အသည်းကွဲဖို့ မေ့ခဲ့တဲ့ ကျွန်တော်

ko sixJuly 27, 20181min4563

အသည်းကွဲဖို့ မေ့ခဲ့တဲ့ ကျွန်တော်
======================(Short story)
လောကကြီးသည် ဆန့်ကျင်ဘက်အရာများဖြင့် အလွန်တရာ ဆန်းကြယ်လှသည်။ ထို့ထက် ဆန့်ကျင်ဘက် အရာနှစ်ခုကြား ဖြစ်တည်လာတတ်သော အချစ်သည်က ပို၍ပင် ဆန်းကြယ်နက်ရှိုင်းလွန်းလှသည်။
………………………

အလွန်အမင်း မုန်းတီးနေခဲ့ဖူးသော မိန်းမတစ်ယောက်တွင် တန်းဖိုးထားလေးစားစရာ အလွန်ကောင်းသည့် ချစ်ခြင်းမေတ္တာတရားကို တွေ့လိုက်ရချိန်တွင် အထင်နှင့်အမြင်တို့သည် အလင်းနှင့်အမှောင် တို့လို သေသပ်စွာ ကွဲလွဲခဲ့ကြပြီ။
သူသည်………
ထိုကောင်မလေးသည်………
ကျွန်တော် အတိတ်က ထင်ခဲ့သလိုမျိုး ရွံရှာစက်ဆုပ်ဖွယ် ကောင်းသော မိန်းမတစ်ယောက် မဟုတ်ပါဘဲ ရိုးတံမြင့်မြင့်နှင့် ပွင့်လန်းနေချင်သည့် နှင်းဆီဖြူ တစ်ပွင့်သာဖြစ်ကြောင်း ကျွန်တော် နားလည်ခဲ့ပါပြီ။
ကျွန်တော် နားလည်လိုက်သည့် အချိန်တွင် ပန်းဝင်ကြိုးသည် တစ်စုံတစ်ရာကြောင့် လှုပ်ခါနေသည်ကိုပါ သိလိုက်ရပါသည်။
အစနှစ်ဖက်ကို တင်းနေအောင် ချည်နှောင်ထားသော ကြိုးတစ်ချောင်းတွင် တုန်ခါမှုဖြစ်ပေါ်နေပါက အသံဖြစ်ပေါ်လာသည်ဟု ရူပဗေဒ ဘာသာရပ်တွင် သင်ကြားခဲ့ရဖူးပါသည်။
သို့သော်……
ထို တုန်ခါမှုများကြားတွင် အသည်းကွဲစေတတ်သော ဗိုင်းရပ်စ်များ ပါဝင်နေကြောင်းကိုမူ သင်ကြားခဲ့ရခြင်း မရှိပါ။
………………………
မှတ်စု (၁)
သူမ အကြောင်းကို စ,သိခဲ့တာကတော့ လူကို မမြင်ဘူးရသေးဘဲနဲ့ ဖြစ်သည်။
စသိခဲ့ပုံက ကျွန်တော်တို့ သူငယ်ချင်းတစ်သိုက် ‘ငွေစံအိမ်’ဆိုသော ကန်တင်းစားသောက်ဆိုင်မှာ နေ့လည်စာ စားနေကြစဉ်ဖြစ်သည်။
အခြားစားပွဲဝိုင်းတွင် ထိုင်နေကြသော ကျောင်းသားနှစ်ယောက်ကြောင့် သူမ၏ အမည်ကို စတင် သိရှိခဲ့ရခြင်း ဖြစ်သည်။
ထိုနှစ်ယောက်က သူမ၏မကောင်းကြောင်းများကို ပေါက်ကွဲစွာ ၊ ခံပြင်းစွာ ၊ မနှစ်မြို့စွာ ကြေကွဲမုန်းတီးခန်း ဆက်တင်လာဖွင့်နေကြခြင်း ဖြစ်သည်။ထိုငနဲတွေ စကားအရ သူမ၏ မတည်ငြိမ်သော ရင်ခုန်သံတွေအတွက် ယမ်းပုံမီးကျ ဖြစ်နေကြခြင်း ဖြစ်သည်။
ကျွန်တော်တို့မှာ Computation အချိန်ရှိနေ၍ ကျသင့်ငွေ ရှင်းပြီးအထမှာ သူမအတွက် Defination တစ်ခု သတ်မှတ်ပေးလိုက်တာကို အရကျက်လိုက်ရသေးသည်။
” မင်း ခင်လွှမ်းခြုံက မြို့ဝင်ဆိုင်ဘုတ်လို မိန်းမပါကွာ။ မျက်နှာချင်းဆိုင်တွေ့လိုက်ရင်တော့ လှိုက်လှဲစွာကြိုဆိုပါ၏ လုပ်ပြီး ကျောလှည့်လိုက်တာနဲ့ နှုတ်ခွန်းဆက်သပါ၏ ဆိုသလိုမျိုးကြီး”
ကျွန်တော့်မျက်ခုံးနှစ်ဘက် တွန့်ခေါက်သွားသလား မသိ။ ထိုနှစ်ဦးအနက် တစ်ဦးမှာ ဆက်သွယ်ရေး ဧရိယာပြင်ပ ရောက်လာတာ သေချာပြီ။
မသိမသာ ဘယ်သူလဲလို့ ငဲ့စောင်းကြည့်လိုက်မိတော့ မီးအအုံခံထားရသော ခရမ်းချဉ်သီးလို ရှုံ့တွနေတဲ့ မျက်နှာနဲ့ ငနဲပဲ ဖြစ်မှာ သေချာပါသည်။ကောင်မလေး၏ ရက်စက်မှုသည် အတော် ပြင်းခဲ့ပုံ ရပါသည်။
” ဪ…… ခင်လွှမ်းခြုံ လက်ချက် ဆိုပါ့လား”
………………… ……
မှတ်စု (၂)
အတန်းအားနေ၍ သုံးထပ်ဆောင် M-205 အခန်းထဲက နောက်ဆုံးခုံမှာ ထိုင်းပြီး ခင်ကြီးအောင် ဘာသာပြန်ထားသော The night without end ဝတ္ထုဖတ်နေလိုက်သည်။ ဇာတ်လမ်းသည် အလွန်စိတ်ဝင်စားဖွယ် ကောင်း၍ စာအုပ်ထဲ၌ အာရုံနစ်နေစဉ် အခန်းထဲရှိ ပန်ကာတွေက ရုတ်တရက် ထလည်လာကြသည်။ အာရုံပျက်သွားစေသော အကြောင်းအရင်းကို ရှာကြည့်လိုက်ရာ ကောင်လေးတစ်ယောက်က နံရံပေါ်ရှိ ပန်ကာ ခလုတ်တွေကို လှည့်နေပြီး ကောင်မလေးတစ်ယောက်က သူ့ဘေးနားမှာ ရပ်နေသည်ကို တွေ့လိုက်ရသည်။
” ဒီမယ် လင်းလက် … ငါ အတန်းချိန်ရှိသေးတယ်။ ပြောစရာရှိတယ်ဆိုတာ ပြောဟာ”
” အေးပါဟာ… နင်နဲ့ငါနဲ့က တစ်ခန်းတည်းသားတွေပါ။ ငါသိပါတယ်။ ဟို ………”
ဆက်ပြောမည် လုပ်ပြီးမှ ကျွန်တော် ရှိနေ၍လားတော့ မသိ။ တစ်ပိုင်းတစ်စနှင့် ရပ်သွားသည်။
“နင် အရင်တစ်ခါ စကားပဲ ပြောမှာ မဟုတ်လား ”
“ဟုတ်တယ်ဟာ ။ ငါ နင့်ကို သိပ်ချစ်တယ် ။ အဆုံးအရှုံး မခံနိုင်ဘူး ”
” ဒါပဲ မဟုတ်လား။ ရော့ … နင် ငါ့ကို ပေးထားတဲ့ စာ ”
“ဟာ! ဒါ ဘာလုပ်တာလဲဟ ”
” နင် ငယ်ငယ်ရွယ်ရွယ်နဲ့ မေ့တတ်လိုက်တာ အံ့ရော ။ နင်ပဲ ငါဖတ်ဖို့ပေးထားတာဆို။ ငါဖတ်ပြီးပြီလေ။ အဲဒါကြောင့် နင့်ပြန်ပေးတာ။ တော်ကြာ မိလ္လာကျင်းထဲ ရောက်သွားမှာစိုးလို့ နင့်ကို ပြန်ပေးနေတာလေ ”
ကောင်လေးသည် ငါးမျှားချိတ်မှာပါလာသော ငါးရံ့ တစ်ကောင်လို ထွန့်ထွန့်လူးနေပြီ။
ကောင်မလေသည် လုပ်စရာရှိသည်များကို တွန့်ဆုတ်မနေဘဲ လုပ်ပစ်ကာ အခန်းထဲမှ ထွက်သွားသည်။ငနဲသားသည် ဓာတ်လိုက်သလို အကြာကြီးကြောင်နေပြီးမှ
“ဟေ့ … ဟေ့ …ခင်လွှမ်းခြုံ …ခင်လွှမ်းခြုံ …ဟာကွာ ”
ကောင်မလေး၏ အမည်ကို တွင်တွင်ကြီးရွတ်ဆိုရင်း ခေါင်းငိုက်စိုက် ကျသွားသည်။
ခင်လွှမ်းခြုံဆိုသော အမည်နာမကို ကြားမိလိုက်၍ ကောင်မလေးကို လှမ်းကြည့်လိုက်မိသည်။
အား ပါး ပါး…… ။ အတော် ချောသည်ပဲ။ တကယ်ပါ ။ ဆယ့်ခြောက်ပဲရည် အပြည့်ရှိသော ရုပ်ရည်မျိုး ဖြစ်သည်။ မြင်ဖူးလိုက်ရုံမျှဖြင့် ပုရိသ တော်တော်များများ ကျသွားနိုင်လောက်သည်။
ဝတ်စားဆင်ယဉ်မှုကလည်း အတော်လေးကို ခေတ်မီသည်။ ကိုးရီးယားဒီဇိုင်းတွေ ရောသမ မွှေလာတဲ့ ခေတ်ထဲမှာ ခင်လွှမ်းခြုံသည် ကိုးရီးယားမင်းသမီးလေ ဝူဆန်ယွန်းအလား ထင်မှတ်မှားရပါသည်။
“ခင်လွှမ်းခြုံ ဆိုတာ သူမကိုး”
……………………………
မှတ်စု (၃)
ဒီလိုနဲ။ ဒီလိုနဲ့ပါပဲ။
ခင်လွှမ်းခြုံ အကြောင်းတွေ မကြားချင်အဆုံး ကြားနေရသည်။ ထုံးစံအတိုင်း ကောင်းခန်းတွေတော့ မဟုတ်။ ရှုံ့ချည် နှပ်ချည်တွေ။
ဘယ်ကောင်တော့ ခင်လွှမ်းခြုံနဲ့ ပတ်သက်ပြီး ဂွမ်းသွားပြီ။
ဘယ်ဝါတော့ ခင်လွှမ်းခြုံက ပလာစတာ လုပ်ပစ်ခဲ့ပြီ။
ဘယ်ဒင်းတော့ ကွန်နယ်ရှင် ပြတ်တောက်သွားပြီ။
ဘယ်သူတော့ ခင်လွှမ်းခြုံကို မရရင် ရူးပါပြီလို့ အော်ဟစ်ကာ ငိုရည် ကျူးနေပြီ။
ဘယ်ငနဲတော့ ဘယ်လို……
စသည့် ……စသည်……ခင်လွှမ်းခြုံနှင့် ပတ်သက်ရာပတ်သက်ကြောင်းတွေ နားနှင့်မဆံ့ ကြားနေရသည်။
ခင်လွှမ်းခြုံအကြောင်း သတင်းတစ်ခုကြားတိုင်း ကျွန်တော် သက်ပြင်းမောတစ်ခုကို ချမိတတ်သည်။ ပြီးတော့ နှာခေါင်းထဲမှာလည်း ရေမွှေးနံ့တစ်ခု ရရလာတတ်သည်။ ထိုရေမွှေးသည် ခင်လွှမ်းခြုံ အမြဲသုံးလေ့ရှိသော Pucelle အမျိုးအစား ရနံ့ ဖြစ်သည်။
သူမ သုံးစွဲနေသော ရေမွှေးရနံ့တစ်ခုလို သူမ၏ နာမည်သည်……
ဟင်း!
ကျွန်တော့် နှာခေါင်းသည် အလိုလို ရှုံ့တွ ကုန်သည်ဟု ထင်ပါသည်။
………………………………
မှတ်စု (၄)
“မင်း … ခင်လွှမ်းခြုံကို လိုက်နေတယ်ဆို ”
Student အအေးဆိုင်မှာ ထိုင်ရင်း ဘူမိဂုဏ်ထူးတန်းက ကျွန်တော့်သူငယ်ချင်း နောင်သာစိုးကို မေးလိုက်ခြင်းဖြစ်သည်။ ဟုတ်တယ် မဟုတ်ဘူးဆိုတာကို တန်းမဖြေသေးဘဲ ခပ်လှမ်းလှမ်းက အမျိုးသမီးဘော်ဒါဆောင်၏ ခြံအုတ်တံတိုင်းပေါ်က အပြာရောင် ရင့်ရင့်များဖြင့် ရေးသားထားသော အဆောင်အမည်နာမ ဖြစ်သည့် ‘သုခရင်ခွင်’ ဟူသော စာလုံးတွေကို လိုက်ဖတ်နေဟန်တူပါသည်။ ခဏ ကြာမှ…
“ငါ …သူ့ကို ရင်ခုန်နေတယ် ”
“ဘာ! ”
ကျွန်တော် ထိတ်လန့်စွာ ကြုံးအော်လိုက်မိသည်။ ထိုအဖြေပင် ဖြေမည်ဆိုတာ ကြိုသိပြီးသားပေမဲ့ မလိုချင်ခဲ့။ သူ့မျက်နှာကို ကျွန်တော့်ဘက် ဆွဲလှည့်လိုက်ပြီး
“မင်း…ခင်လွှမ်းခြုံဆိုတာ အဆိပ်နဲ့မိန်းမမှန်း မသိဘူးလား။ မြန်မာပြည်ဖွား မိန်းမသားတစ်ယောက် မဟုတ်သလိုမျိုး ယောက်ျားတွေကို ထည်လဲတွဲနေတာ။ မိန်းကလေးတွေ စောင့်ထိန်းရမယ့် ဣန္ဒြေ၊ သိက္ခာ ၊ ကိုယ့်ကျင့်တရားဆိုတွေ ဘယ်ချောင်ပို့ထားမှန်း မသိရတဲ့သူကိုများ… မင်း…မင်းကွာ… ”
နောင်သာစိုးကို ဆုပ်ကိုင်ထားသောလက်တို့ အလိုလို ပြေလျော့သွားကာ ပလပ်စတစ်ကျောမှီ ထိုင်ခုံပေါ်သို့ အားအင်မဲ့စွာ ထိုင်ချမိသွားပါသည်။
သူမသည် နာမည်နှင့်လိုက်ဖက်အောင်ကိုပင် ယောက်ျားတို့အပေါ် စိုးမိုးထားနိုင်သည့် မိန်းမဖြစ်သည်။
ယောက်ျားတွေ၏ အချစ်ကို အကျင်္ ီ အတွင်းအပြင် လဲဝတ်သလိုမျိုး လွယ်လင့်တကူ ပြောင်းလဲဝတ်ဆင်တတ်သည့် သူမ၏အကျင့်စရိုက်ကို မနှစ်မြို့ပါ။ လက်ခံလို့လည်း မရပါ။ မေတ္တာတရားကို တန်းဖိုးထားလေးစားမှု မရှိသော မိန်းမမျိုးကို ကျွန်တော် အလွန်ရွံမုန်းလှပါသည်။
သူမနဲ့ ပတ်သက်ပြီး ဟိုတုန်းက မုန်းသည်ဆိုသော်လည်း ခုလောက်ကြီးမဟုတ်ခဲ့။ ခုဟာက ကျွန်တော့်ရဲ့အချစ်ရဆုံး သူငယ်ချင်းနှင့် ဆက်နွယ်လာခဲ့ပြီ။ သူ့မကို ရွံသည်ထက် ရွံလာသည်။ မုန်းသည်ထက် မုန်းလာသည်။
ဖြစ်နိုင်လျှင် ဒီလိုအောက်တန်းစားပုံစံတွေနှင့် ကျင်လည်နေတဲ့ ခင်လွှမ်းခြုံ ကို အဝေးဆုံးသို့လွင့်ထွက်သွားအောင် ဂေါက်သီးတစ်လုံးလို ရိုက်ထုတ်ပစ်လိုက်ချင်မိသည်။
“ဒီမယ် သူငယ်ချင်း အချစ်ဆိုတာ မြင်သိတပ်မက်မှုကနေ ဒိန်းကနဲခုန်ထွက်လာတဲ့အမှားကို ဥပက္ခောမပြုနိုင်လောက်အောင် ပိုင်ဆိုင်လိုချင်မှုရဲ့ မီးတောက်မီးလျှံပဲ။ မင်းက အလှအပတွေ ယက်ထားတဲ့ကွန်နဲ့ ပစ်အဖမ်းခံထားရတဲ့ ငါးပဲကွ။ ရေငတ်နေတဲ့ ငါးက သူငယ်ချင်းအပေါင်းအသင်းကို ဘယ်သတိရတော့မလဲ။ ငါတော့ ရင်ထဲ မကောင်းစွာနဲ့ပဲ ဘေးဘက်မှာ ရပ်နေတော့မယ် ”
ပြောပြောဆိုဆိုနှင့် ဝုန်းကနဲထရပ်ကာ ထိုဆိုင်မှ ထွက်လာခဲ့တော့သည်။
သူငယ်ချင်းကတော့ သုခရင်ခွင် ဆိုသောစာလုံးကို တပ်မက်စွာ ဖတ်ချင်ဖတ်နေဦးလိမ့်မည်။ ကျွန်တော့်ရင်ထဲက ၅၂၈ ကို ဖတ်ချင်မှ ဖတ်နေရစ်လိမ့်မည်။
သူက စာလုံးတွေ ရွေးဖတ်နေပြီပဲ။
ထိုကိစ္စနှင့် ပတ်သက်ပြီး နောင်သာစိုးနှင့် ကျွန်တော် အခေါ်အပြောမရှိတော့ပေ။ မိန်းမတစ်ယောက်အတွက်နဲ့ သူငယ်ချင်း အချင်းချင်း ခုလိုဖြစ်သွားရတာ ရင်ထဲမှာတော့ မကောင်း။ ခင်လွှမ်းခြုံကိုလည်း ဘယ်လိုမှ မကျေနပ်နိုင်တော့ပါ။ အလွန်မုန်းတီးနေမိပါသည်။
……………………
မှတ်စု (၅)
ကျောင်းကြီးပိတ်ပြီဖြစ်သည်။
ထို့ကြောင့် ကျောင်းသားအားလုံး ကိုယ့်အိမ်ကို ပြန်ကုန်ကြပြီ ဖြစ်သည်။ ကျွန်တော်ကသာ နှစ်ရက်နောက်ကျပြီးမှ အိမ်ပြန်လာခဲ့ခြင်းဖြစ်သည်။
12 Down အစုန်ရထားသည် နံနက် ၆ နာရီအတိတွင် ကျောက်ဆည်ဘူတာသို့ ထိုးစိုက်လာသည်။ ခရီးသည်တွေကြားမှာ ကျွန်တော်လည်း ကိုယ်စီးရမည့် အတွဲပေါ်သို့ တိုးဝှေ့ တက်လာခဲ့သည်။
“ဟာ! ခင်လွှမ်းခြုံ ”
ဘယ်လိုမှ ထင်မှတ်မထားသော သူမဖြစ်နေသည်ကို အံ့ဩစွာ တွေ့လိုက်ရသည်။နာမည်ကိုတော့ စိတ်ထဲမှာပဲ ရေရွတ်မိခြင်းဖြစ်သည်။
သူမ ထိုင်နေသော ထိုင်ခုံသည် ကျွန်တော့်ထိုင်ခုံအမှတ်နှင့် ရှေ့နောက်ဖြစ်နေသည့် အပြင် တစ်တန်းတည်းထိုင်ရမည့် ထိုင်ခုံလည်း ဖြစ်နေပြန်သည်။
ရထားလက်မှတ်ကို
ကျောက်ဆည်မြို့ခံ သူငယ်ချင်းတစ်ယောက်ကို ကျောင်းသားကဒ်ပေးပြီး ကြိုဝယ်ထားခိုင်းမိခဲ့သည်။ ထိုစဉ်တုန်းက သူမနဲ့အတူတူ ရှေ့နောက်တန်းစီ ဝယ်ယူမိခဲ့တာ ဖြစ်နိုင်သည်။ခုမှတော့ မတတ်နိုင်တော့ပါ။ ပစ္စည်းပစ္စယများ တင်ရန်ပြုလုပ်ထားသော စင်ပေါ်သို့ တင်ကာ ကိုယ့်ထိုင်ခုံနံပါတ်တွင် ဝင်ထိုင်လိုက်ရတော့သည်။
မီးရထား စတင်ခုတ်မောင်းသည်နှင့် မည်သူနှင့်မျှ စကားမပြောလို၍ (အထူးသဖြင့် ခင်လွှမ်းခြုံ) စာအုပ်တစ်အုပ် ထုတ်ဖတ်နေလိုက်သည်။
ဒီလိုနဲ့ ခရီးအတော်လွန်လားခဲ့ပြီး သာစည်ဘူတာတွင် ခဏရပ်နားနေစဉ် ရေသောက်ချင်လာ၍ ရေသန့်တစ်ဗူးဝယ်ယူရန် စိတ်ကူးမိသည်။ ထို့ကြောင့် ရေသန့်ရောင်းသူကို မြင်သဖြင့်
“ဟေး ! ရေသန့်သည် လေး… ဟေ့…ဟေ့ …ဟာ”
ကျွန်တော် လှမ်းခေါ်နေကာမှ တခြားအတွဲကခရီးဆီ ပြေးသွားပြန်သည်။ကျွန်တော် စိတ်ပျက်လက်ပျက် ဖြစ်နေစဉ်
“အစ်ကို ရေသောက်ချင်လို့လား ။ ညီမဆီမှာ ပါတယ်လေ”
ကျွန်တော့်အား မဖောက်ရသေးသော ရေသန့်ဗူးအသစ်ကို ခင်လွှမ်းခြုံက ပေးလာသည်။ သူမကို ရင်နှီးခင်မင်လိုစိတ် အလျင်းမရှိ၍
“နေပါစေဗျာ ။ ရပါတယ် ”
“မဟုတ်တာပဲ အစ်ကိုရယ်။ အစ်ကို့ကို ညီမသိပါတယ်။ ဘာမှ အားနာနေစရာ မလိုပါဘူး။ ရော့ပါ။ ယူသောက်လိုက်ပါ အစ်ကို ”
ကျွန်တော့်ကို သိနေသည်ဆို၍ တအံ့တဩဖြစ်သွားမိသည်။ ရေဗူးကို မယူမိဘဲ သူမကို ကြောင်ကြည့်နေမိသည်။ သိနေတယ်ဆိုတာက သူမအပေါ် အမြင်မကြည်မလင်ဖြစ်နေတာကိုများ ဆိုလိုသလား။ နည်းနည်းတော့ အူတူတူဖြစ်သွားမိပါသည်။
“ဘာလဲ ။ အစ်ကို့ကို ညီမသိနေတယ် ဆိုလို့ အံ့ဩနေတယ် မဟုတ်လား။ အစ်ကိုရယ်… အစ်ကို့လို တက္ကသိုလ် နှစ်လည်မဂ္ဂဇင်းထဲ ဝတ္ထုတွေ၊ဆောင်းပါးတွေ ရေးနေတဲ့သူ တစ်ယောက်ကို မသိတဲ့ကျောင်းသား ရှိပါ့မလား။ ညီမလို စာရေးစာဖတ် ဝါသနာပါတဲ့သူတွေဆို လူကိုတောင် လိုက်စုံစမ်းကြသေးတယ်။ စာဖတ်ဝါသနာ မပါဘူးဆိုရင်တောင် ကျောင်းမဂ္ဂဇင်းလေးလောက်တော့ ဖတ်မိဖူးမှာပါ”
ရေသန့်ဗူးကို ပေးရင်း မိတ်ဟောင်းဆွေဟောင်းတစ်ယောက်လို ရင်းရင်းနှီးနှီး စကားတွေ ဆက်ပြောလာပြန်သည်။
” လူ့ဘဝက တာတိုအပြေးသမားတွေလို အချိန်တွေ လုပြေးနေရတယ်နော်။ ဒီလို အခြေအနေမျိုးမှာ ဘာမှသုံးလို့ မရတဲ့ အရာတွေကို သိမ်းဆည်းထားဖို့ မလိုပါဘူး။ ဘဝဆိုတာ အမှိုက်ပုံးမှ မဟုတ်တာပဲလေ…”
ဘဝဆိုတာ အမှိုက်ပုံး မဟုတ်ဘူးတဲ့။ အဓိပ္ပါယ်က လေးနက်လှသည်။ တန်ဖိုးလည်း ရှိသည်။
“ဒါနဲ့ … ညီမနာမည် ခင်လွှမ်းခြုံဆိုတာ အစ်ကို သိမှာပါနော်။ ညီမ အစ်ကို့ကို ခင်ချင်နေတာ ကြာပါပြီ။ ဒါပေမယ့် ညီမက ကျောင်းမှာ နာမည်ဆိုးနဲ့ ကျော်ကြားနေသူဆိုတော့…… ”
သူမ စကားတွေ တမ်ဝင်သွားကြသည်။ သူမကိုယ်သူမ အားငယ်နေပုံလည်း ပေါက်သည်။ ဖြစ်သင့်ပါတယ်လေ။ အစကတည်းက ကောင်းမွန်စွာ နေထိုင်ခဲ့သူမှ မဟုတ်တာပဲ။
“အစ်ကို့ကို ညီမနားမလည်တာလေးတစ်ခု မေးကြည့်ချင်လို့”
ကျွန်တော် မျက်လုံးပြူးသွား ပါသည်။
“ဒီလိုပါ အစ်ကိုက စာပေတွေ ရေးနေသူဆိုတော့ သေချာပေါက် သိမှာပဲလို့ တွေးမိသွားလို့ပါ ”
ကျွန်တော် ဘာပြန်ပြောရမှန်းကို မသိတော့ပါ။ ကိုယ့်သိတဲ့အရာဆိုရင်တော့ ဖြေလိုက်ပါမည်။
“ညီမ ဘယ်လိုမှ စဉ်းစားလို့မရတဲ့ အရာလေးရှိပါတယ်။ အဲဒါက မိန်းမသားတစ်ယောက်အတွက် အချစ်ဆိုတာ ဘာလဲ ဆိုတာပါပဲ ”
ကျွန်တော် မျက်စိနှစ်ဖက်စလုံး ပြူးကျယ်ကုန်ပြီ ထင်ပါတယ်။ ထိုမေးခွန်းကိုတော့ မဖြေတတ်ပါ။
“မိန်းမကောင်းပန်းပန် တစ်ပွင့်တည်းဆိုတာကရောဟင်”
ကျွန်တော် ဘယ်ကဘယ်လို စဖြေရမည်မှန်းလည်း မသိပါ။
“အဲဒိစကားအရ မိန်းမမြတ်ဆိုတာ ကိုယ့်ဘဝကို ကိုယ်တန်ဖိုးထားပြီး မိမိချစ်ခင်စုံမက်မိသူ ယောက်ျားတစ်ယောက်တည်းဆီမှာပဲ ဘဝကို ပုံအောအပ်နှံလိုက်သူလို့ ဆိုရမှာပေါ့ ”
ကျွန်တော် ဦးခေါင်ကို လျင်မြန်စွာ ညိတ်ပြလိုက်မိပါသည်။ သိပ်မှန်တဲ့ စကားမဟုတ်လား။
“ဟုတ်ပြီ။ ဒါဆို အဲဒီမိန်းမသားဆီ ရောက်လာတဲ့ ပန်းတစ်ပွင့်က အနာအဆာပါနေတယ်ဆိုရင်လည်း တစ်သက်လုံး ပန်ဆင်နေရ တော့မှာပဲပေါ့နော်”
ကျွန်တော် အံ့ဩမှင်သက်သွားမိသည်။ ခေါင်းညိတ်ရမည်လား။ ခေါင်းခါရမည်လားလည်း မတွေးတတ်တော့။ သူမသည် လျော့တိလျော့ရဲနဲ့ မိန်းကလေးမဟုတ်တာ သေချာပါပြီ။
“ညီမက မြန်မာမိန်းကလေး တစ်ယောက်ပါ အစ်ကိုရယ်…။ တစ်သက်တာ ပန်ဆင်နေရမယ်ဆိုတာ သိပါတယ်။ ဒါပေမယ့် အသေအချာ စဉ်းစားကြည့်ပါဦး အစ်ကို ။ အဲဒီလို အနာအဆာ ပါနေတဲ့ ပန်းတစ်ပွင့်ကို တစ်သက်လုံး ပန်ဆင်ရမှာ ကြောက်ရွံ့နေတဲ့ မိန်းမပျိုတစ်ယောက်အတွက် ပန်းကောင်းတစ်ပွင့်ကို ပြန်ပြီး ရွေးချယ်ခွင့် မရှိရတော့ဘူးတဲ့လား ဟင် ”
ကျွန်တော် အံဩလွန်း၍ မှင်တက်မိကာ ငူငိုင်သွားပါသည်။ သူမသည် ကျွန်တော့်ကို မကြည့်ဘဲ သူ့စကားတွေကို ဆက်ပြန်သည်။
“အစ်ကိုရေ…။ ယောက်ျားလေး တော်တော်များများက အချစ်ကို အလှအပတွေနဲ့ပဲ ယိုးမယ်ဖွဲ့နေကြတယ်။ မေတ္တာရဲ့ အေးမြတဲ့သဘောနဲ့ စတင်လာတဲ့ အချစ်မျိုးက ခပ်ရှားရှားပါပဲ။
ညီမက ကွဲကွာနေတဲ့ မိဘတွေဆီက လူဖြစ်ခဲ့ရသူပါ။ ဒီတော့ ချစ်ခြင်းမေတ္တာကို ဂဃနဏ မသိရှိခဲ့ရပါဘူး။ ဒီလိုမျိုး အခြေအနေကနေ အရွယ်ရောက်လာတဲ့ အချိန်ကျပြန်တော့လည်း ကိုယ့်ကို ချစ်ပါတယ်ဆိုတဲ့ လူတွေရဲ့မေတ္တာတွေကို အလွယ်တကူ မယုံရဲပြန်ဘူး။ တကယ့်ချစ်ခြင်းမေတ္တာတရား အစစ်အမှန်ကိုပဲ တွေ့ဆုံချင်မိပါတယ်။
ဒါကြောင့် ညီမလေးက ပန်းတွေအများကြီးထဲက ပန်းကောင်းတစ်ပွင့်ကို ရွေးချယ်နေမိခဲ့တယ်။ ဒီလိုနဲ့ပဲ ညီမလေးမှာ နာမည်ပျက်တစ်ခုသာ ပိုင်ဆိုင်ခဲ့ရတယ်…အစ်ကိုရယ် …… ။ အဲဒီလို ရွေးချယ်ခဲ့မှုဟာ မိန်းမသားတစ်ယောက်အတွက် မှားယွင်းမှုလား။ မျက်စိမှိတ် ခေါင်းညိတ်ရွေးချယ်လိုက်ခြင်းကသာ မိန်းမကောင်းတွေရဲ့ လက္ခဏာတဲ့လား……”
သူမ၏အသံတွေက ကြေကွဲတုန်ခါနေကြသည်။ သူမ ယုံကြည်ကိုးစားထားခဲ့သော မျှော်လင့်ချက်တို့မှာ ခြစားခံလိုက်ရပြီဟု ထင်မြင်ယူဆနေပုံရပါသည်။
မှန်သည်၊ မှားသည်ကို ဝေဖန်ထောက်ပြနေစရာ မရှိသော်လည်း မကြောင်းရှိလာလျှင် သူမဘက်ကရပ်တည် ပေးလိုစိတ် အလိုလို ဖြစ်လာမိပါသည်။
” ဘာတွေပဲဖြစ်ဖြစ် ဘယ်လိုပဲ ထင်ကြထင်ကြပါ။ ခုအချိန်ထိ ဘယ်ယောက်ျားလေးကိုမှ ချစ်ပါတယ်လို့ မဖြေဘူးခဲ့သလို ဘယ်တော့မှလည်း မျှော်လင့်စရာတွေနဲ့ ချည်နှောင်မထားခဲ့ပါဘူး။ ဒါဟာလည်း ကောင်းမွန်တဲ့ ကိုယ်ကျင့်သိက္ခာ မဟုတ်ရတော့ဘူးတဲ့လား။ ပြောပြစမ်းပါ အစ်ကိုရယ်…… ။ ညီမမှာ တန်းဖိုးရှိတဲ့ မိန်းမ မဟုတ်တော့ဘူးတဲ့လား။ ”
ကျွန်တော် မီးရထားပြတင်းပေါက်မှ အဝေးကို မျှော်ကြည့်လိုက်မိပါသည်။ အဝေးမှာ တိမ်ညိုတို့ မဲမှောင် ညှို့မှိုင်းနေကြသည်။ သူမ၏ဘဝသည်လည်း ဝေ့ဝဲမဲမှောင်လာနေပုံရသည်။ သူမဆီ အကြည့်လွှဲလိုက်တော့ ……
သူမ မျက်ဝန်း၌ ခံစားမှုတိမ်စိုင်တို့ ငွေ့ရည်ဖွဲ့နေကြပြီ။ ဟုတ်သည်။ မကြာခင် အုပ်စုဖွဲ့ လိမ့်ဆင်းလာကြတော့မည် ထင်ပါသည်။
ထိုစဉ် မီးရထားဥဩဆွဲသံ ကြားလိုက်ရသည်။ ပျော်ဘွယ်ဘူတာကို ဆိုက်ရောက်ခြင်း ဖြစ်ပါသည်။
“အစ်ကို ညီမ ဆင်းရတော့မယ် ဘူတာရောက်ပြီ။ သွားတော့မယ်နော်။ အဲဒီ ရေဗူး အစ်ကို ယူထားလိုက်တော့။ အစ်ကို့ကို အခုလို ပြောပြခွင့် ကြုံကြိုက်ခဲ့ရလို့ ကံတရားနဲ့ အစ်ကို့ကို ကျေးဇူး တင်မိပါတယ်။ ညီမ ဆင်းတော့မယ်နော် ”
သူမ၏ အထုပ်အပိုးတွေကို ယူငင်ကာ ရထားပေါ်မှ ဆင်းသွားလေသည်။ သူမ၏ ကျောပြင်ကို လိုက်ကြည့်နေမိသည်။ ရင်ထဲမှာ အမျိုးအမည် မသိသော ခံစာချက်တို့ ဖြစ်ပေါ်လာသည်။ ကောင်းကင်ယံက တိမ်မဲတို့လည်း ခပ်ကျဲကျဲ ပြိုဆင်းချေပြီ။
ကျွန်တော်သည် သုတ်ကနဲ ကျောပိုးအိတ်ကိုဆွဲယူကာ သူမနောက်သို့ ဆင်းလိုက်သွားမိသည်။
“ဟေ့ …ညီမ ညီမ ။ အစ်ကို့ မိုးကာအကျင်္ ီ ဝတ်သွားပါလား”
“ဪ … နေပါစေ အစ်ကို။ ကျေးဇူးတင်ပါတယ်။ ညီမက မိုးရွာထဲမှာ ဒီလိုသွားရတာ ပျော်လို့ပါ။”
ကျွန်တော့်ကို တန်ဖိုးနားလည်တဲ့ အကြည့်ဖြင့် ကြည့်နေသည်။ ကျွန်တော်ကလည်း သတိလက်လွတ် ကြည့်မိသွားပါသည်။ တဒင်္ဂ တိတ်ဆိတ်နေပြီးမှ ကျွန်တော် သတိပြန်ဝင်လာကာ
“အေးပါလေ။ မယူသွားချင်ရင်လည်း မိုးတိတ်အောင် ဘူတာထဲမှာ ခိုနေပြီးမှ ပြန်ပေါ့။ တော်ကြာ ဖျားနေမှာ စိုးလို့ပြောတာပါ ”
ထိုစဉ် ရထားထွက်ခွာတော့မည် ဖြစ်ကြောင်း စင်္ကြ ံ ရှိ အင်တာကွန်များမှ ကြေညာသံတွေ ထွက်လာသည်။
“အစ်ကို ပြောတာ မမေ့နဲ့နော် ညီမလေး။ စောစောက ပူအိုက်ခဲ့ပြီး အခု မိုးမိခံလိုက်ရရင် အပူရှပ် တတ်တယ်။ အစ်ကို သွားတော့မယ်”
ကျွန်တော် အပြေးတပိုင်းနှင့် ရထားပေါ်ပြန်တက်လာခဲ့သည်။ ရထားပေါ်ရောက်တော့ သူမကို ပြန်လှည့်ကြည့်လိုက်သည်။ သူမသည် လက်နှစ်ဖက်စလုံးနှင့် ဝှေ့ယမ်းနှုတ်ဆက်နေသည်။ နှုတ်မှလည်း တစ်စုံတရာကို ပြောနေပုံရသည်။ မကြားရပါ။
ရထား၏အရှိန်သည် တော်တော်လေးမြန်နေပြီ။ သူမသည်လည်း မြင်ကွင်းမှ တဖြည်းဖြည်း ဝေး၍ကျန်နေခဲ့သည်။ ကျွန်တော်သည် ကိုယ့်ခုံကိုယ် ပြန်ထိုင်လိုက်သည်။ စိတ်အလျင်သည် ကျွန်တော်နှင့်အတူ ပါမလာတော့ပါ။ သူမဆီမှာ တွယ်ကပ်နေခဲ့ပြီ ဖြစ်သည်။
……………………
မှတ်စု(၆)
အောင်စာရင်းတွေ ထွက်ခါနီးပြီဟု သိလိုက်ရသောအခါ ကျွန်တာ် အလွန်စိတ်လှုပ်ရှားနေခဲ့သည်။ စာမေးပွဲ မအောင်မြင် ကြောက်၍မဟုတ်။ ခင်လွှမ်းခြုံနှင့် တွေ့ချင်လွန်းလှ၍ ဖြစ်သည်။ ခင်လွှမ်းခြုံကို အလွန်ပဲ တွေ့ချင်နေမိသည်။ သူမနှင့် ဆုံတဲ့အခါ ပြောစရာတွေ အများကြီး ရှိသည်။ သူမအကြောင်းတွေကို အပြန်ပြန်အလှန်လှန် တွေးတောစဉ်းစားကြည့်ခဲ့ ပြီးပြီ။
ပြိုကွဲနေသည့် မိသားစုက ဆင်းသက်လာခဲ့ရသော သူမသည် မေတ္တာတရား၏ ခံစားမှု အထုံးအဖွဲ့ကို မကြုံဆုံဘူးသဖြင့် လိုက်လံရှာဖွေခဲ့ရလေသည်။ ဒီလိုနဲ့ ရွေးချယ် ရှာဖွေနေရင်းက လိုက်လေဝေးလေ ဖြစ်ဖြစ်လာသောအခါ ချစ်ခြင်းမေတ္တာဆိုတာ တကယ်ကောမှ ရှိပါရဲ့လားဟု ယုံကြည်ရန် ခဲရင်းလာခဲ့သည်။
သူမ၏ စိတ်နေသဘောထား အမှန်ကို မမြင်ကြသည့် လူတွေနှင့် ရင်ဆိုင်လာရပြန်သောအခါ စိတ်မှာ နာကျင်သွားတော့သည်။ ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိတော့ဘဲ လိပ်ပြာမလုံ ဖြစ်လာကာ အရှက်ရသွားသည်။ ဤသည်က ပို၍ နာကျင်လာတော့သည်။
တချိန်က ကျွန်တော်ကိုယ်တိုင်တောင် သူမရဲ့ စိတ်နေစရိုက်အမှန်ကို မမြင်ခဲ့ဘဲ ရွံရှာ စက်ဆုပ်နေခဲ့ဖူးသည်မဟုတ်လား။ အခုတော့ သူမကို ကျွန်တော် ကရုဏာသက်မိသည်။ ထို့ထက်ပို၍ ပြောပြလို့ဖြစ်ပါက ပြောပြချင်ပါသည်။
လူဆိုသည်မှာ မိမိဆန္ဒအရ အမှန်တရားကို မရရှိတော့ရင် ထိုသူသည် လောကကြီးထဲမှာ ရှင်သန်ဖို့ ခွန်အားမရှိနိုင်တော့။ သူမသည် ကိုယ်ကျင့်တရား ကောင်းမွန်သည့် မိန်းကလေး ဖြစ်သည်ဟု မြင်ပါသည်။ ထို့ထက် မေတ္တာတရားကို အလေးထား ကိုးကွယ်သော မိန်းမတစ်ယောက်ဟု မြင်သည်။
အဝတ်အစားတွေ စွန်းထင်းကုန်လျှင် အစွန်းချွတ်ဆေးဆိုတာ ရှိသလိုမျိုး လူတစ်ယောက်၏ အစွန်းအထင်းတွေကိုလည်း မေတ္တာတရားဖြင့်သာ ချွတ်ခွာပေးနိုင်လိမ့်မည်။
အမှန်တော့ ခင်လွှမ်းခြုံသည် စွန်းထင်းနေသည့် မိန်းမတစ်ယောက် မဟုတ်ပါ။ တကယ့်ကို ရိုးတံမြင့်မြင့်မှာ ပွင့်လန်းချင်နေသည့် နှင်းဆီဖြူဖြူ တစ်ပွင့်သာ ဖြစ်သည်။
ကျွန်တော်သည် လူသားဖြစ်ပါသည်။ ပြီးတော့ အသည်းနှလုံးနှင့်လူသား ဖြစ်ပါသည်။ ပြီးတော့ ချစ်ခြင်းမေတ္တာကို တန်ဖိုးထားလေးစားသော လူသားလည်း ဖြစ်ပါသည်။ ထို့ကြောင့် ခင်လွှမ်းခြုံကို သိပ်တွေ့ချင်နေမိသည်။ သူမနှင့် တွေ့ဆုံတဲ့အခါ ပြောပြချင်တာတွေ ရင်ထဲမှာ အသင့်ရှိနေသည်။ ကျွန်တော် သူမကို မြတ်မြတ်နိုးနိုး ချစ်နေခဲ့ပါပြီဟု……
……………… ………
မှတ်စု (၇)
ဒီနေ့ အောင်စာရင်း ထွက်သောနေ့ ဖြစ်သည်။
ကျွန်တော် ရင်တွေ သိပ်ခုန်နေသည်။ ဟုတ်သည်။ ကျွန်တော် စိတ်တွေ အတော့်ကို လှုပ်ရှားနေသည်။ ကျွန်တော် ခင်လွှမ်းခြုံကို မျှော်နေသည်။ ကျောင်းမုဒ်ဦးဝကနေ ခင်လွှမ်းခြုံကို မျှော်နေသည်။ သူမ မလာသေးပါ။ ကျွန်တော် မျှော်နေပါသည်။
(၉)နာရီ ထိုးပြီ ။ သူမ မလာသေးပါ။ ကျွန်တော်ကတော့ မျှော်နေဆဲ။
(၁၂) နာရီ ။ မလာသေးပါ။ ကျွန်တော်ကတော့ သူမကို မျှော်နေဆဲ။
အချိန်သည် မွန်းလွဲပိုင်းကို ယိမ်းခဲ့ပြီ။ သူမ ကို လုံးဝ မမြင်ရသေးပါ။ မျှော်နေဆဲ။
ညနေပိုင်းသို့ အစပျိုး လာပြီ။ မျှော်လင့် နေရဆဲ။
ထိုစဉ်………………

++++++++++++
(နဂုံး)
ထိုစဉ် ……
မျှော်လင့်ထားသူက ရောက်မလာဘဲ မျှော်လင့်မထားသူက ရောက်လာသည်။
“နောင်သာစိုး ”
ကျွန်တော့်ကို တွေ့တွေ့ချင်း တန်းပြီး ပွေ့ဖက်လာသည်။ ခဏကြာတော့ ကြေကွဲ ဆို့နင့်သံကြီးနှင့်
“ငါ ချစ်တာကို ချစ်တယ်လို့ ဘယ်တော့ မပြောတော့ဘူး။ အသေခံသွားမယ်။ လွမ်းတာကို လွမ်းတယ်လို့တော့ ရင်ဖွင့်ပါရစေကွာ ……နော် …”
နောင်သာစိုး ဘာကိုဆိုလိုသလဲဆိုတာ ကျွန်တော်သိပါသည်။ ကျွန်တော် သူ့ကို စိတ်မဆိုးတော့ပါ။ ကျွန်တော့် ပခုံးသားပေါ်တွင် စွတ်စိုမှု အာရုံခံစား မိလာသည်။ ထိုပခုံးသားသည် နောင်သာစိုး ခေါင်းမှီတင်ထားသော ဝဲဘက် ပခုံးသားဖြစ်သည်။ စိုထိုင်းမှုက များလာသည်။ ထို့ပြင် ရှိုက်သံသဲ့သဲ့
ဟုတ်သည်။ သူ ငိုနေပြီ ဖြစ်သည်။ သူသည် ပွေ့ဖက်ထားရာမှ ရုတ်တရက်ခွာပြီး
“ငါ … ခင်လွှမ်းခြုံကို ချစ်တယ်လို့ ပြောခွင့် မရှိတော့ဘူး။ သူ…သူ… ဆုံးသွားပြီတဲ့”
“ဘာ ! ခင်… ခင်လွှမ်းခြုံ သေသွာပြီ ဟုတ်လား”
ကျွန်တော် အံ့ဩတုန်လှုပ်ကာ တအားအော်ဟစ်လိုက်သည်။ မဖြစ်နိုင်ဘူး။ မဖြစ်နိုင်ဘူး။ ဒါ လုံးဝ မဖြစ်နိုင်ဘူး။ ခင်လွှမ်းခြုံ မသေပါဘူး။ ဟုတ်ပါတယ်နော် ။ ခင်လွှမ်းခြုံ မသေပါဘူး။
ကျွန်တော့်စိတ်တွေ စောက်တည်ရာ မရတော့။ ရင်တစ်ခုလုံး ဆောင့်ချပစ်လိုက်သည့်နှယ်။
ဦးနှောက်တွေလည်း ပွင့်ထွက်ကုန်ပြီ ထင်ပါသည်။ ကျွန်တော့်ခြေထောက်တွေလည်း မြေကြီးနှင့် ထိနေသေးသည်ဟု မထင်ရတော့ပါ။
“သူ…မိုးမိပြီး အပြင်းဖျားတာကနေ… ”
ဘာမှ မကြားရတော့ပါ။ မျက်စိတွေ ပြာဝေလာကာ နားတွေလည်း ကန်းကုန်ပါပြီ။ ကျွန်တော့်နှလုံးခုန်သံတွေလည်း ရပ်တန့်။ ကို်ယ့်ကိုယ်ကိုလည်း အသက်ရှုနေသေးသည်ဟု မထင်ရတော့ပါ။
စိတ်အစဉ်သည် သူမနှင့် နောက်ဆုံး ဆုံတွေ့၍ သူမ၏နှုတ်က မကြားခဲ့ရသော အသံတွေနောက် လိုက်လံကောက်ယူနေမိသည်။ ဘယ်လိုမှ ထိန်းချုပ်မရတော့။
ပါးပြင်မှာ နွေးကနဲ ။
ဟုတ်ပါသည်။
ကြေကွဲမှုတို့သည် ပါးပြင်ကို တနွေးနွေးဖြင့် တိုက်စားကာ ကျွန်တော့်ကို ဖြိုလှဲနေပါပြီ။
ကြေကွဲမှုသည် အသည်းကွဲခြင်းနှင့် အဓိပ္ပါယ် ဆင်တူသည်ဟု ဆိုလျှင်…
ကျွန်တော် အသည်းကွဲခဲ့ပြီ ဖြစ်ပါသည်။ ။

အရာအားလုံးကို တန်ဖိုးထားလေးစားလျှက်
ကိုစစ်(ရူပဗေဒ)

3 comments

  • kai

    July 29, 2018 at 2:59 pm

    အင်း..
    အစအဆုံးဖတ်မိသွားတယ်.။
    မြန်မာဝတ္တုတိုတွေမဖတ်တာတောင်ကြာပြီ…

    ဆိုတော့..
    ဇတ်ကနာသကွယ်..။ ကျောင်းသူအရွယ်လေး.. မိုးမိပြီး အပြင်းဖျားတာကနေ သေရတယ်လို့..။
    စကားအတင်းစပ်.. ခင်လွှမ်းခြုံ စာမေးပွဲရောအောင်လား….

    • ko six

      August 4, 2018 at 7:22 pm

      အဲ
      ရီဇတ်ကို မသွားကြည်ြ့ဖစ်ဘူး။
      လူစောင့်နေရတာနဲ့ မိုးချုပ်သွားတယ်

  • manawphyulay

    August 14, 2018 at 10:27 am

    ဇာတ်အိမ်က မစရသေးဘူး နာနေတဲ့ဇတြ်အိမ်ဖြစ်သွားတယ်။ ကိုယ့်ရင်ထဲမှာ ဘာရှိတယ်ဆိုတာတောင် မသိလိုက်ရရရှာဘူုးဖစ်နေတာပေါ့….

Leave a Reply