မြန်မာ့ဂဇက် အယ်ဒီတာ့သင်ပုန်း – ဩဂုတ် ၂၀၁၈

kaiJuly 29, 20181min3152

ယခုနှစ်၏ ဩဂုတ်လ ၈ရက်နေ့တွင် ၈လေးလုံးအရေးတော်ပုံ နှစ်၃ဝပြည့်သည်ဖြစ်ကာ ဒေါ်အောင်ဆန်းစုကြည်၏အစိုးရလည်းသက်တမ်းပြည့်၅နှစ်၏ တဝက်ရပြီဖြစ်ပါသည်။ တိုင်းပြည်အနှံ့ဗိုလ်ချုပ်အောင်ဆန်း၏ရုပ်ထုလိုက်စိုက်ထားခြင်းကိစ္စနှင့်
ဒေသခံတိုင်းရင်းသားတို့အသံများထွက်လာသည်နှင့်အမျှ ပြီးစီးသွားသော ၂၁ရာစုပင်လုံညီလာခံတွင်လည်း ဖယ်ဒရယ်၊ခွဲထွက်အသံများကြားလာနေရသည်။ အထူးသဖြင့် မြန်မာတိုင်းရင်းသားစုံ ပြောင်းခိုအခြေချနေကြသော အမေရိကားပြည်တွင်မှု
လွတ်လပ်သောနိုင်ငံနှင့် လွတ်လပ်သောလူမျိုးများအထိပင် မြန်မာတိုင်းရင်းသားတို့ ထလုပ်နေကြသည်။ ဟိုမှာဖက်ပြည်တွင်းမှသည်းမခံနိုင်သည်များ ပေါက်ထွက်ကုန်သည်ဆိုပါစို့။ သို့နှင့် သမိုင်းပြန်လှန်ပါသည်။
၂၁ရာစုအမြင်ဖြင့် ယခုလှန်ချလိုက်သောသမိုင်းသည် ပုံမှန်အမြင်အတွေးအခေါ်တို့မှ ကွဲမည်ဖြစ်ပါသည်။ Think Different
ဟုသာယူကြစေလို..

မြန်မာ/ဗမာ
၁၈၂၆ခုနှစ်ထုတ် ဆရာယုဒသန်၏ “A DICTIONARY OF THE BURMAN LANGUAGE” စာမျက်နှာ ၂၈ရတွင် “မြန်မာ”ကို
အောက်ပါအတိုင်းရေးထားသည်။

{{ မြန်မာ, (commonly written မြမ္မာ, and pron. ဗျမ္မာ, ) adj, of, or pertaining ro Burmah or the Burmans–under which
are included seven divisions or distinct races, viz. မြမ္မာကြီး, or ရခိုင်, the Aracan ; မြမ္မာဖထောင်, the Burman proper ;
တလိုင်း, the Pegu ; ချင်း, the Kyen ; ကရင်, the Ka-yen ; ယော, the Yaw ; and ဓားဝယ်, the Tavoy.}}

၁၉၃၈ သခင်ဘသောင်း ဦးစီးတည်ထောင်ခဲ့သော တို့ဗမာအစည်းအရုံးသမိုင်း စာမျက်နှာ ၁၃၃တွင် “ဗမာ”စာလုံးတီထွင်ထားပုံကို
ရှင်းပြရေးထားသည်။

{{အသံထွက် မာကျော ၍ သုံးစွဲသည်။ တဖန် “ဘ”ကုန်းနှင့် “ဘမာ”ဟု မရေးဘဲ “ဗ”လချိုက်နှင့် ရေးခြင်းမှာလည်း “ဘ”သည် ရံဖန်ရံခါ
“ဖ”သံထွက်သ ဖြင့် စိတ်မချရသောကြောင့် “ဗ”လချိုက်နှင့် “ဗမာ”ဟု ရေးသည်။ (တို့ဗမာအစည်းအရုံးသမိုင်း၊
ခေတ်သစ်လူငယ်တစုနှင့် တို့ဗမာ ဝါဒအစ၊ စာ ၁၃၃)}}

ပုဂံခေတ်မှ ကုန်းဘောင်ခေတ်အထိ မြန်မာ ဟူသော ဝေါဟာရသည် နိုင်ငံနှင့်လူမျိုးကို ရည်ညွှန်းကြောင်း ကျောက်စာ၊ပေရွက်တို့တွင်တွေ့ရသည်။ သို့သော် ခရစ်ယာန်သာသနာပြုများနှင့် အနောက် နိုင်ငံသားများက မြန်မာနို်င်ငံကို ခေါ်ဝေါ်သုံးစွဲရာတွင်ဘာမားဟု Burmah ဟုသုံး စွဲပြီး မြန်မာလူမျိုးကို ဘားမင်း Burman ဟု ကနဦးသုံးစွဲခဲ့ကြသည်။ ထို့နောက် ၁၉၃ဝ ပြည့်နှစ်တွင်တို့ဗမာ အစည်းအရုံး ပေါ်ပေါက်လာသောအခါ “ဗမာပြည်” ၊“ဗမာ” အသုံးအနှုန်းများ တွင်ကျယ်လာခဲ့ သည်။ သို့စေကာမူ ၁၉၄၈ ခုနှစ်ဇန်နဝါရီလ (၄)ရက်နေ့တွင်ထုတ်ပြန်သော “လွတ်လပ်ရေး ကြေညာစာတမ်း”အပါအဝင် မြန်မာနိုင်ငံလွတ်လပ်ရေး ရချိန်မှစ၍
နို်င်ငံနှင့်လူမျိုးကို “မြန်မာ”ဟု တသမတ်တည်း သုံးစွဲခဲ့သည်။

မြန်မာတို့တွင် လူမျိုး၊နိုင်ငံအမည်တို့ပေးကြတပ်ကြရာတွင် အလွန်ရှုပ်ထွေးနေကာ စံနှုန်းလည်းသတ်သတ်မှတ်မှတ်မရှိ။
ဝေါဟာရ/စကားကိုဖြစ်သလိုသုံးရင်း အားနည်းလွန်းလှသည်။ တကမ္ဘာလုံးမှတိတိကျကျ အဓိပ္ပါယ်သတ်မှတ်ရှိပြီးသည့် အမေရိကား(America)နှင့်အမေရိကန်(American)ကိုပင်ခေါ်ချင်သလိုခေါ်နေရေးနေကြသည်ကိုတွေ့ရသည်။
သမ္မတထရမ့်၏ မူလကျောရိုးပေါ်လစီကိုပင် “အမေရိကန်ပထမ”လုပ်နေကြပေရာ အမေရိကန်ဖြစ်သော ကျွန်ုပ်တို့မှာဘယ်နေရာရောက်မှန်းမသိဖြစ်ကြရကုန်၏။ မြန်မာနိုင်ငံရန်ကုန်မြို့၏ အမေရိကသံရုံးမှ
ပြန်တမ်း၊ကြေညာချက်ထုတ်တိုင်း အမေရိကနိုင်ငံတော်အား အမေရိကန်ဟုခေါင်းစဉ်တပ် Facebookတွင်ဝိုင်း၍ဆဲဆိုရေးသားနေကြသဖြင့် မျက်နှာတော်ပူရချေသေး၏။ မြန်မာ ပြည်နယ်အမည်များကိုလည်း
လူမျိုးစုနာမည်ပေးထားကြယုံမက ကုလား၊ တရုတ်၊ ဘင်္ဂလီ၊ ရိုဟင်ဂျာ၊ ထိုင်း၊ ယိုးဒယား တို့ဖြင့် စကားလုံးတို့နှင့်စစ်ပွဲကြီးများဖြစ်ကုန်နိုင်သည့်လမ်း ဆက်လျှောက်လျှက်တည်း။

နိုင်ငံနှင့်ပြည်
တိုက်ခိုက်သိမ်းပိုက်ကာ စုစည်းတည်ထောင်ထားသည်ကို “နိုင်ငံ”ခေါ်သည်။ ပြည်နယ်၊တိုင်းပြည်တို့ စုစည်းပေါင်းစုထားသည်ကို”ပြည်”ဟုခေါ်မည်။
အမေရိကားပြည်သည် ယခု အာရီဇိုးနား၊ကယ်လီဖိုးနီးယား၊ နယူးမက်ဆီကို၊ တက်ခ်ဆပ်နယ် တို့ကို မက်ဆီကိုနှင့်စစ်ဖြစ်ပြီးနောက်၁၈၄၈တွင် စာချုပ်နှင့်တကွ စစ်စရိပ်ထား နှိမ်ဝယ်ယူထားခဲ့သည်ဖြစ်၏။ ထိုပြည်နယ်တို့တွင်
မူလဌာနေတိုင်းရင်းသားအင်ဒီယန်းများနှင့်အတူ မက်ဆီကန်၊စပန်းနစ်များလည်းအတူပါလာသည်ဖြစ်ပါသည်။ ထိုသူ စပန်းနစ်၊မက်ဆီကန်တို့သည် မြေပိုင်ခွင့်ဆိုင်ခွင့်ရှိသည်မပြောနိုင်ကြပေ။

မြန်မာနိုင်ငံနယ်နမိတ်
ပထမအင်္ဂလိပ်မြန်မာစစ်၊ (၁၉၂၄-၁၈၂၆) ဖြစ်၍ မြန်မာတို့စစ်ရှုံးသောအခါ အာသံ၊မဏိပူရနှင့် ရခိုင်၊ တနင်္သာရီနယ်တို့ ကျခဲ့သည်။
ဒုတိယ အင်္ဂလိပ်-မြန်မာစစ်(၁၈၅၂) တွင်အောက်မြန်မာနိုင်ငံ ကျခဲ့ကာ ၁၈၈၅ ခုနှစ်တတိယအကြိမ် ဗြိတိသျှတို့ ထိုးစစ်ဆင်ရာ၌မန္တလေးနေပြည်တော် ကျကာ သီပေါဘုရင်အား သုံ့ပန်းအဖြစ် ဖမ်းဆီးပြီး အိန္ဒိယနိုင်ငံ ဘုံဘေနယ်ရှိ ရတနာဂီရိသို့ ပို့၍
အကျယ်ချုပ်နှင့် ထိန်းသိမ်းလိုက်တော့သည်။ ၁၈၈၆ ခုနှစ် ဇန်နဝါရီလ (၁၀) ရက်နေ့တွင် အိန္ဒိယဘုရင်ခံချုပ်ကမြန်မာ့ဘုရင်ပိုင်နယ်မြေအားလုံးကို ဗြိတိသျှကိုလိုနီနယ်အဖြစ် ကြေညာလိုက်၏။

ဗြိတိသျှကိုလိုနီဘဝတွင် ချိုင်းနား၊ ထိုင်းတို့နှင့် နယ်မြေ၊နိုင်ငံနယ်နမိတ် နယ်စပ်ကိစ္စတို့ စကားပြောရ နယ်စပ်စည်းမျဉ်းသတ်မှတ်ရတိုင်းအင်္ဂလိပ်တို့က မြန်မာဘုရင်ကို ပဏ္ဍာဆက်၊ အခွန်ကောက်နှင့် ကျေးလက်ရွာသူကြီးအထိသမိုင်းအထောက်အထားတို့ပြန်ရှာပြီးမြန်မာပိုင်နယ်နမိတ်နယ်မြေဖြစ်ခဲ့ကြောင်း နိုင်ငံခြင်းညှိကြရပေသည်။
ချိုင်းနားမှ ကချင်ပြည်နယ်အပါအဝင် သံလွင်အရှေ့ပိုင်းများကို သူတို့၏ နိုင်ငံမြေပုံထဲထည့်ထားသည့်ကိုစ္စတို့တွင် အင်္ဂလိပ်တို့သည်ဤနည်းနှင့်ဖြေရှင်းခဲ့ကြသည်ဖြစ်ပါ၏။ မေခ- သံလွင် ရေဝေကုန်းတန်းများကိုလည်း အင်္ဂလိပ်က မိမိတို့ပိုင်နက်ဖြစ်သည်ဆိုကာချိုင်းနားပြည်အားစစ်ရေးအရဖြေရှင်းမည်အထိပင် ရာဇသံပေးယူထားးခဲ့ခြင်းဖြစ်သည်။
သို့ဆိုသော် မြန်မာနိုင်ငံမြေနယ်နမိတ်ဟုသည် မြန်မာနောက်ဆုံးဘုရင်သီပေါမင်းအုပ်ချုပ်မင်းလုပ်ပိုင်တော်မူသောနယ်မြေသာလျှင်ဖြစ်ကြောင်း နိုင်ငံတကာဥပဒေကြောင်းအရ ထင်ရှားသည်။ထိုကာလ မြန်မာနိုင်ငံဟူသည်
ကုန်းဘောင်မင်းဆက်တို့စစ်တိုက်သိမ်းသွင်းနိုင်ထားသော တိုင်းပြည်နယ်နမိတ်သာလျှင်ဖြစ်ကာ တိုင်းရင်းသားပေါင်းစုြံဖြင့်စုစည်းတည်ထောင်ထားသော ပြည်ထောင်စုကားမဟုတ်။

ထိုမှသည် ကမ္ဘာနှင့်မြန်မာ ဆက်စပ်နိုင်သော Timeline ကိုချရေးပါမည်။

– စက်တင်ဘာ ၁ ၁၉၃၉ တွင်ဒုတိယကမ္ဘာစစ်ကြီး စတင်ဖြစ်ကာ စက်တင်ဘာ ၂ ၁၉၄၅ တွင်ပြီးဆုံးသည်။
– ဧပြီ ၁၉၄၁ တွင် သခင်အောင်ဆန်း မြန်မာပြည်မှလျှို့ဝှက်စွာထွက်ခွာ၍
ဂျပန်စစ်တပ်အဆက်အသွယ်ဖြင့်ဖော်မိုဆာကျွန်းတွင်စစ်ပညာသင်ကြားရန်ပြင်ဆင်သည်။
– ဩဂုတ် ၁၄ ၁၉၄၁ တွင် UK မှ ဝန်ကြီးချုပ် ဝင်စတန်ချာချီနှင့် US သမ္မတရုစဘဲ့တို့ ကမ္ဘာစစ်အပြီးကမ္ဘာသစ်အခြေအနေကိုပုံဖေါ်မျှော်မှန်းသည့် Atlantic Charter ကို လက်မှတ်ရေးထိုးစာချုပ်သည်။ စာချုပ်တွင် အချက်
၈ချက်ပါဝင်ကာ အဓိကမူအရ ကိုလိုနီပြုထားသော နယ်မြေဒေသတို့ကို ဒေသခံများ၏ဆန္ဒမူ၍ စွန့်လွှတ်ကြရန်ဖြစ်သည်။
– အောက်တိုဘာ ၁၉၄၁ ချာချီ၏ဖိတ်ခေါ်မှုကြောင့် အင်္ဂလန်ရောက်စဉ် ဦးစောနှင့်ဦးတင်ထွဋ်တို့ ဒိုမီနီယံအဆင့်ရရန် တိုက်ရိုက်တောင်းသည်။
– ဒီဇင်ဘာ ရ ၁၉၄၁ တွင် ဂျပန်ပြည်မှ အမေရိကား၏ ပုလဲဆိပ်ကမ်းကိုဗုံးကြဲတိုက်ခိုက်သည်။
– ဒီဇင်ဘာ ၁၄ ၁၉၄၁ တွင် မြန်မာနိုင်ငံတောင်ပိုင်း Victoria Point ၊ ဒီဇင်ဘာ ၂၃ ၁၉၄၁ တွင် ဂျပန်တပ်မှ ရန်ကုန်၊ မေ ၁ ၁၉၄၂ တွင်မန္တလေး၊ မေ ၈ တွင် မြစ်ကြီးနားတို့ကိုဝင်ရောက်တိုက်ခိုက်သည်။ ဂျပန်တို့၏ မြန်မာပြည်ဝင်အဓိကရည်ရွယ်ချက်မှာချိုင်းနားသို့ထောက်ပို့နေသော Burma Road ကိုဖြတ်တောက်ရန်ဖြစ်သည်။
– ဒီဇင်ဘာ ၂၆ ၁၉၄၁ တွင် ရဲဘော်သုံးကျိတ်သည် ထိုင်းနိုင်ငံဘန်ကောက်မြို့၌ သစ္စာရေသောက်ကြသည်။ BIA တပ်မတော်မှ ရန်ကုန်မြို့သို့ မတ် ၁၉၄၂ တွင်ရောက်ရှိရာ ထိုအချိန်တွင် အင်အား ၁သောင်းရှိနေပြီဖြစ်သည်။
– ဩဂုတ် ၁ ၁၉၄၃ တွင် ဂျပန်ဆီမှ မြန်မာနိုင်ငံလွတ်လပ်ရေးရသည်။
– ဇူလိုင် ၁၉၄၄တွင် မဟာမိတ်တပ်မှ အာသံကိုပြန်သိမ်းပိုက်သည်။ ချိုင်းနိစ်တပ်မှ မြစ်ကြီးနားကို ဂျပန်ဆီမှပြန်လည်သိမ်းပိုက်သည်။
– ဩဂုတ် ၂၈ရက် ၁၉၄၅ တွင် ဂျပန်လက်နက်ချအခန်းအနားကို ရန်ကုန်မြို့တွင်တွင်ကျင်းပရာ အင်္ဂလိပ်ဗိုလ်ချုပ်ဘရောင်းနင်းနှင့်ဂျပန်ဖက်မှ ဗိုလ်ချုပ် နုမတ တက်ရောက်လက်မှတ်ထိုး၍ Burma Campaign 1941-1945 မဟာမိတ်တို့၏မြန်မာပြည်သိမ်းတိုက်ပွဲပြီးဆုံးသည်။
– စက်တင်ဘာ ၁၉၄၆ တွင် ဦးအောင်ဆန်း ဦးဆောင်ပြီး ပြည်လုံးကျွတ် အထွေထွေသပိတ်ကြီး ဖြစ်ကာ ဝန်ထမ်း၊ပုလိပ်များပါသပိတ်မှောက်သဖြင့် အင်္ဂလိပ်အစိုးရယန္တရားရပ်တန့်သွားသည်။
– ဇူလိုင် ၁၉ ၁၉၄ရ တွင် ဦးအောင်ဆန်းနှင့် ကက်ဘိနက်ဝန်ကြီး ၆ယောက် လုပ်ကြံခံရသည်။
– ဩဂုတ် ၁၄ ၁၉၄ရ တွင်ပါကစ္စတန်ပြည်၊ ဩဂုတ် ၁၅ ၁၉၄ရ တွင်အိနိ္ဒယပြည်လွတ်လပ်ရေးရသည်။
– အောက်တိုဘာ ၁ ၁၉၄ရ တွင် နု-အက်တလီစာချုပ် ချုပ်သည်။
– ဇန်နဝါရီ ၄ ၁၉၄၈ တွင် ပြနန်မာနိုင်ငံလွတ်လပ်ရေးရသည်။
– ဖေဖော်ဝါရီ ၄ ၁၉၄၈တွင် စီလုံ (နောင်တွင် သီရိလင်္ကာ) နိုင်ငံလွတ်လပ်ရေးရသည်။

ဒုတိယကမ္ဘာစစ်မစမှီကထဲက အင်္ဂလန်သည်သူ၏ကိုလိုနီနယ်တော်တေ်ာများများကို လက်လွတ်လိုက်ရပြီဖြစ်သည်။
ကမ္ဘာစစ်အပြီး မွဲပြာကျကာ အမေရိကားဆီမှပင် ဒေါ်လာ၄.၃၃ဘီလီယံဒေါ်လာချေးယူရသော ဗြိတိန်တွင် ချာချီပြီးနောက်၁၉၄၅တွင်အက်တလီတက်လာသည်။ တပြိုင်တည်းတွင် ဝင်ရိုးစွန်းနိုင်ငံတို့အား ကမ္ဘာစစ်ကြီးတွင် မဟာမိတ်ဖက်မှအတူတိုက်ခဲ့သောအိန္ဒိယမှာ လွတ်လပ်ရေးရရန်အခွင့်အရေးဆိုက်နေပြီဖြစ်သည်။ ၁၉၄၂ခုဇူလိုင်လ ၁ရက်နေ့တွင် ဂန္ဒီသည်ထိုစဉ်ကအမေရိကန်သမ္မတရုဇဘဲ့ဆီသို့ My personal position is clear. I hate all war. ပါသည့်စာရေးကာ
အက်တလန်တစ်ချာတာအတိုင်းလွတ်လပ်ရေးရယူခွင့်အတွက် အကူအညီတောင်းခဲ့သည်။
အရှေ့အလယ်ပိုင်းတွင် ပါလက်စတိုင်း/အာရတ်များနှင့် ဂျူးတို့ ပြသနာတက်ကြသည်။ အိနိ္ဒယပြည်နှင့် ပါကစ္စတန်ပြည်ကွဲကာ ဟိန္ဒူနှင့် မွတ်စလင်များ သိန်းချီအသက်ဆုံးရှုံးခဲ့ပေသည်။
ထို့နောက် ဂျပန်-မဟာမိတ် တို့ကို ဟိုဖက်ဒီဖက်ကပ်လိုက်လုပ်သွားသော မြန်မာတို့ကို လွတ်လပ်ရေးပေးခဲ့သည်။

အဆိုပါ Time line ကြည့်လျှင် မြန်မာတို့၏ မှားသွားသည်ယူဆရမည့် ခြေလှမ်းတို့ကို မှန်းမိဖမ်းသိနိုင်ပါသည်။ အတိတ်သမိုင်းဟူသည်မအ,အောင်ပင်မဟုတ် ပစ္စုပ္ပန်၊အနာဂတ်အတွက် လေ့လာဆည်းပူး အမှားပြင်ရန်ကိုးကားလေ့လာစရာမဟုတ်ပါလော။
မေးခွန်းများရှိသည်။
– ဦးစောနှင့် ဦးတင်ထွဋ်တို့ ဗြိတိသျှဝန်ကြီးချုပ် ချာချီနှင့် သွားညှိကြသော ဒိုမီနီယံအုပ်ချုပ်ရေးတောင်းယူခြင်းသာအကောင်အထည်ပေါ်ခဲ့လျှင်၊
– ဗိုလ်ချုပ်အောင်ဆန်းသာ ရဲဘော်သုံးကျိတ်ဖွဲ့ ၃လမျှစစ်ပညာကို ဂျပန်ဆီမှာသင်ယူကာ မြန်မာနိုင်ငံကို ဂျပန်နှင့်အတူပြန်မဝင်ခဲ့လျှင် ။
– ဂျပန်ကို တပ်တွင်းပုန်ကန် ပြန်တော်လှန်ကာ မဟာမိတ်ဖက်ပြန်မကပ်ခဲ့လျှင် ။
– သခင်သိန်းဖေသာ အိနိ္ဒယသွား မဟာမိတ်နှင့်ပူပေါင်းစဉ်တွင် ဘုံဝါဒမတည်ထောင်ခဲ့လျှင်။
– မြန်မာတို့က လွတ်လပ်ရေးရပြီးနောက်လည်း ဗြိတိသျှဓနသဟာရတွင်ဆက်နေပါမည်ဟု ကတိပေးခဲ့လျှင်၊
မြန်မာနိုင်ငံနယ်နမိတ်သတ်မှတ်ရာတွင် ပင်လုံစာချုပ်ထပ်ချုပ်ရန်မလိုတော့ပဲ ပွဲပြီးသွားစရာရှိနိုင်ကောင်းသည်။
ယခုမြန်မာနိုင်ငံနယ်နမိတ်မြေမှာ အင်္ဂလိပ်ပြန်ပေးသော မြေဖြစ်လေရာ အင်္ဂလိပ်-မြန်မာပထမစစ်က ပါသွားသော အာသံ၊မဏိပူရအပြင်စစ်တကောင်းနယ်များပါ မြန်မာနိုင်ငံအတွင်းပါဝင်ပြန်ရနိုင်စရာရှိသလော..

ခွဲလျှင်ကွဲ
ဤကမ္ဘာရှိ ပြည်ထောင်စုတို့တွင် အမေရိကားပြည်လောက်ကွဲပြားခြားနားနေခြင်းရှိပါမည်လော။ အမေရိကားပြည်နယ်များဖွဲ့စည်းရာတွင် အမျိုး၊ဘာသာ၊သာသနာမရှိ၊အမေရိကားတွင်နေက အမေရိကန်ဖြစ်ရကာ ပြည်နယတို့တွင်လည်း ကယ်လီဖိုးနီးယားတွင်နေလျှင် ကယ်လီဖိုးနီးယန်းဖြစ်လေသည်။
တက်ဆပ်သွားနေလျှင် တက်စီယန်ဖြစ်ကာ နယူးယောက်မြို့တွင်နေလျှင်တော့ နယူးယောက်ကာ ပါ။
ထိုထို ဖယ်ဒရယ်ပြည်ထောင်စုအား အခြေခံဥပဒေအရခွဲထွက်ခွင့်ပေးထားပါလျှက် မည်သည့်ကြိုးဖြင့် သိုင်းချည်နှောင်ထားပါသနည်း။
လွတ်လပ်ရေးယူစဉ်က ဥရောပမှလာခဲ့သူတို့ချည်းဖြင့် နိုင်ငံစုံသွေးစုံခဲ့သည်ဖြစ်ကာ နယူးယောက်မြို့တွင်ပင် ရပ်ကွက်လိုက်အီတာလီယံ၊ ဒတ်ချ်၊ စကော့တစ်စသဖြင့်ကွဲကြ ဂိုဏ်းများပင်ဖွဲ့ခဲ့ကြသေးသည်။
အားလုံးကို အမေရိကန်ဟူသောအောက်တွင်စည်းရုံးစေလိုက်သည်။ ခွဲထွက်မည့်ပြည်နယ်တို့ ကို သမ္မတလင်ကွန်းမှအပြင်းအထန်ပြည်တွင်းစစ်(၁၈၆၁-၁၈၆၅)ဆင်နွဲကာ တိုက်ခိုက်ချေမှုန်း၍ ပြန်သိမ်းသွင်းဖူးသည်။
ဒေသခံတိုင်းရင်းသားများအာ အုပ်စုသွေးညီနေပါလျှင် ဖယ်ဒရယ်မှ Tribes များပေးကာ ကိုယ်ပိုင်အုပ်ချုပ်ရေးရသည်။
သွေးမရောစေရေးအတွက် Indian Reorganization Act ကဲ့သို့ဥပဒေပြဌာန်းကာကွယ်ပေးသည်။ ကိုယ်ပိုင်အုပ်ချုပ်ရသော Tribes ပေါင်း ၅၆၂ခု ရှိကာ အကြမ်းအားဖြင့် Native Indian ဖြစ်မှုကို သွေးဗီဇတွင် ၂၅%
အနည်းဆုံးပါရခြင်းဖြင့်ဆုံးဖြတ်သည်ဆိုပါသည်။

ပြီးသည်တို့ပြီးစေ
ယခုမူ ဒီမိုကရေစီ ဖယ်ဒရယ် ပြည်ထောင်စုုဟူသော အသံထွက်လာသည်။
ဖယ်ဒရယ်စနစ်တွင် လူမျိုးရေးခွဲပါလာလျှင်လွန်စွာရှုပ်ထွေးမည့်သဘောရှိသည်။ အထူးသဖြင့်အမျိုးဘာသာသာသနာဦးစားပေးလွန်းလှသော မြန်မာတို့အတွက်ပိုဆိုးမည်။
ဗိုလ်ချုပ်မှုးကြီးစောမောင်သည် မြန်မာတို့ကို တိုင်းရင်းသားများ ၁၃၅ပါးဖြင့် ချာချာလည်စေခဲ့သည်။ ( ၁၉၇၃ မဆလခေတ်တိုင်းရင်းသားစာရင်းတွင် မြန်မာ-တရုတ်ပါသည့် ၁၄၄မျိုးလည်းရှိသေးသည်)။ တိုင်းရင်းသားတို့ကို Divide and rule
လုပ်ခဲ့ခြင်းပါ။

သို့ဆိုသော် လက်နက်ကိုင်ထားသူများ၏အလိုအရ ကိုယ်ပိုင်အုပ်ချုပ်မြေခွဲပေးရမည်လောဖြစ်လာသည်။ သို့ဖြစ်လုံးလည်ချာလည်လိုက်နေကာကမ္ဘာ့အဆင်းရဲဆုံးနှင့် ပြည်တွင်းစစ်အကြာဆုံးနိုင်ငံမှ လွတ်ထွက်ခြင်းငှာမစွမ်းနိုင်။
လက်နက်ကိုင်ထားသူတို့ ဘာကိုလိုချင်သနည်း အသိသာကြီးသာဖြစ်သည်။ လက်နက်အင်အားတောင့်လာပါလျှင်ဆိုင်ရာနိုင်ငံအဖြစ်တည်ထောင်လိုသည်။ လူတိုင်း(တိုင်း) လူမျိုးတိုင်း(တိုင်း) မြေပိုင်လိုချင်သည်။ လူသားသဘာဝဖြစ်၏။
သို့ဆိုသော် ထိုထိုဆိုင်ရာဒေသတို့တွင် ရောက်ရှိသွေးနှောနေသူများ၏ဘဝ လုံခြုံရေးအာမခံနိုင်ပါသလော၊
အခြားတပါးတိုင်းရင်းသားတို့နှင့်မည်သို့မည်ပုံသတ်မှတ် နယ်မြေခွဲပါမည်နည်း။ ကချင်ပြည်ရှိတိုင်းရင်းသားလူမျိုးစု ၁၂မျိုး၊ရှမ်းပြည်တခုထဲတွင်ပင် တိုင်းရင်းသား ၃၃မျိုးနှင့်လက်နက်ကိုင် ၂ဝမကရှ်ိနေသည်မဟုတ်ပါလော။
မွန်နှင့်ကရင်မည်သို့နယ်မြေသတ်မှတ်မည်နည်း။ ရခိုင်ပြည်ရှိတိုင်းရင်းသားရမျိုးနှင့် ဆိုင်ရာတိုင်းရင်းသားများ မည်သိုနယ်နမိတ်ခွဲမည်နည်း။
မဆုံးနိုင်သော နယ်မြေလု ပြည်တွင်းစစ်ကိုခေါ်နေသည်သာဖြစ်၏။

ချုပ်ပါအံ့
ပင်လုံစာချုပ်၊ ပင်လုံညီလာခံတို့နှင့် ငြိမ်းချမ်းရေးကိုဖိလုပ်လေလေ၊ စစ်တပ်နှင့် လက်နက်တို့၏အခန်းကဏ္ဍကို မြှင့်တင်ပေးလေ၊ ခွဲထွက်လွတ်လပ်စိတ်တို့ မြင့်တက်ကြွရွလာကြသည်သာဖြစ်သည်။
အားလုံးကိုဘေးခဏထားကာ စီးပွားရေးအင်အားတောင့်၍ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်လာရန်သာ ဦးစားပြုလုပ်သင့်လှသည်။
ငွေကြေးအင်အားတောင့်တင်းကာ ထောက်ပံ့နေသော ဖယ်ဒရယ်အစိုးရထံသို့ လူမျိုးတိုင်းခိုလှုံဝင်ရောက်ချင်ပါသည်။
သမိုင်းခိုင်လှသည့် ရှေးအင်ပါယာကြီး၏ ဂရိပြည်သည်ပင်လျှင် အကြွေးလည်ပင်းနစ်နေကာ တိုင်းပြည်ကြီးဒေဝါလီခံရလုဆဲဆဲတွင် ပြင်သစ်၊ ဂျာမဏီတို့မှ ကယ်တင်နေရသည်မဟုတ်ပါလော။ စူပါပါဝါအထိမတက်လှမ်းနိုင်သမျှ စစ်အင်အားအားဟူသည် အခရာမကျ။ ထိုင်ဝမ်၊ကိုရီးယား၊ဂျပန်၊ဂျာမဏီနိုင်ငံတို့သည် အမေရိကား၏စစ်ရေးအရ အကာအကွယ်အောက်တွင် စီးပွားရေးတွန်းလုပ်ချမ်းသာလာကြသည်မဟုတ်ပါလော။ အထူးသဖြင့်နိုင်ငံငယ်များအတွက် စစ်အင်အားသည် တိုင်းပြည့်ငွေဖြုန်းရာသာဖြစ်သည်။ ယခုခေတ်ကမ္ဘာ့အခင်းအကျင်းတွင်စူပါ ပါဝါနိုင်ငံကြီးများ၏ အင်အားနှင့်ဆုံးဖြတ်ချက်တို့ကို ကျော်၍ကား မရ။ ဗုဒ္ဓဘုရားသည်ပင် အမှီရှိမှပွင့်သည်မဟုတ်ပါလော။ မြန်မာတို့ စူပါပါဝါတခုကို မှီခိုသင့်သည်။

လှေကြီးထိုးရိုးရိုး ၂ဝရာစုအတွေးအခေါ်တို့မှခွဲထွက်၍ မြန်မာနိုင်ငံအနာဂတ်ကို ပုံဖေါ်ရမည့် ဇတ်လမ်းသစ်တပုဒ် မြန်မာလူမျိုးအနေဖြင့် ရေးကြည့်ကြပါစို့။

2 comments

Leave a Reply