နွေဥဩ (အပိုင်း-၆) (ဇာတ်သိမ်းပိုင်း)

Foolish GirlAugust 11, 20161min34110

“ထွန်းကျော်ဆေးရုံတင်ထားရတယ်”

မင်းနိုင်ကျောင်းရောက်ရောက်ခြင်းနှင်းထံသတင်းပို့သည်။ ရွက်သစ်က

“ကောင်းတယ် ဒီလိုကောင်သေရမှာ သူများကိုစိတ်ထိခိုက်အောင်လုပ်ထားတာ”

“ကိုမင်းနိုင် ထွန်းကျော်ဘာလို့ဆေးရုံတင်လိုက်ရတာလဲ”

“ကျောက်ကပ်မကောင်းလို့တဲ့ နှင်း။ မွေးရာပါကျောက်ကပ်အားနည်းတာလေ။ တစ်နှစ်တစ်ခါ ကျောက်ကပ်ဆေးနေရတာ။ ကျောက်ကပ်ဆေးရမယ့်ရက်မရောက်သေးပေမယ့် စိတ်ကြောင့်ထင်တယ် ရောဂါဖောက်လာတယ်လို့ပြောရမှာပေါ့”

“အဲဒါကကုလို့မရဘူးလား၊ မပျောက်တော့ဘူးလား” နှင်းတစ်ယောက် မိမိချစ်သူရောဂါဝေဒနာခံစားနေရသည်ကို ကြားရရုံဖြင့် ဘယ်လိုမှမခံစားနိုင်တော့ပါ။

“ပျောက်ဖို့အလားအလားမရှိဘူး အခြေအနေကပိုဆိုးနေတယ်တဲ့။ ကျောက်ကပ်အစားထိုးမှရမှာတဲ့။ အခုသူ့အမေတို့က ကျောက်ကပ်အလှူရှင်စုံစမ်းနေကြတယ်”

နှင်း ….မျက်ရည်များက အသိမပေးခြင်းမရှိပါပဲ မျက်ဝန်းအိမ်ထဲကနေအလိုလို စီးကျကာနေတော့သည်။ ရင်ထဲတွင်လည်း အမည်ဖော်၍မရသော ခံစားချက်များ ဗျောင်းဆန်ကာနေလေတော့သည်။

××××××××××××××××××××××××××××××××××××××××××××××

နှင်းသူငယ်ချင်းများကို မပြောဘဲ တစ်ယောက်တည်းဆေးရုံကိုထွက်လာခဲ့သည်။ ထွန်းကျော်အခန်းရှေ့မှထွန်းကျော်ကိုချောင်းကြည့်လိုက်သည်။ ထွန်းကျော်တစ်ယောက်နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေလေသည်။ ထို့နောက် ထွန်းကျော်၏ ဆရာဝန်ထံထွက်လာခဲ့သည်။

“သမီးရဲ့ကျောက်ကပ်က လူလေးအတွက်အဆင်ပြေပါတယ်သမီးရဲ့ ဒါပေမယ့် ……”

“ဒါပေမယ့်….ဘာဖြစ်လဲဆရာ”

“ဒါပေမယ့် သမီးမှာ ကျောက်ကပ်ကတစ်ခုပဲရှိတာတွေ့တယ်။ သမီးငယ်ငယ်ကကျောက်ကပ်လှူဖူးတာရှိလား”

“ဟင့်အင်းတစ်ခါမှမလှူဘူးပါဘူးဆရာ”

“ဒါဆို အမွှာတွေဘာတွေရောရှိလား”

“ဟုတ်သမီးမှာ အမွှာမောင်လေးတစ်ယောက်ရှိပါတယ် ”

“အင်းဟုတ်ပြီနားလည်ပြီ၊ ခုမင်းမှာကျောက်ကပ်တစ်ခုတည်းရှိတယ်ဆိုတော့ ဒီတစ်ခုတည်းသောကျောက်ကပ်ကိုလည်းဆရာတို့ယူလို့မရဘူးသမီးရဲ့”

“ဘာလို့လဲဆရာရဲ့”

“မင့်ကျောက်ကပ်လှူလိုက်ရင်မင်းဘယ်လိုအသက်ရှင်မှာလည်း ပြီးတော့ မင်းလှူလို့ရရင်တောင်အုပ်ထိန်းသူတွေသိရှိကြောင်းလက်မှတ်လိုသေးတယ်”

“ဆရာတကယ်လို့များ ကျွန်မကရုတ်တရက်သေသွားခဲ့ရင်ရော”

“ရုတ်တရက်သေသွားခဲ့ရင်ကျောက်ကပ်ကိုထုတ်လို့ရပေမယ့် အုပ်ထိန်းသူတွေသိရှိကြောင်းလိုအပ်တာပေါ့သမီးရယ်”

“ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဆရာ ခွင့်ပြုပါဦးနော်”

“ကောင်းပါပြီသမီး”

နှင်း၏အိမ်အပြန်ခြေလှမ်းများမှာ နှေးကွေးလှသည်။ အချစ်အတွက် သူလှူချင်တောင်လှူပေးလို့မရတော့ဘူးလား။

“နှင်းဘယ်တွေလျှောက်သွားနေတာလည်း ငါတို့နင့်ကိုလိုက်ရှာနေတာနှံ့နေပြီမတွေ့လို့စိတ်ပူနေတာ”

“ငါ….ဘယ်မှမသွားပါဘူးဟာ ငါကိုထွန်းကျော်အတွက် စိတ်မကောင်းဖြစ်လွန်းလို့ ဘာမှလုပ်မပေးနိုင်လွန်းကို စိတ်ညစ်နေတာနဲ့ ကန်ဘောင်မှာသွားထိုင်နေတာ”

“တော်ပါသေးရဲ့ဟာ”

“ခုကောဘယ်သွားဦးမလို့လဲ”

“ငါတစ်ယောက်တည်းနေပါရစေသူငယ်ချင်းတို့ရာ ငါမိုးမချုပ်ခင်ပြန်လာခဲ့ပါ့မယ်”

“အေးပါဟာ လမ်းလျှောက်တာသတိထားဦးနော် ငေးငေးငိုင်ငိုင်နဲ့ ကားတိုက်ခံရမယ်”

ငေးငေးငိုင်ငိုင်နှင့်ထွက်သွားသောသူငယ်ချင်းရဲ့အဖြစ်ကို ကြည့်ရင်း

“မိုးစက်ရေနှင်းကြည့်ရတာ စိတ်မကောင်းလိုက်တာဟာ”

“ဟုတ်ပရွက်သစ်ရာ အရင်ကပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ ငါတို့သူငယ်ချင်းလေး ပြောင်းလဲသွားလိုက်တာ အရင်ကနှင်းကို လွမ်းတယ်။ တစ်ခါကဆို သူအိပ်နေတုန်း နှင်းထထ မိတ္ထီလာကန်ကြီးမီးလောင်နေတယ် လို့ပြောလိုက်တာ လန့်ဖြန့်ပြီးနိုးလာပြီး ပစ္စည်းတွေကောက်သိမ်းနေတာလေ ပြီးမှ အထာပေါက်ပြီးရယ်လိုက်တာမပြောပါနဲ့ ပြီးတော့ ငါ့ကိုလည်းအဲလိုနောက်ရမလားဆိုပြီးလိုက်ထုသေးတယ်”

“ဟုတ်ပ ငါမှတ်မိတယ် မိုးစက် ငါလည်းသူ့ကို အဲဒီလိုရယ်မောနေတဲ့မျက်နှာနဲ့ပဲတွေ့ချင်တယ်ဟာ”

××××××××××××××××××××××××××××××××××××××××××××××

နှင်းတစ်ယောက် လမ်းလျှောက်ရင်းအတွေးများပျံ့လွင့်နေသည်။ ရှုပ်ရှက်ခက်နေသည့်လူအုပ်ကြားက နှင်းဟုတယုတယခေါ်မည့်ခေါ်သံကိုနားဆွင့်နေမိပြန်သည်။ သို့သော်သူမကြားစရာအကြောင်းမရှိ။ ထိုစဉ်

“နှင်း”

သူမရုတ်တရက် အံ့အားသင့်သွားသည် ။နှင်း ဟုခေါ်လိုက်သောအသံ ။ သူမကြားချင်နေသော အသံ။ အသံလာရာလမ်းကို သူမခေါင်းဝှေ့ယမ်း၍ ရှာဖွေနေမိသည်။

“နှင်းနောက်ဆုတ်”

ဟော ထပ်ကြားရပြန်ပါပြီ။ ဘယ်မှာလဲ နှင်းရှာမတွေ့ ။ နှင်းခြေအစုံကိုရပ်၍ ရှာဖွေနေမိသည်။ မတွေ့ ခေါင်းများမူးလာပြီး ထိုစဉ် မျက်စိရှေ့တွင် အလင်းတန်းစူးစူးတစ်ခု ထို့နောက်………..

××××××××××××××××××××××××××××××××××××××××××××××

စကားပြောနေသံများ ၊ လမ်းလျှောက်သံများ နားအတွင်းရှုတ်ရှပ်ခတ်စွာဝင်ရောက်လာသည်။

ကြိုးစား၍ထကြည့်သည်မရ။

ဘယ်နေရာကိုကြည့်ကြည့်ဝိုးတိုးဝါးတား။

ထို့နောက် နား အနီး စိတ်အေးသွား၍ချလိုက်တဲ့သက်ပြင်းချသံသဲ့သဲ့တစ်ချက် ကိုသေသေချာချာကြားလိုက်ရသည်။

“သားသတိရလာပြီလား”

ထွန်းကျော် ကိုစိုးရိမ်တကြီးကြည့်နေသော အမေ့ကိုတွေ့ရသည်။ ခုနကသူကြားလိုက်သောအသံပိုင်ရှင်ကိုရှာရန် သူထဖို့ကြိုးစားသည်။ သို့သော်ထ၍မရ။

“သားမထနဲ့ဦးလေ ခေါင်းမူးမယ် မေ့ဆေးအရှိန်ကပျယ်သေးတာမဟုတ်ဘူး”

အမေ့စကားမဆုံးခင် မျက်ခွံများက လေးလံလာကာ ပြန်၍အိပ်ပျော်သွားပြန်သည်။

××××××××××××××××××××××××××××××××××××××××××××××

ထွန်းကျော်တစ်ယောက်ပြတင်းပေါက်သို့ငေးကြည့်နေစဉ် တံခါးဖွင့်သံကြား၍လှည့်ကြည့်လိုက်သည်။

“ယောက်ဖသက်သာလား”

“သက်သာပါတယ်ကွာ ။ ဒါနဲ့ မင်းတစ်ယောက်တည်းလား တစ်ခြားသူတွေရော။”

မင်းနိုင်မျက်နှာပျက်သွားသွားသည် သို့သော် သူငယ်ချင်းကိုမမြင်စေလို၍

“သူတို့တွေလား ကျောင်းကိစ္စလေးတွေရှိလို့လေ အလုပ်ရှုပ်နေကြတယ် ဟ နောက်နေ့လာမှာပါ။”

မင်းနိုင်ဟန်ဆောင်ပြောနေသည်ကို  ထွန်းကျော်ရိပ်မိသည်။ သို့သော်ဘာ့ကြောင့် မိမိကိုဟန်ဆောင်ပြောနေလည်းနားမလည်နိုင်ပေ။

“မင်းဘယ်နေ့ဆင်းလို့ရမှာတဲ့လဲ”

“ငါကတော့သက်သာနေပါပြီ။ ဒါပေမယ့် နောက်တစ်ရက်နှစ်ရက်တော့လိုသေးတယ် အစားထိုးထားတဲ့ကျောက်ကပ်က ကောင်းကောင်းအလုပ်မလုပ် စောင့်ကြည့်ပြီးသေချာမှ ဆင်းခိုင်းမယ်ပြောတယ်။”

“အေးပေါ့ မင်းနေကောင်းလာတာကိုပဲ ကျေးဇူးတင်ပါတယ်ကွာ၊ နားတော့နားတော့ ဘယ်လောက်ပဲသက်သာတယ်ပြောပြော နားနေတာအကောင်းဆုံးပဲ ငါလည်းသွားတော့မယ် ကိစ္စလေးတွေရှိသေးလို့”

“အေးပါကွာ”

××××××××××××××××××××××××××××××××××××××××××××××

ထွန်းကျော်တစ်ယောက် ကျောင်းဝင်းထဲရောက်တာနဲ့ ကန်တင်းဘက်သို့ခြေဦးလှည့်လာခဲ့သည်။ ကန်တင်းဘက်မှာ ရယ်သံများကိုကြားရသောအခါ အရင်တစ်ချိန်က အချိန်တိုင်းရယ်မောပျော်ရွှင်တတ်သောကောင်မလေးကိုလွမ်းလာသည်။ ဒေါသမီးတွေလည်းငြိမ်းနေပြီမို့ မိမိကိုယ်မိမိ ဘာကို ဒေါသထွက်မိလို့ ခုလောက်ထိအခြေအနေဆိုးဝါးနေ ရတာလဲမမှတ်မိနိုင်တော့။  ထိုစဉ်

“ယောက်ဖ ကျောင်းတောင်လာနိုင်ပြီပေါ့”

မင်းနိုင်၏နှုတ်ဆက်သံကို ကြားရပေမယ့် ကျန်သူငယ်ချင်းများကမူ မိမိကိုအမြင်ကြည်ပုံမပေါ်။ ဘာကြောင့်ဤကဲ့သို့ဖြစ်နေသည်ကိုလည်းမသိပါ။ ဒါပေမယ့် သူဆေးရုံမတက်ခင်က ဖြစ်ခဲ့သောပြသနာကိုသူသေချာသိချင်သည်။ နှင်းတစ်ယောက် ဆေးရုံကိုလည်းမလာ အခုလည်းမရှိ သူမဘယ်ကိုသွားနေသလဲဆိုတာသူ မစဉ်းစားရဲ။

“နှင်းရော” ထွန်းကျော် မရဲတရဲမေးလိုက်ရတော့သည်။

“ဘာလို့တွေ့ချင်တာလဲ” ရွက်သစ်၏ဘုစပ်စပ်သံကအမြင်ကပ်ချင်စရာ။

“ကျွန်တော်သူ့ကိုမေးစရာရှိတယ်”

“ဘာလဲ မဟုတ်တမ်းတရားတွေစွပ်စွဲပြီး ထပ်ပြီးဒုက္ခပေးမို့လား”

“ဘာ….. ကျွန်တော်ကဒုက္ခပေးမယ်ဟုတ်လား ကျွန်တော်ပေးတာမဟုတ်ဘူး သူပေးခဲ့တာ ကျွန်တော့နှလုံးသား ရက်ရက်စက်စက်နင်းခြေသွားတာ ဆေးရုံကိုလည်းတစ်ချက်လေးတောင်မလာဘူး ကျွန်တော်ဒီလိုဖြစ်နေတာသူမသိတာလား ဒါမှမဟုတ် ဟိုအကောင်နဲ့ပျော်ပါးပြီးမေ့နေတာလား”

“ဖြောင်းးး”

ပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်သွားသည်။ ရွက်သစ်တစ်ယောက် ဘာကိုမှမပြောနိုင်အောင် အသားတဆတ်ဆတ်တုန်နေလေပြီ ။ ထွန်းကျော်လည်း ရွက်သစ်ဘာကြောင့် မိမိကို ပါးရိုက်လိုက်သနည်း စဉ်းစားမရ သို့သော် သူစိတ်အရမ်းတိုလာသည်။

“ရွက်သစ်……ဘာလုပ်တာလဲ”

“ဘာလုပ်တာလဲဟုတ်လား နင့်အမှားကိုနင်မသိဘူးနော် နင်နှင်းကို တကယ်မြတ်မြတ်နိုးနိုးချစ်တာကောဟုတ်ရဲ့လားဟာ”

“ချစ်တာပေါ့ဟ အရမ်းချစ်တာ ငုံထားမတတ်ချစ်တာ အဲဒါကြောင့်လည်းဒီလောက်ခံစားနေရတာပေါ့” ထွန်းကျော်ယောကျာ်းတန်မဲ့မျက်ရည်များအလိုလိုစီးကျလာသည်။ ကန်တင်းတစ်ခုလုံးလည်းတိတ်ဆိတ်ကာ သူတို့နှစ်ယောက်ကိုသာ စောင့်ကြည့်နေကြတော့သည်။

“ချစ်ရင် နင်သူ့ကို ပွင့်လင်းရမှာ ပေါ့ နင်သူနဲ့ပတ်သတ်လို့ နားမလည်တာရှိရင်မေးရမှာပေါ့ သူ့ဖြေရှင်းချက်ကိုနင်နားထောင်ပေးသင့်တာပေါ့ အခုတော့ နင့်အထင်နင့်အမြင်တွေနဲ့ တဖတ်လူကို ပစ်ပစ်ခါခါပြောထွက်တဲ့ နင့်ကို ငါတကယ်အံ့ဩတယ်ဟာ။ တစ်ဖက်လူက နင့်ရန်သူလည်းမဟုတ် နင်အရမ်းမြတ်မြတ်နိုးနိုးချစ်ပါတယ်ဆိုတဲ့ နင့်ချစ်သူလေ”

“ဟုတ်ပါတယ်ကျွန်တော်လွန်တာကျွန်တော်နားလည်ပါတယ် ခုလည်းသူ့ကိုမေးနေတယ်ဆိုတာ သူ့ဆီကဖြေရှင်းချက်လိုချင်လို့ပါ”

“နင်သူ့ကိုတကယ်တွေ့ချင်သလား။ သူ့ဖြေရှင်းချက်တကယ်နားထောင်ချင်သလား။ နင်သူ့ဖြေရှင်းချက်နားထောင်ပြီးမှ စိတ်ဆိုးသင့်မဆိုးသင့်တွေးမှာသေချာလား”

“အေးပါဟာ သူဘယ်မှာလည်း”

“မင်းနိုင် နင်သူ့ကိုခေါ်သွားပေးပါလား ငါမလိုက်ချင်ဘူး”

“လိုက်ခဲ့ပါရွက်သစ်ရာ ငါတို့အားလုံးသွားရင် သူပျော်မှာပါ ”

ထွန်းကျော်စိတ်ထဲတွင်တော့ နှင်းထံမှကြားရမည့်ဖြေရှင်းချက်တွေကို သိချင်နေပြီဖြစ်သည်။

××××××××××××××××××××××××××××××××××××××××××××××

ထွန်းကျော် ဘယ်လိုမှ မယုံကြည်နိုင် နှင်း….. နှင်းဘယ်လိုဖြစ်တာလဲ????????????

မင်းနိုင်ကို လှည့်ကြည့်တော့လည်း ခေါင်းငုံကာနေတော့သည်။ ရွက်သစ်တို့ မိုးစက်တို့လည်းမျက်ရည်လေးတွေဝဲလို့

“မနှင်းဟန်ဖြိုး

အသက် (၁၈) နှစ်”

ထွန်းကျော်ဘယ်လိုမှ ဖြေမဆည်နိုင်

“ဘယ်လိုတွေဖြစ်ကုန်တာလဲဟာ ဘယ်လိုတွေဖြစ်တာလဲ ငါ့ကိုလည်းပြောကြပါဦးကွာ”

ရွက်သစ်တို့ကတော့ ဘာမှကိုမပြောငို၍သာနေနေကြသည်။

“စိတ်အေးအေးထားပါသူငယ်ချင်းရာ ငါအစအဆုံးပြောပြပါမယ်”

ထွန်းကျော်တစ်ယောက် မင်းနိုင်စကားအစချီနေသည်ကိုပင်သည်းခံနိုင်စွမ်းမရှိတော့ပဲ

“မြန်မြန်ပြောပြပါကွာငါအရမ်းသိချင်နေပြီ”

“တကယ်တော့ မင်းအထင်နဲ့စွပ်စွဲခဲ့တဲ့ကောင်လေးက လေကြောင်းသိပ္ပံက နှင်းရဲ့အမွှာမောင်လေး အဲဒီနေ့ကသူ့မောင်လေးက ကျောင်းလိုက်ပို့မယ်ပြောနေတာနဲ့ လိုက်ပို့ခိုင်းလိုက်တာ။ မင်းအဆောင်ကို ရောက်သွားရင် သူငယ်ချင်းတွေကိုသေချာပြောပြပေးဖို့အထပ်ထပ်မှာခဲ့တယ်တဲ့ ဒါပေမယ့်မင်းက အဆောင်ကိုမရောက်ခင် သူတို့ကိုအရင်တွေ့ခဲ့တယ်လေ နောက်မင်းသူ့ကို ဖြေရှင်းချက်တောင်းခဲ့လား မတောင်းခဲ့ဘူးလေ ပိုးစိုးပတ်စက်ပြောပြီးမင်းထွက်သွားခဲ့တယ် ငါမင်းကိုပြောပြဖို့ ငါ ရည်ရွယ်ပါသေးတယ် မင်းက နှင်းအကြောင်းစကားကို စမရအောင် လုပ်ခဲ့တယ်လေ ပြီးတော့ မင်းတစ်ချိန်လုံးမူးနေခဲ့တယ် ”

ထွန်းကျော်ဘာမှမပြောနိုင် နှင်းအုတ်ဂူလေးကိုမှီပြီး မင်းနိုင်ပြောသမျှကို နားထောင်နေရသည်။ သို့သော် သူ့အမှားတွေအတွက် သူ့မှာ နားထောင်နိုင်စွမ်းမရှိတော့ပေ။

“မင်းအဲလိုမူးနေတဲ့တစ်လျှောက်လုံးနှင်းလည်းမျက်ရည်နဲ့မျက်ခွက်ပါပ။ဲ ဒီလိုနဲ့ မင်းဆေးရုံတင်လိုက်ရတယ် မင်းကျောက်ကပ်က ဘယ်လိုမှ မရတော့ဘူးလေ။ ကျောက်ကပ်အစားထိုးနိုင်မှအသက်ဆက်နိုင်မှာကိုး။ ဒါနဲ့ သူဆရာဝန့်ကို သူ့ကျောက်ကပ်လှူဖို့သွားဆွေးနွေးခဲ့သေးတယ် တဲ့။ ဒါကတော့ မင့်ဆရာဝန်ကပြန်ပြောပြလို့သိခဲ့ရတာပါ။ ”

“အေးပါကွာငါနားလည်ပါပြီ ဒါပေမယ့်ဘယ်လိုဖြစ်ရတာလဲကွာ သူဘာလို့ ဒီထဲမှာလာအိပ်နေရတာလဲ”

“စိတ်ထိန်းပါဦးကွာသူငယ်ချင်းရာ ငါပြောပြပါ့မယ်။”

ထွန်းကျော်မိမိကိုယ်ကို သာသတ်ပစ်ချင်စိတ်ပေါက်နေသည်။ အမှားတွေကိုဆက်တိုက်ကျူးလွန်နေခဲ့မိသည်။

“တစ်ရက်မင့်စိတ်နဲ့ နှင်းတစ်ယောက် စိတ်ပြေလက်ပျောက်လမ်းလျှောက်ထွက်မယ်ပြောတော့ သူငယ်ချင်းတွေကလည်း အခန်းထဲပဲအောင်းနေတဲ့သူ အပြင်ထွက်မယ်ဆိုတော့ ထွက်ပါစေဆိုပြီးလွှတ်လိုက်တယ် လိုက်ခဲ့မယ်ပြောတာလည်း နှင်းကအလိုက်မခံဘူးလေ။ ဒီလိုနဲ့ပဲ လမ်းလျှောက်ရင်းလမ်းစုံရောက်နေတာသတိမထားမိဘူးထင်ပါရဲ့ တစ်ဖက်ကမီးပွိုင့်လွတ်လို့ကွေ့လာတဲ့ကားကဝင်တိုက်မိတာ”

“ဖြစ်မှဖြစ်ရလေနှင်းရယ် ကိုယ့်ကိုခွင့်မလွှတ်ပါနဲ့ကွာ မင်းသေရမှာမဟုတ်ဘူး ကိုယ်သာသေသင့်တဲ့သူပါကွာ”

ထွန်းကျော်ကလေးတစ်ယောက်လိုငိုကြွေးနေမိတော့သည်။

“နင်သေလို့မရဘူး နင်အသက်ဆက်ဖို့သူ့အသက်ပေးခဲ့တာဟ။ သူဆေးရုံကိုရောက်တော့ သူကိုမကယ်ပါနဲ့တော့ သူ့ကျောက်ကပ်ကိုမင်းကိုလှူတယ်ဆိုပြီး သူ့အမေကိုတတွတ်တွတ်မှာသွားရှာတာ အဲဒါနင်သိလားထွန်းကျော်ရဲ့အဲဒါကိုနင်ကသေချင်နေသေးတာလားထွန်းကျော်ရဲ့” မိုးစက်တစ်ယောက် ထွန်းကျော်ကိုစိတ်တိုလာသဖြင့် ထုရိုက်ရင်းတတွတ်တွတ်ရေရွတ်နေတော့သည်။

“အေးပါဟာ ကျွန်တော်မှားပါတယ်ဗျာ ကျွန်တော့ကိုခွင့်မလွှတ်ကြပါနဲ့ဗျာ”

“နင့်ကို ငါတို့စိတ်ရင်းနဲ့သာဆိုခွင့်မလွှတ်ဘူး သေတောင်ခွင့်မလွှတ်ဘူး နင့်လိုလူနဲ့ ငါတို့သူငယ်ချင်းရဲ့ပေးဆပ်ရဲတဲ့အချစ်ကလုံးဝမတန်လို့ အေးဒါပေမယ့် သူအသက်မထွက်ခင် ငါတို့ကို အထပ်ထပ်ဂတိတောင်းခဲ့တာမို့  နင့်ကိုငါတို့ခွင့်လွှတ်တယ် သူကိုယ်တိုင်လည်းနင့်ကိုမမုန်းတဲ့အကြောင်းနင့်ကိုပြောပေးဖို့အထပ်ထပ်မှာခဲ့တာဟ”

ပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်နေသဖြင့် ငိုသံသဲ့သဲ့လေးများနှင့်ရှိုက်သံများက သိသာစွာကြားနေရသည်။ သစ်ရွက်လေးများကကြွေကျလာသည်။ မလှမ်းမကမ်းမှသစ်ငုတ်တိုရှိ ဥ ဩ ငှက်က ဆွေးဆွေးမြေ့မြေ့ နှင့်မြည်သံပေးနေရှာတော့သည်။

ဆောင်းရာသီ ဆိုတာ ဥဩ တွန်သံကြားရင် ဖြင့်ကုန်လွန်ရပြီမို့……………………………………………………………….

ဆက်လက်ကြိုးစားပါဦးမည်……..

10 comments

  • မမချွိ

    August 11, 2016 at 12:36 pm

    😥

    😥

    😥

    • Foolish Girl

      August 11, 2016 at 1:16 pm

      ငိုနဲ့နော်တိတ်တိတ်

      • Foolish Girl

        August 11, 2016 at 1:51 pm

        မမချွိ ကိုယ့်စာကိုယ်စာပြန်စီရင်းငိုချင်လာတယ်သိလားဟင့်ဟင့်

  • Thint Aye Yeik

    August 11, 2016 at 2:30 pm

    အသက် ၁၈ နှစ် ဆိုတော့လည်း… အချစ်အတွက်…ဘာမဆို စွန့်လွှတ်ရဲတယ်ဆိုတဲ့ စိတ်တွေ ကြီးစိုးနေချိန်ပေါ့လေ…

    ကိုရီးယားဇာတ်လမ်းထက်တောင် ကောင်းသေး…

    • Foolish Girl

      August 11, 2016 at 2:44 pm

      အင်း တက္ကသိုလ်တတိယနှစ်အရွယ်လေ လေတိုက်ရင်တောင်ရယ်တတ်တဲ့အရွယ်နဲ့ ရင့်ကျက်တဲ့အရွယ်စပ်ကြားကာလသားသမီးတွေပေါ့

    • Foolish Girl

      August 12, 2016 at 11:31 am

      Thint Aye Yeik ရေ နွေဥဩ က တကယ်ပဲကောင်းသလားဟင်။
      ပထမဆုံးသော ဝတ္ထု တိုလက်ရာဆိုတော့ စာသားအသုံးအနှုံးကကိုယ့်ကိုကိုယ် အားမရဘူးရယ်

  • ဂျစ်စူ

    August 11, 2016 at 11:25 pm

    ဇာတ်သိမ်းမှာ ညားပေးဘာလို့ အတန်တန် မှာထားဒါတောင်
    😳

    • Foolish Girl

      August 12, 2016 at 9:05 am

      စိတ်ချိုးပါနဲ့ ဂျစ်စူရယ် ရေးထားပြီးသားဇာတ်လမ်းမို့မပြောင်းတော့တာပါ နောက်မှအသစ်ရေးပေးမယ်နော် 😀

  • Ma Ei

    August 12, 2016 at 12:33 pm

    နှစ်ခုရှိတဲ့ ကျောက်ကပ်ထဲက တခုပေးလိုက်တယ်ဆိုတော်သေးကွယ် ပျော်ပျော်ရွှင်ရွှင်ဇာတ်သိမ်းမလားလို့ ခုတော့ တစ်ခုဘဲရှိတာကို အသေခံပေးခဲ့တော့ ကားသမားလဲ ဒုက္ခရောက် မိဘလဲရင်ကျိုး စာဖတ်သူတွေလဲ စိတ်မကောင်းဖြစ် သူတော်တော်ဆိုး…….

    • Foolish Girl

      August 12, 2016 at 1:01 pm

      အဟိ ပျော်ရွှင်ကြည်နူးဝမ်းနည်းကြေကွဲ

Leave a Reply