ကျွန်မ မညံ့ပါဘူး

etoneAugust 12, 20101min1191

(၁)
မိန်းမတစ်ယောက်ကို ချစ်မိတဲ့အခါ တခြား ဘယ်လို ခံစားချက်မျိုး ကို ပူးတွဲ
ခံစားရလေ့ ရှိပါသလဲ။
အချစ်ရဲ့နောက်မှာ တခြားခံစားမှု တစ်ခုခုလည်း ပူးတွဲ ဖြစ်တည် လာတတ်သည်ဟု
ကျွန်တော် ထင်သည်။
ဥပမာ လေးစားမှု၊ သနားကရုဏာ စသဖြင့်ပေါ့…။
ကျွန်တော် ကတော့ သူမကို ချစ်သည့် အချစ်နှင့်အတူ မနာလိုမှုကို ပါ
ပူးတွဲခံစားရပြီး ကိုယ့်ကိုယ်ကိုလည်း သိမ်ငယ်စိတ်တွေ ဝင်ခဲ့ရသည်။
ကျွန်တော့်ကို အဲဒီလိုဖြစ်အောင်လုပ် သည့် တရားခံကတော့ သူမကိုယ်တိုင်ပဲ
ဖြစ်သည်။
တကယ်ဆို သူမ သိပ်တော်နေ ဖို့ မကောင်းပါ။ မိန်းမဆိုတာ နည်းနည်းလေးတော့ ညံ့ဦးမှပေါ့။
ဒါမှလည်း ကျွန်တော်တို့ ယောက်ျားတွေမှာ ဖေးမခွင့်ရနိုင်သည်။ ကိုယ့်ထက်
ညံ့သည့် မိန်းမတစ်ယောက်ကို ဖေးမကူညီ သနားငဲ့ညှာ လိုက်ရလို့
(တစ်နည်းအားဖြင့် ဆရာလုပ်လိုက်ရ လို့) ခံစားလိုက်ရတဲ့ ယောက်ျား
တစ်ယောက်ရဲ့ပီတိနဲ့ဝင့်။
တကယ်တော့ သူမလက်ကိုင် ထားတဲ့ ဆောင်ပုဒ်ကိုက “မိန်းမတံခွန် လူရည်ချွန်၊
မိုးစွန်တမွတ် ကြယ်ကို ဆွတ်မည်” ဆိုတာမျိုး ဖြစ်သည်။ သူမက သူမလိုချင်သော
ဘယ်အရာကိုမှ (အချစ်တစ်ခုကလွဲပြီး) ကျွန်တော့်ထံက မတောင်းဆိုခဲ့ဖူးချေ။
ပြီးတော့ ဘယ်ကိစ္စမှာမှ ကျွန်တော့်ကို မှီခိုဖို့ မစဉ်းစားချေ။ ဘတ်စ်ကား
တိုးစီးကြလို့များ ကျွန်တော်က သူမကို ဖေးမ ဆွဲခေါ်ဖို့ လက်ကမ်းလျှင် သူမက
ကျွန်တော့်လက်ကို မမြင်၊ ဘတ်စ် ကားလက်ကိုင်တန်းကို ဆုပ်ကာ ကားပေါ်လွှားခနဲ
အရင်ရောက်သွားပြီးမှ … “ကိုရေ..လာလာ.. ဒီဘက်ကို။ ဒီဘက်မှာ နေရာရှိတယ်။
ဒီမှာ လာထိုင်..” ဟု ကျွန်တော့်ကို လှမ်းဆွဲခေါ် ကာ တစ်ခုတည်းသော
ခုံလွတ်မှာ ကျွန်တော့်ကို ထိုင်ခိုင်းလေသည်။ သူမ အဲဒီလိုလုပ်လျှင် အနားက
လူတွေက ကျွန်တော့်ကို အားနွဲ့သူအလား အထင်မှားကာ ပြုံးစေ့စေ့
လှမ်းကြည့်ကြသည်။ ကျွန်တော့်မှာ မျက်နှာကို ဘယ်သွားထားရမှန်း မသိ ချေ။
“ကို လာထိုင်လေ”
သူမက အလိုက်မသိ လှမ်းခေါ်ပြန်လျှင် ကျွန်တော်က မျက်နှာထား ကို တင်းကာ..
“မင်း..ထိုင်..”
“အို..ကိုပဲထိုင်ပါ။ ကျွန်မက အပင်ပန်းခံနိုင်တယ်။ ကိုသာ ကြာကြာရပ်စီးရရင်
ညောင်းတယ်၊ မူးတယ် ဖြစ်လာတတ်တာ။ လာထိုင်ပါ ကိုရဲ့..”
“မထိုင်ဘူးကွာ..”
“ဘာဖြစ်လို့လဲ..”
ကျွန်တော်က အလိုက်ကန်းဆိုး မသိသော သူမနားနားကပ်ကာ ခပ်ကျိတ်ကျိတ် ပြောရသည်မှာ…
“ငါက ယောက်ျားကြီးလေကွာ။ ယောက်ျားကြီးတန်မဲ့ ခုံလုထိုင်ပြီး မင်းက
ငါ့နားရပ်နေတာ အဓိပါယ်ရှိလို့လား..။ အဲဒီလို လုပ်လိုက်ရင် ငါဘယ်လောက်
အောက်သွားမယ် ဆိုတာ မင်းနားမလည်ဘူးလား။ ဟိုမှာ လူတွေလည်း ကြည့်နေတဲ့ဥစ္စာ။
“ဪ ကိုက ဘတ်စ်ကားစီးတဲ့ နေရာမှာတောင် ကျား၊မ ခွဲခြားမှုရှိသလား။
ကျွန်မစိတ်ထဲတော့ ယောက်ျားမို့လို့ အနစ်နာခံရမယ်။ မိန်းမမို့လို့
အသာစီးလေး နေရမယ် ဆိုတာမျိုးမရှိပါဘူး။ ကိုယ်ချစ်တဲ့သူ ပင်ပန်းမှာစိုးရင်
ဦးစားပေး လိုက်တာပဲလေ”
“မင်းလဲသေလိုက်” ဟု ကျွန်တော် အော်ပြောလိုက်ချင်သည်။
သူမကတော့ အဲဒီလိုကိစ္စလေး တွေမှအစပြုကာ ယောက်ျား တစ်ယောက်ရဲ့ အခန်းကဏ္ဍ
ပျောက်ဆုံး အောင် နည်းအမျိုးမျိုးဖြင့်လုပ် ဆောင်လျက်ရှိသည်။
တစ်နေရာရာကို အတူသွားကြလို့ ရေသောက်ချင်လျှင် ရေသန့်ဘူး ပြေးဝယ်သူက သူမ
ဖြစ်၏။ ရေသန့်ဘူး ဖောက်ပေးသူကလည်း သူမဖြစ်၏။ သူမငှားနေသည့်အိမ်မှာ
မီးချောင်းဆင်တာ၊ မီးဖိုပြင်တာ၊ ဖြူးပျက်တာ စသည့် ကိစ္စအဝဝ ကို သူပဲသိ၊
သူပဲတတ် ဖြစ်အောင် လေ့လာထားတာ ကိုယ်တိုင်လုပ်ဆောင် တတ်သေးတာမို့
ကျွန်တော့် မှာ အသေးအမွှားကစလို့ ဘာကလေးမှ လက်စွမ်းပြ ကူညီခွင့် မရချေ။
သူမရှေ့မှာ “ကိုယ်ဘာကူညီ ရမလဲဟင်” “အကူအညီလိုရင် ကိုယ့်ကိုပြောနော်”
ဟုသွားပြောလို့ကတော့ ကိုယ်သာ ငပေါကြီး ဖြစ်သွားပေမည်။
သူမက အလုပ်ကို မနားတမ်း လုပ်နိုင်သူလည်း ဖြစ်သည်။ သင်တန်း ပေါင်းစုံတက်ရ၊
အချိန်ပိုင်းအလုပ်၊ အချိန်ပြည့်အလုပ်နှင့် ဒီကြားထဲ စိန် ပွဲစား၊
ကားပွဲစားဆိုတာမျိုး ကြုံရင် ကြုံသလို လုပ်သေးသည်။ ပင်လည်းပင်ပန်း၊
အိပ်ရေးတွေလည်း ပျက်ကာ မျက်ကွင်း ဟောက်ပက်ကျနေလို့ ချစ်သူရှေ့မှာ အလှပျက်
နေမှာကိုလည်း မစိုးရိမ်တတ်ချေ။ ပြီးတော့ သူမက ချုံးချုံးကျနေသော အခြယ်
အသကင်းသည့်မျက်နှာနှင့် ကျွန်တော့်ကို ပြောသေးသည်။
“ကိုရေ..ကျွန်မတို့လက်ထပ် တဲ့အချိန်ကျရင် တိုက်ခန်းလေး တစ်ခန်းတော့
အပိုင်ရှိမှဖြစ်မှာသိ လား။ အဲ့ဒါကြောင့် ကျွန်မအရမ်းကြိုး စားနေတာ။
ကျွန်မပိုက်ဆံစုထား တာလည်း တော်တော်များနေပြီ။ ပွဲခဆိုတာ
အမြဲမရနိုင်ပေမယ့် ရရင် လည်း မြိုးမြိုးမြက်မြက်ပဲ မဟုတ် လား။
သိပ်မကြာခင် ကိုယ်ပိုင်စီးပွားရေးလေး တစ်ခုတော့ စမှဖြစ်မယ်။ သူများ
ဝန်ထမ်းချည်း လုပ်နေရင် ကြီးပွားဖို့လမ်းမမြင်ဘူး”
သူမက အဲဒီလိုပြောတော့ ကျွန်တော်ဆိုတဲ့ ယောက်ျားတစ်ယောက်က ဘာသွား
လုပ်ရမည်နည်း။ သူမက ကျွန်တော်နဲ့ လက်ထပ်ပြီးတဲ့ အခါ သူမကပဲ
လုပ်ကိုင်ရှာဖွေ ကျွေးမွေး တာဝန်ယူတော့မည့်ပုံမျိုး အရာရာကိုစွမ်းဆောင်
ပြချင်နေသည်။
တကယ်လည်း စွမ်းဆောင်နိုင် သူကြီးမို့ သိပ်မကြာခင် ဂျပန် ဒိုမက်စတစ်
တီဗွီတွေကို ဈေးသက်သာသာနှင့် ဝယ်ကာ ရပ်ကွက်ထဲမှာ တီဗီဂိမ်း ဆိုင်၊
စာအုပ်ငှားဆိုင်၊ ခွေငှားဆိုင် လေးဖွင့် စလို့ တဖြည်းဖြည်း ကြီးမား
ကျယ်ပြန့်လာကာ အင်တာနက် ကဖေးဆိုင်လေးပါ ဖွင့်နိုင်သွားပြီ ဖြစ်သည်။
သူမက အောင်မြင်လေ တော်လေ၊ ထက်လေ ကျွန်တော့်မှာ သိမ်ငယ်စိတ်ကို
ခံစားရလေဖြစ်ခဲ့သည်။ ကျွန်တော့် ပတ်ဝန်းကျင်ကလည်း သူမကိုသာ
ချီးမွမ်းစကားတွေ တွင်တွင် ပြောလျက်ရှိသည်။
“ခင်ယုယက အရမ်းထက်တယ် နော်။ ဒါတောင်မှ သူ့မှာ ဘာကျောထောက်နောက်ခံမှ
မရှိဘဲ တစ်ယောက်တည်း ကျုံးရုန်းကြိုးစားရင်း အဆင်ပြေ လာတာ။ ဒါတောင်မှ
သူကနယ်က တက်လာရတာတဲ့။ နယ်ကမို့လို့သာပဲ”
အဲဒီလို အပြောမျိုးတွေက လည်း ကျွန်တော့် မာနနဲ့သိက္ခာကို
ထိခိုက်လျက်ရှိသည်။ ကျွန်တော်ကဖြင့်
မိဘ အသိုက်အဝန်း တောင့်တဲ့ ရန်ကုန်သား သာဆိုတယ်။ ခုအရွယ် ထိ ဘာမှ
ဟုတ်တိပတ်တိ ဖြစ်မလာသေး။ တစ်နေ့တစ်နေ့ ထမင်းချိုင့် ကလေး ဆွဲကာ
ရုံးတက်နေရတုန်း။ အားရင် သူငယ်ချင်းတွေနှင့် လက်ဖက်ရည်ဆိုင် ထိုင်ကာ
ဟိုးဟိုး ဟားဟား အပြောများတုန်း၊ ကျွန်တော့်ရဲ့ ညတွေကို ဘောလုံးပွဲတွေက
ဝါးမျို ထားတုန်း။ ကျွန်တော့် မိဘတွေက စီးပွားရေးလုပ်ငန်း
လုပ်ဖို့အရင်းအနှီး ထုတ်ပေးမယ် ပြောလည်း ကျွန်တော်က လုပ်ချင်ကိုင် ချင်
ဦးဆောင်ချင်စိတ် မရှိတာမို့ ငြင်း ပယ်မိတုန်း။ အဲဒီလို ကျွန်တော်က ဘဝကို
ဝါးတားတား ဖြတ်သန်းနေ ချိန်မှာ သူမရဲ့ ဘဝကတော့ တဖြည်းဖြည်း ထင်းလင်း
တောက်ပလာခဲ့ပြီ ဖြစ်သည်။
အမြဲတမ်း မျက်နှာကလေး မော့ချီကာ တောက်ပ စူးရှသော
မျက်ဝန်းများဖြင့်လူတကာကို လွှမ်းလွှမ်းမိုးမိုး ကြည့်တတ်သော၊
သင်တန်းပေါင်းစုံ တက်ကာ ပညာရပ်များ စွာကို လောဘတကြီး သင်ယူနေတတ်သော၊
စီးပွားရေး လာဘ်မြင် အကွက်မြင်ကာ ဘယ်ကိစ္စ မဆိုလှစ် ခနဲနေအောင် ပါးသော၊
နေရာတကာ ဦးဆောင်ဦးရွက် ပြုလိုကာ တာဝန်ယူ စိတ်လည်း အပြည့်ရှိသော သူမလို
ချစ်သူတစ်ယောက် အနားမှာ နေရသော ယောက်ျား တစ်ယောက်ရဲ့ ဘဝဟာ ဘယ်လောက်
ဆိုးသလဲဆိုတာ ယောက်ျားချင်းမှသာ နားလည်နိုင်ပါ လိမ့်မည်။
သူမက အောင်မြင်လေ၊ ကျွန်တော်က သိမ်ငယ်လေ။ တဖြည်းဖြည်း ယောက်ျား
တစ်ယောက်ရဲ့ အခန်းကဏ္ဍ မှုန်ဝါးပျောက်ဆုံးလာ ကာ ကိုယ့်ကိုယ်ကို
သေးကျုံ့လာသည် ဟုတောင် ခံစားရသည်။ သူမကို မိန်းမတစ်ယောက်ဟု သတ်မှတ်
လို့မရတော့သောအခါ ကျွန်တော့်ရဲ့ ရင်ခုန်သံတွေလည်း ဆိတ်သုန်း ပျောက်ပျက်
သွားရတော့သည်။
ကျွန်တော် ကိုယ်တိုင်က သိပ်အညံ့စား လူတစ်ယောက် မဟုတ်ခဲ့ပေမယ့်
သူမနဲ့ယှဉ်လိုက်တိုင်း စုတ်ပြတ်သပ်အောင် ညံ့ထွက် သွားလေ့ရှိသည်။ သူမနှင့်
ယှဉ်လိုက်လျှင် သူမက ထင်းလင်းဝင်းပနေပြီး ကျွန်တော်က သေးနုပ်
မှုန်ကုပ်လာသည်။
သူမနဲ့ပတ်သက်ပြီး ကျွန်တော့် မှာဘာတာဝန် ယူစရာမှလည်း မရှိခဲ့ပါ။
မင်္ဂလာဆောင်ဖို့ ငွေစုစရာလည်း မလို (သူမစုထားတာပြည့်တောင်
ပြည့်တော့မည်တဲ့)။ သူမနှင့် မင်္ဂလာ ဆောင်ပြီး အတူနေရန် တိုက်ခန်းဝယ်
ဖို့ကြိုးစားစရာ လည်းမလို (သူမက အပျိုဘဝနှင့်ပင် တစ်အိုးတစ်အိမ် ထူထောင်
ထားနိုင်ပြီတဲ့)။ စီးပွားရေး အတွက် ပူပင်စရာလည်းမလို (သူမ က
ဝင်ငွေကောင်းသော လုပ်ငန်းတစ်ခုခုကို ထူထောင် အောင်မြင်နေပြီတဲ့)။ သူမကို
လက်ဝတ်လက်စား ဝယ်ပေး ဖို့လည်းမလို (သူမက ခုကတည်းက
အမြော်အမြင်ကြီးကြီးနှင့် လက်ဝတ် ရတနာတွေ ဝယ်စုနေပြီတဲ့)။
သူမက ယောက်ျား တစ်ယောက် ရဲ့ဖြစ်တည်မှုကို ထိုအခြေအနေများ ဖြင့်
ဖျက်ဆီးလျက် ရှိသည်။ သူငယ်ချင်း တွေကတော့ပြောကြသည်။
“မင်းကွာ..ဘယ်လောက် တာဝန်ပေါ့လဲ။ ရယ်ဒီမိတ်ပဲ။ ဒါမျိုး ရတာ
မင်းရဲ့အင်မတန်ထူးတဲ့ ကံကြောင့်ပဲ”
ကျွန်တော်ကတော့ အဲဒီလို မထင်ပါ။ နေမကောင်းလို့မှ ကိုယ့်လက်မောင်းပေါ်
လာမှေးမှီဖို့စိတ်ကူး မရှိသော မိန်းမတံခွန် လူရည်ချွန်မျိုး ရဲ့အနားမှာ
တစ်သက်လုံး နေသွားဖို့ စိတ်ကူးရင်းနဲ့တောင် စိမ့်တုန်အောင် ကြောက်လာသည်။
ကျွန်တော်က သူမကို လမ်းခွဲ စကားပြောတော့ သူမက ကြေကွဲသော်လည်း စူးရှသော
မျက်ဝန်းများဖြင့် ကျွန်တော့်ကို စိုက်ကြည့်ရင်း မေးသည်။
“အကြောင်းပြချက်ကဘာလဲ”
“မင်းက ငါ့ကိုယောက်ျား တစ်ယောက် အဖြစ် ဖြစ်တည်ခွင့် မပေးခဲ့လို့ပဲ”
(၂)
ကျွန်တော့်ရဲ့ ဒုတိယ ချစ်သူမှာတော့ အားငယ်ရိပ်သမ်းသော မျက်ဝန်း
ညို့ညို့လေးတွေ ရှိသည်။ ကျွန်တော့်အပေါ် အလုံးစုံ မှီခိုကိုးစား
လိုစိတ်ရှိသည်။ ဘယ်ကိစ္စ မဆို မျက်နှာငယ်လေးနှင့် နောက်ယို့နေတာ
ကျွန်တော့်ကိုသာ ရှေ့တန်းတင် ဦးဆောင်စေတတ်သူ လည်းဖြစ်သည်။ သူမက
သူမရဲ့အိတ်ကလေးမှာ အရုပ်ကလေး ပါသောသော့ချိတ် ကလေး တပ်လျှင်တောင် “ကိုကို
ဝတီ မလုပ်တတ်ဘူး။ ကိုကို လာချိတ်ပေး”ဟု မူနွဲ့နွဲ့လေး ဆိုတတ်၏။
“ကိုကိုရေ..ရေဆာတယ်။ ရေသန့်ဘူး သွားဝယ်ပေးကွာ” ဟုခိုင်းတတ်၏။ ဘတ်စ်ကား
တိုးစီးကြလျှင် ကျွန်တော့် အင်္ကျီကိုဆွဲကာ နောက်မှယို့ယို့
ကလေး လိုက်တတ်၏။ ကျွန်တော် ဦးပေးသော နေရာမှာ အပြေးအလွှား သွားထိုင်တတ်၏။
ထမင်းစားလျှင်တောင် အရိုးကလေး နွှင်ပေးပါဦးဟု ဆိုတတ်၏။ သူမလိုချင်သော
အင်္ကျီ၊ ကလစ်၊ ဖိနပ်၊ အိတ်၊ ရေမွှေး အစရှိ တာတွေ တွေ့ပြီများဆို ကျွန်တော့်
လက်ကို အသကုန် လှုပ်ယမ်းကာ
“ကိုကိုရေ..ဝယ်ပေးကွာ၊ ဝယ်ပေးကွာ”
ဟု ပူဆာ တတ်သေး၏။ ပြီးတော့ သူမ မကြာခဏ ညည်းညူ တတ်သည့် စကားလုံးလေးတွေကို
နားထောင်ကြည့်ပါဦး။
“ကိုကိုရေ..ဝတီ တို့လက်ထပ် ပြီးရင် ဘယ်သူ့အိမ်မှ လိုက်မနေကြေး နော်။
အိမ်ငှားပြီးတော့လည်း မနေချင်ပါဘူး။ ဝတီတို့ အခန်းပိုင်လေးနဲ့
နေရအောင်တော့ ကြိုးစားပေးပါ ကိုကိုရယ်နော်…”
“ကိုကိုရေ..ဘတ်စ်ကားစီးရတာ အရမ်း ပင်ပန်းတာပဲ နော်။ ကိုကို့
လက်ကိုဆွဲပြီး တိုးစီးနေရလို့သာ ပင်ပန်းတဲ့ဒဏ်ကိုခံနိုင်နေတာ။
နောက်မို့ဆို မလွယ်ဘူးသိလား။ ဝတီတို့ ဘတ်စ်ကား တိုးစီးရတဲ့ဘဝက
လွတ်အောင်လုပ်ဖို့က ကိုကို့တာဝန် ပဲနော်”
“ကိုကိုရေ ဝတီ့ဘဝမှာ ကိုကို မရှိတော့ရင် ဘာဖြစ်သွားမလဲဆိုတာ တွေးတောင်
မတွေးရဲဘူးသိလား။ ကိုကို့ကြောင့်သာ ဘဝမှာနေရကျိုး နပ်တယ်ထင်တာပဲ”
သူမက အဲဒီလိုပြောလေ။ ကျွန်တော့်ရဲ့ ယောက်ျားဘဝ ဖြစ်တည် မှုက ပိုပြီး
ကြီးကျယ်လာလေ။ ကြိုးစားချင်စိတ်၊ တာဝန်ယူချင်စိတ်တွေ တဖွားဖွား
ပေါ်ပေါက်လာလေ။
ကျွန်တော့်မှာ သူမ လိုချင်တာ လေးတွေ ဝယ်ပေးနိုင်ဖို့ပိုက်ဆံစုရ၊
အလုပ်ကြိုးစားရနှင့် အားကိုးရကျိုးနပ်သော ယောက်ျား တစ်ယောက် အဖြစ်
ခိုင်ခိုင်မာမာ ရပ်တည်နိုင်ဖို့ ကြိုးစား ခဲ့ရသည်။
ထစ်ခနဲဆို အားငယ်ဝမ်းနည်းကာ မျက်ရည်ကလေး ခိုတွဲမှီနွဲ့လာ သော သူမနံဘေးက
ကျွန်တော့်ရဲ့ အရည်အသွေးတွေဟာ ရှိရင်းစွဲထက် ပိုํတောက်ပြောင် လာသည်။
နဂိုက သိပ်တော်လှသူ မဟုတ်ပေမယ့် သူမနှင့် ယှဉ်လိုက်တိုင်း ကျွန်တော်က
ဧရာမ မဟာပုဂိ္ဂုလ်ကြီး ဖြစ်ဖြစ်သွား တတ်သည်။ ဒီလိုဘဝမှာ ကျွန်တော်
တော်တော်ပျော်ပါသည်။
ကျွန်တော် သူမနှင့်လက်ထပ် ဖို့ ဆုံးဖြတ်တော့ သူငယ်ချင်းတွေက ရှုတ်ချကြသည်။
“မင်း ကောင်မလေးက ခပ်ညံ့ ညံ့လေးပါကွာ။ သူ့နားနေမယ့်လူကို အမြဲဝန်ပိ
နေစေမယ့်သူမျိုး”
သူငယ်ချင်းတွေက ဘာပဲ ပြောပြော ကျွန်တော် ကတော့ ခပ်ညံ့ညံ့ပဲ ကြိုက်ပါသည်။
_____
ပထမချစ်သူ
လူတွေက ကျွန်မကို သိပ်တော် တာပဲလို့ ပြောကြတယ်။
တကယ်တော့ ကျွန်မက ညံ့ပါတယ်။
ကျွန်မက စီးပွားရှာတဲ့ နေရာမှာသာ သိတာတတ်တာ များပေမယ့် ယောက်ျား
တစ်ယောက်ရဲ့စိတ်ကိုတော့ ဘာမှ နားမလည် ခဲ့တဲ့နလပိန်းတုန်းပါ။
ကျွန်မစိတ်ထဲမှာ ချစ်သူအတွက် “စေတနာ” တွေပဲရှိတာပါ။ မပင်ပန်း စေချင်တဲ့
စေတနာ၊ ဝန်မပိစေချင်တဲ့ စေတနာတွေနဲ့ အရာရာကို ကျွန်မပဲ ကျုံးလုပ်ရင်း
ပင်ပန်းခံခဲ့မိပါတယ်။ ပိစိညှောက်တောက် ကိစ္စလေးတွေနဲ့လည်း သူ့ကို
စိတ်မရှုပ်စေချင်ဘူး။ အလေးအမြတ် တန်ဖိုးထားလွန်းလို့ မဟုတ်ပါလေး၊
ဟုတ်ပါလေး ကိစ္စလေးတွေ အတွက် မခိုင်းရက်ခဲ့ဘူး။ ကျွန်မနဲ့ ပတ်သက်လာရင်
ဝန်လေး ပင်ပန်းမှုတွေ မပါဘဲ အချစ်ချည်း သက်သက်သာ ခံစားစေလိုတာ လည်း
ကျွန်မရဲ့စစ်မှန်တဲ့စေတနာ မေတ္တာပါပဲ။
ဒါပေမဲ့ သူက ဘာကြောင့်မှန်း မသိဘဲ ကျွန်မကို စွန့်ပစ်ထွက်ခွာ သွားခဲ့တယ်။
သူ့ကိုကျွန်မက ယောက်ျား တစ်ယောက် အဖြစ် ဖြစ်တည်ခွင့် မပေးလို့ဆိုတဲ့
အကြောင်းပြ ချက်နဲ့ပေါ့။
အဲဒါဘာကိုဆိုလိုတာလဲ။
ခုထိ ကျွန်မ စဉ်းစားမရသေးဘူး။
အဲဒါကြောင့် ကျွန်မက ညံ့ တယ်လို့ပြောတာပေါ့…။
_____
ဒုတိယချစ်သူ
လူတွေက ကျွန်မကို ခပ်ညံ့ညံ့ မိန်းမလို့ ဆိုကြတယ်။ တကယ်တော့ ကျွန်မက မညံ့ပါဘူး။
ယောက်ျား တစ်ယောက်ကို ကိုယ့်အနားမှာ အမြဲရှိနေဖို့ ဘယ်လို
ဆွဲဆောင်ထားရမလဲ ဆိုတာ ကျွန်မ ကောင်းကောင်း နားလည်တယ်။
ယောက်ျားတွေကို ဆွဲဆောင် ထားနိုင်ဖို့အတွက် အခြေခံအချက် တစ်ချက်ပဲလိုအပ်တယ်။
အဲဒါ သူတို့ရဲ့ အတ္တကိုဖွံ့ဖြိုး စည်ပင်လာအောင် ပြုစုပျိုးထောင်
ပေးခြင်းပဲ။ ပျိုးထောင်ရမယ့် နည်းလမ်းအဖြာဖြာ ကတော့…။
၁။ အားကိုးတကြီး အကြည့်ကလေး တွေနဲ့ ကြည့်တတ်ရမယ်။
၂။ အရာရာ သိနားလည်ပေမယ့် ဘာမှ မသိနားမလည်သယောင် ဟန်ဆောင် တတ်ရမယ်။
၃။ ကိုယ်က ဦးဆောင်နိုင်တဲ့ ကိစ္စတွေ မှာလည်း သူတို့ကို ရှေ့တန်းတင်တတ် ရမယ်။
၄။ သူတို့ကိုသွားပြီး ဆရာကြီး မလုပ်နဲ့၊ အမြင်ကတ်ခံရမယ်။
၅။ သူတို့က ဆရာကြီးလုပ်နေတာကို လည်း “သိသားပဲ” စတိုင်သွားမဖမ်းနဲ့။
မသိချင်ယောင် ဆောင်ပြီး “ဟင်..ဟုတ်လား”၊ “ဟယ်..ဒီလိုလား”၊ “အို
..အစကလုံးဝမသိဘူး” ဆိုတာမျိုး ဖော်လိုလေးတွေ လိုက်လိုက်ပေးရင်း
သူတို့အတ္တကို ရေလောင်း ပေးနိုင်ရမယ်။
၆။ ကိုယ်လုပ်တတ်တဲ့ ကိစ္စတွေကို မလုပ်တတ်ဘူး ပြောပြီး မကြာခဏ ခိုင်းခိုင်းပေးရမယ်။
၇။ ကိုယ့်ဘာသာ စဉ်းစားဆုံးဖြတ်နိုင် တဲ့ကိစ္စလေးတွေကို သူတို့နဲ့မကြာ
ခဏတိုင်ပင် အကြံတောင်း တတ်ရမယ်။
၈။ အရေးကြီးဆုံးနဲ့ နောက်ဆုံး အချက်ကတော့ ကိုယ့်ဘဝမှာ သူမရှိလို့ လုံးဝ
မဖြစ်ဘူးဆိုတာကို သူတို့ဦးနှောက်ထဲ အသည်းထဲ စွဲနစ်နေ အောင်
တဖွဖွပြောနေဖို့ပါပဲ။
ဒီလို နည်းလမ်းတွေနဲ့ ကိုယ့်ဘဝ မှာ သူမရှိလို့မဖြစ်ဘူး။ သူသာလျှင်
အားကိုးရာ အရှင်သခင် ဆိုတဲ့အသိကို သူတို့ရင်ဘတ်ထဲ စိုက်ဝင်စွဲမြဲနေအောင်
စွမ်းဆောင်နိုင်ဖို့လိုတယ်။
ဒါ ယောက်ျားဆိုတဲ့အမျိုး အစားတွေကို ဆွဲဆောင်ထားနိုင်မယ့် နည်းလမ်းတွေပဲ။
အဲဒီနည်းတွေနဲ့ပဲ ကျွန်မကို စွမ်းစွမ်းတမံ ရှာကျွေးမယ့်ယောက်ျား
တစ်ယောက်နဲ့ လက်ထပ်နိုင်ခဲ့ပြီလေ။
အဲဒါကြောင့်ကျွန်မက မညံ့ဘူး ပြောတာပေါ့…။

xxxxxxxxxxx ပုညခင်ရဲ့    ဝထ္တုတိုလေးပါ ။ သဘောကျလို့  ပို့စ်တင်ပေးလိုက်တာ ။

One comment

  • manawphyulay

    August 13, 2010 at 4:06 am

    ဘာပဲ ဖြစ်ဖြစ် နှစ်ယောက်စလုံး မှန်တယ်။ ကွာခြားချက်က တစ်ယောက်က အချစ်လွန်သွားတာ။ ပင်ပန်းမှာစိုးလို့ဆိုတဲ့အချက်နဲ့ နောက်တစ်ယောက်က ယောက်ျားလေးတွေ သဘောထားကို သိရှိထားသူ ဖြစ်ရမယ်နော်……

Leave a Reply