လမ်းလွှဲလမ်းညွှန်ပေးထားရင် ဒီလမ်းက မဖြစ်မနေ ဖြတ်ဖို့ မလိုတဲ့ ကားတွေက ရှောင်မောင်းကြရင် ကားလည်းမကြပ် အချိန်လည်း မကုန်။
ကြိုသိတဲ့အလုပ်ကို ကြိုစီစဉ်သင့်ကြတာပေါ့။
အဲသလို စီစဉ်ဖို့ မဖြစ်မနေ လုပ်ရမယ့် ဥပဒေတွေ ရှိစေချင်ပါတယ်။
TNA
May 24, 2014 at 9:10 pm
ကြားရတာမောလိုက်တာ အန်တီဒုံရယ်။ ခုတလောအဲ့လိုမျိုးတွေ မြင်ကြားရတာစိတ်လာတယ်။
padonmar
May 26, 2014 at 12:39 am
မွသဲဖွဘွတ်မှာ တင်တင်နေတာတွေလည်း တွေ့နေရတယ်လေ။
အဲသလို ကိစ္စတွေ ရန်ကုန်တမြို့လုံးအနှံ့ပါပဲ။ကိုယ်တယောက် ကိုယ့်တအိမ်တည်း မဟုတ်။
alinsett (gazette)
May 25, 2014 at 10:10 am
ဟူးးးးး
ကျနော်တို့ဆီမှာ အဲ့ဒီလို
ကိုယ့်အခွင့်အရေးကို ထိခိုက်နစ်နာအောင်
သူ့အခွင့်အရေးနဲ့ အစွန်းလာလာထိုးတာတွေ
နေ့စဉ် မြင်တွေ ့နေရတယ်
🙁
padonmar
May 26, 2014 at 12:42 am
ဆက်ဆက်ရေ
လူတွေ ပြည်သူ့နီတိမသိအောင် အဖျက်ခံထားရတော့ သူများအခွင့်အရေးကို ကျော်နင်းနေမိမှန်းတောင် မသိကြတော့တဲ့ အဖြစ်တွေ။အဲဒါကို ရှက်စရာလို့လည်း မထင်ကြတော့ဘူး။
(အမှိုက်ပစ်တာ မရှက်သလိုပဲ၊လမ်းဘေး စိုပြေရေးလုပ်ကြတာ မရှက်သလိုပဲ)
ကေဇီ
May 25, 2014 at 11:39 am
အဲလာမျိုး က အချင်းချင်း ရှင်းစရာမလိုအောင်ကို ဥပဒေ ရှိရမဲ့ အမျိုးးး
:hint:
စကားမစပ် ငရုတ်သီး ငပိကြော် စားချင်လိုက်တာ အာတီဒုံ။
😥
padonmar
May 26, 2014 at 12:09 am
ကေဇီလေး
ဘယ်အကြောင်းတွေ့တွေ့ စားစရာကို သတိရနိုင်စွမ်းကို ချီးကျူးပါတယ်။ :chit:
Ma Ma
May 25, 2014 at 2:58 pm
ကိုယ့်အခွင့်အရေးကြောင့် သူတပါးအခွင့်အရေးကို မထိခိုက်စေဖို့လိုတယ်ဆိုတဲ့ အသိရှိဖို့ လိုတယ်။
အဲဒီအသိရှိဖို့ ဘယ်ကနေ ဘယ်လိုစပြီး ဘယ်လိုပြု ပြင်ကြရမယ် မသိ………. 🙁
padonmar
May 26, 2014 at 12:43 am
ချစ်မရေ
ကိုယ်ကစပြီး ကောင်းအောင်နေမယ်လေ။
kyeemite
May 26, 2014 at 9:53 am
အရှုပ်နဲနဲလုပ်…အဲ..အလုပ်နဲနဲရှုပ်နေလို့ အာတီဒုံ “ ညှော်မယ်ဗျို့” အော်တာ ခုမှကြားတယ်ဗျာ
စည်းကမ်းမဲ့ကြပုံတွေကတော့ဖြင့် ပြောမဆုံးပေါင်ပါပဲဗျာ…
ကျုပ်တို့တတွေ ကွန်ပလိန်းလုပ်တတ်တဲ့ အကျင့်ကို သတ္တိရှိရှိ ကျင့်ယူရမယ်ဗျ…
အားနာတတ်တာကိုလည်း တဖြည်းဖြည်းဖျောက်သင့်တယ်…
padonmar
May 26, 2014 at 9:17 pm
ဦးမိုက်ရှုပ်နေတယ်ဆိုတာသိပါတယ်။
အဲ…..မှားလို့၊အလုပ်ရှုပ်တာပြောတာပါ။
ကျမတို့တွေ အားနာတာနဲ့ ကြောက်တာ ရောနေကြတယ်။
ကျမလည်း အသက်တော်တော်ကြီးတဲ့ထိ ကြောက်တတ်တယ်။
အခုတော့ မမှန်တာကို လုပ်မှ ကြောက်ရမှာ၊ရှက်ရမှာဆိုတာသိလာတော့ ကိုယ့်ကိုယ်ကိုယ် ပြုပြင်နေပါတယ်။(ပြင်စဲပါပဲ)
ဦးကျောက်ခဲ
May 26, 2014 at 10:28 am
ကျောက်စ်တို့ငယ်ငယ်က လမ်းထဲကအိမ်တွေက ခြံဝိုင်းလေးတွေ…
တအိမ်နဲ့ တအိမ်လည်းသိ ၊ ရင်းရင်းနှီးနှီးချစ်ချစ်ခင်ခင်… စားစရာရှိရင်လည်း ဝေမျှ…
အိမ်ပြင်တာ ၊ ညှော်လုပ်တာဆို အိမ်နီးချင်းတွေကို အသိပေး တောင်းပန်ပြီးမှ ခင်ဗျ…
အခုတော့ ကန်ထရိုက်တိုက်တွေ အစားထိုး ၊ တခန်းကိုတခန်းတောင်မသိ… ဘာသိဘာသာ
အဲ… ညှော်ဆိုလို့ ပြောရဦးမယ်…
ပြီးခဲ့တဲ့ မတ်လ ၊ ရွာမပြန်ခင်… ချစ်ဇနီး ညှော်တိုက်လိုက်တာ…
အခန်းနီးချင်းတွေ အိမ်ရှင်ကနေတဆင့် ကွန်ပလိန့်တက်ပါလေရော…
အဟိ တော်သေးတာပေါ့ ရဲကိုမတိုင်လို့… ဒီမှာတော့ သူတပါးကိုထိခိုက်မယ်ဆို လုံးဝမရဘူး
😀
padonmar
May 26, 2014 at 9:21 pm
နိုင်ဂျံဂါးမှာ ငပိကြော်မိလို့ ရဲကားခေါ်ပြီး တားခံရတာ ကြားဖူးတယ်။
ရွှေတိုက်စိုး
May 26, 2014 at 11:10 am
ဟာဂျာ အာတီဒုံ ဦးသွားဘီ… အဲဒါ သများတို.အိမ်နားမှာဂျ.. ဒီကလဲ ညှော်မယ် စဉ်းစားထားတာ…အဟင့်..
ဆောက်လုပ်ရေး တွေက ဦးနှောက်ပဲမရှိတာလား…. ဘုမှ သောက်ရေးမလုပ်တာလားတော့မသိဘူး..
လမ်းပိတ်ပြီးကို ချနေမှတော့…. ညှော်လဲ ရှိတဲ့အနာ ပိုယောင်လာမှာပဲရှိတယ်…..
ပြောမှသိတဲ့လူတွေ များသလို.. ပြောတော့လုပ်သလားဆိုတော့.. မပြင်ပဲ ပိုတောင်ရွဲလုပ်သေး…..
အော်ညှော်ချင်ပါတယ်ဆိုမှ… ဦးသွားတယ်…
padonmar
May 26, 2014 at 9:26 pm
ဟုတ်ပါ့၊အဲဒါ တိုက်တိုက်တို့အုပ်အုပ်တို့ အိမ်နားပေါ့။
ပြောလို့ သူတို့ ဒီတခါ မပြင်ပေမယ့်
ဖတ်မိသူတွေက ဒါမျိုးဟာ ငုံ့ခံနေရမယ့်ကိစ္စ မဟုတ်မှန်း မသင့်တော်မှန်း အများအခွင့်အရေးကို ကျူးကျော်နေမှန်းသိရမယ်။
အခု ဒို့တွေ ဖြစ်နေကြတာက မတရားတာတွေ့ရင် အသာလေး ကျော်ခွဖြတ်ပြီး ကိုယ်လွတ်သွားပြီး အေးရော သဘောထားနေမိကြတယ်။
အဲဒါတွေ ပြင်ကြဖို့ လိုပါတယ်။
ဒါကြောင့် တိုက်တိုက် အမြင်ကိုလည်း ရေးပေးဖို့ ပြောချင်ပါတယ်။
black chaw
May 26, 2014 at 2:28 pm
ကိုယ့်ကြောင့် သူတပါး မထိခိုက်ပါစေနဲ့လို့ မှတ်သွားပါတယ်…။
ကြိုးစားပါ့မယ် အစ်မရေ…။
padonmar
May 26, 2014 at 9:27 pm
ကိုဘလက်
မှတ်သွားတာ ကျေးကျေးပါ။
Wow
May 26, 2014 at 4:28 pm
တွေ့ဖူးတယ် အမျိုးသမီးတစ်ယောက် ပန်းသီးအခွံခွာတော့ ပုံမှန် အနော်တို့ခွာသလိုမျိုး ဒါးရဲ့ ထက်တဲ့အပိုင်းကို အပြင်မှာ မထားပဲ ကိုယ့်ဘက်ကိုယ်ပြန်ပီး ထက်တဲ့အပိုင်းထားပီး ခွာတာကိုတွေ့တော့ အထူးအဆန်းဖြစ်ပီး မေးကျိတော့ အိုက်လိုနွာတော့ ဒါးချော်သွားတာ တစ်ခုခုဖြစ်ရင် ကွကိုယ်ပဲ ဒါးပြန်ထိမှာ၊ ကိုယ့်ကြောင့် သူများကို ဒါးမထိနိုင်တော့ဘူးပေါ့တဲ့…. ကောင်းလိုက်တဲ့စိတ်ဓာတ်ရယ်….
padonmar
May 26, 2014 at 9:34 pm
ဟုတ်တယ်ဝေါင်းလေး။
အန်တီလည်း တွေ့ဖူးတယ်။
အထူးသဖြင့် အင်္ဂလိပ်ကားတွေမှာ။(နိုင်ငံခြားရုပ်ရှင်လို့ ပြောတာမဟုတ်ပါ)
ငယ်ငယ်တုံးက ကြည့်ဖူးတယ် အင်္ဂလိပ်လူမျိုးတွေရဲ့ စရိုက်မှာ ကောင်းတာတွေ အများကြီးပါတယ်။
အားနွဲ့သူကို ဦးစားပေးတာမျိုး၊
ရန်သူကို နောက်ကျောကနေ သေနတ်နဲ့ မပစ်ပဲ မျက်နှာချင်းဆိုင် စိန်ခေါ်ပစ်တာမျိုး၊စသဖြင့်…..
ဒါးသွားကို ကိုယ့်ဖက်ထားပြီး ပန်းသီးခွာတာလည်း အဲဒီကောင်းတဲ့ စရိုက်ကို မိဘ ပတ်ဝန်းကျင်က သင်ပေးခဲ့တာပဲ.
အဲသလိုမျိုး လူတဖက်သားကို လေးစားတတ်တဲ့ အကျင့်တွေ ပြန်မွေးယူကြရပါမယ်။
surmi
May 27, 2014 at 11:37 am
ညှော်မယ်ဆိုလို့ ဒို့အစ်မတော့ငြုပ်သီးလှော်နေပြီထင်တာ ဟဲဟဲ
ဆက်ပြီးညှော်စေသတည်းဗျာ
ကျနော်တို့လည်းလစ်ရင်လစ်သလို အော်ပါ့မယ် 🙂
Mr. MarGa
May 27, 2014 at 1:28 pm
ညှော်မယ်ဗျိုးးး
ငယ်ငယ်ကတော့ အော်ရမှာတောင် ရှက်ခဲ့ဖူးသဗျ
အခုတော့ အော်သင့် အော်ထိုက်တာတစ်ခုလို့ လက်ခံလာမိပါပြီဗျာ
မန်းမှာမို့လားမသိ အဲ့လိုပြဿနာ သိပ်မတွေ့သေးဘူး (ကျနော်မသိတာလဲ ဖြစ်မှာပါလေ)
padonmar
May 27, 2014 at 8:31 pm
ဟုတ်တယ် သိကြားရဲ့၊
ဒေါ်ဒေါ်လည်း ငယ်တုံးက အဲဒါမျိုးအော်တာ ရှက်စရာကြီးလို့ ထင်ခဲ့တာ။
ခုတော့ ဒါ ဘေးပတ်ဝန်းကျင်ကို အသိပေး တောင်းပန်ခြင်းတမျိုးလို့ မြင်လာပြီ။
ခင် ခ
May 27, 2014 at 2:09 pm
(………ရန်ကုန်သူရန်ကုန်သားတွေ တယ်ရိုင်းတာပဲလို့သာ ထင်မိတာပါပဲ။………)
စကားပုံလေးသတိရမိတယ် လက်ထိပ်စိတ်တော့ လက်မနာတယ် ဆိုလားဘဲဗျ။
padonmar
May 28, 2014 at 8:51 pm
ကိုခင်ခရေ
ဒီစာရေးတော့ မကျေနပ်တဲ့ဒေါသငွေ့လေးပါနေတာကြောင့် စာမှာ ဒေါသသင့်နေမိတာ တောင်းပန်ပါတယ်။
လွန်ခဲ့တဲ့ အနှစ် ၃ဝကျော်က ရန်ကုန်ရောက်ခါစ အူတူတူ တောသူမလေး အတွက်တော့ ကွန်ပလိန့်တွေ မတက်ရဲပဲ ငုံ့ခံခဲ့ရတာမို့ အဲသလို တွေးမိလို်က်ကြောင်းပါ။
ရန်ကုန်သူရန်ကုန်သားဆိုတာ မွေးရာဇာတိကို ဆိုလိုတာထက် ရန်ကုန်နေသူလို့သာ ပြောချင်တာပါ။
ကျမလည်း ခုဆို ရန်ကုန်သူဖြစ်နေတာပဲလေ။
ကိုခဆို မန်းသားပဲပေါ့။
နားလည်မှု လွဲစေအောင် ရေးမိတာ ကျမညံ့တာပါ။
kai
May 27, 2014 at 3:30 pm
“ညော်မယ်ဗျို”့အော်ပြီး.. အညော်ထလုပ်ခွင့်ရှိနေသလိုမျိုးကြီးကလည်း.. မဟန်ပါဘူး.. အရီးဒုံဒုံရာ..
ဆိုတော့…
အိမ်ဆောက်မှတော့.. သူအဆင်ပြေတဲ့အချိန်ဆောက်မှာပေါ့..
ညဆို..အလုပ်သမားတွေကို.. ညကြေးပိုပေးရမယ်လေ..
နေ့ လုပ်လို့.. ပိုကာင်းတာပေါ့..။ ဒါပေမယ့်….
ယူအက်စ်မှာ..
အဲဒီရပ်ကွက်..မြို့နယ်.. ဖယ်ဒရယ်ပိုင်တယ်ဆို.. ဖယ်ဒရယ်ကို.. ပိုက်ပိုက်ပေး.. ကြိုခွင့်တောင်းရတယ်..။
သူခွင့်ပြုမှလမ်းပိတ်လုပ်ခွင့်ရှိတာ…
ငွေပါပဲ..။
အဲ..
ဥပမာ..။ ဟောလိဝုဒ်မှာ..လမ်းပိတ်ပြီး. တခုခုလုပ်မယ်(ရုပ်ရှင်ရိုက်မယ်)ဆိုပါစို့..
အမှတ်မမှားရင်.. တနာရီဒေါ်လှ၁သိန်းလောက်ပဲ..အဲဒီဟောလိဝုဒ်မြို့နယ်ကို.. ပေးရတာ..။
အီတာလီယံဂျော့…ရုပ်ရှင်ကြီး.. ရိုက်တုံးက.. အဲလိုတပါတ်လောက်လမ်းပိတ်ရိုက်ခဲ့တာလို့.. မှတ်မိတယ်..။
အဲဒီမြို့နယ်က.. ငွေရတော့.. ရဲတွေ..လမ်းပြတွေ.. လမ်းလွှဲတွေ.. အဆင်ပြေအောင်.. ခန့်ပေးလုပ်ပေးပေါ့..
အဆင်မပြရင်..သူ့မြို့နယ်.. လူုမလာဘူးပေါ့..
လူမလာတော့.. စီးပွားရေးတွေထိခိုက်ကုန်မှာပေါ့…
ထိခိုက်ကုန်တော့.. လစ်ကုန်မပေါ့..
လစ်တော့..အခွန်ငွေမရဘူးပေါ့…
အခွန်ငွေမရတော့.. မြို့နယ်က..အုပ်ချုပ်ရေးတွေ.. ရွေးကောက်ကိုယ်စားလှယ်တွေ.. မဲမရ… အလုပ်ပြုတ်မပေါ့..။
အဲ… လို.. အရင်းရှင်စနစ်ရဲ့… သံသရာ…။
မှတ်ချက်. ။ မြန်မာပြည်မယ်.. ရန်ကုန်မယ်.. ရပ်ကွက်..မြို့နယ်..အုပ်ချုပ်ရေးတွေကို.. ရွေးကောက်ခံကိုယ်စားလှယ်တွေနဲ့..လုပ်ရ..လည်ပါတ်ရတဲ့….စနစ်.. ထင်ရှား..အသက်ဝင်.. သိသာအောင်.. လုပ်သင့်လှကြောင်း…
padonmar
May 28, 2014 at 9:02 pm
သူကြီးရေ
ညှော်ကလည်း မလုပ်မဖြစ်လုပ်ရမယ်၊
အော်ပြီးမှ လုပ်ရင် ညှော်နံ့ မခံချင်သူက ကြို ရှောင်နေခွင့်ရသွားတာပေါ့။
အိမ်ကလည်း မဆောက်မဖြစ်ဆောက်ရမယ်ဆိုတော့
လမ်းပိတ်ကြောင်း ကြို သိရရင် ကျဉ်းထဲ ကြပ်ထဲ ပိတ်မနေတော့ဘူးပေါ့။
ရပ်ကွက် မြို့နယ် အုပ်ချုပ်ရေး၊မြို့တော်ဝန်၊စည်ပင်သာယာရေးကော်မတီဆိုတာကို မြို့လူထုက စိတ်ကြိုက် ရွေးကောက်တင်မြှောက် ဖြုတ်ချပိုင်ခွင့်ရှိသင့်တယ်လို့ အရင်ကလည်း အော်ဖူးပါတယ်။
ရှေးက အဲဒီစနစ် မြန်မာပြည်မှာ ရှိခဲ့တယ်ဆိုတာ စာတွေထဲ ဖတ်နေရတာပဲ။အော်ခဲ့ပေါင်းလည်း များပါပြီ။
သို့သော် အချိန်မတန်သေးဘူးထင်ပါ့။