သွေးသည် အသက် – အပိုင်း(၂)

အတန်ကြာသောအခါ အောင်တိုးသည် မနေနိုင်တော့သဖြင့် –

“အင်း…အဲဒါနဲ့ ပက်သက်လို့ ဇာတ်လမ်းလေး တပုဒ်လောက် လုပ်စမ်းပါဦး။”

“အေး…ဇာတ်လမ်း တပုဒ်တော့ ရှိတယ်။ မင်း မအိပ်ချင်သေးဘူး ဆိုရင် ငါ ပြောပြမယ်လေ။”

“ရတယ် ပြောကွာ..။”

“ဟိုး တောင်ကုန်းနောက်က ရွာကလေးကို တွေ့လား။ အေး အဲဒီရွာကလေးမှာ တခါတုန်းက သေအံ့မူးမူးနဲ့ လူကြီး တယောက်ရှိခဲ့ဘူးသကွ။ ဦးဩကြီး လို့ပဲ ဆိုကြပါစို့။ ဒီလူကြီးက အထက်အညာဘက်မှာ ရွှေထည် အတုတွေ ဘာတွေ သွားရောင်းရင်း အတော်ဟန်ကျနေ ဆိုပဲ။ နောက်တော့ အဲဒီနယ်က လူတွေက ရိပ်မိသွားတော့ သူလည်း အထုပ်ပိုက်ပြီး ဒီကို ပြန်ပြေးလာတာပေါ့။ ဒီပြန်ရောက်တာနဲ့ သူ့အိမ်ကို ချဲ့ဖို့ ပြင်တာပဲ။ တို့ ဒီဘက် ရွာနီး ချုပ်စပ်မှာတော့ ပန်းရံဆရာ၊ လက်သမားဆရာရယ်လို့ ကောင်းကောင်း ကန်းကန်း မရှိဘူး။ ဒီလူကြီးကလည်း ကပ်စီးနဲကြီး ဆိုတော့ တို့ မြို့ပေါ်က လူတွေဆို ဈေးပိုပေးရမှာ စိုးလို့နဲ့ တူပါရဲ့ကွာ၊ တခြားနယ်ဘက်တွေကို လူလွှတ်ပြီး အိမ်ဆောက်ဖို့ လူရှာခိုင်းတာ..။ ဘယ်က ဘယ်လို ရလာတယ် မသိပါဘူးကွာ.. လူနှစ်ယောက်တော့ ပါလာတယ်။ လူပုံကြမ်းကြမ်းတွေနဲ့ အပေအတေတွေ ထင်ပါရဲ့ကွာ။ တယောက်က မျက်လုံးတဘက် မရှိတော့ဘူး။ နောက်တယောက်ကတော့ မျက်နှာမှာ အမာရွတ်ကြီးနဲ့ဟ။ အဲဒီလူတွေ ဒီဖြတ်လမ်းလေးကနေ မြစ်ကမ်းဘက် ဆင်းပြီး ငါးတွေ ဘာတွေ မျှားတာ မြင်ဘူးလို့ ငါလည်း သိတာ။ အဲဒီ ဦးဩကြီး ဖျားပြီး သေတဲ့အထိ အဲဒီလူတွေက အလုပ်လုပ်သေးတယ်။ ဦးဩကြီးက သူတို့ကို နေစရာပေး၊ ထမင်းကျွေးထားရတာပေါ့။ အေးလေ..တနယ်တကျေးကို လိုက်လုပ် ပေးတယ်ဆိုတော့ အဲဒါတော့ တာဝန်ယူရမယ် ထင်တယ်။ ဦးဩကြီးမှာ မိန်းမ မရှိတော့ဘူးကွ။ သေပြီ။ သားကလေး တယောက်တော့ ရှိတယ်။ မောင်ညိုအေး တဲ့။ နာမည်တော့ လိုက်ပါရဲ့..အသားက ခပ်ညိုညို၊ လူကလည်း ခပ်အေးအေးပဲ။ သူ့အဖေနဲ့တော့ မတူဘူး။ မောင်ညိုအေးနဲ့ အဲဒီရွာက ပိုက်ဆံအတော်ရှိတဲ့ လူကြီးတယောက်ရဲ့ သမီးနဲ့က စေ့စပ်ထားတာ။ သူတို့ချင်းကလည်း နဂိုတည်းက ရည်ငံပြီးသားတဲ့။ လူကြီးတွေက အဲဒါ သိလိုရယ်တော့ စီမံတာ မဟုတ်ဘူး။ ”

“အေး…အဲဒီ မောင်ညိုအေးက ရွာမှာလည်း လူချစ်လူခင် ပေါဆိုပဲ။ အဲဒီလို ချစ်ခင်ကြတဲ့ အထဲမှာ ခင်ရတီသာ ဆိုတဲ့ ကောင်မလေး တယောက်လည်း ပါသပေါ့ကွာ။ ကောင်မလေးက ရုပ်ကလေးတော့ မဆိုးရှာပါဘူး။ ဒါပေမဲ့ စုတ်စုတ်နုပ်နုပ်ပဲ နေတော့ သိပ် မပေါ်လွင်ဘူးပေါ့။ သူ့ကြည့်ရတာ အတည်တကျမရှိ လျှောက်သွား နေတဲ့ ဂျစ်ပဆီမလေး တယောက်နဲ့သာ တူတော့တာပဲ။ သူ ဘယ်က ရောက်လာသလဲတော့ ဘယ်သူမှ မသိပါဘူး။ သွားတော့မစနဲ့။ နှုတ်သီးကောင်း လျှာပါး။ စကားကလည်း ကြမ်းသေး။ လူကတော့ သွယ်သွယ် ပျပ်ပျပ် ပါပဲ။ နှုတ်ခမ်းတွေကျတော့ မဆိုးပဲ နီရဲနေတာ။ မျက်လုံးကလည်း မဲနက်လို့။ အသားကတော့ နဂိုဘယ်လို ရှိသလဲ မသိဘူး။ မြင်ရသလောက်တော့ နေလောင်လို့ ဖြူညစ်ညစ် နီရဲရဲနဲ့။ မောင်ညိုအေးက သူကိုဖြင့် ရှိတယ်တောင် မထင်ဘူးနဲ့ တူပါတယ်ကွာ။ သူနဲ့ စေ့စပ်ထားတဲ့ သူ့ရည်းစား ဖက်တီးမကလေးက လွဲလို့ ကျန်တဲ့ မိန်းမတွေကို ဖွဲစကွဲသာ သဘောထားတယ် ထင်ပါရဲ့လေ။ အင်း..နောက်တော့လည်း ဒါတွေက သဘာဝလည်းမကျ၊ ပုံမှန်လည်း မဟုတ်တဲ့ နည်းတွေနဲ့ ဗြောင်းဆန် ပြောင်းလဲကုန်တော့တာပဲ။”

“ခင်ရတီသာကို ကြိုက်တဲ့ နွားကျောင်းသားကလေး တယောက်တော့ ရှိတယ်လို့ ပြောကြတာပဲ။ ထားပါ။ သူက ဒီဇာတ်လမ်းမှာ အရေးမပါ ပါဘူး။ ကောင်မလေးက အလုပ်ရယ်လို့ အတည်တကျ မရှိဘူး။ ဆန်ကလေး၊ ပဲကလေး နည်းနည်းပေးပြီး ဟိုဟာလေး လုပ်စမ်းပါဦးဆိုလည်း လုပ်တာပဲ။ ဒီဟာကလေး လုပ်စမ်းပါဦးဆိုလည်း လုပ်တာပဲကွ။ စိတ်ကောင်းလေးလည်း ရှိတယ်။ ဖင်လည်း ပေါ့တယ်ဆိုတော့ ရွာထဲမှာ ဟိုလူက ဟိုဟာလေး ခိုင်းလိုက်၊ ဒီလူက ဒီဟာလေးခိုင်းလိုက်၊ အဆင်ပြေတဲ့နေရာ ခွင့်လေး ဘာလေး တောင်းပြီး အိပ်လိုက်ပေါ့ကွာ။ အဲ…မောင်ညိုအေးတို့ အိမ်က ခိုင်းစရာရှိလို့ ခေါ်တယ်ဆိုရင်တော့ ခမျာကလေးမှာ ပိုပြီးတော့ ပျော်ရှာတာပေါ့လေ။”

“အဲ…တရက်ကျတော့ ဦးဩကြီးက အသဲအသန်ဖြစ်ရော။ သူ့သား မောင်ညိုအေးကလည်း မရှိဘူး။ ရွာမှာလည်း ဆရာဝန် မရှိတော့ အိမ်နီးနားချင်းတွေက ခင်ရတီသာကို ခေါ်ပြီး မြို့ကို ဆရာဝန် သွားပင့်ဖို့ လွှတ်လိုက်တာပေါ့။ သေခါနီး ကပ်စီးနဲ အဖိုးကြီးက သူ စကားသံ ထွက်နိုင်သေးတဲ့အထိ ဆရာဝန်မပင့်နဲ့၊ ပိုက်ဆံကုန်တယ် ဘာညာ လုပ်နေလို့ ကောင်မလေးကို မြို့လွှတ်လိုက်တဲ့ အချိန်က မွန်းလွဲတောင် ရောက်သွားရောလေ။ အဲ…ကောင်မလေးလည်း ထွက်သွားရော အခြေအနေက ချက်ချင်းဆိုးလာတာနဲ့ ဘုန်းတော်ကြီး ဦးသီလကို သွားပင့်ရတော့တာပဲ။ ဘုန်းတော်ကြီးကလည်း လူနာဘေး ထိုင်ပြီး တရားနှလုံးသွင်းဖို့၊ သေခါနီး အာရုံလေးကောင်းဖို့ သတိလေး ဘာလေးပေးပေါ့။ နောက်တော့  ဘေးနားက စောင့်နေတဲ့ လူတွေကို လူနာ ဆုံးရှာပြီလို့ မိန့်ပြီး တခါတည်း သူ့ကျောင်းသူ ပြန်ကြွသွားတော့တာ။”

“အေး…အဲဒီရွာက လူတွေကလည်း ဘာမှန်းမသိဘူး။ လူသေဆို တော်တော်များ ကြောက်ကြသလား မပြောတတ်ဘူး။ ဘုန်းကြီးက လူနာတော့ သေပြီဆိုပြီး ပြန်လည်း ကြွသွားရော အိမ်ထဲရောက်နေတဲ့ လူတွေ အကုန် ဆင်းပြေးကြရောဟေ့။ တယောက်မှကို မကျန်ဘူး။”

“ငါ စောစောက ပြောခဲ့သလိုပေါ့။ မောင်ညိုအေးကလည်း မရှိဘူး။ ခင်ရတီသာကလည်း ပြန်မလာသေးဘူး။ အဲ…အဲဒီအိမ်မှာ ဦးဩကြီး မမာလို့ ပြုစုပေးနေတဲ့ အိမ်စေ အဘွားကြီးတယောက်တော့ ရှိသေးတယ်။ အေး..သူလည်း ဆင်းပြေးတဲ့ လူအုပ်နဲ့ ရောယောင်ပြီး ဆင်းပြေးတာ။ ဆိုတော့ မီးအိမ် မှိန်ဖျော့ဖျော့ အောက်မှာ ဦးဩကြီး အလောင်းပဲ ပက်လက်ကလေး ကျန်ခဲ့တောပေါ့ကွာ။”

“အင်း…အဲလိုနဲ့ နောက် ငါးမိနစ်လောက်ကြာတော့ အိမ်ထဲကို လူနှစ်ယောက် ခိုးကြောင်ခိုးဝှက်နဲ့ ဝင်လာပါရော။ ဟို တဘက်လပ်ကောင်နဲ့ အမာရွတ်ကောင် နှစ်ကောင်ပေါ့။ သူတို့လိုချင်တာ ရှိလို့ အသာ ပြန်ဝင်လာတာပဲ။ မသာ ကုတင်အောက်က သံသေတ္တာကလေး ဆွဲထုတ်ပြီး ရွာထဲကလူတွေ ပြန်မလာခင် အမှောင်ထုကို အကာအကွယ်လုပ်လို့ နှစ်ကောင်သား အသာလေး လစ်ပြေးကြတာပေါ့။ ဦးဩကြီး အိမ်ကလည်း ရွာစွန်မှာကွာ။ အိမ်နောက်ဖေးကနေ ထွက်ပြီး ရွာစည်းရိုးလေး ကျော်လိုက်၊ အခု တို့ မြင်နေရတဲ့ ဖြတ်လမ်းလေးပေါ် ရောက်တာပဲ။ ဒီ ဖြတ်လမ်းလေးကလည်း ညဆို ဘယ်သူမှ သိပ်သွားတာ၊ လာတာ မရှိတော့ အင်း…အချိန်မတော် ရွာလည်ပြီး ပြန်လာတဲ့ လူတယောက်ယောက်နဲ့ တွေ့ဖို့တော့ အတော် ခဲယဉ်းတာပဲ။ ဆိုတော့ ငနဲနှစ်ကောင်က ပေါက်တူးတွေ ပေါက်ပြားတွေနဲ့ သံသေတ္တာလေးပါ သယ်လို့ အသာအယာပဲ ဆင်းသွားကြတာပေါ့။”

“ကဲ…နောက်ပြောမဲ့ အပိုင်းကတော့ ဘယ်သူမှ မြင်လို့ တွေ့လို့တော့ မဟုတ်ဘူး။ ဒီလိုတော့ ဖြစ်ခဲ့ရမယ် ဆိုပြီး ငါ မှန်းပြောတာပဲ။ ဟို အကောင်တွေက လမ်းပေါ်ကနေ လျှိုထိပ်ကို ဆင်းပြီး သူတို့ ခိုးလာတဲ့ သေတ္တာလေးကို မြှုပ်ဖို့ လုပ်ကြတာပေါ့။ မြစ်ကမ်းထိ ဆင်းပြီး မြှုပ်မယ်ဆိုရင် ပိုပြီးတော့ လုံခြုံကောင်း လုံခြုံနိုင်ပေမဲ့ အဲဒီနေရာက သဲမြေက ခပ်စိုစိုဆိုတော့ သေတ္တာထဲက ပိုက်ဆံတွေ ပျက်စီးမှာ စိုးလို့နဲ့တူတာပဲ။ ပြီးတော့ ရွာထဲလည်း ဟန်မပျက် ပြန်ပြီး အလုပ်ကလေး လုပ်ပြရဦးမှာဆိုတော့ အဲဒီလို စိုရွှဲရွှဲ သဲမြေထဲ ကြာကြာ မြှုပ်ထားလို့ မတော်ဘူးပေါ့ကွာ။ အဲဒီတော့ သူတို့က မင်းမြင်နေရတဲ့ ကျောက်တုံးကြီး ဘေးနားမှာ သေတ္တာလေးကို မြှုပ်ဖို့ တူးကြတာပေါ့။ အေးအေး..ဟုတ်တယ်..အဲဒီကမူလေး နေရာပေါ့။”

“ခင်ရတီသာ သွားပင့်တဲ့ ဆရာဝန်က မြို့မှာမရှိဘူး။ တခြားက ပင့်လို့ လိုက်သွားတာ ဖြစ်မှာပေါ့။ ဆရာဝန်ကို သူပင့်လို့ ရခဲ့ရင်တော့ အဲဒီဆရာဝန်ရဲ့ ကားစုတ်ကလေးစီးပြီး လမ်းသာတဲ့ဘက်က သူပြန်ရမှာပေါ့။ ခုကျ ဆရာဝန်လည်း မပါတော့ သူ့ခမျာ ခြေကျင် ပြန်လာရတာ။ အချိန်ကလည်း လင့်နေပြီဆိုတော့ (ငါ့အထင်) ပိုဝေးလို့ လမ်းသာတဲ့ဘက်က မလာဘဲ ခု ဖြတ်လမ်းလေးအတိုင်း ရွာကို ပြန်ခဲ့တာပဲ။ သူ အဲဒီလမ်းကလေးက ပြန်လာတုန်း အောက်ဘက်မှာ ဟိုအကောင်တွေ တူးဆွနေတဲ့ အသံကို ကြားမိမှာပေါ့။ ဘာလဲဟဲ့ဆိုပြီး ဝင်မှ မစပ်စုရင် ခင်ရတီသာ ဘယ်ဟုတ်တော့မလဲ။ ဒီကောင်မလေးက အကြောက်အလန့် ရှိတာမဟုတ်ဘူး။ အဲဒီလျှိုနားကို တခါတလေ တံငါသည်တွေက ကျောက်ဆူးလုပ်ချင်လို့ ကျောက်တုံးတွေ ဘာတွေ လာရှာတတ်သလို၊ မီးဖိုကလေး  ဖိုဖို့ ထင်းကလေး ဘာလေး လာကောက်တတ်တာကိုး။ ဟိုလူတွေ တူးဆွနေတဲ့ အသံမှန်းပြီး ကောင်မလေးက ဆင်းချလာတာ။ ညကလည်း မှောင်နေတော့ ဟိုအကောင် နှစ်ကောင်ကလည်း သူဆင်းလာတာ မမြင်လောက်ဘူး။ အနီးကို တော်တော်ရောက်တော့မှ အဲဒီလူတွေ ဘယ်သူတွေ ဆိုတာရော၊ ဘာလုပ်နေတယ် ဆိုတာရော သူ သဘောပေါက်သွားမှာပေါ့။ ဟိုငနဲ နှစ်ကောင် ကလည်း သူ့ကို သိတယ်လေ။ ခင်ရတီသာ မြင်သွားပြီ ဆိုမှတော့ သူတို့လည်း သွားပြီပေါ့။ ကဲ…ဆိုတော့ သူတို့ ပြဿနာကင်းအောင် လုပ်စရာက တခုပဲ ရှိတော့တယ်လေ။ ကောင်မလေးခေါင်းကို ပေါက်တူးနဲ့ နှံပြီး အမှောက်သိပ်လိုက်ရတာပေါ့။ ပြီးတော့ တွင်းကို နက်နက် ပိုတူးပြီး သံသေတ္တာနဲ့ ကောင်မလေး အလောင်း ကိုပါ တခါတည်း ရောမြှုပ်။ သူတို့ပျောက်နေလို့ ရွာထဲကလူတွေ သံသယ မဝင်ခင် ပြန်ပြေး။ အဲဒီလို ဖြစ်မယ်။ နောက် တနာရီလောက် ကြာတော့ ဦးဩကြီးအတွက် အခေါင်းလုပ်ပေးနေတဲ့ လူနဲ့ ထိုင်ပွား နေကြရော။ အဲဒီလူကလည်း သူတို့နဲ့ ဘော်ဒါပေါ့။ ဦးဩကြီး အိမ် ပြန်ပြင်ဆောက်တာမှာ အတူတူ လုပ်တဲ့ လူပါပဲ။ ငါစဉ်းစားကြည့်လို့ ရသလောက်တော့ ဦးဩကြီးရဲ့ သေတ္တာအကြောင်း နောက်ထပ် သိတဲ့လူဆိုရင် မောင်ညိုအေးရယ်၊ ဟို အစေခံ အဘွားကြီးရယ် ရှိမယ်။ မောင်ညိုအေးကလည်း မရှိဘူးဆိုတော့.. အဲဒီသေတ္တာ ပျောက်သွားကြောင်း စသိတာ အစေခံ အဘွားကြီးပဲ ဖြစ်မှာ။”

“အဲဒီ ငွေသေတ္တာအကြောင်း ဘယ်သူမှ မသိတာလည်း သိပ်တော့ မဆန်းဘူး။ ဘယ်သူ့မှ မယုံတဲ့ ကပ်စေးနဲ အဘိုးကြီးက သူ့အခန်းထဲက ထွက်တာနဲ့ အခန်းတံခါးကို သော့ခတ်ပြီး သော့ကို သူ့အိတ်ထောင်ထဲပဲ ထည့်ထားတာ။ ဟို အဘွားကြီး သန့်ရှင်းရေး ဝင်လုပ်ချင်ရင်တောင် အခန်းထဲ သူရှိမှ လုပ်လို့ရတာလေ။ သူ့မှာ ငွေရှိမှန်းတော့ တရွာလုံးက သိကြတာပေါ့။ ဟို ငနဲနှစ်ကောင်ကတော့ အိမ်ပြင်ဖို့ ငြမ်းတွေ ဘာတွေ ဆင်ရင်း အဘိုးကြီးမရှိတုန်း သူ့အခန်းကို ပြတင်းပေါက်က တဆင့် ချောင်းကြည့်လို့ ငွေသေတ္တာအကြောင်း သိတာ ဖြစ်မှာပေါ့။ အဲဒီ အဘိုးကြီးလည်း သေခါနီး စိတ်လွတ်ပြီး ကယောင်ကတမ်းတွေ မဖြစ်တောင် သူ့ ဥစ္စာပစ္စည်းတွေကို အတော်ကြောင့်ကြ စွဲလန်းသွားမှာ အသေအချာပဲ။ အဲ..အိမ်စေ အဘွားကြီးလည်း ရောယောင် ပြေးရင်းနဲ့ အဲဒါတွေ သတိရသွားရော။ အဲဒါနဲ့ နောက် မိနစ်နှစ်ဆယ်လောက် နေတော့ အရုပ်ဆိုးဆိုး သုဘရာဇာ အဘိုးကြီးနှစ်ယောက်နဲ့ အလောင်းပြင်ဖို့ အိမ်ပြန်လာတာပေါ့။ အဘွားကြီးက လည်း မသာကုတင်နား တယောက်တည်းတော့ မကပ်ဝံ့ဘူး။ သုဘရာဇာ နှစ်ယောက် အနား ရောက်တော့မှ ပစ္စည်းတခုခု ကျလို့ ကုန်းကောက်သလိုလို ဘာလိုလိုနဲ့ ကုတင်အောက် ငုံ့ကြည့်တာ။ မရှိတော့ဘူးလေ.. သံသေတ္တာက။ အရာပဲ ကျန်ခဲ့တာပေါ့။ အဘိုးကြီး မဆုံးခင် နေ့လည်လောက်အထိ အဲဒီ သံသေတ္တာ ရှိနေသေးတာ သူ သတိထားမိတယ်လေ။ ဆိုတော့ သူပါရောပြီး အကုန်လုံး ဆင်းပြေးတဲ့အချိန် နောက်ပိုင်းမှာ အခိုးခံရတာ သေချာသလောက်ပေါ့။”

“အေး.. ဒီနားက ရွာတွေတဝိုက်မှာတော့ ရဲစခန်း ရဲကင်း ထားလိုက်ဦး အစိုးရနဲ့ဆိုင်တဲ့ အဆောက်အဦ လူပုဂ္ဂိုလ် ဘာမှကို မရှိတာ။ ပြီးတော့ ဒီရွာမှာ တသက်လုံး နေလာတဲ့ အဲဒီ ရိုးသားတဲ့ အဘွားကြီး ဆိုတာလည်း သူ့တသက်မှာ ရုံးပြင်ကန္နား မပြောနဲ့ အစိုးရဝန်ထမ်း တယောက်ယောက်နဲ့တောင် စကားပြောဖူးတာ မဟုတ်ဘူးတဲ့။ အဲဒီတော့ အဘွားကြီး လုပ်ရမှာက ရိုးရိုးရှင်းရှင်းပါပဲ။ အမှောင်ထဲမှာ ရွာလယ်လမ်းအတိုင်း ပြေးပြီး သူ့အလုပ်ရှင်အိမ်က ပစ္စည်း လူခိုးသွားပါပြီတော့လို့ လှည့်ပတ် အော်ရုံပဲ ရှိတော့တာပေါ့။ လူတွေက ပထမတော့ အိမ်တွေထဲက ခေါင်းပြူကြည့်ကြတယ်။ မကူညီချင်သလိုလို ဘာလိုလိုပေါ့ကွာ။ ဒီအဘွားကြီး သူ့ဟာသူ ခိုးပြီး လျှောက်အော်နေတာ ဖြစ်မှာ ဘာညာနဲ့ အတင်းတုပ် နေကြသေးသတဲ့။ အဲ..ပထမဦးဆုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားတာကတော့ မောင်ညိုအေးရဲ့ ယောက္ခမလောင်း အဘိုးကြီး။ ပျောက်သွားတဲ့ ပစ္စည်းဥစ္စာ ဆိုတာမှာလည်း သူ့သမီးကို တင်တောင်းလို့ သူ့အိတ်ထဲ ရောက်ရမဲ့ဟာ ပါသကိုးကွ။ အဲဒါနဲ့ အဲဒီ အဘိုးကြီးက သူ့အိမ်ကလူတွေရော တခြားအိမ်က လူတွေရော လိုက်စုပြီး အဘွားကြီးဆီ သွားကြတာပေါ့။ အဲဒီမှာ မောင်ညိုအေးရဲ့ ယောက္ခမလောင်းကြီးက ဘာမှတ်ချက် ပြုသလဲဆိုတော့ အဲဒီငွေတွေ ခိုးသွားတာ ဦးဩကြီး အိမ်မှာနေတဲ့ ဟို တနယ်သား လက်သမားယောင်ယောင်၊ ပန်းရံဆရာ ယောင်ယောင် နှစ်ကောင်ဖြစ်မှာပဲတဲ့။ အဲ..နောက်တော့ အဲဒီ လူနှစ်ယောက်ကို ရှာဖို့ အဘိုးကြီးက ဦးဆောင်လာတာပေါ့။ သွားရှာတာလည်း ဝေးဝေးလံလံ မဟုတ်ပါဘူး။ ဦးဩကြီး အိမ်နောက်က လက်သမားရုံတင်ပဲ။ တွေ့တာပေါ့ တန်းပြီး။ အဲဒီမယ် သူခိုးနှစ်ကောင်ရယ်၊ အခေါင်းစပ်နေတဲ့ငနဲရယ် သုံးယောက်သား လုပ်လက်စ အခေါင်းပေါ်မှာ အရက်ပုလင်း ထောင်ပြီး သောက်နေကြတာလေ။ လိုက်ရှာတဲ့ လူစုကလည်း သူတို့ကို တွေ့တာနဲ့ ဟဲ့ သူခိုးတွေ..နင်တို့ အပြစ် နင်တို့သိလား..သွား..မြို့ကရဲတွေ လာတဲ့အထိ ဒင်းတို့ကို ချုပ်ထားကြ.. ဘာညာနဲ့ တယောက် တပေါက် ဝိုင်းအာကြရော။ ဟိုငနဲ နှစ်ကောင်လည်း အခြေအနေမဟန်မှန်း သိတော့ တယောက်မျက်နှာ တယောက် ကြည့်ပြီး အချက်ပေးလိုက်တယ်။ ပြီးတာနဲ့ ဗြုန်းဆို ထပြီး ထွန်းထားတဲ့ မီးအိမ်ကို ငြှိမ်းပစ်၊ အခေါင်းကြီးကို နှစ်ယောက်မပြီး လူအုပ်ထဲ အတင်းဝင်တွန်း၊ လဲသွားတဲ့ လူတွေပေါ် ကျော်ခွပြီး အမှောင်ထဲကို အသားကုန် ထွက်ပြေးသွားကြတာပဲဟေ့။ လဲရာကနေ ထပြီး လိုက်တဲ့သူ လိုက်ကြ ပါသေးတယ်။ ဒါပေမဲ့ ဘယ်မှီတော့မလဲ။”

“အေး…အဲဒါ ဒီဇာတ်လမ်းရဲ့ ပထမပိုင်း အဆုံးသတ်ပေါ့ကွာ။ အဘိုးကြီးရဲ့ ဥစ္စာပစ္စည်းတွေ ဆိုတာလည်း အစအနတောင် ရှာမတွေ့တော့ သူခိုးတွေ လက်ထဲပဲ ပါသွားတာ နေမှာပေါ့ဆိုပြီး လူတွေက မှတ်ချက် ချကြတာ။ မောင်ညိုအေး ပြန်လာတာနဲ့ အဘိုးကြီးကို သင်္ဂြိုဟ်လိုက်တာပေါ့။ မောင်ညိုအေး ခမျာလည်း သူ့အဖေ အသုဘစရိတ်တောင် မရှိလို့ ချေးရ ငှားရသေးသတဲ့။ သူ့ခမျာမှာ အမွေလည်းဆုံး၊ မင်္ဂလာပွဲလည်း ပျက်။ ဒီဘက်မယ်တော့ နှစ်ဘက် ကြောင်းလမ်းတုန်းက ကတိထားတဲ့အတိုင်း တင်မတောင်းနိုင်တော့ရင် မင်္ဂလာပွဲဆိုတာလည်း အလိုလိုပျက်တာပဲ။ မောင်ညိုအေးကလည်း ဒီဓလေ့ကို သိပါတယ်။ မောင်ညိုအေး အဖေ ဦးဩကြီးပိုင်တဲ့ လယ်ယာမြေဆိုတာလည်း မရှိသလောက်ပါပဲ။ အဘိုးကြီး ရှာထားသမျှကလည်း သူခိုးတွေ လက် ပါသွားပြီ။ ဘာမှ မကျန်ဘူး။ ကျန်ခဲ့တာဆိုလို့ တဝက်တပျက် ချဲ့ထားတဲ့ အိမ်ရယ်၊ အိမ်ပြင်ဖို့ အကြွေးနဲ့ ဝယ်ထားတဲ့ သစ်တွေ သံတွေ၊ ဆောက်လုပ်ရေး ပစ္စည်းတွေရယ်။ ဒါပဲ။ အဲဒါနဲ့ မောင်ညိုအေးက သူ့ရည်းစား ဖက်တီးမလေးဆီ သွားပြီး လက်ဖြန့်တော့ ဟိုကလည်း ရှင်းတယ်။ တခါတည်း မျက်နှာလွှဲ သွားရောတဲ့။ ဪ..ခင်ရတီသာလေးလား..သူ ပျောက်နေပေမဲ့ ဘယ်သူမှ သတိမထားမိကြဘူး။ မြို့ကို ဆရာဝန် အခေါ်လွှတ်လိုက်တာလည်း တယောက်မှ မမှတ်မိကြတော့ဘူး။ သူကလည်း တခါတလေ တခြား ဟိုရွာ ဒီရွာ လျှောက်သွားပြီး အလုပ်ရှိရင် ရှိသလို လုပ်နေတတ်တာကိုး။ အဲဒီတော့ သူ ပြန်မလာတာကို ဘယ်သူမှလည်း ဂရုမစိုက်ကြဘူးလေ။ နောက်ဆုံး ကောင်မလေး လုံးလုံးပေါ်မလာတော့မှ ဘယ်လို ပြောကြသလဲဆိုတော့ သူလည်း သူခိုးတွေနဲ့ ပေါင်းကြံပြီး ထွက်ပြေးသွားတာပဲ ဖြစ်မှာတဲ့..ကိုင်း။”

ကျနော်သည် စကားပြာခြင်းကို ခဏမျှ ရပ်ကာ အရက်ခွက်ကို မော့ချလိုက်သည်။ အောင်တိုးသည် မီးသေ သွားသော ဆေးပေါ့လိပ်အား မီးညှိရင်း –

“အေး..ဒီလို အဖြစ်အပျက်မျိုးဆိုတာ ဒီနေရာကလွဲပြီး တခြားနေရာမှာတောင် မဖြစ်လောက်ဘူးလို့ ငါစိတ်ထဲ ထင်မိလာတယ်။ မင်း ပြောတဲ့ ဇာတ်လမ်းက အတော်လေး ဆွဲဆောင်မှု ရှိသားကွ။ ရုတ်တရက် သေဆုံးတာ၊ လူမဆန်တဲ့ လူသတ်မှု၊ ပြီးတော့ စက်ဆုပ်စရာ ကိစ္စတွေက ရိုးစင်းသလိုလိုနဲ့ တကယ်ကို ပြဇာတ်ဆန်ဆန် လျှို့ဝှက် ဆန်းကြယ်နေသလိုမျိုး။”

“အေး… ဆန်းကြယ်တာ ရှိသေးတယ်ကွ။”

အောင်တိုးသည် အပြင်ပန်းတွင် အေးစက် ငြိမ်သက်သောသူ ဖြစ်သော်လည်း အစင်းသိ သူငယ်ချင်း အရင်းတယောက် အနေဖြင့်မူ သူသည် စိတ်ကူးယဉ် အဆန်ဆုံး လူတယောက် ဖြစ်ကြောင်း ကျနော် ကောင်းကောင်း နားလည်ပါသည်။

“ကဲ…ငါ့အထင် သနားစရာ ကောင်မလေး အလောင်းနဲ့ ဟို ငွေသေတ္တာကို နောက်ပိုင်းကြ တွေ့ရော ဆိုပါတော့။ ”

“အေးပါ..မင်းစိတ်ဝင်စားတယ်ဆိုတော့ ကျန်တဲ့ အပိုင်းကို ငါ ဆက်ပြောပါ့မယ်။”

One comment

  • kai

    April 9, 2024 at 1:38 pm

    ထူးထူးဆန်းဆန်း… ပြန်ရောက်လာသမို့… ဖတ်စရာတွေတော့ရပြီ..။

Leave a Reply