အဝှာမပါလို့……….
လူတော်တော်များများက အငြိမ့်တွေကြည့်လျှင် လူရွှင်တော်ပျက်လုံးတွေပဲ စောင့်စောင့်ကြည့်သည်။ တစ်ခါက နယ်အလှူ တစ်ခုမှာ မန္တလေး အငြိမ့်တစ်ခု ကြည့်ဖူးသည်။ မင်းသမီးကလျှင် ချိုးတာ ဆစ်တာ အလွန်ကို ငြိမ့်ညောင်း ပျော့ပြောင်းသည်။ မန္တလေးအငြိမ့် ကြည့်ပြီးသူသည် ရန်ကုန်အငြိမ့် ပြန်ကြည့်လျှင် နဲနဲ ဆတ်တောက်တောက်နိုင် သည်ဟု ထင်ရလေသည်။ အဲဒီ အလှူအငြိမ့်မှာ တုံးက လူရွှင်တော်တွေက မြို့တော် ဦးပေါစံ၊ မြို့တော် ဦးသိန်းဆု တို့ အဖွဲ့ ဖြစ်သည်။ ဝိုင်းတော်သားတွေကို မိတ်ဆက်ပေးတာတောင် ပျက်လုံးကလေးနဲ့ဖြစ်သည်။ ဆိုင်းဆရာ၊ နှဲဆရာ၊ မောင်းဆရာ၊ ပတ်မကြီးဆရာ တွေပါသည်။
ဦးသိန်းဆု။ ။ ရွှေပွဲလာ ပရိတ်သတ်ကြီးကို ဝိုင်းတော်သားတွေနဲ့ မိတ်ဆက်ပေးရအုံးမယ်။ ဟောဒီက ဆိုင်းဆရာကြီး စိန်မြသောင်း…
ဆိုင်းဆရာ။ ။ တစ်ချက်နှစ်ချက် လက်စွမ်းပြလိုက်သည်.. (ပလို့ဂျိ.. ပလို့ဂျိ…)။
ဦးသိန်းဆု။ ။ သူဆို နှယ်နှယ်ရရ မဟုတ်ဘူးခင်ဗျ။ အရင်တုံးက ဆရာဝန်ကြီး။ မမွေးနိုင်တဲ့ လူနာတွေကို မွေးပေး တာသိပ်တော်တာ။ နောက်ဆုံး တစ်ခေါက် မိန်းမတစ်ယောက်ကို မွေးပေးအပြီး ပြန်ချုပ်ပေးတာ ချုပ်ကောင်းကောင်းနဲ့ အထက်အထိချုပ်မိလို့ လူနာရဲ့ ယောင်္ကျားက တရားစွဲ လို့ ဆရာဝန် အလုပ်ပြုတ်လာပြီး ကျုပ်တို့ အဖွဲထဲမှာ ဆိုင်းလာတီးနေတာ။
ပရိတ်သတ်။ ။ ရယ်သံများ…
ဦးသိန်းဆု။ ။ ဟော ဟိုက နှဲဆရာ ကိုငွေကိုင်…
နှဲဆရာ။ ။ နှဲကြီးကို တစ်ချက်နှစ်ချက် မှုတ်လိုက်သည် (တယ်နှယ့်.. တူ့နှယ်..တူနှယ်)
ဦးသိန်းဆု။ ။ သူလဲ နှယ်နှယ်ရရ မဟုတ်ဘူး။ အရင်က သမဝါယမ ဂိုဒေါင်မှုးကြီး။ သူကျတော့ ဆားနဲ့သကြားနဲ့မှားပြီး သကြားပုံထဲ ဆားအိတ်တွေ လောင်းထည့်မိလို့ အလုပ်ကပြုတ်လာပြီး ကျုပ်တို့ အဖွဲထဲမှာ နှဲလာမှုတ်နေတာ။
ပရိတ်သတ်။ ။ ရယ်သံများ…
ဦးသိန်းဆု။ ။ ထပ်ပြီး မိတ်ဆက်ပေးရ အုံးမယ်… ဟောဒီက မောင်းဆရာ ကိုတုတ်ကြီး…
မောင်းဆရာ။ ။ လက်စွမ်း အနည်းငယ်ပြလိုက်သည်။ (တုံ..တုံ..ထုံ..ထုံ)
ဦးသိန်းဆု။ ။ မောင်ဆရာကြီးက အရင်က နှယ်နှယ်ရရ မဟုတ်ပေဘူးဗျ… အရင်တုံးက အစိုးရရုံးက ငွေကိုင် စာရေးကြီး… သူက မျက်မှန် ချွတ်ထားရင် သိပ်မမြင်ရဘူး။ အဲဒီတုံးက တရက်မှာ ဗိုက်ကြီးသည်တစ်ဦး သူအလုပ်စားပွဲနား မတ်တပ်ရပ်နေတာ မီးခံသေတ္တာနဲ့ မှားဖွင့်မိလို့ အလုပ်ပြုတ်လာပြီး ကျုပ်တို့အဖွဲထဲ မောင်းလာတီးနေရတာ…
ပရိတ်သတ်။ ။ ရယ်သံများ…
ဦးသိန်းဆု။ ။ ဟော ဟိုက ပတ်မကြီး ဆရာ ကိုမြသိန်း… သူကတော့ အရင်က အင်ဂျင်နီယာပေါ့။ ယန္တရားစက်ကြီးတွေ ကိုင်ရတာ။ တစ်ခေါက်က ဘေးနားချထားတဲ့ ထညက်ရည်ပုံးကြီးကို အင်ဂျင်ဝိုင်နဲ့ မှားထည့်မိလို့… အလုပ်ပြုတ်လာပြီး ကျုပ်တို့ အဖွဲ့ထဲမှာ ပတ်မကြီးလာတီးနေရတာဗျို့.. .
ပရိတ်သတ်။ ။ ရယ်သံများ…
ဒီလိုနဲ့ အငြိမ့်ကတာကြည့်လိုက် ပျက်လုံးတွေထုတ်တာ နားထောင်လိုက်။ ရယ်လိုက်ကြရတာမှ အူတွေပါနာသည်။
မှတ်မှတ်ရရ အဲဒီတုံးက သူဌေးက မင်းသမီးကို ဆုငွေငါးထောင်၊ လူရွှင်တော်တွေကို နှစ်ထောင်စီ ဆုချလိုက်လေသည်။ လူရွှင်တော်သုံးဦး ပြန်ထွက်လာသည်။
ဦးသိန်းဆု။ ။ စာရွက်ကလေးကိုင်ပြီး … “အလှူ့ဒကာကြီး ဦး… က မင်းသမီး အတွက် ဆုတော်ငွေ ငါးထောင်တဲ့… ကျွန်တော်တို့ သုံးဦးအတွက် ဆုတော်ငွေ နှစ်ထောင်ကျပ်စီ ချီးမြှင့်ပါတယ်… “… အလှူ့ ဒကာကြီး ဦး… နဲ့ အလှူ့အမကြီး ဒေါ်… တို့ ကျန်းမာ ချမ်းသာပြီး စီးပွားဥစ္စာများတိုးတက်ပါစေကြော င်း ဟောဒီ အငြိမ့်စင်ပေါ်ကနေပြီးတော့ ဆုတောင်း ပထ္ထနာပြု လိုက်ပါတယ်ခင်ဗျား….
ဦးပေါစံ။ ။ နေအုံး… ကိုသိန်းဆု… ဆုတော်ငွေဘယ်လောက်ချသလဲ ပြန်ပြော စမ်းပါအုံး…
ဦးသိန်းဆု။ ။ မင်းသမီးကို ငါးထောင်… ကျုပ်တို့ကို နှစ်ထောင်စီ…
ဦးပေါစံ။ ။ ပရိတ်သတ်ကို ကြည့်၍… ကိုင်း… မင်းသမီးကျတော့ ငါးထောင်တဲ့ဗျ…. ကျုပ်တို့ လူရွှင်တော်တွေကျတော့ နှစ်ထောင်စီတဲ့… ကျုပ်တို့က အဝှာမပါလို့ နေမှာ ဗျ…နှော့်..
ပရိတ်သတ်။ ။ ရယ်သံများ…
ဦးသိန်းဆု။ ။ ဘာမပါတာလဲဗျ.. ခင်ဗျားဥစ္စာကလည်း…
ဦးပေါစံ။ ။ အဝှာမပါလို့ နေမှာပါဆို…
ဦးသိန်းဆု။ ။ ဘာလဲဗျ… ရှင်းစမ်းပါအုံး…
ဦးပေါစံ။ ။ ရယ်ကျဲကျဲဖြင့်…. အော်.. အနုပညာ ဗီဇ ကို ပြောတာပါဗျာ…
ပရိတ်သတ်။ ။ ရယ်သံများ….
3 comments
etone
August 12, 2010 at 4:29 am
ha ha …လူရွှင်တော်တွေသိဖို့ကောင်းတယ်လေ ။
လင်းဝေကျော်
August 12, 2010 at 4:43 am
ဖတ်ရင်းနဲ့တောင် ဦးပေါစံမျက်နှာနဲ့လေသံကို မြင်ယောင်ကြားမိတယ်။
orlando
August 12, 2010 at 5:35 am
အဲအငြိမ့် ကျွန်တော်ကြည့်ဘူးတယ်ဗျ
တော်တော်ကိုကောင်းပါတယ်