ရှုပ်ထွေးဝေဝါးသော ကာကွယ်ဆေးထိုးရန် လမ်းညွှန်ချက်အသစ်များ
by SweSwe Aye

၂၀၂၅ခုနှစ်အတွက် United States ၏ ကာကွယ်ဆေးထိုးလမ်းညွှန်ချက်အသစ်များကို Advisory Committee on Immunization Practices (ACIP) က Centers for Disease Control and Prevention (CDC) ကို စက်တင်ဘာ ၁၈၊ ၁၉ ရက်များတွင် ထုတ်ပြန်ခဲ့သည်။ အဓိကအပြောင်းအလဲများမှာ MMR—measles (ဝက်သက်), mumps (ပါးချိတ်ယောင်), rubella (ဂျိုင့်သိုး) နှင့် Varicella (ရေကျောက်ကာကွယ်ဆေး)၊ Hepatitis-B (အသည်းယောင်အသားဝါကာကွယ်ဆေး) တို့ ဖြစ်ပြီး COVID-19 vaccine ကိုလဲ ယခုနှစ်များတွင် အသက်အရွယ်အပိုင်းအခြားများ ကန့်သတ်လိုက်သည်။ ကာကွယ်ဆေးထိုးရန် လမ်းညွှန်ချက်အသစ်များအကြောင်း ဆွေးနွေးပွဲကို American Community Media က စက်တင်ဘာ ၂၆၊ ၂၀၂၅ တွင် ပြုလုပ်ခဲ့သည်။ ACIP က ချမှတ်သော ကာကွယ်ဆေးထိုးလမ်းညွှန်ချက်ကို အချို့သောပြည်နယ်များက မလိုက်နာဘဲ ကိုယ်ပိုင်စနစ်လမ်းစဉ်များအတိုင်းသာ ကျင့်သုံးကြမည်ဖြစ်သည်။
အသည်းယောင်အသားဝါဘီပိုးနှင့် ကာကွယ်ဆေး။
Dr. Maurizio Bonacini, CEO, Mission Gastroenterology and Hepatology and associate clinical professor, University of California, San Francisco က Hepatitis-B virus သည် ရေရှည်တွင် အသည်းခြောက်ခြင်းနှင့် အသည်းကင်ဆာဖြစ်နိုင်ချေရှိပြီး Hepatitis B ကာကွယ်ဆေးသည် ဗိုင်းရပ်စ်၏ surface antigen ကို ပြုလုပ်ထားသဖြင့် ခန္ဓာကိုယ်မှ ပဋိပစ္စည်းများထုတ်ရန် အလွန်ကောင်းမွန်ပြင်းထန်စွာလှုံ့ဆော်နိုင်သဖြင့် ရောဂါကာကွယ်ရေးအတွက် အကျိုးများသောကာကွယ်ဆေးဖြစ်ကြောင်း ဦးစွာပြောဆိုခဲ့သည်။ ကာကွယ်ဆေးမတိုးသော HIV နှင့် hemodialysis patients (ကျောက်ကပ်ဆေးနေသူများ) မှာပင် အကျိုးသက်ရောက်မှုရှိသော ကာကွယ်ဆေးဖြစ်သည်။ ကလေးငယ်များတွင် ကာကွယ်နိုင်စွမ်းသည် အလွန်ခိုင်မာပြင်းထန်ပြီး သူ၏လတ်တလောပြုစုခဲ့သော စာတမ်းတွင် China ၌ မွေးကင်းစကလေးတွင် ကာကွယ်ဆေးတစ်ကြိမ်ထိုးခြင်း (birth dose vaccine) နှင့် ကလေးတစ်လအရွယ်တွင် ဒုတိယတစ်ကြိမ်ထိုးလျှင် ထိုနှစ်ကြိမ်ကာကွယ်ဆေးထိုးခြင်းသည် ၉၇% နှင့်အထက် ကလေးငယ်များတွင် ဗိုင်းရပ်စ်ကို ကာကွယ်သောပဋိဇီဝပစ္စည်းများ သိသိသာသာထွက်လာကြောင်းကို Dr. Bonacini က ပြောကြားခဲ့သည်။ အချို့သော ကာကွယ်ဆေးထိုးသူများတွင် ပဋိဇီဝပမာဏ ၁၀ အောက်သာထွက်လျှင်ပင် ခန္ဓာကိုယ်တွင်း ဗိုင်းရပ်စ်ဝင်သော်လဲ ရောဂါမဖြစ်ပေ။ ဗိုင်းရပ်စ်ကူးစက်ခြင်းအများဆုံးမှာ မိခင်ထံမှကလေးငယ်သို့ကူးစက်ခြင်းဖြစ်ပြီး အချို့သောမိခင်များသည် ကိုယ်တိုင်မှာ ဗိုင်းရပ်စ်ကူးစက်ခံရကြောင်း မသိကြပေ။ မွေးကင်းစကလေးအရွယ်မှာ တစ်ကြိမ်၊ ကလေး၏ နောက်လပိုင်းအရွယ်များတွင် သုံးကြိမ်ကာကွယ်ဆေးထိုးပါက ထိုကလေး၏ဘဝတွင် အသည်းကင်ဆာဖြစ်ခြင်းကို လျော့နည်းစေနိုင်ကြောင်း ထိုင်ဝမ်နိုင်ငံတွင် လေ့လာတွေ့ရှိခဲ့သည်။ တိုင်းပြည်အများအပြားသည် ကာကွယ်ဆေးထိုးလမ်းညွှန်များကို လိုက်နာကြပြီး ပေါ်တူဂီနိုင်ငံသည်လဲ US နည်းတူ မွေးကင်းစကလေးတွင် အသည်းရောင်ဘီကာကွယ်ဆေးကို ထိုးရသည်။
လွန်ခဲ့သော ၂နှစ်၊ ၃နှစ်ခန့်က CDC က ထုတ်ပြန်ခဲ့သော data အရ နှစ်စဉ် မွေးကင်းစကလေး ၁၀၀၀ ခန့်သည် Hepatitis B ကူးစက်ခံထားရသည်။ Dr. Bonacini က တွက်ပြသည်မှာ ထိုကလေး ၉၀၀ သည် နာတာရှည်အသည်းယောင်အသားဝါဘီ ဝေဒနာခံစားရမည်ဟု ခန့်မှန်းနိုင်သည်။ အရွယ်ရောက်ပြီးသူများတွင် Hepatitis B ကူးစက်ခံထားရသူ ၅% သည် နာတာရှည်အသည်းယောင်အသားဝါဘီ ဝေဒနာခံစားရနိုင်သည်။ “သမ္မတထရမ့်က အသည်းယောင်အသားဝါဘီပိုးကူးစက်ခြင်းနည်းလမ်းတွေထဲက လိင်က ကူးစက်ခြင်းဟာ အရေးကြီးဆုံးလို့ ပြောတာဟာ မှားပါတယ်။ ဒီဗိုင်းရပ်စ်ဟာ လိင်မှတစ်ဆင့်ကူးစက်ခြင်း၊ မူးယစ်ဆေးသုံးခြင်း၊ တက်တူးထိုးခြင်း၊ ခန္ဓာကိုယ်အပေါက်များဖောက်ခြင်း စတဲ့နည်းလမ်းတွေကနေ ကူးစက်ခြင်းတွေရှိပေမယ့် US မှာ data အရ လိင်ကကူးစက်ခြင်းနည်းလမ်းက အဓိကအရေးကြီးဆုံးကူးစက်ခြင်းမဟုတ်ပါဘူး” ဟု Dr. Bonacini က ရှင်းပြသည်။ WHO ခေါင်းဆောင်တစ်ဦးဖြစ်သော Dr. Brian McMahon နှင့် Philippa Easterbrook တို့၏ လွန်ခဲ့သောနှစ်နှစ်က ပြုစုခဲ့သော စာတမ်းတွင် Alaska ၌ မွေးကင်းစ ကာကွယ်ဆေးထိုးခဲ့သူပြီး ၁၉၉၃ နောက်ပိုင်း အရွယ်ရောက်ပြီးသူလူငယ်များတွင် အသည်းကင်ဆာဖြစ်မှု လုံးဝမရှိဟု ဖော်ပြခဲ့သည်။ လိင်ကိစ္စမတက်ကြွသေးသော ကလေးများအရွယ်တွင် ကာကွယ်ဆေးထိုးခဲ့ပါက hepatitis B acute infection ကို ၆၀% ကာကွယ်နိုင်သည်။ India, အခြားကမ္ဘာ့တိုက်များမှ US သို့ ရွှေ့ပြောင်းလာသူများတွင် Hepatitis B virus သယ်ဆောင်သူ ၃% မှ ၄% ရှိသော်လဲ US တွင်နေထိုင်သော Caucasian များတွင် ၀.၀၅% ထက်နည်းသည်။
“လူတွေက မမြင်ဖူးတာ ဒါမှမဟုတ် မကြုံဖူးတဲ့အရာတွေအတွက် အရမ်းစိုးရိမ်နေကြတယ်လို့ ထင်ပါတယ်။ သူတို့ မမှတ်မိကြဘူး၊ ဒါမှမဟုတ် မကြုံဖူးဘူး။ US မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၉၀၊ ၁၀၀ တုန်းက အသက် ၅ နှစ်အောက်ကလေးငယ်များရဲ့ ၄၀% ဟာ အသက်မရှင်ကြဘူး။ ကျန်တဲ့နိုင်ငံတွေမှာလဲ ဒီအတိုင်းပဲ။ လူတွေအသက်ပိုရှည်လာတာ၊ ကလေးတွေသေဆုံးနှုံးကျဆင်းတာတွေ၊ ပိုတိုးတက်လာတာတွေကို ကျနော်တို့ မြင်နေရတာပဲ။ အဲ့ဒါကို ဆက်ထိန်းထားဖို့ နည်းလမ်းတွေကို အာရုံစိုက်ဖို့လိုတယ်။ နာတာရှည်အခြေအနေတွေကို ကိုင်တွယ်ဖြေရှင်းဖို့လိုပေမယ့် အလုပ်ဖြစ်နေတဲ့အရာတွေကို ဖျက်ဆီးမပစ်ဖို့လိုပါတယ်” ဟု Dr. Bonacini က ပြောကြားခဲ့သည်။
MMRV ဝက်သက်၊ ပါးချိတ်ယောင်၊ ဂျိုက်သိုး၊ ရေကျောက်ကာကွယ်ဆေး သိမှတ်ဖွယ်ရာ။
FDA က ၁၉၇၁ တွင် လိုင်စင်ချပေးခဲ့သော MMR (ဝက်သက်၊ ပါးချိတ်ယောင်၊ ဂျိုက်သိုး) သုံးမျိုးပေါင်းကာကွယ်ဆေးနှင့် ၁၉၉၅ တွင် လိုင်စင်ချပေးခဲ့သော varicella vaccine (ရေကျောက်ကာကွယ်ဆေး) နှစ်မျိုးရှိပြီး ရောဂါလေးမျိုးလုံးကို တစ်ပေါင်းတစည်းထဲထိုးနိုင်သည့် MMRV ကာကွယ်ဆေးလဲရှိကြောင်း Dr. Yvonne – Bonnie – Maldonado, Professor of Pediatrics and of Health Research and Policy at Stanford University, with a focus on Infectious Diseases က ပြောကြားခဲ့သည်။ ကလေးများအသက် ၁၂ လနှသ့် ၁၅ လကြားတွင် ပထမအကြိမ်ကာကွယ်ဆေးထိုးပြီး ဒုတိယအကြိမ်ကာကွယ်ဆေးကို အသက် ၄ နှစ်နှင့် ၆ နှစ်ကြားတွင် ထိုးပေးခဲ့သည်မှာ ဆယ်စုနှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်သည်။ ဝက်သက်သည် အကူးစက်အမြန်ဆုံးဗိုင်းရပ်စ်ဖြစ်ပြီး ကာကွယ်ဆေးမပေါ်မီက နှစ်စဉ် US တွင် လူ ၄၈,၀၀၀ ခန့်ဆေးရုံတက်ကုသရပြီး သေနှုံးမှာ တစ်နှစ်လျှင် ၅၀၀ ဖြစ်သည်။ ဝက်သက်ကြောင့် ဦးနှောက်ယောင်ခြင်း၊ နမိုးနီးယား၊ ear infection, သေရာပါမသန်မစွမ်း တို့ဖြစ်နိုင်ပြီး သေဆုံးသူ လူ ၃၀၀၀ တွင် တစ်ယောက်မှာ မွေးကင်းစနှင့် ကလေးငယ်များဖြစ်ကြသည်။ ပါးချိတ်ယောင် ဗိုင်းရပ်စ်သည် ဦးနှောက်အမြေးယောင်ခြင်း၊ နားပင်းခြင်း နှင့် သန္ဓေမအောင်ခြင်း တို့ကို ဖြစ်နိုင်ပြီး ဂျိုက်သိုး ဗိုင်းရပ်စ်သည် ကိုယ်ဝန်သည်များတွင် ကိုယ်ဝန်ပျက်ကျခြင်း၊ ကလေးအသေမွေးခြင်း နှင့် အသက်ရှင်လျက်ကလေးမွေးလာပါကလဲ congenital rubella syndrome (မွေးရာပါ နှလုံးတွင်ထိခိုက်ခြင်း၊ မျက်လုံးကန်းခြင်းနှင့်နားပင်းခြင်း) တို့ကိုဖြစ်စေသည်။ US တွင် ၁၉၆၀ ကာလက နောက်ဆုံး congenital rubella syndrome outbreak ဖြစ်ခဲ့သည်။ ရေကျောက် ကို လူများက လျော့တွက်ကြသော်လဲ အဆုတ်ယောင်ခြင်း နှင့် ဘက်တီးရီးယားရောဂါကူးစက်ခြင်း နောက်ဆက်တွဲဖြစ်နိုင်ပြီး သေနှုံးမှာတော့အလွန်နည်းပါသည်။ အသက်ကြီးလာသောအခါ Shingles (ရောဂါလက္ခဏာမှာ အပ်ဖျားနှင့်ထိုးသလိုစူးပြီးနာကျင်စေသောအရေပြားတွင် အနီပြင်အဖုများထခြင်း) ကိုဖြစ်စေသည်။
တစ်ပေါင်းတစည်းထဲ MMRV ကာကွယ်ဆေး ကို ထိုးခြင်းအကျိုးများ။
ထိုဗိုင်းရပ်စ်လေးမျိုးလုံးသည်ကလေးများအတွက် အန္တရာယ်ကြီးသဖြင့် ရောဂါ ၄ မျိုးလုံးအတွက် တစ်ပေါင်းတစည်းထဲ MMRV ကာကွယ်ဆေးသည် တန်ဖိုးရှိလှသည်။ ကမ္ဘာ့ data များနှင့် လက်တွေ့စမ်းသပ်ချက်များအရ ထိုလေးမျိုးပေါင်းကာကွယ်ဆေးတစ်လုံးကို ၂ ကြိမ်ထိုးပြီးသောသူများတွင် ၉၀% အထက် တစ်သက်တာရောဂါကာကွယ်ခြင်းကိုရကြသည်။ ဘာ့ကြောင့် ထိုလေးမျိုးပေါင်းကာကွယ်ဆေးတစ်လုံးထဲကို ဖန်တီးထားသလဲဆိုလျှင် ကာကွယ်ဆေးတစ်လုံးထဲနှင့် ရောဂါ ၄ မျိုးလုံးကို ကာကွယ်နိုင်ပြီး ဆေးထိုးပေးသူများနှင့်ဆေးထိုးခံသောမိသားစုများအတွက် အလွယ်တကူထိုးနိုင်သောကြောင့်ဖြစ်သည်။ ဆေးခန်းသွားရသောအကြိမ်လျော့နည်းစေပြီး ဆေးထိုးခံရသောကလေးများအတွက် စိတ်ဖိဆီးမှုနည်းစေသည်။
ကာကွယ်ဆေးများစိတ်ချရသလား။
“MMR vaccines ဟာ အဆုံးစွန်ထိ ဘေးကင်းပါတယ်။ တခြားကာကွယ်ဆေးတွေထိုးသလိုပဲ ထိုးတဲ့နေရာမှာ နည်းနည်းပါးပါးနီတာ၊ နာတာ၊ ခဏတဖြုတ်ဖျားတာတွေရှိပါတယ်။ ကျမတို့အနီးကပ်စောင့်ကြည့်တာက febrile seizures (ကိုယ်ပူပြီးတက်ခြင်း) ပါပဲ” ဟု Dr. Maldonado က ဆိုသည်။ ပထမတစ်ကြိမ် MMRV တစ်ပေါင်းတစည်းထဲထိုးပြီးသော ကလေးမှာ febrile seizures ဖြစ်နိုင်ချေရှိခြင်းသည် MMR ကာကွယ်ဆေး နှင့် varicella ကာကွယ်ဆေး သီးခြားစီခွဲထိုးသော ကလေးများထက် အနည်းငယ်ပိုမြင့်မားသည်။ MMRV ကာကွယ်ဆေးတစ်ခါထဲပေါင်းထိုးသော ကလေး တစ်သောင်းတွင် febrile seizure ဖြစ်သောကလေး ၈ ယောက်ရှိပြီး၊ MMR ကာကွယ်ဆေး နှင့် varicella ကာကွယ်ဆေး သီးခြားစီခွဲထိုးသော ကလေးတစ်သောင်းတွင် febrile seizure ဖြစ်သောကလေးမှာ ၄ ယောက်ဖြစ်သည်။ febrile seizure သည် ကာကွယ်ဆေးနှင့်မဆိုင်ဘဲ သာမာန်ကလေးများဖျားသောအခါတွင်လဲ ဖြစ်တတ်သည်။ ဆိုလိုသည်မှာ febrile seizure ဖြစ်ခြင်းအကြောင်းရင်းမှာ MMRV ကာကွယ်ဆေးထိုးခြင်းအကြောင်းတစ်ချက်ထဲကြောင့် မဟုတ်ချေ။ “febrile seizures ဆိုတာက ခဏပါပဲ။ သူ့ဟာသူပြန်ကောင်းပြီး ရေရှည်ဒုက္ခရောက်သွားတာတွေ မရှိပါဘူး။ ကျမ ကလေးပေါင်းများစွာရဲ့ febrile seizures တွေကို ကုဖူးပါတယ်” ဟု Dr. Maldonado က ရှင်းပြသည်။ ကလေး ၂% သည် ear infections ကြောင့်၊ ဗိုင်းရစ်ကြောင့်အပြင်း febrile seizures ဖြစ်ကြသည်။ ထို့ပြင် နဂိုအခံ အာရုံကြောပြဿနာနှင့်ဦးနှောက်ပြဿနာများ မွေးကာစတွင်ရှိခြင်းကြောင့် တက်ခြင်းကို febrile seizures ထင်ကြခြင်းများရှိသည်။ နှစ်ပေါင်း ၂၀ ကျော် စောင့်ကြည့်လေ့လာချက်များအရ ဒုတိယအကြိမ် MMRV ကာကွယ်ဆေးထိုးခြင်း၏ ရေရှည်ဘေးထွက်ဆိုးကျိုးကို မတွေ့ခဲ့ရချေ။ ယနေ့တွင် US ရှိမိသားစုများ၏ ၁၅% သည် ပထမအကြိမ်ကာကွယ်ဆေးထိုးရာတွင် MMRV ကိုထိုးပြီး ၉၅% သည် ဒုတိယအကြိမ်ကာကွယ်ဆေးထိုးကြသည်။ Dr. Maldonado က “ဝက်သက်ကာကွယ်ဆေးအပါအဝင် ဘာကာကွယ်ဆေးနဲ့မှ autism နဲ့ဆက်စပ်မှုမတွေ့ရှိပါဘူးလို့ ကျမ ပြောချင်ပါတယ်” ဟုဆိုသည်။
MMRV ကာကွယ်ဆေးရဲ့ အားသာချက်များ။
သန်းပေါင်းများစွာသောသူတို့ကို ကာကွယ်ဆေးက ထိုဗိုင်းရပ်စ်များက ကာကွယ်ပေးခဲ့သည်။ “MMRV vaccine ဟာ ထိုးရတာမှာ အဆင်ပြေရုံသာမကဘူး ပြည်သူ့ကျန်းမာရေးက ကလေးတွေကို၊ ကွန်မြူနတီတွေကို ဒီရောဂါတွေ outbreaks ဖြစ်ခြင်းကနေ ကျယ်ကျယ်ပြန့်ပြန့်ကာကွယ်ပေးနိုင်တယ်။ မနှစ်က US မှာ ကလေးတွေဝက်သက်ပေါက်ပြီး ဆေးရုံတက်ကြရတာ အများစုက ကာကွယ်ဆေးမထိုးထားကြတဲ့ကလေးတွေဖြစ်နေတယ်။ ဝက်သက်ကာကွယ်ဆေးနဲ့ပတ်သက်တဲ့သတင်းမှားတွေဟာ မိဘတွေကို သူတို့ကလေးတွေကို ကာကွယ်ဆေးမထိုးပေးခြင်းရဲ့အဓိကအချက်ပဲ” ဟု Dr. Maldonado က ဆက်ပြောသည်။ “ကာကွယ်ဆေးဆိုတာက ခေတ်မီတိုးတက်တဲ့ဆေးပညာရဲ့ အကြီးမားဆုံးအောင်မြင်မှုပါပဲ” လွန်ခဲ့သောနှစ် ၃၀ က ကာကွယ်ဆေးများသည် US ရှိ ကလေးတစ်သန်းသေဆုံးခြင်းနှင့် ကလေးဆယ်သန်းကျော်ဆေးရုံတက်ကုသရခြင်းကို ကာကွယ်ပေးခဲ့သည်။ ကာကွယ်ဆေးကို ဆန့်ကျင်သူများသည် ရှေးယခင်မှ ယခုထိဆက်လက်ရှိနေသေးသည် သမ္မတ Benjamin Franklin သည် anti-vaxxer တစ်ဦးဖြစ်ပြီး သူ၏သားဖြစ်သူသည် smallpox (ကျောက်ရောဂါ) ဖြင့် သေဆုံးခဲ့သည့်အတွက် သူ၏ကာကွယ်ဆေးကိုမယုံကြည်ခြင်းကို နောင်တရကြောင်းရေးသားခဲ့သည်။ Health and Human Services Secretary Robert F. Kennedy က ဇွန်၊ ၂၀၂၅ တွင် အလုပ်မှရပ်နားစေလိုက်သော ACIP ကော်မတီဝင် ၁၇ ဦးထဲတွင် Dr. Maldonado သည် တစ်ဦးအပါအဝင်ဖြစ်သည်။
COVID ကာကွယ်ဆေးများအကြောင်း။
၂၀၂၅ တွင် ACIP မှ လမ်းညွှန်ချက်အသစ်မှာ ကျန်းမာရေးအန္တရာယ်ရှိနိုင်ချေကို အခြေခံပြီးကျင့်သုံးသောဗျူဟာကို Universal Vaccination Policy နေရာတွင် အစားထိုးကာ ယေဘူယျအုပ်စုလေးခုအဖြစ် ပိုင်းခြားထားသည်။ ပထမအုပ်စုမှာ အသက် ၆၅ နှစ်နှင့်အထက်၊ ဒုတိယအုပ်စု- အသက် ၆ လနှင့်အထက် ပြင်းထန်သော COVID-19 ဖြစ်နိုင်သောအကြောင်းရင်းရှိသူများ (ဥပမာ- အလယ်အလတ်/ပြင်းထန်စွာ ကိုယ်ခံအားကျနေသူများ) ဖြစ်ပြီး COVID-19 ဖြစ်နိုင်သောအကြောင်းရင်းရှိခြင်းကို ဆရာဝန်က ဆုံးဖြတ်ရမည်ဖြစ်သည်။ တတိယအုပ်စု- ကျန်းမာသော အသက် ၆ လနှင့်အသက် ၆၄ နှစ်ကြား (ထိုသူများသည် COVID-19 ဖြစ်နိုင်သောအကြောင်းရင်းရှိသူများနှင့် ယှဉ်လျှင် ကာကွယ်ဆေးထိုးဖို့ အခွင့်နည်းသည်။) စတုတ္ထအုပ်စု- ကိုယ်ဝန်သည်များနှင့် ကိုယ်ဝန်ဆောင်ရန်အစီအစဉ်ရှိသောအမျိုးသမီးများ။ (ထိုအုပ်စုကို ပြင်းထန်သော COVID-19 ဖြစ်နိုင်ချေရှိသူများဟု သတ်မှတ်သည်။)
“ဒီနေ့အချိန်တွေကတော့ COVID ကာကွယ်ဆေးတွေနဲ့ ပတ်သက်ပြီး ကျနော်တို့ ဘယ်တုန်းကမှ မထင်ထားတာတွေ ဖြစ်နေတာပါ” ဟု Dr. Peter Chin-Hong, infectious diseases specialist and Professor of Medicine, University of California, San Francisco က ဆိုသည်။ ၂၀၂၄ ခုနှစ်သည် COVID recovery year ဖြစ်သင့်သော်လဲ COVID ကြောင့်သေဆုံးသူပေါင်း ငါးသောင်း ခန့်ရှိခဲ့သည်ဟု Dr. Chin-Hong က ဆက်ပြောသည်။ ER တွင်ဆေးကုသမှုခံယူသော အသက် ၂ နှစ်အောက် COVID ရောဂါသည်နှုံးသည် အသက် ၆၅ နှစ်နှင့်အထက်ရောဂါသည်များ COVID ကြောင့် ER မှာကုသခံရမှုထက် ပိုများသည်။ Cholesterol (သွေးတွင်းအဆီပမာဏများနေသူများ) သည် COVID ဖြစ်နိုင်သည်။ “ခန္ဓာကိုယ်ခုခံအားစနစ်ကို နှစ်တိုင်းမှာ သတိပေးဖို့ booster doses တွေဆိုတာက လိုအပ်ပါတယ်။ ကျနော်တို့ဟာ COVID ကာကွယ်ဆေးကို မတားမြစ်မပိတ်ပင်ပါဘူးဆိုတဲ့နေရာကနေ လူတွေကို ပြင်းပြင်းထန်ထန်နဲ့ ကာကွယ်ဆေးထိုးကြပါလို့ လမ်းညွှန်တဲ့နေရာကို ရွေ့ဖို့လိုပါတယ်”
ဖော်ပြပါ အုပ်စုများတွင် COVID ကာကွယ်ဆေးထိုးရန်သင့်လျော်ပါကြောင်း ဆုံးဖြတ်ပေးရမည့်ဆရာဝန်၏ထောက်ခံချက်လိုအပ်ရာ အမေရိကန် ၃၀-၄၀% သည် ကျန်းမာရေးစောင့်ရှောက်မှုပေးသောသူများထံ သွားရောက်ပြသရန်မလွယ်ကြဘဲ အမေရိကန် ၇၅% မှာ အနီးဝန်းကျင်ဆေးဆိုင်များတွင် ကာကွယ်ဆေးထိုးကြရာ အခက်အခဲများရှိလာသည်။ “သူတို့ရဲ့ထုတ်ပြန်တဲ့နည်းလမ်းက ရှုပ်ထွေးတာတွေအများကြီးပဲ။ အရမ်းကိုဝေဝါးတယ်။ “informed decision-making” ဆိုတာက ဘာလဲ။ pharmacist က ဒါကို တွန်းအားနဲ့လုပ်မှာလား။ တခြားပြည်နယ်တွေမှာ COVID ကာကွယ်ဆေးထိုးဖို့ prescriptions (ဆေးလမ်းညွှန်လက်မှတ်) တွေ ခုထိလိုကြတယ်။” ဟု Dr. Chin-Hong က ပြောကြားခဲ့သည်။ “အကောင်းသဘောဆောင်တဲ့အချက်က California, Oregon, Washington, Hawaii ပြည်နယ် ၄ ခုမဟာမိတ်ပြုထားတဲ့ Western States Health Alliance က အခု ACIP လမ်းညွှန်ချက်အသစ်ကို တုန့်ပြန်ရာမှာ သိပ္ပံနည်းကျ အလုပ်လုပ်တယ်။ ကျနော်တို့က နှစ်ပေါင်းများစွာ စမ်းသပ်စစ်ဆေးခံပြီးပြီ။” ယခု ACIP က အသစ်ထုတ်လိုက်သော COVID ကာကွယ်ဆေးလမ်းညွှန်ချက်အသစ်တွင် သတ်မှတ်ပေးထားသော အချို့သောအုပ်စုများသည် ကာကွယ်ဆေးထိုးလိုပါက မိမိ၏ကျန်းမာရေးအာမခံက ကုန်ကျစားရိတ်ထုတ်မပေးနိုင်သောအခြေအနေများလဲရှိနေသည်။
၂၀၂၀ တွင်ကြုံတွေ့ခဲ့ရသော “ကာကွယ်ဆေး mRNA က သင့်ဗီဇမျိုးရိုးတွေနဲ့ DNA ကိုဖျက်လိမ့်မယ်။ နှလုံးယောင်စေတယ်” စသဖြင့် COVID ကာကွယ်ဆေးသတင်းမှားများသည် ယခုအချိန်ပြန်ပြီး ပျံနှံ့နေကြောင်း Dr. Chin-Hong က ဆက်လက်ဆွေးနွေးခဲ့သည်။ “Virus ကူးစက်ခံရခြင်းက ကာကွယ်ဆေးခြင်းထက် အခုပြောနေတဲ့ဟာတွေကို အများကြီးပိုဖြစ်စေနိုင်ပါတယ်” Dr. Chin-Hong က ထောက်ပြသည်။ “US ဟာသိပ္ပံအခြေခံတဲ့ကာကွယ်ခြင်းတွေမှာ တခြားနိုင်ငံတွေကို ခေါင်းဆောင်တဲ့နိုင်ငံဖြစ်ခဲ့တယ်။ အခုအချိန်မှာတော့ ကျနော်တို့က global outlier ဖြစ်နေပြီ။ ကျနော်တို့က WHO နဲ့တခြားကာကွယ်ဆေးတွေအတွက် အများကြီးကူညီခဲ့တယ်။ ကျနော် နောက်ထပ်စိုးရိမ်မိတာက COVID ကို အခြေခံတဲ့အပေါ်မှာ တိုင်းပြည်ရဲ့တုန့်ပြန်မှုတွေကို ခွဲခြားတော့မှာကိုပါပဲ”
သိပ္ပံနည်းကျဆေးပညာနှင့် ကာကွယ်ဆေးလက်မခံသူများ။
Dr. Benjamin Neuman, Professor of Biology, Texas A&M University က သိပ္ပံပညာရှင်များနှင့် ဆေးပညာရှင်များသည် ဘာကအလုပ်ဖြစ်သလဲ၊ ဘာက ရှိနေတာလဲဆိုခြင်းကို ကြည့်မြင်ကာ လက်တွေ့အရှိတရားအလုပ်လုပ်ကြသူများဖြစ်ပြီး Secretary Kennedy ၏ ဆုံးဖတ်ချက်များမှာ အရှိတရားအချက်များထက် တရားသူကြီးနှင့်ဂျူရီများ လက်ခံနိုင်ချေရှိဖို့အလုပ်လုပ်ရသော ရှေ့နေက သိပ္ပံပညာ၏ထ်ိပ်ဆုံးမှာ လာအုပ်ချုပ်နေသည်နှင့် ဥပမာပြပြောဆိုခဲ့သည်။ ACIP အစည်းအဝေးမတိုင်မီမှာပင် Department of Health and Human Services သည် mRNA ကာကွယ်ဆေးများအတွက် သုတေသနပြုရန်ထောက်ပံ့ထားသော $500 million ကို ပယ်ဖျက်လိုက်သောကြောင့် HIV ကာကွယ်ဆေးအပါအဝင် mRNA vaccines သုတေသနများရပ်လိုက်ရသည်။ “ငါတို့ကလေးတွေအတွက် မှန်ကန်တဲ့အရာတွေကိုလုပ်နေလားလို့စိတ်ပူနေတဲ့မိဘတွေအများကြီးကနေ ကာကွယ်ဆေးကိုဆန့်ကျင်ခြင်းတွေ အမြောက်အများရှိနေတာကို ကျနော်သိပါတယ်။ ကျနော်ပြောချင်တာကတော့ စိတ်အေးအေးထားပါ။ အိုကေပါ။ ကာကွယ်ဆေးတွေက အမြဲတမ်းအလုပ်လုပ်ခဲ့တယ်။ အခုလဲ ဆက်လုပ်နေတယ်။ နောက်လဲ ဆက်လုပ်နေဦးမှာပဲ။ အန္တရာယ်ရှိတဲ့ကမ္ဘာမှာ ခင်ဗျားလုပ်နိုင်တဲ့အကောင်းဆုံးအရာအဖြစ် ကာကွယ်ဆေးတွေက ဆက်ရှိနေဦးမှာပါ။ ခင်ဗျားဘေးက ချစ်တဲ့သူတွေကို ဆိုးရွားတာတွေ မဖြစ်ဖို့ သေချာအောင်လုပ်ပါ” ဟု Dr. Neuman က ပြောကြားခဲ့သည်။