ကျွန်ုပ်၏ အမှတ်တရ ကဗျာများ – ၉ (ဦးမင်းလူ ကောင်းမှုအား သာဓုခေါ်ခြင်း)
ကျွန်ုပ်၏ အမှတ်တရ ကဗျာများ – ၉
ဦးမင်းလူ ကောင်းမှုအား သာဓုခေါ်ခြင်း
“အချစ်စစ်ဆိုတာ တစ်သက်မှာ တစ်ခါပဲဖြစ်နိုင်တယ်ဆိုတာ မဟုတ်ဘူး။ ဆုံးရှုံးမှုများနဲ့ ချစ်ခြင်းအတွက်တော့ ပိုင်ရှင်အစစ် ပေါ်မလာမချင်း အချစ်အားလုံးဟာ စစ်နေသလို အသစ်အားလုံးဟာလဲ အချစ်တွေပဲ”။ ဒီစကားကို ဘယ်သူမှ ပြောခဲ့တာမဟုတ်။ တစ်ခါက မောင်ကာကြီး အရူးထပြီး ရေးထားမိတဲ့ စာ။ ဟုတ်ပါတယ်။ မောင်ကာကြီးလို အကြိမ်ကြိမ် အသဲကွဲခဲ့ဖူးတဲ့သူအတွက်တော့ အခါအခါလဲ အချစ်ဆိုတာ ဖြစ်ခဲ့ဖူးသပေါ့လေ။
အချစ်ဆိုမှ ပြောရဦးမယ်။ မောင်ကာကြီးထင်တယ်ဗျ။ ချစ်ခဲ့ရသမျှအချိန်တွေထဲမှာ တက္ကသိုလ်တက်တုန်းက အချိန်က တော်တော် ပျော်စရာကောင်းတာ။ အသက်ကလဲ ငယ်ငယ်ရွယ်ရွယ် နှလုံးသားကလဲ နုနုနယ်နယ်ဆိုတော့ ဗီးနပ်စ်ရဲ့ခုံရုံးကနေ ပုဒ်မ၁၅၀ဝနဲ့ တရားစွဲခံရတာလဲ ခဏခဏ။ မြားနတ်မောင်က လက်မတည့်တော့ ဖူးစာလွဲခဲ့တဲ့ လူပေါင်းကလဲမနည်း။ ကဲကဲ ဒါတွေထားဦးတော့။ ပြောချင်တာက ကဗျာတွေအကြောင်း။ ကဗျာတွေ ထဲကမှ ဆရာမင်းလူရဲ့ “ဦးမင်းလူ ကောင်းမှု”ကဗျာစုထဲက အချစ်ကဗျာတွေအကြောင်းပါ။ ဒီကဗျာလေးတွေဟာ မောင်ကာကြီး ကျောင်းသားဘဝတုန်းက ရင်ထဲဝင်ခဲ့ရတဲ့ ကဗျာတွေဆိုလဲ မမှားနိုင်ဘူးလေ။ မောင်ကာကြီးထင်ပါတယ်။ ဆရာမင်းလူရဲ့ ကျောင်းသားဘဝအချစ်ကဗျာတွေက မောင်ကာကြီးကိုသာမဟုတ်ပါဘူး ကျောင်းသားထုအားလုံးကိုပါ ကိုယ်စားပြုမှာပါ။
အခုတော့ ချစ်သူနဲ့တစ်ခါတွေလိုက် ဆရာမင်းလူရဲ့ ကဗျာတွေကို ဖတ်ပြီး ခံစားလိုက်နဲ့ သစ်ရွက်လှုပ်တာကို ရီခဲ့ရတဲ့ တက္ကသိုလ်တုန်းကအချိန်ကို မောင်ကာကြီး ပြန်သွားဦးမယ်ဗျို့။
ပြောရရင် မောင်ကာကြီး သူ့ကို စတွေ့ခဲ့ဖူးတာ အမှတ်တမဲ့ပါ။ အမှတ်တမဲ့မှ တစ်ကယ့်ကို အမှတ်တမဲ့။ လပတ် ကျူတိုရီရယ်တွေဖြေနေတဲ့အချိန်မှာ။ ဖြေရမယ့် စာတွေတစ်လုံးမှမရတဲ့အချိန် ဘယ်သူ့ဆီက ကူးချရကောင်းမလဲဆိုပြီး တောင်ကြည့် မြောက်ကြည့်နဲ့လုပ်နေရင်း သူ့ကိုစတွေ့ခဲ့တာလေ။ စတွေ့ကတည်းက သူ့ရဲ့ ထူးခြားတဲ့ဟန်၊ အသံကို သတိထားမိသွားတယ်။ ဒီလိုနဲ့ပဲ ဝဲဘက်ရင်အုံရဲ့ ထောင့်တနေရာမှာ အစိုင်အခဲလေး ဖြစ်ခဲ့တယ်လေ။
အချစ်ဆိုတာ နေရာဒေသမရွေး အချိန်အခါမရွေး လူတစ်ယောက်ရဲ့ နှလုံးသားတံခါးပေါက်ကို လာပြီး ခေါက်တတ်တဲ့အရာပါလား။ အာမခံသော့နဲ့ ခတ်ထားတဲ့ သံမဏိတံခါးကြီးပဲ ဖြစ်နေစေဦး ဒီအချစ်ဟာ အလွယ်တကူ ထိုးဖေါက် ဝင်ရောက်နိုင်စွမ်းရှိတာပဲလေ။ ကို့နှလုံးသားတံခါးပေါက်ကို လာပြီးခေါက်နေတာရော ဘယ်သူများလဲ။ ရွှေရောင် မွေးညင်းနုလေးတွေနဲ့ လက်ချောင်းသွယ်သွယ်တွေရဲ့ပိုင်ရှင်ဆိုတာတော့ ညင်သာတဲ့ တံခါးခေါက်သံကိုနားထောင်မိရုံနဲ့ နားလည်မိပါရဲ့။ ပန်းနုရောင် လက်သည်းလေးတွေ ပိုင်ရှင်ဟာ ဘယ်သူများပါလဲ။ ကို့နှလုံးသွေးကို အခုလို ဆူဝေလာစေတာ၊ ကို့ခြေလက်တွေကို အေးစက်သွားစေတာ၊ ကို့နှလုံးသားကို မောဟိုက်နွမ်းနယ်သွားစေနိုင်သူဟာ မင်းနဲ့ အမုန်း ပဲရှိတာလေ။ အခုတော့ အမုန်းဆိုတဲ့အရာက ခရီးနယ်လွန်နေတယ်လို့ ကြားမိလေရဲ့။ ဒါဆို… ကို့နှလုံးသားတံခါးကို လာခေါက်နေတာ… … …။ နှုတ်ဖြားက စကားတစ်ခွန်း ထွက်ကျလာတယ်။ “အချစ်လားဟေ့ ဝင်ခဲ့လေကွယ်”။
နောက်ပိုင်းမှာတော့ သူမနဲ့ မောင်ကာကြီး သူငယ်ချင်းတွေဖြစ်ခဲ့တယ်။ မဖြစ် ဖြစ်အောင်လဲ ကြိုးခဲ့တာကိုး။ အဲ့နောက်မှာတော့ သိကျတဲ့အတိုင်း နဂိုကတည်းက မရိုးသားမှုဓါတ်ခံကိန်းအောင်နေတဲ့ မောင်ကာကြီး Friend Zone ဆိုတာကြီးကို ပျော်ပျော်ကြီး ချိုးဖေါက်ခဲ့ပါပြီ။
အချစ်တစ်ခု ရင်ထဲမှာဖြစ်လာပြီဆိုတာနဲ့ နှလုံးသားဟာလဲ နူးညံ့သွားတတ်တာ သဘာဝပဲလေ။ ရင်ခုန်သံကိုလိုက်ပြီး ပေါ်ပေါက်လာတဲ့ ကဗျာတွေဟာလဲ တစ်ခါတစ်ခါမှာ ပန်းတစ်ပွင့်လို ပွင့်ချိန်တန်တော့ ပွင့်လာတာပေါ့။ ဝင်းမှဲ့နေတဲ့ သစ်သီးတစ်လုံးလိုပဲ ကဗျာတွေ နှလုံးသားက ကြွေကျသွားပြန်ရော။ကဗျာဟာ ချိန်ကိုက်ဗုံးတစ်ခုဆိုရင် ပေါက်ကွဲမှုကြောင့် လွင့်စင်လာတာက စကားလုံးလှလေးတွေပါ။ အခုတော့ ကို့ရဲ့နှလုံးသား စည်းချက်တွေကို ကဗျာအဖြစ်ဖန်တီးပြီး ကြေးနန်းတစ်ဆောင်အဖြစ် မင်းဆီကို ပို့လွှတ်လိုက်မယ်။ မင်းထံသို့ ရောက်ပါစေ။ ဪ… မင်းမခံစားတတ်ရင်တော့ ဒီကဗျာကို ကို့ဆီပြန်ပို့ပေးလိုက်ပါ။ မင်းနှလုံးသားနဲ့ “တိုက်ဆိုင်မှုမရှိလျှင်”ပေါ့။
မောင်ကာကြီးရဲ့ စာချွန်လွှာကို သူလက်ခံခဲ့ပါတယ်။ ဒီ့နောက်တော့ ဒန်တန့်တန်…။ အမိတက္ကသိုလ်ရဲ့ သီဟိုဠ်ဥယျာဉ်ကြီးဟာ မောင်ကာကြီးတို့အတွက် ကမာ္ဘငယ်လေး၊ ကံ့ကော်ပန်းဆိုတာ သူ့ကေသာရဲ့ အဆင်တန်ဆာ၊ ခရေပင်လမ်းဆိုတာကတော့ ချစ်သူနှစ်ဦးရဲ့ စကားတွေနဲ့ ပြည့်နှက်လို့ပေါ့။ ဒါပေမယ့်လေ မောင်ကာကြီးဆိုတဲ့ သကောင့်သားကလဲ ခက်သားလားဗျ။ ဘုဂလန့် အမျိုးအစားထဲမှာ မပါပေမယ့် လူ့ဂွစာ မဟုတ်တဟုတ်လေးဆိုတော့ အများတကာတွေ ဖွဲ့ဆို သီကြူးနေတဲ့ အချစ်တေးသွားတွေကို သံယောင်လိုက်ဖို့ အတော်ဝန်လေးခဲ့လေရဲ့။ စိတ်မပါဘူးထင်ရင် ဗိုက်နာနေတာတောင် အိမ်သာသွားမတတ် တတ်တဲ့ သူဆိုတော့ ချစ်သူသဘောကျ စကားတွေပြောမယ့်အစား ကိုထင်ရာပဲ ကိုပြောခဲ့မိလေရဲ့။
ချစ်စခင်စ ကြင်နာစမှာ ချစ်သူရဲ့ မျက်နှာဆိုတာ ငွေလမင်းကြီးလိုပေါ့။ သူသာလျှင်ဘဝ သူသာလျှင်အသက်ဆိုတဲ့ တင်စားမှုမျိုးကိုတော့ မသုံးချင်ဘူး။ ဒါတွေဟာ အချစ်ဝတ္ထုတွေထဲက စိတ်ကူးယဉ်လို့ကောင်းတဲ့ စကားလုံးတွေလေ။ လက်တွေ့မှ သိပ်မဆန်တာ။ ကိုကတော့ မင်းနဲ့ပတ်သက်လာရင် လက်တွေ့ကျကျ မှန်သောစကားကိုပဲဆိုချင်ရဲ့။ တစ်ကယ်ပါ။ ကိုဟာ မင်းကိုချစ်သလောက် အရမ်းလဲ ရိုသေတဲ့သူပါ။ ကို့မိဘက လွဲရင်ပေါ့။ လောကမှာ ကိုဂရုအစိုက်ရဆုံးအရာကို လက်ညှိုးထိုးပြပါဆို မင်းကို တစ်ခါတိတိ ထိုးပြမှာ။ ကျန်နဲ့နှစ်ခါကိုတော့ ကို့ကိုယ်ကျင့်တရားအတွက် ထားလိုက်မယ်လေ။ စိတ်အခန့်မသင့်တဲ့အချိန် မင်းမျက်နှာကွက်သွားမှာကို ကိုအကြောက်ဆုံးပဲ။ တစ်ကယ်ပါ။ မရှောင်သာတဲ့ သေခြင်းတရားကလွဲရင် မင်း စိတ်ဆိုးမှာကို အကြောက်ဆုံးပဲ။ မင်းပြောသမျှစကားတွေကိုလဲ ဘယ်တုန်းက ကိုမနာခံခဲ့လို့လဲ။ မင်းက ရေဆိုရင် တစ်ယှူးလေးပါတွဲပြီး ယူလာပေးမယ့်သူပါ။ တရားဥပဒေတမျှကို မင်းကို လေးစားခဲ့သူပေါ့။ ဪ…။ သစ္စာဆိုတာကတော့ မင်းအပေါ်မှာရှိလိုက်သမှ ရှိရှိနဲ့ကို နေသေးတာ။ နိုင်ငံနဲ့ လူမျိုးအပေါ်မှာ ထားရှိတဲ့ သစ္စာတရားလိုပဲ မင်းအပေါ်မှာ သစ္စာရှိတာ။ ဒါပေမယ့်လေ မင်းကိုဘယ်လောက်ထိ ချစ်လဲဆိုတာကိုတော့ ခဏခဏမမေးပါနဲ့လား။ ကိုပြန်ဖြေမဲ့အဖြေက ကိုယ့်ကိုကိုယ်ကလွဲရင် မင်းကိုအချစ်ဆုံးပါလို့ပြောမှာဆိုတော့ မင်းသဘောမကျမှာစိုးလို့ပါ။ ဒါကတော့ ကို့အကြောင့်ကို မင်းသိအောင် ကြိုတင်ပြီး “အစီရင်ခံပါသည်”။
မောင်ကာကြီးက သူ့ရဲ့ အရင်ဆုံးတော့ မဟုတ်ခဲ့ပါဘူး။ မှန်ရာကိုဆိုရရင် ဗီလိန်ရုပ်နဲ့ ကြာကူလီဝင်လုပ်ကာ လုယူထားခဲ့တဲ့ သူ့ရဲ့ အဦးဆုံး အချစ်စစ်ကို ရရှိလိုသူတော့ ဖြစ်ချင်ရဲ့။ ဒါပေမယ့်လေ သိပ်တော့မကြာလိုက်ပါဘူး။ မောင်ကာကြီး ဝဋ်လည်ခဲ့ပါတယ်။ သူ့ရဲ့ ချစ်စကားချိုချိုလေးတွေဟာ အခြားသူတစ်ယောက်ရဲ့ နားထဲကို စီးဆင်းသွားခဲ့ပါတယ်။
သစ္စာတရားနဲ့ ပတ်သတ်တဲ့ စကားတွေကို မင်းခဏခဏပြောခဲ့ဖူးတယ်နော်။ ကိုကတော့ မင်းသာ အချစ်ဦးဖြစ်သလို မင်းခဲ့လွဲပြီး ဘယ်သူ့ကိုမှ မချစ်တော့ဘူးလို့ အကြိမ်ကြိမ်လဲ ပြောခဲ့ဖူးပါတယ်။ အင်း…။ မင်းလဲ ပြောခဲ့ဖူးပါတယ်လေ။ ဒါမဲ့။ အကြောင်းရာတူ စကားလုံးနှစ်ခုမှာ ဆန့်ကျင်ဘက်ရည်ရွယ်ချက်တွေ ရှိနေလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ထားခဲ့မိဘူး။ ဘာတဲ့။ ကိုဟာ မင်းရဲ့ ပထမဆုံးနဲ့ နောက်ဆုံးချစ်သူတဲ့။ ဟုတ်လား။ ပထမဆုံးဆိုတော့ ကိုက မင်းရဲ့ အရင်ဆုံးချစ်သူပေါ့။ နောက်ဆုံးဆိုတဲ့ အဓိပ္ပါယ်က နောက်ထပ်မရှိနိုင်တော့တဲ့ သဘောပဲဖြစ်မှာပါ။ ဒီလိုပဲ ထင်ခဲ့မိတယ်။ ဒါပေမယ့် ကိုမှားသွားပြီ။ ကို အမှားကြီး မှားသွားခဲ့ပြီ။ မင်းအတွက် ပထမဆုံးဆိုတဲ့ ကို့ရဲ့ရှေ့မှာ နံပါတ်စဉ်တွေ ရှိခဲ့ဖူးတယ်နော်။ တစ်ရဲ့ရှေ့မှာ သုည ဒဿမ များစွာရှိနေတဲ့ သဘောမျိုးလား။ ရပါတယ် ကိုက အတိတ်ကို ပြန်လှမ်တတ်တဲ့သူမဟုတ်ပါဘူး။ သို့ပေမယ့် အနာဂါတ်နဲ့ သက်ဆိုင်တဲ့ ပစ္စုပ္ပန်မှာ… မင်းပြောခဲ့တဲ့ ကိုသာ နောက်ဆုံးချစ်သူပါဆိုတဲ့ စကားရဲ့နောက်ကွယ်မှာ နောက်ဆက်တွဲတွေများစွာရှိနေပါ့လား။ အခန်းဆက် ဝတ္ထုရှည်ကြီး တစ်ပုဒ်လိုပေါ့။ မင်းရဲ့ ချစ်တမ်းကစားတဲ့ဇာတ်လမ်းမှာ ကိုဟာ အခန်းစဉ်တစ်ခုရဲ့ ဇာတ်ဆောင်အဖြစ်နဲ့ ကပြ အသုံးတော်ခံခဲ့ရသူပါကွာ။ မင်းအတွက်တော့ “ပထမဆုံး၏ ရှေ့ နောက်ဆုံး၏ နောက်”တွေ ဘယ်အချိန်ထိရှိနေဦးမှာလဲကွယ်။
မောင်ကာကြီးကတော့ အံ့ဩတယ်။ သူခိုလှုံခွင့်ရခဲ့တဲ့ ရင်တွေကပဲ နွေးထွေးမှု မပေးနိုင်လို့လား။ ဒါမှမဟုတ် သူကိုယ်တိုင်ကပဲ ဘယ်ရင်ခွင် အနွေးထွေးဆုံးလဲ ဆိုတာကို ရှာဖွေလိုတာလားဆိုတာကို စဉ်းစားလို့မရခင်မှာပဲ သူဟာ ရင်ခွင်ပြောင်းလွယ်သူဆိုတဲ့ ဝိသေသကို ချိတ်ဆွဲခဲ့ပြီလေ။
ချစ်သူတစ်ယောက်ထားရထာဟာ ကြီးမားတဲ့ စွန့်စားခန်းကြီး တစ်ခုဖြစ်မယ်ဆိုရင် စွန့်စားခန်းအသစ်တွေ ခဏခဏရှာဖွေနေတဲ့ မင်းဟာ စွန့်စားရတာကို တော်တော်ဝါသနာထုံတာပဲ။ “ချစ်သူ၏ စွန့်စားခန်းများ”ကို ပြုံးပြီးတော့ပဲ ကြည့်နေလိုက်တော့မယ်။
အချစ်ဆိုတာ မောင်ကာကြီးအတွက်တော့ စီပီကြက်တစ်ကောင်းလိုပါပဲ။ အစာဝဝ စားနေရလို့ ကောင်းလှချည်ရဲ့ဆိုပြီး တွေးမိရုံရှိသေး အသတ်ခံလိုက်ရသလိုပေါ့။ ပွင့်မယ်မှ မကြံသေး အခူးခံလိုက်ရတဲ့ ရောင်းတန်းပန်း၊ ပန်းမယ်ကြံရုံရှိသေး နွမ်းရိသွားတဲ့ ပန်းလေးတစ်ပွင့်ရယ်ပါ။ ကြာလာတော့ ချစ်မိလို့ အသဲကွဲတာလား အသဲကွဲဖို့ချစ်မိတာလား ဆိုတာတောင် မသိတော့ဘူး။ အထင်တော့ အသည်းကွဲကဗျာကို ကြိုက်တတ်လို့ အသည်းကွဲကဗျာတွေပဲ ရေးချင်နေမိလို့ ဓါတ်သက်ပါသွားတာနေမှာပေါ့။
တော်ပါပြီလေ။ ပြီးခဲ့တာတွေ ပြန်မပြောတော့ပါဘူး။ ရေသွားနူးရင် နံရုံပဲရှိတော့မှာ။ ဒီအကြောင်းတွေကိုလဲ ပြန်မတွေးတော့ပါဘူး။ ကြာခဲ့ပါပြီ။ အခုပြန်တွေးခဲ့တာကလဲ ဆရာမင်းလူရဲ့ ကဗျာတွေကို ခံစားကြည့်ရုံပါ။ ဦးမင်းလူရဲ့ ကောင်းမှုကြောင့် လို့ပဲ ဆိုချင်ရဲ့။
ဆရာမင်းလူရဲ့ ကဗျာတွေအကြောင်းကို အစပ်အဆက်မရှိတဲ့ စကားလုံးတွေနဲ့ တောင်စဉ်ရေမရ ရေးပြမိသလို ဖြစ်သွားရင်တော့ ခွင့်လွှတ်ပေးပါဦး။ စကားပြေဆန်တဲ့ မော်ဒန်ကဗျာတွေအတွက် စကာပြေပြန်ရေးဖို့ဆိုတာ မောင်ကာကြီးရဲ့ တစ်မိုက် တစ်ထွာဉာဏ်လေးနဲ့ တော်တော်ကို အခက်အခဲရှိနေလို့ပါ။ ဒီတော့ ပြောနေကျအတိုင်းပဲ ခံစားရသမျှကို ခံစားမိတဲ့အတိုင်း ရေးသားဖေါ်ပြထားခြင်းဖြစ်တဲ့အတွက် အမှားအယွင်းများရှိခဲ့ပါက အပြစ်မမြင်ပဲ “အော်… ဒီသူငယ် သူဉာဏ်မှီသလောက် ရေးထားတာပါလား” လို့ အချစ်ဝင်ပါကျပါဦးလို့။ ။ လွန်တာရှိရင် ဝန္ဒာမိပါ။
အနုပညာသည် အနုပညာအတွက်သာ ဖြစ်သည်
Courage
—အချစ်လားဟေ့ ဝင်ခဲ့လေကွယ်—
သော့ခတ်ထားတဲ့
သံမဏိတံခါးကို
လာခေါက်တယ်။
သွယ်လျတဲ့လက်ချောင်းကလေးတွေရှိတဲ့
ပန်းနုရောင် လက်သည်းကလေးတွေရှိတဲ့
ရွှေဝါရောင် မွေးညင်းကလေးတွေရှိတဲ့
လက်ကလေးမှန်း
ဒီကလဲ သိလိုက်ပါရဲ့။
သွေးတွေကို ခဲသွားစေတဲ့
ဦးနှောက်တွေကို ဆူဝေလာစေတဲ့
ခြေဖျားလက်ဖျားတွေကို အအေးမိစေတဲ့
နှလုံးသားကို ချွေးစို့လာစေတဲ့သူဟာ
“မင်း”ရယ် “အမုန်း”ရယ်
နှစ်ယောက်ပဲရှိတယ်။
ခု…
“အမုန်း”ဟာ ခရီးလွန်နေတယ်ဆိုတော့
တံခါးကို လာခေါက်သူဟာ
မင်းပဲဖြစ်ရမယ်ဆိုတာ
ဒီကလဲသိလိုက်ပါရဲ့။
“အချစ်လားဟေ့ ဝင်ခဲ့လေကွယ်”
—တိုက်ဆိုင်မှုမရှိလျှင်—
ကဗျာဆိုတာ
တစ်ခါတစ်ခါ ပန်းတစ်ပွင့်
ပွင့်ချိန်တန်မှ ပွင့်လိမ့်မယ်။
ကဗျာဆိုတာ
တစ်ခါတစ်ခါ သစ်သီးတစ်လုံး
ကြွေချိန်တန်ရင် ကြွေမှာပဲ။
ကဗျာဆိုတာ
တစ်ခါတစ်ခါ ချိန်ကိုက်ဗုံးတစ်လုံး
အချိန်စေ့ရင် ကွဲတတ်တယ်။
ကဗျာဆိုတာ
တစ်ခါတစ်ခါ ကြေးနန်းတစ်ဆောင်
ကျွန်တော့နှလုံးသား သင်္ကေတတွေ
ခင်များထံ
အမြန်ပို့လိုက်တယ်။
မခံစားတတ်ရင်
ကျွန်တော့ရင်ခုန်သံတွေ
ပြန်ပို့ပေးလိုက်ပါ။
—အစီရင်ခံပါသည်—
ငါ့မိဘက လွဲရင်
မင်းကို အရိုသေဆုံးပါ။
ငါ့ကိုယ်ကျင့်တရားက လွဲရင်
မင်းကို ဂရုအစိုက်ဆုံးပါ။
သေခြင်းတရားကလွဲရင်
မင်းကို အကြောက်ဆုံးပါ။
တရားဥပဒေက လွဲရင်
မင်းကို အလေးစားဆုံးပါ။
နိုင်ငံတော်က လွဲရင်
မင်းကို သစ္စာအရှိဆုံးပါ။
ထို့အတူ…
ငါ့ကိုယ်ငါကလွဲရင်
မင်းကို အချစ်ဆုံးပါကွယ်။
—ပထမဆုံး၏ ရှေ့ နောက်ဆုံး၏ နောက်—
မောင်သာ
ပထမဆုံးနဲ့ နောက်ဆုံးချစ်သူပါတဲ့။
ပထမဆုံးဆိုတာ
အဦးဆုံးလို့ ထင်ခဲ့တယ်။
နောက်ဆုံးဆိုတာ
နိဂုံးလို့ ထင်ခဲ့တယ်။
ပထမဆုံးရဲ့ရှေ့မှာ
နိဒါန်းဆိုတာတွေ
နောက်ဆုံးရဲ့ နောက်မှာ
နောက်ဆက်တွဲဆိုတာတွေ
ရှိပါသေးလားဆိုတာ
ခုမှသိရပါတော့တယ်။
—ချစ်သူ၏ စွန့်စားခန်းများ—
ချစ်သူတစ်ယောက် ထားရတာ
စွန့်စားခန်းတစ်ရပ်ပါပဲ… တဲ့။
ခဏခဏ စွန့်စားနေသူလေးရယ်
စွန့်စားတာကိုမှ ဝါသနာထုံရော့သလားကွယ်။
မင်းလူ
10 comments
naywoon ni
March 29, 2015 at 11:56 am
ဟားးး အချစ်လားဟေ့ ဝင်ခဲ့လေကွယ် ” အဲ့စာအုပ်လေး တွေ့ဖူးတာက ဆယ်နှစ်သားလောက် ။ ရွှေခေါင်းပြောင် စာအုပ်လောက် စိတ်မဝင်စား ။ နောက်ခြောက်နှစ် ခုနှစ်လောက်ရှိမှ အသည်းအသန် လိုက်ရှာ ။ ရှာတွေ့မဲ့တွေ့တော့ ရာဇာတ် ခန်းမ မန်း တက္ကသိုလ် စာကြည့်တိုက်မှာ ။ စာအုပ်စာရင်းသာရှိ ။ စောင့်ရတာ တစ်လလောက်ရှိမှ ငှားခွင့် ရ ။ ဘယ် ကင်တင်း ထိုင်ထိုင် ဒီစာအုပ်လေးနဲ့ နောက်ပြန်တောင် မအပ်ချင်ဘူး ။ စာမေးပွဲ ဖြေခါနီး ခုံနံပါတ်ထုတ်မပေးလို့ နှမြေတသစွာ ပြန်အပ်လိုက် ။ ဖြစ်ပုံများပြောပါတယ် ။
Courage
March 31, 2015 at 7:43 pm
အခုတောင် PDF ပဲရှာလို့ရတယ်ဗျ။
ဝယ်လို့ရမယ်ဆို ပြန်ရှာကြည့်ချင်သေးတယ် အဘနီရ
uncle gyi
March 29, 2015 at 10:24 pm
ခံစားတတ်သူများတော့လည်းခံစားလိုက်ကြတာ
ကောင်းပါပေရဲ့
Courage
March 31, 2015 at 7:44 pm
ကျေးဇူးပါ အန်ကယ်ကြီး
Alinsett@Maung Thura
March 30, 2015 at 2:38 pm
ကဗျာကို ကာရန်တွေ နဘေတွေနဲ့ မရေးပဲ… စကားပြေဆန်ဆန်ရေးထားတာနဲ့
.မော်ဒန်ကဗျာပဲလို့ သတ်မှတ်တတ်ကြတာလည်း ကြုံဖူးတယ်.. ။
.အမှန်တော့ စကားပြေဆန်တိုင်း မော်ဒန်ကဗျာ မဟုတ်ပါဘူး ။
.ပိုစ့်မော်ဒန်ကဗျာတွေဆိုရင် ပိုလို့တောင် စကားပြေမဆန်တော့ပါဘူး။
စကားပြေ ဆန်အောင် လုပ်ရေးမှာလည်း မဟုတ်သလို …စကားပြေမဆန်အောင်လည်း လုပ်ရေးမှာ မဟုတ်တဲ့ အစီးအမျောနဲ့ မော်ဒန် ကဗျာတွေ ရွေ့လျောနေကြပါတယ် ။
စဉ်ဆက်မပြတ် စီးဆင်းနေပါတယ်။
.ပိုစ့်မော်ဒန်အယူအဆတွေထဲက တစ်ခု ဖြစ်တဲ့ ပိုင်းစစိတ်မွှာခြင်းအရ….
စကားပြေတင်မက…. ကဗျာဖန်တီးမှုမှာ မဖြစ်မနေ သုံးကို သုံးရပါ့မယ်ဆိုတဲ့ ဘာသာစကား အသုံးအနှုံး (တွန့်တိကောက်ကွေး အက္ခရာတွေပါ)…အစိတ်စိတ်အမွှာမွှာ ကွဲထွက် ပြန့်ကျဲ…
အဲဒီလိုနဲ့ …. မော်ဒန် / ပိုစ့်မော်ဒန် လူငယ်တွေ ကဗျာ ခရီးရှည်ကို တနံတလျားထွက်နေကြပါတယ်… ။
.ပြောချင်တဲ့ အချုပ်ကတော့ …
စကားပြေဆန်တယ်ဆိုတိုင်း..မော်ဒန်ကဗျာမဟုတ်ပါဘူးလို့.. ။
😆
————–
.ကြုံတုန်း ပြောခဲ့ပါဦးမယ်..
ကျနော်လည်း အချစ်စစ်ကို အခုမှ တွေ့တာဆိုပြီး…အချစ်စစ်နဲ့ ခဏခဏ တွေ့ဖြစ်တတ်တဲ့ လူစားဖြစ်နေပြီလို့…
အချစ်စစ်လား…
မကြာခဏ ဝင်လာနေကျပဲ…
လာလေ…
:k:
————————–
အထဲသို့ ဝင်လော့ …
အပြင်၌ အဘယ်ကြောင့် ရပ်နေသနည်း…
:kwi:
Courage
March 31, 2015 at 7:45 pm
ဟုတ်ကဲ့ ကဗျာသဘောတရားလေးတွေ ရှင်းပြပေးလို့ကျေးဇူးပါ။
ကျွန်တော်က စာသာရေးချင်တာ အဲ့လိုတွေကျ သိပ်နားမလယ်ဘူးရယ်
Mike
March 31, 2015 at 9:16 am
.—ချစ်သူ၏ စွန့်စားခန်းများ—
.ချစ်သူတစ်ယောက် ထားရတာ
.စွန့်စားခန်းတစ်ရပ်ပါပဲ… တဲ့။
.ခဏခဏ စွန့်စားနေသူလေးရယ်
.စွန့်စားတာကိုမှ ဝါသနာထုံရော့သလားကွယ်။
.မင်းလူ
.အာ့လေးကြိုက်သဗျာ :k:
Courage
March 31, 2015 at 7:46 pm
ဦးမိုက်ရော စွန့်စားသူလေး တွေ့ခဲ့ဖူးလားဗျ။ (တိုးတိုးမေးတောနော်)
ခင်ဇော်
March 31, 2015 at 2:41 pm
အယ်။
ကဗျာထက် ကိုယ့်တွေ့ ပြောပြတာလေးက ပိုကောင်းနေသလားလို့ ပါကာကာ
:k:
Courage
March 31, 2015 at 7:49 pm
အဟဲ ဲ ဲ ဲ ကဗျာအတွက် ဇာတ်လမ်းဖြစ်သွားတာပါ။