ကျွန်ုပ်၏ အမှတ်တရ ကဗျာများ – ၁၁ (ပိတောက်ရယ် တန်ခူးရယ် သင်္ကြန်ရယ်)

CourageApril 13, 20151min39113

ကျွန်ုပ်၏ အမှတ်တရ ကဗျာများ – ၁၁
ပိတောက်ရယ် တန်ခူးရယ် သင်္ကြန်ရယ်

“ပတ်ဗေပုံ တူပို တူပို တူ၊ ပတ်ဗေပုံ တူပို တူပို တူ”။
ဒီအချိန်ရောက်လာလို့ ဒီအသံလေးတွေ ကြားလိုက်ရရဖြင့် လူတွေစိတ်ထဲ ဘယ်လိုကြီးမှန်းမသိ။ ပုရွက်ဆိတ်ပဲကိုက်သလိုလို၊ ကောက်ကာငင်ကာပဲ ဝဲစွဲသွားသလိုလို ယားကျိယားကျိ ကလိကလိနဲ့ နေမထိထိုင်မသာဖြစ်နေကျ။ ထင်ပါတယ်။ မြန်မာတူရိယာထဲက ဗုံသံစဉ်တွေထဲမှာ ဒိုးဆိုတာ အလွန်မြူးတဲ့ သံစဉ်။ အဲ… အဲ့ဒီ့ ဒိုးတကာ့ ဒိုးထဲမှာလဲ သင်္ကြန်ဒိုးနဲ့ နတ်ဒိုးဆိုတာက လူတွေရဲ့စိတ်ကို မရိုးမရွနဲ့ ထကြွ ပျော်ရွှင်ချင်စိတ်တွေ အဖြစ်စေနိုင်ဆုံးပေါ့။ ဪ… ဘာလိုလိုနဲ့ သင်္ကြန်ဒိုးတွေ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ အတာကြူးတဲ့ တန်ခူးလကိုတောင် ရောက်လာပြန်ပြီပဲ။
သင်္ကြန်ဆိုတဲ့ အသံကိုကြားလိုက်တာနဲ့ ကိုယ်တိုင် ပါဝင်ဆင်နွဲရသည်ဖြစ်စေ၊ မနွဲရသည်ဖြစ်စေ စိတ်ထဲမှာ အလိုလို ပျော်လာစေတယ်ဆိုတာကတော့ မောင်ကာကြီးကိုယ်တွေ့ပါ။ အခုဆို ပိတောက်ဆိုတာဘယ်မှာ ရှာရမှန်းမသိ၊ သင်္ကြန်ရေဆိုတာ ဘယ်နားရှိမှန်းမသိတဲ့ ဝေးတစ်မြေကို ရောက်နေပေမယ့် ဒီသင်္ကြန်ရဲ့ အငွေ့အသက်တွေ မောင်ကာကြီးကို ခြုံလွှမ်းထားလေရဲ့။ တစ်ကယ်တော့ သင်္ကြန်ဆိုတာကလဲ ရေကစားရုံ အပျော်သက်သက် ပွဲတော်မှမဟုတ်ဘဲ။ တစ်နှစ်ကုန်လို့ တစ်နှစ်ကိုကူးမယ့် ခါသမရ၊ တစ်နှစ်မှာ တစ်ခါတည်း၊ တစ်ခိုင်မှာ တစ်ကြိမ်ပဲ ပွင့်လေတဲ့ ပန်းပိတောက်တို့ ခြုံလွှမ်းလေတဲ့ ကာလပဲ မဟုတ်လား။ သင်္ကြန်ဟာ မြန်မာတို့ရဲ့ နှစ်ဦးတန်ခူးကို ကြိုဆိုတဲ့အချိန်ပဲမဟုတ်ပေလားဗျာ။
အစကတော့ ဒီတစ်ပတ်အတွက် အခြား ကဗျာတစ်ပုဒ်အကြောင်းကိုရေးဦးမလို့ပါပဲ။ သို့ပေမယ့် စောစောကပြောခဲ့သလို “ပတ်ဗေပုံ တူပို တူပို တူ”ဆိုတဲ့ ဒိုးသံရဲ့ လွှမ်းမိုးမှုနဲ့ အခြားအကြောင်းအရာတွေကို အာရုံစိုက်လို့ကမရ၊ ပိတောက်မှ ပိတောက်၊ သင်္ကြန်မှ သင်္ကြန်၊ တန်ခူးမှ တန်ခူး ဖြစ်နေလေတော့ မထူးတော့ပါဘူးဆိုပြီး ပိတောက်ရယ် တန်ခူးရယ် သင်္ကြန်ရယ်နဲ့ ဆိုင်တဲ့ ကဗျာတွေ အကြောင်းပဲရေးတော့မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။
တစ်ကယ်တန်းပြောရရင် ဒီခေါင်းစဉ်အောက်မှာ မောင်ကာကြီး အရမ်းကို ရေးချင်ခဲ့တာက ဆရာဇော်ဂျီရဲ့ “ပိတောက်ပန်း” ကဗျာ အကြောင်းပါ။ သို့ပေမယ့် ဒီပိတောက်ပန်းကဗျာကို တော်တော်များများကလဲ ရင်းနှီးပြီးသားဖြစ်သလို စကားပြေပြန်ပြီး ရေးတာထက် သူ့အတိုင်းလေးပဲ ခံစားတာက ပိုကောင်းမယ်ထင်ပြီး အခြား တန်ခူးလနဲ့ သက်ဆိုင်တဲ့ ကဗျာတွေကိုပဲ ရေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဟုတ်တယ်လေ။ တော်ကြာ ပိတောက်ပန်းကဗျာအတွက် မောင်ကာကြီးရေးတဲ့ စကားပြေက ခံစားသူများရဲ့ အတွေးကိုမမှီရင် “သူလဲလေ လောကီသားလိုပါ့၊ ကြွားချင်လှ ပေလိမ့်မယ်”လို့ အထင်ခံနေရဦးမယ်။
ကဲ… တန်ခူးလ ရာသီဘွဲ့တွေတဲ့။ တန်ခူးလ ရာသီဘွဲ့ကဗျာတွေကို မြန်မာကဗျာစာပေရဲ့ အရုဏ်တက်ချိန်လို့ ဆိုရမယ့် အင်းဝခေတ်ကနေစပြီး အများအပြား တွေ့ရမှာပါ။ ဒီထဲမှာမှ မောင်ကာကြီး ခံစားမိတဲ့ ကဗျာလေးတွေ အကြောင်းကို ရေးပြပါစေ။ အခုကစပြီး အင်းဝခေတ်စာဆို ရှင်ဥတ္တမကျော် သီကုံးခဲ့သလို “လေခမြေသက်၊ ဈာန်ဝိတက်သို့၊ သစ်ရွက်ရော်ရီ၊ ဣန္ဒနီဝယ်၊ သိင်္ဂီတဝက်၊ ဖက်၍ဆေးစုံ၊ ချယ်သောပုံသို့” ပိတောက်ခင်းတွေ ဝါရွှေဝင်းလေတဲ့ “သဘင်ဂိမာန်၊ တာသင်္ကြန်” ကျရောက်ရာ တန်ခူးလကဗျာများ အကြောင်းကို စကျဦးစို့လေ။
အဦးဆုံးအနေနဲ့ မဟာအတုလ မင်းကြီး းရဲ့ တန်ခူးလဘွဲ့ လွမ်းချင်းလေးအကြောင်းပြောပြချင်ပါတယ်။
“ရှစ်ခွင်တိုင်း နယ်တစ်ခွင်မှာ ရင်ခတ်ပန်း သိင်္ဂီစန်းတွေ မြစိမ်းရောင် ပုရစ်ဖူးကတစ်ဆင့် ပွင့်လန်းလို့ လာပါရော့လား။ ဪ မွေးမြေရပ်ကို ပြန်ချင်စိတ်ဇောတွေ ဖြစ်လို့ လာပြန်ပါပြီ။ ဂိမှာန်နွေ ရာသီဦးမို့ ကောင်းကင်ပြင်ရင်ခွင်အလယ်မှာ ဝင်းပတဲ့ စိတြကြယ်စင် ထွန်းလင်းလာပြီဆို နှစ်ဆန်းချိန် သင်္ကြန်ပွဲကို တစ်ခေါက် ရောက်ခဲ့ပြန်ပြီ။ ဒီလိုအချိန်ဆို နိုင်ငံတစ်ဝှမ်းလုံးမှာ အညစ်အကြေးတွေ ဆေးကြောသန့်စင်ဖို့ အတာရေသွန်းလောင်းချိန်မို့ ပါဝင်ကာ မဆင်နွှဲနိုင်သူအတွက်တော့ လွမ်းလို့သာ နေရုံပေါ့လေ။”
သင်္ကြန်နဲ့မသက်ဆိုင်တဲ့ သူတစ်ယောက် သင်္ကြန်ရဲ့ အငွေ့အသက်တွေကို အောင့်မေ့ရင်း ရင်ထဲမှာ ဖြစ်ပေါ်လာတဲ့ ဆန္ဒဇောတွေ လွမ်းစိတ်တွေကို ဖွဲ့ဆိုထားတဲ့ ဒီကဗျာလေးဟာ မောင်ကာကြီးအတွက်တော့ အခုချိန်မှာ ဖတ်လို့ အကောင်းဆုံးပါ။ မောင်ကာကြီး ကိုယ်တိုင်ကလဲ သင်္ကြန်ဆိုတာကို စိတ်ထဲမှာပဲ ကျနေရတဲ့သူမို့လား။
နောက်တစ်ပုဒ်ကတော့ ဖိုးသူတော်ဦးမင်းရဲ့ တန်ခူးလဘွဲ့ပါပဲ။ အချို့ကတော့ ဒီကဗျာကို စာဆိုတောင်ဦးမင်း (လူဦးမင်း) ရေးသားထားတယ်လို့ ဆိုကျပါတယ်။ မဟုတ်ပါ။ ဒီဘွဲ့ကိုလဲပဲ ဖိုးသူတော်ဦးမင်း ဖွဲ့ဆိုခဲ့တယ်ဆိုတာ ဆရာမကြီး ဒေါ်ခင်မျိုးချစ်ရဲ့ “Flower and Festivals Round the Myanmar Year” စာအုပ်မှာ တွေ့နိုင်မှာဖြစ်ပါတယ်။ ဒါက စကားချပ်အနေနဲ့ ဆိုတာပါ။ ဖိုးသူတော်ကြီးရဲ့ ကဗျာလေးအကြောင်းကို ဆက်ကျဦးစို့။
“ရော်ရွက်ဝါ ကြွေကာ မြေသက်လို့ ရွက်သစ်တွေဝေရန်စိုင်းပြင်းနေတဲ့ နှစ်ကူးအတာချိန်မို့ သုတ်ဖြူးတဲ့လေရူးတွေက သယ်ဆောင်လာတဲ့ ကံ့ကော်ဝတ်မှုန်များရဲ့ မွှေးရနံ့တွေ သင်းပျံ့လို့ပေါ့။ မိုးထက်ဝဋာ အာကာဝေဟင်မှာလဲ စိတြကြယ်နဲ့ သော်တာလမင်းတို့ အပြိုင်အဆိုင်ထွန်းလင်းနေကျ တန်ခူးလပါလေ”
ဒီကဗျာတွေကို ဖတ်ပြီးတဲ့ အခါမှာ တန်ခူးလရဲ့ ရာသီပန်းဟာ ရင်ခတ်ပန်း၊ ကံ့ကော်ပန်းဆိုတာကို တွေ့ရမှာပါ။ ဒါဆို မောင်ကာကြီးတို့ ပြောပြောနေတဲ့ ပိတောက်ပန်းဟာ တန်ခူးလရဲ့ ပန်းမဟုတ်ဘူးလား။ မောင်ကာကြီး စဉ်းစားလို့ရသလောက်တော့ ပိတောက်ဟာ တစ်လလုံးပွင့်တဲ့ပန်းမှမဟုတ်တာ။ တပေါင်း တန်ခူး စပ်ကူးမတ်ကူး ကာလမှာ သင်္ကြန်ရဲ့ ပလ္လင် လက်ဆေးမိုးရွာသွန်းမှ ပွင့်တတ်တဲ့ ပန်းပဲ။ ပြီးတော့ ဆိုခဲ့သလို တစ်နှစ်မှာ တစ်ခါတည်း၊ တစ်ခိုင်မှာ တစ်ကြိမ်ပဲ ပွင့်တဲ့ပန်းလေ။ ဒီတော့ တစ်လလုံး သင်းသင်းထုံ ပွင့်လန်းတတ်တဲ့ ကံ့ကော်တို့ ရင်ခတ်တို့နဲ့ယှဉ်ကာ ရာသီပန်းအဖြစ် မတိုးသာဘူးပေါ့။ ဒါပေမယ့် ပိတောက်ဆိုတာ အတာရဲ့ပန်း၊ နှစ်ကူးမှာမှ ပွင့်တဲ့ပန်း၊ သင်္ကြန်ရဲ့ပန်းဆိုတာကိုတော့ ဘယ်လိုမှ ညင်းလို့မရ။ ဖတ်ဆွတ်မိုးလေး သွန်းဖြိုးမှပွင့်သောပန်း၊ နှစ်ဦးကို ကြိုဆိုသောပန်း၊ သစ္စာတရားရဲ့ ပြယုဂ်ပန်းဖြစ်ကြောင်းကိုတော့ အားလုံးလက်ခံပြီးသားပါ။
အတာချိန် တန်ခူးလမှာ ပွင့်လေတဲ့ ရင်ခတ်တို့ ငုပန်းတို့ထဲမှာမှ ပိတောက်ပန်းဆိုတာ ဆရာဇော်ဂျီဖွဲ့ခဲ့သလို “တဝါဝါ ဆင်သင်္ကန်းရယ်က၊ ကမာ္ဘမှာ ဘဝင်ချမ်းစေတဲ့၊ သာသနာ ရွှင်ရွှင်လန်းအောင်လို့၊ တမင်မှန်းကာပါ့ သတိဆွယ်၊ ရည်ရွယ်တော့သလား”လို့ ဆိုရအောင် တင့်တယ်တဲ့ပန်း၊ စာဆို ဦးကြော့ ညွှန်းခဲ့သလို “တစ်နှစ်တွင် သည်တလသာပ၊ တစ်လတွင် တစ်ရက်ထဲ၊ ခက်ခဲတဲ့ ရက်ဗုဒ္ဓါ၊ ပွင့်ရှာကြ စုံမြိုင်တွင်း”လို့ ဆိုရတဲ့ ဂုဏ်တင့်သော ပန်းပါ။ ကံ့ကော်တို့ ရင်ခတ်တို့ထက် တန်ဖိုးပိုတယ်ဆိုတာ အသေအချာပေါ့။
မောင်ကာကြီးတောင် တစ်ခါက ပိတောက်ပန်းနဲ့ ငုပန်းကို ယှဉ်ပြီး

“သူခမျာ မတုသာပေလို့
ယခုအခါ ငုဝါဝါရယ်
မှုရှာတဲ့ ပိတောက်ပန်း။”

လို့ ရေးဖူးလေရဲ့။ ဒါကလဲ ဆရာတင်မိုး ရေးခဲ့တဲ့ “ပိတောက်နှင့်ငု အနိုင်လုသော် မွှေးသူဘက်သို့ မဲပေးမည်” ဆိုတာလေးကို သဘောကျပြီး ရေးခဲ့တာပါ။ အဲ… ဆရာတင်မိုးဆိုမှ ဆရာရေးခဲ့တဲ့ “ခါတော်သင်္ကြန်ပွဲတည့်လေ”ကဗျာကို သွားသတိရမိလေရဲ့။
“သင်္ကြန်ပွဲတော်ကာလတွင် ဗုဒ္ဓမြတ်စွာ၊ ဓမ္မဒေသနာ၊ သံဃာအပေါင်းနှင့် မိခင် ဖခင် ဆရာသခင်တို့အား သန့်ရှင်းစင်ကြယ်သော နံ့သာလက်တစ်စုံဖြင့် ကြည်လင်သော သဒ္ဒါစိတ်ကိုတည်ကာ ဤကဗျာအားရေးသား၍ ပူဇော်အပ်ပါသည်။ သင်္ကြန်ပွဲတော်ကာလ တမာနံ့သင်းခိုက် ပိတောက်ဝါဝင်းခိုက်အချိန်၌ ချစ်စဖွယ်အဆင်းလှနှင့် ယမင်းနှမလေးအား ရေသီတာ သွန်းလောင်းခဲ့ပါသည်။ နွေခေါင်ခေါင်အချိန်ဖြစ်သော်လဲ အပူတွေကင်းစွာ အေးချမ်းစွာဖြင့် ပြည်သူပြည်သားများ ကြည်ရွှင်ကာ အပြုံးပန်းများ ပွင့်လန်းစေအောင် ငြိမ်းချမ်းရေးမိုးများသည်လဲ ဤသင်္ကြန်ပွဲတော်ကာလတွင် ရွာသွန်းဖြိုးမြဲဖြစ်ပါသည်။”
ဒါကတော့ ဆရာ တင်မိုးရဲ့ ဂါရဝတရားရှိသော၊ ချစ်စဖွယ် ဓလေ့ရှိသော၊ ငြိမ်းချမ်းသော အတိတ်နိမိတ်ကို ဆောင်သော သင်္ကြန်ပွဲတော် အကြောင်း ရေးသီထားတဲ့ ကဗျာလေးပါ။ မြန်မာ့ ဓလေ့ကို ရိုးရှင်းလွယ်ကူတဲ့ စကားလုံးတွေနဲ့ ရေးဖွဲထားခြင်းပေါ့။
ကဲလေ စာလဲအတော်ရှည်နေပါပြီ။ ပိတောက်ရယ် တန်ခူးရယ် သင်္ကြန်ရယ်နဲ့ ဆိုင်တဲ့ ကဗျာတွေ အကြောင်းကို ရေးမယ်ဆို မကုန်နိုင်ပါဘူးလေ။ အခါအခွင့်သင့်ရင်လဲ ရေးပြ ပြောပြချင်ပါသေးတယ်။ အခုတော့ ဤ၍ ဤမျှနဲ့ပဲ ဒီစာကို နိဂုံးချုပ်လိုက်ပါရစေ။
နှစ်ဟောင်းမှ အညစ်အကြေးတွေကို စွန့်ခွာကာ နှစ်သစ်မှာ စိတ်သစ်လူသစ်ဖြင့် အသစ်အသစ်သော အောင်မြင်မှုများရရှိပြီး ရေလိုအေးလို့ ပန်းလိုမွှေးပါစေ၊ ရွှေသို့ဝင်းသည့် ဂုဏ်ရှိန်ဝါ ကျော်စောခြင်းများနှင့် ပြည့်ဝကြပါစေလို့ မောင်ကာကြီးက ဆုတောင်းပတ္ထနာ ပို့သအပ်ပါသည်။ ။ လွန်တာရှိရင် ဝန္ဒာမိပါ။

အနုပညာသည် အနုပညာအတွက်သာ ဖြစ်သည်
Courage

— တန်ခူးလဘွဲ့ (လွမ်းချင်း) —

ထပ်ထပ်သာစောတော့
မြကြောငယ်ရစ်ဆီ
ကိုယ်ဖူးငယ်စီ
ပွင့်သိင်္ဂီ ရွှေရင်ခတ်ကယ်တို့
ရှစ်ရပ်ကယ် နယ်တခိုက
စိုးလှတယ်လေး။

နွေခါမှီငယ်
ရာသီမိဿ၊ ဂိမ္မန္တမို့
စိတြကြယ်၊ တိမ်မိုးလယ်မှာ
စမ္ပယ်ကွန့်ခါ၊ ဗွေအာကာတွင်
ဒေသဇာလှမ်း
လှည့်လည်ငယ် မြန်းလို့
နှစ်ဆန်းငယ် သင်္ကြန်
သစ်သစ်သာဖန်တော့တယ်
နိုင်ငံကြော့ပြည်သူမှာ
ပန်ဆုယူ တာရေသွန်းချိန်မို့
လွမ်းလှတယ်လေး။

—- မဟာအတုလ မင်းကြီး

— တန်ခူးလဘွဲ့ —
ဟောင်းရွက်ညှာ ခါလှစ်လို့
တာသစ်ကယ်တဲ့ နံ့ကြိုင်
သုတ်ဖြူးလေဆော်က
ပန်းကံ့ကော် ဝတ်မှုန်ကျင်း
သင်းပျံ့လို့လှိုင်။

ကြယ်နှစ်ပြိုင်၊ စိတြငယ်နှင့်
ငွေလသော်တာတို့
ယုဂန်ချာ တောင်တော်စွန်းမှာ
ထွန်းထိန်လို့လင်း။
———–ဖိုးသူတော်ဦးမင်း

— ခါတော်သင်္ကြန်ပွဲတည့်လေ —

ကဗျာတခွက် ၊ နံ့သာလက်ဖြင့်
စက်တော်ဗုဒ္ဓ ၊ မိနှင့်ဖကို
ကြည်မြသဒ္ဒါ ၊ ပူဇော်ပါသည်
ခါတော်သင်္ကြန်ပွဲတည့်လေ။
ပိတောက်ဝင်းဝင်း ၊ တမာသင်းခိုက်
ယမင်းသွယ်လျ ၊ မယ်နှမကို
အေးမြသီတာ ၊ သွန်းလောင်းပါသည်
ခါတော်သင်္ကြန် ပွဲတည့်လေ။
မြူခိုးဝေ၍
သည်နွေမဆုံး ၊ တပြည်လုံးကို
ကြည်ပြုံးစေအောင် ၊ မိုးလက်ဆောင်ဖြင့်
တောင်ပေါ်ကလာ ၊ ငြိမ်းမိုးရွာသည်
ခါတော်သင်္ကြန် ပွဲတည့်လေ။
——————–တင်မိုး

13 comments

  • ခင်ဇော်

    April 13, 2015 at 8:31 am

    တနင်္လာနေ့!!!
    သင်္ကြန်အကြိုနေ့!!!
    ကိုယ် ရုံးစတက်ရတဲ့နေ့!!!
    သူများတွေ ရုံးစပိတ်တဲ့နေ့!!!
    နေရတာ မသက်မသာရှိလိုက်ထာနော်!!!!
    😥

    • Courage

      April 13, 2015 at 3:07 pm

      ငင့် ကြားရတာ စိတ်လက်မကြည် မသာ ရှိလိုက်တာ နော်

  • မြစပဲရိုး

    April 13, 2015 at 1:17 pm

    ဒီမှာဘဲ အားလုံးပေါင်းပြီး မန့် ပါ့ မယ် မောင်ကာကြီး ရေ။
    ကျန်တာ တွေ အပြင် မင်းလူ ကဗျာ တွေ အတွက် အထူး ကျေးဇူးပါ။
    ရှိရင် ထပ်မျှပါလေ။

    နွဲ့ဆိုး နဲ့ အသဲကွဲ ဇာတ်လမ်း လေး အတွက်လဲ စိတ်မကောင်းဘူး။
    တောတွင်း အတွေ့အကြုံ လေးများ ကလဲ မရိုးနိုင်အောင် ရှိပါတယ်။

    ပိတောက် နဲ့ သင်္ကြန် ကတော့ ခွဲ မရ။
    ဒါပေမဲ့ သူတို့ ခမျာ အတူတူ တွဲ မထွက်နိုင်တာ တောင် ကြာပါပေါ့။
    သင်္ကြန်မိုးပြေး လေး မရှိတဲ့ ဘဝ မှာ ပိတောက်လဲ မဝင့် နိုင်။
    အတု ပိတောက် လေး များ နဲ့ ကျေနပ် နေရတာ ကို ဘက်နှစ်ဖက် က ခံစား မိသေး။

    • Courage

      April 13, 2015 at 3:11 pm

      ဟုတ်ပဲ ဗျ။ ကျေးဇူးပါ။
      ဒီနှစ်တော့ ပိတောက်တွေ အပွင့်စောလို့ သင်္ကြန်ကို ကြိုကျသွားပါရော့လား ဒေါ်လေးရဲ့။

  • kai

    April 13, 2015 at 5:08 pm

    အမေရိကားရဲ့မြို့တွေတော်တော်များများမှာတော့.. ဒီနှစ်.. ဒီတနင်္ဂနွေမှာသင်္ကြန်တွေကျနေကြလေရဲ့…။
    ကျုပ်တို့.. အယ်လ်အေတော့.. ၁၉ရက်နေ့မှ ကျမှာမို့.. ဒီနေ့.. အကတွေတိုက်.. ဒိုးပါတ်တွေတီးရင်း.. အပျော်သဘော..အကြိုသဘော… မုန့်လုံးရေပေါ်ကို.. ငရုက်သီးထည့်လို့.. လုပ်ကြ… စားကြသောက်ကြ..
    အလွမ်းပြေ.. စကားတွေဝေကြ..။

    ဆိုတော့…
    မြန်မာ့ဂဇက်လိုဂိုမှာ.. ပိတောက်ပန်းဝေပေးလိုက်တယ်..။
    ကိုရင်ကာကြီးနှင့်တကွသော မြင်တွေ့သူအားလုံး.. ပိတိုင်းတောက်ကြသည့်.. ပိတောက်ဖြစ်စေသတည်း…ဖြစ်စေသတည်း..။ :k:

    • မြစပဲရိုး

      April 13, 2015 at 8:32 pm

      ပိ ပြီး တောက်လိုက် တော့ “မြန်မာ့ ဂဇက်” ခမြာ “မြန်မာ့ ဂဇ” ဖြစ်ရှာရော။
      ပိ တာလေး ညာဖက် နဲနဲ ရွှေ့ လိုက်ပေးပါ သူကြီး မင်း။ lol:-)))

  • Courage

    April 14, 2015 at 12:21 am

    ကျော်တို့ မလေးမှာလဲ ၁၉ရက်နေ့မှ သင်္ကြန်ကျမှာ သူကြီးရေ့။ တူတူပဲ။ 🙂

    ပေးတဲ့ဆုနဲ့ ပြည့်ပါစေလို့ ဆုတောင်းရင်း တောင်းတဲ့ဆုနဲ့ ပြည့်ပါစေလို့ ဆုပေးလိုက်ပါတယ်။

  • ဝင့်ပြုံးမြင့်

    April 14, 2015 at 3:04 pm

    .ထပ်ထပ်သာစောတော့တယ်
    .မြကြောငယ်ရစ်သီ
    .ကိုက်ဖူးငယ်စီသည်။
    .ပွင့်သိင်္ဂီ ရွှေရင်ခတ်ကယ်တို့
    .ရှစ်ရပ်ကယ် နယ်တခိုက
    .စိုလှတယ်လေး။

    .နွေခါမှီငယ်
    .ရာသီမိ၁သ၊ ဂိမှာနမို့၊
    .စိတြကြယ်၊ တိမ်မိုးလယ်မှာ
    .စမ္ပယ်ကွန့်ခါ၊ တိမ်ဗွေချာဝယ်။
    .ဒေသစာလှမ်း၊ လှည့်လည်ငယ် မြန်းလို့
    .နှစ်ဆန်းငယ် သင်္ကြန်။
    .သစ်သစ်သာဖန်တော့တယ်
    .နိုင်ငံကြော့ပြည်သူမှာ
    .ပန်ဆုယူ တာရေသွန်းချိန်မို့
    .လွမ်းလှတယ်လေး။
    (မဟာအတုလမင်းကြီး)
    —-
    .ဟောင်းရွက်ညှာ ခါလှစ်လို့
    .တာသစ်ကယ်တဲ့ နံ့ကြိုင်။
    .သုတ်ဖြူးလေဆော်က
    .ပန်းကံ့ကော် ဝတ်မှုန်ကျင်း
    .သင်းပျံ့လို့လှိုင်။

    .ကြယ်နှစ်ပြိုင်၊ သွယ်ဆိုင်ပဝင်း။
    .စိတြငယ်နှင့်၊ ငွေလသော်တာတို့
    .ယုဂန်ချာ တောင်တော်စွန်းမှာ
    .ထွန်းထိန်လို့လင်း။
    (ဖိုးသူတော်ဦးမင်း)

    .ကဗျာလေးတွေ စာလုံးပေါင်းမှန်အောင် အတိအကျ ပြန်ရေးပေးလိုက်ပါတယ်။ စာလုံးရှေ့မှာ အစက်ကလေး ချရေးရင်ကောင်းတယ်။ ဘာဖြစ်လို့လဲ မသိဘူး။ ရှေ့စာလုံးတွေ ပျောက်ပျောက်ကုန်လို့။
    .ပြီးတော့လေ ဖိုးသူတော်ဦးမင်းမှာက သုတ်ဖြူ းလေ ဆော်က ကို ထုတ်ဖြူ းလေ ဆော်က လို့လည်း ရေးတယ်။ ဝတ်မှုန်ကျင်း ကို ဝတ်မုံကျင်း လို့ မူရင်းမှာရေးထားတယ်။

    • Courage

      April 14, 2015 at 5:04 pm

      ဟုတ် ကျေးဇူးပါ။
      တစ်ခါတစ်လေကျ ရှေးခေတ်ကဗျာတွေကို ပြန်ရေးရင် မူရင်း စာလုံးပေါင်း သတ်ပုံ ကိုပဲ လိုက်ရမလား နောက်ပိုင်း သတ်ပုံပဲ လိုက်ရမလားဆိုတာ အရမ်း ဒုက္ခရောက်တာဗျ။
      ဟွာလေ ပြောနေကျအတိုင်းပဲ သတ်ပုံမှားတာက အကျင့်ဖြစ်နေလို့ပါ။

  • uncle gyi

    April 17, 2015 at 9:49 pm

    ကိုကာကြီးရေတခုတော့ပြောချင်တယ်ဗျာ
    ကိုယ်ကစာဖတ်သူသက်သက်ဆိုစာလုံးပေါင်းကအရေးမကြီးပေမဲ့
    ကိုယ်ကရေးသူဖြစ်လာပြီဆိုရင်သတ်ပုံကအရေးကြီးလာပြီ
    ဘာဖြစ်လို့ဆိုသူများတွေကဖတ်တော့မှာကိုးဒါကြောင့်
    အကျင်း့ကလေးတော့ပြင်စေချင်ပါတယ်
    ဦးလည်းမှန်အောင်ကျိုးစားဆဲပါ

    • Courage

      April 20, 2015 at 12:37 pm

      ဟုတ်ကဲ့ အန်ကယ်ကြီး။ ကျွန်တော် ကြိုးစားပြီးပြင်နေပါတယ်။
      အကြံပေးတဲ့အတွက်လဲ ကျေးဇူးပါ။ 🙂

  • Alinn Z

    April 20, 2015 at 3:30 pm

    ဦးတင်မိုးရဲ့ ကဗျာလေးက ကောင်းတယ်ဗျ
    အဲ့ကဗျာကို ဖတ်ပြီး ပြောချင်တာတွေ တပုံကြီး ပေါ်လာတယ်
    အတွေးထဲမှာ ပြောပါတယ်
    😆

Leave a Reply