မလိုအပ်တဲ့ ဝန်ထုပ်တွေကို လွတ်ချခဲ့ပါ

စေနNovember 24, 20101min1814

ဝမ်းနည်းကြေကွဲနေတဲ့ လူငယ်တစ်ဦးဟာ အထုပ်ကြီးတစ်ထုပ်ထမ်းပိုးပြီး မိုင်ပေါင်းများစွာကနေ ဆရာတော်တစ်ပါးဆီ ရောက်လာခဲ့တယ်။ ဆရာတော်ဆီရောက်တာနဲ့ သူက “ဆရာတော်.. တပည့်တော် အထီးကျန်လွန်းနေပါတယ်။ နာကျင်ကြေကွဲနေပါတယ်။ နှစ်ရှည်လျှောက်လှမ်းခဲ့ရတဲ့ ဘဝခရီးလမ်းကြောင့် တပည့်တော် ပင်ပန်းနွမ်းနယ်နေပါတယ်။ ဖိနပ်လည်း ပေါက်ပြဲခဲ့ပါပြီ။ ခြေထောက်နှစ်ဖက်မှာလည်း ဆူးဒဏ်ရာတွေ ပြည့်ခဲ့ပါပြီ။ လက်တွေလည်း သွေးတစိမ့်စိမ့်နဲ့ ထိရှခဲ့ပါပြီ။ နှစ်အတော်ကြာ ဟစ်အော်ခဲ့ရတဲ့ လည်ချောင်းလည်း ကွဲအက်နေခဲ့ပါပြီ….. ဘာဖြစ်လို့ တပည့်တော်ရင်ထဲက နေရောင်ခြည်ကို တပည့်တော် မတွေ့ရသေးတာလဲ ဘုရား?” လို့ လျှောက်တင်တယ်။

အဲဒီအခါမှာ ဆရာတော်က “ဒကာတော် အိတ်ထဲမှာ ဘာတွေထည့်ထားတာလဲ?”လို့ မေးတယ်။

လူငယ်က “အိတ်ထဲကပစ္စည်းတွေဟာ တပည့်တော်အတွက် အင်မတန်အရေးပါတဲ့ ပစ္စည်းတွေပါဘုရား။ ထည့်ထားတာတွေက လဲကျတိုင်း တပည့်တော် နာကျင်ခံစားခဲ့ရတဲ့ ဝေဒနာတွေ၊ ထိခိုက်တိုင်း ငိုကြွေးခဲ့ရတာတွေ၊ အထီးကျန်တိုင်း စိတ်ရှုပ်ခဲ့ရတာတွေ… အဲဒါတွေနဲ့ ဆရာတော်ဆီ တပည့်တော် အရောက်လာခဲ့တာပါဘုရား” လို့ လျှောက်တင်တယ်။

ဒီလိုနဲ့ ဆရာတော်ဟာ လူငယ်ကိုခေါ်ပြီး မြစ်ကမ်းတစ်ခုဆီ ရောက်လာခဲ့တယ်။ သူတို့က လှေတစ်စီးကိုလှော်ပြီး မြစ်ကိုဖြတ်ခဲ့ကြတယ်။ တစ်ဘက်မြစ်ကမ်းပေါ် ရောက်တာနဲ့ ဆရာတော်က “ဒကာတော် ဒီလှေကိုထမ်းပိုးပြီး ခရီးဆက်ပါ”လို့ ဆိုတယ်။ ဒါကို လူငယ်က တအံ့တဩနဲ့ “လှေကိုထမ်းပြီး ခရီးဆက်ရမယ်! ဒီလောက်လေးတဲ့လှေကို တပည့်တော် ဘယ်ထမ်းပိုးနိုင်မှာလဲ ဘုရား” လို့ ပြန်မေးတယ်။

“ဟုတ်ပါတယ်။ ဒီလှေကို ဒကာ မထမ်းပိုးနိုင်ပါဘူး။ ဆရာတော်တို့ မြစ်ကိုဖြတ်တော့ လှေကိုအသုံးပြုခဲ့ကြတယ်။ တဘက်ကမ်းရောက်တာနဲ့ လှေကိုထားခဲ့ပြီး ခရီးဆက်ကြတယ်။ တကယ်လို့ မထားခဲ့ရင် အဲဒီလှေဟာ ဆရာတော်တို့အတွက် ကြီးလေးတဲ့ ဝန်ထုပ်ဝန်ပိုးဖြစ်သွားပြီ။ နာကျင်တာတွေ၊ အထီးကျန်တာတွေ၊ ဝမ်းနည်းကြေကွဲတာတွေ၊ မျက်ရည်တွေ.. ဒါတွေဟာ လူ့ဘဝအတွက် အသုံးဝင်ပါတယ်။ ဘဝကို တိုးတက်၊ ကြိုးစားစေတဲ့အရာတွေပါ။ ဒါပေမယ့် ဒါတွေကိုမမေ့ဘဲ တမ်းတမ်းတတ စွဲလမ်းနေရင်တော့ ဒါတွေဟာ ဘဝရဲ့ဝန်ထုပ်ဝန်ပိုးတွေ ဖြစ်သွားတော့တယ်။ ဒါကြောင့် ဒါတွေကို လွတ်ချပါ။ ဘဝကို ဝန်ထုပ်ဝန်ပိုးတွေနဲ့ မလေးလံနေပါစေနဲ့”

လူငယ်ဟာ ဆရာတော်မိန့်ကြားတဲ့အတိုင်း ကြီးလေးတဲ့အိတ်ကိုချပြီး ခရီးဆက်ခဲ့တယ်။ ဒီတစ်ကြိမ်မှာ သူ့ရဲ့ခြေလှမ်းတွေဟာ သွက်လက်ပေါ့ပါးလာတာကို ခံစားမိတယ်။ အရင်ကထက် သူ ပိုပျော်ရွှင်လာခဲ့တော့တယ်။

ဘဝမှာ စိတ်ဖိစီးမှုတွေများတယ်၊ စိတ်ရှုပ်စရာတွေများတယ်၊ မပျော်ရွှင်ဘူးလို့ ကျွန်မတို့ မကြာခဏ ခံစားကြရတယ်။ ဒါဟာ မလိုအပ်တဲ့ဝန်ထုပ်တွေကို ကျွန်မတို့ရဲ့စိတ်က ထမ်းပိုးထားလို့ဖြစ်တယ်။ ဒါတွေဟာ ကျွန်မတို့ရဲ့အလုပ်အကိုင်၊ နေ့စဉ်ဘဝကို ပင်ပန်းနွမ်းနယ်စေပါတယ်။

တကယ်လည်း လူ့ဘဝမှာ ဖယ်ရှားလို့မရနိုင်တဲ့ ဝန်ထုပ်ဝန်ပိုးများစွာရှိတယ်။ ဒီဝန်ထုပ်တွေထဲမှာ မလိုအပ်တာတွေလည်းပါတယ်။ လွန်ကဲတဲ့ လိုချင်တောင့်တမှုတွေ၊ တောင်းဆိုမှုတွေ ဒါမှမဟုတ် စိုးရိမ်ပူပန်မှုတွေက ဒီဝန်ထုပ်တွေကို ပိုလေးလံစေပါတယ်။

ပိုလျှံနေတဲ့၊ မလိုအပ်တဲ့ဝန်ထုပ်တွေကို လွတ်ချလိုက်ပါ။ ဘဝဟာရိုးရှင်းပြီး သက်တောင့်သက်သာ ဖြစ်သွားတာကို ခံစားမိပါလိမ့်မယ်။ စာရေးဆရာတစ်ဦးက ဒီလိုရေးခဲ့ဖူးတယ်။

ဘဝမှာ မလိုအပ်တဲ့၊ ထမ်းမထားနိုင်တဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ဆိုင်ရာဆိုင်ရာဆီ လွဲထားလိုက်ပါ။

ငွေကြေးကို ဘဏ်ဆီ လွဲထားလိုက်ပါ။
မေ့လျော့တတ်တဲ့အရာကို မှတ်စုစာအုပ်ဆီ လွဲထားလိုက်ပါ။
လုပ်စရာအလုပ်ကို တာဝန်ရှိတဲ့ ဝန်ထမ်းတွေဆီ လွဲထားလိုက်ပါ။
ကြိုတင်ခန့်မှန်း မသိနိုင်တဲ့ အနာဂတ်ကို ကံကြမ္မာဆီ လွဲထားလိုက်ပါ။
ဒီနေ့မပြီးဆုံးနိုင်တဲ့ ကိစ္စကို မနက်ဖြန်ဆီ လွဲထားလိုက်ပါ။
စိတ်ရှုပ်စရာကို အလိုလိုပျောက်သွားနိုင်တဲ့ ခံစားချက်ဆီ လွဲထားလိုက်ပါ။
အရွယ်ရောက်ကလေးတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို သူတို့ကိုယ်တိုင်ထမ်းပိုးဖို့ လွဲထားလိုက်ပါ။
ပိုလျှံတဲ့ လွမ်းဆွတ်မှုတွေကို မျက်စိရှေ့က တိမ်လွှာတွေဆီ လွဲထားလိုက်ပါ။
သည်းမခံနိုင်တဲ့အရာ၊ စိတ်ထိခိုက်စရာတွေကို အတွင်းသိသူငယ်ချင်းတွေဆီ လွဲထားလိုက်ပါ။
ချစ်သူရဲ့ဂတိသစ္စာတွေကို ချစ်သူကိုယ်တိုင် ထိန်းသိမ်းဖို့ လွဲထားလိုက်ပါ။
မိမိရဲ့အပြုအမှု၊ သဘောထားတွေကို တခြားသူအဖိုးဖြတ်ဖို့ လွဲထားလိုက်ပါ။
မိမိနဲ့မဆိုင်တဲ့အရာတွေကို ဘုရားသခင်ဆီ လွဲထားလိုက်ပါ။
အနာဂတ်အတွက် တွေးပူတဲ့ကိုယ့်အပူကို အနာဂတ်ဆီလွဲထားလိုက်ပါ။
ပင်ပန်းနွမ်းနယ်ခဲ့တဲ့ လမ်းခရီးကို ရေချိုးသန့်စင်ဖို့ လွဲထားလိုက်ပါ။
စိတ်ပင်ပန်းမှုဒဏ်တွေကို နှစ်ခြိုက်တဲ့အနားယူခြင်းဆီ လွဲထားလိုက်ပါ။
မနက်ဖြန်အတွက် ရိတ်သိမ်းမှုကို ဒီကနေ့ရဲ့ကြိုးစားမှုဆီ လွဲထားလိုက်ပါ။
ချစ်သူခင်သူဆုံးရှုံးရတဲ့ ဝေဒနာကို အလိုလိုမေ့လျော့၊ မေ့ပျောက်သွားနိုင်မယ့် အချိန်ဆီ လွဲထားလိုက်ပါ။

ရင်ဘတ်ထဲကမြေရိုင်းကို မကြာခဏ သန့်ရှင်းပြုပြင်ပေးပါ။ မလိုအပ်တဲ့ ဝန်ထုပ်ဝန်ပိုးတွေကို လွတ်ချခဲ့ပါ။ နေ့စဉ်ဘဝကို ဖွံ့ဖြိုးတဲ့အားအင်တွေနဲ့ ပျော်ပျော်ရွှင်ရွှင် ကျွန်မတို့ ရှင်သန်နိုင်ကြပါတယ်။

မူရင်းရေးသားသူ — Hu Bao Lin

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

4 comments

  • timothy

    November 24, 2010 at 9:11 am

    ဟုတ်ပါ့ဗျား။ မလိုအပ်တဲ့ဝန်ထုပ်ဝန်ပိုးတွေကိုမလိုအပ်ဘဲလဲထမ်းတဲ့လူတွေအများကြီးပါဘဲ။
    ကျနော်တို့အားလုံးသေမျိုးတွေပါဘဲ။သေတော့ကောဘာယူသွားနိုင်လို့တုံး။
    ဒီဘဝထဲမှာတောင်တချိန်ကကိုယ်ကြိုက်လှချည့်ရဲ့ဆိုပြီးရယူထားတာလေးတွေ၊ဟော—-
    ဟောင်းသွားလို့ဖြစ်ဖြစ်၊ကြာသွားလို့ဖြစ်ဖြစ်မေ့လျော့ပြီးထားခဲ့တဲ့အရာတွေလဲမနဲဘူးနော်။
    ကြိုက်လှချည်ရဲ့ဆိုတဲ့အရာထဲမှာမိဘဆွေမျိုးမိတ်ဆွေများနဲ့ဆန့်ကျင်ပြီးယောက်ျား-မိန်းမယူကြတာလဲပါတယ်ဗျို့။ အဲဒါသာတောင်ဆိုးသေးဗျာ။မကြာပါဘူး၊ဝန်ထုပ်ကြီးသလေးသေးသလေးနဲ့ဆိုပြီးကွဲပြဲကြတာလဲမနဲဗျ။
    ဘာကရောလောကကြီးမှာတည်မြဲတာရှိနိုင်မှာလဲ။
    သေရ၊နာရ၊အိုရမဲ့-အိုလောကလောက။ ဘာ့ကြောင့်များကျနော်တို့တတွေဝန်ထုပ်ဝန်ပိုး၊မာန်မာနတွေကိုမချဘဲဆက်ထမ်းနေချင်ရတာလဲ။
    ဘာ့ကြောင့်များတနိုင်ငံလုံး၊ငါ့ဟာ၊ငါဘဲတပ်တယ်၊ငါဘဲလုပ်နိုင်တယ်၊ငါငါနဲ့တငါဘဲငါနိုင်နေရတာပါ
    လိမ့်။
    သတ္တဝါအကြီးအသေးအားလုံးဒီဝန်ထုပ်ကြီးထမ်းရတဲ့ဝဋဆင်းရဲအပေါင်းမှလွတ်နိုင်ကြပါစေ။
    ဒီဝက်(ဘ်)ဆိုက်လေးကိုတက်ကြည့်ရင်လဲ၊အမှိုက်ဝန်ထုပ်ဝန်ပိုးကြီးက
    ကျနော်တို့ကိုနေ့စဉ်ဘယ်လိုတွေများဒုက္ခပေးနေလဲ၊ ဘယ်လိုဖြေရှင်းကြမလဲဆိုတာလေးပါ။
    http://www.helpothers.org/story.php?sid=8363
    မေတ္တာဖြင့်

  • MaMa

    November 24, 2010 at 9:55 am

    အားပါး ခုမှဘဲ ပေါ့သွားတော့တယ်။ ကျေးဇူးပါ။

  • Cedric Diggory

    November 24, 2010 at 10:50 am

    မှန်သလိုလိုပဲ

  • manawphyulay

    November 24, 2010 at 11:34 am

    နိုင်းနိုင်းရဲ့ မနေ့က တင်ထားတဲ့စာလေးကို ဒီမှာ ထပ်တွေ့တော့လည်း ထပ်ဖတ်ရပြန်တာပေါ့ မှတ်သားစရာတွေပါပဲ။

Leave a Reply