“လုံးပါး ပါး တဲ့ ဆန်သမား “
“လုံးပါး ပါး တဲ့ ဆန်သမား ”
တောင်တွေးမြောက်တွေး အပိုင်းအစလေးများ (၉)
တမြန်မနေ့ ညက ဖေစ်ဘုတ်ဝင်တော့ လေထဲကမိတ်ဆွေတစ်ယောက်က
“နက်ဖြန်ကျနော် အဲဒီကိုလာမယ် ရောက်ရင် ဖုန်းဆက်လို်က်မယ်”
ဘာအတွက်လာမှာလဲလို့မေးတော့
သူတို့ရစရာရှိတဲ့
အကြွေးတွေ မရသေးလို့ လိုက်လာတာလို့ပြောပါတယ်။
အခုရက်ပိုင်းမှာ ငွေဈေး မငြိမ်တော့ ရစရာရှိတာမြန်မြန်ရချင်လို့
ဆင်းလာတာလို့ပြောပါတယ်။
သူတို့က ဆန်ကုန်သည်တွေပါ။
မနေ့ည မိုးချုပ်ချုပ်လောက်ရောက်တော့ ဖုန်းဝင်လာပါတယ်။
သူတို့ရောက်နေပြီ ဆိုတဲ့အကြောင်း
နန်းတော်ပေါက်နားက ဟိုတယ်မှာတည်းတယ်ဆိုတဲ့အကြောင်းသတင်းပေးတာပါ။
အဲတော့ အားတဲ့အချိန်ဖုန်းဆက်လိုက်ပါ သူတို့ နဲ့တွေ့မယ်ဆိုပြီး ချိန်းလိုက်ကြပါတယ်။
သူဖုန်းဆက်လာတော့ မှ “ဆန်သမား “တွေ မူဆယ်ဘက်ကို
အခုရက်အလာစိတ်တာ သတိထားမိပါတယ်။
ပြီးခဲ့တဲ့ လဆန်းရက်ကလဲ ကျယ်ခေါင်ထဲက လက်ဖက်ရည်ဆိုင်မှာ
မိတ်ဆွေတစ်ယောက်က သူနဲ့ပါလာတဲ့သူတွေနဲ့မိတ်ဆက်ပေးပါတယ်။
အခုမှတွေ့ရတဲ့မိတ်ဆွေပေမယ့် အလုပ်ကိစ္စအကြောင်းပြောကြရင်း
“ဆန်သမား”ဆိုတာ သိရပါတယ်။
သူတို့နဲ့ပြောရင်းသိလာရတာကတော့ ဒီဘက် ကို ပို့ထားတဲ့
ဆန်ဘိုးတွေမရသေးလို့ လိုက်လာကြတာပါ။
သူတို့ရောက်တဲ့ရက်က မြန်မာငွေဈေး ပြန်ကျနေတဲ့ရက်ဆိုတော့
ကုန်သည်က ခဏစောင့်ပါပြောတာနဲ့စောင့်ပေးနေရတာလိုု့ဆိုပါတယ်။
မန်းလေးကရောက်နေတဲ့ကုန်သည်ကလဲ သူတို့ ရောင်းလိုက်တဲ့ဈေးထက်စာရင်
ဆန်တစ်အိတ်ကို နှစ်ထောင်လောက် တက်နေလို့ ငွေလိုချင်နေပါပြီ။
သူကလဲ ဟိုဘက်ကို ပြန်ပေးရအုံးမှာကိုး။
ဒီဘက်က ကုန်သည်ကလဲ မန်းလေးက ကုန်သည်ဆီက မြန်မာငွေနဲ့ဝယ်
တရုပ်ပြည်ထဲက ကုန်သည်ကို တရုပ်ငွေနဲ့ရောင်းရတာကိုး။
ကျပ်ငွေက ကိုယ့်ပြည်တွင်းမှာသုံးတဲ့ပိုက်ဆံ။
ယွမ်က သူတို့ဆီမှာသုံးတဲ့ပိုက်ဆံ။
ဝယ်ဈေးနဲ့ရောင်းဈေးအပေါ်မှာမြတ်ပေမယ့် ငွေလွှဲနူန်းအပြောင်းအလဲ
မှာ ခံလိုက်ရတာတွေလဲအများကြီးပါဘဲ။
ကိုယ်ရလာတဲ့ပိုက်ဆံက ယွမ်။
ကိုယ်ဝယ်စဉ်အချိန်က တစ်ယွမ်ကို မြန်မာငွေ ၁ရ၅ကျပ်ရှိနေမယ်။
အဲ့ဈေးနဲ့ တွက်ပြီးရောင်းထားသပေါ့။
သူက ကိုယ့်ကို အကြွေးပြန်လာဆပ်ချိန်မှာ တစ်ယွမ်ကို မြန်မာငွေ ၁၆ဝ ဘဲရှိတယ်ဆုိုရင်
တစ်ယွမ်ပေါ်မှာ ၁၅ကျပ်ရှုံးနေပါပြီ။
ကိုယ်က ယွမ်နဲ့ရောင်းထားပြီးသား ဈေး ပြတ်ပြီးသားဆိုတော့ ပိုမရနိုင်။
သူ့ဆီက ကုန်ဘိုးရလာတဲ့ငွေကိုမြန်မာငွေနဲ့လဲလိုက်ရင် ရောင်းစဉ်အချိန်ကထက်
နည်းပြီး ရတော့ မှာပါ။
မြင်အောင်ပြောရ ရင် သူတို့ ဆီက ခေါက်ဆွဲ တစ်ပွဲက (၆)ယွမ်ဆိုပါစို့။
သူတို့ခေါက်ဆွဲ ကိုမြန်မာငွေနဲ့ ဝယ်စားမယ်ဆိုရင်ငွေဈေးအတက်အကျပေါ်မူတည်ပြီး
တန်ဘိုးပြောင်းသွားမှာပါ။
ငွေလဲနူန်းက တစ်ယွမ်ကို ကျပ်၁၆ဝ ဆိုရင် ခေါက်ဆွဲတစ်ပွဲ ကမြန်မာငွေ ၉၆ဝကျပ်ဖြစ်ပြီး
ငွေလဲနူန်းက တစ်ယွမ်ကို ကျပ်၁၈ဝ ဆိုရင် ခေါက်ဆွဲတစ်ပွဲက မြန်မာငွေ ၁၀၈ဝကျပ်ဖြစ်သွားပါတယ်။
သူတို့ငွေကတော့ ၆ယွမ်က ၆ယွမ်ပါဘဲ။
မြန်မာငွေကသာ တန်ဘိုးပြောင်းသွားတာပါ။
ဈေးကွက်ထဲမှာသူတို့ရဲ့ တရုတ်ငွေလဲနူန်းကိုပြောတဲ့အခါမှာ မြန်မာငွေကျပ်တစ်ရာပေးရင်
ပြန်ရမယ့် တရုပ်ငွေ ကိုဘဲပြောလေ့ရှိပါတယ်။
ဥပမာ ငွေဈေး .55555 လို့ပြောရင် မြန်မာငွေ ကျပ်၁၈ဝပေးရင် တစ်ရုပ်ငွေ တစ်ယွမ်
ပြန်ရပါမယ်။
.526 လို့ပြောရင် တရုပ်ငွေတစ်ယွမ်ရဘို့မြန်မာငွေကျပ် ၁၉ဝ ပေးရပါလိမ့်မယ်။
ဒီတော့ ငွေဈေးတက်တယ် ကျတယ်ဆိုတာ တရုပ်ငွေတစ်ယွမ်ရဘို့
ပြန်ပေးရတဲ့ မြန်မာငွေကို မူတည်ပြီး သတ်မှတ်တာပါဘဲ။
တရုပ်ဘက်ဖြစ်ဖြစ် ဥရောပဘက်ဖြစ်ဖြစ် နုိုင်ငံခြားငွေနဲ့မြန်မာငွေ ရောပြီး
အလုပ်လုပ်ကြသူ အတော်များများမှာ ဝယ်ဈေး ရောင်းဈေးကြောင့်မဟုတ်ဘဲ
ငွေဈေးအတက်အကျ ကြောင့်ရှုံးတာမြတ်တာတွေလဲ အမြဲကြုံရတတ်ပါတယ်။
နောက်ရက် ကျနော်မိတ်ဆွေနဲ့ကျနော်တွေ့ကြတဲ့အခါ သူတို့ရစရာရှိတဲ့ငွေကိစ္စအဆင်ပြေလား
မေးတော့ ခေါင်းရမ်းပြပါတယ်။
သူက တရုပ်ပြည်က ကုန်သည်ကို တိုက်ရိုက်ရောင်းထားတာပါ။
အဲဒီကုန်သည် ဂိုဒေါင်က ချိတ်ပိတ်ခံလိုက်ရတယ်။
အဲလူလဲ အဖမ်းခံထားရတယ်။
လိုက်စရာလမ်းစလဲဆုံးနေတော့
ရစရာရှိတဲ့ငွေကလဲ ဆုံးဘို့များနေတယ်လို့ပြောပြပါတယ်။
အခုမှသိလိုက်ရတာက မြန်မာဆန်က တရုပ်ပြည်ထဲကို တရားဝင်
ပြည်ဝင်ခွင့်မရသေးဘူးဆိုတာပါဘဲ။
မြန်မာပြည်ကနေ မူဆယ်အထိက တရားဝင်။
မြန်မာပြည်နယ်နမိတ်လွန်ပြီး သူတို့အထဲဝင်တာက မှောင်ခို အနေတဲ့ ဝင်တာပါ။
ရောင်းရတာက အကြွေး။
တစ်ချို့ကတော့ ဒီဘက်က နယ်ခံကုန်သည်က တစ်ဆင့်ရောင်း။
တစ်ချို့ကတော့ အထဲက ကုန်သည်နဲ့ တိုက်ရိုက်ဆက်သွယ်ရောင်း။
ဘယ်လိုပုံစံနဲ့ဘဲရောင်းရောင်း အကြွေးရောင်းရတာဆိုတော့
ဟိုဘက်က ငွေ ကိုယ့်ဆီပြန်မရောက်မခြင်း စိတ်ပူနေရတာအမှန်ပါဘဲ။
တရားဝင်မဟုတ်တဲ့အပြင် အကြွေးရောင်းထားရတာဆိုတော့
လမ်းခရီးမှာဘဲတစ်ခုခုဖြစ်ဖြစ်
သူ့ပြည်ထဲရောက်မှ ပြဿနာတစ်စုံတစ်ရာတက်တက်
ကိုယ်ဘက်က ဘဲ ခံရ နစ်နာရတာပါ။
သူနဲ့ဈေးပြတ်ပြီးသားဖြစ်ပေမယ့် မြန်မာပြည်ဘက်က ဆန်ဈေးကျသွားရင်
ပစ္စည်းကို မယူတော့ ဘူး ဈေးေ လျာ့ ပေးမှယူမယ်
ဆိုပြီး အကျပ်ကိုင်လာရင်လဲခေါင်းငုံ့ခံလိုက်ရတာပါဘဲ။
တရားဝင်ပြောခွင့် ဆိုခွင့် တောင်းဆိုခွင့်မရှိတဲ့အတွက်
ကိုယ့်ဘက်က အနာခံလိုက်ရတာချည်းပါဘဲ။
ဒီလိုဆုံးပေါင်းများကြတာတွေလဲမနည်းပါဘူး။
ဒါပေမယ့် လည်း အကြွေးရောင်းကြတာပါဘဲ။
အချို့ဆိုကုန်သည်ကို တစ်ယောက်နဲ့တစ်ယောက်က ဆက်သွယ်ပေးလို့သာ
ဖုန်းအဆက်အသွယ်နဲ့ဘဲ
အရောင်းအဝယ်တွေဖြစ်နေကြတယ် သူ့ဘယ်နေလို့နေမှန်းမသိတာလဲ
ရှိကြပါသတဲ့။
ခက်တာက ကျယ်ခေါင်ရွှေလီ ထဲက နေတဲ့ နေရာသိပေမယ့်
အဲ့လူက အတွင်းပိုင်းထဲကို ဝင်သွားရင် ဘယ်ရောက်လို့ရောက်မှန်း မသိနိုင်ပါဘူး။
တကယ်ပြောကြေးဆိုရင် သူနေတဲ့နေရာ သိတောင်မှ ကိုယ်က မလိုက်တာအမှန်ပါဘဲ။
နောက်တစ်ချက်က သူတို့ဆီမှာဖုန်းပေါတော့ ဖုန်းနံပါတ်ပြောင်းသွားတာနဲ့
အဆက်အသွယ်တွေပြတ်ကုန်ပါသတဲ့။
(မြန်မာပြည်လဲ အခု ဖုန်းတွေပေါလာတော့
လူလိမ်တွေအတွက်အဆင်ပြေပါတယ်။
ဖုန်းတစ်လုံးပြီးတစ်လုံး နံပါတ်ပြောင်းကိုင်နေကြတာကိုး)
အဲတော့ ကျနော်က လဲ ကျနော်မိတ်ဆွေကို
အဲလိုမသိဘဲ ဘာလို့အကြွေးရောင်းသလဲလို့ မေးမိတဲ့အခါ
“ ကိုပေါက်ရာ သူ့ထက်ငါ အပြိုင်အဆိုင်ရောင်းချင်ကြတော့
ဈေးတွေလျှော့ရောင်းလို့ရောင်း
အကြွေးတွေဇွတ်ပေးလို့ပေးလုပ်ကြတာကိုးဗျ။
ကျုပ်တို့မြန်မာစကားပုံရှိတယ်လေ။
လူညီရင် (ဤ) ကို (ကျွဲ )ဖတ်လို့ရတယ်ဆိုတာလေ။
အခုလို လူမညီဘဲ ဤ ကို ကျွဲ လို့ မဖတ်တော့ အကုန် ကွဲ တာပေါ့”
လို့ပြောလိုက်တော့ ကျနော်မှာဘာပြန်ပြောရမှန်းမသိအောင်ဖြစ်သွားပါတယ်။
ကိုယ့်တိုင်းပြည်က ထွက်တဲ့ ဆန် ကို တရားဝင်ရောင်းခွင့်ပြုထားပေမယ့်
တစ်နိုင်တစ်ပိုင် ရောင်းဝယ်နေရတဲ့ ကုန်သည်လေးတွေအဖို့
ချမှတ်ထားတဲ့ စည်းကမ်းသတ်မှတ်ချက်တွေ ကိုလိုက်မမှီနိုင်ဘူးလို့ဆိုပါတယ်။
တရားဝင်အရောင်း အဝယ်လုပ်မယ်ဆိုရင်
စာချုပ် ချုပ်ရမယ်။
စာချုပ်ထဲမှာပါတဲ့ အတိုင်း မပျက်မကွက်လုပ်ပေးရမယ်။
အဲဒီမှာလက်တွေ့ မလုပ်နိုင်တာတွေပါလာတော့တာပါဘဲ။
ပစ္စည်းအရည်အသွေးပြည့်မှီအောင်လုပ်ပေးရမယ်။
(လက်တွေ့မှာ ကွာလတီမထိန်းနိုင်)
သူတို့လိုချင်တဲ့ပစ္စည်းအရေအတွက်ရအောင်လုပ်ပေးနိုင်ရမယ်။
(လိုချင်တဲ့ပစ္စည်းအရေအတွက ်အများကြီး ရဘို့မလွယ်သလို ငွေလဲ အဲလောက်မစိုက်နိုင်)
ဆိုတဲ့ အချက်နှစ်ချက်နဲ့ဘဲ ပြည်တွင်းဖြစ်ကုန်သည်လေးတွေက
တရားဝင်ရောင်းဘို့ အတွက် အနားမကပ်နိုင်တော့ပါဘူး။
အဲတော့ ကိုယ့် တစ်နိုင်တစ်ပိုင်ပစ္စည်းလေးကို မူဆယ်ဘက်ကိုရောက်အောင်
တရားဝင်ပို့။
တရုပ်ပြည်ဘက်ကနေလာဝယ်သူကို တရားမဝင်ရောင်း။
ဖြစ်သမျှအကြောင်းအကောင်းလို့ သဘောထားပြီးလုပ်ကိုင်စားသောက်နေကြရတဲ့
ကိုယ်လိုလူ တွေအများသား။
အဲတော့လဲကောင်းတာ မကောင်းတာအပထားပြီး
လာဝယ်သူကို တည့်အောင်ရောင်းရတော့ပါဘဲ။
ကိုယ်ရောင်းတဲ့ပစ္စည်းက ဥပဒေနဲ့လွတ်ကင်းတဲ့ပစ္စည်းမှန်ပေမယ့်
စည်းကမ်း နည်းလမ်းသတ်မှတ်ချက်တွေ ဘောင်တွေနဲ့ ညိနေပြန်တော့
တရားမဝင်ပစ္စည်းဖြစ်သွားပြန်ပါတယ်။
တရားမဝင်ဘူးဆိုမှတော့ တရားစွဲ လို့ လဲမရပြန်။
အဲတော့ တစ်ခုခု ဖြစ်ပြီဆိုတာနဲ့ ခံလိုက်ရတော့တာပါဘဲ။
နိုင်အောင်မထိန်းနိုင်တဲ့ ငွေကြေးကြောင့် ငွေလဲနူန်းကြောင့်တစ်ခါရှုံး
ဟိုဘက်က ကုန်သည် က ကြွေးပြန်မဆပ်တော့ တစ်ခါနာ နဲ့
ပြည်တွင်းဖြစ် မြန်မာဆန်ကုန်သည်လေးတွေ
တဖြေးဖြေး လုံးပါးပါး ပြီး အရင်းပြုတ်သူတွေ များများလာတာတော့
အမှန်ပါဘဲ။
ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး
12-7-2015
4 comments
မြစပဲရိုး
July 13, 2015 at 4:59 am
အဲဒီ တရုတ်ငွေ နဲ့ ပစ္စည်းတွေ ပြန်ဝယ်သွင်းပြီး မြန်မာ ဘက်မှာ ပြန်ရောင်း ဖို့ချိတ်ထား ရင်ကော ကပေါက်ကြီး။
ရမ်းပြောကြည့်တာပါ။
မသိဘူးတဲ့ တရုပ် မြန်မာ နယ်စပ်က စီးပွါးရေးလုပ်ငန်း တွေ စိတ်ဝင်စားဖို့ အကောင်းသားနော်။
ကိုပေါက်(မန္တလေး)
July 13, 2015 at 9:14 pm
တကယ်တရားဝင်လုပ်သူတွေက အဲလိုချိတ်ထားပါ ကိုလတ်ကြီးရေ
သူတို့ ဆီကို ပစ္စည်းရောင်းမယ် နိုင်ငံခြားငွေ ရမယ်
သူတို့ ဆီက ထွက်တဲပစ္စည်းကို ပြန်ဝယ်ပြီး ပြည်တွင်းကိုပို့မယ်
ထုတ်ကုန်- သွင်းကုန်ဆိုတာ ဒီသဘောတရားပါဘဲ။
တကယ် လက်တွေ့မှာတော့ အဲလို လုပ်နိုင်တာ ငွေအရင်းအနှီးတောင့်တင်းတဲ့
ကုမ္ပဏီကြီးတွေမှ လုပ်နိုင်တာပါ။
သာမန် ရောင်းဝယ်သူအများအပြားကတော့
မျက်ကန်းတစ္ဆေ မကြောက် နောင်ခါလာ နောင်ခါဈေး ထားပြီး ရောင်းဝယ်နေကြရတာပါ
နယ်စပ် ဒေသမှာလုပ်ကိုင်စားသောက်ရသူက ငွေ ရနိုုင်တဲ့အခွင့်အလမ်းတွေရှီသလို
ဘုံပျောက်သွားနိုင်တဲ့ အခွင့်အလမ်းတွေရှိပါတယ်။
ငွေဈေး အတက်အကျ ကို ချိန်ဆ တတ်မှ ဦးနှောက်လျင်လျင် လုပ်မှ
ရပ်တည်လို့ ရတဲ့ နေရာတွေပါ
Alinsett @ Maung Thura
July 13, 2015 at 10:00 am
တစ်ခါ အရင်းပြုတ်ဖူးတဲ့သူ….နောက်ထပ် ထပ်ခါထပ်ခါ အရင်းထပ်ပြုတ်နေမယ်ဆိုရင်….
အရင်းပြုတ်တဲ့သူ အပြစ်ထင့်….
ကိုပေါက်(မန္တလေး)
July 13, 2015 at 9:16 pm
အလင်းဆက်ရေ
လက်တွေလောက မှ အလုပ်လုပ်ရတာက
အပြောလွယ်သလောက်လက်တွေ့ခက်ပါတယ်
ကိုယ့် ဘဝ ရပ် တည် ရှင်သန်ရေး အတွက်
ငွေအရင်းအနှီး လူ အရင်း အနှီးနှစ်ခုပေါင်းလုပ်ကြတာပါ
ငွေမရှိတဲ့သူကတော့ ကြုံရာကျဗန်းလုပ်ကိုင်စားကြရတာပါဘဲ
ဒီ နယ်စပ်ဒေသမှာ လာပြီး လုပ်ကိုင်စားသောက်နေကြတာ အများကြီးပါဘဲ