အိမ်ထောင်မပြုလိုသူ
ဘုရားရှင်ရဲ့ ပထမသာဝက က ရှင်သာရိပုတ္တရာဖြစ်ပြီး
ဒုတိယသာဝက က ရှင်မဟာမောဂ္ဂလာန်ဖြစ်ပါတယ်။
တတိယသာဝက ကတော့ ရှင်မဟာကဿပ ပါ။
ပထမသာဝကရော ဒုတိယသာဝကပါ
ဘုရားရှင် အရင် ပရိနိဗ္ဗာန်စံတော်မူသွားကြပါတယ်။
တတိယသာဝကဖြစ်တဲ့ ရှင်မဟာကဿပကြီးကတော့
ဘုရားရှင်နောက်မှ ပရိနိဗ္ဗာန်စံတဲ့ အရှင်သူမြတ်ကြီးဖြစ်လို့
ဘုရားရှင်မရှိတော့တဲ့နောက်ပိုင်း သာသနာရေးအခြေအနေကို
မျက်ဝါးထင်ထင် တွေ့မြင်သွားခဲ့ပါတယ်။
ရှင်မဟာကဿပကြီးကို ဓုတင်ဆောင်တဲ့ရဟန်းတော်တွေထဲမှာ အသာဆုံးလို့
ဘုရားရှင်က ပြောခဲ့ပါတယ်။
Mahakassapa is chief among those
who upheld minute observances of form (dhutavādānam) (A.i.23).
သူ့ကို မဂဓတိုင်း၊ မဟာတိတ္ထ (ဆိပ်ကြီး) ရွာမှာ မွေးဖွားတယ်။
ချမ်းသာတဲ့မျိုးရိုးကပါပဲ။ ငယ်နာမည်က ပိပ္ပလိ တဲ့။
ထုံးစံအတိုင်း အရွယ်ရောက်တော့ မိဘတွေက အိမ်ထောင်ချပေးဘို့ စီစဉ်ကြတယ်။
သူ အိမ်ထောင်သားမွေး မလုပ်ချင်ဘူး။ အိမ်ထောင်ပြုဘို့ ငြင်းဆန်တယ်။
ဗြဟ္မာ့ပြည်က လာတဲ့သူ၊ ဗြဟ္မာ့ပြည်ကနေ လူ့ဘဝရောက်လာတဲ့သူတွေဟာ
အိမ်ထောင်သားမွေးမပြုလိုကြဘူး၊ ကာမဂုဏ်အာရုံ ခံစားလိုစိတ် မရှိကြဘူး တဲ့။
တကယ့်ကို အိမ်ထောင်ပြုချင်စိတ်မရှိလို့ အပျိုကြီး၊ လူပျိုကြီးဖြစ်နေကြသူတွေကို ဗြဟ္မာ့ပြည်က ဆင်းသက်လာတဲ့သူတွေလို့ မှတ်ယူနိုင်တယ်။
ကိုယ်လိုချင်တာမရလို့ အပျိုကြီး လူပျိုကြီးဖြစ်လာတာကို
ငါတို့က ဗြဟ္မာ့ပြည်က ဆင်းလာတာလို့ အသားယူပြီး တချို့က ပြောတတ်ကြတယ်။
အဲ့လို အပျိုကြီး လူပျိုကြီးတွေက တူတွေ တူမတွေများရလာပြီဆိုရင်
တုန်နေအောင်ချစ်ကြတာ။ သံယောဇဉ်က ကြီးမှ ကြီး၊ သူများထက်တောင် ပိုပါတယ်။
ဒီလိုမျိုး အပျိုကြီး လူပျိုကြီးတွေ ဘယ်ကလာ ဗြဟ္မာ့ပြည်က လာတာ ဟုတ်လိမ့်မတုန်း။
ထား။
မိဘတွေက အတင်းအကြပ်လက်ထပ်ဖို့ တိုက်တွန်းတော့
ပိပ္ပလိသူငယ်က
အင်မတန်ချောမောလှပတဲ့ မိန်းမရုပ်ကို ထုစေပြီး
‘’ဒီအရုပ်နဲ့တူတဲ့ အမျိုးသမီးကို ရအောင် ရှာပေးနိုင်ရင် ယူမယ်၊ လက်ထပ်မယ်’’ လို့
မိဘတွေကို ပြောပါတယ်။
မိဘတွေကလည်း
“ငါ့သားဘုန်းကံရှိရင် တွေ့ရမပေါ့” လို့ ယူဆပြီး အလုပ်သမားတွေကို
တစ်ရွာဝင် တစ်ရွာထွက် အရှာခိုင်းပါတယ်။
နောက်ဆုံးတော့ ဘဒ္ဒါ ကာပိလာနီ ဆိုတဲ့အမျိုးသမီးကို သွားတွေ့ပါတယ်။
ဒီအမျိုးသမီးကလဲ အိမ်ထောင်မပြုလိုပါဘူး။ ကာမဂုဏ်အာရုံ မခံစားလိုပါဘူး။
ဗြဟ္မာ့ပြည်က ဆင်းသက်လာတာပါပဲ တဲ့။
သို့သော်လဲ ဘေးပတ်ဝန်းကျင်ပယောဂကြောင့်
သူတို့နှစ်ဦး လက်ထပ်ဖြစ်သွားပါတယ်။
နှစ်ဦးလုံးက ကာမဂုဏ် မခံစားလိုကြဘူးဆိုတော့
ညအိပ်ယာဝင်တဲ့အခါ သူတို့နှစ်ဦးကြားမှာ ပန်းကုံးထား အိပ်ကြပါတယ်။
ကာမဂုဏ်ခံစားလိုတဲ့စိတ်ပေါက်တဲ့ဘက်က ပန်းပွင့်များ ညှိုးပါစေသတည်းလို့လဲ အဓိဋ္ဌာန်ပြုကြသတဲ့။
မနက်မိုးလင်းလို့ ပန်းကုံးကို ကြည့်လိုက်တဲ့အခါ လန်ဆန်းမြဲ လန်းဆန်းလျက်ပါပဲတဲ့။
တစ်နေ့ လင်တော်မောင် လယ်ခင်း (ယာခင်း) ထဲသွားတော့
ထွန်ရေးမှာ ပေါ်လာတဲ့ပိုးကောင်တွေကို ငှက်တွေ ထိုးသုတ် စားနေတာကို တွေ့သတဲ့။
တစ်ချိန်တည်းမှာပဲ ဇနီးသည်ကလဲ နေပူလှန်းထားတဲ့ မျိုးစေ့တွေကြား ပြေးလွှားနေတဲ့ ပိုးကောင်တွေကို ထိုးစားနေတဲ့ ကျီးကန်းတွေကို မြင်သတဲ့။
ဒီလိုပိုးမွှားသတ္တဝါတွေ သေကြေပျက်စီးရခြင်းရဲ့ အဓိကတရားခံဟာ
လယ်ပိုင်ရှင် ယာပိုင်ရှင်များဖြစ်ကြတဲ့ သူတို့ဇနီးမောင်နှံတို့သာဖြစ်ကြောင်းသိလိုက်တာနဲ့ တပြိုင်နက် သံဝေဂတရားရ ကြောက်လန့်ပြီး
တောထွက်တရားကျင့်ဘို့ ဆုံးဖြတ်ချက် ချပါတယ်။
သူ့ခေါင်း ကိုယ့်ခေါင်းက ဆံတွေကို တစ်လှည့်စီ ရိပ်ပါတယ်။
အဝါရောင် ဝတ်ရုံတွေကို ဝတ်ဆင်ကြပါတယ်။
တော အတူတူ ထွက်ပါတယ်။
တစ်နေရာ ရောက်တော့ လမ်းဂွဆုံကို တွေ့ပါတယ်။
ညာဘက်တစ်လမ်း၊ ဘယ်ဘက်တစ်လမ်း။
တောထွက်တာတောင် ဇနီးမောင်နှံအတူတူထွက် အတူတူနေကြတယ် ဖြစ်မှာစိုးလို့
နှစ်ဦးသဘောတူ လမ်းခွဲကြပါတယ်။
ခင်ပွန်းဖြစ်သူက ညာဘက်လမ်း၊
ဇနီးဖြစ်သူက ဘယ်ဘက်လမ်း၊
သူဌေးသားနဲ့၊ သူဌေးသမီး၊
ခြေမွေးမီးမလောင်၊ လက်မွေးမီးမလောင်နေလာတဲ့သူတွေ။
အခုတော့ တစ်ယောက်စီနေဘို့ လမ်းခွဲလိုက်ပါပြီ။
မနက်ဖန်အတွက် ဘာမှ ထည့်မတွက်၊ ဘာမှလဲ မရှိ၊
ရှိချမ်းသာရဲ့ အရသာထက် မရှိချမ်းသာအရသာက
ပိုပီး ချိုမြိန်တယ် ဆိုတဲ့စကား သူတို့ လုံးဝ ယုံကြည့်ထားပုံပေါက်တယ်။
ယုံကြည်လို့လဲ လမ်းခွဲရဲတာ။
တစ်ခါတစ်လေ သူတို့ဘဝနဲ့ ကိုယ့်ဘဝနဲ့ ယှဉ်ထိုးကြည့်မိတယ်။
သူတို့က တောထွက်တယ်၊ ကိုယ်က မြို့တက်တယ်။
ပြဒါးတစ်လမ်း၊ သံတစ်လမ်း၊
ရှိစေတော့။
လမ်းခုလတ်တစ်နေရာမှာ ဘုရားရှင်နဲ့တွေ့တယ်၊
ရဟန်းပြုတယ်။ ကဿပအမည်ရတယ်။
(နောက်ပိုင်း ကုမာရကဿပ စတဲ့ကဿပတွေနဲ့ မရောလိုလို့
သူ့ကို မဟာ တတ်ပြီး မဟာကဿပလို့ ခေါ်တယ်)
ဘုရားရှင်နဲ့ ရှင်မဟာကဿပတို့ ကျောင်းတော်သို့အသွား လမ်းဘေးတစ်နေရာ အရိပ်ကောင်းတဲ့သစ်ပင်အောက်မှာ ခဏထိုင်ဘို့လုပ်တော့ ရှင်မဟာကဿပက
သူ့ပါလာတဲ့ဝတ်ရုံကို ဘုရားရှင်အတွက် ခင်းပေးတယ်။
ခင်းပေးတဲ့သင်္ကန်းကို ဘုရားရှင်ကို လှူဖြစ်သွားတယ်။
ဘုရားရှင်ကလဲ သူ့ရဲ့ ပံသုကူသင်္ကန်းကို ရှင်မဟာကဿပကို ပေးတယ်။
ဘုရားရှင်က ဒီလို ပံသုကူသင်္ကန်းပေးတာကို
ရှင်မဟာကဿပ အလွန်သဘောကျတယ်။ ဝမ်းမြောက်တယ်။
ဘုရားရှင်က ငါ့ကို ပံသုကူသင်္ကန်းပေးတာ
အကြောင်းမဲ့သက်သက်တော့ မဟုတ်တန်ရာဘူး လို့ ရှင်မဟာကဿပ စဉ်းစားတယ်။
ပရိနိဗ္ဗာန်စံပြီးရင် ရှင်မဟာကဿပ ဦးဆောင်ပြီး
ပထမသင်္ဂါယနာတင်ပွဲ ကျင်းပလိမ့်မယ်လို့ ဘုရားရှင်က သိလို့ သင်္ကန်းကို ပေးတာ။ ချီးမြှောက်တာ။
ရှင်မဟာကဿပ ရဟန်းဖြစ်ပြီး ရှစ်ရက်ကြာတော့ ရဟန္တာဖြစ်သွားပါတယ်။
မဟာသက္ကရာဇ် ၁၄၈ – ခု (ဘီစီ ၅၄၄) ကဆုန်လပြည့် အင်္ဂါနေ့
(သက်တော် ၈ဝ အရွယ်) မှာ
ကုသိနာရုံပြည်၊ အင်ကြင်းဥယျာဉ်မှာ ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူတယ်။
အရှင်မဟာကဿပမထေရ်ကြီးနဲ့ နောက်ပါ ရဟန်း ၅၀ဝ တို့
မြတ်စွာဘုရားကို ဖူးမျှော်ဘို့ ပါဝါပြည်မှ ကုသိနာရုံသို့ အသွားလမ်းခရီးမှာ
ကုသိနာရုံက ပါဝါပြည်ကိုလာတဲ့ တက္ကဒွန်းတစ်ယောက်နဲ့တိုးတယ်။
တက္ကဒွန်းထံမှ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံကွယ်လွန်တော်မူကြောင်း သိရတော့
သံဃာအများစု ဝမ်းနည်းပက်လက်ဖြစ်ပြီး ငိုကြွေးကြတယ်။
ဒါပေမဲ့သုဘဒ်လို့ခေါ်တဲ့ရဟန်းကြီးကတော့
“ငါ့ရှင်တို့၊ ဘာဝမ်းနည်းစရာရှိတုန်း၊ ရှင်ကြီးဂေါတမ ရှိတုန်းက
ဟိုဟာမလုပ်နဲ့၊ ဟိုမသွားနဲ့၊ ဒီလိုမစားနဲ့၊
ဒီကို မသွားနဲ့ စသဖြင့် စည်းကမ်းတွေ များလိုက်တာ။
အခုတော့ ငါတို့နေချင်သလိုနေလို့ရပြီ၊ လွတ်လပ်ရေး အပြည့်အဝရပြီ” လို့ ပြောဆိုပြီး
ဝမ်းမနည်းတဲ့အပြင် ဝမ်းတောင် သာနေလိုက်သေးတယ်။
ဒီစကားကို ရှင်မဟာကဿပကြီးကြားတော့
မသူတော်တရား မပြန့်ပွါးမီ
သူတော်ကောင်းတရား မပျောက်ပျက်မီ
ဘုရားရှင်ဟောကြားခဲ့တဲ့ တရားတော်တွေကို
စုပေါင်းရွတ်ဖတ်သင်္ဂါယနာတင်ရရင် ကောင်းမှာပဲ လို့ တွေးမိပြီး
ဘုရားရှင်ပရိနိဗ္ဗာန်ပြုပြီး ၃ – လအကြာ
မဟာသက္ကရာဇ် ၁၄၈-ခု၊ ဝါခေါင်လပြည့်နေ့မှာ
ရဟန္တာမထေရ် ၅၀ဝ နဲ့အတူ
ပထမဆုံးအကြိမ်ဘုရားရှင်တရားတော်တွေကို စုပေါင်းရွတ်ဖတ်တဲ့
ပထမသံဂါယနာပွဲကို ကျင်းပဖြစ်ခဲ့တယ်။
ဘုရားရှင်က သူရဲ့ ပံသုကူသင်္ကန်းကို တခြားကိုယ်တော်တွေကို မစွန့်ပဲ
ငါ့ကိုစွန့်တာဟာ သူမရှိတော့တဲ့နောက်ပိုင်း ဒီတာဝန်တွေကို ထမ်းဆောင်စေချင်လို့ဆိုတာကို ရှင်မဟာကဿပကြီး သဘောပေါက်လိုက်ပါတယ်။
ပထမသင်္ဂါယနာတင်ပွဲမှာ မြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့ ဓမ္မနဲ့ဝိနယကို
၁။ ဝိနယပိဋက ၂။ သုတ္တန္တပိဋက ၃။ အဘိဓမ္မပိဋက ဆိုပြီး အုပ်စုသုံးစုခွဲတယ်။
ဒီသံဂါယနာပွဲမှာ
အမေး (ပုစ္ဆက) ဆရာတော်အဖြစ်
ရှင်မဟာကဿပမထေရ်ကြီးက ဆောင်ရွက်ပြီး
ဝိနည်းပိဋကတ်တော်ကို ရှင်ဥပါလိမထေရ်က ဖြေဆိုရပါတယ်။
သုတ္တန္တပိဋကနဲ့ အဘိဓမ္မပိဋကကိုတော့ ရှင်အာနန္ဒာမထေရ်မြတ်က ဖြေဆိုရပါတယ်။
ဝိနည်းပိဋကမှာ အုပ်ရေ ငါးအုပ်ရှိတယ်။
ပထမဆုံးလေ့လာဖြစ်တာက မဟာဝါ (ပါဠိတော်) စာအုပ်။
ပထမကြီးတန်းကို ကိုရင်ဘဝ အသက် (၁၇) နှစ်သားတုန်းက အောင်တာဆိုတော့
ဘာလုပ်ရမှန်းမသိဖြစ်နေတုန်း သူငယ်ချင်းကိုရင်တစ်ပါးက
သာမဏေကျော်စာမေးပွဲ ဝင်ဖြေပါလား ဆိုတာနဲ့ သာမဏေကျော်စာမေးပွဲပြဌာန်းစာထဲက
တစ်အုပ်ဖြစ်တဲ့ မဟာဝါ စာအုပ်ဆိုတာကို စ လေ့လာဖြစ်တာ။
2 comments
bigcat
March 15, 2011 at 3:27 am
အခုလည်း သဂျီးက ဟိုပြောဒီပြောနဲ့ အိမ်ထောင်မပြု ကာမဂုဏ်အာရုံ မခံစားလိုတာ ဆိုက်ကိုတဲ့၊ တန်ခိုးအဘိညာဉ်မရှိတဲ့။ သူ့ကိုငရဲ့မကျအောင် မေတ္တာရှေ့ထားပြီး ကယ်မတော်မူပါဘုရား…
ashinindaka
March 15, 2011 at 4:10 am
အိမ်း၊ မေးခွန်းတွေက လန့်စရာတွေပါလား။