မောင်ဆာမိနှင့် ထင်မိယောင်မှား ဖြစ်ရပ်များ
ကျနော်စာမရေးတတ်ပါ ။ သို့သော် တစ်ခါတစ်ရံ ရေးနေမိပြန်သည် ။ ရေးပြီးတိုင်းလည်း ပြန်ဖတ်ဖို့ဝန်လေးနေမိသည် ။ ထို့အတူ ပြန်ဖတ်မိတိုင်းလည်း ဆက်ရေးဖို့နောက်တွန့်နေပြန်သည် ။
ကျနော်အကြောက်ဆုံးများစွာထဲမှတစ်ခုသည် ကိုယ့်စာကိုယ်ပြန်ဖတ်ခြင်းပင် ။
ပြန်ဖတ်မိတိုင်းလည်း ရှက်ရွံ့အားငယ်မိပြန်သည် ။
နောင် မရေးဖြစ်အောင်ထိမ်းမည်ဟု ဆုံးဖြတ်သည်က အကြိမ်ကြိမ် ။ တကယ်တော့ ကျနော် မလိုက်နာနိုင်ခဲ့ပါ ။
မီးဝေးလျှင် ချိတ်ပြန်မာသွားသလို ကျနော်လည်း ကိုယ့်စာကိုယ်မဖတ်မိလျှင်
ရောဂါဟောင်းက ပြန်ထ လာပြန်တော့သည် ။
အခုလည်း ကျနော့်ရောဂါ ထပြန်လေပြီ ။
စာရေးချင်စိတ်ကို ချိုးနှိမ်၍မရသည့်အဆုံး အတိတ်မြို့ဟောင်းတစ်နေရာကို ပြန်လည်တူးဖေါ်မိပြန်သည် ။
ကျနော့်မှာ အနာဂါတ်ကို ဘာမှပြောပြစရာမရှိ ။ ပစ္စုပ္ပန်သည်လည်း မကြာခဏ ချော်လဲနေပြန်သည် ။ ဟော ……ကြည် ့ ……
အတိတ်တွေကရော ချိုနေပြန်လို့လား ………
ကျနော်မပြောတတ်ပါ ။ တခုတော့ရှိသည် … ကျနော့်အတိတ်ကာလတို့သည် ထင်မိယောင်မှား ဖြစ်ရပ်များစွာတို့ဖြင့် ကမောက်ကမ ဖြစ်ခဲ့သည်ဟု ဆိုပါလျှင် …………
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
တစ်ခုသော သင်္ကြန်ကာလကဖြစ်သည် ။
မင်းဘူး ၊ ရွှေစက်တော် ၊ ကျောင်းတော်ရာ ၊ ပုဂံညောင်ဦး ၊ ပုပ္ပါး ၄ ညအိပ် ၅ရက် ခရီးစဉ်အဖြစ် အကြိုနေ့မတိုင်မီ ညက ပန်းဆိုးတန်း ဂုံးတံတားအောက်မှ ကျနော်တို့ထွက်လာခဲ့ကြသည် ။ ဘုရားဖူးယဉ်များစွာ တန်းစီ၍ထွက်ခဲ့ကြသော်လည်း ထောက်ကြံ့တွင်စတင်လမ်းခွဲပါတော့သည် ။
ကျနော်တို့အဖွဲ့က ပြည်မှတဆင့် ပုသိမ် မုံရွာလမ်းအတိုင်းမောင်းပြီး ရွှေစက်တော်သို့ဝင်ရန်ဖြစ်သည် ။
ခရီးစဉ်သည် အထူးပင်ချောမောလှသည် ။ မည်သည့် ခရီးသည်တစ်ဦးမျှ ဂျီတိုက်ခြင်း မရှိ ။ လူငယ်အများစု ပါဝင်နေသည်ဖြစ်၍ ကျနော်တို့နှင့် အဖွဲ့ကျနေတော့သည် ။
ကျနော်တို့ထံမှ ကွမ်းယာများကို သူတို့မှယူစားကြသည် ။ ကျနော်တို့ကိုလည်း ငါးသုံးလုံး စီးကရက်များဖြင့်ပြန်လည် ဧည့်ဝတ်ပြုသည် ။ အပေးအယူအတော့်ကိုညီနေကြလေသည် ။ဤသို့ဖြင့် ရွှေစက်တော်တွင်တစ်ညအိပ်ပြီး နောက်နေ့နံနက်စောစောထ၍ မင်းဘူး စက္ကိန်းတဲ ၊ နဂါးပွက်တောင် ၊ လယ်ကိုင်းကျောင်းတော်ရာ မှတဆင့် ချောက်မြို့တဖက်ကမ်းသို့ ရောက်ခဲ့ပြန်လေသည် ။ ချောက်မှတဆင့် ဇက် ဖြင့်ကူးပြီးလျှင် ပုဂံသို့ ခရီးဆက်ခဲ့ပါတော့သည်။
ဘုရားဖူးယဉ်များ၏ထုံးစံအတိုင်း …… အချိန်ကို နည်းနည်းလေးမှ မဆိုင်းဘဲ နီးစပ်ရာဘုရားများသို့ပို့ရလေသည်။
ရောက်သည့်အချိန်က ညနေ ၃နာရီကျော်ပြီဖြစ်၍ မနူဟာဘုရား ၊ မြစေတီ ၊ ဂူပျောက်ကြီး စသည့် လမ်းတလျောက်ဘုရားများကို ဝင်ပေးလိုက်သည် ။ ညနေစောင်းသောအခါ လောကနန္ဒာ ဘုရားတွင် အချိန်ကြာကြာပေးလိုက်လေသည် ။
ထိုဘုရားရောက်မှ ကျနော်တို့လည်းနားရတော့သည် ။
မှောင်စပြိုးပြီဆိုသည်နှင့် လောကနန္ဒာမှသည် တည်းခိုရန်စီစဉ်ထားသော ရွှေစည်းခုံသို့ ပြန်ခဲ့လေသည် ။ ဘုရားဖူးများ အလွန်များပြားနေသည်ဖြစ်၍ စောင်းတန်းများ ၊ တန်ဆောင်းများ တွင်နေရာမရတော့ပါ ။ သစ်ပင်အောက် ၊ မြေကြီးပေါ် စသည်ဖြင့် ဖြစ်သလို အခင်းများခင်းလျှက် နေကြရသည် ။
အဓိက ရေပြဿနာဖြစ်သည် ။လူပေါင်း ၅၀ဝ နှင့် ၁၀၀ဝ ကြားရှိသော ဘုရားဖူးများအတွက် အညာဒေသမှရေသည် အဖိုးတန်လှပေသည် ။
ထို့နောက် ပြဿနာတစ်ခုကား အိမ်သာဖြစ်သည် ။ ထိုစဉ်က သစ်သားအိမ်သာများစွာဆောက်လုပ်ထားသော်လည်း ဒီလူအုပ်အတွက် မလုံလောက်ပါ ။
သို့သော် … တစ်ခါတစ်ရံတွင် ဒုက္ခဟူသည် ပျော်စရာတစ်ခုဖြစ်နိုင်သလို နောင်သောအခါ ရယ်မောဖွယ်ဖြစ်ရပ်များအဖြစ် ပြန်ပြောစရာတစ်ခုပင်။
ကျနော်တို့ညစာစားသောက်ပြီးသည်နှင့် အနားယူအိပ်စက်ပါတော့သည် ။ မနက်စောစောထရမည် ဖြစ်သလို ခေါင်းချလျှင် အိပ်ပျော်သောအကျင့်သည်လည်း အတော်ကို နေသားကျနေပြီဖြစ်သည် ။
ကျနော် နှစ်ချိုက်စွာ အိပ်ပျော်သွားခဲ့ပါသည် ။
ကျနော့် နိုှးစက်နာရီသည် သစ္စာရှိစွာဖြင့် မနက် ၄ နာရီတွင် နှိုးလေသည် ။ ထုံးစံအတိုင်း မျက်နှာသစ် ၊ ကိုယ်လက်သန့်ပြီးလျှင် အကျင့်လုပ်ထားသည့်အတိုင်း အိမ်သာတက်ရန် ထွက်လာခဲ့တော့သည် ။
ဤသို့ အစောကြီးထရခြင်းမှာ ရေချိုးခန်းအိမ်သာလုစရာမလိုခြင်း ၊ သန့်သန့်ပြန့်ပြန့် သုံးရခြင်းစသည်အကျိုးများ
ခံစားရသောကြောင့်ဖြစ်လေသည် ။
ကျနော် အိပ်ရာထချိန်တွင် ခရီးသည်များမှာ အိပ်ကောင်းတုန်းဖြစ်သည် ။ ဘုရားပရဝုဏ်အတွင်း တိတ်ဆိတ်ငြိမ်သက်လျှက် …………
မိမိခြေသံသာ ပြန်ကြားရလောက်အောင်ပင် အရာခတ်သိမ်း အိပ်မောကျနေသည် ။
သို့နှင့် မှုန်ဝါးဝါး မီးရောင်လေးကိုအဖေါ်ပြုလျှက် ခြေသံလုံစွာဖြင့် အစွန်ဆုံးအိမ်သာသို့ ချဉ်းကပ်လိုက်ပါတော့သည် ။
တစ်ဝက်ခန့်သာ ပိတ်နေသော တံခါးအား ဆွဲဖွင့်လိုက်သည်နှင့် ……………
.
.
.
.
.
.
……… “”” အားးးးးးးးးးးး””” .……
………”””” အားးးးးးးးး”””””…………………
ပထမဆုံးအော်သံဖြစ်သော “”အားးး “” သည် အိမ်သာအတွင်းမှ အမျိုးသမီးတဦး၏အသံဖြစ်သည် ။
ဒုတိယမြောက် “”အားး”” သည် ကျနော်မောင်ဆာမိ၏ အသံဖြစ်လေသည် ။
ကျနော်၏ အော်သံ အဆုံးတွင် အိမ်သာထဲမှ လူရိပ်သဏ္ဍန်တစ်ခုပြေးထွက်လာပြးီ အမှောင်ထုအတွင်းသို့ တိုးဝင်ပျောက်ကွယ်သွားလေတော့သည် ။
မည်သူဟု သေချာစွာမမြင်လိုက်ပါ ။သို့သော် ……… ကျနော်သည်ကား ရင်တုန်ပန်းတုန်ဖြစ်လျှက် ဖုတ်လှိုက် ဖုတ်လှိုက် ကျန်ခဲ့လေတော့သည် ။
နောင်သောအခါတွင် ဖြစ်ရပ်အားပြန်လည်သုံးသပ်သော် ထိုမာတုဂါမသည် ကျနော့်ကဲ့သို့ လူအများအိပ်ရာမထမီ ရေချိုး အိမ်သာတက်ခြင်းဖြစ်ပေလိမ့်မည် ။
တစ်ယောက်တည်းမို့ ကြောက်လန့်ပြီး တံခါးမပိတ်ဘဲ တစ်ဝက်ကို ဖွင့်ထားခဲ့ဟန်တူသည် ။
ကျနော်ကလည်း ဒီလိုစောစောစီးစီး မည်သူမျှမရှိနိုင်ထင်မိသဖြင့် တစ်ဝက်ဟနေသော တံခါးအား ဆွဲဖွင့်မိခြင်းဖြစ်လေတော့သည် ။
အထက်ပါဖြစ်ရပ်အား ကျနော်သည် မည်သူ့ကိုမျှမပြောရန်ဆုံးဖြတ်ပြီးလျှင် ၁၄ နှစ်ကာလသို့တိုင် မြိုသိပ်ထားခဲ့ပါတော့သည် ။
ယခုသော် ………………
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
၂၀၀ဝ ခုနှစ်၏ ဖေဖေါ်ဝါရီလဆန်းပိုင်း ~~~
မစုဗိုက်ရှိ (မစ်ဆူဘီရှီ) ဖူဆို ခရီးသည်တင်မော်တော်ယဉ်သည် နေ့လည် (1) နာရီခန့်တွင် ကင်မွန်းစခန်းမှစတင်ထွက်ခွါလာခဲ့သည် ။
ရန်ကုန် – ကျိုက်ထီးရိုး-သာမည ခရီးစဉ်သည် ယနေ့တွင် ပြီးဆုံးလေပြီ ။ ရန်ကုန်သို့ပြန်ရန်ဖြစ်ပြီးခရီးစဉ်တလျှောက် လမ်းကြုံသောဘုရားများကို ဝင်ရောက်ရပ်နားပေးမည်ဖြစ်လေသည် ။
မကြာပါ … ကျိုက်ထိုမြို့အတွင်းသို့ဝင်ပြီးလျှင် ကျိုက်ဗောလော မှည့်ရှင်တော်ဘုရားရှေ့တွင် ရပ်နားလိုက်သည် ။
ထိုစဉ်က ဘုရားရှေ့တွင် စားသောက်တန်းကြီးရှိသည် ။ ခရီးသည်များအား ဘုရားဖူးရန်ဆင်းစေပြီးနောက် ကျနော်လည်း အအေးဆိုင်တန်းသို့ထွက်ခဲ့သည်။
ထိုသို့လာရင်း ရန်ကုန်မှ လူကြုံမှာလိုက်သောဘုရားသမိုင်းစာအုပ်ဝယ်ရန်သတိရသဖြင့် ကျိုက်ဗောလော မှည့်ရှင်တော်ဘုရားဝန်းထဲသို့ပြန်လှည့်လိုက်ပါတော့သည် ။ ကားမောင်းစဉ်က ဝါးလက်စ ကွမ်းယာကို ထွေးပစ်ရန်နှမျောမိသဖြင့် ဆက်၍ငုံထားလိုက်မိသည် ။
ထိုကွမ်းယာမထွေးမိသောကြောင့် နောင်ဖြစ်လာမည့် အကြောင်းအရာတို့ကိုမူ ကြိုမသိခဲ့ပါ ။ အကယ်၍သာ … သိခဲ့ပါလျှင် …………………
ဘုရားရောက်မှတော့ ကန်တော့ရပါဦးမည် ။ရုပ်ပွားတော်ရှေ့တွင်ဒူးတုတ်ထိုင်၍ ထိခြင်းငါးပါးဖြင့် ကန်တော့ပြီးလျှင် သမိုင်းစာအုပ်ရောင်းသော ကောင်တာဘက်သို့ ထွက်လာခဲ့တော့သည် ။
ဘုရားဖူးကားများ ဆုံချိန်ဖြစ်သဖြင့် လူများကျိတ်ကျိတ်တိုးစည်ကားနေသည် ။
ကျနော်လည်း လူအုပ်ကြားထဲတိုးဝင်ပြီး စာအုပ်ဝယ်ရန် ဟန်ပြင်လိုက်စဉ် ကျနော့်ပါးစပ်ထဲကွမ်းသွေးများပြည့်နေ၍ စကားပြောမရတော့ပါ ။ဘုရားပုရဝဏ်ထဲတွင်မထွေးလို၍ ငုံထားခြဲ့ခင်းလည်းဖြစ်သည် ။ အခုမှကျနော် ဒုက္ခရောက်ပါတော့သည် ။
မထူးတော့ပြီမို့ လက်ဟန်ခြေဟန်ဖြင့် ပြောရန် စိတ်ကူးမိသည် ။အင့်အင့် အဲ့အဲ့ အသံပြုလျှက် စာအုပ်ကိုလက်ညှိုးထိုးပြလိုက်သည် ။ပြီးနောက် လက်ညှိုးနှင့် လက်မလေးက်ို ဝိုင်းပြလိုက်မိသည ် ။
ကံဆိုးပြီထင်၏ ။ အရောင်းစာရေးမ မှာ လူအုပ်ကြားထဲမှကျနော့်ကိုမမြင်ပါ ။
မြင်သွားသူက အခြားတစ်ယောက်ဖြစ်သည် ။ ကျနော်နှင့်တစ်ယောက်ကျော်တွင် ရပ်လျှက် စာအုပ်ရွေးနေသော မာတုဂါမလေး ဖြစ်လေသည် ။ အတော်ပင် သနားသွားဟန်ဖြင့် ကျနော့်ကို အကူအညီပေးလေတော့သည် ။
စာအုပ်ဈေးမေးပေးသည် ။ထို့နောက်လက်ဟန်ခြေဟန်ဖြင့် ပြန်ပြောပြသည် ။ ဘယ်စာအုပ်ယူမလဲဟု လက်ဟန်ခြေဟန်ဖြင့် မေးပြန်သည် ။ ကျနော့်ထံမှပိုက်ဆံကိုယူ၍ ငွေရှင်းပေးသည် ။ ကျနော် သိလိုက်ပါပြီ ။ ထိုသူငယ်မသည် ကျနော့အား ဆွံ့ အ နားမကြားသောသူတစ်ဦးဟု ထင်မြင်သွားပါလေပြီ ။ ကျနော့်ကိုကြည့်သော သူ့မျက်ဝန်းတွင် ဂရုဏာအငွေ့အသက်တို့ကိုတွေ့ရသည် ။
အင်္ဂါအားလုံးစုံပါလျှက် ဆွံ့ အ နားမကြားဒုက္ခိတ ဖြစ်နေလေခြင်း ဟုများ သနားနေလေရော့လားမသိ ။
ကျနော် ရီချင်နေမိသည် ။ရီ ၍မဖြစ်ပါ ။ စေတနာဗလပွဖြင့်ကူညီလေသော မာတုဂါမလေး ရှက်သွားပါလိမ့်မည် ။
သူ့စေတနာကို စော်ကားရာကျပေလိမ့်မည်။ ကျနော်ပါးစပ်ပိတ်လျှက်ပြုံးပြ၍ အမြန် ထွက်လာမိသည် ။ ခေါင်းညိတ် ခါးညွှတ်၍လည်း ကျေးဇူးတင်ကြောင်း ပြခဲ့ပါသေးသည် ။ ကျနော်၏ခြေလှမ်းများသည် ဘုရားရှေ့မှအအေးဆိုင်တန်းဆီသို့ အပြေးတပိုင်းလှမ်းလျှက် ………………
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
” ဟား ဟား ဟား ဟား ဟား ဟား ဖြစ်ရလေ ဆရာရယ် ဟားဟား ဟား ”
စပယ်ယာကြွက်နီနှင့် ကားသမားတသိုက် ပတ်တုတ်၍မရအောင် ရီကြသည် ။ အအေးများပင်သီးမတတ် ။ ကျနော်လည်း မျက်နှာပိုးသပ်မရအောင် ရီမိသည် ။ သို့နှင့် …… အားရပါးရ ဟားတိုက်နေခိုက် ဆိုင်ရှေ့မှမြင်ကွင်းကို ကျနော်တွေ့လိုက်ရသည်နှင့်
ဆံပင်များ ထောင်ထသွားလေတော့သည် ။
ဟုတ်ပါသည် ။ ဘုရားသမိုင်းစာအုပ်ဆိုင်မှ ကျနော့်ကိုကူညီလိုက်သောမိန်းကလေး ……
ကျနော်တို့ထိုင်နေသော အအေးဆိုင်ထဲသို့ အဖေါ်တသိုက်ဖြင့် ဝင်လာခဲ့ပါပြီ ။ အခုမှတော့ပြေးချိန်မရတော့ပါ ။
ကြွက်နီနှင့်ကားသမားများကို ကမန်းကတန်းရှင်းပြပြီး ပါးစပ်ပိတ်ခိုင်းလိုက်ရသည် ။
ဗရုတ်သုတ်ခနိုင်သော ထိုကားသမားတို့မှာ မျက်နှာပိုးသပ်မရ ။ သို့နှင့် အလျှို အလျှို ထသွားကြတော့သည် ။ ကြွက်နီလည်း ပါးစပ်ကိုပိတ်လျက်ပြေးလေပြီ ။ ကျနော်တစ်ဦးတည်းသာ ထမရ ထိုင်မရ အအေးပုလင်းများနှင့် ။ ကောင်မလေးမှာ ကျနော့်ကိုမြင်သွားလေပြီ ။
ပြန်တွေ့သောကြောင့်အံ့ဩဟန်ဖြင့် မျက်ခုံးပင့်ပြလျှက် စတင်ပြုံးပြလေတော့သည် ။
ထို့နောက် မာတုဂါမလေးမှ အအေးသောက်ရန် လက်ဟန်ခြေဟန်ဖြင့် ဧည့်ဝတ်ပြုသည် ။ ကျနော် ကိုယ့်လျှာ ကို ပြန်ကိုက်ထားရသည် ။
ရီချင်စိတ်သည် လှိုက်၍ လှိုက်၍ တက်လာလေပြီ ။ ရီ၍မဖြစ်ပါ ။ တစ်စုံတစ်ဦး၏ စေတနာဖြင့်လွဲချော်မှုအားလှောင်ပြောင်သလိုဖြစ်သွားပါလျှင် တသက်ပတ်လုံး ရှက်နေပါလိမ့်မည် ။ ကျနော် အတတ်နိုင်ဆုံး ဆွံ့ အ နားမကြားသူအဖြစ်ဟန်ဆောင်ရပါတော့မည် ။
သို့မှသာ ထိုမိန်းကလေး၏စေတနာအား လေးစားရာရောက်ပေလိမ့်မည် ။
ကျနော်လည်း လက်ဟန်ခြေဟန်ဖြင့် မသောက်လိုတော့ကြောင်း ၊ သောက်ပြီးဖြစ်ကြောင်း ၊ ကျေးဇူးတင်ပါကြောင်း …… အင့်အင့် အဲ့အဲ့ အသံများပြုလျှက် ………
ကျနော့်မျက်နှာသည်လည်းအနည်းငယ်တော့ နီနေမည်ထင်၏ ။
မိန်းကလေးမှဆက်လက်ပြီး ဘုရားဖူးလာတာလားဟု လောကဝတ်အဖြစ်မေးပြန်သည် ။
ကျနော်ကလည်း လက်နှက်ဖက်ကို စီယာတိုင်ကိုင်ပြီးကားမောင်းဟန်ပြု၍ ပါးစပ်မှ ဘူးးး ဘူူးးးးး ဟုအသံထွက်ပြလိုက်သည် ။
ကောင်မလေးမှ ပါးစပ်အဟောင်းသားဖြင့် ထပ်မံပြီးအံ့ဩသွားဟန်ပြုလေသည် ။
ဪ …………… ဆွံ့ အ နားမကြား လည်းကားမောင်းတတ်သကိုးးးး ဟု တွေးနေမည်ထင်၏ ။
ဒီပုံအတိုင်းဆို ကြာလာလျှင် အလိမ်ပေါ်တော့မည် ။ထို့ကြောင့် ကျနော် အအေးဖိုးရှင်း၍ နှုတ်ဆက်ပြီးထွက်လာခဲ့တော့သည် ။
ကြွက်နီနှင့်ကားသမားတစ်စုသည် ကျနော့်အားသတင်းမေးရန်စောင့်နေကြသည် ။ ကျနော်ပြောပြပြီးသည့်နောက် ဗိုက်နှိတ်၍ရီကြပြန်သည် ။ မကြာမီပင် အခြားကားများထွက်ရန် လူစုပါတော့သည် ။
ကျနော်ရပ်နေသောနောက်နားမှ အမျိုးသမီးတစ်စု၏အသံကို ကြားလိုက်ရသည် ။ ကျနော်လှည့်မကြည့်ပါ ။
ကျနော်သည် ယခုအခါတွင် နားမကြားသောသူတစ်ဦးဖြစ်နေပါသည် ။
” ……… ဟယ် မထင်ရဘူးနော ်…… သနားပါတယ် ………”
“.…… … ဘဝကိုတော့အရှုံးမပေးဘူးနော် … ဒုက္ခိတပေမယ့် ကားမောင်းပြီး လုပ်ကိုင်စားတာပဲ ……………”
“………… နင်တို့ကလည်းဟယ် …… စကားမပြောတတ်တာနဲ့ နားမကြားရုံလေးပါ ကျန်တာအကောင်းကြီးရှိပါသေးတယ် ခစ်ခစ် …………… ”
“.…… ×××××××××××××××××××× ……………… ××××××××××……… ”
” ……… ++++++++++++++ ……………………… ++++++++++ ………”
ဤသို့ဖြင့် ………………
တစ်ခါက ကျနော်သည် ဆွံ့ အ နားမကြားသူတစ်ဦးဖြစ်ခဲ့ဖူးပါသည် ။
## အခွင့်သင့်ပါက ဆက်လက်ဖေါ်ပြပါဦးမည် ##
လေးစားလျှက်
မောင်ဆာမိ
39 comments
Mr. MarGa
July 17, 2014 at 1:15 am
ဪ…. ကွမ်း ကွမ်း
အတော် ဒုက္ခပေးသကိုး…. :mrgreenn:
ဟီဟိ…. ဦးဆာမောင်းတဲ့ကားပေါ်က မိန်းကလေးသာဖြစ်နေရင်တော့လား
ခွိ ခွိ
ညကြီးမင်းကြီး ပြုံးစိစိနဲ့ ဖတ်သွားတယ်ဗျာ
surmi
July 19, 2014 at 8:28 am
ဒီနေ့မှပြန်ဝင်နိုင်တယ်မောင်သဂျားရေ …
အဲဒီကွမ်းဒုက္ခကမသေးဘူးကွ
အောက်မှာ ဆြာဂပြောသလိုဘဲ ။
ကောင်မလေးကတော့ ကျုပ်ကားပေါ်ကမဟုတ်တာသေချာပါတယ် လေ ။
ကျုပ်ကားပေါ်ကဆို ကျုပ် စကားများတာသူသိတာပေါ့ :kwi:
မဟာရာဇာ အံစာတုံး
July 17, 2014 at 1:55 am
ဒီလူကြီးကွာ ….
ရီနေရတော့တာပဲ …
ကားမောင်းတာကို ဘူး .. ဘူး .. တဲ့
ပါးစပ်နဲ့ မှုတ်ပြလိုက်သေးသတဲ့ … ဟီဟီဟိ
ညကြီး အချိန်မတော် တစ်ယောက်တည်း တခွိခွိနဲ့ ရီရင်း
ဥဆာရဲ့ ထင်မိယောင်မှား ဖြစ်ရပ်တွေကို ဖတ်သွားပါတယ်ဗျို့ ….
surmi
July 19, 2014 at 8:34 am
မောင်အံေရေ
အဲ့ဒီညကရှိနေမှန်းသိရင် ပို့စ်တင်ဖို့အကူအညီတောင်းတာပေါ့ကွာဟ
ကျုပ်မှာ ညကြီးသန်းကောင်အပ်ချင်မူးတူးနဲ့ ပေါက်ကရတွေဖြစ်လို့ ။
ဒရက်ထဲမှာ သုံးလေးခုလောက်ထပ်သွားတယ် ။
ညကြီးသန်းကောင် အားပေးသွားတာကျေးကျေးပါကွယ် 🙂
ဇီဇီ
July 17, 2014 at 5:31 am
ဟားးးးးးဟားးးး ဟားးးးးး
စောစောစီးးးးစီးးးး ရီ နေ ရပြီ..
စွံချက်ကတော့ သနားးဂရုုဏာ တွေပါ ရလိုုက်တဲ့ သဘော။
ခိ။ အနော့ ရဲ့ တစ်ရွာတစ်ကျီ စားးဖိုုမှူးးးးကြီးးး ပီ သ ပါ ပေ တယ်။
surmi
July 19, 2014 at 8:59 am
အောင်မငိ !!!!
တရွာတစ်ကျီတော့မလုပ်လိုက်ပါနဲ့
ပတ်တနာဒွေတက်ကုန်မယ် ဟေးဟေး 🙂
တကယ်တော့မစွံပါဘူးဗျာ
ငယ်နာမည် သိတယ်မဟုတ်လား ပြောပြီးပြီနော် :kwi:
ဦးကျောက်ခဲ
July 17, 2014 at 8:26 am
ကိုရင်ဆာမိသည်ကား… ခေသူမဟုတ်…
ဆွံ့ အ နားမကြား ဒုက္ခိတအသွင် ဆောင်လျက်ကပင်… စော်ကြည်မန်း…တည်း…
အို… ဂွဇက်မေတ္တာတုံး အမောင်ကြောင်ဂျီးနှင့်တကွ ဂွဇက်သားအပေါင်းတို့…
ဆြာဆာမိထံမှ ပီယဆေးအား ရိုက်လုတန် လုကြကုန်လော့… အားဟိ
😀
Nyo Win
July 17, 2014 at 9:56 am
ဟေးဟေး….အပေါ်ကဦးကျောက်ပြောသလိုပဲ..
မန် ့ရတာသက်သာထှာ….. 🙂
surmi
July 19, 2014 at 9:03 am
တိန်!!!¡¡¡
ဆြာကျောက်နဲ့ ဆြာညိုတို့တော့ဆေးအလုံးကြီးကြီး ထိုးလေပြီတကားးး
ပီယဆေးတော့မသိဘူး
ပီပီသသ ပြောရင် ရတယ်ဆိုလားးး 🙂
weiwei
July 17, 2014 at 9:03 am
ဟားဟားဟားးး … ရယ်လိုက်ရတာ ..
ရုပ်ရှင်ကြည့်ရသလိုပဲ မျက်စိထဲ မြင်ယောင်မိတယ် ..
surmi
July 19, 2014 at 9:06 am
ဟဲဟဲ ဒါမျိုးတွေက အမည်းရောင်စာမျက်နှာတွေလေ
အရေးအကြောင်းကြမှ ထုတ်လိုက်တာ
ကျေးကျေး အန်တီဝေ 🙂
လုံမလေးမွန်မွန်
July 17, 2014 at 9:05 am
ဟီးဟီး ရီလိုက်ရတာ အူကိုနာရော။ ကမ႓ာကြီးက ကျဉ်းကျဉ်းလေးနော် အူးဆာ။သူက အခု ဒီရွာသူဖြစ်နေရင် ဘယ်လိုလုပ်ရမလဲ 🙂
surmi
July 19, 2014 at 9:11 am
ငင် !!
ဟုတ်သားဘဲ
အဲဒီမာတုဂါမတွေ ဒီထဲမရောက်ဘူးလို့ဘယ်ပြောနိုင်မလဲ နော …………
အော် ကွယ် သူတို့လည်းဖတ်မိရင် တိတ်တိတ်လေးငြိမ်နေကြမှာပါလေ
:kwi:
kyeemite
July 17, 2014 at 9:49 am
ခရီးသွားရင်းအတွေ့အကြုံလွဲလေးတွေကို ဖတ်လိုက်ရတော့ စိတ်လက်ရွှင်လန်းပေါ့ပါးသွားတယ်ဗျာ
စာမရေးတတ်လို့တော်သေးတယ်..ရေးများရေးတတ်ရင်… 😀
surmi
July 19, 2014 at 9:15 am
ပြန်မပြောချင်သော
ဖုံးကွယ်ထားတော့ အဖြစ်အပျက်များပေါ့ဦးမိုက်ရယ် 🙂
နောက်လည်း ရောဂါဖေါက်လာရင် ထပ်ပြောပါဦးမယ် ဟေးဟေး .…
black chaw
July 17, 2014 at 10:21 am
ဟာသ ရသ အပြည့် ပေးသော
ပို့စ်လေးပါဗျ…ကိုဆာမိရ…။
အိမ်သာ တံခါး သွားဆွဲဖွင့် မိသော ကိုဆာမိ…။
ဆွံ့အ နေသော ကိုဆာမိ…။
ဘဝကိုတော့အရှုံးမပေးဘူးနော် … ဒုက္ခိတပေမယ့် ကားမောင်းပြီး လုပ်ကိုင်စားတာပဲ
ဟု အပြောခံရသော ကိုဆာမိ…။
အပြုံးပန်းတွေ တဝေဝေ နဲ့ ဖတ်သွားပါတယ် ကိုဆာမိရေ…။
😀
surmi
July 19, 2014 at 9:20 am
ကျန်သေးတယ် အစ်ကိုရေ
မေ့တတ်သောဆာမိ
မှုန်ဝါးဝါး ဆာမိ
ဘွာတေးဘွာတေး ဆာမိ
ကွန်မန်ဒါ ဆာမိ
ဟဲဟဲ နောက်စီးရီးတွေကျော်ညာဒါ :mrgreenn: :kwi:
Ma Ei
July 17, 2014 at 11:48 am
ဒါမျိုးလေးတွေ ဖတ်ချင်တာ…
ဆိုတော့…
ရောဂါဟောင်းတွေ ခဏခဏ ပြန်ထ လာပါ…
မည်သူ့ကိုမျှမပြောရန်ဆုံးဖြတ်ပြီးသည်များကို ဂဇက်တင်ပါ…ရန်နှင့်
ကျန်ရှိသည်များလဲ မြန်မြန် အခွင့်သင့်ပါစေကြောင်း….
surmi
July 19, 2014 at 9:25 am
အဲဒီလိုများအားပေးတယ်ဆိုရင်လေ ………
မရှက်တမ်းကိုပြောပြချင်တာ :mrgreenn:
တကယ်တော့ ဒါတွေက သိမ်းထားတဲ့အမည်းရောင်စာမျက်နှာတွေလေ
ရေးစရာဘာမှမရှိလို့ ရှေ့မျက်နှာနောက်ထားပြီးးးးး ……… :hee:
TNA
July 17, 2014 at 11:54 am
အားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
အဟိရီလိုက်ရတာဦးဆာရယ်။ အဲ့ကတဲကကွမ်းပြတ်ကေား ဟိဟိ
နိုးစက်ကော ဘယ်နှစ်လုံးထားလဲ
surmi
July 19, 2014 at 9:28 am
ကွမ်းက စွဲတယ်ရယ်လို့တော့မဟုတ်ပါဘူး မသဲနုရယ်
မစားတာကတော့ ၁ဝနှစ်နီးပါးရှိသွားပြီ
ဟိုတုန်းကလည်း အမြဲမစားပါဘူး
အခု အိမ်ကသားတော်မောင်က စည်းကမ်းတွေထုတ်နေလို့ :kwi:
Crystalline
July 17, 2014 at 12:26 pm
အူးဆာက အရေးကောင်းမှန်းသိပြီးသား.. စကားပုလ္လင်ကခံနေသေး.. ရီလိုက်ရတာမော… :mrgreenn: အဝေးပြေးကားသမားတွေ.. ကားသမားမားတွေကွမ်းစားတာလည်း အိပ်မငိုက်အောင်စားတာတဲ့.. ကွမ်းတွေအဆက်မပြတ်စားပြီး ရေသောက်လည်းနည်းကြမှာပဲ.. အဲဒါကတော့ ကျန်းမာရေးအတွက်သိပ်မကောင်းဘူးနော်.. :))
surmi
July 19, 2014 at 10:23 am
ဒေါ်ခွစ်ရေ
ကွမ်းကတော့ မစားဖြစ်တော့ပါဘူူ း
ကားသမားတွေကတော့ တကယ်ကို ဝါးသဗျာ
ဘယ်လောက်တောင်စွဲကြသလဲဆိုရင် ညအိပ်ရင်တောက်မှ ကွမ်းလေးငုံလျက်သားဗျ 🙂
@ကကြောင်ကြီး
ကိုယ့်လျှာက်ုဂရုစိုက်ပါလေ :mrgreenn:
ဦးကြောင်ကြီး
July 17, 2014 at 1:12 pm
ကစာမိရေ… ကိုယ်လက်အင်္ဂါဒွေထဲမှာ လျှာအယေးကျီးဇုံးဗ… လျှာ လျှာ
alinsett (gazette)
July 17, 2014 at 2:38 pm
ဒီလောက် ” ပြောင်ချော်ရသ ” မြောက်တာ…
စာမရေးတတ်ဘူးတဲ့…
ယုံဘူး။
😆
surmi
July 19, 2014 at 10:26 am
ဟားးးးး
ရသတစ်မျိုးထပ်တိုးတာပေါ့ ဟုတ်စ
မယုံရင်ပုံပြင်မှတ်
အရီးခင်
July 18, 2014 at 1:03 am
တော်ပေသေးဟဲ့။
စာမရေးတတ်လို့သာဘဲ။
ရီလိုက်ရတာ။
Post of the Day.
မျက်စိ ထဲ ရုပ်ရှင်ပြသလို မြင်နေခဲ့တယ်။
ဆက်မရေးလို့ကတော့ …….
surmi
July 19, 2014 at 10:29 am
ကျေးကျေးအရီး 🙂
ချက်ရင်းပြုတ်ရင်း အားပေးဖတ်ရှုနေရတာမို့ အရီးလည်းပင်ပန်းနေရော့မယ်
ဒါပါဘဲလေ ………… ရွာကိုသံယောဇဉ်ရှိကြသူတွေဆိုတော့လည်း :kwi:
Yae Myae Tha Ninn
July 18, 2014 at 12:55 pm
ဟုတ်ပါ့.. ဦးဆာရယ်.. မရေးတတ်ပေလို့ပဲ.. ဦးဆာကို မမြင်ဖူးပေမဲ့.. ဖတ်ရင်း ဦးဆာရဲ့ပုံကို မျက်လုံးထဲ ပေါ်လာတယ်.. နေဦး.. ဒီတခါ တွေ့ဆုံပွဲရောက်ရင် ဦးဆာကို အရင် ရှာပြီး မျက်လုံးထဲက ပုံနဲ့ တိုက်ကြည့်ရမယ်… အိမ်သာတံခါးဆွဲတာတော့ မပေါ်ဘူး.. ကွမ်းငုံထားပြီး.. အအ ပုံစံက မျက်လုံးထဲ ကွက်ကနဲ ကွင်းကနဲပဲ… ရီချင်နေပါတယ်ဆိုမှ.. အအေးဆိုင်ကို ထပ်ရောက်လို့ ဟိုက နှုတ်ဆက်တာကို ပြန်ပြောတဲ့ အခန်းမှ ပါးစပ်က ခွိကနဲ ထွက်ကျလာတာပဲ.. တတ်လဲ တတ်နိုင်တယ်နော်… 🙂 မြန်မာပြည်က ဒါရိုက်တာတွေ ဒီပို့စ်ကို ဖတ်သင့်တယ်.. ဒါမှ တကယ့် အသက်ဝင်ပြီး ဟာသ ရသမြောက်တာ သိမှာ.. မဟုတ်ရင် ကလိထိုးရီနေရတယ်… ဆက်ရေးပါ.. အားပေးပါမည်…:)
surmi
July 19, 2014 at 10:38 am
လာရောက်အားပေးတာကျေးဇူးပါ ကိုရေမြေ့သနင်း
ဟူးးးးးး မောလိုက်တာ ကိုယ့်ဆရာနာမည်က 🙂
ဒါနဲ့ကြုံတုန်းလေး အသံအပြောင်းအလဲလေးလျှာရှည်လိုက်ဦးမယ်
ဒီလိုဗျ ပါဠိမှာ
အဇ္ဇုပေါသထော ဆိုတာ
အဇ္ဇ +ဥပေါသထ = အဇ္ဇုပေါသထော ဖြစ်လာတာဆိုတော့
ရေမြေ့သနင်းကို ပုဒ်ခွဲလိုက်ရင်
ရေမြေ့ ့+ သနင်း = ရေမြင်းးးးးးးးးးးးးး လို့ အဲဒါ
အာဂ
July 18, 2014 at 5:11 pm
အဟီး ရယ်ရတယ်။ ကျတော်တို့ ကွမ်းသမားတွေဘွလေ ဆြာဆာမိရေ…။ ကျနော်ဆို လိုင်းကားပေါ်မှာ ကွမ်းအငုံကောင်းလို့….မှတ်တိုင်ကျော်ဖူးတာခနခန..။ ကွမ်းမူးလို့ တွေရာမှတ်တိုင်မှာ ဆင်းပြောရတာ လည်း ဒုက္ခ…။
surmi
July 19, 2014 at 10:42 am
ဆြာဂရေ
ကျုပ်လည်း ကွမ်းမူးခဲ့ဖူးသဗျ
စစ်ကနယ် ဆိုလား အဲဒီဆေးလေ
တစ်ခါတည်းကို ဆန်ပြုတ်ရောင်းတဲ့အထိ မူးပစ်လိုက်တာဗျာ
နောက်နောက် အဲဒီဆေး ဘဟ်တော့မှမစားတော့ဘူးဟဟဟ :mrgreenn:
ခင် ခ
July 18, 2014 at 11:07 pm
စကားမပြောသော ကားသမား ဦးဆာ ပေါ့ဟုတ်လား
ရေးလည်းရေးတတ်ပါတယ်ဗျာ
surmi
July 19, 2014 at 10:44 am
တကယ်တော့ အပြင်မှာ စကားအလွန်များသောသူပါ ကိုခ ရယ် 🙁
ကောင်းကောင်းမွန်မွန်တွေရေးမရတော့လည်း
ပေါက်တတ်ကရတွေနဲ့ဘဲ ဟေးဟေး :kwi:
sorrow
July 19, 2014 at 11:29 am
ကိုကြီး ကျော့်ကို ပီယဆေးလေးလုပ်ပါဗျာ..အဟိဟိ
surmi
July 20, 2014 at 10:19 am
မှားမယ်နော် ကိုဆောရိုး 🙂
သူတို့ပြောတာမယုံလေနဲ့
ငယ်နာမည် ကိုမသိသေးဘူးထင်တယ်
:kwi:
manawphyulay
September 3, 2014 at 10:29 am
၁၄ နှစ်တောင် မျိုသိပ်ခဲ့ပြီးမှ ဖွင့်ပြောရက်လေတယ် လေးဆာမိရယ်….
ကာယကံရှင် ဖတ်မိရင် အတော်ရှက်ရှာမယ်သိလား…
Ma Ma
June 10, 2015 at 10:23 am
ဖစ်မှဖစ်ရလေ ကိုရင်ဆာမိရယ်။
ဘဝကို အရှုံးမပေးတဲ့ စိတ်ဓာတ်ကို လေးစားပါတယ်။ :k:
## အခွင့်သင့်ပါက ဆက်လက်ဖေါ်ပြပါဦးမည် ## ဆိုတာကော အခွင့်မသင့်သေးဘူးလား။ :a:
aye.kk
June 10, 2015 at 12:21 pm
တစ်တစ်ခါမှာ
အဖြစ်အပျက်တွေကပြန်အမှတ်ရစရာပါ။ရယ်စရာလည်းကေါင်းလှပါတယ်။
ကြုုံဘူးပါတယ်၊၁၉၇ရခုနှစ်ကပါ၊ညောင်လေးပင်မှာ
ဒီဇင်ဘာလမှာနံနက်ခင်း၄-နာရီထပြေးတာ၊လမ်းမီးတိုင်အလင်းရောင်မရတဲ့
နေရာ၊ဂငယ်ကွေ့လိုနေရာ၊ကိုယ်ကလည်းအရှိန်နဲ ့ပြေးနေတာ၊မျက်နှာခြင်းဆိုင်အရပ်ကလည်း
အရှိန်နဲ့ပြေးလာနေတာ၊ဂငယ်ကွေ့လိုနေရာမှာမျက်နှာနဲ့ရင်ပတ်ချင်းဆိုင်ပက်ပင်းဝင်တိုက်မိတာပါ။
အစ်မကလည်းအရှိန်နဲ့ပြေးနေတဲ့မိန်းခလေး၊တဖက်ကလည်းအရှိန်နဲ ့ပြေးလာနေတဲ့ယောင်္ကျားလေးပါ။
အရှိန်မထိန်းနိုင်ပဲဝင်တိုက်မိကြတာ၊နဖူးချင်းပြေးဝင်ဆောင့်လိုက်သလိုဖြစ်တော့၊အီစလံဝေသွားတယ်၂-ယောက်လုံး။
၂-ယောက်လုံးကလည်း၊တစ်ကျောင်းတည်းအတူတူဆိုတာကိုလည်းအဲဒီမနက်တင်၊ပြန်သိရတယ်။
ဖြစ်ချင်တော့၊အဲဒီမနက်ကကျောင်းမှာ၊အတိုက်ခံရတဲ့ယောင်္ကျားလေးရဲ ့နဖူးပြင် ဘုသီးထွက်နေတာနဲ ့ပတ်သက်ပြီး
အတိုက်ခံလိုက်ရတဲ့မိန်းခလေးကို ဘယ်သူဘယ်ဝါ ဘယ်ကမှန်းမသိလို့ ခွင့်လွှတ်လိုက်ရတဲ့အကြောင်း ကို၊ဖွနေတာပြန်ကြား
ရလို့၊ကိုယ်နဲ့တိုက်မိတယ်ဆိုတာဘယ်လိုမှမပြောရဲပဲငြိမ်ခံလိုက်ရတာ၊အခုထိပါပဲ။
သူကအတန်းစေ့လိုက်ရှာပါသေးတယ်၊ ကိုယ်ကလည်းကျောင်းသူအသစ်ဖြစ်နေတော့၊ကျောင်းကနေအဲဒီမနက်ပဲအကြောင်းပြပြီး
ကျောင်းပြေးလိုက်ရတယ်။ တပါတ်တိတိတောင်။
နောက်၁၉၇၈ခုနှစ်ပုသိမ်-ဟိုင်းကြီးကျွန်းရွာမှာပါ၊မော်တင်စွန်းဘုရားအလည်သွားရင်းနဲ ့၊ဟိုင်းကြီးကျွန်းနားဖြတ်တော့
အားလုံးက ရေအိမ်တက်ချင်လာကြတာနဲ ့ဟိုင်းကြီးကျွန်းမှာနားကြတယ်။ရေအိမ်တက်ချင်လို့ တစ်ရွာလုံးပတ်ရှာတာ အကာအရံမရှိတဲ့အိမ်သာတွေ ချည်းတွေ့ရတယ် ။ အဲလိုမျိုးမှာရေအိမ်မတက်ဘူးတော့ ဇောချွေးပြန်ပြီး သေးတောင်ထွက်ကြတယ်။ ငယ်လည်း
ငယ်သေးတော့ တော်ပါသေးတယ်။ စကဒ်ဆိုတော့ ပင်လယ်ရေနဲ့ဆေးပြီး အခြောက်ပြန်ခံလိုက်ရတယ်။အဲ့လိုအဲ့လို ဖြစ်တတ်တာပြောပါတယ် ။။။