ဘဝ ပင်ပန်းပေမဲ့

ဆူးDecember 25, 20101min26910


ကျမလေ မွေးကတည်းကနေ အခု အချိန်အထိ မှတ်မိ သလောက် တခါမှ သေချာ နားနား နေနေ နေရတယ် ဆိုတာ မရှိဘူး။ အိမ်အကြီးကြီးထဲမှာ မိသားစုဝင်တွေ အများကြီးနဲ့ နေရပေမဲ့ အထီး အမ ခွဲခြားတာတွေ သိပ်လုပ်တာ ခံရတာဘဲ။ ကျမ တို့ ညီ အမတွေကတော့ ပင်ပန်းပေမဲ့ မငြီးပါဘူး။ အလုပ်ကို အလုပ်မှန်း သိသိ တာဝန် သိသိ မရှောင်မလွဲ ထမ်းဆောင်ပါတယ်။ ကျမ ငယ်စဉ်တုန်းက ကျမ ထက်အရင် မွေးတဲ့ မမကြီးတွေက ကျမကို ပြောတယ် အစာခွံကျွေးရင်းနဲ့ ပြောရှာတယ် အခု အေးအေး ဆေးဆေး စားနေရတုန်း စားကြ နှမငယ်လေးတို့ရေ.. အဲဒီ တုန်းကတော့ ကောင်းကောင်း နားမလည်ပေမဲ့ တခြား အမ ကြီးတွေ အလုပ်ကိုယ်စီ သွားကြတာ မြင်တော့ သူတို့လို သွားချင်ပါတယ်။ အရွယ်လေး ရလာတော့ တခြား အမတွေ ရဲ့ လမ်ညွန်မှုနဲ့ အလုပ် တူတူသွားခဲ့ရတယ်။ အလုပ် သွားတဲ့ နေ့မှာတင်ဘဲ တောင်ပြိုတာ ရေကြီးတာတွေ မြင်ခဲ့တယ်။ အမတွေကလည်း ကူညီရှာပါတယ်။ ကျမ အတွက်တော့ အရမ်း ထိတ်လန့် စေခဲ့ပေမဲ့ အမတွေက ဒါမျိုးတွေ ကြုံနေကျမို့ သူတို့ကတော့ အေးအေး ဆေးဆေးဘဲ။ အလုပ်က အပြန်မှာတော့ အိမ်အတွက် ပစ္စည်း အလေးကြီးတွေ မနိုင်မနင်းမ ရတော့တာဘဲ။ အလုပ်ထွက်လုပ်တယ် ဆိုတာလည်း အိမ်အတွက် ရိက္ခာတွေ ထွက်ရှာတာ ဆိုပါတော့လေ။ အိမ်သားတွေက အများကြီး ဆိုတော့ သူတို့ကို ကျွေးရမွေးရအုန်းမယ်လေ။ အမေကြီးက တယောက်တည်း ဆိုပေမဲ့ အမေကြီး မွေးထားတဲ့ ကလေးတွေကော တခြား ကိုကိုတွေက ပါ ကျမတို့ ရှာယူလာတဲ့ အစား အသောက်တွေကို စားကြတယ်။ ရိက္ခာ အတုံး အခဲကြီးတွေ မသယ်နိုင်လောက်အောင် ကြီးလေး လွန်းရင်တော့ တခြား အမတွေနဲ့ စည်းစည်း လုံးလုံး သယ်ကြရတာပေါ့။ အိမ် အပြန် လမ်းလည်း မမေ့အောင် မှတ်ထားရတဲ့ အလုပ်ကလည်း အဓိက တာဝန်ဘဲလေ။ ဟိုနေ့ကတောင် ညီမလေး မဲတူ တယောက် အိမ်ကနေ အစာရှာထွက်တာ တူတူဘဲ လမ်းမှာ အသံ တခု ကြားတာနဲ့ ကျမကတော့ ကိုယ့်လမ်း ကိုယ်မှန်အောင် လျှောက်သွားခဲ့ပေမဲ့ နောက်လှည့်ကြည့်လိုက်တော့ ညီမ မဲတူ ကို မတွေ့တော့ဘူး။ သူကို အိမ်အပြန်လမ်းတလျှောက် ရှာတာလည်း မတွေ့သလို အိမ်ကိုလည်း ပြန်မလာတာ ယနေ့ အထိပါဘဲ။ ညီမတွေ အများကြီး ဒီလိုနဲ့ ဆုံးရှန်းဘူးတယ်။ တချို့ဆို အသက်မျော့မျော့လေးနဲ့ ပြန်လာတယ် အဆိပ် မိလာတယ် ထင်တယ် ဘာမှ လည်း မလုပ်ပေးတတ်တော့ သူတို့ နောက်ဆုံး အချိန်ကိုဘဲ ကြည့်နေရတယ်။ အမှန်တော့ သူတို့ အိမ်ရောက်အောင် ပြန်လာတာ အနာ္တရယ်ရှိတယ်လို့ သတိပေးချင်တဲ့ စေတနာနဲ့ ရောက်အောင် ပြန်လာကြတာပါ။တခါတလေ ကျမ ညီအမတွေ အစာရှာရင်း  ဗိုက်ဆာဆာနဲ့ အစားကို အရင်စားပြီး ပိုတာ အိမ်သည်ဖို့ ကြိုးစားကြတယ်။ အရင် စားနေတုန်း ထူးဆန်းတဲ့ အသံကြားတော့ ကျမ ပြေးဆင်းခဲ့တယ် အိမ်အတွက်တော့ ဘာမှ မသယ်နိုင်ခဲ့ဘူး။ တခြား ညီအမ တချို့ကတော့ ငါတို့ အသံကြားပေမဲ့ အိမ်အတွက် တဖဲ့ တတုံးပါအောင် သယ်ပြီးမှ ပြန်မယ် ဆိုပြီး ခေါင်းမာနေတုန်း ရုတ်တရက် ရေတွေ ဒလဟော ကျလာလို့ အားလုံး ရေထဲမှာ ပက်လက်ကော မှောက်ယက်ကော အကုန်ကူးပြီး ကယ်ပါ ယူပါ အော်နေပေမဲ့ ကျမ အဝေးကဘဲ ကြည့်ပြီး စိတ်မကောင်း ဖြစ်ရတယ်။ ကျမလည်း အနား မသွားရဲဘူး။ ကျမတို့ကို လောဘကြီးလို့ ဘုရားသခင်ကများ ရေထဲ မျောချလေ သလားတောင် တွေးမိတယ်။ အိမ်အပြန်လမ်း ဘာမှ မပါသွားပေမဲ့ အမေကြီးကတော့ မဆူပါဘူး အကိုတွေက အိမ်မှာ ဇိမ်နဲ့ ထိုင်နေပြီး ဘာမှ မပါတော့ သူတို့က နဲနဲ ဆူ ချင်ကြတယ်။ ဘယ်တတ်နိုင်မလဲ။ အဆူ ခံယုံဘဲပေါ့။ တခါတလေ ဘုရားသခင်က ကျမတို့ သွားရာ လမ်းမှာ ရေတွေ ပြန့်ကျဲချထားလို့ ကျမတို့ လမ်းကြောင်း မမှတ်မိ တာမျိုးတွေ တခါတလေ လမ်းမှာ သစ်ရွက်အကြီးစားကြီးတွေ ပိတ်ဆို့ချထားတာတွေ ရှိတယ်။ ကျမ အပြစ်မတင်ပေမဲ့ ကျမ သေမှာတော့ ကြောက်ပါတယ်။ အစာ အတုံးကြီးတွေ သယ်ဖို့လည်း မနိုင် ကိုက်ဖြတ်ယူရမယ် ဆိုရင်တော့ တချို့က အိမ်ပြန်ပြီး အကိုတွေကို လှမ်းခေါ်တယ် သူတို့တွေ လာကူပြီး ကိုက်ဖြတ်ပေးမှ သယ်ယူနိုင်တယ်။ သူတို့မှာ မာကျောတဲ့ သွားထက်ထက်တွေ ရှိတော့ ဒီလိုမျိုးတော့ အသုံးတည့်ပါတယ်။ ကျမ တို့က သာမန် ကလေးတွေဘဲလို့ အမေကြီးက ပြောတယ်။ အမေကြီးလို အမေကြီး ဖြစ်မဲ့ ကလေးတွေ လည်း အိမ်မှာ ရှိတယ်။ သူတို့ကိုတော့ သီးသန့် ကျွေးမွေးထားပြီး အပြင်ကို မခိုင်းဘူး။ ဘဝတွေ ကလည်း မွေးကတည်းက ပိုင်းခြားထားတယ်နော်။ တနှစ်မှာ တချိန်တော့ သီးသန့် မွေးထားတဲ့ အမေကြီး ဖြစ်မဲ့ ကလေးတွေကို အပြင်ထုတ်ပေးတယ်။ အဲဒီ အချိန်ဆို သူတို့ က အတောင်ပံတွေ တောင်ပေါက်နေကြလို့ အဝေးကို ပျံသန်းသွားကြတယ်။ ကျမတို့တော့ ဒုံရင်းက ဒုံရင်း လမ်းလျှောက် ပြေးလွား အလေးအပင်တွေ သယ်ပိုး အလေးအပင်တွေ မမ နိုင်တော့ရင်တော့ ကလေးတွေ ကို အစာခွံတဲ့ အလုပ်ကိုဘဲ နေရတာပါဘဲ။ သူတို့လေးတွေ အတောင် အသစ်ကလေးတွေနဲ့ နေရာသစ်မှာ အမေကြီး လုပ်ဖို့ ထွက်ခွာကြတယ်။ အဲဒီ အချိန်များဆို အမေကြီးက ပွဲတော်လုပ်ပေးတယ်။ သူတို့လေးတွေ သွားတဲ့ အချိန်ကတော့ ညနေ မှောင်ရီပျိုးတဲ့ အချိန်ပေါ့။ အိမ်ထဲက အိမ်သားအားလုံး သူတို့ ထွက်ခွာမှာကို မပို့မနေရ အမေကြီး အမိန့်နဲ့ အားလုံး တာ့တာ လုပ်ကြရတာပေါ့။ ဒိလိုနဲ့ ကျမတို့ ပုရွက်ဆိတ် အမျိုးနွယ်တွေကတော့ မျိုးဆက်မပြတ်ပါဘူး။ အိမ်တွေက စားသောက်ပြီးသား စားကြွင်းစားကျန်တွေ စားရင်း အသက်နဲ့ ရင်းပြီး ဘဝကို ပေးဆက် ရှင်သန်နေထိုင်ရတော့တာဘဲ။ မတူညီတာတခုကတော့ အလုပ်လုပ်တာ တစ်ကိုယ်ရေ အကျိုးအတွက် မဟုတ်ဘဲ အများ နဲ့ မိသားစု အတွက် ကိုယ်ကျိုးစွန့် လှုပ်ရှားနေကြတာပါ။ နွေဆို ကျမတို့တွေ မိသားစုဝင်တွေ ရေသိပ်ငတ်ကျတယ်။ သူတို့ အတွက် ကျမတို့ အပြင်ထွက် အလုပ်လုပ်တဲ့ သူတွေက ရေတွေ့ရင် တဝကြီး သောက်ရတယ် ဗိုက်ကြီး တင်းကားပြီး မလှုပ်နိင်တဲ့ အထိပေါ့ ပြိးတော့ အိမ်ထဲမှာ ငြိမ်ငြိမ်လေး နေရတယ်။ ကလေးတွေ ရေဆာ ရင် ပြန်အန်ပေးရသေးတယ်။ မိသားစု ချစ်စိတ်လို့ဘဲ ပြောရမလားဘဲနော်။ မိုးတွင်း ဆိုလည်း ရေတွေ အိမ်ထဲ မဝင်အောင် အိမ်ပြောင်းတဲ့ အလုပ်ကို လုပ်ကြရသေးတယ်။ အိမ်ပြောင်းဖို့ကိုလည်း အစာရှာရင်းနဲ့ နေရာတွေ လိုက်ကြည့်ပြီး အကိုတွေကို သတင်းပို့ရတယ်။ သူတို့က အမေကြီးကို ပြောပြီး ပြောင်းကြတာဘဲ။ အိမ်ပြောင်းရင်တော့ အခက်အခဲ အတွေ့ဆုံးက အမေကြီးဘဲ သူက ကိုယ်လုံး ကြီးတော့ အိမ်ထဲက ထွက်ဖို့ နဲ့ လမ်လျှောက်ဖို့ သိပ်ခက်တာ။ ဆောင်းတွင်းဆိုရင်တော့ မိသားစုက ပျော်စရာကောင်းပါတယ် အေးအေး ချမ်းချမ်း ဝိုင်းပြီး ဖက်ထားကြတာ သိပ်ပျော်ဖို့ကောင်းတယ်။ ဒီလိုနဲ့ မိသားစုကြီးက နွေ မိုး ဆောင်း တူတူ ဖြတ်သန်း လာကြတာဆိုတော့ ဘဝပင်ပန်း ပေမဲ့ ပင်ပန်းမှုကြားက ပျော်ရွင်မှုတွေ နွေးထွေးမှုတွေ အများကြီး ရပြီး ကျေနပ်ပါတယ်။

10 comments

  • weiwei

    December 25, 2010 at 2:47 pm

    ပရွက်ဆိတ်ကလေး တစ်ကောင်နေရာကနေ ခံစားပြီး ရေးထားတာတွေ့ရလို့ ဆူးရဲ့ ကိုယ်ချင်းစာစိတ်ကို ချီးကျူးပါတယ် …

  • kopauk mandalay

    December 25, 2010 at 3:09 pm

    ကျနော်ကတော့ ပုရွက်ဆိတ် အကိုကြီးဘဲ ဖြစ်ချင်တယ်။
    ညီမလေးတွေရှာပေးတာကို ဇိမ်နဲ့ထိုင်စားလိုက်ရုံဘဲ။

  • bigcat

    December 25, 2010 at 7:47 pm

    ကောင်းတယ်။ ပုရွက်ဆိတ်ပြီးရင် ခါချဉ်ကောင် အကြောင်းလုပ်ပါအုံး။ ဒါထက်ဆူးက ပုရွက်နီလား ပုရွက်နက်လား။

  • naywoonni

    December 26, 2010 at 11:57 am

    တရားသဘောနဲ့ ကြည့်ရင်တော့ ဘယ်သူ မဆိုဘဝတစ်ခုမှာ ပုရွက်ဆိတ်လည်း ဖြစ်ခဲ့နိုင်တာပဲ
    ဆူးမကတော့ အလွန်နီးကပ် နေတဲ့ ဘဝတစ်ခုမှာ ပုရွက်ဆိတ်မလေး ဖြစ်ခဲ့ပုံရတယ်။ သူရေးပြတာ သိပ်ပီပြင်တာပဲ………..ဂွတ်ထ ……ဂွတ်ထ

  • ဆူး

    December 26, 2010 at 1:43 pm

    အဘနီ တရားသဘော အရ ပုရွက်ဆိတ်ဖြစ်ခဲ့မှာပါ။

    သူငယ်ချင်း တယောက်က ပြောဘူးတယ်။ ဘုရားတဆူ နဲ့ တဆူ ပွင့်ဖို့ အရိုးပုံ ၁၃ယူဇနာ မြင့်မှ နောက်တဆူ ပွင့်တာတဲ့.. ဒါတောင် ပုရွက်ဆိတ် ဘဝနဲ့ သူများ ခြေဖဝါးအောက်မှာ ဘယ်လောက်အကြိမ်ရေ များများ သေခဲ့ဘူးလဲ မသိဘူးတဲ့.. ဒီစကားလေး ကို ပြောပြ ပြီး တရားလမ်းညွန်ခဲ့တဲ့ သူငယ်ချင်းကိုတောင် သတိရမိတယ်။

  • ဆူး

    December 26, 2010 at 5:08 pm

    ပုရွက်ဆိတ်နဲ့ ခါချဉ်ကောင် တူတယ် ထင်တာဘဲ။ သူငယ်ချင်း တယောက်က လာပြောတယ် ချ အကြောင်း ရေးတဲ့။ ချ ဆိုတာ ပုရွက်ဆိတ် အဖြူတွေတဲ့။ ပုရွက်ဆိတ်တွေကို ငယ်ငယ်က ထမင်းလုံးချပေးပြီး ထိုင်ကြည့်ထားလို့ အခုလို လျောက်ရေးတာ။ မဲတူ ဆိုမှတော့.. အမဲ ပေါ့.. အနီက ရန်လိုပြီး ရန်ဆောင်တတ်တယ်။ အနီများ အနီနိင် အမဲများ အမဲနိုင်ဘဲ။ အမဲကတော့ ဘာမှ မဖြစ်ဘူး ယားယုံမှ တပါး မနာကျင်ဘူး အနီကတော့ နာတယ်။ အနီကိုက်ရင် ပရုတ်ဆီ မလူးရဘူး ပြောတယ် ပရုတ်ဆီ လူးရင် အဆိပ်တက်တယ် ဆိုလား။ အနီကိုက်ရင် တံတွေးဆွပ်ရတယ် အဆိပ်ပြေအောင် ကြားဘူးတာ ပြောကြည့်တာ ဟုတ်မဟုတ်တော့ မသိဘူး။

  • char too lan

    December 27, 2010 at 7:58 am

    ဒီစာကိုဖတ်ပီးမှပဲ ကို့ကိုယ်တောင်သနားလာတယ် ဘဝကဘာလို့ခက်ခဲလွန်းခဲ့တာပါလိမ့် ~~~~ 🙁

  • nyimalay

    December 27, 2010 at 12:27 pm

    အော် ချာတူးလန် ရယ်ဘဝကဘာလို့ခက်ခဲတာလည်းဆိုရင် မြန်မာပြည်မှာလူလာဖြစ်ရလို့ပေါ့……….ဒါလေးတောင်မသိဘူး… 😛

  • ကရင်လေး

    December 27, 2010 at 1:11 pm

    အန်တီဆူးရေးထားတဲ့..လုပ်သားပုရွက်ဆိတ်တွေအကြောင်းတော်တော်ဖတ်လို့ကောင်းပါတယ်…

  • full of goods news

    December 28, 2010 at 6:22 am

    ဇာတ်လမ်းရော ၊ တင်ပြပုံလေးရော အရမ်းမိုက်တယ် …
    ဆူးလိုရေးတတ်ချင်လိုက်တာ ….

Leave a Reply