ပရုပ်ဆီ အကြောင်း
ဆရာခင်ဗျား တစ်ခုလောက် တောင်းဆိုပါရစေ။ ပရုပ်ဆီ နဲ့ပက်သက်ပြီး သိချင်လို့ပါ။ မြန်မာမှာက လူတန်းစား အမျိုးမျိုးက ပုရုပ်ဆီကို အလွယ်ပဲ သုံးတတ်ကြပါတယ်။ ဥပမာ- ပုရွက်ဆိတ်ကိုက်ရင် တစ်ချို့ကလည်း ပုရုပ်ဆီ လိမ်းခိုင်းတယ်၊ တစ်ချို့ကလည်း မလိမ်းသင့်ဘူးပြောတယ်။ လည်ပင်းနာရင် ပုရုပ်ဆီမြိုချရင် သက်သာတယ် ပြောကြတယ်၊ မလုပ်သင့်ဘူး လို့လည်း ပြောကြတယ်။ ကြားဘူးနားဝနဲ့ ပုရုပ်ဆီကို အလွယ်ပဲ သုံးနေကြတာ များပါတယ်။ အဲဒါလေးနဲ့ ပက်သက်ပြီး ပုရုပ်ဆီရဲ့ ကောင်းကျိုး ဆိုးကျိုး၊ ဆောင်ရန်၊ ရှောင်ရန် ဗဟုသုရစေရန် အလို့ဌာ ပိုစ့်တစ်ပုဒ်လောက် ဆရာ အချိန်ရရင် ရေးပေးစေလိုပါတယ်။
မေးတာကို ကျေးဇူးတင်ပါတယ်။ မှန်တယ်ဗျ။ ကျွန်တော်တို့ အရင်ကတည်းက လူကြီးသူမတွေဆိုရင် ပရုပ်ဆီ မရှိရင် နေမဖြစ်ဘူး ပြောရသလောက်ဘဲ။ ၉၆ ပါးထဲက အတော်များများမှာ သုံးကြတာ။
လူတိုင်းဟာ နာတာ၊ ကိုက်တာနဲ့ မကင်းကြဘူး မဟုတ်လား။ နောက်ပြီး ဗမာတွေက လက်တွေ့ကျချင်သူတွေလို့ ခပ်လွယ်လွယ် ပြောရမလားဘဲ။ နာရင် နာတဲ့နေရာကို တခုခု လုပ်ရမှ စိတ်ကျေနပ်တယ်။ လက်နဲ့ဖြစ်ဖြစ် နှိပ်လိုက်ရမှ။ “ရမ်းကု” လို့ ဆိုသူများ ဇက်ကြောတက်ရင် ဇက်မှာ ဆေးထိုးပေးသတဲ့။ ဆရာဝန်ဖြစ်စက “ဟာ ငါသင်ခဲ့အထဲ ဒါ မပါပါလား” လို့ တွေးခဲ့မိဘူးတယ်။
ဒီသဘောနဲ့ နာတာ၊ ကိုက်တာကို နာတဲ့-ကိုက်တဲ့နေရာမှာ လိမ်းလို့ရတဲ့ ပရုပ်ဆီ ခေတ်စားလာစေတာလဲ အကြောင်းတခု ဖြစ်နိုင်မယ် ထင်တယ်။ “ကျားပရုပ်ဆီ” တံဆိပ်နဲ့ ဗမာပြည်မှာ ခေတ်စား နေခဲ့တာကြာပါပြီ။ ရောင်းလည်း ကောင်းလွန်းလို့ ခပ်ဆင်ဆင် တံဆိပ်တွေပါ တိုးလားတယ်။ ခေါင်းမူး-ခေါင်းကိုက်၊ ခြင်ကိုက်၊ ပုရွက်ဆိတ်ကိုက်။ ချောင်းဆိုး၊ ဗိုက်အောင့်ရင် ဗိုက်ပေါ်လိမ်း၊ ရင်ပတ်နာရင် ရင်ပတ်မှာလိမ်း၊ အဆစ်နာ၊ ရူမက်တစ်နာ၊ လည်ပင်း-ဂုတ်ပိုးနာ၊ ကြွက်သားနာ၊ လူတိုင်းနဲ့ မကင်းတဲ့ ဝေဒနာတွေပါ။
ကျားပရုပ်ဆီ ပေါ်တာ နှစ် ၁၀ဝ ကျော်ပါပြီ။ ထီးသုံး-နန်သုံး တရုပ်ရိုးရာနည်း Pinyin ကနေလာတာပါ။ (တိုက်ဂါး) ပရုပ်ဆီကို Aw Chu Kin ကနေ မြန်မာပြည်မှာ ၁၈၀ရ ခုနှစ်က ရန်ကုန်မှာ ဆိုင်သေးလေး စထောင်တယ်လို့ သမိုင်း မှတ်တမ်း တင်ထားပါတယ်။ သူ့သားနှစ်ယောက်ကနေမှ Tiger Balm ကို စင်္ကာပူ ယူလာခဲ့ပြီး Haw Par Healthcare ကုမ္ပဏီထောင်ခဲ့တာ အခု သိပ်ကြီးပွါးနေပြီ။။
ပရုပ်ဆီအနီ နဲ့ အဖြူမှာ ပါတာတွေ အတူတူလောက်ဘဲ၊ အနည်း-အများသာ ကွာတယ်။ လင်နမင် ဆိုတာလဲ ရှိသေးတယ်။ Camphor ပရုပ် ပါတယ်။ Menthol ပရုပ်အေး နဲ့ Clove Bud Oil လေးညှင်းဆီ များများ ပါတာက ပြင်းတယ်။ Cassia Oil သစ်ကြံပိုးအဆီကြောင့် ပရုပ်ဆီအနီက နီတယ်။ Cajuput Oil နဲ့ Mint Oil ပူဒီနာဆီက အဖြူမှာ များများပါတယ်။ နောက် ထုတ်တာတွေမှာ ယူကလစ်ဆီကို သုံးလာတယ်။
ကြီးကြီး-ငယ်ငယ် သုံးနိုင်တယ်။ လိမ်းရင် တနေ့ ၃-၄ ကြိမ်လို့ ဆေးညွှန်းက ဆိုတယ်။ ဆရာကမပြောရင် အပြင်ကနေ လိမ်း-ပွတ်သပ်ဘို့သာဖြစ်ပြီး ပါးစပ်ထဲ မထည့်ရ၊ ၂ နှစ်အောက်ကလေး မသုံးရလို့ သတိပေးထားတယ်။ လုပ်ကြတာပါဘဲ။ ရေနွေးထဲထည့် ရှူတာလည်း လုပ်တယ်။ Balm ဆိုတာ လိမ်းရတာကိုသာ ခေါ်တယ်။ Rub ဆိုရင် ပွတ်လိမ်းရတယ်။ စိတ်ကနေ သက်သာတယ် ထင်တာကိုက အကျိုးရှိနေတာမျိုး။
ခုထိတော့ ဘေးထွက်ဆိုးကျိုးကို တိတိပပ စာနဲ့ပေနဲ့ (ရီပို့တ်) မရှိသေးပါ။ ဘယ်ဆေး မဆိုကတော့ မကောင်းဘူးလို့ ပြောရမှာတွေ ရှိပါတယ်။ ဆေးမတည့်ရင် ယားတာ၊ နီတာ၊ အပိန့်ထွက်တာ၊ သိပ်ဆိုးရင် ပါးစပ်-လည်ပင်း ရောင်ပြီး အသက်ရှူခက်တာအထိ ဖြစ်နိုင်တယ်။ အမှန်ကတော့ ယားလို့၊ အပိန့်ထွက်လို့ ပရုပ်ဆီ လိမ်းရတာပါ။ မတည့်ရင် ပိုဆိုးတတ်တယ်ပေါ့။ မတည့်ဘူးဆိုတာ သုံးတိုင်းဖြစ်တယ်ပြောတာ မဟုတ်ပါ။
၂၀၁ဝ ဩဂုတ် ၁ဝ ရက်နေ့ သတင်းအရ အမေရိကန် ဆေးဝါးနဲ့ အစား အသောက် အာဏာပိုင်အဖွဲ့ကနေ စင်္ကာပူက Haw Par Healthcare Ltd ရဲ့ Tiger Balm pain-relieving patch နဲ့ပတ်သက်ပြီး လုံလောက်တဲ့ အဆင့်တွေ မပြည့်စုံသေးဘူး လို့ သတိပေးလိုက်ပါတယ်။
(Forward Mail က ရောက်လာတာကို သူငယ်ချင်းတို့ ဗဟုသုတရအောင် တင်ပေးလိုက်ပါတယ်။)
လေးစားစွာဖြင့်
Good Idea