ကြွေးဟောင်းဆပ်ရတဲ့တစ်နေ့ရောက်လိမ့်မယ်
ပုံပြင်မဟုတ်တဲ့ တကယ့်ဘဝတွေ ပိုစ့်ရဲ့ အဆက်ပါ။
ဒီလို မိုးသံလေသံတဝေါဝေါ ဆူညံနေတဲ့ ရွာအခြေအနေအချိန်အခါထဲမှာ ဒီလိုစာလေးတွေ ရေးတင်ဖို့ ဆိုတာက. . . နည်းနည်းတော့ စွန့်စားရပါတယ်။
ဒါပေမယ့် ပထမတစ်ပိုင်းနဲ့ သိပ်မကြာစေလိုတာကြောင့် ဖြစ်ချင်ရာဖြစ်ဆိုပြီး တင်လိုက်ရပါတော့တယ် ။
—————————————
မောင်သူရတို့က သနားလို့ အိမ်ပေါ်ခေါ်တင်ထားတဲ့ မိသားစု . . .
အချိန်တန်လို့ ဆင်းပါတော့ဆိုတော့
” ဆင်းမပေးနိုင်ဘူး ”တဲ့။
—————–
အိမ်လခလည်း မရတဲ့အပြင်. . .
ပေးကမ်းကြည့်ရှုခဲ့သေးတဲ့ မျက်နှာကိုမှမထောက်ထားပဲ. . .
အဲဒီ မိန်းမက ”ဆင်းမပေးနိုင်ဘူး” လို့ ပြောပါလေရော ။
အဲဒီတော့ မောင်သူရရဲ့ မေမေက စိတ်ဆိုးပြီပေါ့။
မောင်သူရတို့မိသားစုကလည်း အဲဒီ အိမ်မှာ နေမှကို ဖြစ်တော့မှာဆိုတော့. . .ဒီထက် ပို အားမနာနိုင်တော့ဘူးလေ။
ကိုယ်တွေက အိမ်ရှင်ဖြစ်ပြီး သနားလို့ ခေါ်တင်ထားတဲ့လူတွေက . . .ဆင်းမပေးနိုင်ဘူးဆိုတိုင်း ငြိမ်နေလို့မှ မရတော့တာ ။
သူတို့က. . .
” ဒီအိမ်မှာနေလာတာ သုံးနှစ်သုံးမိုးရှိပြီ ။ ကျုပ်တို့အိမ် ဖြစ်နေပြီ” ဆိုပြီး. . .အပိုင်စီးတာဗျို့ ။
ပညာမရှိ အသိဉာဏ် မစွမ်းတဲ့လူတွေဆိုတော့. . .ဆင်ခြင်စွမ်းမဲ့စွာ တရားလက်လွတ်ပြောကြတာ။
သူတို့ ဘယ်လောက်ပဲ အပိုင်စီးချင်နေပါစေဦး ။
ဒီအိမ် ဒီခြံနဲ့ပတ်သက်သမျှ စာချုပ်စာတမ်းတွေ / ပိုင်ဆိုင်မှုပြစရာတွေက မောင်သူရတို့ မေမေ လက်ထဲမှာပဲလေ ။ ကိုယ့်အိမ်အသေအချာပဲမို့ ဘယ်လို ရင်ဆိုင်ပါစေ ကိုယ်ပဲနိုင်ရမှာပေါ့ ။
ဒါလောက်လေးကိုတောင် သူတို့မတွေးနိုင်ဘူး ။ ဒီတော့. . .ရပ်ကွက်လူကြီးကို ခေါ်ရှင်းရုံပေါ့။
———————————
အဲဒီမိန်းမအကြောင်း
ပြောပြပါရစေ။
နာမည်က မတင်ဝင်းတဲ့ ။
လေးဒေါင့်ကန်ရွာရဲ့ မနက်ဈေးကလေးထဲမှာ ဈေးသည်ဈေးဝယ်တွေကို သောက်ရေ ခပ်ပြီးရောင်းစားတာ။
အဲဒီတုန်းက တစ်ခွက်ကိုတစ်ကျပ်ပေါ့ ။
ဈေးသည်တွေကလည်း သူတို့မိသားစုကို သနားတာနဲ့ ရေကို သောက်ကြပါတယ်။ တစ်ကျပ်စီလည်း မတွန့်မတိုပေးကြပါတယ် ။
အဲဒီမိန်းမက ကလေးတွဲလောင်းနဲ့ ရေရောင်းပြီး ရတဲ့ ပိုက်ဆံကို သူ ့ယောကျာ်း အရက်သမားအတွက် . . .
အရက် ဆက်သရတယ်။
ရေကိုရောင်းပြီး အရက်ဝယ်တယ်ပေါ့ဗျာ ။
အဲဒီ အရက်ဖိုး ပိုမှ သားအမိတွေစားဖို့ . . .ဆန်ကွဲထမင်းအနိုင်နိုင် ဝယ်ရ/
ချက်ရ/ဟင်းကတော့ ထုံးစံအတိုင်း . . .ဈေးထဲက ဟိုကောက် ဒီကောက် / ဟိုဈေးသည် ဒီဈေးသည်က ပေးကမ်းစွန့်ကြဲတာလေးတွေကို ပြုတ်သလို ချက်စားရတာ။
အဲဒီ ဆင်းရဲမွဲတေမှုတွေကို သနားလို့ တတ်နိုင်သလောက် ပေးကမ်းစောင့်ရှောက်ခဲ့တာ သုံးနှစ်သုံးမိုး . . .ကို. . .
အဲဒီမျက်နှာကိုမှ သူတို့ မထောက်ထားကြဘဲ အိမ်ပေါ်က. . .ဆင်းမပေးနိုင်ဘူးဆိုပြီး. . . သူ့ယောကျာ်း အမူးသမားနဲ့ ပေါင်းပြီး အိမ်ရှင်ကို ပြန်ချဲတာ။
မိုက်ရူးရဲတွေ. . .
မောင်သူရရဲ့ မေမေက အရမ်းစိတ်ကုန်သွားပြီး (ဒေါသကလည်း ထွက်တာပေါ့) အခုချက်ချင်း ဆင်း ဆိုပြီး နှင်ချပါလေရော . . .ရပ်ကွက်လူကြီးတွေကိုပါ ခေါ်ပြီး ချက်ချင်းရှင်းတာ. . .
ရပ်ကွက်လူကြီးက မောင်သူရရဲ့မေမေကို ကြားကနေတောင်းပန်တယ်။
ငါးရက်လောက် အချိန်ပေးပါပေါ့။
ငါးရက်အတွင်း သူတို့ ဖယ်ပေးအောင် ဖြေရှင်းပေးမယ်ဆိုပြီး ညှိပေးတယ်။
အိုကေလေ ။ ကောင်းပြီ ။
အဲဒီ ငါးရက်မြောက်တဲ့နေ့မှာ မောင်သူရကို လက်ဆွဲပြီး. . .
ဆင်း/ မဆင်း သွားကြည့်တယ်။
အင်းးးး
မောင်သူရနဲ့ မေမေ အဲဒီကို ရောက်လာတော့မှ အထုပ်အပိုးလေးကောက်ပြင်ပြီး ဆင်းသွားလေရဲ့ ။
ဒါပေမယ့်. . . .
———————————-
အဲဒီနေ့က မတင်ဝင်းတို့ မိသားစု မောင်သူရတို့ရဲ့ အိမ်ပေါ်က ဆင်းတော့ ဆင်းသွားပါတယ်။ ဒါပေမယ့် အဲဒီ မတင်ဝင်းက အဲဒီအချိန်မှာ ကိုယ်ဝန်အရင့်အမာကြီးနဲ့ ။
မောင်သူရရဲ့မေမေက သနားလည်း သနားတတ်တယ်။
စိတ်လည်း ကြီးတယ်။ သူ ့ကို ကြောသလိုမောသလို လာလုပ်ရင်တော့ မရဘူး ။
ဒါပေမယ့်. . .ဒေါသနဲ့ ဆင်းခိုင်းလိုက်ပေမယ့်. . .
ဗိုက်ကြီးတကားကားနဲ့ မတင်ဝင်း ဆင်းသွားရတာကိုကြည့်ပြီး သနားကျန်ရစ်ပြန်ရော. . .
နေ့စေ့လစေ့ကြီးနဲ့တူပါရဲ့
ကလေးမွေးပြီးတဲ့အထိ ပြန်ခေါ်ထားမှနဲ့တူပါရဲ့. . .ဆိုပြီး
ပြောကျန်ရစ်တာ ။
မောင်သူရတို့ မေမေရဲ့ အမျိုးအဆွေတွေက . . .”ဇာတ်လမ်း ထပ်အရှုပ်မခံနဲ့တော့” ဆိုပြီး ဝိုင်းပြောလို့. . .
ဒါနဲ့ပဲ. . . .
သူတို့ ဘဝနဲ့ သူတို့ ရှိပါစေတော့ပေါ့ ။
သနားလျက်နဲ့ ရက်စက်သလို လုပ်ခဲ့ရတဲ့ အဖြစ်ပေါ့ဗျာ ။
—————–
ဗိုက်ကြီးနေ့စေ့လစေ့နဲ့ ဆင်းသွားတဲ့ အဲဒီ မြင်ကွင်းကို မောင်သူရတို့ တော်တော်နဲ့ မမေ့နိုင်ခဲ့ဘူး ။
သနားစိတ်နဲ့ . . .သူတို့ အဆင်မှပြေကြရဲ့လားဆိုပြီး ပူပန်နေခဲ့ကြပါသေးတယ်။
———————
တစ်နေ့မှာတော့. . . .
———————
”ဝဋ်လည်တာ” လို့ မောင်သူရရဲ့မေမေက တတွတ်တွတ် ရေရွတ်နေမိတဲ့အဖြစ်တစ်ခု ဖြစ်လာတယ် ။
ဘဝတစ်ကွေ ့မှာ. . .
မောင်သူရတို့ကိုယ်တိုင် အိမ်ငှားနေရတဲ့ ဘဝ ရောက်လာပါတယ် ။
အိမ်တစ်အိမ်ကို ငှားခဲ့ပါတယ်။
အဲဒီမှာ အိမ်ရှင်နဲ့လည်း ရင်နှီးပြီးသားဆိုတော့ အိမ်ရှင် အိမ်ငှား စာချုပ်ကို အေးအေးဆေးဆေးမှ ချုပ်မယ်ပေါ့ ဆိုပြီး လောလောဆယ် ငှားတဲ့အိမ်ပေါ်တက်နေ ဆိုလို့ နေ နေလိုက်တာ ။
နေလို့မှ တစ်ရက် နှစ်ရက်ပဲ ရှိသေးတယ် ။
ငှားမိတဲ့ အိမ်ရှင်ရဲ့ အမေဆိုတဲ့ အဖွားကြီးက လာ နှင်ချပါလေရော ။
မောင်သူရတို့မှာ တောထဲတောင်ထဲ ချက်ချင်းပဲ အထုပ်ဆွဲပြီး ပြေးရမလိုပဲ ။
ဒီအိမ်ကို မောင်သူရတို့ကို ငှားလိုက်တဲ့ အိမ်ရှင်အမျိုးသမီးရဲ့ အမေတဲ့ဗျာ ။ အဲဒီ အဖွားကြီးက သူ့ကို အသိမပေးပဲ ငှားထားရပါ့မလား။ ဒီအိမ်ပေါ်တက်
နေရပါ့မလားဆိုပြီး ပြဿနာ ရှာတာ ဝက်ဝက်ကိုကွဲရော ။
အဖွားကြီးရဲ့ သဘောက ဒီအိမ်ကို ဘယ်သူ့ကိုမှ လခနဲ့ မငှားနိုင်ဘူး တဲ့ ။
သူ မသိပဲ ငှားတဲ့ သူ့သမီးဖြစ်သူကိုလည်း ပြဿနာရှာတဲ့အပြင်
အခပေးပြီး တက်နေမိတဲ့ မောင်သူရတို့ကလည်း ငါးရက်အတွင်း ပြန် ပြောင်းပေးရမယ် တဲ့လေ ။
မောင်သူရတို့ ဘာကို သွားသတိရလဲဆိုတော့. . . .လွန်ခဲ့တဲ့
ဆယ်နှစ်လောက်က မတင်ဝင်းတို့မိသားစုကို နှင်ချခဲ့မိတဲ့အဖြစ်/အဲဒီတုန်းက မြင်ကွင်းလေးကို ပြန်မြင်ယောင်သွားကြတာဗျို့ ။
အော်. . . . ဒါဟာ တစ်ပတ်ပြန် လည်ခြင်းများလား ပေါ့။
မေမေပြောသလို ဝဋ်များ လည်တာလားပေါ့ ။
———
အိမ်ရှင်အိမ်ငှား ထုံးစံအရ. . .
မနေနိုင်တဲ့ အိမ်ငှားဘက်ကဖြစ်စေ / ဆက်မထားနိုင်တဲ့ အိမ်ရှင်ဘက်ကဖြစ်စေ တစ်လ ကြို ပြောရမယ်ဆိုတဲ့ သတ်မှတ်ချက်လေးနဲ့ပဲ မောင်သူရတို့ အယူခံ ဝင်ကြရတယ် ။
တစ်လလောက် နေပြီး နောက်တစ်အိမ်ပြောင်းဖို့ ရှာကြံရဦးမှာကိုး ။
နောက်တစ်အိမ်ရှာဖို့ဆိုတာက တစ်လလောက် အချိန်ယူမှ ဖြစ်မှာလေ ။
သဘော မတူချင်ပေမယ့်
သူတို့ဘက်က လျှော့ပေးရှာပါတယ်။
တစ်လအတွင်း ပြန် ပြောင်းနိုင်ဖို့ကြိုးစားခွင့်တော့ မောင်သူရတို့ ရလိုက်ပါတယ်။
ဒါပေမယ့် နောက်ဆယ်ရက်လောက်မှာပဲ အိမ်အသစ်တစ်လုံး ငှားလို့ရသွားပါတယ် ။
ငှားလို့ ရတာနဲ့ လက်ရှိ အိမ်ပေါ်ကနေ ချက်ချင်း ဆင်းပေးလိုက်ပါတယ် ။
အဲဒီရက်တွေမှာ . . . မိသားစု ခုနှစ်ယောက်ရှိတဲ့ မောင်သူရတို့ မိသားစုကြီးဟာ ဆယ့်ငါးရက်လောက်အတွင်းမှာ အထုပ်အပိုးတွေ အိုးတွေခွက်တွေ ပလုံစီပြီး
ဟိုရွှေ ့ရ ဒီပြောင်းရနဲ့ တော်တော်လေးတော့ ဒုက္ခရောက်သွားပါတယ် ။
မငှားနိုင်ဘူး။ ဆင်းပေးပါ ဆိုတဲ့ အိမ်ရှင်ကို . . .
နေသွားခဲ့တဲ့ ဆယ့်ငါးရက်စာ အိမ်လခလေး သွားပေးပြီးတော့. . .
မောင်သူရကြီး အတွေးတစ်ခု တွေးမိသွားတာပါ။
အော်. . .ကြွေးဟောင်းတစ်ခုတော့ ဆပ်လိုက်နိုင်ပြီ လို့. . .
နောက်ထပ် ဘယ်လိုကြွေးသစ်မျိုးမှ
ထပ် မယူချင်တော့ပါဘူး လို့. . .
အဲဒါလေး တွေးမိတာ. . .
———————
လေးစားစွာဖြင့် . . .
အလင်းဆက်(Gazette)
18 comments
ဇီဇီ
June 29, 2014 at 10:31 am
ဆက်ဆက်ရေ
ဝဋ် ဆိုတာ သိလိုုက်တဲ့ သူ အတွက် လည် လည်းး လည်တတ်သလို သိပြီးးချိန်မှာလည်းး ကျေပျက် တတ် ပါသေးး တယ်။
အဲလို သိလိုက်ရင်ကို သံသရာ မရှည်တော့ဘူးးပေါ့။
:hint:
lu lu
June 29, 2014 at 10:41 am
အ ကြွေးဆိုတာအမြန်ဆုံးနည်းနဲ ့ဆပ်လိုက်တာ
အ ကောင်းဆုံးပါပဲ ဘယ်လိုအ ကြွေးကိုမှသံသရာမှာ
အ လေးခံပြီးသယ်မသွားသင့်ဘူး
🙂
Shwe Poe
June 29, 2014 at 10:47 am
ဘဝဇာတ်ခုံပေါ်မှာ သူတလှည့်ကိုယ်တလှည့် ကကြ
ရတာပါပဲ အ ကြွေးဟောင်းတစ်ခုဆပ်လိုက်နိုင် တာကို
ပဲကျေးဇူးတင် ရမလို သံသရာမရှည်တော့ဘူးပေါ့
:buu:
alinsett (gazette)
June 29, 2014 at 11:21 am
ဟုတ်ကဲ့
ဝင်ရောက်ဖတ်ရှုခံစားပြီး
comment များ ချီးမြှင့်ပေးခဲ့ပါသော
မမခိုင်ဇီ
လုလု နှင့် ရွှေပိုးတို့အား
အထူးကျေးဇူးတင်ရှိပါကြောင်း
ရွှေ ကြည်
June 29, 2014 at 4:55 pm
ကိုယ်ကမတရားလုပ်ခဲ့တာမှမဟုတ်ပဲကွယ် ဝဋ်လို့မမြင်ပါဘူး
alinsett (gazette)
June 29, 2014 at 5:54 pm
အင်းးးး
ဟုတ်တယ်နော်
ဒါ တိုက်ဆိုင်မှုရယ်ပါ
black chaw
June 29, 2014 at 6:16 pm
ကြွေးဟောင်းဆပ်ခွင့်ပြုပါ အမေ ဆိုတဲ့
မွန်းအောင်ကြီး သီချင်းသွားသတိရတယ်။
ကြွေးဟောင်းဆပ်ပြီးရင် ကြွေးသစ်ထပ်ချ။
🙂
alinsett (gazette)
June 30, 2014 at 1:24 am
ကြွေးသစ်တွေ ထပ်ချမိမှာ စိုးမိတာ
အမှန်. . .
😆
အရီးခင်
June 29, 2014 at 9:04 pm
ဖတ်ပြီး စိတ်မကောင်းလိုက်တာ ဆက်ဆက်ရယ်။
အခုရော အားလုံး အဆင်ပြေရဲ့လား။
တကယ်တော့ တိုက်ဆိုင်သွားတာပါ။
ဒါပေမဲ့ ကံ ဇာတ်ရုပ် တွေမို့ ကံ ဇာတ်ဆရာ ရဲ့ အလိုအတိုင်း ကနေရတာတော့ အမှန်ဘဲ။
ကိုယ့်ဘက်ကတော့ ဝီရိယ၊ ဇွဲ နဲ့ ကြိုးစားမှု တော့ မပြတ်စေနဲ့ပေါ့။
ဒါဆို ဇာတ်ဆရာ က သဘောကောင်းမှာပါ။
alinsett (gazette)
June 30, 2014 at 1:26 am
ကံဇာတ်ဆရာအလိကြျ လိုက်ရင်း
အခု
အဆင်ပြေချင်ယောင် ဆောင်နေပါတယ်
naywoon ni
June 30, 2014 at 2:32 am
“မိနု သူ့အကြွေးရှိရင်ဆပ်ရလိမ့်မယ်” တဲ့ ငါပြောမဟုတ် ဆြာတော် အူးဗုဒ် ပြောသွားတာ ။ သို့ပေမဲ့ ကိုယ်ဒုက္ခ ရောက်တိုင်း အဆင်မပြေတိုင်းတော့ ကြွေဟောင်းချည့်ဆပ်နေရတာလို့မယူဆစေလို ။ ကြွေးသစ်ချနေရတာလဲ ရှိရဲ့ ။ အဲ့တော့ ချင့်ချင့်ချိန်ချိန်တွေးဆစေလိုပါတယ် ။ အလယ်အလတ် ပေါ့ ။
ဦးဦးပါလေရာ
June 30, 2014 at 9:46 am
.နိုး… .နိုး…..
.ဒါ ဝဋ်ကြွေးမဟုတ်။
.ကိုယ်က သူ့ကို အိမ်ပေါ်ကဆင်းခိုင်းတုန်းက
.ကိုယ့်အခွင့်အရေးကို တရားသဖြင့် ပြန်ယူတာ…
.ကိုယ်က ငှားနေတဲ့အိမ်ပေါ်က ဆင်းရတာက
.အိမ်ရှင်ကဗလောင်းဗလဲလုပ်လို့
.ကို်ယ်ကလဲ သူ့လို လိုက်မရစ်တတ်တဲ့ လူကောင်းမို့
.ကိုယ့်ဖက်က လျှော့ပြီး ဆင်းပေးတာ……
.အဲဒီလုပ်ရပ်နှစ်ခုလုံးက လူကောင်းက လူကောင်းအလုပ်ကိုလုပ်တာဖြစ်တယ်…။
……………….
.ဒါထက် … ဆက်ဆက် ရေ…
.ဒဂုံဆိပ်ကမ်းက ကျုပ်မြေကွက်လေးကို လူလွှတ်ကြည့်ခိုင်းတော့
.သွားကြည့်တဲ့သူကို အဲဒီထဲ ကျူးကျော်နေတဲ့အိမ် လေးအိမ်ထဲက ခေါင်းဆောင်က
.နောက်တစ်ခါလာရင် ဓါးနဲ့ခုတ်လွှတ်မယ်လို့ ဓါးကြိမ်းကြိမ်းတာကရော
.ဘယ်လိုဝဋ်ကြွေး ဖြစ်မလဲ … ဟင်
😥
kyeemite
June 30, 2014 at 10:32 am
အလင်းဆက်ရေ…စိတ်မကောင်းပါဘူး…ကြိုးစားနေသူအဖို့ အောင်မြင်မှုကစောင့်နေပါတယ်…
အလင်းဆက်(24/05/2011)
August 21, 2014 at 6:09 pm
ဟုတ်
ဦးကြီး
😆
Mr. MarGa
June 30, 2014 at 11:07 am
ပြုသူ အသစ်
ဖြစ်သူ အဟောင်း
အလင်းဆက်(24/05/2011)
August 21, 2014 at 6:08 pm
ဖြစ်သူ အသစ်
ပြုသူ အဟောင်း
:kwi:
မ " တတ် ပါ့ "
August 21, 2014 at 6:05 pm
၁ ကယ့် ဘဝ တွေက စာ ဖတ် ရ တာ လောက် မ ချော မွေ့ ဘူး ဆို တာ သိ ပါ တယ် ကွယ်။။။
လောကဓံ အလှည့် အပြောင်း အကောင်း အဆိုး ကြား မှာ အား တင်း ထား နော်။။။
FIGHTING !!!
အလင်းဆက်(24/05/2011)
August 21, 2014 at 6:08 pm
ဟုတ်ကဲ့
အားပေးသွားတဲ့အတွက် ဇူးဇူးနော်