သားအဖသံစဉ်
အမေရိကန်ချွေးမဆိုတဲ့ ပို့စ်လေးကို ဖတ်မိပြီး ကျွန်တော့်အတွေးတွေဟာ အတိတ်ကိုရွက်လွှင့်တယ်လို့ ခေါ်ရမလားပဲ။ ကျွန်တော်တို့မောင်နှမတွေဟာ အဖေကို အင်မတန်မုန်းတယ်။ ဘာလို့မုန်းသလဲဆိုတော့ စာသင်လွန်းလို့။ မနက်တစ်နာရီ၊ နေ့လည်တစ်နာရီ၊ ညတစ်နာရီ၊ တစ်ရက်ကိုသုံးကြိမ်တိတိ အဖေက စာသင်တယ်လေ။ တခြားကလေးတွေဆော့နေကြချိန်မှာ ကျွန်တော်တို့ စာသင်ရရင် ကျွန်တော်တို့ဘယ်လိုမှ မကျေနပ်နိုင်တော့ဘူး။ ၄နှစ်သားလောက်ကတည်းက အေဘီစီဒီ သင်ခဲ့ရတာပါ။ အဖေ အဓိကသင်တာက အင်္ဂလိပ်စာ။ ကျွန်တော်တို့ကလေးတွေအခေါ် Peter and Jane ဆိုတဲ့ ladybird series စာအုပ်တွေကို တဆင့်ချင်းစီတက်ပြီး သင်ကြရတယ်။ ဒီစာအုပ်တွေက ဥပမာ 3a, 3b, 3c, ဆိုပြီး အဆင့်ဆင့်တက်သွားပါတယ်။ စာတစ်အုပ်လုံးမှ အင်္ဂလိပ်ဝေါဟာရ ၄-၅ လုံးလောက် အသစ်တိုးတာပါ။ ဒါပေမယ့် အင်္ဂလိပ်စာကို တတ်မှန်းမသိတတ်သွားစေတယ်။ စာတစ်မျက်နှာကို အခေါက်ပေါင်းရာချီပြီး ဖတ်ခဲ့ကြရပါတယ်။ မဖတ်ရင် အဖေကအော်တယ်၊ ငေါက်တယ်၊ ကျောင်းစာမေးပွဲရှိချိန်ကလွဲလို့ တစ်ရက်မှ ဝတ်မပျက်ဘဲ အဖေသင်ခဲ့တာပါ။ အဖေ့ကောင်းမှုကြောင့် အတန်းထဲမှာ အင်္ဂလိပ်စာ ကျွန်တော် အမှတ်အများဆုံးဖြစ်ခဲ့ရပေမယ့် အဖေ့ကို လုံးဝကျေးဇူးမတင်ဘူး။ ကျွန်တော်တို့မောင်နှမ ၃ ယောက်စလုံးပါပဲ။ နည်းနည်းကြီးလာတော့ Alice and Wonderland အပါအဝင် တခြားပုုံပြင်စာအုပ်တွေကို အခေါက်ပေါင်း မနည်းအောင်ဖတ်ရတယ်။ တက္ကသိုလ်တက်ချိန်ထိ အဖေက ကျွန်တော်တို့ကို အလွတ်မပေးဘူး။ Kipling တို့၊ Gorge Orwell တို့ဖြစ်လာပြီ။ စာမျက်နှာ တစ်ထောင်ရှိတဲ့ J.R.Tolkien ရဲ့ Lord of the Ring ကို ငါးခေါက်ဖတ်ခဲ့ရပါတယ်။ ဒီအချိန်ကျတော့ ကျွန်တော်တို့က အဖေ့ကိုသိပ်မကြောက်ကြတော့ဘူး။ အဖေ ဘယ်လောက်အော်အော် ကျွန်တော်ကလည်း ပြန်ဟောက်တယ်။ အဖေ ထမင်းစားဖို့ကို ကျွန်တော်တို့ မောင်နှမ တွေက အဖေ့ရှေ့ကို ထမင်းပန်းကန် ဆောင့်ပြီးချပေးတဲ့အထိ တော်လာကြပြီလေ။ အဖေကတော့ မမှုသလို ပါပဲ။
အခုချိန်မှာ ကျွန်တော်အရွယ်ရောက်ပြီး ကိုယ်ပိုင်မိသားစုနဲ့ဖြစ်လာတဲ့အခါမှာ၊ ကိုယ်ပိုင်ဘဝတစ်ခုကို ထူမတဲ့အခါမှာ အဖေ့ရဲ့စာပေအမွေဟာ ကျွန်တော့်ဘဝရဲ့ အားဆေး၊ ဦးနှောက်အာဟာရ၊ မျက်စိအလင်းဖွင့်တဲ့ကိရိယာ ဖြစ်မှန်းမသိဖြစ်နေခဲ့တာ အတော်ကြီးကြာမှ ကျွန်တော်သိခဲ့ရပါတယ်။ ဟိုအရင်ကတော့ Kipling မသိတော့ဘာဖြစ်လဲ၊ Orwell မသိတော့ ဘာဖြစ်လဲ၊ ဆိုပြီး အဖေ့ကိုပြန်အော်ခဲ့ဖူးတာပါ။ ဟုတ်ပါတယ်။ ဘာမှမဖြစ်ပါဘူး။ အဖေကလည်း ဘာမှမဖြစ်ပါဘူး။ ခေါင်းမာမာနဲ့ပဲ စာကို အတင်းသင်တာလေ။
အမေရိကန်ချွေးမဆိုတဲ့ ပို့စ်ကိုဖတ်မိပြီးတော့ ငါးနှစ်ရှိပြီဖြစ်တဲ့ ကျွန်တော့်သမီးကို ကျွန်တော်ပြန်ကြည့်မိတယ်။ ကျွန်တော်ငါးနှစ်သားမှာ ladybird series 3.a ကိုဖတ်နိုင်ပြီ။ Up and down, Up and down, Up and down we go! ဆိုတဲ့စာကြောင်းလေးကို အထပ်ထပ်အခါခါ ပျော်ရွှင်ရယ်မော အော်ဟစ်ပြီးဖတ်ခဲ့ပါတယ်။ ကလေးဘဝရဲ့ အလှပဆုံးသံစဉ်လေးတွေ၊ မေ့ရက်စရာမရှိတဲ့ အဖြူစင်ဆုံးသံစဉ်လေးတွေ။ အဖေပေးတဲ့ အဖေ့အမွေတွေ။
အခု ကျွန်တော့်သမီး အေဘီစီဒီ မရသေးဘူး။ ဘာစာမှမတတ်တာ ကျွန်တော် ကလည်းဘာမှမသင်ဘူးလေ။ ဘာမှ ကရိကထ မခံဘူး။ စာသင်ရင် ကလေးက ကျွန်တော့်ကိုမုန်းမှာ ဆိုတော့ သမီးလေး မုန်းမှာကို မခံစားနိုင်တာလည်းပါချင်ပါနိုင်တယ်။ အဲဒီတော့မှ ကျွန်တော်တွေးမိတယ်။ ကျွန်တော်တို့ကို အဖေစာသင်တိုင်း အဖေ့ကို ကျွန်တော်တို့ သေစေချင်လောက်အောင်မုန်း ခဲ့ကြတာ အဖေ မသိဘဲမနေဘူး။ သိသိကြီးနဲ့ကို သင်ပေးခဲ့တာ။ ထမင်းပန်းကန်ဆောင့်ပြီးချပေးတာကို အဖေက မသိဘဲနေမလား။ တကယ်တတ်နိုင်တဲ့အဖေ။ အဖေနဲ့ယှဉ်ရင် ကျွန်တော် ဘာကောင်မှမဟုတ်ဘူးဖြစ်နေပြီ။ ကျွန်တော့်သမီးလေး ကျွန်တော့်ကိုမုန်းမှာစိုးလို့ ကျွန်တော်က သမီးကို တအားအလိုလိုက်ထားတယ်။ ကျွန်တော့်အလှည့်ကျတော့ ကျွန်တော် အမုန်းမခံနိုင်ဖြစ်နေပြီ။
မိဘကို စာသင်လို့ လုံးလုံးမုန်းမိတာမျိုးလည်း မဟုတ်ဘူးပေါ့။ ချစ်တစ်လှည့်မုန်းတစ်လှည့်ပေါ့ဗျာ။ ဘယ်ကလေးမှ စာသင်ချင်တာမဟုတ်ဘူး။ ကလေးဆိုတာ ဆော့ပဲဆော့ချင်တာ သဘာဝပါ။
အင်္ဂလိပ်စာကို ကျွန်တော် အခက်အခဲသိပ်မတွေ့ဘဲ ဖတ်နိုင်တာ အဖေ့ကျေးဇူးပါ။ ဒီ့ထက်ကျေးဖူး ကြီးတာက စာပေအမွေပါ။ စာပေဆိုတဲ့ အနှစ်သာရကို အဖေက ရင်ဘတ်ထဲထိရောက် အောင်ပေးသွားခဲ့တယ်။ ကျွန်တော်ကတော့ တာဝန်မဲ့သူ။ အမေရိကန်ချွေးမ ဆိုတာကို ဖတ်ပြီးတော့ ကျွန်တော် နောင်တရတယ်။ အချိန်နောက်မကျသေးလို့ တော်သေးတယ်။ ဒီနေ့ကစပြီး ကျွန်တော့်သမီးကို စည်းကမ်း လုပ်ရတော့မယ်။ ကလေးကို ဖျက်ဆီးတဲ့လူဟာ မိဘကိုယ်တိုင်မဖြစ်သင့်ဘူး။ ကျွန်တော် အများကြီးလေ့လာရဦးမယ်။ သမီးလေးလည်း ကျွန်တော့်လိုပဲ Up and down, Up and down, Up and down we go ဆိုပြီး ပျော်ရွှင်ရယ်မောခွင့် ရနိုင်ဖို့လိုတယ်။ ဒီနေ့ကစပြီး ကျွန်တော်နဲ့ သမီးလေး … Up and down, Up and down, Up and down we go …
11 comments
zawana
January 14, 2011 at 1:20 am
တိုက်ဆိုင်လိုက်တာများဗျာ …. ကျနော်ငယ်ငယ်တုန်းကလည်း အဲဒီလိုပဲ၊ အဖေက အင်္ဂလိပ်စာကို အရမ်းသင်ပေးချင်တယ်။ ပြီးတော့ စိတ်ကလည်း တိုလွန်းသဗျာ။ ကျနော်တို့ မောင်နှမက အဖေ့ စာကို မသင်ချင်ဘူး၊ တံတွေးစဉ်တယ်လို့တောင် ပြန်ပြောမိတဲ့အထိ။ အတန်းကြီးလာတော့ တခါတလေ မသိတဲ့စာလုံးတွေကို မေးမိရင်တောင် အဖေက အသုံးပြုပုံတွေ၊ အသံထွက်တွေ ဋီကာချဲ့ပြီး ပြောတတ်လွန်းလို့ မမေးမိအောင် ရှောင်တဲ့အထိ ဖြစ်ရတယ်။
ကျနော်ကတော့ ခင်ဗျားလောက် ကံမကောင်းခဲ့ပါဘူးဗျာ။ အဖေ့ရဲ့ ပညာအမွေကို ယူရကောင်းမှန်း သိတဲ့ အချိန်ကျတော့ အခြေအနေ မပေးတဲ့ အဝေးမှာ ရောက်နေရပြီ။
အခုလို အင်္ဂလိပ်လို့ မပြောမဖြစ်၊ မဖတ်မဖြစ်တဲ့ အချိန်ကျတော့ အဖေ့ကို မကြာခဏ တမ်းတမိတယ်ဗျာ။
မန္တလေးဂေဇက်
January 14, 2011 at 4:12 am
အမေရိကန်ချွေးမဆိုတဲ့ ပို့စ်လေးနှင်.အခု သားအဖသံစဉ် ှဆိုတဲ.ပို.စ် နှစ်ခုစလုံးကိုဖတ်ရတဲ.အတွက်အလွန်ပဲဗဟုသုတရပါတယ်။ပို.စ်တင်
တဲ.သူတွေကိုလဲကျေးဇူးတင်ပါတယ်။သားတစ်ယောက်အဖေဖြစ်တဲ.
ကျွန်တော်.အတွက်ဆောင်သင်. ရှောင်သင်.တဲ.အရာလေးတွေသိရ
ပါတယ်။နောင်လဲရေးသားပေးပါအုံး။
bigcat
January 14, 2011 at 5:40 am
ကျနော်ငယ်ငယ်ကလည်း အဖေထိုင်နေလို့ သူ့အနားမှာ အင်္ဂလိပ်မဂ္ဂဇင်းရှိရင် မနေရဲဘူး။ သူကမသိသလိုလိုနဲ့ ဒစ်ရှင်နရီလှန်ပြီး ရှာခိုင်းလွန်းလို့။ ရှာတာကြာလေ အဆူခံရလေ ပိုကြာလေဆိုတော့ ဝေါင်ဝေါင်ရှေး ဝေးဝေးရှောင်မိတယ်။ အင်္ဂလိပ်စာကို သူ့ကျေးဇူးနဲ့ ငယ်စဉ်က ကောင်းခဲ့ပြီး နဲနဲကြီးလာတော့ သူမသိတဲ့ ဘိုင်အိုတို့၊ ဖီးဆစ်တို့ ကမ်မက်စတြီတို့ ကိုအကြောင်းပြပြီး သူ့အင်္ဂလိပ်စာကို မလုပ်တော့ဘူး။ သူစာသင်လို့လိုက်နိုင်ရင် ငါ့သားသမီးတွေက ဘာဖြစ်မှာ၊ ဘယ်လိုတော်တာနဲ့ ချီးမွှမ်းပြီး ကျနော်တို့မိသားစုလိုက် ရေခဲသုတ် သွားစားကြတယ်။ မလိုက်နိုင်ရင်တော့ ဆဲလိုက်တာ မျက်ရည်ပေါက်ပေါက်ကျရတယ်။ အဲသလို ငယ်စဉ်ကထဲက ဖြစ်ခြင်းပျက်ခြင်း သင်္ခါရကို လက်တွေ့ကြုံခဲ့ရတယ်။
yuyu
January 14, 2011 at 9:29 am
အားလုံးမှာအမှတ်တရဆိုတာတော့ရှိကြတယ်နော်
အထက်မှာပြောပြကြတဲ့အဖေနဲ့ ယုအဖေကတော့မတူညီပါဘူး
ဒီနေရာမှာအခုလိုမျိုးအထက်ကအစ်ကိုများသူငယ်ချင်းများနဲ့အသိပညာဖလှယ်ခွင့်ရခဲ့တာဟာ ကိုယ်ရဲ့ အသိစိတ်ကလာတဲ့တိုးတက်ချင်တယ် သူများနောက်ကောက်မကျချင်ဘူးဆိုတဲ့စိတ်ကြောင့်အခုလိုဝင်ဆန့်နိုင်ခဲ့တာပါ
ိမိဘကကိုယ်ကို ဒါလုပ်ရမယ်လို့ ပညာတတ်ကြီးဖြစ်ရမယ်လို့ဘယ်တုန်းကမှမပြောခဲ့ပါဘူး ပညာရေးကိုအားမပေးတဲ့မိဘမျိုးနဲ့ကြီးပြင်းခဲ့ရတဲ့အတွက် ကိုယ်အခုတတ်သလောက်ဟာ ကိုယ်ရှာလို့ရခဲ့ရတဲ့အရာတွေပဲဖြစ်တယ် ဒါပေမယ့် ငါ့ကိုဒီလိုပညာအမွေမပေးရကောင်းလားလို့ဘယ်တုန်းကမှမိဘအပေါ်မငြိုငြင်ခဲ့ပါဘူး ကိုယ့်ရဲ့ကုသိုလ်ကံလို့ပဲသဘောထားခဲ့တယ် အားလုံးပဲငယ်ငယ်ကအကြောင်းတွေပြောလို့ကိုယ်လဲပြောပြဖြစ်တာပါ
ကိုယ့်လိုသားသမီးတွေဘယ်နှစ်ယောက်လောက်ရှိနေဦးမလဲလို့ပါ
မိုက်ကယ်ဂျော်နီအောင်ပု
January 14, 2011 at 6:24 pm
ကျွန်တော့ အဘကတော့ ဗမာစာကိုတောင် ရေလည်လွန်းအောင် မရေးတတ်တဲ့အတွက် မဖတ်တတ်ဘူးပေါ့ဗျာ
ရေးတတ်ဖတ်တတ်ရုံလေး ပါ
ဒါပေမယ့်လျှော့တွက်လို ့တော့မရဘူး
ကျွန်တော့်မာမီကိုတော့ ရည်းစားစာပေးပြီးချိတ်တယ်ဆိုဘဲ
ဒါပေမယ့် ကျွန်တော့်အဘကိုတော့ ကျွန်တော်အရမ်းလေးစားမိပါတယ်
လက်သံလည်းပြောင်ပါတယ်
မင်းစာတွေကို တတ်အောင်သင် ငါမွဲသွားပါစေ
သူမမွဲသွားပါဘူး
ကျွန်တော်က ဆိတ်ကျောင်းသားလိုင်းကိုရွေးလိုက်တာဂိုး
ပြောရဦးမယ်
ကျွန်တော်မြို ့မှာ ကျောင်းသွားတက်ပြီး ကျောင်းပိတ်ရက် ရွာကိုပြန်လည်လို ့
ဘော်ဒါတွေ ခေါ်လာတဲ့အခါ
ဒီကောင်တွေက ကျွန်တော့်အဘကို အန်ကယ်တွေပါတွေခေါ်ရင်
အဘဆိုတာ သဘောတွေကိုကျလို ့ပေါ့
အမေကိုဆိုရင် အန်တီလို ့ခေါ်လိုက်တိုင်း ရီလိုက်တာ ခွက်ခွက်ကိုလန်လို ့
weiwei
January 14, 2011 at 6:36 pm
ကျွန်မ မိဘတွေကတော့ အမေရိကန် မိခင်လိုလဲ မဟုတ်ဘူး … အခုပို့စ်က အဖေလိုလဲ မဟုတ်ဘူး … ဘယ်လိုနံမည်တပ်ပေးရမှန်းမသိတဲ့ သားသမီးကို အလွန်ချစ်တဲ့ သာမာန်မိဘတွေပါပဲ … လွတ်လပ်ခွင့်လဲပေးတယ် စာလဲမသင်ပေးခဲ့ဖူးဆိုတော့ ကျွန်မတို့ကတော့ အလွန်ချစ်တာပေါ့ …
kai
January 14, 2011 at 9:36 pm
အင်း..
အခုခေတ် အမေရိကန်တွေကတော့ ..ကလေးကို ဗိုက်ထဲမှာထဲက စာသင်နေကြပြီ..။
ဗိုက်မှာကပ်ပြီး ..သီချင်းဖွင့်တယ်..။ အေဘီစီဖွင့်တယ်..။ ရေလှိုင်းသံဖွင့်တယ်.။ ငှက်အော်သံဖွင့်တယ်..။
အဲလိုနဲ့.. အမေရိကန်လေးတွေမွေးလာတာပဲ..။ အဲလိုလုပ်လို့ရတဲ့ စက်ကလေးတွေလည်း ပေါပေါလောလောရောင်းတယ်.။
စာ..လိုဆိုတာမှာ အေဘီစီ၊ ကကြီးခခွေးမှ မဟုတ်ပါဘူးလေ..။
ဘဝသင်ခန်းစာတွေဖြစ်တဲ့.. သီချင်းရော..။ အားကစားရော..။ ကလေးရဲ့ပါရမီနဲ့လိုက်ပြီး သူသန်ရာ.. ဝါသနာပါပါ..အောင်အောင်မြင်မြင်လုပ်သွားနိုင်အောင် တည့်မတ်ပေးရတာက မိဘအလုပ်တွေပါပဲ..။
kopauk mandalay
January 15, 2011 at 2:28 am
ကျနော်အဖေကတော့ အဲလိုတော့ဇွတ်စာသင်မပေးဘူးဗျာ။
သူ့အလုပ်နဲ့ သူအမြဲရှုပ်နေပါတယ်။
ဒါပေမယ့် တစ်ခွန်းတော့ပြောပါတယ်။
ပိုက်ဆံပေါလို့ ကျောင်းထားပေးတာမဟုတ်ဘူး။
ပညာတတ်စေချင် လူတန်းစေ့ စေချင်လို့ ကျောင်းထားပေးတာ။
မင်းဘွဲ့ရပညာတတ်ဖြစ်လို့လဲ ထမင်းစားလက်မှတ်ရမယ်လို့ မထင်နဲ့အုံး။
အပြင်စာပေကိုလဲ တတ်နိုင်သလောက်ဖတ်။
ကျောင်းစာနဲ့ဘဲပြီးမနေနဲ့။
အေး စာမေးပွဲ ကျရင်တော့ ဆက်မထားဘူး ကျောင်းထွက်ပြီးအလုပ်လုပ် ပါတဲ့။
အခုလက်ရှိမှာ လူရိုသေရှင်ရိုသေ ဘွဲ့လေးတစ်ခုရခဲ့တာလဲ့အမှန်ပါဘဲ။
ရထားတဲ့ဘွဲ့နဲ့ မသက်ဆိုင်တဲ့အလုပ်နဲ့လဲ ထမင်းစားဘို့ရှာနေရတာလဲအမှန်ပါဘဲ။
တစ်နှစ်မှ တစ်တန်းမှန်မှန်အောင်ခဲ့တာလဲအမှန်ပါဘဲ။
ပညာတတ်ကြီး မဖြစ်ခဲ့တာလဲ အမှန်ပါဘဲ။
ကျွန်တော်အခုလိုစာတွေရေးနိုင်တာလဲ အဖေပြောသလို အပြင်စာတွေ ဖတ်ခဲ့လိုဆိုတာက လဲ အမှန်ပါဘဲ၊
ကျနော်အဖေကို ဘယ်တုန်းကမှာ ဘာအတွက်မှ မရှောင်ခဲ့ မမုန်းခဲ့တာလဲ အမှန်ပါဘဲ။
အဖေဆိုတာ မုန်းစရာ မှ မဟုတ်တာဗျာ။
ဆက်ပြောလိုက်အုံးမယ် ကျွန်တော်က မန္တလေးဆိုတဲ့ တောမြို့လေးမှာ မွေးအဲဒီမှာဘဲ ကြီးတဲ့တောသားလေးဆိုတော့ ကျွန်တော်တို့ကလည်း တောသား စဉ်းစားသလိုဘဲ စဉ်းစားတတ်ပါတယ်။
တရားမျှတမှုကိုရှာဖွေရင်း ရှုံးနိမ့်နေသူတစ်ဦး။
January 15, 2011 at 2:55 am
တကယ်က သားသမီးကို မိဘက စာသင်မပေးရပါဘူး။ ဒါမှားတဲ့လုပ်ရပ်ပါ။ မိဘဟာ သားသမီးအပေါ်မှာ လွှမ်းမိုးမှုသိပ်များလို့ ကလေးရဲ့အသိစိတ်ဟာ limited ဖြစ်သွားတယ်လို့ ဖတ်ဖူးပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ခေတ်က အင်္ဂလိပ်စာပညာရေးမှာ အဖေတို့ခေတ်တုန်းကလောက် မကောင်းတော့ဘူး။ ပြဋ္ဌာန်းစာအုပ်တွေကတောင် အင်္ဂလိပ်စာအမှားတွေရေးတယ်။ ဥပမာ ငါးတန်း အင်္ဂလိပ်စာမှာ ရေဆွဲ(သယ်)တာကို drawing water လို့ သင်တာမျိုး။ အဲဒီတော့ ကျွန်တော်တို့ကို အဖေကိုယ်တိုင် အင်္ဂလိပ်စာသင်တာ သိပ်မှန်တဲ့လုပ်ရပ်ပေါ့ဗျာ။ ခုခေတ်မှာ အင်္ဂလိပ်စာ ကောင်းကောင်းသင်နိုင်တဲ့ကျောင်းတွေပေါ်ပြီ။ ဒါပေမယ့် နယ်မှာကတော့ မလွယ်သေးဘူး။ ဒီတော့ အဖေ့လမ်းစဉ်ကိုပဲ လျှောက်ရဦးမှာပါ။
zawana
January 15, 2011 at 3:36 am
အခုမြန်မာနိုင်ငံက ကျောင်းတွေမှာ သင်ပေးနေတဲ့ အင်္ဂလိပ်စာ အသံထွက်တွေကလည်း မှားနေပါတယ်။
ဖြစ်နိုင်ရင်တော့ မိဘက ကလေးကို အတင်းအကျပ်စာသင်ပေးတာမျိုး မဟုတ်ပဲ သူစိတ်ဝင်စားလာအောင် စွဲဆောင်တဲ့ နည်းလမ်းမျိုးကို သုံးရင် ကောင်းမယ်ထင်တယ်။
အိမ်မှာ အင်္ဂလိပ်လို ပြောကျင့်လုပ်တာ၊ စာရေးတာ မျိုးကလည်း သင့်တယ်လို့ ယူဆပါတယ်။
Kaung Thant
January 15, 2011 at 4:42 am
အကို့စာကိုဖတ်ရတော့ တကယ်ခံစားရပါတယ်။ ကျွန်တော့အဖေက စာတော့မသင်ပေးပါဘူး။ စာလုပ်ဖို့အမြဲတိုက်တွန်းပါတယ်။ အဲဒီအခါကျ စိတ်ညစ်တာတွေတော့ရှိပါတယ်။ ဒါပေမဲ အခုအသက်ကြီးလာတော့အဖေ့ကိုအရမ်းကျေးဇူးတင်မိပါတယ်။ အဖေဆိုတာက လူတိုင်းရဲ ဘဝမှာအရေးအပါဆုံးပါ။