ဗိုလ်ချုပ်အောင်ဆန်း ၉၅ နှစ်ပြည့် အမှတ်တယ သမီးဒေါ်အောင်ဆန်းစုကြည်ရေးသောဆောင်းပါး

အာဂJanuary 17, 20101min158

ကျမ မှတ်မိနိုင်သော အရွယ်မရောက်မီကပင် ကျမ၏ ဖခင် ကွယ်လွန်သွားပါသည်။ ထို့ကြောင့် “ဖေဖေဟာ ဘယ်လိုလူစားမျိုးပါလိမ့်” ဟူသော သိချင်စိတ်ဖြင့် ဖခင်၏ဘဝလုပ်ဆောင်ချက်များနှင့် ပတ်သက်သော စာပေ အထောက်အထားများကို ကျမ စတင်စုဆောင်း လေ့လာဖတ်ရှုခြင်းပင် ဖြစ်ပါသည်။ အောက်တွင် ဖော်ပြပါ အတ္ထုပ္ပတ္တိစာတမ်းကို ရေးသားရာ၌ ပုံနှိပ်ထုတ်ဝေခြင်း အထောက်အထားများကို အဓိကအခြေခံထားပါသည်။ အကြောင်းအရာနှစ်ရပ်နှင့် ပတ်သက်၍သာလျှင် ကျမတို့မိသားစုနှင့် ဖေဖေ့အား ကောင်းစွာသိကျွမ်းခဲ့သူများ ထံမှ သိရှိရသောအချက်အလက်များအပေါ်တွင် အတော်အသင့် အခြေခံထားပါသည်။

သွေးသားနီးကပ်စွာ တော်စပ်သူတဦး၏ အတ္ထုပ္ပတ္တိကိုရေးရသည်မှာ မလွယ်ကူပါ။ ဓမ္မဓိဌာန်ကျကျရေးနိုင်မည် မဟုတ်ဟု အစွပ်စွဲခံရနိုင်ပါသည်။ တကယ်တမ်းတွင်လည်း အတ္ထုပ္ပတ္တိရေးသူတို့သည် မိမိတို့ ရှာဖွေစုဆောင်းရ ရှိသော အထောက်အထားများဖြင့် မိမိတို့၏ ကိုယ်ပိုင်ဆုံးဖြတ်ဉာဏ်ကို ပုံစံသွင်းပေးခဲ့သော အဖြစ်အပျက်၊ အတွေ့အကြုံများ၏ ဩဇာသက်ရောက်မှုမှ ကင်းလွတ်နိုင်မည်မဟုတ်ပါ။ ကျမအနေဖြင့် ကျမဖခင်၏ ရုပ်ပုံလွှာ ကို ကျမမြင်သည့်အတိုင်း မှန်ကန်စွာ ပေါ်လွင်စေရန် ကြိုးပမ်းရေးသားထားပါသည်ဟုသာ ပြောနိုင်ပါသည်။

* * * * * *

အောင်ဆန်းကို မြန်မာနိုင်ငံ အညာဒေသရှိ နတ်မောက်မြို့ကလေး၌ ၁၉၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ တွင် ဖွားမြင်ပါသည်။ မန္တလေးမြို့တော်ရှိ မြန်မာဘုရင်အုပ်ချုပ်ရေးစနစ်ကို ပျက်သုန်းစေပြီး မြန်မာတနိုင်ငံလုံး ဗြိတိသျှအုပ်ချုပ်ရေးလက်အောက်သို့ ကျဆင်းစေခဲ့သော တတိယအင်္ဂလိပ်-မြန်မာစစ်ပွဲအပြီး နှစ်ပေါင်း (၃၀) အကြာတွင် ဖြစ်ပါသည်။ နတ်မောက်နယ်သူနယ်သားများသည် မြန်မာဘုရင်များ၏ အမှုကိုထမ်းဆောင်သည့် အစဉ်အလာရှိသူများဖြစ်၏။

အောင်ဆန်း၏ မိခင်မျိုးရိုးထဲတွင် ရာထူးကြီး မင်းမှုထမ်းအချို့ ပါဝင်ခဲ့ပါသည်။ ဖခင်ဖြစ်သူ ဦးဖာသည် လယ် သမားမျိုးရိုးမှဖြစ်ပြီး လောကီရေးရာတွင် လိမ္မာရေးခြားမရှိ၊ စကားမပြော တုံဏှိဘာဝေ နေတတ်သူတဦး ဖြစ် ပါသည်။ ဉာဏ်ရည်ကောင်း၍ စာပေဖက်တွင် ထူးချွန်သော်လည်း စကားနည်းလွန်းသဖြင့် ဦးဖာသည် မိမိ၏ အသက်မွေးဝမ်းကြောင်းအလုပ်ဖြစ်သော ရှေ့နေအလုပ်၌ အောင်မြင်ခြင်းမရှိခဲ့ပါ။ ထို့ကြောင့် ထက်မြက်သွက် လက်လှသော မိခင်ဒေါ်စုသာလျှင် မိသားစုစားဝတ်နေရေးကို အဓိကတာဝန်ယူရပါသည်။

ဒေါ်စု၏ ဦးလေးတော်သူသည် ဗြိတိသျှတို့ကို ရှေးဦးစွာ တော်လှန်ဆန့်ကျင်ခဲ့သော မြန်မာအုပ်စုတစုကို ခေါင်း ဆောင်ခဲ့ပါသည်။ နောက်ဆုံး၌ “ဗိုလ်လရောင်” ခေါ် “ဦးမင်းရောင်” အား ဗြိတိသျှတို့က ဖမ်းဆီးသတ်ဖြတ် လိုက်ပါသည်။ “ကုလားတို့ ကျွန်မခံ” ဟူသော စိတ်ထားရှိခဲ့သည့် ထိုရဲရဲတောက် မျိုးချစ်ပုဂ္ဂိုလ်ကြီးကား အောင် ဆန်းမိသားစုနှင့် နယ်သူနယ်သားများ ဂုဏ်ယူစံထား အားကျဖွယ်ရာ ဖြစ်လာပါသည်။

ညီအကိုမောင်နှမ (၆) ဦး (ကလေးဘဝကပင် ကွယ်လွန်ကြသူများအပါအဝင်ဆိုလျှင် မွေးချင်း – ၉ ဦး) အနက် အထွေးဆုံးဖြစ်သူ အောင်ဆန်းသည် သူကိုယ်တိုင်ရေးခဲ့သော မှတ်တမ်းအရ ညစ်ပတ်ချူချာ အစားကြူး၍ လုံး ဝနှစ်လိုဖွယ်မဟုတ်သော ကလေးတဦးဖြစ်ပါသည်။ စကားပြောလည်း နောက်ကျလှသဖြင့် မိသားစုက ‘စွန့်အ’ နေသလားဟူ၍ပင် ပူပင်ခဲ့ရ၏။ သို့သော် အောင်ဆန်းကလေးသည် ပရိယာယ်မရှိခြင်း၊ အလွန်ရိုးသားဖြောင့် မတ်ခြင်း၊ ဆင်းရဲသူများအား သနားကြင်နာတတ်ခြင်း စသော ချစ်စဖွယ်စိတ်ဓာတ်များဖြင့် ပြည့်စုံသည်ဟု သူ့ အား ငယ်စဉ်က ကောင်းစွာသိခဲ့သူများနှင့် သူ့မိသားစုဝင်များက ကောက်ချက်ချကြပါသည်။

အောင်ဆန်းမိသားစုမှာ ဉာဏ်ရည်ကောင်းပြီး ပညာဖက်တွင် ထွန်းပေါက်သူများအဖြစ် နာမည်ကောင်းရထား ပါသည်။ အောင်ဆန်း၏ အကို (၃) ဦးမှာ အသက်ငယ်ငယ်လေးတွင် ကျောင်းစတက်ကြ၏။ သို့သော် အောင် ဆန်းမှာမူ အမေပါတက်မှ ကျောင်းတက်မည်ဆိုကာ ကတ်ဖဲ့နေ၏။ စိတ်ဓာတ်ကြံ့ခိုင်လှပါသည်ဟု ဆိုရမည် ဖြစ်သော ဒေါ်စုသည် သားထွေးလေးကို အလွန်ညှာတာလေ့ရှိပြီး သူ့စိတ်ပါမှသာ ကျောင်းတက်ပါစေတော့ဟု အလိုလိုက်ထားခဲ့၏။

သို့ဖြင့် (၈) နှစ်သားအရွယ်ရောက်သောအခါမှ အောင်ဆန်း ကျောင်းတက်ရန် ဆုံးဖြတ်ပါတော့သည်။ အကိုဖြစ် သူ အောင်သန်း ရှင်သာမဏေဘောင်သို့ ဝင်သောအခါ၌ ဘုန်းကြီးကျောင်းနေ သံဃာတို့ဘဝကို သဘောကျ၍ ပေလား၊ ရှင်လောင်းများစီးသည့် ကကြိုးတန်ဆာ ဆင်ရင်ထားသော မြင်းဖြူလေးကို သဘောကျ၍လားမသိ၊ အောင်ဆန်းက သူလည်း ရှင်ပြုချင်ပါသည်ဟု ဆိုလာပါတော့သည်။ လိမ္မာပါးနပ်သော အမေက အခွင့်ကောင်း ကို ချက်ချင်းယူ၍ ရှင်မပြုမီ စာရေးစာဖတ်တတ်ရန် လိုမည်ဟု ထောက်ပြလိုက်ပါသည်။

ကျောင်းစတက်သည်ဆိုသည်နှင့် အောင်ဆန်းသည် ထူးချွန်သော ကျောင်းသားတဦးဖြစ်ကြောင်း ပေါ်လွင်လာ ပါသည်။ စာကြိုးစား၍ စည်းကမ်းရိုသေပြီး အတန်းထဲတွင် အစဉ်ထိပ်တန်းက ရှိနေခဲ့ပါသည်။ အောင်ဆန်း၏ ပထမကျောင်းမှာ နတ်မောက် ဦးသောဘိတ ဘုန်းတော်ကြီးကျောင်းပင်ဖြစ်ပါသည်။ လောကုတ္တရာပညာသာ မက ခေတ်သစ်ပညာရပ်အချို့ကိုပါ သင်ကြားပေးသော ထိုစဉ်အခေါ် လောကဓာတ်ကျောင်းမျိုးဖြစ်ပါသည်။ သို့သော် နတ်မောက်ကျောင်းတွင် အင်္ဂလိပ်စာ သင်ကြားပေးခြင်းမရှိပေ။

ထိုအချိန်က အထက်တန်းပညာသင်ကြားရာ၌ လိုအပ်ချက်တခုဖြစ်သော အင်္ဂလိပ်စာကို အကိုကြီးများက သင် ထားပြီးဖြစ်သည့်အတိုင်း အောင်ဆန်းကလည်း တတ်အောင်သင်မည်ဟု စိတ်ပိုင်းဖြတ်ထားလိုက်၏။ သို့ဖြင့် အောင်ဆန်းလည်း ရေနံချောင်း အမျိုးသားကျောင်းသို့ အသက် (၁၃) နှစ်အရွယ်၌ ပြောင်းသွားပါသည်။ သား ထွေးလေးကို အိမ်မှ ခွဲခွာမသွားစေလိုသော ဒေါ်စုထံမှ ရေနံချောင်းကျောင်းတက်ခွင့်ရရန် အောင်ဆန်း အစာ ငတ်ခံဆန္ဒပြပွဲလေးတခုကို ဆင်နွှဲခဲ့ရပါသေးသည်။

ရေနံချောင်းရောက်သောအခါ ကျောင်းတွင် ဆရာတဦးအဖြစ် အလုပ်လုပ်နေသော အကိုကြီး ဦးဘဝင်း၏ ထိန်းကျောင်းစောင့်ရှောက်မှုအောက်တွင် နေခဲ့ရသည်မှာ အောင်ဆန်းအတွက် လွန်စွာမှ ကံကောင်းပါသည်။ ဦးဘဝင်းသည် ညီငယ်လေး၏ ပညာရေး၊ စားဝတ်နေရေး၊ အထွေထွေကောင်းမွန်တိုးတက်ရေးတို့ကို စည်း ကမ်းရှိရှိ၊ ဆင်ဆင်ခြင်ခြင် အထူးဂရုစိုက်ခဲ့၏။ ညီဖြစ်သူကလည်း ပညာရေးဖက်တွင် အားကောင်းကြောင်း ဆက်လက်ပြသကာ အသက် (၁၅) နှစ်အရွယ်၌ သတ္တမတန်းစာမေးပွဲတွင် ဗုဒ္ဓဘာသာစာသင်ကျောင်းများနှင့် အမျိုးသားကျောင်းများ၌ ပထမစွဲသူများအား ချီးမြှင့်သော ဦးရွှေဘို ရွှေတံဆိပ်နှင့် ပညာသင်ထောက်ပံ့ကြေး ဆုကို ရရှိခဲ့၏။

အမျိုးသားကျောင်းများမှာ ၁၉၂ဝ ခုနှစ် ရန်ကုန်တက္ကသိုလ် အက်ဥပဒေဆန့်ကျင်သပိတ်မှ ထွက်ပေါ်လာခြင်း ဖြစ်ပါသည်။ ထိုအက်ဥပဒေသည် အခွင့်ထူးခံ လူနည်းစုလေးကိုသာ အထက်တန်းပညာ သင်ကြားခွင့်ပေးရန် ရည်ရွယ်သည်ဟု ဆန့်ကျင်သူများကယူဆခဲ့ပါသည်။ အမျိုးသားကျောင်းများသည် မြန်မာလူငယ်တို့အား သူတို့ ၏ ကိုလိုနီလက်အောက်ခံ ဘဝအခြေအနေကို နိုင်ငံရေးအသိတရားအရ ခံစားနားလည်စေပြီး၊ ထိုဘဝမှ လွတ် မြောက်လိုစိတ်များ အသည်းနှလုံးအတွင်းမှ ဖြစ်ပေါ်လာရန် ကျိုချက်ပေးလိုက်သော နေရာများသဖွယ်ဖြစ်ပါ သည်။

မိမိ၏နိုင်ငံကို လူမျိုးခြားတို့အုပ်ချုပ်မှုအောက်မှ လွတ်မြောက်အောင် ဆောင်ရွက်လိုသောဆန္ဒသည် ရေနံ ချောင်းအမျိုးသားကျောင်း မတက်မီကာလကပင် အောင်ဆန်း၏ စိတ်တွင် ကိန်းအောင်းနေခဲ့ပုံရပါသည်။ က လေးဘဝက ဗြိတိသျှတို့အား ပုန်ကန်မောင်းထုတ်ရန် နည်းအမျိုးမျိုးကို ကြံစည်စဉ်းစားခဲ့ပုံ၊ တခါတရံ ပြဒါးရှင် လုံးကဲ့သို့သော တန်ခိုးသိဒ္ဓိရှင်ပစ္စည်းများ အကူအညီဖြင့် မြန်မာပြည်လွတ်မြောက်ရေးကိုရယူရန် စိတ်ကူးယဉ် ခဲ့ပုံအကြောင်းကို သူ၏ ကိုယ်ရေးအတ္ထုပ္ပတ္တိဆောင်းပါးတွင် ရေးသားထားပါသည်။

အမျိုးသားကျောင်း၌ နေစဉ်အတွင်း နိုင်ငံရေးလောက၌ နာမည်ကြီးသော ပုဂ္ဂိုလ်များ၏ မိန့်ခွန်းများကို စိတ်ဝင် စားလာပြီး စကားရည်လုပွဲများတွင်လည်း ပါဝင်ဆင်နွှဲခဲ့၏။ သူ၏ ဟောပုံပြောပုံမှာ အားတက်စရာမဟုတ်သော် လည်း ကိုင်တွယ်ရမည့် အကြောင်းအရာနှင့်ပတ်သက်၍ သေချာစေ့စပ်စွာ ပြင်ဆင်ထားခြင်း၊ ယုံကြည်ချက် အပြည့်အဝရှိခြင်းတို့ကြောင့် အဟောကောင်း၊ အပြောကောင်းဟူ၍ နာမည်ရခဲ့၏။

ကျောင်းဂျာနယ် စာတည်းအဖြစ်လည်းဆောင်ရွက်ခဲ့၏။ ထိုကဲ့သို့ စာသင်ခန်းပြင်ပလုပ်ငန်းများတွင် ပါဝင်သော် လည်း တယောက်တည်း အတွေးနယ်ထဲ နစ်မြုပ်နေတတ်ခြင်း၊ နေပုံထိုင်ပုံထောင့်မကျိုးခြင်းတို့ကြောင့် အောင် ဆန်းကို လူ့ဂွစာ လူထူးလူဆန်းအဖြစ် ကျောင်းနေဖက်များက မြင်ကြပါသည်။ ၁၉၃၂ ခုနှစ်တွင် တက္ကသိုလ်ဝင် စာမေးပွဲ၌ မြန်မာစာ၊ ပါဠိဘာသာဂုဏ်ထူးများဖြင့် “အေ” အဆင့်မှ အောင်မြင်ကာ ရန်ကုန်တက္ကသိုလ်သို့ ပ ညာဆက်သင်ရန် ရောက်သွားပါသည်။

အောင်ဆန်း ရန်ကုန်တက္ကသိုလ်သို့ ရောက်လာသည့်နှစ်သည်ကား ဆရာစံသူပုန်ကို ဗြိတိသျအစိုးရက ချေမှုန်း ကာ ခေါင်းဆောင်များကို သေဒဏ်ပေးခဲ့ပြီး တနှစ်ကြာကာလကပင်ဖြစ်ပါသည်။ တောင်သူလယ်သမားများ ခံစားနေရသော အတိဒုက္ခများမှ ပေါ်ပေါက်လာရသော ပုန်ကန်မှုကို ဗြိတိသျအစိုးရက ရှင်ဘုရင်ဖြစ်လိုသော အယူသည်းသူတယောက် ဦးဆောင်သည့် တောသူတောင်သား ပုန်ကန်မှုမျှသာဖြစ်သည်ဟု သေးသိမ်စေရန် နှိမ်၍ဖော်ပြခဲ့ပါသည်။ သို့သော်လည်း မြန်မာများအနေဖြင့် ကိုယ်ထိလက်ရောက် ပါဝင်ဆင်နွှဲခဲ့သူ မများပြား သော်လည်း ထိုပုန်ကန်မှုအပေါ် အတော်ပင် ဂရုဏာထားကြပါသည်။ ဆရာစံကို စွဲဆောင်နိုင်စွမ်းရှိသူတဦးအ ဖြစ် မမြင်သူများကပင် သူပုန်တို့၏ မျိုးချစ်စိတ်နှင့် သတ္တိပြောင်မြောက်မှုကြောင့် စိတ်လှုပ်ရှားတက်ကြွခဲ့ရပြီး အစိုးရ၏ ရက်စက်ကြမ်းတမ်း တုံ့ပြန်မှုများကြောင့် အရေးနိမ့်သွားရသော သူပုန်တို့ကို များစွာသနားကြင်နာခဲ့ ကြ၏။

ဗြိတိသျှအုပ်ချုပ်မှု အစောပို