သွေးသည် အသက် – အပိုင်း(၁)

(For the blood is the life[1] (1905) အမည်ရ ဤဝထ္ထုတိုသည် အီတာလျံနွယ်ဖွား စာရေးဆရာ Francis Marion Crawford ၏ အကောင်းဆုံး ဝတ္ထုတိုများအနက် ကျနော် အမှီးရေးသော ဒုတိယမြောက် တပုဒ်ဖြစ်ပါသည်။ ပထမ တပုဒ်အား အော်သံပေးသော အရိုးခေါင်း အမည်ဖြင့် ပြန်ဆိုထားပါသည်။ )

ကျနော်သည် တက္ကသိုလ် ကျောင်းသားဘဝ၌ ဦးအံ့မောင် ဆိုသော လူကြီးတဦးနှင့် ကံအားလျော်စွာ ခင်မင်ခွင့် ရခဲ့ပြီးနောက် မြို့နှင့် အတော်လှမ်းသော တောင်ကုန်း တောင်တန်းများကြားရှိ ၎င်း၏ ဥယျာဉ်ခြံသို့ မကြာခဏ ဆိုသလို သွားရောက် လည်ပတ်ခဲ့ရာမှ နောက်ဆုံးနှစ် ဒုတိယနှစ်ဝက်တွင် စာမေးပွဲ မရှုံးစေရန် အသဲအသန် ကြိုးစား နေရသဖြင့် မရောက်ဖြစ်သည်မှာ လအတန်ပင် ကြာခဲ့လေသည်။

စာမေးပွဲများ ပြီးသောအခါ ပန်းချီဝါသနာပါသော သူငယ်ချင်း အောင်တိုးအား အဖော်ခေါ်၍ ဦးအံ့မောင်၏ ဥယျာဉ်ခြံသို့ ထွက်ခဲ့ကြလေသည်။

ဦးအံ့မောင်နှင့် တွေ့သောအခါ ကျနော်လည်း အံ့အားသင့်မိလေသည်။ မတွေ့ဖြစ်သော ဤ သုံးလေးလတွင် ဦးအံ့မောင်သည် အလွန်ပင် အိုစာသွားသောကြောင့်ဖြစ်သည်။ ယခင်က ပျောက်တိပျောက်ကြားသာ ဖြူသော ဆံပင်မှာ ယခုအခါ အမဲဟူ၍ မကျန်အောင် ဖွေးဖွေးလှုပ်လျက်ရှိ၏။ ပြုံးရွှင် ဖော်ရွေလှသော မျက်နှာထားမှာ မှေးမှိန်ရင့်ရော်ခဲ့လေပြီ။ ကျနော့အား တွေ့သောအခါ ယခင်အတိုင်း ဝမ်းသာသော အမူအရာ ဖြင့် ကြိုဆို နှုတ်ဆက်ရှာလေသည်။

မလာတာ ကြာပါပကောလား ငါ့တူ ဟု ပြောသောအခါ ကျနော်လည်း ကျောင်းစာများကြောင့် မအားလပ် သဖြင့် မလာနိုင်သည့်အကြောင်း ပြောဆိုကာ ဝယ်ယူလာသော လက်ဆောင်ပစ္စည်းများကို ဦးအံ့မောင် လက်သို့ ပေးအပ်လိုက်သည်။ အဘိုးကြီးသည် ပြုံး၍ သာဓုပါကွယ်ဟုသာ ဆိုလေသည်။

“ကိုင်း..ငါ့တူတို့ နားချင်နားကြဦး။ ဦးကြီးတော့ အလုပ်ကလေး မပြတ်တာနဲ့ ခြံထဲမှာ တဲထိုးပြီး နေတယ်။ ညအိပ်မယ်ဆို ဒီအိမ်မှာ လွတ်လွတ်လပ်လပ် နေလို့ရပါ့ကွယ်။ ညနေစာတော့ လူလွှတ် အပို့ခိုင်းလိုက်မယ်။”

“မပို့ခိုင်းပါနဲ့ ဦးကြီး …ကျနော်တို့ လာစားပါ့မယ်။”

ဦးအံ့မောင် ထွက်သွားသောအခါ ကျနော်လည်း အိမ်ကို ရှင်းလင်းသုတ်သင်ရလေသည်။ အောင်တိုးမှာ ပတ်ဝန်းကျင်အား လှည့်လည် ကြည့်ရှုရင်း ကင်မရာကလေး တလုံးဖြင့် ဟိုဟိုသည်သည် လျှောက်ရိုက် နေ၏။ ကျနော်ကား ဤနေရာသို့ ရောက်ဖူးပေါင်း များလှပြီ ဖြစ်သဖြင့် သန့်ရှင်းရေးလုပ်ပြီးသောအခါ အေးအေးပင် နားနေလိုက်သည်။ ညနေစောင်းသောအခါ ရေမိုးချိုးပြီးနောက် ဦးအံ့မောင်၏ တဲဆီသို့ ထွက်လာခဲ့ကြသည်။

ညနေစာ စားပြီးနောက် ဥယျာဉ်အတွင်း လှည့်ပတ် ကြည့်ရှုကြသည်။ တောင်ကုန်းများကြားတွင် ခဲယဉ်းစွာ စိုက်ပျိုးထားသည်ကို အောင်တိုးတယောက် အံ့ဩနေ၏။ အတန်ကြာသော် ကျနော်တို့လည်း ပြန်ရန် ပြင်ကြလေသည်။ ဦးအံ့မောင်သည် ကျနော်တို့ စားရန် အစားအသောက်များကို သုံးဆင့်ချိုင့်ကလေး တလုံးဖြင့် ထည့်ပေးလိုက်သေး၏။ ဆိတ်သားခြောက်ဖုတ်၊ မြေပဲကြော်နှင့် ငါးခြောက်ကလေးများပါသဖြင့် အမြည်းရချေပြီဟု ကျနော်တို့လည်း ပြုံးမိကြလေသည်။

အိမ်ကလေးဆီသို့ ပြန်ရောက်သောအခါ အောင်တိုးက မလှမ်းမကမ်းရှိ မျှော်စင်သဖွယ် အဆောက်အဦ ပေါ်သို့ တက်၍ကြည့်ချင်ကြောင်း ပြောလေသည်။

“ကိုင်း…မထူးပါဘူးကွာ..သွား..အိမ်ထဲက မင်း ပုလင်းတွေ ဖန်ခွက်တွေ လွယ်အိတ်ထဲ ထည့်ပြီး တခါတည်းသာ ယူခဲ့တော့။”

ပျောက်ကွယ်လုဆဲဆဲ အလင်းရောင်အောက်တွင် မျှော်စင်မှာ ထီးထီးကြီး တည်ရှိနေလေသည်။ ထိုမျှော်စင်မှာ အုတ်ဖြင့် တည်ဆောက်ထားခြင်း မဟုတ်ဘဲ ကျောက်တုံးများကို လိုသလို ဖြတ်တောက် ပုံသွင်း၍ ဆောက်လုပ်ထားခြင်း ဖြစ်သည်။ မျှော်စင်ဟု အလွယ်ခေါ်ရသော်လည်း မည်သည့်အချိန်တွင် မည်သူက မည်သည့်အတွက် ဆောက်ခဲ့သော အဆောက်အဦမှန်း မည်သူမျှ မသိကြချေ။ ထိုမျှော်စင်သည် မြင့်လှသည်တော့ မဟုတ်ပါ။ မြေပြင်မှ ထိပ်ဖျား ထိဆိုလျှင် ပေလေးငါးဆယ်ထက် ပိုမမြင့်နိုင်ဟု ကျနော် မှန်းကြည့်မိသည်။ အလယ်နားကျော်ကျော်တွင် မြောက်ဘက်သို့ လှည့်ထားသော ဝရန်တာ တခုရှိသည်။ ထို ဝရန်တာသည် လူနှစ်ယောက် ကောင်းစွာ ထိုင်နိုင်လောက်အောင် ကျယ်ဝန်းသဖြင့် ထိုနေရာတွင် ထိုင်သောက်ကြရန် ကျနော်ဆုံးဖြတ်လိုက်ခြင်း ဖြစ်ပါသည်။

မျှော်စင် ဝင်ပေါက်တံခါးအား သော့ခတ်ထားသည်ကို သတိရမိသဖြင့် ကျနော်လည်း အိမ်ထဲသို့ဝင်ကာ သော့ကို ယူရလေသည်။ မျှော်စင်တံခါးကို ဖွင့်သောအခါ ကြိုးခွေတခု ပြုတ်ကျလာလေသည်။ ထိုကြိုးခွေအား ဆွဲယူကာ တံခါးနှင့် တလံလောက်ရှိ သစ်ငုတ်တခုတွင် ချည်ထားလိုက်၏။ အောင်တိုးသည် ကျနော် လုပ်သမျှကို တအံ့တဩနှင့် ကြည့်နေသော်လည်း ဘာမျှမမေးချေ။ မျှော်စင်အား လှည့်ပတ် ကြည့်ကာ အမှတ်အသား တစုံတရာ တွေ့လိုတွေ့ငြား လျှောက်ရှာကြည့်နေလေသည်။

မျှော်စင်အတွင်းရှိ ကြောင်လိမ်လှေကားမှာ မဲနက်နေသော သစ်သားတမျိုးဖြင့် ပြုလုပ်ထားသည်။ မည်သည့် သစ်အမျိုးအစားမှန်း ကျနော်မသိပါ။ နှစ်ပေါင်းများစွာ ကြာသည့်တိုင် ကြံခိုင်နေသေးသည်ကတော့ အမှန်ပင်။ ကျနော် ချည်လိုက်သော ကြိုးမှာ သစ်သားလက်ရန်း အတိုင်း ဆင်းလာခြင်း ဖြစ်သည်။ အလယ် ဝရန်တာ အပေါက်ရောက်သောအခါ အပေါ်သို့ ဆက်၍ တက်မရတော့ချေ။ ထိုနေရာတွင် လှေကားအား ဓား၊ ပုဆိန်တို့ဖြင့် ခပ်ကြမ်းကြမ်း ခုတ်ထစ် ဖျက်ဆီးထားပုံမျိုး ဖြစ်သည်။

အောင်တိုးနှင့် ကျနော်တို့ သူငယ်ချင်း နှစ်ယောက်သည် တခါတရံ ကပ်တီးကပ်ဖဲ့ အပြိုင်လုပ်သော အကျင့်တခု ရှိသည်။ သူသည် စကားနည်း၍ နားထောင်သမားသာဖြစ်သည်။ ပုံပြင်၊ ဝတ္ထု၊ ဇာတ်လမ်းများ နားထောင်ရသည်ကို နှစ်သက်သည်။ သို့သော် သူသည် သူတထူး အကြောင်း မေးမြန်းခဲလှသည်။ သိချင်သော်လည်း တပါးသူ မပြောမချင်း မေးမြန်းခြင်းမရှိဘဲ အောင့်အီးနေတတ်၏။ ကျနော်ကား အပြောသမား ဖြစ်သည်။ ရံဖန်ရံခါ ကျနော်က ပြောချင်သော်လည်း သူက မမေးသဖြင့် မျိုသိပ် နှုတ်ဆိတ် နေရလေသည်။ ယခု မျှော်စင် ကိစ္စကိုလည်း သူက သိချင်လှသော်ငြား မမေးဘဲ မြုံနေသည်။ ကျနော်က ပြောချင်သော်လည်း သူက မမေးသဖြင့် ပါးစပ်ပိတ်ထားလိုက်၏။

မျှော်စင် ထိပ်နားတွင်လည်း အပေါက်တခု ရှိသဖြင့် ထိုနေရာမှ မှေးမှိန်သော အလင်းရောင်လေးသည် မျှော်စင်အတွင်း ဖြာကျလျက် ရှိလေသည်။ အောင်တိုးသည် ဓာတ်မီးကလေးကို ထုတ်ကာ ဟိုဟိုသည်သည် ထိုးကြည့်နေသေး၏။

မျှော်စင် ဝရန်တာတွင် ပက်လက်ကုလားထိုင်ကလေး နှစ်လုံးနှင့် စားပွဲကလေး တလုံး ရှိရာ စားပွဲပေါ်တွင် ကျနော်တို့ ယူလာသော အစားအသောက်များကို နေရာချထားလိုက်သည်။ အောင်တိုးသည် မထိုင်ဘဲ ဝရန်တာလက်ရန်းကို ကိုင်၍ မတ်တပ်ရပ်ကာ ပတ်ဝန်းကျင်ကို မျှော်ကြည့်နေလေသည်။ မိုးချုပ်စ ဖြစ်သဖြင့် ပတ်ဝန်းကျင် တခုလုံးမှာ မဲမှောင်နေလေသည်။ ကောင်းကင်မှာလည်း ခဲသားရောင် မွဲမွဲနှင့် မြစ်ပြင်မှာလည်း မီးခိုးရောင် ညစ်ညစ်သာ ဖြစ်နေလေသည်။ တောင်ကုန်း တောင်တန်းများမှာ မဲမဲရိပ်များ သဖွယ်သာ မြင်ရလေ၏။ ဤရှုခင်းအား ပန်းချီဆွဲသော် မလွယ်လောဟု ကျနော်က ပြုံး၍ ပြောသောအခါ အောင်တိုးသည် တစုံတရာ ပြန်လည် ပြောဆိုခြင်းမပြုဘဲ ဆေးပေါ့လိပ်ကိုသာ ထုတ်၍ ဖွာနေလေ တော့သည်။

ထိုခဏတွင် အရှေ့ယွန်းယွန်းရှိ တောင်ကုန်းများနောက်မှ လသည် ထွက်ပေါ်လာရာ ပတ်ဝန်းကျင်ရှိ အရာများကို လရောင်ဖြင့် တဖြည်းဖြည်း သဲကွဲစွာ မြင်လာရပါသည်။ ထိုနေ့သည် တပေါင်းလပြည့်ကျော် ၂ရက်နေ့ ဖြစ်မည်ဟု ကျနော် ထင်သည်။ ကျောက်တုံး ကျောက်ခဲများနှင့် မြက်ပင်များပေါ်သို့ လရောင်သည် လင်းဖြာကျလျက် ရှိလေသည်။ တငြိမ့်ငြိမ့်စီးလျက်ရှိသော မြစ်ပြင်နှင့် တောင်ကုန်း တောင်ကြားများရှိ ရွာကလေးများမှ အိမ်ကလေးများ၏ ခေါင်မိုးများကိုပင် မြင်လာရပါသည်။

မြစ်ကမ်းမှ ဤတောင်ကြားနေရာသို့ တက်ရန် ဖြတ်လမ်းကလေး တခုရှိ၏။ ထိုလမ်းကလေး၏ အောက်ဘက် လျှိုတခု၏ အထက်တွင် ကုန်းကမူ ကလေးတခုလည်း ရှိလေသည်။ အောင်တိုးသည် နှုတ်ဆိတ်လျက် ထိုနေရာသို့ စူးစိုက် ကြည့်ရှုလျက်ရှိရာ မည်သည့်အရာသည် သူ့အား ဤသို့ ဖြစ်အောင် ဆွဲဆောင်နေသနည်းဟု ကျနော်လည်း တွေးနေမိ၏။ ထိုနေရာကို ကျနော် ကောင်းစွာ သိပါသည်။ ပန်းချီဆရာ တယောက် အနေဖြင့် သူ၏ အမြင်အာရုံမှာ အလွန်ကောင်းလှသဖြင့် သူ့မျက်စိသူ ကောင်းစွာ ယုံကြည်သူ ဖြစ်သည်။ တခါတရံ သူ(တကယ်)မြင်သည့်အရာနှင့် (ထိုသို့ ဤသို့ စသည်ဖြင့်) မြင်သင့်သည်ဟု သူယုံကြည်သော အရာတို့ကြား ခြားနားခြင်းကို ကြေလည်အောင် မညှိနှိုင်း နိုင်သည့်အခါတိုင်းတွင် သူသည် အလွန် စိတ်အနှောက်အယှက် ဖြစ်ရလေသည်။

ထိုသို့ စူးစိုက်ကြည့်နေရင်း အတန်ကြာမှ စကားစလေသည်။

“ဆန်းတော့ ဆန်းသား..။ ငထွေး..ဟိုးမယ် ကျောက်တုံးကြီး ဘေးနားက ကမူလေး ကို မြင်လား။”

“အေး။”

နောက်ပြောမည့် စကားအား အသေအချာ ကျနော် ခန့်မှန်းမိပါသည်။

“လူမြှုပ်ထားတဲ့ မြေပုံလေးနဲ့ မတူဘူးလား။”

“သိပ်တူတာပေါ့ကွာ။”

ထိုနေရာမှ မျက်စိမလွှဲဘဲ ဆက်၍ ပြော၏။

“အေးကွ…ဒါပေမဲ့ ဆန်းတာက အဲဒီအပေါ်မယ် လူတယောက်လှဲ နေသလို ငါ့မျက်လုံးထဲ မြင်နေရတာပဲ။”

အဟုတ်ပါပဲဟု သူ့ဖာသာ သူ ဆိုရင်း ပန်းချီဆရာများ လုပ်လေ့ရှိသကဲ့သို့ ခေါင်းအား ဘယ်ညာ စောင်းကာ ကြည့်နေပြန်၏။ ထို့နောက် –

“အင်း..အလင်းရောင်ကြောင့် ဖြစ်မှာပါ။ ပထမ တချက်က အဲ့ဒါ မြေပုံ လုံးဝ မဟုတ်ဘူး။ အဲ… ဒုတိယ အချက်.. မြေပုံဆိုရင်လည်း အလောင်းက အထဲမှာပဲ ရှိရမှာပေါ့။ ခုလို အပေါ်မှာ ဘယ်ရှိမှာလဲ။ အဲဒီတော့ ဒါက လရောင်ကြောင့်ပါပဲ…မင်း မြင်တယ်မို့လား။”

“ဟုတ်ပါ့ကွာ… လသာတဲ့ ညတိုင်း ငါမြင်တာပေါ့။”

ကျနော်က ထိုသို့ပြန်ပြောသောအခါ အောင်တိုးက မျက်မှောင်ကြုတ်၍ –

“မင်း ကြည့်ရတာ အဲ့လောက် စိတ်မဝင်စားဘူး ထင်တယ်။”

“ဘယ်ကသာကွာ… စိတ်ဝင်စားပါတယ်ဟ…ခဏ ခဏ မြင်နေရတာတောင် မရိုးဘူး။ ပြီးတော့ မင်းထင်တာ လည်း သိပ်တော့ မမှားပါဘူး..။ အဲဒီကမူလေးက တကယ်ကို လူတယောက်ရဲ့ သင်္ချိုင်းရာပါပဲ။”

“မဟုတ်တာကွာ.. ကိုင်း..အဲဒီတော့ မင်းပြောမှာက အဲဒီကမူပေါ်လှဲနေတဲ့ ငါမြင်တဲ့ဟာက တကယ်ပဲ အလောင်းတလောင်းပေါ့…ဟုတ်လား။”

“မဟုတ်ဘူး…ငါသိတာပေါ့…ငါ တခါ ဒုက္ခခံပြီး ဆင်းကြည့်ဖူးလို့ကွ။”

“အေး.. အဲဒီတော့ ဘာတုန်း အဲဒါက။”

“ဘာမှ မဟုတ်ဘူး။”

“ဆိုတော့ ငါပြောသလို အလင်းရောင်ကြောင့်ပေါ့.. အဲ့လိုလား။”

“မသိဘူး..ဟုတ်ချင်လည်း ဟုတ်မှာပေါ့..။ ဒါပေမဲ့ ရှင်းမပြနိုင်တာ တခုတော့ ရှိတယ်။ မင်းဟာမင်း လဆန်းဆန်း လဆုတ်ဆုတ်.. လရောင်က ဘယ်ကနေလာလာ… လရောင်က အဲဒီပေါ်ကျတာနဲ့ အဲဒီလို လူအသွင် သဏ္ဌာန်ကို အဲဒီ ကမူပေါ်မှာ မြင်ရတာပဲကွ။”

အောင်တိုးသည် ဘာမျှ ပြန်မပြောဘဲ ဆေးပေါ့လိပ် တလိပ်ကို ထပ်ထုတ်ကာ အစီခံကို လက်သည်းဖြင့် ခြစ်ပြီးနောက် စားပွဲပေါ်တွင် တတောက်တောက်နှင့် ဆောင့်နေလေသည်။ ထို့နောက် မီးညှိပြီးသောအခါ ရုတ်တရက်  ထ၍ –

“မင်း ပြောတာ မယုံလို့ရယ်တော့ မဟုတ်ဘူး..စိတ်မရှိနဲ့.. ငါ အောက်ဆင်းပြီး သွားကြည့်ဦးမယ်။”

အောင်တိုးသည် သီချင်းလေး တပုဒ်ကို ညည်းရင်း မျှော်စင်ပေါ်မှ ဆင်းသွားလေသည်။ ကျနော်လည်း ထိုင်ရာမှ မထပဲ လရောင်အောက်တွင် သီချင်းကလေး တအေးအေးဖြင့် အောင်တိုး လျှောက်သွားသည်ကို လှမ်းကြည့်နေမိ၏။ ထို ကမူကလေးနှင့် ခြေလှမ်း ဆယ်လှမ်းမျှ အကွာအဝေးသို့ ရောက်သောအခါ အောင်တိုးသည် ခေတ္တမျှ ရပ်ကာ ရှေ့တိုးနောက်ဆုတ် လုပ်နေလေသည်။ ထို့နောက် ရပ်နေပြန်၏။ အဘယ်ကြောင့် ထိုသို့ သူလုပ်သည်ကို ကျနော် သိပါသည်။ ကမူလေးပေါ်မှ သဏ္ဌာန်သည် သူရပ်လိုက်သော နေရာမှ စကာ ပျောက်ကွယ်သွားသောကြောင့် ဖြစ်သည်။ အလင်းကျပုံ ပြောင်းလဲသွားသောကြောင့်ဟု သူ ပြောလေဦးမည်ပင်။

ထို့နောက်တွင် သူသည် ကမူကလေးပေါ်သို့ ရောက်အောက်တက်၍ မတ်တပ်ရပ်နေလေသည်။ ကျနော့်မှာ မူ ထိုသဏ္ဌာန်ကို မြင်နေရသေးသည်။ သို့သော် ထိုအရာသည် လှဲနေသည့် သဏ္ဌာန် မရှိတော့ဘဲ ဒူးထောက်၍ ဖြူဖွေးသော လက်များဖြင့် အောင်တိုးအား ရစ်ပတ်ကာ မျက်နှာအား မော့ကြည့်နေသည့် အသွင် ဖြစ်နေ၏။ ထိုခဏတွင် လေအေးတချက်သည် ဝေ့ကနဲ တိုက်လိုက်သဖြင့် ကျနော်၏ ဆံပင်များပင် ဖွာကနဲ ဖြစ်သွားသည်။ တောင်ကုန်း တောင်တန်းများကြားမှ အေးစက်သော ညလေသည် ရုတ်ချည်း ဆင်းလာသလိုမျိုးပင်။ သို့သော် ကျနော်၏ စိတ်တွင်မူ အခြားသော ကမ္ဘာတခုမှ အသက်ရှုသံပမာ ခံစားလိုက်ရလေသည်။

ထိုအရာသည် မတ်မတ်ရပ်လျက်ရှိသော အောင်တိုး၏ ခန္ဓာကိုယ်ကို အမှီပြု၍ ကုန်းထရန် ကြိုးစား နေကြောင်း တွေ့ရလေသည်။ အောင်တိုးသည် သတိမူမိပုံမရဘဲ မျှော်စင်ဘက်ဆီသို့ လှမ်း၍ မျှော်ကြည့် နေ၏။ ဖြာကျလျက်ရှိသော လရောင်အောက်၌ ဤမြင်ကွင်းကို မြင်ရသည်မှာ အလွန်ပင် လှပဆန်းကြယ် သည်ဟု ကျနော့်စိတ်ထဲ ထင်လိုက်မိသေး၏။

“ဟေ့ကောင်..လာတော့.. တက်ခဲ့..။ အဲဒီမှာ တညလုံး နေမလို့လား။”

ကျနော် လှမ်းအော်လိုက်သောအခါ အောင်တိုးသည် ကမူပေါ်မှ မဆင်းချင် ဆင်းချင်နှင့် ဆင်းဖို့ လုပ်လေ သလော၊ ခြေလှမ်းဖို့ရန်ပင် ခက်ခဲနေသလော မသိချေ။ သူ့ပုံစံမှာ ဆုတ်ဆိုင်းဆိုင်း ဖြစ်နေသဖြင့် ဤသို့ ကျနော် တွေးမိခြင်း ဖြစ်သည်။ ဟုတ်သည်။ ထိုအရာ၏ လက်များမှာ အောင်တိုး၏ ခါးကို သိုင်းဖက်ထားဆဲ ဖြစ်သော်လည်း ခြေထောက်များမှာမူ ထိုကမူကလေးပေါ်မှ မရွေ့ချေ။ အောင်တိုးက ရှေ့သို့ ဆက်လျှောက် သောအခါ ဖက်၍ထားသော လက်များနှင့် ခန္ဓာကိုယ် အထက်ပိုင်းသည် ပါးလျဖြူဖွေးသော မြူခိုး မြူလိပ်များသဖွယ် ရှည်လျားထွက်လာပြီး တွယ်ကပ် လိုက်ပါလာလေရာ အောင်တိုးသည်ပင် ကြက်သီးထသကဲ့သို့ တချက်တွန့်သွားသည်ကို ကျနော် ရှင်းလင်းစွာ မြင်လိုက်ရပါသည်။ ထိုခဏတွင် ညလေပြေနှင့်အတူ ပါလာဟန်ရှိသော နာကျင်ငိုညည်းသံ သဲ့သဲ့ကို ကျနော် ကြားလိုက်မိ၏။ ထိုအသံသည် ဤတောင်ကုန်း တောင်ကြားတွင် နေသော တောလုံငှက်ကလေး တကောင်၏ အသံ ဖြစ်နိုင် ပါသည်။ ရှည်လျားထွက်လာသော ထို မြူခိုးသဏ္ဌာန်သည် ရှေ့သို့ ဆက်လျှောက်နေသော အောင်တိုး၏ ခန္ဓာကိုယ်မှ ဖယ်ခွာသွားပြီး ကမူကလေးပေါ်သို့ ပြန်လည် မျောလွင့်သွားကာ နဂိုမူလအတိုင်း လဲလျောင်း နေသည့် သဏ္ဌာန် ပြန်ဖြစ်သွားတော့သည်။

လေအေးတချက် တိုက်ခတ်လာပြန်ရာ ဤတကြိမ်တွင်မူ ထိတ်လန့်မှုကြောင့် ကျောရိုးတလျှောက်တွင် စိမ့်ခနဲ ဖြစ်သွားလေသည်။ လသာသော ညတညတွင် ထိုအရာအား ကျနော် ဆင်းကြည့်ခဲ့ဖူးသည်ကို ကောင်းစွာ အမှတ်ရမိပါသေးသည်။ အနီးသို့ရောက်သောအခါ ဘာမျှ မတွေ့တော့ပါ။ အောင်တိုးကဲ့သို့ပင် ကျနော်သည် ကမူကလေးပေါ်သို့ တက်၍ မတ်တပ်ရပ် နေခဲ့ပါသည်။ ဘာမျှ မရှိသည်မှာ သေချာသဖြင့် ကျနော် ပြန်ဆင်းလာခဲ့ပါသည်။ ချက်ချင်းလိုလိုပင် တစုံတခု ရှိနေကြောင်း ခံစားမိပြီး လှည့်ကြည့်ချင်စိတ် ဖြစ်လာပါသည်။ လှည့်ကြည့်လျှင် အကျိုးနည်းလိမ့်ဟူသော လူတို့တွင် ဖြစ်လာတတ်သည့် အာရုံတမျိုး ကြောင့် ထိုဆန္ဒကို မနည်းပင် ဖိနှိပ် ချိုးဖျက်ကာ ဆက်လျှောက်ခဲ့ရလေသည်။ အောင်တိုး ဖြစ်သကဲ့သို့ပင် ကျနော်လည်း ကြက်သီးထကာ တုန်တက်သွားခဲ့ပါသည်။

ယခုမူ အဘယ်ကြောင့် ထိုသို့ ဖြစ်သည်ကို ကျနော် မှန်းဆမိတော့သည်။ ဖြုဖွေးနေသာ ထို မြူခိုး လက်တစုံသည် ကျနော်အား သိုင်းဖက်ထားခဲ့လိမ့်မည်။ ထိုသို့တွေးနေရင်း ရုတ်တရက် ဖျတ်ခနဲ ကျနော် အမှတ်ရမိသည်မှာ ထိုညတွင်လည်း တောလုံငှက်၏ အော်သံကို ကြားခဲ့ရခြင်းပင် ဖြစ်သည်။ သို့သော် ထိုအသံသည် တောလုံငှက်၏ အသံ မဟုတ်ပေ။ ထိုအရာ၏ ငိုသံပင် ဖြစ်လေသည်။

တုန်လှုပ်မှုကို ငြိမ်သက်စေရန် ကျနော်သည် အရက်တခွက်ကို ငှဲ့ကာ သောက်လိုက်ပြီးနောက် စီးကရက် တလိပ်ကို မီးညှိနေစဉ်မှာပင် အောင်တိုးသည် ကျနော်၏ဘေးသို့ ပြန်ရောက်လာလေသည်။

“ဟုတ်တယ်ကွ… ဘာမှ မရှိဘူး။ ဒါပေမဲ့ ကျောစိမ့်စရာတော့ အကောင်းသားဟ။ မင်းသိလား.. ငါ ပြန်လှည့်တော့ ငါ့နောက်မှာ တခုခုရှိနေသလိုမျိုး ငါ့စိတ်ထဲ အတော်ကို သေချာလာတာနဲ့ ပြန်လှည့် ကြည့်ချင်စိတ် ဖြစ်လာတာဟေ့..။ ဒါပေမဲ့ အဲဒီလို လှည့်မကြည့်ဖြစ်အောင် မနည်းထိန်းထားရတာ။ ”

အောင်တိုးသည် တချက် ရီလိုက်ပြီး အရက်တခွက် ငှဲ့ကာ သောက်လိုက်၏။ ထို့နောက် မီးသေသွားသော သူ၏ ဆေးပေါ့လိပ်ကို မီးညှိကာ ဖွာရှိုက်နေလေသည်။ တဖြည်းဖြည်း မြင့်လာသည့် လရောင်အောက်၌ ကမူကလေးပေါ်တွင် လဲလျောင်းနေသော ထိုသဏ္ဌာန်အား ကျနော်တို့ နှစ်ယောက်သည် တိတ်ဆိတ်စွာ ကြည့်နေမိကြသည်။

အတန်ကြာသောအခါ အောင်တိုးသည် မနေနိုင်တော့သဖြင့် –

“အင်း…အဲဒါနဲ့ ပက်သက်လို့ ဇာတ်လမ်းလေး တပုဒ်လောက် လုပ်စမ်းပါဦး။”

“အေး…ဇာတ်လမ်း တပုဒ်တော့ ရှိတယ်။ မင်း မအိပ်ချင်သေးဘူး ဆိုရင် ငါ ပြောပြမယ်လေ။”

“ရတယ် ပြောကွာ..။”


[1] တရားဟောရာကျမ်း အခန်း ၁၂ အပိုဒ် ၂၃