ရင်ပြင်ပေါ်က… ပန်းပွင့်တွေ
ညနေ(၅)နာရီမို့ တိမ်တောက်သလိုလို အလင်းရောင်ခပ်ဖြာဖြာပင်ရှိနေသေးသည်။ အနော်ရထားလမ်း လမ်း(၅၀)ဘက်ကနေ ဆူးလေဘက်ကို ရုံးအဆင်းလမ်းလျှောက်လာ ခဲ့သည်။ စိန်ပေါကျောင်းအကျော် ဝန်ကြီးများရုံးခြံစည်းရိုးတစ်လျှောက် ခရေပင်များတန်းစီ ကာ စိုက်ထားသည်ကိုတော့ သတိထားမိသည်။ အခုတော့ ပလက်ဖောင်းတစ်လျှောက် ခရေပန်းများဖွေးဖွေးလှုပ်ကျနေသည်ကို ကျောင်းအပြန်ကလေးငယ်များ လက်ခုတ်လေး ထဲကောက်ယူနေကြသည်ကို ကြည့်ပြီးကျွန်တော်ပြုံးမိလိုက်သည်။ လမ်းများလည်း အတော်
ပိတ်သည်မို့ အိမ်အပြန်စောစောရောက်ရန် စိတ်ကစောနေသောကြောင့် ရှေ့မှာကျနေသော ခရေပးန်ေးလများ ကို မနင်းရက်ဘဲ သုံးလေးပွင့်ကောက်ယူပြီး နမ်းရှိုက်မိသည်။ ခရေပန်း ရဲ့ မွှေးရနံ့တို့က ကျွန်တော့်အတိတ်ပုံရိပ် များကို ရေးရေးမြင်ယောင်လာစေမိသည်။
ငယ်ငယ်ကတည်းက သစ်ပင် ၊ ပန်းပင်များနှင့် အကျိုးပေးသည်ဟုပင် ခေါ်ရမလားပင်။ သစ်ပင် ၊ ပန်းပင်နှင့် ပတ်သက်လာလျှင် မှတ်မှတ်ရရ အဖြစ်အပျက်များစွာရှိခဲ့ဖူးသည်။ ထိုအဖြစ်အပျက်များစွာထဲမှ ခရေပန်းလေးများနှင့် ပတ်သက်သော အဖြစ်အပျက်များမှာ လည်း ပို၍ပင်များနေသေးသည်။ (၅)လမ်း ၊ (၇)ရပ်ကွက် ၊ တောင်ဥက္ကလာပမြို့နယ် အိမ်မှာတုန်းက အိမ်ကနှစ်ထပ်အိမ်၊ ပေ(၂၀) ကျယ်သည်။ အဲသည ်တုန်းက ကျွန်တော့်အသက်က အလွန်ဆုံးရှိလှ (၇)နှစ် (၈)နှစ်ကြား။ ကျွန်တော်တို့ခြံတံခါးပေါက်ဝ မှာဆို စက္ကူပန်းပင်က အုံ့အုံ့မှိုင်းမှိုင်း ခြံတံခါးပေါက်ဝကို အုပ်မိုးထားသည်။ စက္ကူပန်းပင် ကတော့ တစ်ပင်တည်းမှာ အဖြူနဲ့အနီပွင့်တဲ့အပင်မျိုး တော်တော်လှ သည်။ မြန်မာစက္ကူပန်းမျိုးစစ်စစ်ဖြစ်သည်။ မျိုးလာတောင်းရင်တော့ ခပ်ရင့်ရင့်ကိုင်းတစ်ကိုင်း ကို ခုတ်ကာပေးလိုက်ရုံပင်။ နောက်ပြီး ခြံရဲ့ ဘယ်ဘက်ထောင့်၊ ညာဘက်ထောင့် နှင့် အလယ်တည့်တည့်တွင် အုန်းပင်တစ်ပင်စီရှိသည်။ မေမေကတော့
ခွဲခြမ်းကာထားသည်။ ဘယ်ဘက်ထောင့်နှင့် ညာဘက်ထောင့်အပင်က မုန့်လုပ်စားဖို့နှင့် လိုအပ်သူများကို ပေးမည်။ အလယ်ကအပင်ကတော့ အလုံးအရမ်းလှသည့်အတွက် ပွဲတွေဘာတွေတင်ဖို့ဖြစ်သည်။ တစ်ခါတစ်ရံ ခိုးခူးသူများလည်းရှိသည်။ အုန်းသီးတစ်လုံးနှစ်လုံးလောက်နှင့်တော့ တစ်မိသားစုလုံး ရန်ဖက်မဖြစ်ချေ။
ဖေဖေမရှိတော့သည့်အတွက် မုဆိုးမအိမ်ဆိုသည့်အတွက်လည်း ပါမည်ထင်သည်။
**************************************************************
ကျွန်တော့်အပေါ် အစ်မအလတ်ကတော့ အမှိုက်ပုံကမြေဆွေးလေးတွေတူး ခြံထဲမှာတင် နံနံပင် ၊ မုန်လာပင်ပေါက် ၊ ကြက်သွန်မိတ်တို့ တစ်နိုင်တစ်ပိုင်စိုက်သည်။ အနီးအနားအိမ်က လိုတာရှိရင် ငါးဆယ်ဖိုး ၊ တစ်ရာဖိုးခူးရောင်းလိုက်သည်။ ခြံထဲတွင် အခြားအပင်များစွာရှိသေးသည်။ နေကြာပန်း ၊ ကန္ဒာရနှင်းဆီ ၊ လပြည့်ဂမုန်း ၊ ဖယောင်းပန်းပင် ၊ ကုမုဒြာ ၊ လေးကျွန်းကြာခိုင် နှင့် အခြားအပင်တွေလည်းရှိသေးသည်။
အကျင့်ဆိုတာ တစ်ခါတစ်ရံ ဖျောက်ဖို့ခက်ခဲလှသည်။ အဓိက ကျွန်တော်၏ အကျင့်ပင်ဖြစ်သည်။ ကြိုက်မိတဲ့အပင် လိုချင်တဲ့အပင်တွေ့ပြီဆို မနေနိုင်အောင်ဖြစ်ပြီ။ ခင်မင်တဲ့သူဆို မရရအောင် မျိုးတောင်း သည်။ လမ်းသွားရင်းတွေ့မိတဲ့ အပင်ဆို ကိုင်းခူးပြီး မရရအောင်ယူခဲ့သည်။ တစ်ခါတစ်ရံ ပိုင်ရှင်မသိအောင် ခိုးခူးခဲ့ဖူးသေးသည်။ မသိအောင်တစ်မျိုး သိအောင်တစ်မျိုး အမျိုးမျိုးဖြင့် မျိုးယူခဲ့သည့်အပင်တွေလည်း
မနည်းမနောပေ။ သည်လိုနှင့် လက်ရှိနေသည့်အိမ်ကလေး မှ ပြောင်းရန်အချိန်ရောက်လာတော့သည်။ငယ်ငယ်ကတည်းကနေပေမယ့် နေထိုင်တဲ့လမ်းဟာ လူသိပ်မသန့်တာကြောင့် လက်ရှိအိမ်ကိုရောင်းပြီး တစ်နေရာမှာ ဝယ်ပြီးနေဖို့စိတ်ကူးက မေမေ့စိတ်ကူးပင်ဖြစ်သည်။ သည်လိုနှင့် အပင်တွေနှင့် အိမ်ကလေးကို ကျွန်တော်စွန့်ခွာခဲ့ရသည်။ ရောင်းချလိုက်သည့်အိမ်က (၅)လမ်းဆိုလျှင် ပြန်ဝယ်လိုက်သည့်အိမ်က (၁၀)လမ်းတွင်ဖြစ်သည်။ တစ်ရပ်ကွက်တည်းဆိုသော်ငြားလည်း ပေ(၂၀) မှ (၁၃)ပေအဖြစ်သို့ရောက်ရှိသွားသည်။ ပိုကွာခြားသည်မှာ ရောင်းလိုက်သည့်အိမ်ပေါ်က ဆင်းပေးရမည့်ရက်နှင့် ဝယ်ယူလိုက်သည့်အိမ်ပေါ်ကို တက်မည့်ရက်မှာ လွဲနေခြင်းဖြစ်သည်။ သည်လိုနှင့် တိုက်တန်းလျားလို့ ခေါ်သည့် အိမ်ယာတစ်ခုတွင် တစ်နှစ်စာ ငှားနေလိုက်ရ
သည်။ အပင်များနှင့် အကျိုးပေးသည့် ကျွန်တော့်အတွက်တော့ သစ်ပင်ပန်းပင်တွေက ကျွန်တော်နှင့် ဝေးကွာ မသွားခဲ့ပေ။ ငှားနေသည့်အိမ် ဘေးချင်းကပ်ရပ်တိုက်၏ ခြံဘေးတွင် စံပယ်ပင်များ အများအပြားစိုက်ပျိုးထား ခြင်းပင်။ သူဌေးတွေဆိုတော့လည်း စံပယ်ပင်ကို စိုက်ထားရုံသာစိုက်ထားရှာသည်။ နံနက်စောစောဆိုလျှင် နိုးနိုးချင်း စံပယ်တွေခူးရတာအမောပင်ဖြစ်သည်။
*****************************************************************
ကျောင်းပိတ်ရက်တစ်ရက်အမေနဲ့ လိုက်သွားဖြစ်တဲ့နေ့တွင်ဖြစ်သည်။ မေမေက ခရေပန်းသိပ်ကြိုက် သည်။ သူ့ဆိုင်ကို လာလာရောင်းသည့် ခရေပန်းသည်လေးထံမှာ တစ်ခါဝယ်လျှင် သုံးလေးကုံးဝယ်ပန်တတ် သည်။ ပန်ပြီးသွားလည်း မလွှင့်ပစ်ဘဲ သနပ်ခါးနဲ့ ရောသွေးလိမ့်သေးသည်။ အဲသည်တုန်းက ခရေပန်းတစ်ကုံး
ငွေငါးကျပ်ပင်ရှိသေးသည်။ ကျွန်တော် မေမေ့ကိုမေးကြည့်သည်။ “သားရော ခရေပန်းကောက်ရောင်းရင် ကောင်းမလား”ပေါ့။ မေမေကတော့ ရောင်းချင်ရင် သူ့ဆိုင်ပေါ်သာ ဗန်းကလေးနဲ့တင်ထားရုံပဲဟု ပြန်ပြောသည်။ သည်လိုနှင့် ကျွန်တော်ခရေပင် ရှာပုံတော် ဖွင့်ခဲ့ရပြန်သည်။ တိုက်ဆိုင်မှုလို့ပဲ ပြောရမလိုပင်
ငှားနေသည့်အိမ်နှင့် တစ်လမ်းကျော်တွင် ခရေပင်သုံးပင်ဆက်တိုက်ရှိသည့် လမ်းတစ်လမ်းရှိသည်။ နောက်နေ့ သွားကောက်မည်ဆိုပြီး မှတ်ထားလိုက်မိသည်။
ပထမရက်စောစောထ၍ သွားကောက်မိသည်။ ရသမျှခရေပန်းတွေကို အပ်ချည်ကြိုးဖြင့်သာသီလိုက်သည်။ တစ်တောင်ကျော်ကျော်ဆို တစ်ကုံးဟုသတ်မှတ်သည်။ ပထမဆုံး (၁၂)ကုံးသာသာ ရသည်။ ဆိုင်ပေါ်တွင် ဗန်းကလေးနှင့် တင်တင်ထားချင်း (၃၀)မိနစ်သာသာတွင် ပြိုက်ကနဲ ကုန်သွားသည်။ ပျော်လိုက်သည့်ဖြစ်ခြင်း။ ပထမဆုံး ကိုယ့်လုပ်အားခဖြင့် ရသောပိုက်ဆံပင်ဖြင့်သည်။ တစ်ကုံး ငွေငါးကျပ် (၁၂)ကုံးဆိုတော့ (၆၀)ကျပ်ရသည်။ မေမေကတော့ ပန်းသီလျှင်အဆင်ပြေဆေရန် ဈေးထဲကနေ ဖက်တွေကို
စည်းသည့် နှီးအပျော့တွေ ကောက်လာပေးသည်။ နှီးအပျော့လေးတွေကို ရေစိမ်းထားပြီး သွားလေးနှင့် ကိုက်ကာ အမျှင်လေးတွေရအောင် ခွဲပေးထားသည်။ ပန်းသီရာတွင် အပ်မလို ထိုနှိးကြိုးဖြင့်သာသီရုံပင်။ အိမ်မိုးသည့်နှီးလို အကျောမမာပဲ ပျော့ပျော့ကလေးဖြင့် ပန်းကုံးလည်းကျိုးမသွားပေ။
******************************************************************
ဒုတိယရက်ကျတော့ ပို၍ ဝိရိယရှိလာသည်။ ညနေစောင်းအချိန်ပါ သွားကောက်တော့သည်။ ခရေပန်း ကောက်မှပဲ ခရေပန်းလေးတွေရဲ့ ပုံသဏ္ဍာန်ကို ပိုသတိထားမိလာသည်။ ကျွန်တော်ကောက်သော သုံးပင်မှာ တစ်ပင်နဲ့ တစ်ပင်အပွင့်မတူပေ။ တစ်ပင်မှာ ခပ်ထူထူနှင့် ပွင့်ဖတ်ချွန်လေးများက ကျဲပြီး အပွင့်ကကြီးသည်။ တစ်ပင်မှာ ပွင့်ဖက်ခပ်စိတ်စိတ်နှင့် အပွင့်ကအလတ်စား ဖြစ် သည်။ နောက်တစ်ပင်ကတော့ ပွင့်ဖတ်စိတ်ပြီး အပွင့်က ပြန့်ပြန့်ကားကားဖြစ်သည်။ တစ်ခါတစ်ရံ ရက်တွေဆိုလျှင် ဘယ်သူကောက်သွားမှန်းမသိ အပွင့်တွေ
သိပ်မရချေ။ တစ်ရက်တော့ စားကျက်အသစ်ကို ကျွန်တော်သွားတွေ့တော့ သည်။ နောက်ထပ်ခပ်လှမ်း ရပ်ကွက်မှ ခရေပင် လေးပင်တန်းတစ်ခုပင်ဖြစ်သည်။ တစ်ရက်တော့ အဲသည်နေရာကို စမ်းကောက်ဦးမည်ဟုတွေးထားလိုက်သည်။
ထိုနေရာသစ်သို့ ရောက်သွားသွားချင်းပင် အနည်းငယ်အားလျော့သွားမိသည်။ ထိုနေရာသည် ကျွန်တော့်လိုလူ လေးဖွဲ့လောက်ရှိနေချင်းပင်။ ရောက်ပြီးမှတော့မရ ကျွန်တော်က တစ်ကိုယ်တော် ကောက်ရသည်။ ကျန်တဲ့ သုံးဖွဲ့မှာ အနည်းဆုံးနှစ်ယောက်ပါလာသည်။ ညနေဘက်လာကောက်သည်မို့
တဖြည်းဖြည်းမှောင်လာသည်။ စမ်းတစ်ဝါးဝါးကောက်နေရင်းပင် ကျန်တဲ့သုံးဖွဲ့မှ ဖယောင်းတိုင်များဖြင့်ပါ ကောက်ကြသည်။ ဖယောင်းတိုင်မပါသော ကျွန်တော်အိမ်ပြန်မှဖြစ်တော့သည်။ တစ်ယောက်တည်း ကောက်တာပင် (၁၅)ကုံးစာလောက်ရသည်။ ဒါတောင် ညနေဘက်ခဏပင်။ နောက်ရက်တော့
ကျွန်တော်လည်း ဖယောင်းတိုင်နှင့်မီးခြစ် ဆောင်ခဲ့သည်။ ညနေ(၅)နာရီခွဲလောက်မှ စကောက်၍ည(၉)နာရီကျော်မှ အိမ်ပြန်သည်။ တစ်ရက်ကို ခရေကုံး (၃၀)ကျော်က ပြေးမလွတ်ပင်။ လောဘနှင့်မို့မပင်ပန်းနိုင်ပေ။ မေမေကတော့ ညနေပိုင်းကောက်တဲ့ ခရေပန်းတွေကို ရေမစိမ်ထားခိုုင်းပေ။ ရေစိမ်ရင် နူးသွားသော
ကြောင့်ဖြစ်သည်။ ကောက်ကောက်လာချင်း ခရေပန်းတွေကို ရေဆေးပြီး ပိတ်စပါးတစ်ခုပေါ် ဖြန့်ခင်းထားလိုက် သည်။ နံနက်ဆိုလျှင်တော့ ခရေပန်းလေးတွေက မညိုးသည့်အပြင် ကော့ပြီးတောင့်နေတော့သည်။ခရေပန်းရောင်းရတဲ့ ငွေကို ကျောင်းစားရိတ်အတွက် အတော်အထောက်အကူဖြစ်ခဲ့သည်။ ကျွန်တော်လိုချင်သော အော်ဂင်ပါသည့် ကွန်ပါဘူးဖိုးတော့ မပြည့်သေးပေ။ တစ်ရက်တော့ မေမေ့ဆိုင်ဘေး ဆီဆိုင်မှ
သူငယ်ချင်းနှစ်ယောက်က အဖော်လာစပ်တော့သည်။ သူတို့အမေ ဝတ်အဖွဲ့နှင့် ရွှေတိဂုံတွင် ညသွားအိပ်မည်။ပြီးလျှင် ကန်တော်မင်္ဂလာပန်းခြံကို သွားမည်။ ကန်တော်မင်္ဂလာပန်းခြံတွင် ကစားကွင်းတွေရှိသည်ဆိုပြီး
မဟုတ်တာတွေကော ဟုတ်တာတွေပါပြောပြီး ကျွန်တော့်ကိုစွယ်သည်။ (မဟုတ်တာတွေပြောတာတော့တကယ်ရောက်မှ သိခြင်းပင်ဖြစ်သည်။) တကယ်လည်း တစ်ခါမျှမရောက်ဖူးသဖြင့် မေမေ့ကို ခွင့်တောင်းပြီးလိုက်ခဲ့သည်။ မှတ်မှတ်ရရ ခရေပန်းကောက်ဖို့ပျက်တာတော့ နှမြောခဲ့သေးသည်။
****************************************************************
နေဝင်ချိန် ရွှေတိဂုံရင်ပြင်ပေါ်က ရောက်ချိန်ဖြစ်သည်။ ရင်ပြင်ပေါ်ရောက်ရောက်ချင်း ကျွန်တော့်ကိုဖမ်းစားခဲ့သည်က အခြားအရာမဟုတ်ပေ။ အရှေ့ဘက်မုဒ်တက်တက်ချင်း ရင်ပြင်ဘယ်ဘက်မှ ခရေပင်ကြီးပင်ဖြစ်သည်။ တစ်ညလုံးခရေပင်ကြီးအောက်မှာပဲ ကျွန်တော်ရှိသည်။ နံနက်(၄)နာရီထိ မအိပ်စက်နိုင်ပေ။ကျလာသမျှ ခရေပန်းတွေက ကျွန်တော်လက်ထဲတွင်ပင်ဖြစ်သည်။ နံနက်(၄)နာရီကပင် စသီလိုက်သည်။ခရေပန်းကုံးပေါင်း (၅၀)ကျော်က ကျွန်တော့်လက်ထဲပင်ဖြစ်သည်။ နံနက်(၆)နာရီ သူငယ်ချင်းနှစ်ယောက်ကပြန်တော့မည်ဆိုပြီးထသည်။ ကျွန်တော့်လက်ထဲမှာက ခရေပန်းကုံးပေါင်း (၅၀)ကျော်။ မေမေ့ဆိုင်မှာ
တင်ရောင်းရင်ဖြင့် လက်ထဲအော်ဂင်ကွန်ပါဘူးလေးက ရောက်လာတော့မည်။ မုဒ်ဝကနေဆင်းသည်။လက်ထဲက ခရေပန်းတွေကိုကြည့် သည်။ စောင်းတန်းက လျောင်းတော်မှု ဘုရားကိုကျွန်တော်ကြည့်သည်။
ရေကုံးတွေကြည့်သည်။ မျက်လုံးထဲ အော်ဂင်ကွန်ပါဘူးလေးလည်း မြင်ယောင်မိလာပြန်သည်။ ထိုစဉ်က
အတွေးနှင့် ချာလပတ်ရမ်းနေခဲ့သည်ကို ကျွန်တော်ပြန်လည်းတွေးမိပြန်သည်။
အဲသည်တုန်းက ကျွန်တော်ဆုံးဖြတ်တစ်ခု ချမိခဲ့သည်။ အခုလက်ထဲက ခရေပန်းလေးသုံးပွင့်ကိုကြည့်မိပြီး ပြန်လည်ပြုံးမိသည်။ အဲသည်တုန်းက ဆုံးဖြတ်ချက်တစ်ခုကိုလည်း အခုထက်ထိ နောင်တမရမိခဲ့ပေ။
အိမ်ပြန်ရောက်တော့ မေမေကတီဗွီရှေ့မှာဖြစ်သည်။ မှန်ဗီရိုထဲက ကွန်ပါဘူးလေးကတော့ ကျွန်တော့်ကိုပြုံးပြနေတာကို ကျွန်တော်တွေ့ရသည်။ ဘဝတွင် တစ်ခါတစ်ခါတော့ ရိုးသားစွာ အရာဝတ္တုတစ်ခုကိုပိုင်ဆိုင်ဖူးကြမည်။ ကျွန်တော်လည်း ပိုင်ဆိုင်ဖူးခဲ့သည်။ ဘဝတွင် ရင်ပြင်ပေါ်က ပန်းပွင့်လေးတွေကတော့ဘဝရဲ့အမှတ်တရတစ်ခုပင်ဖြစ်သည်။
*************************************************************
ရင်နှင့်ရင်း၍
အောင်မိုးသူ
“ရှင် အနုပညာနှင့်စာပေဂျာနယ်” (ဂျူလိုင်လ)
17 comments
ဇီဇီခင်ဇော်
June 23, 2015 at 12:19 pm
ဖတ်လို့ကောင်းလိုက်တာ။
ခုရော အဲဒီ ခရေပင်ရှိသေးလားဟင်?
အောင် မိုးသူ
June 23, 2015 at 12:21 pm
တစ်နေရာတော့ မရှိတော့ဘူး။ တစ်နေရာတော့ရှိသေးတယ်။ ရင်ပြင်ပေါ်က ခရေပင်ကြီးကတော့ ရှိသေးတယ်လေ။
HMM
June 23, 2015 at 1:04 pm
ဪ စိတ်များစောပေလို့ ခရေပန်းပဲကောက်လိုက်နိုင်တယ်
စိတ်များမစောရင် ဘာများထိုင်လုပ်မလဲလို့ တွေးမိသား 😛
အောင် မိုးသူ
June 23, 2015 at 1:38 pm
ဘာထိုင်လုပ်မယ်လို့ထင်လို့လဲ တီနှင်း… း))
ဦးကျောက်ခဲ
June 24, 2015 at 10:01 am
အဟီး … အဲဒါ တီနှင်း မဟုတ်ဘူးနော်…
အော်လဂျင်နယ် နှင်းမမ က ကလေးတဘက်နဲ့ မအား… :k:
HMM
June 30, 2015 at 4:32 pm
အောင်မိုးသူရေ
တွေးမိတာလေးကိုပြောပါတယ်….
ဦးကျောက်ရေ
မဟေသီနဲ့ initials တူလို့မှားတယ်ထင်ပါ့…
Alinsett @ Maung Thura
June 23, 2015 at 1:07 pm
ခရေပန်း ရနံ့တွေတောင်… ရလာတယ်…
အောင် မိုးသူ
June 23, 2015 at 1:40 pm
အလွန်နှစ်သက်မိသော ရနံ့
Ma Ei
June 23, 2015 at 1:08 pm
ငယ်ငယ်ဘဝ စာလေးတွေဖတ်ရတိုင်း
သိတတ်လိမ္မာတဲ့ ကလေးတစ်ယောက်ကို
မြင်တွေ့နေရသလို ပီတိဖြစ်မိတယ်…
အောင် မိုးသူ
June 23, 2015 at 1:39 pm
ကိုယ်စီ ကိုယ်စီက ငယ်ဘဝတွေတွေးမိတိုင်း အဲ့လိုလေး ခံစားမိကြမှာလို့ ထင်တာပဲ။ 🙂
Mike
June 23, 2015 at 2:53 pm
.တကယ့်အတွေ့အကြုံမို့ ဖတ်ရင်း အရသာတွေ့မိတယ်..ဘဝဆိုတာဒီလိုပါပဲ…
.ကိုအောင်မိုးသူရဲ့ ကြိုးစားမှုကိုခ ျီးက ျူး ပါတယ် ဗ ျာ
sorrow
June 23, 2015 at 4:21 pm
..ဘဝတွင် တစ်ခါတစ်ခါတော့ ရိုးသားစွာ အရာဝတ္တုတစ်ခုကိုပိုင်ဆိုင်ဖူးကြမည်။
ကျွန်တော်လည်း ပိုင်ဆိုင်ဖူးခဲ့သည်။ တိုက်ဆိုင်တာလေး…. ဆယ်တန်းဖြေပြီးခါစ .. အောင်စာရင်းမထွက်သေးခင် ကော်ဖီဆိုင်လေးတခုမှာ စားပွဲထိုး ..ပန်ကန်ဆေးလုပ်ဖူးတယ်ခင်ဗျ..ရတဲ့လစာလေးနဲ့ ဝယ်ဖူးတဲ့ All Star ဖိနပ်အနက်ရောင်လေး ..အတိတ်က ..မနေ့တနေ့ကလိုပဲ…ခုထဲ မီးခံသေတ္တာထဲ တယုတယ သိမ်းထားတုန်း …
manawphyulay
June 24, 2015 at 9:45 am
မနောလည်း ငယ်ငယ်က ခရေပန်းကောက်ရောင်းဖူးတယ်။ နောက် မန်းကျည်းရွက်ပေါ်တော့ အိမ်ခြံထောင့်မှာရှိတဲ့ မန်းကျည်းပင်က လုံးပတ် လက်နှစ်ဖက်စာရှိတဲ့အပင်ကြီးကို မမောနိုင်မပန်းနိုင်တက်ပြီး ရပ်ကွက်ထဲလှည့်ပြီး မန်းကျည်းရွက်လည်း ရောင်းခဲ့ဖူးတယ်… ဘာပဲဖြစ်ဖြစ် မုန့်ဖိုးရတော့လည်း ရှက်ရမှန်းမသိ ပျော်နေခဲ့မိတာပါပဲ။ အပျော်ဆုံးကတော့ ခရေပင်အောက်မှာ သူများအဖွဲ့နဲ့ လုပြီး ကောက်ခဲ့ရတာတွေပါပဲ။ ဒါတွေဟာ ခုတော့ လွမ်းစရာတစ်ခုပေါ့။
အောင် မိုးသူ
June 25, 2015 at 10:03 am
အတူတူပဲ
ကိုပေါက်(မန္တလေး)
June 24, 2015 at 10:43 am
အပြင်မှာ ရှိတဲ့ ခရေ ပင်က ရင် ဘတ်လာပြီး မွှေးနေအောင် အပွင့်တွေပွင့်ပေးသွားသလိုပါဘဲ
aye.kk
June 24, 2015 at 1:58 pm
မိဘတွေမသိအောင်၊ခရေပန်းကုန်းတွေသီပြီးရောင်းခဲ့ဘူးတယ်။
လက်ထဲပိုက်ဆံမြင်ရတော့အရမ်းပျော်သွားတာ….မေ့မရပါ။။
မြစပဲရိုး
June 27, 2015 at 4:37 am
အရေးကောင်း၊ အတွေးကောင်း၊ စာလေး ကို ဖတ်လိုက်ပြီး အချိန်မရလို့ မမန့်ခဲ့ရဘူး။
အခုမှ ပြန်လာပြီး ၁၂ကျပ်လာယူသွားတယ်။
ဘုရားလှူတာ ကောင်းပါတယ်။
ဒါပေမဲ့ ဘုရားမှာ ပန်းတွေ ပုံအော နေပြီး ဖြစ်ရင်တော့ ကွကိုယ်ပြန်လှူသင့်သလားဘဲ။
:-)))))