လူတော်လူကောင်း

etoneSeptember 9, 20101min3140

ဒီခေါင်းစဉ်လေးကို တင်ပြဖို့ စဉ်းစားထားတာ ကြာပါပြီ၊ ဘာဖြစ်လို့ တင်ပြချင်တာလဲ ဆိုတော့ ကမ္ဘာပေါ်မှာရှိသော လူသားအားလုံးရဲ့လိုအပ်ချက်ဟာ ဘာလဲဆိုတော့ လူတော် လူကောင်းဖြစ်ဖို့က အဓိက Main ဖြစ်မယ်လို့ ထင်ပါတယ်။ ဒါ့ကြောင့် လူတော်လူကောင်းဆိုတာ ဘယ်လိုအရာတွေနဲ့ပြည့်စုံတဲ့လူတွေကို ခေါ်တာလဲဆိုတာလည်း မသိတဲ့လူတွေကလည်း သိချင်ကြမှာဖြစ်သလို သိတဲ့လူတွေလည်း ထပ်ပြီးပြည့်စုံသလောက်ရှိအောင် မိမိသိသလောက် လေးကို အထောက်အထားလေးတွေနဲ့ တင်ပြပေးလိုက်ပါတယ်။ ဒီစာတွေကို ရေးတာဟာ မိမိကိုယ်တိုင် သိလို့ရေးတာမဟုတ်သလို ဆရာကြီးလုပ်ချင်လို့ ရေးတာလည်း မဟုတ်ဘူးဆိုတာတော့ စာဖတ်သူတို့ ယုံကြည်စေချင်ပါတယ်။ ဒီလူတော်လူကောင်း ခေါင်းစဉ်ကို ရေးသားရာ၌ မှားယွင်းမပြည့်စုံများ တွေ့ရှိခဲ့လျှင် “ကျရောက်မြူသွင်၊ အပြစ်မြင်က၊ တင်၍နှုတ်သာ၊ ကဲ့ရဲ့ပါနှင့်၊ လျင်စွာထောက်ကူ၊ ပြင်တော်မူရှင့်”ဟု အရှင်ပညာတိက္ခ ရေးသား ထားသည့်အတိုင်း အပြစ်မမြင်အမှန်ပြင်၍ သူတော်ကောင်းစိတ်ဖြင့် ဖတ်ရှုစေလိုပါသည်။ ကမ္ဘာပေါ်ရှိ လူသားတိုင်းမှာ အလိုအပ်ဆုံးသောအရာသည် ဘာလဲဟုမေးလျှင် “လူတော်လူကောင်း”ဖြစ်ဖို့က အရေးကြီးဆုံးသည်ဟု ဖြေဆိုရသည်ရှိသော် လွဲမည်မထင်ပါ။ လောကရှိလူသားတို့သည် မိမိကသာ “လူတော်လူကောင်း”များနှင့် တွေ့ကြုံပေါင်းဖော် လိုကြတယ်။ မိမိကိုယ်ကိုတော့ “လူတော်လူကောင်း”တစ်ယောက်ဖြစ်လာစေရန်အတွက် “လူတော်လူကောင်း”၏ အရည်အသွေးများကို ဖြည့်ဆည်းရန်ကား မလုပ်ချင်ကြသလို မသိကြ သည့်က များပါသည်။ ထို့ကြောင့် ရခဲ့လှသော လူ့ဘဝလူ့အဖြစ်ကိုရနေခိုက်မှာ “လူတော် လူကောင်း”တို့၏ အရည်အသွေးများကို တတ်နိုင်သမျှ ဖြည့်ဆည်းကြရန် အရေးကြီးပါတယ်။ လူတော်လူကောင်းများသည် လောကီလောကုတ္တရာဥစ္စာများကို ရနိုင်သကဲ့သို့ မျက်မှောက် တမလွန်ဘဝအတွက်လည်း အကျိုးရှိသော လုပ်ငန်းများကို လုပ်ဆောင်နိုင်သော ကြောင့် လူသားတိုင်းအတွက် “လူတော်လူကောင်း”ဖြစ်ဖို့က အရေးကြီးပါပေတယ်။ မျက်မှောက်ခေတ်၌ “လူတော်”ဆိုသော ပုဂ္ဂိုလ်များသည် ကမ္ဘာပေါ်မှာ များစွာရှိပါ သော်လည်း “လူကောင်း“ဆိုသောပုဂ္ဂိုလ်များမှာ အလွန်ရှားပါးနေသည်ကို လူတိုင်းတွေ့ရှိလိမ့်မယ် ထင်ပါတယ်။ လူတစ်ယောက်မှာ “လူတော်”နှင့်“လူကောင်း”တွင် “လူကောင်း”ဖြစ်ဖို့က ပိုအရေးကြီးပါတယ်။ “လူတော်”ဆိုသောပုဂ္ဂိုလ်များသည် မျက်မှောက်ဘဝမှာ အကျိုးရှိသော လုပ်ငန်းများကို လုပ်ဆောင်နိုင် သကဲ့သို့ အကျိုးမဲ့သောကိစ္စများကိုလည်း ဆောင်ရွက်တတ်ပါ တယ်။ အကျိုးရှိသောကိစ္စများကို ပြုလုပ်တတ်ရန်ဖို့ရန်အတွက် “လူတော်”ဆိုသော ပညာ တတ်ပုဂ္ဂိုလ်များမှာ “လူကောင်း”ဟူသော အကျင့်တရားဖြင့် အနားကွက်ထားရန် လိုအပ်လှပါ တယ်။ လူ့လောက၌ ပေါင်းသင်းဆက်ဆံရေး၏ အဓိကရည်ရွယ်ချက်သည် ရုန်ကန်လှုပ်ရှား နေရသော လူ့ဘဝကို ပီပြင်အောင်မြင်စွာ တည်ဆောက်နိုင်ဖို့ရန် ဖြစ်ပါတယ်။ ထိုသို့ တည်ဆောက်နိုင်ရန် မည်ကဲ့သို့သောလူကို ပေါင်းရမည်၊ မည်ကဲ့သို့သောလူကို ရှောင်ကြဉ်ရမည် ဟူသောအချက်သည် အဓိကကျလှပါပေတယ်။ “လူတော်လူကောင်း”နှင့် ပေါင်းသင်းမှသာလျှင် ဘဝတိုးတတ်၍ အကျိုးရှိပါ ပေမည်။ လူဆိုးလူမိုက်နှင့် ဆက်ဆံပေါင်းသင်းမိပါက “ဘဝမိုးမှောင် ဆင်းရဲခေါင်း၍ နောင်ခါနောင်တွင်မက ”သံသရာအတွက်ပါ ဒုက္ခရောက်ပေလိမ့်မယ်။ လူဆိုးလူမိုက်နှင့်ပေါင်းသင်းမိလျှင် မျက်မှောက်တမလွန်ဘဝတို့၌ အကျိုးမဲ့စေပြီး “လူတော်လူကောင်း”နှင့် ပေါင်းဖော်မှသာလျှင် ပစ္စုပ္ပန်,သံသရာတို့၌ အကျိုးရှိစေမှာ ဖြစ်တဲ့အတွက် “လူတော်လူကောင်း”ကို ရွေးချယ်ပေါင်းသင်းနိုင်ရန်နှင့် မိမိကိုယ်တိုင်လည်း လိုက်နာကျင့်သုံးနိုင်ရန် “လူတော်လူကောင်း”လက္ခဏာ,အရည်အချည်းများကို တက်နိုင်သမျှ စုစည်းတင်ပြပေးပါမည်။ ကမ္ဘာပေါ်တွင် လူဦးရေများစွာရှိသည်အနက် လူတော်မဟုတ် လူကောင်းမဟုတ်သော သူများသည် စားကာအိပ်ကာဖြင့် တန်ဖိုးရှိသော လူ့ဘဝကို အလဟဿဖြုန်းတီးပစ်ပြီး သေဆုံး သွားသည်က များပါသည်။ အသုံးမဝင်သော သစ်ပင်များသော်မှ ပြိုးလဲပျက်စီးသွားပြီးနောက် မြေဩဇာအဖြစ် အသုံးဝင်ပါသေးသည်။ လူတော်မဟုတ် လူကောင်းလည်းမဟုတ်သော ပုဂ္ဂိုလ်များသည် အကျိုးရှိသောလုပ်ငန်းများကို မလုပ်သည့်အပြင် အကျိုးမဲ့သောကိစ္စများကိုသာ ပြုလုပ်တတ်သောကြောင့် လူဖြစ်ပြီး သစ်ပင်လောက်မျှ အသုံးမဝင်သော လူပိုလူရှုပ်များသာ ဖြစ်ပါသည်။ ထို့ကြောင့် နိုင်ငံတိုင်း လူမျိုးတိုင်းမှာ “လူတော်လူကောင်း”ပုဂ္ဂိုလ်များ အလွန် လိုအပ်ပါသည်။ ထိုသို့လိုအပ်သောကြောင့် ”လူတော်လူကောင်း”၏ အရည်အချင်း၊ အချက် အလက်များကို တက်နိုင်သမျှ ရေးပေးချင်ပါသည်။ ယခု မိမိဖော်ပြလတ္တံ့သော “လူတော်လူကောင်း”၏ အချက်အလက်တို့ကို ကျင့်သုံး မည်ဆိုလျှင် မျက်မှောက် တမလွန်နှစ်ဖြာလုံး၌ မိမိရော သူများအတွက်ပါ အကျိုးရှိသော ပုဂ္ဂိုလ်များဖြစ်ကြပါစေဟူသော ရည်ရွယ်ချက်ဖြင့် တင်ပြပေးလိုက်ပါတယ်။ လူတော်လူကောင်းဟူသော ဝေါဟာရကို မြန်မာအဘိဓာန်အကျဉ်းချုပ်က အကျင့်စာရိတ္တ နှင့် အရည်အချင်းနှစ်ရပ်လုံး ပြည့်စုံသောသူဟူ၍ ဖွင့်ဆိုထားပါတယ်။ မောင်အံ့ မဟာဝိဇ္ဇာ(ဘုံဘေ)၏ ဗုဒ္ဓ၏လူမှုရေးလမ်းညွှန်ချက်များ စာအုပ်တွင်မှု “လူတော်လူကောင်း”နှင့်ပတ်သတ်၍ “တော်နှင့်ကောင်း”ဆိုသော ဝိသေသနဂုဏ်ပုဒ်နှစ်ခုရဲ့ အဓိပ္ပာယ်ကို ရှင်းလင်းထားသည်မှာ “တော်”ဟူသော မြန်မာစကားသည် “တော်ခြင်း၊ တတ်ခြင်း၊ အသိဉာဏ်ပညာရှိခြင်း”ဟု အဓိပ္ပာယ်ရပါသည်။ “ကောင်း”ဟူသောစကား၏ အဓိပ္ပာယ်မှာ “ကောင်းမြတ်ခြင်း၊ အပြစ်ကင်းခြင်း၊ စင်ကြယ်ခြင်း၊ အကျင့်သီလနှင့်ပြည့်စုံခြင်းစသည်တို့” ဖြစ်ကြောင်း ဖွင့်ဆိုရေးသားထားပါသည်။ ထို့ကြောင့် ညဏ်ပညာရှိသူကို “လူတော်”ဟုခေါ်ပြီး အကျင့်သီလစင်ကြယ်သူ၊ အကျင့် စာရိတ္တနှင့်ပြည့်စုံသူကို “လူကောင်း”ဟု ခေါ်ဆိုရပါမည်။ လူတော်လူကောင်း လူကောင်းလူတော်ဟု ပြောဆိုနေကြသည်ကိုလည်း တွေ့မြင် ကြားသိနေရသောကြောင့် ထိုနှစ်ခု၏ အမှားအမှန်ကိုလည်း ခွဲခြားသိဖို့ရန် စဉ်းစားရ ခက်နေသူတို့အတွက် ရှင်းလင်းချင်ပါသေးသည်။ တချို့က လူတော်မှလူကောင်းမည်ဟု စဉ်းစားတွေးခေါ်ကြံဆ၍ “လူတော်လူကောင်း”ဟု ပြောဆိုသကဲ့သို့ တချို့က လူကောင်းမှ လူတော်ဖြစ်မည်ဟု စဉ်းစားတွေးခေါ်ကာ “လူကောင်းလူတော်“ဟု ပြောဆိုနေကြပါသည်။ လူတော်လူကောင်းနှင့်လူကောင်းလူတော် နှစ်ခု၏ အမှားအမှန်ကို အထောက် အထားများဖြင့် ရှင်းပြရမည်ဆိုလျှင် မြတ်စွာဘုရားကိုယ်တိုင်တော်တိုင် ပါဠိတော်၌ “ဝိဇ္ဇာစရဏ သမ္ပန္နော”ဟု ဟောကြားထားခဲ့သည်ကို ထောက်ဆလျှင် “လူတော်လူကောင်း”ဟု ပြောဆို ရေးသားခြင်းက ပိုမိုမှန်ကန်သင့်မြတ်လိမ့်မည်ဟု ထင်ပါသည်။ ဝိဇ္ဇာ-ဆိုသည်မှာ အတတ်ပညာဖြစ်၍ စရဏ-ဆိုသည်မှာ အကျင့်သီလဖြစ်ပြီး သမ္ပန္န-ဆိုသည်မှာ ပြည့်စုံခြင်း ဟု အဓိပ္ပာယ်ရပါသည်။ ထို့ကြောင့် အတတ်ပညာနှင့်ပြည့်စုံသူကို “လူတော်”ဟု ခေါ်၍ အကျင့်သီလနှင့်ပြည့်စုံသူကို “လူကောင်း”ဟု ခေါ်ဆိုသောကြောင့် “လူတော်လူကောင်း”ဟု အစဉ်အတိုင်းထား၍ ပြောဆိုရေးသားခြင်းသည် ပိုမိုသင့်မြတ်ပါသည်။ အမှန်တကယ် စဉ်းစားကြည့်ပါကလည်း လူတစ်ယောက်သည် လူတော်ဟူသော အသိဉာဏ်ပညာ ဗဟုသုတ အရည်အချင်းများရှိမှသာလျှင် လူကောင်းတစ်ယောက်ဖြစ်ဖို့ရန် လိုက်နာကျင့်သုံး စောင့်ထိန်းရမည့် ကျင့်ဝတ်များကို သိရှိနိုင်ပါလိမ့်မည်။ ထို့သို့မဟုတ်ဘဲ လူတော်ဆိုသော အသိဉာဏ်မရှိပါက လူကောင်းတစ်ယောက် စောင့်ထိန်းရမည့် ကျင့်ဝတ်များကို မသိနားမလည်သောကြောင့် လူတော်မဖြစ်၍ လူကောင်းတစ်ယောက်လည်း ဖြစ်လာတော့မည် မဟုတ်ပေ။ ဥပမာ-ဗုဒ္ဓဘာသာဝင်တစ်ယောက်သည် မိမိစောင့်ထိန်း ကျင့်သုံးလိုက်နာရမည့် ငါးပါးသီလလောက်ကိုမှ မသိနားမလည် သဘောမပေါက် ဗဟုသုတမရှိပါက လူကောင်းတစ်ယောက် ဖြစ်မလာနိုင်တော့ပါ။ ထို့ကြောင့် လူတော်မှလူကောင်းလည်း ဖြစ်လာနိုင်မှာမို့ “လူတော်လူကောင်း”ဟု အစဉ်တကျ ပြောဆိုခြင်းသည် ကောင်းမြတ် မှန်ကန်သည်ဟု ထင်မိပါသည်။ သို့သော်လည်း လူတော်ဟူသော အသိဉာဏ်ရှိပြီး လူကောင်းတစ်ယောက်ဖြစ်အောင် လိုက်နာကျင့်သုံးခြင်း မရှိသူများလည်း ရှိပေသည်။ ထိုသို့သော ပုဂ္ဂိုလ်များသည် လူတော် ဖြစ်သော်လည်း လူကောင်းဖြစ်မလာရခြင်းမှာ မိမိ၏ကိုယ်နှုတ်စိတ်တို့ကို စောင့်ထိန်းမှု မရှိသောကြောင့်လည်းကောင်း၊ အသိဉာဏ်ပညာ အသုံးးချမှုလွဲသောကြောင့် လည်းကောင်း၊ မှားယွင်းသော အယူအဆရှိသောကြောင့်လည်းကောင်း လူကောင်းဖြစ်မလာရခြင်း ဖြစ်ပါလိမ့်မည်။ တကယ်တော့ အသုံးချတတ်မည်ဆိုလျှင် လူတော်ဟူသောဉာဏ်ပညာနှင့် လူကောင်းဟူသော ကိုယ့်ကျင့်သီလတို့သည် အပြန်အလှန်ကျေးဇူးပြုနေသည်ကို တွေ့ရပါသည်။ မည်သို့မည်ပုံ အပြန်အလှန် ကျေးဇူးပြုကြသလဲဆိုတော့ အသိဉာဏ်ပညာကြောင့် အကျင့်သီလတို့ကို စောင့်ထိန်းရမှန်းသိသလို အကျင့်သီလကလည်း အကျင့်သီလကို စိတ်တည်ငြိမ်အောင် စောင့်ထိန်းရင် စောင့်ထိန်းသလောက် ဉာဏ်ပညာတိုးတတ်အောင် လုပ်ပေး ပါသည်။ ပညာနှင့်သီလ အပြန်အလှန် တစ်ခုကိုတစ်ခု ကျေးဇူးပြုကြပုံကို မြတ်စွာဘုရားရှင်ကလည်း “သောဏဒဏ္ဍ”သုတ်တော်မှာ ဟောကြားထားသည်ကို တွေ့ရပါတယ်။ ထိုသုတ်တော်မှာ မြတ်စွာဘုရားရှင်က သောဏဒဏ္ဍအမည်ရှိသော ပုဏ္ဏားကြီးအား “ပုဏ္ဏားကြီး အဘယ်အင်္ဂါရပ်တို့နှင့်ပြည့်စုံသောသူကို ဗြဟ္မဏဟူ၍ ခေါ်ဆိုကြပါသနည်း ဟု မေးတော်မူသောအခါ ပုဏ္ဏားကြီးက……………….. ၁။ မိဘက်ဖဘက်မှ ဆွေမျိုးခုနှစ်ဆက်တိုင်အောင် အမျိုးဇာတ်သန့်ရှင်းစင်ကြယ်ရမည်။ အမျိုးဇာတ်နှင့်ပတ်သတ်၍ ကဲ့ရဲ့ခံရခြင်း မရှိရ။ ` ၂။ ဗေဒင်သုံးပုံကို နှုတ်ငုံဆောင်နိုင်ရမည်။ ဗေဒင်သုံးပုံမှကြွင်းသော ဝေယျာကရုဏ်းကို သင်တတ်ရမည်။ လောကာယတကျမ်းဖြစ်သော ဘုရားရှင်တို့၏လက္ခဏာကို ပြတတ်သောကျမ်းတို့၌လည်း အကြွင်းမဲ့တတ်မြောက်ရမည်။ ၃။ အဆင်းအလွန်လှပပြီး ရှု့ချင်ဖွယ် ကြည်ညိုဖွယ်ရှိရမည်။ ခန္ဓာကိုယ်ပြေပြစ်လှပရမည်။ ရွှေအဆင်းနှင့်တူသော အဆင်းရှိရမည်။ ၄။ အကျင့်သီလနှင့်ပြည့်စုံပြီး ကောင်းသောစကားကိုသာ ဆိုတတ်ရမည်။ ၅။ ပစ္စုပ္ပန် သံသရာနှစ်ဖြာကိုသိသော ပညာနှင့်ပြည့်စုံရမည်။ ကိလေသာတို့ကို ပယ်ဖျောက်နိုင်သော ပညာနှင့်လည်း ပြည့်စုံရမည်။ `ဤအင်္ဂါငါးချက်နှင့်ပြည့်စုံသောသူကို ပုဏ္ဏားတို့သည် ဗြဟ္မဏဟူ၍ သတ်မှတ်ပါသည် ဟု လျှောက်ထားလေသည်။ ထိုအခါ မြတ်စွာဘုရားရှင်က “ထိုအင်္ဂါငါးပါးတို့တွင် တစ်ပါးသောအင်္ဂါကိုပယ်၍ လေးပါးသောအင်္ဂါတို့နှင့်ပြည့်စုံသောသူကို ဗြာဟ္မဏဟူ၍ ခေါ်ဆိုနိုင်ပါသလား”ဟု မေးသောအခါ………. ပုဏ္ဏားကြီးက-“အရှင်ဘုရား…….အဆင်းလှပခြင်းကိုပယ်၍ လေးပါးသောအင်္ဂါတို့နှင့် ပြည့်စုံသောသူကို ဗြာဟ္မဏဟု ခေါ်ဆိုခြင်းငှာ ထိုက်ပါသေး၏။ အဆင်းလှပခြင်းဖြင့် အကျိုးမရှိသောကြောင့် အဆင်းမလှလျှင်လည်း ဗြာဟ္မဏဟု ခေါ်ဆိုခြင်းငှါ ထိုက်ပါ၏”ဟု လျှောက်ထားလေ၏။ တဖန် ဘုရားရှင်က-“အင်္ဂါလေးပါးတို့တွင် တစ်ပါးသောအင်္ဂါကိုပယ်၍ သုံးပါးသော အင်္ဂါတို့နှင့်ပြည့်စုံလျှင် ဗြာဟ္မဏဟု ခေါ်ဆိုနိုင်ပါသလော”ဟု ထပ် ၍မေးသောအခါ………… “အရှင်ဘုရား-ဗေဒင်သုံးပုံ မန္တာန်တို့ကိုပယ်၍ သုံးပါးသောအင်္ဂါတို့နှင့် ပြည့်စုံလျှင်လည်း ဗြာဟ္မဏဟု ခေါ်ဆိုနိုင်ပါသည်။ ဗေဒင်မန္တာန်တို့မရှိလျှင်လည်း အကျိုးမယုတ်နိုင်သောကြောင့် ပယ်၍ရပါသောကြောင်း” လျှောက်ထားလေသည်။ တစ်ခါ ဘုရားရှင်က-“ထိုအင်္ဂါသုံးပါးတို့တွင် တစ်ပါးသောအင်္ဂါကိုပယ်၍ နှစ်ပါးသောအင်္ဂါတို့နှင့်ပြည့်စုံသောသူကို ဗြာဟ္မဏဟူ၍ သတ်မှတ်နိုင်ပါသေးသလော”ဟု မေးလေရာ ပုဏ္ဏားကြီးက-အရှင်ဘုရား……အမျိုးဇာတ်သန့်ရှင်းခြင်းကိုပယ်၍ ကျန်နှစ်ပါးနှင့်ပြည့်စုံ လျှင် ဗြာဟ္မဏဟု ခေါ်ဆိုနိုင်ပါသေးသည်။ ဇာတ်မျိုးနွယ်သန့်ရှင်းခြင်းဖြင့်လည်း အကျိုးမရှိပါ။ ဇာတ်မျိုးနွယ်သည် အဓိကမကျသေးသောကြောင့် ပယ်၍ရပါကြောင်း လျှောက်ထားလေ၏။ ထိုကဲ့သို့ သောဏဒဏ္ဍပုဏ္ဏားကြီးက ဗြာဟ္မဏဟု သတ်မှတ်နိုင်သော အင်္ဂါငါးပါးတို့တွင် တစ်ပါးချင်းလျော့ချ၍ ဖြေဆိုသွားသောအခါ ပုဏ္ဏားကြီး၏ တပည့်များက ”ငါတို့ဆရာကြီးသည် ဤသို့တစ်ပါးချင်းလျော့ချ၍ ပြောဆိုခြင်းငှါ မသင့်။ ဆရာကြီးသည် မြတ်စွာဘုရား၏ အယူဝါဒနောက်သို့ လိုက်ပြီးဖြေဆိုနေသည်”ဟု ကဲ့ရဲ့စကား ပြောကြလေ၏။ ထိုအခါ ပုဏ္ဏားကြီးသည် ပရိသတ်အလယ် ၌ထိုင်နေသော သူ၏တူဖြစ်သော အင်္ဂက လုလင်ကို ညွှန်ပြပြီးလျှင် ”အင်္ဂကလုလင်သည် အဆင်းလှ၏၊ ဗေဒင်မန္တာန်တို့ကို တတ်၏၊ အမျိုးဇာတ်သန့်ရှင်း၏၊ သို့သော် သူသည် သူတစ်ပါးအသက်ကို သတ်မည်၊ သူတစ်ပါးမပေးသော ဥစ္စာကိုခိုးယူမည်၊ သူတစ်ပါးသားမယားကို ဖျက်ဆီးမည်၊ မုသားစကား ပြောဆိုမည်၊ သေရည်အရက် သောက်မည်ဆိုလျှင် အဆင်းလှခြင်း၊ ဗေဒင်မန္တာန်တတ်ခြင်း၊ အမျိုးဇာတ် သန့်ရှင်းခြင်းတို့သည် အဘယ်မှာ အကျိုးရှိတော့လိမ့်မည်နည်း။ ထို့ကြောင့် အကျင့်သီလနှင့်ပညာနှစ်ပါးသာလျှင် အဓိကကျ၍ ထိုနှစ်ပါးနှင့်ပြည့်စုံသော သူကို ပုဏ္ဏားတို့သည် ဗြာဟ္မဏဟူ၍ သတ်မှတ်ကြကုန်၏”ဟု ရှင်းပြလေသည်။ ` မြတ်စွာဘုရားရှင်သည် ထိုကဲ့သို့ သောဏဒဏ္ဍပုဏ္ဏားကြီးက သူ၏တပည့်များကို ရှင်းပြပြီးသောအခါ ”ပုဏ္ဏားကြီး…….ထိုနှစ်ပါးသောအင်္ဂါတို့တွင် တစ်ပါးသောအင်္ဂါကိုပယ်၍ ကျန်တစ်ပါးသောအင်္ဂါနှင့်ပြည့်စုံသောသူကို ဗြာဟ္မဏဟူ၍ ခေါ်ဆိုနိုင်ပါသေးသလော”ဟု ထပ်၍မေးပြန်ရာ…………………… ပုဏ္ဏားကြီးက-“အရှင်ဘုရား……ထိုနှစ်ပါးသောအင်္ဂါတို့တွင် တစ်ပါးသောအင်္ဂါကိုမျှ ပယ်ခြင်းငှါ မဖြစ်နိုင်တော့ပါဘုရား။ ပညာသည်သီလကြောင့် တိုးတတ်လာရသကဲ့သို့ ပညာကြောင့်လည်း သီလဖြူစင်ရပါသည်။ လူတစ်ဦးမှာ ပညာရှိရင် သီလရှိနိုင်သကဲ့သို့ သီလရှိရင်လည်း ပညာရှိနိုင်ပါသည်။ ပညာနှင့်သီလကိုသာလျှင် လောက၌ အမြတ်ဆုံးဟု သတ်မှတ်ကြပါကုန်၏” လျှောက်ထားလေ၏။ ပညာနှင့်သီလတို့သည် တစ်ခုနှင့်တစ်ခု အပြန်အလှန် ကျေးဇူးပြုနေကြပါသည်။ ဥပမာအားဖြင့် တင်ပြရသော်…..လက်တစ်ဖက်ဖြင့် ကျန်လက်တစ်ဖက်ကို ဆေးရသကဲ့သို့ ခြေတစ်ဖက်ဖြင့်လည်း ကျန်ခြေတစ်ဖက်ကို ဆေးရပါသည်။ ဤနည်းအတူပင် ပညာရှိမှသာ ကိုယ့်ကျင့်တရားသီလတို့သည် ကောင်းသောအရာ ကိုယ့်အတွက်ရော အများအတွက်ပါ အကျိုးရှိသောအရာဟု သိပြီး သီလစောင့်ထိန်းလိုက်နာနိုင်သလို သီလရှိသောပုဂ္ဂိုလ်သည်လည်း သီလကို စောင့်ထိန်းရင် စောင့်ထိန်းသလို ပညာကို တိုးတတ်စေနိုင်ပါသည်။ စာကျက်နေသော ပုဂ္ဂိုလ်သည် စာကျက်ရာ၌ စိတ်တည်ငြိမ်မှသာ ကိုယ့်ကျက်မှတ်နေသောစာကို အလွယ်တကူ ရပါသည်။ မိမိစိတ်သည် မတည်ငြိမ်ပါက တရားမှတ်ပြီး စာကျက်ပါက လျင်မြန်စွာ မှတ်မိပါသည်။ သီလနှင့်ပညာ အပြန်အလှန် အကျိုးပြုပုံကို သိသာထင်ရှားစေရန် သာဓကများဖြင့် တင်ပြလိုပါသည်။ ပုထုဇဉ်ပုဂ္ဂိုလ်တစ်ယောက်သည် သီလကို အနှစ်ခြောက်ဆယ်ကာလပတ်လုံး မကျိုးမပြတ်အောင် စောင့်ထိန်း၍နေခဲ့၏။ ထိုသီလစောင့်ထိန်းခဲ့သောပုဂ္ဂိုလ်သည် သေခါနီးအခါ၌ အလုံးစုံသောကိလေသာတို့ကို ပတ်သတ်၍ သီလဖြင့်ပညာကို ဆေးကြောပြီးလျှင် အရဟတ္တဖိုလ် နောက်ဆုံးပန်းတိုင်ကိုရောက်အောင် အားထုတ်နိုင်ခဲ့ပါသည်။ ` ထိုကဲ့သို့ အားထုတ်နိုင်ခဲ့ကြောင်းကို သာဓကအနေခြင့် တင်ပြရသော်……. ကန္ဒရသာလပရိဝုဏ်၌ သီတင်းသုံးနေသော ဝါတော်ခြောက်ဆယ်ရသော မထေရ်ကြီးတစ်ပါးသည် တစ်နေ့သောအခါ ရောဂါဝေဒနာပြင်းထန်စွာခံစားရ၍ ကုတင်ပေါ်၌ လဲလျောင်းပြီး ဝေဒနာ၏ဒဏ်ကို သည်းမခံနိုင်အောင် ခံစားနေရသောအခါ မိမိစောင့်ထိန်းခဲ့သော သီလတို့ကို အခြေခံပြီး ဝေဒနာခံစားနေရသော ခန္ဓာကိုယ်ကြီးကို အနိစ္စ-မမြဲတဲ့ခန္ဓာကိုယ်ကြီးပါလား၊ ဒုက္ခ-ဒီခန္ဓာကိုယ်ကြီးဟာ ဆင်းရဲမှုတွေနဲ့ ပြည့်နေပါလား၊ အနတ္တ-ငါ့ခန္ဓာကိုယ်ဟု ထင်နေသော်လည်း ခုတော့ အစိုးမရလို့ စွန်ခွာရတော့မှာပါလားဟု သုံးသပ်သော ဝိပဿနာပညာတရားဖြင့် ဆင်ခြင်လိုက်သောအခါ လောဘ၊ ဒေါသ၊ မောဟစတဲ့ကိလေသာတို့ကို ပယ်ခွာနိုင်သောကြောင့် ကိလေသာကုန်ခမ်း၍ ရဟန္တာဖြစ်သွားလေသည်။ ထိုမထေရ်ကြီးသည် မိမိစောင့်ထိန်းခဲ့သော သီလတို့ကို အောက်မေ့ပြီး ဝိပဿနာပညာကို အားထုတ်ခဲ့သောကြောင့် လျင်မြန်စွာ တရားထူးရခဲ့ခြင်း ဖြစ်ပါသည်။ သီလက ပညာကို တိုးပွားအောင် လုပ်ပေးခြင်း ဖြစ်ပါသည်။ ဤကဲ့သို့ သီလဖြင့် ပညာကို ရရှိအောင်ပြုလုပ်နိုင်သကဲ့သို့ ပညာဖြင့်လည်း သီလတရားတို့ကို ရရှိအောင် အားထုတ်နိုင်ပါသည်။ ပညာဉာဏ်ကြီးမားသော ပုဂ္ဂိုလ်သည် သီလစောင့်ထိန်းခြင်း မရှိခဲ့ပါသော်လည်း လေးပါဒမျှသာရှိသော ဂါထာ၏အဆုံး၌ ပညာဖြင့် သီလကို ဆေးကြောနိုင်သောကြောင့် ပဋိသမ္ဘိဒါလေးပါးနှင့်တကွ ရဟန္တာဖြစ်အောင် အားထုတ် နိုင်ခဲ့ပါသည်။ ထိုကဲ့သို့ အားထုတ်နိုင်ခဲ့ကြောင်းကို သာဓကအနေဖြင့် တင်ပြရမည်ဆို လျှင်……မြတ်စွာဘုရားရှင် သက်တော်ထင်ရှားရှိစဉ်အခါက သန္တတိအမည်ရှိသော အမတ်ကြီး တစ်ယောက်သည် ပုန်ကန်သောင်းကျန်နေသော ပစ္စန္တရစ်ရွာကို ငြိမ်းအေးအောင် လုပ်ပေးနိုင်သောကြောင့် ကောသလဘုရင်က သူ့ကို ချီးမြှောက်သည့်အနေဖြင့် (၇)ရက်ပတ်လုံး စည်းစိမ်ချမ်းသာနှင့်တကွ ကချေသည်မ တစ်ဦးကိုပါ ပေးခဲ့၏။ အမတ်ကြီးသည် (၇)ရက်ပတ်လုံး သေရည်သောက်ကာ မူးယစ်နေ၏။ ကချေသည်မကလည်း သီဆိုကပြဖို့ရန်အတွက် ခန္ဓာကိုယ်ပြေပြစ်လှပစေရန် (၇)ရက်ပတ်လုံး အစာအနည်းငယ်သာစားပြီး သီဆိုကပြလေသည်။ ထိုသို့ ကပြဖျော်ဖြေနေစဉ် ကချေမ၏ ဝမ်းတွင်း၌ လေသင်ဓုန်းများထ၍ နှလုံးသားကို ခွဲဖြတ်လိုက်သဖြင့် ထိုခဏ၌ပင် ပါးစပ်ဟလျက် မျက်စိပွင့်ရက်ဖြင့် သေသွားလေ၏။ အမတ်ကြီးသည် ကချေသည်မ ရုတ်တရက်သေသွားသည်ကို မြင်ရသောအခါ စိုးရိမ်ထိတ်လန့်ခြင်းများ ဖြစ်သွားလေသည်။ ထိုအခါ အမတ်ကြီးသည် သူ၏ စိုးရိမ်ထိတ်လန့်ခြင်းများ ပြေပျောက်အောင် လုပ်ပေးနိုင်မည့် မြတ်စွာဘုရားထံသို့ သွားလေသည်။ မြတ်စွာဘုရားရှင်က အမတ်ကြီး မစိုးရိမ်ပါနဲ့၊ မထိတ်လန့်ပါနဲ့၊ မကြောက်ရွံ့ပါနဲ့၊ သင်သည် လွန်လေပြီးသောဘဝတို့၌လည်း ဤကချေသည်မအတွက်ဖြင့် ငိုခဲ့ရသော သင်၏မျက်ရည်တို့သည် သမုဒ္ဒရာလေးစင်းတို့၏ရေထက် သာ၍များပေသည်ဟု မိန့်တော်မူပြီးလျှင် လေးပါဒမျှသာရှိသော ဂါထာတစ်ခုကို ဟောကြားလေ၏။ အမတ်ကြီးသည် ထိုဂါထာကို နားကြားရသည်ရှိသော် ဉာဏ်ပညာကြီးမားသောကြောင့် စောင့်ထိန်းရမည့် သီလတို့ကို လျင်မြန်စွာသိပြီး သီလစောင့်ထိန်းလေသည်။ သီလစောင့် ထိန်းပြီးနောက် ဝိပဿနာတရားများကို လျင်မြန်သောဉာဏ်ပညာဖြင့် ရှုမှတ်ပွားများသောအခါ ပဋိသမ္ဘိဒါလေးပါးနှင့်တကွ ကိလေသာကုန်ခမ်းကာ ရဟန္တာဖြစ်သွားလေသည်။ အထက်ပါ သာဓကတို့သည် “သီလနှင့်ပညာကို အပြန်အလှန် တိုးတတ်အောင် ပြုလုပ်သော သာဓကများဖြစ်ပါသည်။ ထို့ကဲ့သို့ သီလနှင့်ပညာသည် လူတစ်ယောက်မှာ မရှိမဖြစ် လိုအပ်သောအရာ ဖြစ်သောကြောင့် သောဏဒဏ္ဍပုဏ္ဏားကြီးသည် သီလနှင့်ပညာတည်းဟူသော အင်္ဂါနှစ်ပါးတို့တွင် တစ်ပါးသောအင်္ဂါကိုမျှ ပယ်ခြင်းငှါ မဖြစ်နိုင်တော့ပါကြောင်း မြတ်စွာဘုရားရှင်ကို လျှောက်ထားခဲ့ခြင်းဖြစ်ပါသည်။ ထို့ကြောင့် “လူတော်လူကောင်း”ဖြစ်ရန် သီလနှင့်ပညာသည် အဓိကပြည့်စုံရမည့် အချက်အလက်များဖြစ်ပါသည်။ သို့ဖြစ်၍ ကျွန်ုပ်တို့လူသားများသည် “လူတော်လူကောင်း” များဖြစ်ဖို့ရန်အတွက် သီလနှင့်ပညာကို ပြည့်စုံအောင် ကြိုးစားကြဖို့ လိုပါသည်။ ထိုကဲ့သို့ “လူတော်လူကောင်း”များဖြစ်မှသာလျှင် မျက်မှောက် တမလွန် နှစ်ဖြာလုံး၌ သူတစ်ပါး အတွက် အကျိုးရှိသောပုဂ္ဂိုလ်များဖြစ်သကဲ့သို့ မိမိအတွက်လည်း ကောင်းကျိုးချမ်းသာမှန်သမျှတို့ကို ကိုယ်စိတ်နှစ်ပါးချမ်းသာစွာဖြင့် ခံစားရပါလိမ့်မည်။ ထပ်မှန်၍ “လူတော်လူကောင်း” လက္ခဏာ အရည်အချင်းတို့ကို အကျယ်တဝင့် ရေးသားတင်ပြလိုပါသဖြင့် မိမိသိသလောက် မိမိဉာဏ်မှီသလောက် ရေးသားဖော်ပြလိုက်ပါသည်။ ကမ္ဘာပေါ်တွင် လူသားအာလုံးတို့သည် သူ့ခေတ်နှင့်သူ့အခါအလိုက် “လူတော်”ဟု သတ်မှတ်ချက်တို့ များစွာရှိခဲ့ပါသည်။ ထိုသတ်မှတ်ချက်တို့သည် သတ်မှတ်ပေးသော ပုဂ္ဂိုလ် အလိုက် ကွဲပြားခြားနား၍ ပြောဆိုရေးသားကြပါသည်။ ဥပမာ……..လူတစ်ယောက်သည် တစ်စုံတစ်ခုသော အတတ်ပညာ အလုပ်ကိစ္စ တတ်ကျွမ်းသောသူကိုမြင်လျှင် ထိုလူကို “လူတော်”ပဲဟု သတ်မှတ်ကြပါသည်။ လူသားတို့တွင် အတန်းပညာ၊ အားကစားပညာ၊ စက်မှုလက်မှုပညာစသည်ဖြင့် အတတ်ပညာတို့ ကမ္ဘာပေါ်မှာ များစွာရှိပါသည်။ ထိုအလုပ်ကိစ္စများ၌ အများတကာထက် ထူးချွန်သောသူကို “လူတော်”ဟု အများစုက သတ်မှတ်ခေါ်ဝေါ်ကြပါသည်။ လူသားတို့သည် တစ်ဦးနှင့်တစ်ဦး တတ်ကျွမ်းနားလည်သော အတတ်ပညာ အလုပ်ကိစ္စချင်း မတူညီသောကြောင့် သူ့အတတ်ပညာ သူ့အလုပ်ကိစ္စမှာဖြင့် “လူတော်လူတတ်ကြီး”ဖြစ်နေကြပေသည်။ လယ်သမားသည် လယ်ယာနှင့်ပတ်သတ်သော အလုပ် ကိစ္စမှာ “လူတော်”ဖြစ်ပါသည်။ အားကစားသမားသည် ကစားသောနေရာမှာ “လူတော်” ဖြစ်ပါသည်။ စာပေသင်ကြားနေသော ရဟန်းရှင်လူ ကျောင်းသား ကျောင်းသူများသည် စာပေနှင့်ပတ်သောကိစ္စမှာ “လူတော်”များ ဖြစ်ကြပါသည်။ အနုပညာရှင်များသည် အနုပညာနှင့် ပတ်သတ်သောကိစ္စမှာ “လူတော်”များ ဖြစ်ပါသည်။ သို့ရာတွင် အလုပ်ကိစ္စချင်း အတူလုပ်နေရသောသူတို့တွင် အသာဆုံး အမြတ်ဆုံး ကျွမ်းကျင်နာလည်ဆုံးသောသူကို အများတကာထက်တော်သောကြောင့် “လူတော်”ဟု အများအားဖြင့် သတ်မှတ်ခေါ်ဝေါ်ပြောဆိုကြပါသည်။ ဥပမာ……….စာသင်ကျောင်းတွင် စာသင်သောကျောင်းသားများထဲမှ အတတ်ဆုံး အတော်ဆုံးပုဂ္ဂိုလ်ကို “လူတော်”ဟု ခေါ်ဝေါ်ပြောဆိုခြင်းမျိုးဖြစ်ပါသည်။ ထိုကဲ့သို့ သတ်မှတ်ချက်ရှိသောကြောင့် ကျွန်ုပ်တို့ လူသားတို့သည် မိမိနှင့်တန်တူဖြစ်သောသူတို့ထက် သာလွန်အောင် လုပ်ဆောင်ပြနိုင်မှသာလျှင် “လူတော်” ဖြစ်ပါလိမ့်မည်။ သို့ဖြစ်၍ မိမိသည် မိမိလုပ်နေသောအလုပ်ကို သူတစ်ပါးတို့ထက် သာလွန်ထက်မြတ် တတ်ကျွမ်းနားလည်သော “လူတော်”တစ်ယောက်ဖြစ်အောင် ကြိုးစားကြရန် လိုပါသည်။ လူတော်ဆိုသည်မှာ အတတ်ပညာ အရည်အချင်းနှင့်ပြည့်စုံသောသူကို ဆိုလိုပါသည်။ လောကရှိလူသားတို့သည် လောကီ လောကုတ္တရာနှင့်ဆိုင်သော ဘွဲ့တစ်မျိုးမျိုးရသောသူကိုဖြစ်စေ၊ အခြားသောအတတ်ပညာတစ်မျိုးမျိုး တတ်ကျွမ်းနားလည်သောသူကိုဖြစ်စေ “လူတော်”ဟု သတ်မှတ်ပြောဆိုကြပါသည်။ အမှန်မှာ မည်သည့်ပညာရပ် အတတ်ပညာကိုမဆို အမှန်စင်စစ် တတ်သိနားလည် ကျွမ်းကျင်သောပုဂ္ဂိုလ်ကိုသာလျှင် “လူတော်”ဟု သတ်မှတ်ခေါ်ဝေါ်သင့်ပါသည်။ ဘွဲ့ဒီဂရီများရ၍ ပညာတတ်လူတော်များရှိသကဲ့သို့ ဘွဲ့ဒီဂရီမရရှိသော ပညာတတ်လူတော်များလည်း ရှိပါသည်။ ထို့ပြင် အတတ်ပညာကိုသာသင်ပေး၍ ဘွဲ့ဒီဂရီများ မပေးသောအတတ်ပညာများလည်း ရှိပါသေးသည်။ သို့ဖြစ်၍ ဘွဲ့ဒီဂရီကို ပဓာနထား၍ “လူတော်” ဟုတ် မဟုတ် ဆုံးဖြတ်၍မရပါ။ အတတ်ပညာ တတ်ကျွမ်းနားလည်မှုအပေါ်မှာကြည့်ပြီး “လူတော်”ဟုတ် မဟုတ်ဆုံးဖြတ်ခြင်းက ပိုမိုသင့်မြတ်မှန်ကန်ပါလိမ့်မည်။ လူသားတို့ဆိုင်ရာ တတ်ကျွမ်းနားလည်သော ပညာရပ်များသည် အမျိုးမျိုးရှိပါသည်။ ဥပမာ….လူတစ်ယောက်သည် စာအုပ်စာပေဖတ်ရှုလေ့လာ၍ တတ်ကျွမ်းနားလည်သော အတတ်ပညာ ဆရာများထံမှသင်ယူ၍ ရရှိသောအတတ်ပညာ ကိုယ်ပိုင်ဉာဏ်ဖြင့် တွေးခေါ်ကြံဆ၍ ရသော အတတ်ပညာ သူတစ်ပါးထံမှမြင်ကြား၍ ရရှိသောအတတ်ပညာ စသည်ဖြင့်များစွာ ရှိပါသည်။ ထိုပညာရပ်တို့တွင် ကိုယ်ပိုင်ဉာဏ်ဖြင့် တွေးခေါ်ကြံဆ၍ရသော အတတ်ပညာမှတစ်ပါး ကျန်သောအတတ်ပညာများကို အဘိဓမ္မာအလိုအရ သုတမယဉာဏ်ဟု ခေါ်ပါသည်။ သုတမယဉာဏ်ဆိုသည်မှာ မွေးဖွားလာပြီးမှ တတ်မြောက်သောပညာများကို ဆိုလိုပါသည်။ ကိုယ်ပိုင်ဉာဏ်ဖြင့် စဉ်းစား၍ရသောပညာကိုမှု အဘိဓမ္မာက ပညာဟု ခေါ်ပါသည်။ များသောအားဖြင့် လူသားတို့သည် ဝိဇ္ဇာပညာ သိပ္ပံပညာများဖြစ်သော သုတမယဉာဏ်ပညာ ကို “ပညာ”ဟု ခေါ်ဆိုသုံးနှုန်းကြပါသည်။ အမှန်စင်စစ်မှာ မိမိကိုယ်တိုင် ထိုးထွင်းသိမြင်သော ပညာသည်သာလျှင် ပညာအစစ်အမှန်ဖြစ်ပါသည်။ အကြောင်းမှာ ထိုပညာသည် ပဋိသန္ဓေနှင့်အတူပါလာသော ပညာဖြစ်သောကြောင့် အဆင့်အတန်းမြင့်သော ပညာဖြစ်သကဲ့သို့ အရာရာကို ဆင်ခြင်လုပ်ဆောင်တတ်သော ပညာလည်းဖြစ်ပါသည်။ ထိုပညာရှိမည်ဆိုလျှင် လောကီလောကုတ္တရာပညာများကို အလွယ်တကူဖြင့် တတ်မြောက်နိုင်သကဲ့သို့ တရားအားထုတ်ရာ၌လည်း တရားထူးရရှိနိုင်ပါသည်။ သုတမယဉာဏ်ပညာသည် မွေးဖွားလာပြီးမှ သင်ယူတတ်မြောက်လာသော ပညာဖြစ်သောကြောင့် သင်ယူမည်ဆိုလျှင် လူသားတိုင်းရနိုင်သော ပညာဖြစ်ပါသည်။ ထိုပညာရပ်နှစ်မျိုးကိုကြည့်ပြီး လောက၌ ဉာဏ်ရှိသည်နှင့်ပညာရှိသည်ဟု နှစ်မျိုးနှစ်စား ခွဲခြားပြီး ခေါ်ဝေါ်ပြောဆိုသုံးနှုန်းနေကြခြင်း ဖြစ်ပါသည်။ ဉာဏ်ရှိသည်ဆိုသည်မှာ ပဋိသန္ဓေပါပညာဖြစ်သော ထိုးထွင်းသိမှုကို ခေါ်ပါသည်။ ဥပမာ…လူတစ်ယောက်သည် တစ်စုံတစ်ခုကို မိမိဘာသာထိုးထွင်းသိပြီး လုပ်တတ်သည်ကို မြင်လျှင် ထိုသူကို “ဉာဏ်ရှိသူ”ဟူ၍ လောက၌ ပြောဆိုကြပါသည်။ ပညာရှိသည်ဆိုသည်မှာ သင်ယူ၍ရသောပညာဖြစ်ပါသည်။ ဥပမာ…..လူပုဂ္ဂိုလ်တစ်ဦးမှာ ဘွဲ့ဒီဂရီစသော အတတ်ပညာသင်၍ရရှိသော ပညာတစ်ခုခုကိုမြင်လျှင် ထိုသူကို “ပညာရှိသူ”ဟူ၍ လောက၌ ပြောဆိုနေကြပါသည်။ အမှန်စင်စစ် “လူတော်”ဆိုသည်မှာ ပညာရပ်တစ်မျိုးမျိုးကို ကိုယ်တိုင်အမှန်တကယ် တတ်ကျွမ်းနားလည်သောသူသည်သာလျှင် “လူတော်”အစစ်အမှန် ဖြစ်ပါသည်။ လူသားတို့တွင် စာအုပ်စာပေဖတ်၍ “လူတော်”ဖြစ်သွားသောသူများလည်း ရှိပါသည်။ စာအုပ်စာပေကို ဖတ်ရှု့လေ့လာရာ၌ မိမိနှစ်သက်သောစာ မိမိအတွက်ပညာရ၍ အကျိုးရှိသော စာဟု နှစ်မျိုးနှစ်စား ရှိပါသည်။ ထိုနှစ်မျိုးထဲတွင် မိမိအတွက်အကျိုးရှိပြီး ပညာရစေသော စာများကိုသာ ပဓာနထား၍ ရွေးချယ်ဖတ်ရှု့သင့်ပါသည်။ သို့မှသာလျှင် မိမိသည် ထိုစာထဲမှ အတတ်ပညာများရရှိပြီး “လူတော်”တစ်ယောက် ဖြစ်လာပါလိမ့်မည်။ စာထဲတွင် အမျိုးမျိုးအဖုံဖုံ ပါရှိပေသည်။ ထိုအမျိုးအမျိုးပါရှိသောစာထဲမှ မိမိအတွက် အသုံးဝင်မည့်စာများကို မှတ်သားထားရပါမည်။ စာကိုဖတ်ရုံသာဖတ်ပြီး အသုံးမချတတ်လျှင် ဖြစ်စေ၊ အလွဲကိုအသုံးချလျှင်ဖြစ်စေ အကျိုးရှိလိမ့်မည် မဟုတ်ပေ။ လောကတွင် “မပြုကောင်းသည်သာရှိ၍ မတတ်ကောင်းသည် မရှိပေ။ မတုပကောင်းသည်သာရှိ၍ မမြင်ကောင်းသည် မရှိပေ။ မလိုက်စားကောင်းသည်သာရှိ၍ မသိကောင်းသည်ဟူ၍ မရှိပါ”။ ထို့ကြောင့် စာကိုပညာရအောင် ဖတ်ရပါမည်။ စာဖတ်၍ရသောပညာတိုင်းကို ပြုလုပ်သင့် မပြုလုပ်သင့်သည်ကိုတော့ ရွေးချယ်တတ်ဖို့ရန် လိုပေသည်။ ဥပမာ….ခါးပိုက်နှိုက်ယူပုံကို ဖတ်ပြီးရသောပညာဖြင့် ကိုယ်တိုင်ထွက်၍ ခါးပိုက်နှိုက်ရန် မလိုပေ။ မိမိအတွက် ကာကွယ်ရန်ရရှိသော ပညာတစ်မျိုးဖြစ်အောင် လေ့လာရပေမည်။ စာကိုဖတ်ရှု့ခြင်းကြောင့် မိမိကိုယ်တိုင် မသိသေးသော မကြုံဖူးသေးသော အတတ်ပညာအကြောင်းအချက်များကို လူပေါင်းများစွာက ရေးသားထားခြင်းကြောင့် ထိုသူတို့၏ အသိပညာနှင့်အတတ်ပညာများကို မိမိအတွက် အကျိုးရှိအောင် လေ့လာမှတ်သားရပေမည်။ နှစ်ပေါင်းများစွာ လူပေါင်းများစွာတို့က ရေးသားခဲ့သော စာပေသိုက်ထဲတွင် အသုံးဝင်သော ရတနာများစွာရှိပေသည်။ တစ်ယောက်အားနှင့်ယူ၍ မရနိုင်သည့်အဆင့်ဆင့်သော ပညာရပ်များရှိပါသည်။ ထိုပညာရပ်များထဲမှ မိမိအတွက် အသုံးဝင်မည့်ပညာရပ်ကို သေချာကျနစွာ လေ့လာမည်ဆိုလျှင် “လူတော်”တစ်ယောက် ဖြစ်လာနိုင်ပါသည်။ စာဖတ်သူနှင့်စာမဖတ်သူတို့၏ ဗဟုသုတပညာ အတတ်ပညာချင်း မတူပါ။ စာဖတ်သူသည် စကားပြောရာတွင်လည်းကောင်း၊ ကြံစည်တွေးခေါ်ရာတွင်လည်းကောင်း စာမဖတ်သူထက် သာလွန်ပါသည်။ ထို့ကြောင့် စာအုပ်စာပေများကို လူသားတို့၏ “ဆရာတစ်ဆူ”ဖြစ်သည်ဟု ခေါ်ဝေါ်ပြောဆိုကြပါသည်။ လောကရှိ လူသားတို့တွင် စာအုပ်စာပေများကို ဖတ်ရှု့လေ့လာ၍ရသောပညာဖြင့် “လူတော်”ဖြစ်သွားသောပုဂ္ဂိုလ်တို့ များစွာရှိပါသည်။ ထိုကဲ့သို့ “လူတော်”ဖြစ်သော ပုဂ္ဂိုလ်များသည်သာလျှင် နေရာတကာ၌ ပါဝင်ဆောင်ရွက်လုပ်ကိုင်နိုင်ပါသည်။ ထိုသို့မဟုတ်ဘဲ အသိပညာ ဗဟုသုပညာမရှိပါက နေရာတကာ၌ ရှောင်ဖယ်နေရပြီး မျက်နှာငယ်လေးနဲ့ နေသွားရပါလိမ့်မည်။ လောက၌ ဆရာများထံမှ သင်ယူ၍တတ်မြောက်သော ပညာရပ်တို့များစွာရှိပါသည်။ ဆရာများမှသင်ပေးသော ဗဟုသုတအတတ်ပညာ စက်မှုလက်မှုအတတ်ပညာ အတန်းပညာ စသော လောကီလောကုတ္တရာ ပညာပေါင်းစုံရှိပါသည်။ လောကီနယ်ပယ်၌ ဆရာများထံမှ သင်ယူလေ့လာခဲ့သောပညာဖြင့် ဆရာဝန် အင်ဂျင်နီယာ ကျောင်းဆရာ ကျောင်းဆရာမ အစရှိသော ပညာတတ်လူတော်ပုဂ္ဂိုလ်များ ဖြစ်လာကြရပါသည်။ ထို့ပြင် ဆရာများသည် “လူတော်”တစ်ယောက်ဖြစ်ရုံသာမက “လူကောင်း”တစ်ယောက် ဖြစ်အောင်လည်း လမ်းညွှန်ဆုံးမပေးနိုင်ပါသည်။ ထိုကဲ့သို့ပြုလုပ်ပေးသော ဆရာများ၏ ဂုဏ်ကျေးဇူးကို မမေ့ရန်လိုပါသည်။ သို့ရာတွင် လူဆိုးလူမိုက်ဖြစ်အောင် ပြုလုပ်ပေးသော ဆရာများလည်း ရှိပါသေးသည်။ ဆရာတင်မမှားဖို့ရန် သတိတရား ဆင်ခြင်ဉာဏ်တရားရှိဖို့တော့ လိုပါသည်။ အဇာတသတ်ဘုရင်သည် ဆရာတင်မှားသောကြောင့် ဒုက္ခများစွာဖြင့် ရင်ဆိုင်ခဲ့ရပါသည်။ မိမိအား “လူတော်လူကောင်း”ဖြစ်အောင် ပြုလုပ်ပေးသော ဆရာများ၏ဂုဏ်ကျေးဇူးကို မဆပ်နိုင်လျှင်သော်မှ ကျေးဇူးမကန်းမိရန် အရေးကြီးလှပါသည်။ ထို့နောက် တွေးခေါ်ကြံဆ၍ရသော ပညာဖြင့်လည်း “လူတော်”တစ်ယောက် ဖြစ်လာနိုင်ပါသည်။ တွေးခေါ်ကြံဆ၍ရသော ပညာဆိုသည်မှာ ရေနွေးအိုးဆူနေသည်ကိုကြည့်ပြီး ”ရေနွေးအိုး၏အဖုံး အဘယ့်ကြောင့် အပေါ်သို့တက်တက်နေရတာလဲ”ဟု တွေးခေါ်စဉ်းစားပြီး ရေနွေးငွေ့ဖြင့် မီးရထားမောင်းရအောင် တီထွင်ခဲ့သောပုဂ္ဂိုလ်၏ အကြံအစည်မျိုး ဖြစ်ပါသည်။ ထိုကဲ့သို့ စဉ်းစားတွေးခေါ်ခဲ့သောသူသည် ရေနွေးအိုး၏အဖုံးကို လက်နှင့်ဖိကြည့်သော အခါ ရေနွေးငွေ့၏ တွန်းကန်အားကြောင့် ရေနွေးအိုးအဖုံးအပေါ်သို့ တက်ရခြင်းဖြစ်သည်ဟု အကြံရရှိပြီး မီးရထား ကားစသောယာဉ်များကို ရေနွေးငွေ့ဖြင့် မောင်း၍ရအောင် တီထွင်ခဲ့သည်ဟု သိရှိရပါသည်။ ထိုသူသည် မိမိဘာသာ တွေးခေါ်ကြံဆ၍ရသောပညာဖြင့် စမ်းသပ်လုပ်ကိုင်ခဲ့သော ကြောင့် ကမ္ဘာကျော်ပုဂ္ဂိုလ် ဖြစ်လာရပေသည်။ ထိုကဲ့သို့ မိမိဉာဏ်ပညာဖြင့် တွေးခေါ်ကြံဆပြီး လူအများအသုံးပြုနိုင်ရန် စက်ပစ္စည်းများ၊ ပရိဘောဂများ၊ အဝတ်အထည်များအစရှိသော လူအသုံးအဆောင် ပစ္စည်းများကို တီထွင် ထုတ်လုပ်ခဲ့သော ပုဂ္ဂိုလ်တို့များစွာရှိပါသည်။ ထိုလူများသည် “လူတော်”များပင် ဖြစ်ပါသည်။ ဂိုဂလီယက်မိုမာကိုနီအမည်ရှိသော ပုဂ္ဂိုလ်သည်လည်း မိမိဉာဏ်ပညာဖြင့် တွေးခေါ်ကြံဆပြီး ရေဒီယိုကို စတင်တီထွင်ခဲ့ပါသည်။ သူသည် နည်းသစ်ရှာပေးနိုင်သူဟု ထင်ပေါ်ကျော်ကြား ကျေးဇူးများသော ပုဂ္ဂိုလ်ဖြစ်သောကြောင့် ရေဒီယိုနှင့်ပတ်သတ်သော ကိစ္စတိုင်းမှာ သူ့ကိုထင်ရှားစွာ တွေ့ရှိရပါသည်။ အထက်ဖော်ပြပါ ပုဂ္ဂိုလ်များကဲ့သို့ပင် မိမိကိုယ်ပိုင်ဉာဏ်ပညာဖြင့် တွေးခေါ်ကြံဆပြီး လောကီလောကုတ္တရာနှစ်ဖြာသော အကျိုးတို့ကို ဆောင်ရွက်၍ထင်ပေါ်ကျော်ကြားခဲ့သော ပုဂ္ဂိုလ်တို့ များစွာရှိခဲ့ပါသည်။ လောကီဘက်၌ ထင်ပေါ်ကျော်ကြားသော ပုဂ္ဂိုလ်များကို အနည်းငယ် တင်ပြပြီးနောက် လောကုတ္တရာဘက်၌ မိမိဉာဏ်ပညာဖြင့် တွေးခေါ်ကြံဆပြီး ကိလေသာ ကုန်ခမ်းကာ ရဟန္တာဖြစ်အောင် အားထုတ်ခဲ့သော ပဏ္ဍိတသာမဏေအစရှိသော အရိယာ သူတော်စင်များလည်း ရှိခဲ့ပါသည်။ ဤနေရာ၌ ခုနစ်နှစ်အရွယ်နှင့်ရဟန္တာဖြစ်အောင် အားထုတ်ခဲ့သော ပဏ္ဍိတသာမဏေ၏ မိမိဉာဏ်ပညာဖြင့် တွေးခေါ်ကြံဆပုံကို ဗဟုသုတယူစရာ ကောင်းသောကြောင့် အနည်းငယ် တင်ပြပေးလိုက်ပါသည်။ ပဏ္ဍိတသာမဏေသည် အရှင်သာရိပုတ္တရာမထေရ်ထံတွင် ရှင်ပြုပြီး နောက်ရက်တွင် ဆွမ်းခံလိုက်သွားခဲ့သည်။ ထိုဆွမ်းခံသွားရာလမ်းတွင် မြောင်းဖြင့်ရေသွယ်နေသော လယ်လုပ်သမားများ၊ မြားတံကိုမီးကင်း၍ မျက်စိထောင့်ဖြင့်ကြည့်လျက် ဖြောင့်အောင်လုပ်နေသော လေးသမား၊ သစ်တို့ကို ဖြတ်တောက်လှီးပြီး ရွေဘော်ထိုး၍ လှည်းဘီးစသည် ပြုလုပ်နေကြသော လက်သမားတို့ကို မြင်သောအခါ အရှင်သာရိပုတ္တရာမထေရ်အား “အရှင်ဘုရား စိတ်မရှိသောရေကို မိမိလိုရာအရပ်သို့ရောက်အောင်၊ စိတ်မရှိသော မြားတံကိုဖြောင့်အောင်၊ စိတ်မရှိသောသစ်တို့ကို ဖြတ်တောက်လှီး၍ ရွေဘော်ထိုးပြီး လှည်းဘီးလိုဝိုင်းနေအောင် ပြုလုပ်၍ရပါသလော”ဟု မေးသောအခါ မထေရ်မြတ်က “ရပါသည်”ဟု ဖြေဆိုသောအခါ သာမဏေက “စိတ်မရှိသောရေကို မိမိအလိုသို့ ဆောင်ယူ၍ လယ်လုပ်ခြင်းအမှုကိစ္စတို့ကို ပြုလုပ်နိုင်လျှင် စိတ်ရှိသောငါသည်လည်း မိမိ၏စိတ်ကို မိမိအလိုသို့ယူပြီး ဝိပဿနာတရားအားထုတ်ရန် အဘယ့်ကြောင့် မတတ်နိုင်ဘဲရှိအံ့နည်း။ စိတ်မရှိသော မြားတံကို ဖြောင့်အောင်ပြုလုပ်နိုင်လျှင် စိတ်ရှိသောငါသည် မိမိ၏စိတ်ကို တည်ငြိမ်ဖြောင့်မတ်အောင်လုပ်နိုင်ရမည်။ စိတ်မရှိသောသစ်တို့ကို မိမိတို့အလိုရှိရာ လှည်းဘီးစသည်တို့ပြုလုပ်၍ရလျှင် စိတ်ရှိသောငါသည် ငါ၏စိတ်ကိုနိုင်အောင်ထိန်းပြီး တရားအားထုတ်နိုင်ရမည်”ဟု ကြံစည်စဉ်းစားပြီး ဆွမ်းခံဆက်မလိုက်တော့ဘဲ ကျောင်းသို့ပြန် သွားပြီးလျှင် မိမိ၏စိတ်ကို တည်ငြိမ်အောင်ထားကာ မိမိစိတ်ကို တရားဘက်၌ အာရုံရအောင် စိတ်ကိုဆွဲယူပြီး တရားအားထုတ်ရာ ကိလေသာကုန်ခမ်း၍ ရဟန္တာဖြစ်ခဲ့ပါသည်။ ထို့ကြောင့် မိမိစိတ်ကို မထိန်းနိုင်သော ပုဂ္ဂိုလ်များသည် ဤသာမဏေကဲ့သို့ အတုယူကာ မိမိစိတ်ကို ထိန်းနိုင်အောင် ကျင့်သုံးသင့်ပါသည်။ သာမဏေကဲ့သို့ တွေးခေါ်ကြံမည်ဆိုလျှင် ရဟန္တာမဖြစ်တောင်မှ စိတ်တိုလွယ် ဒေါသထွက်လွယ် အမျက်ထွက်လွယ်ခြင်းများကင်းပြီး စိတ်ချမ်းသာမှု ရရှိပါလိမ့်မည်။ များသောအားဖြင့် မကောင်းမှုလုပ်ကြသည်မှာ မိမိစိတ်ကို မထိန်းနိုင်သောကြောင့် ဖြစ်ပါသည်။ မိမိစိတ်ကို အကောင်းဆုံးဘက်သို့ရောက်အောင် မလုပ်နိုင်လျှင်သော်မှ အဆိုးဆုံးမဖြစ်အောင် ထိန်းနိုင်လျှင် မျက်မှောက် တမလွန်ဘဝတို့မှာ ကောင်းကျိုးချမ်းသာ ပါလိမ့်မည်။ ပညာရပ်တစ်ခုခုကို တတ်ကျွမ်းနားလည်၍ “လူတော်”ဖြစ်သောပုဂ္ဂိုလ်များသည် “လူမိုက်”မဖြစ်ဖို့ ပိုအရေးကြီးပါသည်။ အဘယ့်ကြောင့်ဆိုသော် လူတော်များသည် ကောင်းသော ဘက်၌ အသုံးချလျှင် လိုက်မမီအောင် တိုးတက်သလို မကောင်းမှုဘက်၌ အသုံးချလျှင် ကယ်တင်၍မရနိုင်အောင် မိုက်မဲနိုင်သောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် မိမိတတ်ထားသော ပညာကို မှန်ကန်စွာအသုံးမချဘဲ မကောင်းသောဘက်၌ အသုံးချမည့်ဆိုလျှင် လူတော်ပေမဲ့ လူယုတ်မာ ဖြစ်သွားတတ်ပါသည်။ ကမ္ဘာပေါ်တွင် လူတော်မှန်သမျှ လူကောင်းဖြစ်မည်ဆိုလျှင် ကမ္ဘာလောကကြီးတွင် ကိုယ်စိတ်နှစ်ပါးချမ်းသာစွာဖြင့် နေထိုင်ကြရပါလိမ့်မည်။ ကမ္ဘာပေါ်တွင် လူတော်တို့များစွာ ရှိသော်လည်း လူကောင်းစိတ်မရှိသောကြောင့် စစ်ပွဲများ ရန်ငြိုများ ဖြစ်ပေါ်နေကြရပါသည်။ လူတော်များသည် မိမိတတ်ထားသောပညာဖြင့် သူတစ်ပါးတို့အား ဆုတ်ယုတ်ပျက်စီးစေ မည့် အလုပ်မှန်သမျှတို့ကို မလုပ်ကြရန် လိုပါသည်။ လူတော်များသည် မိမိမှာ အတတ်ပညာရှိ၏ ဂုဏ်ရှိ၏ စည်းစိမ်ဥစ္စာရှိ၏ ရာထူးရှိ၏စသည်ဖြင့် မာန်မာနထားကာ သူတစ်ပါးကို ဒုက္ခရောက်အောင်မလုပ်ဘဲ သူတစ်ပါးအကျိုးရှိစေမည့် အလုပ်ကိစ္စတို့ကို လုပ်ကိုင် ပေးကြမှသာလျှင် “လူကောင်း”ဖြစ်ကာ “လူတော်လူကောင်း”အရည်အချင်းနှင့်ပြည့်စုံ၍ မျက်မှောက် တမလွန်တို့၌ လိုအင်ဆန္ဒမှန်သမျှ ပြည့်ဝပါလိမ့်မည်။ လူတော်များသည် ကိုယ့်ကျင့်စာတရားမရှိပါက လူမိုက်ဖြစ်၍ နောင်သံသရာအတွက် ကောင်းမှုကုသိုလ်မလုပ်ခဲ့သောကြောင့် သံသရာ၌လည်း ဒုက္ခအပေါင်းနှင့်သာ ရင်ဆိုင်ကြရမည် ဖြစ်ပါသည်။ တော်သောပုဂ္ဂိုလ်၊ ပညာရှိသောပုဂ္ဂိုလ်တို့သည် “လူကောင်း”ဟူသော အနားကွက် သူတော်ကောင်းတရားမရှိပါက ပြီးပြည့်စုံသောလူတစ်ယောက် ဖြစ်လာမည်မဟုတ်ပေ။ သို့ဖြစ်၍ “လူကောင်း”ဟူသော သူတော်ကောင်းတရားသည် သက်ရှိသတ္တဝါတိုင်းအတွက် မရှိမဖြစ်လိုအပ် သော တရားများဖြစ်သောကြောင့် လူကောင်းတစ်ယောက် ပြည့်စုံရမည့် သူတော်ကောင်းတရား များကို အကျယ်တဝင့် ရေးသားတင်ပြပေးလိုက်ပါသည်။ လူကောင်းတစ်ယောက်ပြည့်စုံရမည့် အင်္ဂါများမှာ အကျဉ်းအားဖြင့် (၇)ပါးရှိပါသည်။ `၎င်းတို့မှာ………. ၁။ သဒ္ဓါ-ရတနာသုံးပါး ဂုဏ်ကျေးဇူးနှင့် ကံ ကံ၏အကျိုးကို ယုံကြည်သော သဒ္ဓါတရားရှိရမည်။ ၂။ သီလ-ငါးပါးသီလကို ခါးဝတ်ပုဆိုးကဲ့သို့ အမြဲမပြတ်လုံခြုံအောင် စောင့်ထိန်းရမည်။ ` ၃။ ဟိရီ-မကောင်းမှုဒုစရိုက်တို့ကို မပြုလုပ်ဖို့ရန် ရှက်သောစိတ် ရှိရမည်။ ၄။ ဩတ္တပ္ပ-မကောင်းမှုဒုစရိုက်တို့ကို မပြုလုပ်ဖို့ရန် ကြောက်သောစိတ် ရှိရမည်။ ၅။ သုတ-ကောင်းသော အကြားအမြင် ဗဟုသုတနှင့်ပြည့်စုံရမည်။ ၆။ စာဂ-စေတနာသုံးတန် ပြဋ္ဌာန်းသောစိတ်ဖြင့် ပေးကမ်းစွန့်ကြဲ လှူဒါန်းတတ်ရမည်။ ၇။ ပညာ-သံသရာမှ ထွက်မြောက်ကြောင်းဖြစ်သော လောကုတ္တရာပညာတို့နှင့် ပြည့်စုံရမည်။ ဤကဲ့သို့သော အချက်များနှင့် ပြည့်စုံသောသူကိုသာ သူတော်ကောင်း (သို့မဟုတ်) လူကောင်းဟု သတ်မှတ်ရပါမည်။ မြတ်စွာဘုရားရှင်သည် လူသားတိုင်းကို “လူကောင်း”များဖြစ်ရန်အတွက် “လူကောင်း”နှင့် ပတ်သတ်သော တရားတော်များ၊ ကျင့်စဉ်များ၊ လိုက်နာရမည့် အချက်အလက်များကို အပြည့်အစုံ ဟောကြားထားပါသည်။ ဦးကောမလ