ဟင်းနုနွယ် ရောဂါ….

hmeeJune 27, 20111min37613

တခါတခါ ဈေးသွားရမဲ့ရက်ဆို အတော်ခေါင်းစား ရပါတယ်။ ဈေးမှာလည်း တခါလာ ဂေါ်ဖီ အပြောင်းအလဲ ဖြစ်အောင် စဉ်းစားတော့လည်း ဘာမှမရှိ။ အစဉ်အမြဲ ပန်းဂေါ်ဖီ၊ ခရမ်းသီး ရံဖန်ရံခါ ပဲပင်ပေါက်  ကြာတော့ ရိုးလာပါပြီ။ အခုအချိန် ကန်ဇွန်းရွက် ဝယ်လို့ရတော့ ဝယ်စား ဖြစ်တယ်။ အလွမ်းပြေ အာသာပြေရုံပါပဲ အရသာကတော့ မတူပါဘူး။ ရေရှားလို့ပဲလား မပြောတတ် ကန်ဇွန်းရွက်ကလည်း စားရတာ ချွှဲတဲတဲ။ တခြား ဘာအသီးအရွက်မှ မရှိတာမို့ အာရုံအတော် နောက်ရတာပါ။ တခါတလေ အသားဟင်းလေးချက်ပြီး အရည်သောက်လေးဆို ရှိတဲ့ ဆူခီနီကို မန်ကျည်းမှည့်နဲ့ အချဉ်လေးချက်ပေါ့။ အရွက်ကလေး ကြော်စားဖို့ဆို အဲဗားဂေါ်လီ မဟုတ်တဲ့ အဲဗားဂေါ်ဖီပြဲဖစ်နေတော့ ခက်သား။  အသား၊ငါး ကဝယ်လို့ လွယ်တော့ ဟင်းအမယ် မထပ်အောင် ချက်လို့ရပေမဲ့ အသီးအရွက်က ပြသာနာပါ။

ကျျွန်မတို့ နိုင်ငံမှာတော့ ရာသီဥတုကလည်း သင့်လို့ အသီးအရွက်ကလည်း စုံလှသကိုး။ ကန်စွန်းရွက်များ တနှစ်လုံး ပြတ်တယ်ဆိုတာ ဘယ်ရှိလို့တုန်း။ ဂေါ်ရခါးသီးလေး လှီးကြော်မလား ချိုမှချို။ ဟင်းနုနွယ်လေးများဆို စားရတာ စိမ့်လို့။ ပြောရင်း လွမ်းလာပါပြီ။ ကျွန်မတို့က မြို့မှာ ကျောင်းတက်ရတော့ နွေရာသီမှ အိမ်ပြန်ရတယ်။ အရွယ်ငယ်တုန်းကတော့ ကိုယ်နိုင်ရာ ထမင်းပို့ တာဝန်ယူ ရတယ်။ နည်းနည်း အရွယ်လေးရလို့ ထမင်းအိုး၊ ဟင်းအိုးနိုင်ချိန် ရောက်တော့ တခါတည်း မီးဖိုထဲ ပြစ်သွင်းတာပဲ။ ဒီလို ညနေ အိမ်ပြန်ရောက် နောက်နေ့  မနက်ကစပြီး မီးဖိုထဲဝင် ထမင်းချက် အိမ်မှုတာဝန် အကုန်အပ်တာပါ။ ကျွန်မတို့ ညီအမ ပြန်ရောက်ပြီမို့ အမေက အလုပ်သမားတွေနောက် အရင်က အိမ်စောင့်မရှိလို့  မလိုက်ခဲ့ရသမျှ အတိုးချ လိုက်တော့ တာပဲ။ ကျွန်မတို့ မြို့က ပြန်ရောက်တာ မြင်ပြီဆို အိမ်ဘေးက ဦးကြီးက “ဟေ့ ….ထမင်းချက်၊ ဝက်ကျွေးတွေ ပြန်လာပြီလားဟေ့” လို့ စပါတယ်။ တကယ်ကို တနွေလုံး ဘာစိတ်မှ မကူးရအောင်၊ မအားအောင်၊ အောက်သက်ကျေအောင် ခိုင်းတော့တာပါ။ အဲဒီတုန်းက အကျိုးတွေ  အခုအသက်ကြီးလာတော့  ခံစားနေရပြီမို့ အမေ ဘာ့ကြောင့် ခိုင်းတာလဲကို  သိလာပါပြီ။ ငယ်ငယ်တုန်းကလည်း ယာခင်းထဲ ထမင်းသွားပို့မယ်ဆို  အိမ်က မထွက်ခင် ကတည်းက မှာလိုက်ပါတယ်။ ယာခင်းက စည်းတန်းကနေ ကင်းပုန်ညွန့် ခူးခဲ့ဖို့ပါ။ တခါတလေ အသီးတွေပါ တွေ့လို့ ခူးလာရင် နေ့လည်စာ ဟင်းရွက်စိမ်းဟင်းချိုနဲ့ သရက်သီးထောင်း (သို့) ခရမ်းချဉ်သီးထောင်း  ညနေစာကတော့ ကင်းပုန်သီးကြော်နဲ့ ခရမ်းချဉ်သီးချက် မလွဲပါဘူး။ ဟင်းရွက်စိမ်းဟင်းချို ဆိုတာက ယာထဲစည်းတန်းက ကင်းပုန်ညွန့်၊ အိမ်က ခြံထဲက ဒန့်သလွန်၊ ဖရုံ၊ ဗူးညွန့် စတဲ့ စားလို့ ရသမျှ  အညွန့်ပေါင်းစုံ ကို ရောသမမွှေ ထားတာပါ။ အော်…အခုများတော့ ဝေးနေပါပြီ။ ကိုယ်တိုင် မီးဖိုဝင်တော့လည်း ဟင်းချက်စရာ ကိုယ့်ဖာသာ ရှာကြံချက်။ ဈေးသည်မလာရင် ခြံထဲရှိတာ မျက်စေ့ကစားပြီး အာရုံကျရာ ချက်တာပဲ။ ထွေထွေထူးထူး စဉ်းစားမနေပါဘူး။ အိမ်ရှေ့က ဂေါ်ရခါးပင်ကလည်း ရာသီချိန် မဟုတ်ရင် အရွက်ခူးကြော် ရာသီချိန်ဆို အသီးတွေများ ချက်စားရတာ နိုင်တောင်မနိုင်ပေါင်။ မီးဖိုရှေ့ စင်မှာလည်း နွေပဲပင်၊ ဗူးပင်၊ ဖရုံပင် ရောကျော် တင်ထားတော့ တမျိုးပြီးတမျိုး လှည့်ချက်ရုံ။ ဒန့်သလွန်ပင်ကလည်း အသီးချက်မလား အရွက်ချက်မလား ကြိုက်ရာကို ပြောစမ်း ကိုယ့်လူပဲ။  သရက်သီးကရော အပင်ကနေ ဝါးချုနဲ့ ထိုးချ ရပြီလေ။ ခရမ်းချဉ်သီးကကော မမေးနဲ့ တနှစ်စာကို ကျင်းထားတာ။ အသီးအရွက်ဆိုတာ ပေါမှပေါ။ တောလည်း တောမှာမို့  မြို့လည်း မြို့မှာ အလျှောက် ဝယ်စား အချိန်မရွေး ရတယ်လေ ဒီမှာလို မရှားပါးဘူး။ တခါက ရွာအလည် ပြန်တုန်းက စားခဲ့တာလေး သတိရသား။ ရောက်တုန်း ရောက်ခိုက် ဟိုအိမ်လျှောက်သွား ဒီအိမ်လျှောက်စားမို့ ဦးလေးအိမ် ရောက်သွားရော။ ညနေစာ စားချိန်မို့ အဒေါ်က ရေပုံးထဲမှာ ဟင်းရွက်လေးတွေ  ရေဆေးကာ ကြော်ဖို့ လုပ်နေပါတယ်။ ရွက်ဖတ်နှစ်ဖတ်ပဲပါပြီး တရွက်ထဲတင် အရောင်နှစ်မျိုးပါ။ ကျွန်မ တခါမှ မမြင်ဖူးပါဘူး။အပေါ်က အစိမ်းရောင် အောက်ဖက်က ခရမ်းရောင်ပါ။ အဒေါ်က  ချက်ချင်း ကြော်ပြီး ညစာကျွေးပါတယ်။ ကောင်းလိုက်တာရှင်  ချိုပြီး စိမ့်နေတာပါ။  စားလို့ အတော်ကောင်းတာမို့ ဘာလေးတွေလည်း စပ်စုတော့ ဟင်းနုနွယ်အရိုင်းတွေတဲ့။ ကျွန်မက စားလို့ မဝဘူး ဒေါ်လေးလို့ ပြောတော့ ဒေါ်လေးက “ မနက်ဖြန် ခရမ်းချဉ် ခါးလှည့် သွားမှာ ခူးချင် လိုက်ခဲ့”တဲ့။ ခရမ်းချဉ် ခါးလှည့်တယ်ဆိုတာက ခရမ်းချဉ်ပင်လေးတွေကို   မြေတောင်မြှောက်တာကို    ခေါ်တာပါ။  အိမ်ပြန်ရောက်တော့ အမေ့ထံ  ခွင့်တောင်း  အမေက သူပါလိုက်မယ်ပေါ့။ သူ့ယာခင်းတွေ ကြည့်ချင်တာရယ် လာခဲတဲ့ သမီးကို အဖော်လုပ်ချင်တာမို့ တချက်ခုတ် နှစ်ချက်ပြတ်ပါ။  ကျွန်မတို့ ယာထဲရောက်တော့ အဒေါ်က တဲပေါ်မှ ဇကောတချပ် ယူပြီး ဟင်းနုနွယ် ခူးဖို့ ခေါ်တာနဲ့ ကျွန်မလည်း ဇကောတချပ်ယူ လိုက်သွားပါတယ်။ ခရမ်းချဉ်က အပင်လေးတွေကို ဘောင်နဲ့ပျိုးကာ  အနေတော် အရွယ်ရောက်တော့ ပြန် နှုတ်ပြီး  ယာခင်းထဲမှာ ကျင်းလေးတွေ တတောင်ခြားတကျင်း အတန်းလိုက်တူးပြီး တကျင်းလေးပင်နှုန်း ပြန်စိုက်ပါတယ်။ ခရမ်းချဉ်က ပြန်စိုက်ခါစ ရက်သားပဲ ရှိသေးလို့ ခရမ်းချဉ်ကျင်းထဲက ခရမ်းချဉ်ပင်လေးတွေက လွဲပြီး တခြားနေရာတွေ ပြောင်တလင်း ခါနေတာပါ။ အဲဒီ ခပ်ပြောင်ပြောင် နေရာလေးတွေမှာ ဟင်းနုနွယ် အရိုင်းပင်လေးတွေ မြေကြီးထဲက စထွက်ခါစကို တွေ့ရပါတယ်။ မြေမှာ ကပ်ပေါက်နေတာပါ။ ရွက်ဖတ်မှ နှစ်ဖတ်တည်း။ အစိမ်း ခရမ်း စွတ်နေတာမို့ လှတောင်လှသေး။ အဒေါ်ကတော့ အခင်းထဲ ရောက်တာနဲ့ သူ့ ခန္ဓာဝဝကြီးကို ခြေပြစ်လက်ပြစ် ထိုင်ပြီး လက်သည်းလေးနဲ့ ဆိတ်ပြီး ခူးကာ ဖင်ရွေ့ ဖင်ရွေ့ သွားပါတယ်။ သူ့အကြောင်းနဲ့သူပါ။ ကျွန်မကတော့ ဆောင့်ကြောင့်ထိုင်ပြီး ခူးပါတယ်။ လုံချည်ပေမှာ စိုးတာကိုး။ ကျွန်မကို ကြည့်ပြီး အဒေါ်နဲ့ ခရမ်းချဉ် ခါးလှည့်နေတဲ့ အမတွေက ရီပါတယ်။  သဘောက နင်အဲလို ကြာကြာ မထိုင်နိုင်ဘူးပေါ့။  အဲ… တကယ်လည်း ကြာတော့ ခြေထောက်က မခံနိုင်တော့ဘူး။ ကျွန်မလည်း အဒေါ်ထိုင်သလို ခြေပြစ်လက်ပြစ် ထိုင်ပြီး ခူးရတော့တာပါပဲ။  အပင်လေးတွေက သေးသေးလေးတွေမို့ အတော်ကို ခူးယူရပါတယ်။ တစ်ဇကောလုံး အပြည့်ခူးတာတောင်  ကြော်စားတော့ တပန်းကန်တောင် မရချင်ဘူး။  အဒေါ်က အပြောကောင်းသူမို့ သူ့ဟင်းနုနွယ်ကို ညွှန်းပါသေးတယ်။ ဘာတဲ့ “တကယ့် အာဟာရအပြည့် လတ်လတ်ဆတ်ဆတ်မို့  ဒို့တောက လူတွေ အားဆေးမလိုဘူး” ဆိုပဲ။ သူပြောတာလည်း ဟုတ်တော့ ဟုတ်နေတာပါ။ ဘာကြောင့်လဲဆို လတ်ဆတ်တဲ့ လေကိုရှု၊ လတ်ဆတ်တာတွေ စားကာ လတ်လတ်ဆတ်ဆတ် ကြီးပြင်းတဲ့ ဒေသဆိုတော့ လူတွေလည်း လတ်ဆတ်နေတာပါ။ ဘယ်လောက် အသက်ရှည်ကြလဲဆို (၈၀) ကျော်ထိ သန်မာတုန်း။ ရှုနာရှိုက်ကုန်း မရှိသလောက်။ ကျွန်မ အခုအရွယ်ပဲ ရှိသေးပေမဲ့ ကျွန်မအမေလို အလုပ်မလုပ် နိုင်ပါဘူး။ ဒါတောင်  အားဆေးလေး ဘာလေး မှီဝဲနေသေးတာ။ ကွာတော့လည်း ကွာပါတယ်။ ဟင်းနုနွယ်အကြောင်း ပြန်ဆက်ပါဦးမယ်။ အဲဒီတုန်းက ကိုယ်တိုင်ခူးပြီး ကြော်စားခဲ့ ဟင်းမို့ အခုထိ မမေ့ပါဘူး။ မြို့မှာတုန်းကလည်း ဟင်းနုနွယ် ကြော်စားတိုင်း သတိရတတ်ပြီး အခုလည်း လွမ်းဆဲပါ။ ပိုလွမ်းစေတာက  ဒီမှာ လုံးဝဝယ်လို့ မရလို့ပါ။ တခါတခါများ မစားရလို့  စိတ်စွဲလမ်းပြီး  အိမ်မက်များတောင် မက်သေး။ အဒေါ်နဲ့အတူ ရွာမှာ ဟင်းနုနွယ်ရွက်တွေ ခူးလို့ပေါ့။ ဒါပေမဲ့ တခါမှ ကျွန်မ မရခဲ့ပါဘူး။ အကြောင်း တခုမဟုတ် တခုကြောင့်  ဟင်းနုနွယ် မရပဲ လန့်နိုးခဲ့ရတာ အကြိမ်ကြိမ်မို့  “ငါ့နှယ်နော်   အိမ်မက်ထဲတောင် စားခွင့်မရပါလား”လို့  ခပ်ပေါက်ပေါက် တွေးမိပါတယ်။

ဒီမှာတော့ ဆောင်းတွင်းမှာပဲ မိုးရွာလို့ အခုလို ဆောင်းအကုန် နွေဦးရာသီမှာ အလေ့ကျ အပင်လေးတွေ ဟိုတစုဒီတစု စိမ်းစိမ်းစိုစိုပါ။ တနှစ်မှာ ခြောက်လနီးပါး ပူတဲ့ဒေသမို့ တကူးတက စိုက်ထားတဲ့ အပင်ကလွဲပြီး နေရာတိုင်း အမြဲလိုလို  ခြောက်သွေ့နေလို့ အခုလို အပင်စိမ်းစိမ်း မြင်တိုင်း မကြည့်ရ မနေနိုင်အောင် လျှောက်ကြည့်မိတာပဲ။ အဲဒီလို စပ်စပ်စုစု ကြည့်မိလို့  အခုတလော ဟင်းနုနွယ်ရောဂါ ပြန်တက်နေပါတယ်။ အကြောင်းရင်းကတော့ ကစားကွင်းသွားရာ လမ်းဘေး ဝဲယာနဲ့ ကစားကွင်း မြက်ခင်းအစပ်တွေမှာ ဟင်းနုနွယ်အရိုင်းပင်တွေ တွေ့နေရလို့ပါ။ ဈေးထဲမှာ တခါဆိုတခါမှ မတွေ့ရတဲ့ ရှားပါးပစ္စည်းမို့  အီး…ခူးချင်နေတဲ့  ကိုယ့်စိတ်ထဲက ပိုးမျိုးတထောင်ကို မနည်းသတ်နေရတယ်။ ဟင်းနုနွယ်အပင် စုစုလေးတွေ တွေ့တိုင်း “ယောက်ကျားရေ…ဟင်းနုနွယ်ပင်တွေ အများကြီးပဲ”လို့  မချင့်မရဲပြောတိုင်း “စိတ်လျှော့ စိတ်လျှော့ပါကွာ ရန်ကုန်ပြန်ရောက်မှ မင်းဖာသာမင်း တလလောက်ရက်ဆက်    ကြော်စားစမ်းပါကွာ”လို့ ဖျောင်းဖျ ရှာပါတယ်။ မတော် ဟင်းနုနွယ်နဲ့ အရွက်ဆင်တူတဲ့ မစားရတဲ့အပင်ဆို ကိစ္စချောမှာ စိုးလို့ပါလို့ နောက်ဆက်တွဲ ပြောတာမို့ စားချင်စိတ်ကို ချိုးနှိမ်ရင်း အပင်မြင်တိုင်း  ရန်ကုန်ပြန်ရောက်လို့ကတော့ နေ့တိုင်းကို မုန်းသွားတဲ့ထိ စားပြစ်မယ်လို့ စိတ်ကူးနဲ့သာ စားနေရပါတော့တယ်။

13 comments

  • MaMa

    June 28, 2011 at 12:01 am

    မှီရေ-ကိုယ်အလွယ်တကူရပြီး တန်ဖိုးထားရကောင်းမှန်း မသိတာတွေဟာ မရနိုင်တဲ့အချိန်ကျတော့ လွမ်းစရာလေးတွေ ဖြစ်လာတယ်။

  • bigcat

    June 28, 2011 at 2:17 am

    မမှီရေးတာတွေ ဖတ်ပြီး ဝက်အူချောင်းနဲ့ ကြက်ဥကျော်စား လိုက်အုံးမယ်။

  • shweminthar

    June 28, 2011 at 2:17 am

    အမ မှီရေ……
    အခွင့်အခါကြုံရင် အမ မှီ ချက်တဲ့ ထမင်း နဲ့ ဟင်း ကို စားချင်ပါတယ်။
    အပြင်မှာ တော်တော ်ဟင်းချက်ကောင်းမယ်ထင်တယ်။

  • weiwei

    June 28, 2011 at 2:53 am

    မှီ့လိုပဲ ရောဂါဖြစ်ခဲ့ဘူးတယ် …. ချဉ်ပေါင်ရွက်ရောဂါ … 🙂

  • antimoe

    June 28, 2011 at 3:39 am

    မှီ….ဝေ….
    ဂျပန်မှာ ဟင်းနုနွယ်နဲ့ ချဉ်ပေါင်…ကိုယ့်ဖာသာ..စိုက်စားတယ်။
    အဆောင်ဘေးက..မြေကွက်လပ်မှာ။
    ဝရံတာရှိရင်လည်း…စိုက်လို့ရတယ်။..အားနာစရာမလိုတော့ဘူးပေါ့။
    အလှစိုက်တဲ့..ငရုတ်ပင်ကို…အသီးစားဖို့ ဝယ်စိုက်တယ်။
    ငရုတ်သီးစိမ်းမရောင်းလို့လေ။

  • akswe

    June 28, 2011 at 4:55 am

    မှီ.နာမည် စကြား ကတည်းက အညာ သို.မဟုတ် မြေလတ်သူ ဖြစ်ရမယ် ဆိုတာ တထစ်ချတွက်ထားတာ..
    အဘွားတစ်ယောက်ရဲ့ နာမည် လည်း မှီ တဲ. သူတို.တွေက တစ်လုံးတည်း မှည့်ကြ အဖျားဆွတ် ခေါ်ကြတယ်
    စိတ်ကောင်းဝင်ရင် နာမည်ရှေ. (အ) တတ်ပြီး ခေါ်တယ် ဥပမာ -အပြုံး အလုံး အဝင်း စသည်ဖြင်. ပေါ.
    အဲ စိတ်တိုရင် တော. ငေါ.ပြီး (င) တတ် ခေါ်ကြတယ် ငမဲ ငလွင် ငထွန်း ..အဲဒီလို…
    မှီရေးတဲ.စာတွေ ဖတ်ပြီးရင် အိမ်လွမ်းတယ် အညာလွမ်းတယ် အမေ့ကိုလွမ်းတယ် ပြီးတော. မြန်မာစာ(အစား) ကိုလွမ်းတယ်။
    ကျွန်တော်က အညာ ရှမ်းနဲ့ အောက်ပြည် ဇာတိသုံးမျိုးနှောလို. အစားဆိုရင် တော်တော်များများသိတယ် စားဘူးတယ် ပြီးတော.ကိုယ်တိုင်လည်းချက်တတ် တယ်။
    သိပ်ငယ်တဲ.အရွယ် မှာ ရန်ကုန်သူ အဖွားနဲ.ကြီးပြီး မှ အဖေ အမေ တွေနဲ. ပြန် နေရတဲ. တော. ရောက်စမှာ ထမင်းမစားနိုင်ဘူး။
    အရည်ကျဲကျဲ ငြုပ်သီး အဖတ်လိုက် နဲ. ခရမ်းချဉ်သီး နိုင်းခြင်း ပြီးတော. တောင် ရော မြောက်ရော ရောနှော ထားတဲ.ဟင်းတွေ ကို မစားတတ်ဘူး။ ပုန်းရည်ကြီးဝက်သား၊ ပိတ်စွယ် ဇီးဖြူသီး ဝက်သား ငါးရေစပ်စပ် နံနံပင်မန်ကျီး စိမ်းထောင်း နဘတ်ချဉ် တွေ မကြိုက်တတ်ခဲ. မစားတတ်ခဲ.ဘူး။ မှီ ပြောသလို ခြံစည်းရိုး က အရွက် အညွန်. ဆူးပုတ် ပေါက်ပန်းဖြူကင်ပွန်းချဉ်ခံသီးမဲဇလိရွက်ဘူးညွန်စတာတွေခူးစားတာတွေ.တော…. ဟာ..မေမေ တို.က အမှိုက် တွေ စားနေ တယ်လို. ပြောမိလို. ဂျီးတို. မှီတို. (အဘွား)မိတို.ကဝိုင်းရီကြတယ်။
    အသက်ကြီးမှ စားလည်း စားတတ် ကြိုက်လည်း ကြိုက်တတ်လာတယ်။အခုတော. အဲဒါတွေကိုပဲလွမ်းနေမိတယ်
    မှီ. လိုပဲ ဘာဟင်းသီးဟင်းရွက် စားရမှန်းမသိလို. ဈေးသွားရင် စိတ်ညစ်ရတယ်။
    တစ်ခါတော. အိမ်နားက ပန်းသီးပင်မှာ သီးကင် တွေ တွေ.ရော ဘယ်ဘိုမှ မနေနိုင်တာနဲ. ခူးပြီး ငပိနဲ.ထောင်းစားကြည်.တာ မဆိုးဘူး နဲနဲ ချိုပြီး အစိမ်းနံ့ ရတာလွဲ ရင် စား ကောင်းသား။
    မဝေ ရဲ့ ရောဂါလိုပဲ ဖြစ်ဘူးတယ် ချဉ်ပေါင်စားချင်တာ ကိုယ်ဝန်ရှိနေသလိုပဲ အဲဒါ spinach (ဟင်းနုနွယ်ပါဘဲ) ဘူးနဲ.လာတဲ. ဟာကို မန်ကျီးသီး ငါးပိစိမ်းစား တွေနဲ. သောကောရောကော ဝိနာသန္တု လုပ် လိုက်တာ စားလို.ဖြစ်သွားတယ်။
    ကြိုက် တဲ.အစားချင်းတူပြီး ငတ်ရတာ တူလို. ကိုယ် ချင်းစာမိပါတယ် ဆိုတာ ပြောရင်း နောက်ပိုစ်. တွေ ကို သွားရေကျနေမယ်ဗျာ။

  • moethidasoe

    June 28, 2011 at 6:05 am

    တို့ မြန်မာ့သမိုင်းမှာ ဟင်းနုနွယ်နဲ့ နာမည်ကျော်ခဲ့တဲ့လူ ရှိတယ် မှတ်မိကြသလား ..
    ဟိုတုန်းက မြန်မာစာ သင်ရိုးမှာ ပါခဲ့တယ် ..
    မုတ္တမ မြို့ကို တည်ထောင်ခဲ့သူပါ ..
    လျှို့ဝှက်ထားချင်ပေမယ့်လဲ အပြီးတိုင် ရေးလိုက်ပါတော့မယ် .. သိပြီးသားသူတွေ မေတ္တာပို့ကြပါစေ ..
    အသေးစိတ် အတိအကျ မမှတ်မိပေမယ့် မှတ်မိသလောက်လေး ဖော်ပြချင်လို့ပါ

    မဂဒူး ဆိုရင် မှတ်မိပါသလား ..
    သူ ဈေးထဲမှာ ဟင်းနုနွယ် မျိုးစေ့တွေ ဝယ်ချင်ပေမယ့် လက်ထဲမှာ ငွေက များများစားစား မရှိ ..
    ဒီတော့ ဈေးသည်ကို ပြောတယ် .. သူ့ ပါတာ ငွေက ဒီလောက်ပဲ ရှိတယ် .. ဘယ်လောက် ရနိုင်မလဲ တဲ့ ..
    ဈေးသည်က မင်း လက်ညှိုးပေါ် တင်သလောက်တော့ ယူပေါ့ ကွာ .တဲ့ .. လက်ညှိုးပေါ် တင်သလောက် ဆိုတဲ့အတွက် အတော် နည်းနည်းပဲ ပေးရမယ် လို့ ထင်ထားတယ်ပေါ့ ..
    မဂဒူးက လက်ညှိုးကို တံတွေး ဆွတ်ပြီး မျိုးစေ့ပုံထဲ ထိုးထည့်လိုက်တော့ တံတွေးကြောင့် လက်ညှိုးပေါ်မှာ မျိုးစေ့တွေ အများကြီး ပါသွားတာပေါ့ .. ဒါနဲ့ စိုက်ပျိုးရေး လုပ်လိုက်တာ ငွေ အတော်များများ ရလာတယ်
    (မသေချာတော့တဲ့ အပိုင်း ရောက်လာပြီ)
    အဲဒီအချိန်မှာ ပညာရှိတစ်ယောက်ကို တွေ့တာလား .. ဘာလားတော့ မသိတော့ပါ
    ပညာရှိ (ထားလိုက်ပါတော့) ဒီကောင်လေး မင်း ဘယ်လောက်တတ်နိုင်သလဲ .. မင်း အရပ်အတိုင်းအတာလောက်ရှိတဲ့ ငွေနဲ့ တင်ပေးမှ ငါ သင်ပေးနိုင်မယ် လို့ ပြောတဲ့ အခါ
    အနားမှာ ရှိတဲ့ သူ့ အရပ်လောက်ရှိတဲ့ တောင်ပို့ပေါ် ပါလာတဲ့ အသပြာထုတ်ကို တင်ပြီး ပူဇော်လိုက်တော့ .. ပညာရှိကြီးက ဒီသူငယ် ရှေ့ရှောက် ကြီးပွားဦးမယ် လို့ မှတ်ချက်ပြုသတဲ့ ..
    အဲဒီသူငယ်လေးက နောင် မုတ္တမ မြို့ တည်တဲ့ မဂဒူး ဖြစ်လာတယ် တဲ့ (ဟင်းနုနွယ် မျိုးစေ့က စလိုက်တာလေ)
    လက်ရှိ post ပိုင်ရှင်တော့ ဘယ်လို သဘောထားမလဲ မသိ .. ဟင်းနုနွယ်ကြောင့် ရေးမိတာပါ

  • hmee

    June 28, 2011 at 6:46 am

    မမရေ လွမ်းတာတွေများ များလွန်းလို့ စာရေးရင် ပို့စ် တထောင်လောက်မယ် မထင်။ 🙂 ဦးကြောင်ကြီးရေ လွမ်းရတဲ့အထဲမှာ ဝက်အူချောင်းလည်းပါတယ်။ ဟင်းချက်ကတော့ မကောင်းပါဘူး စားဖြစ်ရုံပါ။ ကြုံလို့ စားချင်တယ်ဆို ကျွေးပါမယ်။ ဒါပေမဲ့ ကုန်အောင်တော့ စားရမယ်။ 🙂 မဝေရေ ဒီမှာက ချဉ်ပေါင်နဲ့ အရသာ တူတဲ့ အရွက်တမျိုးရှိတယ်။ မုန်လာရွက်လိုပဲ အရမ်းစားရင်တော့ ဗိုက်နာတယ်။ အဲဒီအရွက် ဝယ်တာနဲ့ ဆိုင်ရှင်က ဗမာမှန်းတန်းသိတယ်။ အရသာတူတာ ဝယ်လို့ ရနေလို့ ချဉ်ပေါင်ကို ဒီလောက်မလွမ်းဘူး။ အန်တီမိုးရေ ဒီကမြေတွေက ပြောရရင် ကြပ်တီးမြေတွေ ဖြစ်မယ် ဘာပင် စိုက်စိုက် မရှင်ဘူး။ ဘယ်လို စိုက်စိုက် ပေါက်တဲ့ စပါးလင်တောင် မရှင်ဘူး။ နေက အရမ်းပြင်းတယ်လေ။ အဘဆွေရေ ခံစားချက်တူသူတွေမို့ နားလည်လို့ ရတယ်နော်။ တခါက အိမ်ဘေး ခြံက အပင်ကို စပ်စုတာ သံပရိုပင်ကတော့ သေချာတယ် အရွက်အနံကို သိချင်တာလေ။ တခါတလေ စားချင်စိတ်ပေါက်လာရင် တို့ဟူး ကျိုစားတယ်။ အဲဒါကလည်း ရှောက်ရွက်လေးနဲ့မှ မွှေးပြီး လိုက်ဖက်တာလေ။ ရှောက်ရွက်က ဘယ်လာ ဝယ်လို့ ရမလဲ။ လူလစ်တုန်း အရွက်ခူး နမ်းကြည့်တော့ ရှောက်ရွက် အနံရတယ်။ ဝမ်းသာလိုက်တာ ပြောမပြတတ်အောင်ပဲ။ နောက်ဆို အရွက်နုမြင်တာနဲ့ ခူးတာပဲ။ ဘယ်တော့ ရဲတိုင်ခံရမလဲ မပြောတတ်ဘူး။ 🙂

  • hmee

    June 28, 2011 at 6:55 am

    မမိုးသီတာစိုးရေ သိတော့သိပေမဲ့ မေ့နေတာလေးတွေပါ။ အခုလို ပြောပြလို့ ကျေးဇူးပါ။ မှီက စာဖတ်ရင် သမိုင်းတွေ၊ အထ္ထုပ္ပတိတွေ၊ ဝတ္ထုတိုတွေ ဖတ်တာတွေ ပိုအားသန်တယ်။ ဆရာမကြီး မတင်ဝင်း စာအုပ်တွေဆို အလွတ်မပေးပဲ ဖတ်တာများတယ်။ စာဖတ်တယ် ဆိုလည်း စာအုပ်ကိုကိုင် အိပ်ရာမှာ ပက်လက်လေး အိပ်ပြီး သေချာ ဖတ်တာ။ မရှင်းရင် နောက်ပြန်လှန်ဖတ်ပေါ့။ အင်တာနက်ကနေ ဖတ်တာဆိုတော့ ဖီးလ်မလာလို့ အခုတလော စာငတ်နေတယ်။

  • padonmar

    June 28, 2011 at 2:17 pm

    မှီရေးရေးနေတဲ့ နွေပဲဆိုတာ ဘာပဲကိုခေါ်တာလဲ။အညာအခေါ်အဝေါ်ကို နားမလည်လို့ပါ။
    ခြောက်ရွက်ဆိုတာကရော ရှောက်ရွက်လား။

  • nature

    June 28, 2011 at 4:22 pm

    ကျနော်ကတော့ ငယ်ငယ်တည်းက အရွက်မစားဘူး။ အသုတ်စားရင် ကြက်သွန်နီတွေကို တဖတ်မကျန် လျှာကသိပြီးရွေးထုတ်တယ်။

  • hmee

    June 28, 2011 at 5:53 pm

    padonmar ရေ အညာအခေါ် နွေပဲသီးကို ရန်ကုန်မှာ ပဲပုစွန်သီးလို့ ခေါ်တယ်။ ရှောက်ရွက်ရေးတာပါ။ စာလုံးပေါင်းမှားတာ ပြင်လိုက်ပြီနော်။ 🙂 ကျေးဇူးပါ။

  • ဆူး

    June 29, 2011 at 1:36 pm

    ပုဂံ အလည်သွားတုန်းက ဘူဖေး ဆိုင်မှာ ဟင်းနုနွယ် သုတ် တော်တော် စားလို့ ကောင်းတယ်။

Leave a Reply