Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အဖြူရောင်မီးတောက်ကလေးများ

hmeeAugust 14, 20141min83649

အဖြူရောင်မီးတောက်ကလေးများ

  • မီး…..ဟုတ်တယ်။ အဲ့ဒါက မီးဆိုတာတော့ အသေအချာပဲ။ ဘာလို့လည်းဆို သိပ်ပူတာကိုး။ ပြီးတော့ သူ့ပတ်ဝန်းကျင်ကိုလည်း အပူဟပ်တတ်သေးတာမို့ မီးဆိုတာတော့ ငြင်းမရနိုင်ဘူး။ တခုပဲ ထူးဆန်းတာက သူက အဖြူရောင် သက်သက်လေး။ တကယ့်ကိုမှ အဖြူရောင်လေး။

စိုးရိမ်စိတ်ကို အသာထိန်းရင်းနံရံထက်က နာရီကို မော့ကြည့်လိုက်တော့ နေ့လည် ၁၂နာရီ။ ရှိပါစေ ရှိပါစေလို့ အကြိမ်ကြိမ်အခါခါ ဆုတောင်းရင်း ကျွန်မ ဖုံးဆက်ဖို့ကြိုးစားရတယ်။ တထိတ်ထိတ်ခုန်နေတဲ့ ရင်အစုံကို အသာအယာ လက်နဲ့ဖိထားရင်း တဖက်က အသံကို အားစိုက်နားထောင်ရတယ်။ မပြန်ပါစေနဲ့ဦးလို့ တခါ ထပ်ပြီး ဆုတောင်းမိပြန်ပါသေးတယ်။

“ ဝိတိုရိယဆေးရုံကြီးကပါရှင်”

တဖက်က အသံမဆုံးခင် ကျွန်မတယောက် အလောသုံးဆယ်မေးမိပြန်ပါတယ်။

“ကလေးအထူးကု ဒေါက်တာ……. ပြန်သွားပါပြီလားရှင်”

”ခဏလေးစောင့်ပါရှင်။ မေးပေးပါ့မယ်”

စောင့်နေတဲ့ အချိန်ဟာ အလွန်ဆုံးရှိမှ ၃မိနစ်ပေါ့။ ဒါပေမဲ့ ကျွန်မအတွက် ကြာလွန်းလှတယ်။

“ရှိပါသေးတယ်။ လူနာ ၅ယောက်ကျန်ပါသေးတယ်။ အမလာရမှာ ဝေးပါသလားရှင်။ နီးရင်တော့ မှီနိုင်ပါတယ်ရှင်”

“ဟုတ်ကဲ့ သည် ကိုးမိုင်ကပါပဲ။ လာခဲ့လိုက်ပါ့မယ်။”

တဖက်က ဖုံးချချခြင်း အိမ်ရှေ့ကို ပြေးထွက်။ ကျွန်မရဲ့ယောင်းမ သမီးရဲ့ ကြီးတော်ကြီးရဲ့ ပခုံးထက်မှာ မှောက်လျှက်မောနေတဲ့ သမီးလေးကို သနားလွန်းလို့ ကျွန်မရင်ထဲ မီးတောက်နေပါပြီ။ သမီး တခုခုဖြစ်သွားမှာ စိုးတဲ့စိတ်က ပူလောင်လိုက်တာများ ရင်တခုလုံး ပြာကျလုလုရယ်။

“အဖေ..သမီးဆေးရုံသွားချင်တယ်။ ဆရာဝန်လည်းရှိသေးတယ်တဲ့”

ကျွန်မစကားကို ကြားကြားခြင်း ယောက်ခမကြီးလည်း ထိုင်ရာကထပြီး ကားထုတ်ဖို့ပြင်။ ကျွန်မလည်း အခန်းထဲ ပြန်ပြေးဝင် ၊ ပိုက်ဆံအိတ်ဆွဲထုတ်။ လိုက်၏ မလိုက်၏ မစဉ်းစားနိုင် မျက်စိရှေ့မြင်ရာ အင်္ကျ ီနဲ့ လုံချည်ဆွဲထုတ်ကာလဲ။ သမီး ဆေးဖိုင်တွဲကိုယူ။ နောက် အမြဲ အသင့်ထည့်ထားတဲ့ သမီး အဝတ်အိတ်လေးထုတ်ကာ ပြန်ပြေး။ ဆံပင်ကို လက်နဲ့ အသာသပ်ကာ ခေါင်းစည်းကွင်းစီး။ ယောင်းမလက်ထဲက ကလေးကို လက်လွှဲယူ။

“ကလေးကို အင်္ကျ ီလေးတော့ လဲလိုက်ပါဦး”

သမီး အဖွားက ဝင်ပြောမှ ကလေးကို ကမန်းကတန်း အဝတ်အစားလဲရပါတယ်။ စိတ်က ဆေးရုံကို ရောက်ချင်လှပြီ။ အဝတ်အစားလဲဖို့ အင်္ကျ ီချွတ်လိုက်မှ သမီးရဲ့ ရင်အစုံဟာ ဖာဖိုကြီးထိုးနေသလို နိမ့်ချည်မြင့်ချည်။ ကားအသင့်ဖြစ်ပြီမို့ သမီးကို ပွေ့ကာ ကားထဲဝင်ထိုင်။ ယောင်းမက အထုတ်တွေ လိုက်တင်ပေး။ ကျွန်မတို့ ရင်ထဲ စိုးရိမ်စိတ်ကြောင့် ကိုယ်စီ ကိုယ်စီ မီးတောက်နေကြပြီ။ တလမ်းလုံး ဆရာဝန်မပြန်ပါစေနဲ့လို့ တဖွဖွ ဆုတောင်းရင်း ရင်တခုလုံး သောကဆွဲလို့လေးလှပါတယ်။ အိမ်နဲ့ဆေးရုံ အလွန်ဆုံးမောင်းရ ၅မိနစ်ပေါ့။ ဒီနေ့ကြမှ ပိုဝေးနေသလို။ ဆေးရုံ ဆင်ဝင်အောက်ကားရောက်ရုံ သေချာတောင် မရပ်ရသေးပဲ ကျွန်မအပြေးအလွှားဆင်း။ ကောင်တာမှာ စာအုပ်ထပ်ပြီး ဆရာဝန်အခန်းရှေ့ရောက်တော့ ရှေ့မှာ လေးယောက် ကျန်သေးတယ်။ လူတွေများ လိုတမျိုး မလိုတမျိုးပါ။ ခုနင်က ရှေ့ကလူတွေ ကျန်ပါစေလို့ ဆုတောင်းခဲ့ပြီး အခုတော့ အရှေ့က လေးယောက်ကို ကုန်စေချင်လှပြီ။

မောနေတဲ့ ကြားထဲက သူ့ဖိနပ်မပါလို့သမီးက “ မီးမီး ဖိနပ်မပါဘူး”လို့ တတွတ်တွတ်ပြော။ အေးပါသမီးရယ်ဖြေရင်း သမီးကို ပခုံးပေါ်ထမ်းကာ ဆရာဝန်အခန်းရှေ့ ခေါက်တုံခေါက်ပြန်လျှောက်။ တညလုံး တရေးမှ မအိပ်ရပဲ လမ်းလျှောက်နေရလို့ ကျွန်မမှာ ဖန်တွတွမျက်လုံးတွေနဲ့ မူးရီဝေကာ လဲလုလု။ ကျွန်မ မျက်လုံးထဲ သမီး သက်သာဖို့ကလွဲပြီး ဘာကိုမှ မမြင်နိုင်ဘူး။ သားသမီးဇော၊ သားသမီးအပူများ အလွန်ပူလှပါရော။ ဆရာဝန်ကိုသာ ဇွတ်ဝင်တွေ့ချင်တာပါပဲ။ အသက်ကို ကြိုးစားရှုနေရလို့ မောနေတဲ့ သမီးလေး။ ရင်ဘတ်ထဲက တရွှီရွှီမြည်သံတွေဟာ ကျွန်မကို အတုန်လှုပ် အခြောက်ခြားဆုံး ဖြစ်အောင် ခြောက်လှန့်နေသလိုပါပဲ။ အချိန်တွေဟာ အတော်ကုန်ခဲလှတာ။

“အိုး …..ကလေးက သိပ်ကျပ်နေတာပဲ”

သမီးကို စမ်းရင် ဆရာဝန်မကြီးက ပြောပါတယ်။

“ နောက်ဆိုရင် ဘယ်လိုပဲ အစီအစဉ်လိုက် ဝင်ရတယ်ဆိုပေမဲ့ ဒီလိုကလေးမျိုးဆို အရင်ဝင်ခိုင်းပါ။ ပြာသွားမှဆို လုပ်ရသိပ်ခက်တယ်။”

ဘာမှန်းညာမှန်းမသိ အစောကတည်းက စိုးရိမ်နေတဲ့ ကျွန်မ။ ဆရာမကြီး စကားကြားမှ “အမလေး သမီးလေးသာ တခုခု ဖြစ်သွားရင်ဆိုပြီး ရင်တခုလုံး ငရဲမီးနဲ့ အပက်ခံရသလို ပြင်းပြင်းပျပျကြီး အလောင်ခံလိုက်ရတာ။။မျက်လုံးတွေတောင် ပြာခနဲ ဖြစ်သွားတယ်။

ဆရာဝန်က ventolin ရှုသွားလိုက်နော်။ ကလေးက သိပ်ကျပ်နေတယ်လို့ ကျွန်မဘက်လှည့်ပြောပြီး သူနာပြုလေးတွေကို အောက်ဆီဂျင်နဲ့ ရောပြီးရှုဖို့မှာ။ နောက်ထပ်မှာတာတွေတော့ မကြားတချက် ကြားတချက်။ အရေးပေါ်အခန်းကို ချက်ချင်းက သွားမရ။ ကောင်တာမှာ ငွေရှင်းဖို့စောင့်ရတာ ကြာလိုက်တာ။ အသက် ၇ဝကျော်လို့ အစိုးရက နားပါစေတော့လို့ ပင်စင်ပေးထားတဲ့ အဖိုးခမျှာ မြေးအပူကြောင့် အေးအေးဆေးဆေး မနားနိုင်ရှာ။ သမီးကို ပခုံးမှာထမ်း။ လက်တဖက်မှာ ပိုက်ဆံအိတ် ဂျိုင်းကြားညှပ်ကာ ကျွတ်လုလု ပုဆိုးကို ထိန်းထားရတဲ့ အဖိုးရဲ့ အဖြစ်။ ကောင်တာက ပြေစာ မထွက်နိုင်သေးလို့ ရှေ့ကြည့်လိုက် နောက်က မြေးအဖိုးကို ကြည့်လိုက်နဲ့ ကျွန်မအဖြစ်က အရူးမီးဝိုင်း။ ရင်တွေလည်း ပူလှပြီ။ သမီးလေး တခုခု ဖြစ်မှာ စိုးတဲ့ စိတ်ကြောင့် ကြာလွန်းလှတဲ့ ကောင်တာက မမတွေကို အော်ချင်လှပြီ။ ကျွန်မအဖြစ်ကို အခန်းထဲက မြင်တယ်ထင်ရဲ့ ဆရာဝန်မကြီး ထွက်လာပါတယ်။

“ရှင်တို့ ပိုက်ဆံ နောက်မှ ယူလေ။ ကလေးတခုခု ဖြစ်ရင် တာဝန်ယူမလား”

ဒေါသ မျက်နှာနဲ့ ခပ်တင်းတင်းပြောမှ လာလာဆိုကာ သမီးတို့ မြေးအဖိုးကို ခေါ်သွားတယ်။ ကျွန်မကတော့ အဲ့သည်တော့မှ ထွက်တော်မူလာတဲ့ ကျသင့်ငွေကို ရှင်းကာ အပြေးအလွှား နောက်က လိုက်ရတယ်။

အရေးပေါ်အခန်းရဲ့ ကုတင်ထက်မှာ ထိုင်ရင်း သမီးကို ရင်ခွင်ထဲမှာ ပွေ့ထားတဲ့ထိ သမီးလေးဟာ အမေကို မျက်လုံးလေး လှန်ကြည့်ကာ မောနေရှာတယ်။ သမီးအတွက် ရတက်ပွေရတာ ဘယ်အပူနဲ့မှ မတူဘူး။ ရင်တွေပူလွန်းလို့ တကိုယ်လုံး ပြာကျမလားထင်ရတာ။ တကယ်ကို ရင်ကို လောင်တဲ့ မီးပါပဲ။

အောက်ဆီဂျင်ပိုက်တပ်တော့ ရုန်းရှာတယ်။ နောက် မျက်နှာကို မျက်နှာဖုံးလာတပ်တော့ ကြောက်လန့်တကြားရုန်းလိုက်တာ။ ဝိုင်းဝန်းချုပ်ကြရင်း ခဏနေတော့ ငြိမ်သွားရှာတယ်။ သမီးမျက်နှာကို မျက်တောင်မခတ် ကြည့်နေမိတဲ့ ကျွန်မ ။ သမီးလေးငြိမ်သွားတာများ မျက်တောင်လေးတောင် တချက်မခတ်။ ခုနက ဖာဖိုကြီးလို လှုပ်ခတ်နေတဲ့ ရင်ဘတ်ဟာလည်း ငြိမ်သွားတာမို့ ကျွန်မ အတော်ကို တုန်လှုပ်သွားပါတယ်။

“ သမီး…….သမီး”

ကျွန်မရဲ့ စိတ်ဟာ အတော်တုန်လှုပ်နေတာမို့ အသံကလည်း တုန်တုန်ရင်ရင်။ ရင်ထဲမှာ ပူလွန်းလို့ ထင်ပါရဲ့ သွေးတွေဟာ ပွက်ပွက်လာဆူပြီး မျက်ရည်အဖြစ် လျှံကျလာပါတယ်။ သမီးလေးဟာ မျက်တောင်လုံးဝမခတ်ပဲ ငြိမ်ကျသွားတာဟာ ကျွန်မကို ပိုထိတ်လန့်စေပါတယ်။ ပါးလေးကို ကိုင်ပြီး သမီး သမီးလို့ ထပ်ခေါ်မှ အမေကို မျက်လုံးလေး လှန်ကြည့်ပါမှ စိတ်နည်းနည်း သက်သာလာသလို။ စိတ်ကတော့ ဒုံးဒုံးမကျသေး။

“ သူသက်သာလို့ငြိမ်နေတာပါ။ နေလို့ ကောင်းလို့ပါအမ။ အရမ်းစိတ်မပူပါနဲ့။”

“အမေဆိုတော့ ပိုလန့်တာပေါ့”

အစိုးရိမ်ပြေစေဖို့ ဝင်ပြောပေးတဲ့ သူနာပြုနှစ်ယောက်ကို မော့ကြည့်ရင်း အခုမှ ပြုံးပြနိုင်ပါတယ်။ သူနာပြုတွေ အနောက်မှာ ရပ်နေတဲ့ အဖိုးမှာလည်း အပူဟပ်လို့ နွမ်းနေရှာပြီ။ သမီးလေး ငြိမ်သွားတာကို ကြည့်ရင်း ဒါမျိုးမြင်ဖူးတယ်။ ဟုတ်ပါရဲ့ လွန်ခဲ့တဲ့လေးနှစ်က ဒီအဖြစ်မျိုး ကျွန်မ ကြုံခဲ့ဖူးသေးတာပဲ။

သားအသက်တနှစ်ခွဲ။ ကစားရင်းလဲလို့ ရှေ့သွားလေးနှစ်ချောင်း ကျိုးရှာတယ်။ သွင်သွင်ကျိုးတာမဟုတ်ပဲ သွားရဲ့ သုံးပုံပုံရင် နှစ်ပုံကျိုးတာ။ တပုံက ကျန်ခဲ့ပြီး ကလေးနဲ့ မလိုက်အောင်ခံစားခဲ့ရရှာတယ်။ တိုက်တိုက်ဆိုင်ဆိုင် အိမ်ကြီးရှင်က တခြားတိုင်းပြည်မှာ သင်တန်းသွားတက်ချိန် တစိမ်းတွေရဲ့ အလည်မှာ သားအမိနှစ်ယောက် ကမ္ဘာပျက်တာပါပဲ။ သွားကျိုးတော့ နပ်ကြောလေးတွေ ပေါ်လာလို့ သဘာဝအလျှောက် သွားရည်တွေက သုတ်မနိုင်။ နာလွန်းလို့ အစာမပြောနှင့် ရေတောင် မသောက်နိုင်ဘူး။ သားကို သနားလွန်းလို့ သားကို ဖက်ပြီး သားအမိနှစ်ယောက်ငို။ တစိမ်းတွေဆီ ရောက်တာ ၅လပင် မပြည့်သေးတာမို့ အားငယ်စိတ်က ပိုဆိုးစေပါတယ်။ ကိုယ့်အရပ်မှာလို မဟုတ်ပဲ အစစအရာရာ စေ့စပ်သေချာမှုကို ဦးစားပေးတဲ့ နေရာမို့ စစ်လိုက်ရတာ သောက်သောက်လဲ။ နိုင်ငံ ဥပဒေအရ နှစ်နှစ်အောက်မို့ ဆေးခန်းမှာ ကုသခွင့်မရှိတာမို့ ဆေးရုံရှာရ။ ကူညီမဲ့သူရှိတာတောင် အားငယ်စိတ်က အတင်းကို တိုးထွက်နေတာ။ သွားနှုတ်မဲ့ရက်ကို အိမ်ကြီးရှင် ပြန်ရောက်မဲ့ရက်နဲ့ကိုက်ပြီးရွေး။ အဲ့အချိန်တုန်းကများ ကူညီသူက အားတက်သရော ကူညီသလို ရေနစ်သူဝါးကူထိုးချင်သူများကို ကြုံခဲ့ရတာ ကျွန်မဘဝ အတွက် သင်ခန်းစာတွေပါပဲ။ ဒေါသကြောင့်၊ သောကကြောင့် ပူလောင်လိုက်တာများ ကျွန်မခန္ဓာကိုယ်ကြီး ကျွမ်းလုလုရယ်။ ပြန်မမှတ်မိချင်တဲ့ အချိန်တွေ ပြပါဆို အဲ့အချိန်ကိုသာ ပြရမှာပဲ။

သွားနှုတ်မဲ့ရက် မတိုင်ခင်ညက ရေမတိုက်ရ အစာမစားရဆိုလို့ ကျွန်မတို့ လင်မယားရေသောက်ရင် သားလေးသောက်ချင်ရှာမှာစိုးလို့ ကျွန်မတို့ ရေတောင်မသောက်ရဲခဲ့ဘူး။ တညလုံး သောကကြောင့် တရေးမှ မအိပ်နိုင်ဘူး။ ဆေးရုံသွားရာလမ်းတလျှောက် ကိုယ်ခြင်းစာတရား ခေါင်းပါးသူတွေကြောင့် ဒေါသထွက်နေတာရော၊ သားအတွက် သောကပွေနေတာကြောင့်ရော ကူညီသူက စိတ်သက်သာလို သက်သာငြား စကားပြောပေးတာကို ဟန်ဆောင်ပြီးတောင် ပြန်မပြောနိုင်ခဲ့ဘူး။ လင်မယားနှစ်ယောက် အပူလောင်နေတာများ မြင်ခွင့်သာရရင် တဟုန်းဟုန်းတောက်နေမှာ အသေအချာ။

ဆေးရုံရောက်တော့ သားထက် အခြေအနေဆိုးတဲ့ကလေးတွေ။ သွားက သွင်သွင်မကျိုးပဲ့ ပါးစပ်ထဲ ကန့်လန့်ဖြစ်ကာ ပါးစပ်မှာ သွေးချင်းချင်းနီလို့။ ပွေ့ထားတဲ့ မိခင်ရဲ့ ရင်ဘတ်မှာလည်း သွေးတွေနဲ့ ရဲရဲတောက်လို့။ ဒါတွေကို မြင်တော့ သူတို့လည်း တို့လို အပူလောင်နေရှာပါလားလို့ ကိုယ်ချင်းစာမိပါတယ်။ သားအလှည့်ရောက်လို့ အခန်းထဲဝင်တော့ သားကို ကုတင်ပေါ်ချ။ ဖိနပ်ချွတ်။ လက်နှစ်ဖက်ကို ခေါင်းကို ကျော်ကာချလို့ ကျွန်မက ချုပ်ထားရပါတယ်။ အဖေက ခြေထောက်ကို ချုပ်။ သူနာပြုက ရင်ဘတ်ကိုဖိ။ သာခမျှာ ဘာမှန်းမသိ ရုန်းကာ ကြောက်လန့်တကြား ငိုရှာတယ်။ ကျွန်မရင်ထဲ သားငိုသံဟာ ခပ်တုုံးတုံး သံမှိုနဲ့ အနှက်ခံရသလို အခံရခက်လှပါတယ်။ ဆရာဝန်က မျက်နှာကို မျက်နှာဖုံးလေး အုပ်လိုက်တယ်ဆိုတဲ့ တခဏ သားဟာ လုံးဝငြိမ်သက်ကာ မေ့သွားပါတယ်။ ခုနကပဲ အတင်းရုန်းကန်နေတဲ့ သား။ ချက်ချင်းပဲ မလှုပ်မရှုက်ငြိမ်သွားတော့ ကျွန်မရင်ထဲကို တခုခုက ခပ်တင်းတင်း ဆွဲဆုတ်လိုက်သလိုမျိုး ဆို့နင့်နင့်တင်းကျပ်ကျပ်ကြီး။ မိဘတွေ အပြင်ထွက် ဆိုလို့သာ ထွက်လာရတာ နောက်ဆန်တငင်ငင်။ နှစ်ယောက်သား သားဖိနပ်လေးကိုင်ကာ အပြင်ထွက်လာတော့ အပြင်ကလူတွေကို မရှက်နိုင်ဘူး ကျွန်မလည်း မျက်ရည်ဖြိုင်ဖြိုင်ကျ။ သားအဖေလည်း အံတင်းတင်းကျိတ်လို့။ အဲ့သည့်အချိန်ဟာ တကဲ့ကိုမှ ခဏလေး။ အလွန်ဆုံးရှိမှ ၃မိနစ်ပေါ့။ ကျွန်မအတွက်တော့ ငရဲကျခဲ့ချိန်မို့ အခုထိ အသွေးအသားထဲမှာ စွဲနေတုန်း။ ရုတ်တရက် သားငိုသံကြောင့် ကျွန်မလည်း အထဲကို အတင်းပြေးဝင်။ သူနာပြု ပခုံးထက်မှာ ပါးစပ်မှာ သွေးစတွေနဲ့ သားကငိုလို့။ သားကို လက်ပြောင်းယူပြီး စောင့်ကြည့်ခန်းမှာ နာရီဝက်တိတိ။ မေ့ဆေးအချိန်ကြောင့် သားကတော့ မှိန်းနေဆဲ။ တပတ်လုံးလုံး ရေသောက်တိုင်း နာလွန်းလို့ ငိုတဲ့သား အခုတော့ ရေကို အငမ်းမရ သောက်ပါတော့တယ်။ နှုတ်ထားတဲ့ သွားနေရာမှာတော့ အညိုရောင် ဂျယ်ရီလေးတွေသိပ်လို့။ ဆရာဝန်မ လာပေးတဲ့ သွားနှစ်ချောင်းကို အခုထိ အမှတ်တရ ကျွန်မ သိမ်းထားဆဲပါ။

တိုက်တိုက်ဆိုင်ဆိုင် သားနဲ့ သမီး အဖြစ်က မတူသလိုနဲ့ တူနေပါတယ်။ ဖြစ်တဲ့ ရောဂါခြင်းမတူပေမဲ့။ မျက်နှာဖုံးအုပ်ခံရတာခြင်းတူသလို ကျွန်မရင်ကို ပူလောင်စေတာလည်း တူနေပါတယ်။ သူနာပြုက သမီးရဲ့ မျက်နှာဖုံးလေးကို လာပေးပါတယ်။ လိုအပ်ရင် သုံးရအောင်ပါတဲ့။ မလိုအပ်ချင်တော့ပေမဲ့ ကျွန်မ သိမ်းထားဦးမှာပါ။ သားရဲ့ သွားလေးနှစ်ချောင်းကို သိမ်းထားသလို သမီးရဲ့ မျက်နှာဖုံးလေးကိုလည်း သိမ်းထားဦးမှာပါ။ အဲ့ဒါလေးတွေက တချိန်တုံးက ကျွန်မရင်ကို ပူလောင်စေခဲ့တာလေးတွေကိုရော။ ကျွန်မကြုံခဲ့ရတာလေးတွေကို သတိရစေဖို့ရော သားနဲ့သမီးကို ကြုံကြိုက်ရင် ပြန်ပြောပြနိုင်စေဖို့ရောလေ။

မီးတော့ မီးပါပဲ ဘာလို့လဲဆို သူက သိပ်ပူတာကိုး။ ထူးဆန်းတာက သူက အဖြူရောင်။ ကိုယ့်ရင်က ဖြစ်တဲ့ သားသမီးဆိုတဲ့ အဖြူရောင် သံယောဇဉ်လေးတွေအတွက် ပူပင်သောက ဖြစ်စေမှုက ထွက်ပေါ်တောက်လောင်တဲ့ ကိုယ့်ရင်ကို လောင်တဲ့ မီးမို့ အဖြူရောင်မီးတောက်လေးပါ။ အဖြူရောင်လေးမို့ အထင်တော့ မသေးလိုက်ပါနဲ့ သူမတူအောင် သိပ်ပြင်းလွန်းလှပါတယ်။ သူရဲ့ အပူဒဏ်ကို မခံနိုင်​သူများဆို ရူးနိုင်လောက်ရဲ့။

တခုပဲ ပြောစရာရှိပါတယ်။ ဒီ အဖြူရောင်မီးကို ဘယ်သူကမှ ယူလာပေး ပျိုးပေးတာ မဟုတ်ပဲ ကိုယ်ကိုတိုင် လိုလိုလားလား ကျေကျေနပ်နပ် ပျိုးယူထားတာ မွှေးယူထားတာမို့ ဘယ့်သူ့ ကိုမှ အပြစ်တင်စရာတော့ မလိုဘူးပေါ့နော်။

49 comments

  • ဇီဇီ ခင်ဇော် (26102012)

    August 14, 2014 at 2:58 pm

    ကြောက်လိုက်တာ။
    ဒီမီးကို…
    :a:

    မီး ဆိုမှာတော့ အဖြူ နေနေ၊ အဝါနေနေ ပူတာပါပဲလေ။
    :a:

    ကျနော်တို့ ဘဝမှာတော့ တစ်မီးမဟုတ် တစ်မီး လောင်ခံနေရတာပါပဲ။
    :a:

    စာကြောင်းလေးတွေ က အပူတွေပါ လာဟပ်တယ်လို့ ခံစားရတယ်။

    :a:

    • hmee

      August 15, 2014 at 8:19 am

      ​ကြောက်​ပါနဲ့ဇီဇီ​ရေ။ ပူတဲ့အခါပူ​ပေမဲ့ ​အေးတဲအခါကြပြန်​​တော့လည်​း သီတာ​ရေစင်​တမျှ​အေးတယ်​လို့ ဆိုကြပြန်​ပါတယ်​။ 🙂

  • Myo Thant

    August 14, 2014 at 3:02 pm

    အဖေတစ်ယောက် ဖြစ်နေတဲ့ ကျနော်

    တကယ်ကို ကိုယ်ချင်းစာစိတ်နဲ့ ဖတ်ရှုခံစားသွားပါတယ်ဗျာ

    • hmee

      August 15, 2014 at 8:21 am

      ကိုမျိုသန်​့ရှင်​ ဖခင်​တ​ယောက်​မို့ ကိုယ်​ချင်​းစာတတ်​မယ်​ဆိုတာ ယံကြည်​ပါတယ်​။

  • surmi

    August 14, 2014 at 3:20 pm

    2002 ခုနှစ် ဒီဇင်ဘာ တစ်မနက်
    SSC အထူးကုဆေးရုံ ပြင်ပလူနာဌါန #
    “” ကလေး ဝမ်းသွားပြီး အန်နေတယ် ဆရာ “”
    ဆရာဝန်မှ တချက်စဉ်းစားသလိုလုပ်ပြီး
    “”ဆရာမ ကလေးကိုအပူချိန်တိုင်းလိုက်ပါ “”
    တစ်နှစ်သာသာ ကလေးရဲ့ ပါစပ်ထဲ သာမိုမီတာ ဖြဲထည့် ။
    ကလေးကငို …
    မရတဲ့အဆုံး ကလေးချိုင်းကြားထဲသာမိုမီတာ အတင်းထည့် …
    ကလေးကရုန်း ……
    ကျနော်မနေနိုင်တော့ပါ ။
    “”ဆရာ ကလေးက အထက်လန်အောက်လျှော ဖြစ်နေတာ”
    ဆရာဝန်မှ မျက်နှာတည်တည်ဖြင့်
    “” ကလေးအထူးကုတော့မရှိဘူးဗျ ။ကျနော်တို့ အတတ်နိုင်ဆုံး လုပ်ပေးလိုက်ပါ့မယ် ကောင်းတာကတော့ကလေးအထူးကု ရှာပြရင်ပိုကောင်းတယ် “”
    ကျနော်သဘောပေါက်လိုက်ပါပြီ ။

    ” ကဲ လာ သွားကြမယ် “”
    ကျနော် ကလေးကို သူ့အမေလက်ထဲက ဆွဲယူပြီးရှေ့ကထွက်ခဲ့တယ် ။
    ကျနော့စိတ်ထဲ က ဆဲနည်းပေါင်းစုံနဲ့ ဆဲနေမိတယ် ။
    ဒါ … ဆရာဝန်လား
    နေထိုင်မကောင်းလို့ အားကိုးတကြီးလာပြတာ ကလေးအထူးကု ရှာပြ ဆိုတော့ …
    အဲဒီ ဆရာဝန် ဆေးမကုတတ်တော့ဘူးလား ……
    တစ်ခုခု သက်သာအောင် မဆောင်ရွက်ပေးနိုင်တော့ဘူးလား …
    ဆ/မ ကိုဘယ်လိုနည်းနဲ့ရလာတာလဲ ……
    .
    .
    .
    .
    ဆောရီးး မမှီရေ …
    တိုက်ဆိုင်မှုရှိသွားလို့ မီးအဖြူလေးထပွင့်သွားတာ .………

    • hmee

      August 15, 2014 at 8:35 am

      ကျွန်​မလည်​း တခါကြုံဖူးတယ်​။ မြန်​မာပြန်​​ရောက်​စက ဟိုမှာအရမ်​း​အေးချိန်​ ဒီမှာက​​ ပူတဲ့ရာသီ ရာသီ အ​ပြော​င်​းအလဲမို့ သား​လေး နှာ​ခေါင်​း​သွေးလျှံပါ​ရော အထူးကု​ဆေးခန်​း သွားတာ ဘာမှမလုပ်​​ပေးဘူး။ ည၁၂နာရီ​လောက်​ကြီး က​လေး​ဆေးရုံ​ပြေးရတယ်​။ အဲ့တုန်​းက ကျွန်​မလည်​း အ​တော်​မ​ကျေမနပ်​ဖြစ်​ခဲ့​သေးတာ။

  • ဦးကျောက်ခဲ

    August 14, 2014 at 3:25 pm

    ဖတ်ပြီး… ရင်မောသွားတယ် မမှီရေ့ …
    အဲသည့်မီးတွေ အလောင်မခံချင်သော်လည်း… သဘာဝရဲ့တာဝန်တွေကို ထမ်းရဦးမယ်…
    စကားမစပ်…
    သားကလေးသွားနှုတ်တဲ့အရပ်ကိုတော့သိပါ့ဗျာ… အတ္တကြီးတဲ့နေရာမှာ အော့ကြောလန်…

    • hmee

      August 15, 2014 at 8:38 am

      ဟုတ်​ပါ့ ဦး​ကျောက်​​ရေ အ​တော်​​တော့ အတကြီးတယ်​။ ​ပြောသာ​ပြောရတာ သူတို့လည်​း အဲ့လိုသာမဖြစ်​ရင်​ ပတ်​ဝန်​းကျင်​အ​ခြေအ​နေ​ကြောင်​့ ​မြေထဲပင်​လယ်​ထဲမှာ ​ပျောက်​ကွယ်​သွားနိုင်​တယ်​​နော့။ 🙂

  • မမှီရေ
    ကောင်းလိုက်တာလို့ပြောရင် ဝတ်ကျေတန်းကျေ ပြောတယ် ဖြစ်သွားပါမယ်။
    မမှီစာကိုဖတ်ပြီး အချိန်မတိုင်မှီကြွေ သွားခဲ့ တဲ့ ကျနော်ညီလေးရဲ့နောက်ဆုံးအချိန်ကိုပြေးမြင်မိတယ်။
    တစ်နှစ်ခွဲအရွယ်မှာ အစာ အဆိပ်သင့်ပြီးဆုံးသွားခဲ့တာပါ။
    အသားတွေပြာနှမ်း။
    မျက်ဖြူတွေလန်ပြီးကလေးက တက်။
    အဖွားကလဲမျက်ရည်တွေ တသွင်သွင်စီးနေရင်းက ညီလေးကိုပွေ့ဖက်ထား.
    သားလေး သားလေး လို့ ခေါ်နေရုံ က လွဲပြီး ဘာမှ မတတ်နိုင်ခဲ့။
    အဲဒီအချိန်က ကျနော် တို့ မောင်နှမတွေ က အမေ နဲ့ ခွဲ နေကြရ တဲ့အချိန်လေးပေါ့။
    ဆေးရုံကြီး က အပြင် လူ နာ ခန်းမှာ ကိုယ့်ကိုခေါ်မယ့် အလှည့်ကို ထိုင်စောင့် နေခဲ့ ရပါတယ်။
    ဒါပေမယ့် ကလေး ကံ လို့ ဘဲပြောရမယ်။
    ကလေး ရဲ့ ကျော ရိုး ထဲ က ရိုး တွင်းချင် ဆီ ထုတ်ယူပြီး စ အချိန်လေးမှာ ဘဲ ဆုံးပါးသွားခဲ့ပါတယ်။
    ကလေး ကို အစွမ်းကုန်ကွေးပြီး ကျောရိုးထဲ က ချဉ်ဆီ ထုတ်ယူ နေချိန် မှာ
    အားလုံးမှာ မျက်ရည်စ တွေနဲ့ပေါ့။
    အဲဒီအချိန်က ကျနော် က ငါး တန်းကျောင် းသားလေ။
    နှစ်ပေါင်းများ စွာ ကြာ ခဲ့ ပေ့ မယ် ပြန်တွေး ကြည့် တိုင်း ဝမ်း နည်း ရ ပါတယ်။
    အဖြူရောင်မီးဆို တာ ညီအကိုမောင်နှမ ကြား မှာ လဲ အလိုလိုမွှေး ပြိး သား ဖြစ ်လာ တတ်ပါတယ် မမှီရေ။

    • hmee

      August 15, 2014 at 8:41 am

      ဟုတ်​ပါတယ်​ ဦး​ပေါက်​ရှင်​့ ညီအစ်​ကို​မောင်​နှမခြင်​းလည်​း အဖြူ​ရောင်​မီး အ​လောင်​ခံရကြတာပါပဲ။

  • pooch

    August 14, 2014 at 3:39 pm

    ကိုယ်ချင်းစာတယ်အမ အခု အိမ်မှာမီကိုလေးက ၉ လပဲရှိသေးတယ် ကာကွယ်ဆေးထိုးလို့ တဝါးဝါးငိုရင်တောင် ဘေးကနေ မျက်စိမျက်နှာပျက်နေရတာ
    သားသမီးဆိုတော့ နာမည်မှာကိုက မီးပါပြီးသားပဲလေ
    အမပြောသလို အရောင်တွေတော့ ကွဲချင်ကွဲမပေါ့
    asthma က ကျမလည်း ရှိတယ်အမ ခပ်ငယ်ငယ်က လှိမ့်နေအောင်ခံခဲ့ရတာ
    အမရေးထားတာ အမေ့ကို မြင်လိုက်ရသလိုပဲ
    (ခုတော့ အမေက မနိုင်တော့လို့ ကျမကို လွှတ်ကိုထားရတော့တယ်)

    • hmee

      August 15, 2014 at 8:45 am

      ပုချ်​​ရေ သမီး​လေး တခါတခါကျပ်​ရင်​ တညလုံး မအိပ်​ရဘူး ထမ်​းြပြီး​လမ်​း​လျှောက်​​နေရလို့ ခါး​တွေလည်​းန်ာပါ့။ အ​မေ့​တွေ ဘဝ ကို အ​တော်​ကိုယ်​ချင်​းစာလာရတယ်​။ 🙂

  • kyeemite

    August 14, 2014 at 3:53 pm

    -မမှီလို အဖြူရောင်မီးတောက်မျိုး ကျုပ်လည်း အပြင်းအထန်လောင်ခံရဖူးလို့
    -ကိုယ်ချင်းစာမိပါတယ်ဗျာ….ကျုပ်လောင်ခံရတုန်းက ပိုပြင်းလွန်တယ်ထင်မိပါတယ်
    -သားရော သမီးရောနှစ်ယောက်ပြိုင်တူ သွေးလွန်တုတ်ကွေးဖြစ်ပြီး ICUထဲရောက်နေတုန်းကပေါ့
    -တော်ကြာကလေးတစ်ယောက်ဆုံးပြန်ပြီ…ဆိုမှဖြင့် အပြင်ကော်ရစ်ဒါက မိဘတွေခမြာငိုလိုက်ကြတာ
    -ကျုပ်လည်းယောက်ကျားတန်မဲ့ မျက်ရည်မဆည်နိုင်ဘူး
    -မိတ်ဆွေရင်းချာတွေ လူနာသတင်းလာမေးရင်လည်း -ကျုပ်ဆို့နင့်နေတာနဲ့စကားတောင်ဖြောင့်အောင်ပြန်မပြောနိုင်ပါဘူး…..
    -ဒါပေမဲ့ မမှီပြောသလို ခုထိ ဒီမီးတောက်အဖြူလေးက ရင်ထဲအမြဲရှိနေဆဲပါပဲဗျာ…..
    -စာအရေးအသားကောင်းလွန်းလို့ ကျုပ်လည်းအတိတ်ကိုခဏပြန်ရောက်သွားမိတယ်ဗျာ…

    • hmee

      August 15, 2014 at 8:49 am

      ​ဆေးရုံ​တော့ မတက်​ရ​ပေမဲ့ တလတခါ​လောက်​ ပုံမှန်​ပဲ။ သားသမီး အပူ​တော့ အ​တော်​ခံရတာ​နော်​။ အ​ဖေ အသည်​းအသန်​ဖြစ်​တုန်​းက ပူရတာနဲ့​တောင်​မတူဘူး။ 🙂

  • လင်း

    August 14, 2014 at 4:18 pm

    အမရေ အရမ်းကောင်းပါတယ် ဗျာ။

    ကျနော်ကတော့ သားသမီးမဟုတ်ဘူး ဗျ ။ အဖေပါ။ အဖေ မဆုံးခင်က ရန်ကုန်က ဆေးရုံ တွေ ဆေးခန်းတွေ ခဏခဏ သွား အရေးပေါ်ဋ္ဌာန ကိုသွားတာတောင် ဘယ်သူမှ ထွက်မလာလို့ အတော်ကြေကွဲခဲ့ဘူးတယ်။ ဆေးရုံက သန့်ရှင်းရေး အငေါက်ကို ခံပြီးဆေးရုံတက်ရတာတွေ။ အထူးကုဆေးခန်းသွားမှာ ပိုက်ဆံရှင်းပြီးမှ treatment ရတာတွေ။နယ်ကနေလာတာဆိုတော့ တော်တော်ကို အားငယ်တာ။ အဲဒါပြီးကတဲ ကဆေးရုံတွေမှာ သွေးတွေမြင်ရင် မူးတဲ့ ဝေဒနာ စွဲသွားတာပါဘဲ။

    • hmee

      August 15, 2014 at 8:52 am

      အမ အ​ဖေတုန်​းက​တော့ ရင်​ထဲပူတာ တမျိုးပဲ ။ အားကိုးရာကြီး ြပြိပြီးလားဆိုြပြီး ဝ်​မ်​းနည်​းအားငယ်​တာ။

  • TNA

    August 14, 2014 at 4:37 pm

    ရင်ထဲကိုဆို့သွားတာပဲ။ ဖတ်ရင်းမျက်ရည်တောင်လည်လာမိတယ်။ မီးတကာ့မီးထဲ အအေးမြဆုံးနဲ့ အပူပြင်းဆုံးမီးပါပဲ။

    • hmee

      August 15, 2014 at 8:53 am

      မသဲ​ရေ သား​လေးရှိ​တော့ ခံစားချက်​တူသွားမယ်​​နော်​။

      • မွသဲ ( 17082011 )

        August 16, 2014 at 11:48 am

        သားလေးတီဘီဖြစ်တယ်ကြားတုန်ူက မမှီထက်မပိုတောင်မလျှော့တဲ့ အပူမီးတွေနဲ့ သောကတွေတောက်လောင်ခဲ့ဖူးပါတယ်။ ထပ်တူခံစားဖတ်သွားမိပါတယ်

        • hmee

          August 16, 2014 at 2:08 pm

          သမီး​လေးလည်​း အခုတီဘီ​ဆေးတိုက်​​နေရတယ်​။ ၉လ။ မပြည်​့​သေးဘူး။ ဇွန်​းမြင်​တိုင်​း ပခုံး​လေးတွန်​့တာ​လေးကိုမြင်​တိုင်​း စိတ်​မ​ကောင်​းဘူး။

  • ခင် ခ

    August 14, 2014 at 5:40 pm

    ရင်မောဖွယ်မီးဆိုပေမယ့် ထိုမီးလေးငြိမ်းသွားမှာ မီးစလေးလွင့်စင်မှာကိုတော့ မလိုလားသလို စိုးရိမ်နေရှာမယ်လို့ ခံစားမိပါတယ်

    • hmee

      August 15, 2014 at 8:56 am

      မှန်​တာ​ပေါ့ ကိုခင်​ခ​ရေ ။ အဲ့မီး​လေး ဆက်​လက်​​တောက်​​နေဖို့ လူအား၊ ​ငွေအား​လေးနဲ့ ဆက်​​နေရတာ။ အဲ့မီး​လေး ကျန်​းမာ​နေရင်​​တော့ သူ့အပြုံး​လေးက​​တွေက ရင်​ကို ​အေးမြ​စေပြန်​​ရော။

  • မြစာကလေး (23122011)

    August 14, 2014 at 10:34 pm

    မှီ – ကိုယ်ချင်းစာစွာနဲ့ ဖတ်ခဲ့ပါတယ်။
    အမေတစ်ယောက် ရဲ့ ခံစားချက် ကို ပေါ်အောင် ရေးနိုင်ပါပေတယ်။
    အခုရော သမီးလေး သက်သာပြီလား။
    ထပ်ဖြစ်သေးလား။
    အသိတစ်ယောက် ကလေး ကတော့ ငယ်တုန်း ရင်ကြပ်ပေမဲ့ အသက်လေး ကြီးလာတော့ သူ့ဟာသူ ရောဂါ ပျောက်သွားပါတယ်။
    လောလောဆယ် တော့ အစားအစာ တွေ ကို သတိလေး နဲ့ စားခိုင်းပေါ့။
    ကောင်းသွားမှာပါလေ။

    မြန်မာပြည် မှာ ကလေး မွေးပြီးတော့ တကဲ့ နာမည်ကြီး ကလေးဆရာဝန်မကြီး နဲ့ ကို အပ်ပါတယ်။
    ခင်လဲခင်ပါတယ်။
    ကလေး ရဲ့ ချက် က မကြွေ တော့ အင်မတန် ဈေးကြီး လှတဲ့ ရင်းဂလိပ် ဆေး တွေ ဝယ် သုံး ခိုင်းလို့ ဝယ်ပြီး သုံးတယ်။
    ပိုပိုဆိုးလာလို့ တစ်ခြားခင်တဲ့ ရိုးရိုးကု ဆရာဝန် ကို သွားပြတော့ ကလေးချက် ကို အပ်ချည်ကြိုး လိုဟာလေး ချည် ပေးလိုက်တာ သိပ်မကြာဘူး။
    ကောင်းသွားရော။
    ဘာမှတောင် ဆေးဘိုး မကုန်လိုက်ဘူး။

    တစ်ချို့ က ဆရာဝန်ပေမဲ့ ပိုက်ဆံ ကို လူနာထက် ပိုပြီး ဂရုစိုက်တယ်၊
    တစ်ချို့ကလဲ ဆရာဝန်စိတ်ရှိပြီး စေတနာအပြည့် နဲ့ ကု တော့ လူနာတွေ က သူနဲ့ဆို ဆေးတိုး ပြီး ပျောက်တယ် လို့ ကို မှတ်ထားခံ ရတဲ့ ဆရာဝန်တွေလဲ ရှိပါတယ်။
    အဲဒီ ဝီတိုရိရ ကတော့ တော်တော်လေးနာမည်ကောင်း ရတယ် ထင်ရဲ့။

    ဒါထက်
    အဖြူရောင်မီး လေး တွေ က တစ်နေ့ အကျိုးရှိ စွမ်းအား အဖြစ်ပြောင်းသွားမှာပါ မှီ ရယ်။

  • hmee

    August 15, 2014 at 9:00 am

    ဟတ်​ကဲ့ပါ အရီး သမီး​လေးက အခု​တော့ သက်​သာပါတယ်​။ တလတခါ​တော့ ပုံမှန်​လိုပဲ။ အစားကိုလည်​း သတိထားရ။ ရာသီဥတုလည်​း သတိထားရပဲ။ နှာ​စေးလာြပြီဆို ရင်​ထိတ်​​နေရြပြီ။ 🙂 သမီး ဆရာမကြီးက​တော့ အ​တော်​​ကောင်​းတယ်​။ အိမ်​မှာ တခုခုဖြသ်​ပြီဆို သူ့ဆီသာသွား ချက်​ချင်​းသက်​သာတယ်​။ စိတ်​လည်​း အ​တော်​ရှည်​တယ်​။ 🙂

  • thit min

    August 15, 2014 at 9:27 am

    မမှီရေ..မင်္ဂလာပါ
    ရင်ကြပ်တတ်တဲ့သူတွေနဲ့နေဘူးတော့ ဘယ်လောက်ဆိုးမှန်း..
    ဘေးလူဘယ်လိုပူရကြောင်း ကိုယ်တွေ့ ကိုယ်တွေ့သိနေတော့.
    မမှီရဲ့အပူကိုခံစားပေးလို့ရပါတယ်..။
    ဖြစ်မှရှုရတဲ့ventolin ရှိသလို ကြိုတင်ကာကွယ်မှုအတွက် seroflo (ciplaကထုတ်တဲ့)ဆိုတာရှိပါတယ်..။သိပြီးသားလဲဖြစ်မှာပါ..။
    ၁၂၅ မီလီ ၂၅ဝ မီလီ ရှိတယ်..၁၂၅လေါက်ဆိုရင်ဘဲအတော်အိုကေပါတယ်..။
    (ဆရာ.)ကျော်သက်ခိုင်(ဆေးတက္ကသိုလ်)ရဲ့ ပန်းနာရင်ကြပ်ရောဂါ..ဆိုတဲ့စာအုပ်လေးမရှီိသေးရင်ဝယ်ထားပါ..။
    တော်တော်စုံစုံရေးထားပါတယ်။

    တချိန်ကြရင်..
    ရောဂါတွေကင်းပြီးထွန်းပေါက်အောင်မြင်တဲ့ သားသားမီးမီးတွေအတွက်
    ဂုဏ်ယူရအုံးမယ့် မေမေ ဖေဖေကြီးတွေဖြစ်လာအုံးမှာမို့..အဲဒီအခါကြရင်လဲ..
    ရင်မှာပွင့်လန်းချစ်ပန်းရနံ့သင်းအေးမြခြင်း..တွေလဲရကြအုံးမှာပါလို့..။
    ခင်မင်မှုဖြင့်…
    သစ်မင်း

    • hmee

      August 15, 2014 at 1:18 pm

      ဆေးစာအုပ်တွေတော့ ကလေးနဲ့ ပတ်သက်တာဆို )ယ်တာပဲ။ ဒါပေမဲ့ ကိုသစ်မင်းပြောတဲ့ စာအုပ်တော့ မရှိသေးဘူး။ ရှာလိုက်ဦးမယ်။

  • weiwei

    August 15, 2014 at 9:33 am

    မှန်တာပြောရရင် အဲဒီလို အပူမျိုးကို တကယ်ကို ကြောက်လို့ အပူကို ကိုယ်တိုင်မွှေးပြီး မယူခဲ့တာ ..
    ဒါပေမယ့် အပူကတော့ အဟပ်ခံနေရတာပါပဲ … တူ တူမ လေးတွေရှိနေတော့ သူတို့အပူလဲ ခံရတာပဲ .. ဒါပေမယ့် ကိုယ်ပိုင်အပူနဲ့စာရင်တော့ သက်သာပါတယ် ..

    • hmee

      August 15, 2014 at 1:20 pm

      မဝေရေ အိမ်က အပျိုကြီးတွေလည်း ကျွန်မတို့ အပူတွေ အဟပ်ခံရရျာတယ်လေ။ တနွယ်ငင် တစင်ပါပေါ့။ 😀

  • manawphyulay

    August 15, 2014 at 9:58 am

    မီးတကာမီးထဲမှာ ဒီမီးက အပူလောင်ဆုံးပေမယ့် ရင်ထဲအေးမြတဲ့ ပူလောင်မှုပါရှင်။ သားသမီးဆိုတာ မိဘတိုင်းရဲ့ ရင်ထဲမှာတော့ ဒီလိုအပူမျိုး ဘယ်လောက်ပူပူ အမြဲလက်ခံနေမိတယ်ဆိုတာ ယုံကြည်နေပါတယ်ရှင်။

    • hmee

      August 15, 2014 at 1:22 pm

      မနောရေ ကိုယ်လိုချင်လို့ လက်ခံထားတဲ့ အပူလေးတွေလေ။

  • kai

    August 15, 2014 at 10:10 am

    မီးထဲ.. အဝါ..အပြာ..အဖြူရယ်လို့ရှိတာ.. အဖြူကအပူဆုံးပဲ…။
    .. ပူပလေ့စေ..လောင်ချင်လောင်…ပေါ့..
    အပူတွေက.. မီးရဲ့အပြုံးတချက်နဲ့တင်အကုန်ပျောက်..။
    စမ်းစိမ့်ရေတွေရောက်…။ :k:

    သားတို့ရုပ်ရည်၊ သီတာမည်သား
    ရေကြည်ချမ်းမြ၊ တစ်ပေါက်ကျက
    မိဘတို့ဝမ်း၊ ငြိမ်းစတမ်း..။ ။

    စကားအတင်းစပ်.. မှီမမရေ..
    အစ္စရေးမြို့တွေခမြာလည်း.. မိုးပေါ်ကကျလာမယ့် ဟာမားစ်ဗုံးတွေရန်ကြောင့်.. ဂျူးတွေစိတ်တွေထဲအပူမီးတွေဘယ်လောက်တောက်ကြမယ်မသိ…။
    ဟိုမှာဖက်.. ဂါဇာသူားတွေလည်း.. ဆေးရုံမရှောင်ကျလာတဲ့..လက်နက်ကြီးဒဏ်တွေနဲ့.. နေကောင်းခြင်းမနေရ…။

    အဲဒါတွေကတာ့.. နှစ်ထောင်သောင်းချီလည်း.. မငြိမ်းနိုင်တဲ့မီးပေါ့…။
    အပြုံးလည်းမရှိ.. အဆုံးလည်းမသိ..

    • hmee

      August 15, 2014 at 1:27 pm

      တရက်က CCTV သတင်းမှာ ကြည့်ရတယ်။ ကာမဲလ်ဈေးကြီးလည်း ဆိုင်တွေပိတ်လို့။ လူတွေ အရမ်းစည်တဲ့နေရာမှာ လူမရှိဘူး။ စိတ်မကောင်းစရာပဲ။

  • Nyo Win

    August 15, 2014 at 11:32 am

    ရင်မောမောနဲ ့ဖတ်သွားပါတယ် မမှီရေ…
    ကျနော် ကြုံရတာကတော့ အဖေပါ.. ညသန်းခေါင်လောက် အမောဖေါက်တာနဲ ့
    အောက်စီဂျင် ငှားပြီးတပ်ပေးရာကပိုဆိုးလာတာနဲ ့ဆေးရုံကြီးအရေးပေါ်ပို ့တော့
    အောက်စီဂျင်ပေးတာများသွားပြီးအဆုတ်လေပြွန်ပေါက်တာတဲ ့
    အဖေများခေါင်းတခါခါနဲ ့သူ ့ကိုယ်သူအဆုံးတွက်ထားပုံရတယ်..
    ဆေးထိုးဆေးသောက် သေလောက်အောင်ကြောက်တဲ့အဖေ…
    နံရိုးမှာ သုံးကြိမ်မြောက်အပေါက်ဖောက်ခံရတယ်..
    နောက်ပိုင်းမဖြစ်ချေဘူးဆိုပြီး ဆရာဝန်ကြီးရဲ ့ပုဂ္ဂလိကဆေးခန်းပြမှပဲ
    ငွေကုန် လူလည်းသက်သာသွားတော့တယ်..
    ဒါတောင် ဆရာဝန်ကြီးအလာကို သုံး လေး နာရီလောက်စောင့်ရတာ
    သေနိုင်တဲ့လူနာဆို သေတာကြာပေါ့။

    • hmee

      August 15, 2014 at 1:31 pm

      ဟုတ်ပါတယ် ဖြစ်ပြီဆို အပြင်ဆေးရုံက ငွေကုန်ပေမဲ့ ဆရာဝန်ကြီးနဲ့ တိုက်ရိုက်ကုရတော့ ပိုအဆင်ပြေပါတယ်။ ကျွန်မကတော့ အပြင်ဆေးရုံသွားပြဖြစ်တာများတယ်။

  • ရွှေတိုက်စိုး

    August 15, 2014 at 11:39 am

    အေးဗျာ မမှီရေ ကိုယ်ချင်းစားပါတယ်ဗျာ… ဘယ်လောက် စိတ်သောကရောက်လိုက်မလဲ… ကိုယ်က သားသမီးဇောနဲ.လေ…
    ကျွန်တော့်သမီးလေး…. ငိုနေရင်တောင် စကားမပြောတတ်သေးတော့ ဘာများဖြစ်လိမ့်မလဲလို. ဟိုဆေး ရှာဒီဆေးရှာ… ဟို လက္ခဏာက ဘာဖြစ်တတ်တယ် ဒီလက္ခဏာက ဘာကြောင့်… စာအုပ်တွေမှာ လိုက်ရှာ ညမအိပ်ပဲ ကလေးချော့ ခြေမကိုင်မိလက်မကိုင်မိနဲ. …. ဒါတောင် ဘာမှ မဟုတ်တဲ့ ကိစ္စလေးနော်….. မမှီလိုကြုံရရင်တော့ အဖြူရောင်မီးတောက်က လောင်လိုက်မယ့်ဖြစ်ချင်း…….

    • hmee

      August 15, 2014 at 1:11 pm

      စာအုပ်ဆိုတာတော့ မပြောနဲ့တော့ ဝယ်လိုက်ဖတ်လိုက်ရတာ။ တခါတခါ စဉ်းစားမိတယ်။ ဆရာဝန်မဟုတ်ပဲ ဆေးကုစားမလားလို့။ 😀 စကားပြောတတ်ရင် တော်သေးတယ် မပြောတတ်တဲ့ ကလေးက ပိုဆိုး ဘာလုပ်ရမှန်းကို မသိတာ။

  • 2008ခုနှစ် ဇွန်လ ကုန်ဘားအံဆေးရုံကြီးမှာ မီးဖွားပြီးစ မအေနဲ့ မနက်ဘက်ကျောင်းပြေးတက်ရတဲ့ဖအေ အသားဝါတယ်ဆိုတဲ့သမီးလေးကို ညလုံးပေါက် ဓတ်စောင့်ကင်ခဲ့ရ
    နောက်တစ်ယောက်ကျတော့ ကျင့်သားရပြီး သားဦးလောက် မခြောက်ခြားမိတော့ဘူး
    တည်တည်ငြိမ်ငြိမ် လုပ်တတ်လာတယ်။

    • hmee

      August 15, 2014 at 1:14 pm

      ဟုတ်တယ်။ အတွေ့အကြုံတော့ ရှိလာပေမဲ့ ပူတော့ ပူရသေးတာပါပဲ။

  • မဟာရာဇာ အံစာတုံး

    August 15, 2014 at 11:56 am

    အဖြူရောင် မီးတဲ့ …
    ကျေကျေနပ်နပ် လောင်မြိုက်ခံတဲ့ မီးတစ်မျိုးပေါ့ ….
    အေးမြ ငြိမ်းအေးတတ်တဲ့ ရေထဲမှာ
    တစ်ခါတစ်ခါ လောင်မြိုက်လာတတ်တဲ့ မီးပေါ့ ခင်ဗျာ …

    ဒီပို့စ်ကို ညကတည်းက ဖတ်ဖြစ်ခဲ့တာ …
    တကယ်ကောင်းတဲ့ စာပါပဲ အမရေ …

    • hmee

      August 15, 2014 at 1:08 pm

      အဲ့ အဖြူရောင်မီးကို ပျိုးဖို့ ကြံနေတယ်လို့ သတင်းရထားပါတယ် အံ့စာရေ။

  • အလင်းဆက်(24/05/2011)

    August 15, 2014 at 1:34 pm

    ဖတ်ရင်းနဲ ့…မောသွားတယ်ပဲ…ပြောရမှာပဲ…
    အဖြူရောင်မီးတောက်ကလေးရဲ ့..အပူငွေ ့လေး..အဟပ်ခံရတယ်..ဆိုရမယ်..

    အန်တီမှီ…
    မိဘမေတ္တာကို ထင်ဟပ်ပြတဲ ့..အတွေးလေးတွေ… တအားအရေးကောင်းတယ်ဗျာ.. ။

  • hmee

    August 15, 2014 at 1:40 pm

    ​ကျေး​ကျေးပါ ဆက်​ဆက်​​ရေ။

  • Ma Ei

    August 15, 2014 at 2:15 pm

    စာဖတ်နေရင်း မှီတို့ သားအမိတွေကို ကိုယ်တိုင်မြင်နေရသလိုပါဘဲ…
    ကိုယ်လဲ သမီးတစ်ယောက်မိခင်မို့
    မှီပြောတဲ့ အဖြူရောင်မီးဆိုတဲ့ အပူလေးတွေ ခံစားဖူးသူမို့
    အဲ့ဒီလို အချိန်မျိုးတွေ မကြုံချင်ဘူး…
    ရင်နင့်အောင်ခံစားရပါတယ်…

    • hmee

      August 15, 2014 at 3:39 pm

      ဟုတ်​တယ်​မအိ​ရေ အ​တော်​ကိုပူတာ။

  • Paing Lay

    August 15, 2014 at 3:34 pm

    မင်္ဂလာပါ မမှီရေ။ အမရဲ့ ပို့စ်ကို ဖတ်လိုက်ရမှ မနှစ်က ကျွန်တော်တို့ ရပ်ကွက်ထဲမှာ သွေးလွန်တုပ်ကွေးနဲ့ ကွယ်လွန်သွားရှာတဲ့ ၁၃ နှစ်အရွယ် သမီးလေးကို ပြေးမြင်မိတယ်ဗျာ။ ပြီးတော့ မကြာပြန်ပြီး လွန်ခဲ့တဲ့ ၁လခွဲတုန်းကလည်း သူငယ်ချင်းတစ်ယောက်ရဲ့ သမီးလေးဆိုရင် ၈လသမီးပဲရှိသေးတယ် အဆုတ်တစ်ခြမ်းခဲပြီး ကွယ်လွန်သွားရှာတယ်(တကယ်ရောဂါရှိတာက သမီးလေးရဲ့ အစ်ကိုပါ။ အစ်ကိုက မသေဘဲနဲ့ ညီမက သေသွားရရှာတယ်) 😥

  • hmee

    August 15, 2014 at 3:43 pm

    ပိုင်​​လေး​ရေ က​ေ​လေး​တွေ အ​ကြောင်​းကြားရင်​ ကိုယ်​ခြင်​းစာတယ်​။ ၁၃နှစ်​ဆိုတဲ့ အရွယ်​​ရောက်​ဖို့ အ​တော်​ကို ပြုစုခဲ့ရမှာ မိဘခြင်​း ကိုယ်​ခြင်​းစာတယ်​။

  • ဦးကြောင်ကြီး

    September 15, 2014 at 1:19 pm

    ဖြူ မီးတောက်
    လူဂျီးဟောက်
    သူအီးပေါက်
    ဘူရွှီးဗျောက်..

  • Novy

    September 17, 2014 at 12:01 pm

    မမှီရေ..

    မနိုရဲ့ သမီးလေးအတွက် အဖြူရောင်မီးတောက်ပြီး
    ကလေးဆေးရုံးမှာ သောင်းကျန်းဘူးခဲ့တာကိုပြေးသတိရမိတယ်

    အဖြူရောင်မီးတောက်ကလေးများနဲ့ ၈လိုင်းမှာဆုရတဲ့ အတွက်ဂုဏ်ယူပါတယ်နော်

  • hmee

    September 18, 2014 at 5:22 am

    ဦး​ကြောင်​က​တော့ ကဗျာစပ်​တာ အ​တော်​ ဝါသနာကြီးပုံပဲ။ မနိုဗွီ ​ရေ ​ကျေးဇူးပါ။ အခုလည်​း သမီး​လေး နှာ ​စေးလာရင်​ ရင်​တထိတ်​ထိတ်​နဲ့ ​စောင်​့ကြည်​့​နေရတယ်​။ ဘာများ ဖြစ်​ဦးမလဲလို့​လေ။ နှာ​စေးလာရင်​ ​နောက်​ဆက်​တွဲ ရင်​ကျပ်​လာတတ်​လို့​လေ။ အရိပ်​တကြည်​့ကြည်​့နဲ့ လန်​့​နေရတာ။ နှာ​စေး​ပျောက်​မှ သက်​ပျင်​းချရတယ်​။

Leave a Reply