တွေးမိတိုင်း ရယ်မိတယ်…(၂)..

hmeeMarch 18, 20111min2234

ကျွန်တော်ရေးထားတာကို သဘောကျတယ်လို. သိရတဲ့အတွက် အရူးဘုံမြှောက်သလို ထပ်ရေးချင်စိတ်ကို တားမရလို့ နောက်ဆက်တွဲ ထပ်ရေးလိုက်တာပါ။

ကျွန်တော်.မိဘများဟာ အညာသူ အညာသား တောင်ယာလယ်လုပ် ဓါးမခုတ် အလုပ်လုပ်ပေမဲ့ ကျွန်တော်တို့မောင်နှမတွေကို မြို.မှာနေပြီး ကျောင်းတက်ခိုင်းပါတယ်။ ကျောင်းဖွင့်တဲ့အချိန် မြို.မှာနေစေပြီး နွေကျောင်းပိတ်မှ အိမ်ပြန်လာခွင့်ပေးတာပါ။ မြို.မှာနေရတဲ့အတွက် နှစ်ကြာလာနဲ့အမျှ  အနေအထိုင် အစားအသောက်မှအစ အဝတ်အစား အပြင်အဆင်အထိ မြို.ပုံ ပေါက်လာတာပေါ့။ အဝတ်အစား အဆင်အပြင် ကြည့်ကောင်းအောင် မိမိနဲ့လိုက်ဖက်အောင် ဝတ်တတ်စားတတ်လာသလို မလိုက်ဖက်တာ အချိုးမကျတာလည်း ကြည့်တတ်လာတယ်လေ။  ရွာဘုရားပွဲက စားမေးပွဲဖြေချိန်နီးတဲ့ ဇန်နဝါရီလနဲ. ဖေော်ဝါရီလ နှစ်လထဲမှ တလကို အမြဲလုပ်လေ.ရှိပါတယ်။  ဘယ်လိုပဲ စာမေးပွဲနီးပါစေ နှစ်စဉ်မရောက်ရောက်အောင် ပြန်တတ်တယ်။ ဒါပေမဲ့ အသက်နဲနဲရလာတော့ ဖျာနေရာ လုခွင့်ကိုစွန်.လွှတ်ရပြီ အသက်အရွယ်နဲ. အမြင်မတော်တာကြောင့် အမေက ခွင့်မပြုတာရယ် ကိုယ်လည်း ရှက်တတ်လာတဲ့အတွက် မောင်လေး၊ညီမလေးတွေကပဲ ဆက်လက ်တာဝန်ထမ်းဆောင် ပါတယ်။

စာမေးပွဲနီးပြီ ဖြစ်တဲ့အတွက် ပွဲခင်းလျှောက်ခွင့်တော့ ရပေမဲ့ ပွဲကြည့်ခွင့်ပါမစ်တော့ ပိတ်ခံရတယ်လေ။ ကျွန်တော်က နှစ်စဉ်နှစ်တိုင်း ဘုရားပွဲနေ့ဆို မရောက်ရောက်အောင် ပြန်လာတတ်တာသိတဲ့ ရွာကသူငယ်ချင်းတွေက ညနေစောင်းတာနဲ့ ပွဲဈေးလျှောက်ဖို့ လာခေါ်ကြတယ်။ အဲဒီအချိန်က သူတို့အားလုံးနီးပါး ရွာမှာအပျိုစာရင်းထဲ ဝင်နေပြီမို. အစွမ်းကုန် ရှိုးထုတ်တာပေါ့။ ကျွန်တော်ကတော့ ရွာသူမက မြို.သူမကျမို. အိမ်နေရင်း အဝတ်အစားနဲ. လိုက်သွားတတ်တာများပါတယ်။ ကျောင်းနေအရွယ်မှာ အလှအပ ဦးစားမပေးရဆိုတဲ့ အမေ.အမိန်.နဲ့တုတ်ကို ကြောက်လို.လည်း တခါဆိုတခါမှ ရှိုးမထုတ်ဝင့်ခဲ့ပါဘူး။  ကျွန်တော်ကမြို.မှာ ကျောင်းနေတဲ့အတွက် ကျွန်တော်.ကို သူငယ်ချင်းအားလုံးက အလှအပအမြင်မှာ သူတို့ထက် ပိုသိတယ်လို့ အထင်တကြီးရှိလို့ သူတို့အပြင်အဆင် မိတ်ကပ် အဆင်ပြေမပြေ မေးချင်သိချင်လို့ လာခေါ်တာများပါတယ်။  တနှစ်ပတ်လည်လုံး ယာထဲကိုင်းထဲမှာ ဝမ်းရေးအတွက် ခက်ခဲပင်ပန်းလွန်းတဲ့ သူတို.ဘဝတွေအတွက် ဒီပွဲမှာမှ အလှပြင်ခွင့် အလှပြခွင့် တခါဆိုမှတခါသာ ရရှာတာပါ။ ဘယ်လိုလုပ်ပြီး အဆင်အပြင် အချိုးပြေပါ့မလဲ။ သူတို.အပြင်အဆင်ကို အလှအပမှာ အချိုးကျတဲ့  ရန်ကုန်သူတွေ တွေ့များတွေ.ရင်  ခွက်ထိုးခွက်လန် ရယ်မှာ မြေကြီးလက်ခတ် မလွဲနိုင်ပါဘူး။ ဘုရားပွဲမှာ လှချင်ရှာလို. မြို.တက်ပြီး ကိုယ်နဲ.မလိုက်ဖက်ပဲ ဆံပင်ကောက်ထားတဲ့သူ၊ အသားကမည်းမည်းနဲ့ မိတ်ကပ်တွေ အထူကြီးလိမ်းလို့ မျက်နှာကပြာနေတဲ့အထဲ နှုတ်ခမ်းနီ နီနီရဲရဲ ဆိုးထားသူ  တွေကို ကြည့်ပြီး မရီမိအောင်လည်း ထိန်းထားရပါသေးတယ်။ အဝတ်အစားတွေကို ကြည့်မယ်ဆိုလည်း အခုမှ အပ်ချုပ်ဆိုင်ကနေ ကမန်းကတန်း ရွေးပြီးဝတ်လာလို့ ကော်တွေနဲ့ ခပ်တောင်.တောင်.ဖြစ်နေတာ သိသာပါတယ်။ သူတို.အားလုံးရဲ. စိတ်ထဲမှာတော့ သူတို့ဟာ ဒီနေ.မှာ  အရင်နေ.တွေထက် ပိုလှနေတယ်လို့ ယုံကြည်နေလို့ သူတို့မျက်လုံးတွေဟာ အရောင်တွေလက်နေတာပေါ့။ တောသူတွေရဲ့ ထုံးတမ်းစဉ်လာလို  ဖြစ်နေတာရယ် ပန်းပန်မှ ပိုလှတယ်လို.ယူဆလို့ ထင်ပါတယ် အားလုံးရဲ့ခေါင်းမှာ ပန်းတမျိုးမဟုတ်တမျိုး ပန်ထားကြတာနဲ.  ဖိနပ်မပါတာတော့ တူပါတယ်။ ဖိနပ်ပါတယ်ဆိုလည်း အစီးခံတဲ့ ဆင်ခြောက်ကောင်လို ရာဘာဖိနပ်ပါ။ အဲဒီလို အချိုးမကျ မလှမပ ဖြစ်နေတဲ့ သူတို့အားလုံးက ကျွန်တော်ကို တယောက်တမျိုး သူတို.လှလား ဘယ်နေရာမှာ ပြင်ဆင်ဖို.လိုနေလည်းလို. အားကိုးတကြီး မေးလာတာတွေကို ကျွန်တော်လေ သူတို.ကို မလှပါဘူးလို. ဘယ်လိုပြောထွက်ပါ့မလဲ။  ဒါပေမဲ့ ရိုးသားတဲ့သူတို.မျက်လုံးလေးတွေ အပြုံးလေးတွေကတော့ တကယ်ကိုလှတာပါ။ ဒါကြောင်မို. ကျွန်တော် ကျေကျေနပ်နပ်ကြီးကို ပြောလိုက်ပါတယ် ဟယ်.. ငါ့သူငယ်ချင်းတွေ အကုန်လှတယ်လို.လေ။

သူတို.အလှအပကို အကဲဖြတ်ပြီးတာနဲ့ အမေ့ဆီက မုန်.ဖိုးတောင်းပြီး ပွဲခင်းလျှောက်ဖို. အိမ်ကထွက်လာပါတယ်။ ရွာလယ်လမ်းမတလျှောက် ဘုရားပွဲထုံးစံအတိုင်း  ဘုရားပွဲသွားသူ၊ ပြန်သူ တွေနဲ့ရှုပ်နေသလို တခြားရွာတွေက ပွဲကြည့်လာတဲ့ လှည်းတွေကလည်း တလမ်းလုံး ရှောင်လာရပါတယ်။ အိမ်တိုင်းအိမ်တိုင်းကလည်း လူသွားလူလာ များလို့ဖုန်ထူမှာသိလို့ မိမိတို. အိမ်ရှေ.လမ်းကို ဖုန်သိပ်အောင် ရေလောင်းထားလို. အရင်နေ.တွေလို ဖုန်တော့မထပါဘူး။ ရွာမှာမြင်ရခဲတဲ့  ကို.ကိုယ်နှုတ်ဆက်တဲ့ သူတွေကိုလည်း တလမ်းလုံးပြန်ဖြေ  ပြန်ရီပြရသလို သူငယ်ချင်းတွေ အလွမ်းပြေ တယောက်တမျိုး ဝိုင်းပြီးလုပြောနေတာလည်း နားထောင်ခေါင်းငြိမ်.  လုပ်နေရပါသေးတယ်။ အဲဒီလိုနဲ.  ဘုရားပွဲခင်းထဲ ရောက်လာပါတော့တယ်  မြို.မှာ စားရခဲတဲ့ တောအကြော်စုံဆိုင် တွေထဲက ကိုယ်စားချင်တဲ့ဆိုင်ကို လိုက်ရှာပြီး ထိုင်ပါတယ်။ အကြော်မှာပြီး အကြော်လေးစား ရေနွေးကြမ်းသောက်ရင်း ပတ်ဝန်းကျင်ကို ငေးရတာဟာ တကယ့်အရသာပါ။ ကျွန်တော့် သူငယ်ချင်းတွေကလည်း လုံးကြီးပေါက်လှ တင်တင်လှတွေဆိုတော့ ကာလသားတွေဟာ တဖွဲ.ပြီးတဖွဲ. ဘေးခုံမှာထိုင်တဲ့သူ ရှိသလို ခပ်လှမ်းလှမ်း ဆိုင်ပြင်ကနေ လျှောက်ပြန်သံပေး တွေလည်း ရှိလို.နေတယ်လေ။ တနှစ်ပတ်လုံး ကိုယ့်အလုပ်နဲ့ကိုယ် ရှုပ်နေလို. ပတ်ဝန်းကျင်ကို မေ.ထားသူ အိမ်တွင်းပုန်းသူ အခုမှ အလှသွေးကြွယ်လာသူ  အားလုံးကို စုစုစည်းစည်း မြင်ရတဲ့ အချိန်မို. လွတ်လွတ်လပ်လပ် ပိုးကြပန်းကြပါတယ်။ မိန်းမတွေသာ အလှပြကြတာ မဟုတ်ပါဘူး ယောက်ကျားလေး ကာလသားတွေလည်း ရှိုးထုတ်တာပေါ့။  ညမှောင်မှောင်မှာ နေကာမျက်မှန်တပ်ထားသူလည်း ပါသလို လူက ပုကွကွနဲ. ဘောင်းဘီနဲ့ အချိုးမကျပေမဲ့ သူ.ဘာသာတော့ စတိုင်ကျနေသလိုပဲ။ မျက်နှာကိုလည်း မိတ်ကပ်လူးထားလို. ခပ်ပြာပြာဖြစ်နေတဲ့  အကြားကနေ နဂိုမူရင်း ခပ်မဲမဲအသားကို မြင်နေရသူတွေလည်း ပါပါတယ်။ တယောက်တမျိုး မရိုးအောင် ပိုးကျပန်းကျတာဟာ မရိုင်းစိုင်းတဲ့အတွက် တကယ့်တောဓလေ့ကို မြင်တွေ.ခွင့် ရနေတာပါ။ မိန်းခလေးတွေကလည်း ကိုယ်နှစ်သက်သူကို နှစ်သက်သလို သဘောမကျသူကို သဘောမကျသလို ပြန်လှန်ပြောဆိုနေတာတွေဟာ တကယ့်ရင်ထဲကလာတဲ့ အရိုးခံစကားတွေမို. နားထောင်လို့မငြီးနိုင်ပါဘူး။ ပွဲခင်းထဲက အပြန်အလှန်ပြောဆိုသံတွေ နှုတ်ဆက်သံတွေ ကလေးတွေဆော့သံတွေ ဈေးသည်အသံတွေ လုံခြုံရေးမဏ္ဍပ်က လော်စပီကာအသံတွေ  ဇာတ်စင်ဆိုင်းဝိုင်းက ပတ်စာကပ်ဗုံညှိသံတွေ နားထောင်နေရတာ အချိန်ကုန်လို့ ကုန်မှန်းမသိပါဘူး။ ပွဲဈေးသွားတာ ကြာနေပြီဖြစ်လို. စိတ်ပူပြီး လိုက်ခေါ်တဲ့အမေ အနားရောက်လာမှ အချိန်မနည်းတော့ဘူးလို. သတိထားမိပါတယ်။ ဒါနဲ. ကျန်ရစ်ခဲ့မည့် သူငယ်ချင်းတွေကို နှုတ်ဆက်ပြီး အမေ့လက်ကိုတွဲပြီး အိမ်ပြန်ခရီး စတင်ရပါတော့တယ်။

ပွဲခင်းကအပြန် လမ်းမတလျှောက်လည်း မိန်းခလေးဖြစ်ပြီး  ဘာလို.ဒီလောက်ကြာအောင် နေရတာလည်းဆိုပြီး အမေ.ရဲ.အဆူကို တလမ်းလုံး နားထောင်လာရပါတယ်။ ပွဲခင်းနဲ. တဖြေးဖြေး ဝေးလာလို. ပွဲခင်းက  ဆူညံသံတွေကလည်း  တစတစပါးပါးလာတာကို နားထောင်ရတာလည်း အရသာတခုပါ။ ဒီတခါတော့ အိမ်ပြန်ရောက်ပြီး အိပ်ရာထဲကနေ ပွဲခင်းက ပြန်.လွင်.လာတဲ့ ဇာတ်ပွဲက အသံကို မကြားတချက်ကြားတချက် နားစိုက်ထောင်ရင်း အိပ်ရတာလည်း တောဓလေ့မှာသာ  ရနိုင်တယ်လို. ကျေကျေနပ်နပ်ကြီး တွေးရင်းနဲ. အိပ်ပျော်သွားပါတော့တယ်။

4 comments

  • bigcat

    March 19, 2011 at 10:47 pm

    ဘကြီးမိုက်ကယ်အောင်ပု ပြန်ပြောတဲ့ သူ့ရွာကမိန်းခလေးတွေဆိုရင် ချောတာလှတာ အပြင်အဆင် ကိုရီးယားမင်းသမီးတွေကတောင် အရှုံးပေးရတယ်တဲ့။ အခုကြတော့ တမျိုးပါလား။ ဘကြီးပုတော့ လိမ်ပြီနဲ့တူတယ်။

  • ခင်ဇော်

    December 29, 2014 at 3:50 pm

    နောက်ရှိသေးတယ်။;
    အဲလို ဘုရားပွဲတွေဆို ကန့်လန့်ကာတွေ နောက်ခံကားတွေနဲ့ ဓာတ်ပုံခန်းတွေလည်း အပျိုတွေ တန်းစီလို့။
    ဆိုင်ကယ်တို့ ပန်းစည်းတို့နဲ့ ပြင်လာသမျှ အလှတွေကို မှတ်တမ်းတင်တာလေ။
    🙂

  • hmee

    December 30, 2014 at 12:29 pm

    ငယ်ငယ်တုန်းက ပျဉ်းမနား တပေါင်းဘုရားပွဲမှာ ရိုက်ဖူးတာပေါ့။ နောက်က နှစ်ထပ်တိုက်လှလှလေးနဲ့။ တချို့ ယောက်ကျားလေးတွေဆို ဝင်းဦးပုံစံ အဖြူဝမ်းဆက်နဲ့။ ဒီတခါ အိမ်ပြန်မှ ပြန်ရှာကြည့်ဦးမယ် အဲ့ ဓါတ်ပုံလေးတွေကို။

  • မြစပဲရိုး

    December 30, 2014 at 2:53 pm

    မှီ ရေ
    မြို့ နဲ့ နယ် ရဲ့ ကွာခြားချက် တွေ ကို အစ်မ လဲ ခံစားတတ်ပါရဲ့။
    ကိုယ်ချစ် တဲ့ အဖွား ဆီ ကို ကျောင်းပိတ်တိုင်း သွားတာ။
    မနက်တိုင်း အစောကြီးထဲက ဈေးလာတဲ့ နွားလှည်း၊ မြင်းလှည်း လူသံ တွေ နားထောင်ရင်း အိပ်ယာ က ထပြီး လတ်ဆတ်တဲ့ လေရှူ ရတာ ကို က အရသာ။
    နွေ ရက်မို့ တပေါင်းပွဲ ဖြစ်ဖြစ် သင်္ကြန်ပွဲ ဖြစ်ဖြစ် တွေ့တာဘဲ။
    ပွဲ ဈေးလည် ရတာ ဖုန် တွေကြား ပျော်စရာပေါ့။
    ပွဲ တော့ မကြည့်ရဘူး။
    နေကာမျက်မှန်တပ် ကာလသား တွေ၊ မိတ်ကပ်ထူထူ နဲ့ ကာလသမီး တွေ အားလုံး တူနေတာဘဲ။
    :))

Leave a Reply