ဘုရားရှင်၊ အာနန္ဒာ နှင့် ရေပြဿနာ (၂)

ashinindakaAugust 16, 20112min2396

ဒီမဟာပရိနိဗ္ဗာနသုတ်တော်ကို မှီးပြီး
မဟာဂန္ဓာရုံဆရာတော်ကြီးရေးထားတဲ့
သီတဂူဆရာတော်ဟောထားတဲ့ နောက်ဆုံးဆယ်လမြတ်ဗုဒ္ဓဆိုတာ
မြတ်စွာဘုရားရဲ့ နောက်ဆုံးဝါ နောက်ဆုံးနှစ်အကြောင်းကို မှတ်တမ်းတင်ထားတဲ့သုတ်တစ်သုတ်ဖြစ်တယ်ဆိုတာ ဖော်ပြခဲ့ပြီးပြီ။

ဒါနဲ့စပ်လို့ အသက် (၃၅) နှစ်အရွယ်မှာ ဘုရားဖြစ်ပြီး
ဘုရားအဖြစ်နဲ့ (၄၅) ဝါ တိုင်တိုင် နေထိုင်သွားခဲ့တဲ့နေရာအစဉ်
ဝါတော်အစဉ်ကို သိထားသင့်လို့
ဖျာပုံဆရာတော်ရေးထားတဲ့ သုတေသနသရုပ်ပြအဘိဓာန်ထဲက
ဘုရားရှင်ဝါတော်စဉ်ရေးသားထားတာကို ကူး ဖော်ပြလိုက်ပါတယ်။

၄၅ နှစ်အတွင်း ၁ရ နေရာ ဘုရားရှင် ပြောင်းရွေ့နေထိုင်ခဲ့ပါတယ်။

(၁) ဗာရာဏသီပြည် မိဂဒါဝုန်တော နန္ဒိယ ဝိဟာရ၌ ပဌမဝါဆိုသည်၊
(၂) ရာဇဂြိုလ် ဝေဠုဝန်ကျောင်း၌ဒု,တ,စ, ပေါင်း၃-ဝါ၊
(၃) ဝေသာလီပြည် မဟာဝုန်ကျောင်း၌ ပဉ္စမဝါ၊
(၄) ရာဇဂြိုလ် မကုဠတောင် ချယားတော၌ ဆဋ္ဌမဝါ၊
(၅) တာဝတိံသာ ပင်လယ်ကသစ်ပင်ရင်း၌ သတ္တမဝါ၊
(၆) ဘဂ္ဂတိုင်း သံသုမာရတောအုပ်၌ အဋ္ဌမဝါ၊
(၇) ကောသမ္ဗီပြည် ဃောသိတာရုံကျောင်း၌ နဝမဝါ၊ (၉-ဝါမြောက်)
(၈) ၎င်းပြည် ပလလည်းတော အင်ကြင်းပင်အောက်၌ ဒသမဝါ၊ (၁၀-ဝါမြောက်)
(၉) ဗြဟ္မဏဂါမ နာလိကာရုံကျောင်းတော်၌ ဧကာဒသမာဝါ၊ (၁၁-ဝါမြောက်)
(၁၀) ဝေရဉ္စရာပုဏ္ဏားရွာ တမာပင်ရင်း၌ ဒွါဒသမဝါ၊ (၁၂ – ဝါမြောက်)
(၁၁) ဇာလိယတောင်၌ ၁၃-ဝါမှာတကြိမ်, ၁၈-နှင့် ၁၉-ဝါမှာ တကြိမ် ပေါင်း ၃ဝါ၊
(၁၂) သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ ၁၄-ဝါမှာ တကြိမ်, ၂၁-ဝါမှ ၄၄-ဝါထိတကြိမ်ဆို၊ ပေါင်း ၂၅-ဝါ၊
(၁၃) ကပ္ပိလဝတ်ပြည် နိဂြောဓာရုံကျောင်း၌ ပန္နရသမဝါ၊ (၁၅ – ဝါမြောက်)
(၁၄) အာဠဝီပြည် မဟာဝုန်တော၌ သောဠသမဝါ၊ (၁၆ – ဝါမြောက်)
(၁၅) ရာဇဂြိုလ်ပြည်နယ် နလန္ဒရွာ သာရီပုဏ္ဏေးမကြီးကျောင်း၌ သတ္တရသမဝါ၊ (၁ရ – ဝါမြောက်)
(၁၆) ၎င်းင်းနယ် ဂိဇ္ဈကုဋ်တောင်၌ ဝီသတိမဝါ၊ (ဝါ-၂ဝ မြောက်)
(၁၇) ၄၅-ဝါမြောက်နောက်ဆုံး ဝေဠုဝရွာ၌ ဝါဆိုတော်မူသည်။

အထက်တစ်နေရာမှာ ဖော်ပြခဲ့သလို ဒီသုတ်တော်ထဲမှာ
ဓမ္မရေးသာမက လောကရေးတွေကိုပါ ဘုရားရှင် ဟောကြားထားတာတွေ့ရတယ်။

ရာဇရေးနဲ့ပတ်သက်လို့
ရှင်ဘုရင်တို့အတွက် ကြီးပွါးရေးလမ်းညွှန်ချက် (၇) မျိုးကို တွေ့ရမှာ ဖြစ်သလို

သာသနာရေးနဲ့ပတ်သက်ပြီး
ရဟန်းတော်တို့အတွက် ကြီးပွါးရေးလမ်းညွှန်ချက် (၇)မျိုးတို့ကိုလဲ မှတ်သားဖွယ်တွေ့ရပါတယ်။

ဒါ့အပြင် ဓမ္မရေးနဲ့ပတ်သက်ပြီး
သီလစောင့်ထိန်းသူနှင့် သီလချိုးဖောက်သူတို့၏ အကျိုးအပြစ်တို့ကို
ရှင်းရှင်းလင်းလင်းဖော်ပြထားတာကို တွေ့ရပါသေးတယ်။

ဒါတင်မကပါဘူး။
လောကီရေးနှင့်ပတ်သက်ပြီး ပါဋလိပုတ်ပြည် တည်ခြင်းအကြောင်းတို့ကို
ဒီသုတ်ထဲမှာ ဖတ်ရမှာဖြစ်ပြီး
လောကုတ္တရာရေးရာ သစ္စာလေးပါးတရားတို့ကိုလဲ တပြိုင်နက်ထဲ တွေ့ရမှာ ဖြစ်ပါတယ်။

ခြုံပြီးပြောရရင် ရှည်လျှားတဲ့သုတ်တော်များကို စုစည်းထားတဲ့
ဒီဃနိကာယ်ထဲမှာ ပါဝင်တဲ့ ဒီသုတ်တော်ကို
အရေးအသားကောင်းတဲ့ မဟာဂန္ဓာရုံဆရာတော်ကြီးက ရေးသားထားပြီး
အဟောအပြောကောင်းတဲ့ သီတဂူဆရာတော်ကြီးက ဟောပြောထားတာဆိုတော့
အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၊ ကုလားကျောင်းလေးမှာ
အရုဏ်ဆွမ်းဘုန်းပေးရင်း
နားထောင်ခဲ့ရတာ  (ဆွမ်း၊ ဆွမ်းဟင်းတွေ မကောင်းခဲ့ပေမဲ့)
စိတ်အင်မတန် ကြည်နူးနေခဲ့ရပါတယ်။

ဒါပေမဲ့ တရားတော် တစ်နေရာအရောက်မှာတော့
သဘောမကျစရာ သဘောမတူနိုင်စရာ အချက်ခလေးတစ်ခုကြားလိုက်ရလို့
အဲ့ဒါလေးကို ခရီးဖော်ဖြစ်တဲ့
ဒေါက်တာနန္ဒက (ယခု ကိုးရီးယားမှာ သီတင်းသုံး) ကို ပြောပြဖြစ်ပါတယ်။

တရားတော်အစဉ်က ဒီလို။

ဘုရားရှင် ၄၅ ဝါမြောက်ဖြစ်တဲ့ နောက်ဆုံးဝါဆိုတဲ့နေရာက ဝေဠုဝရွာ၊
ဘုရားရှင်နဲ့ နောက်ပါသံဃာများ
ဝေဠုဝရွာမှ ဝေသာလီပြည်၊ စာပါလစေတီကို ခရီးဆက်ပါတယ်။
စာပါလစေတီမှ ဝေသာလီပြည် မဟာဝုန်တော၊
အဲ့ဒီကနေပြီး ရွာအသီးသီးဖြတ်ကျော်ကာ
ဘောဂမြို့ကို ရောက်တယ်။
ထိုမှ
ပါဝါပြည်သို့ ဆက်လက် ကြွချီပါတယ်။

ကဆုန်လဆန်း ၁၄ရက် ညနေစောင်းအချိန် ပါဝါပြည်ကို ရောက်တယ်။

ပါဝါပြည် စုန္ဒဆိုတဲ့ ရွှေပန်းတိမ်သည်ပိုင်တဲ့
သရက်တောဥယျာဉ်ကြီးတွင် သီတင်းသုံးနေတော်မူတယ်။
စုန္ဒက ဘုရားရှင်နဲ့ သံဃာတော်များကို ဆွမ်းဆက်ကပ်လိုကြောင်း လျှောက်တယ်။
ဘုရားရှင်လက်ခံတော့ စုန္ဒ ဆွမ်းခဲဘွယ် ဘောဇဉ်ပြင်ဆင်တော့တယ်။
စုန္ဒစီမံသော အစားအစာများထဲတွင် သူကရမဒ္ဒဝ လို့ခေါ်တဲ့ ဟင်းတစ်မျိုးပါလာတယ်။
ဒီနေ့ဒီအချိန်ထိ ဒီစုန္ဒရဲ့ သူကရမဒ္ဒဝ ဟင်းကို ဘာဟင်းလဲဆိုတာ
တိတိပပ မသိရသေးဘူး
သူကရမဒ္ဒဝဟင်းကို အဋ္ဌကထာများမှ (၅)မျိုးကွဲပြားနေတယ်။
(၁) မကြီးမငယ် ဝက်သားစားဖွယ်
(၂) မှိုစားဖွယ်
(၃) မျှစ်စားဖွယ်
(၄) နွားနို့အရသာ ငါးမျိုးဖြင့် စီမံထားသော စားဖွယ်
(၅) ဆေးတို့ဖြင့် စီမံထားသောစားဖွယ် တဲ့။
အမျိုးမျိုးဆိုကြတယ်။

ဒီစုန္ဒကပ်တဲ့ ဆွမ်း ဆွမ်းဟင်းတို့ကို ဘုန်းပေးပြီး
ဘုရားရှင် ပရိနိဗ္ဗာန်စံဝင်လောက်အောင်
ပြင်းထန်သော သွေးဝမ်းလွန်သော ရောဂါဖြစ်တယ်။
ဒီရောဂါဝေဒနာနဲ့ အားအင်လျော့ကျနေပေမယ့်
ခရီးဆက်ဖို့ အရှင်အာနန္ဒအား ပြောပါတယ်။

ပါဝါပြည်မှ (၆) မိုင်ခန့် ဝေးကွာသော ကုသိနာရုံပြည်သို့ ခရီးဆက်ပြန်တယ်။
အချိန်က ကဆုန်လပြည့်နေ့၊ နွေခေါင်ခေါင်။
တကယ်တော့ ဘုရားရှင် ပင်ပန်းနေတဲ့ကြားက
ကုသိနာရုံသို့ ကြွတော်မူရခြင်းမှာ အကြောင်းရှိတယ်။

ပါဝါပြည်မှ (၆) မိုင်ခန့် ဝေးကွာသော ကုသိနာရုံပြည်သို့ ခရီးဆက်ပြန်တယ်။
အချိန်က ကဆုန်လပြည့်နေ့၊ နွေခေါင်ခေါင်။
တကယ်တော့ ဘုရားရှင် ပင်ပန်းနေတဲ့ကြားက
ကုသိနာရုံသို့ ကြွတော်မူရခြင်းမှာ အကြောင်းရှိတယ်။

အသက်ရှစ်ဆယ်ရှိနေပြီဖြစ်တဲ့ဘုရားရှင်
ရောဂါဝေဒနာကလဲ နှိပ်စက်၊
ရာသီဥတုကလဲ ပူလောင်နေတဲ့ကြားက
ပါဝါပြည်ကနေ ကုသိနာရုံကို ကြွချီတော်မူပါတယ်။

အကြောင်းက ကုသိနာရုံမှာရှိတဲ့ သုဘဒ္ဒပရိဗိုဇ်ကြီးကို တွေ့ချင်လို့တဲ့။
ဘုရားရှင်ပရိနိဗ္ဗာန်စံခါနီး ပရိနိဗ္ဗာန်မစံခင်
သူဟောကြားလိုက်တဲ့တရားကို နာကြားလိုက်တဲ့အခါ
သုဘဒ္ဒပရိဗိုဇ်ကြီးကို တရားထူးသိမြင်မည့် အကျိုးစီးပွါးကို မြင်တော်မူလို့
ကုသိနာရုံကိုဆက်ကြွရတာပါ။

ဆက်ကြွရင်း လမ်းခုလတ်တစ်နေရာမှာ ဘုရားရှင် ပင်ပန်းလွန်းလို့
သစ်ပင်ရိပ်ချဉ်းကပ်ပြီး အလုပ်အကျွေးဖြစ်တဲ့ ရှင်အာနန္ဒာကို
“အာနန္ဒာ၊
ငါဘုရား၏ နှစ်ထပ်သင်္ကန်းကြီးကို လေးထပ်ခေါက်ပြီး ခင်းပါလော့၊
ငါဘုရား ပင်ပန်းလို့ ထိုင်တော်မူအံ့” လို့ပြောပါတယ်။

လမ်းခရီးမှာ မောပန်းလွန်းလို့ ပါလာတဲ့သင်္ကန်းကို ခပ်ထူထူလေးခေါက်ခိုင်းပြီး
ခင်းခိုင်းကာ အနားယူတော်မူလိုတဲ့ ဘုရားရှင်ကို မျက်စိထဲမှာ မြင်ယောင်ပြီး
အလွန့်ကို ဝမ်းနည်းမိတယ်။

ဘုရားရှင်က ခင်းပေးတဲ့ သင်္ကန်းခေါက်လေးပေါ်ထိုင်ပြီး
“အာနန္ဒာ၊ ငါဘုရားအတွက် သောက်တော်ရေလေးတခွက် ဆောင်ယူပေးစမ်းပါ” လို့ဆက်ပြောပါတယ်။

နွေရာသီကြီးခရီးသွားနေရတာဆိုတော့ ဘုရားရှင် ရေဆာမှာပေါ့။

ကံအားလျှော်စွာ အနီးအနား မြစ်ကလေးရှိလို့ တော်ပေသေးတယ်။
ဒါပေမဲ့ နွေရာသီဆိုတော့ ရေအတော်နည်းနေတယ်။
ခရီးသွားလှည်းသားငါးရာက မြစ်ထဲ ဖြတ်မောင်းထားတာဆိုတော့
ရေကနောက်ပြီး အနယ်ထနေတယ်။

ဒါ့ကြောင့် ရှင်အာနန္ဒာက
“အရှင်ဘုရား အနီးအနားမှာရှိတဲ့ မြစ်ထဲက ရေတွေက နောက်ကျုနေပါတယ်ဘုရား၊
ဟိုရှေ့နားမှာ ကကုဓာဆိုတဲ့ မြစ် ရှိပါသေးတယ်ဘုရား၊
အေးမြတဲ့ရေ ရနိုင်ပါလိမ့်မယ်။ သန့်ရှင်းတဲ့ရေ ရနိုင်ပါလိမ့်မယ်၊
ဆိပ်ကမ်းကလဲ သာယာပါတယ်။ အဲ့နေရာရောက်မှ
အရှင်ဘုရားကို ရေကြည်ရေချမ်းကပ်ပါရစေ လို့
ပြန်လည်လျှောက်တင်ပါတယ်။

ဘုရားရှင်ရေဆာလွန်းတော့ ရှင်အာနန္ဒာကို ဒုတိယအကြိမ် ရေခပ်ခိုင်းပြန်ပါတယ်။
ရှင်အာနန္ဒာကြီးကလဲ အရင်အတိုင်းပဲ ပြန်လည်လျှောက်တင်ပါတယ်။

တတိယအကြိမ်ထပ်မိန့်မှ
ရှင်အာနန္ဒာက သပိတ်ကို ယူကာ မြစ်ဆီသို့ အပြေးကလေးထွက်သွားတယ်။

မြစ်ထဲကရေကို ခပ်ယူမယ်လဲလုပ်ရော
မြစ်ထဲရှိရေတွေ အနယ်ထိုင်ပြီး ကြည်လင်သွားတယ်တဲ့။
ရှင်အာနန္ဒာကလဲ ဒီလိုရေကြည်သွားတဲ့အတွက်
ဘုရားရှင်ရဲ့တန်ခိုးတော်ကို အတော်အံ့ဩသွားသတဲ့။

မြစ်ထဲကကြည်လင်လာတဲ့ရေကို ခပ်ယူပြီး
ဘုရားရှင်ကို ကပ်ပါတယ်။
နယူးဒေလီ၊ ကုလားကျောင်းမှာ အရုဏ်ဆွမ်းဘုန်းပေးကာ
နောက်ဆုံးဆယ်လ မြတ်ဗုဒ္ဓတရားတော်ကို နားထောင်နေရင်း
ဒီနေရာလဲရောက်ရော ဘဝင်မကျတာလေးတွေ့လို့
အတူသွား အတူလာဖြစ်တဲ့ ဒေါက်တာအရှင်နန္ဒကကို
“မြတ်စွာဘုရားရဲ့ တန်ခိုးတော်ကြောင့် မြစ်ထဲက နောက်ကျုနေတဲ့ရေတွေ
ကြည်လင်လာတယ် ဆိုတဲ့စကားကို လက်ခံပါသလား” လို့မေးမိပါတယ်။

သူက လက်ခံပါတယ်တဲ့။
စာထဲမှာလဲ ဒီလိုပဲ ပြောထားတာပဲ တဲ့။

ဘုရားရှင်မှာ တန်ခိုးရှိတယ်ဆိုတာကို လက်ခံပေမဲ့
ဘုရားရှင်တန်ခိုးတော်ကြောင့် နောက်ကျုနေတဲ့ရေတွေ
ကြည်လင်လာရတယ်ဆိုတာကတော့ စဉ်းစားစရာဖြစ်နေကြောင်း၊

ဘုရားရှင်ရဲ့ တန်ခိုးတော် ဘုန်းတော်လို့ပြောမဲ့အစား
ဘုရားရှင် ရေအင်မတန်ဆာနေတာကို ရှင်အာနန္ဒာသိလို့
မဖြစ်မနေရေကို ခပ်ယူရတော့မည်ဖြစ်ကြောင်း၊

ပရိက္ခရာရှစ်ပါးထဲမှာ အပါအဝင်ဖြစ်တဲ့ ရေစစ်ကိုလဲ
သပိတ်နည်းတူ သွားလေရာ ယူဆောင်သွားတဲ့အလေ့ရှိလေတော့
ပါလာတဲ့ရေစစ်နဲ့ သေချာစစ်ပြီး ခပ်ယူလို့
ကြည်လင်သန့်ရှင်းတဲ့ရေ ရလာတာဖြစ်ကြောင်း၊

ဒီလို စဉ်းစားတာဟာ အင်မတန်ယုတ္တိရှိပြီး
ရှင်အာနန္ဒာရဲ့ ဘုရားရှင်အပေါ်ထားရှိတဲ့
စေတနာ၊ မေတ္တာတွေကို ဖော်ပေးရာရောက်ကြောင်း၊
အသိအမှတ်ပြုရာရောက်ကြောင်း
ပြောဖြစ်ပါတယ်။

ဒီအဖြစ်အပျက်က ၂၀၀၄ – ခုနစ်လောက်ကပါ။

အချိန်တွေသာကြာညောင်းလာပေမဲ့
ကိုယ်စဉ်းစားတွေးခေါ်မှုအပေါ် ဘယ်ဆရာတော်ကြီးထံကမှ ထောက်ခံမှု မရခဲ့ပါဘူး။
ပါဠိတော်၊ အဋ္ဌကထာတို့မှာက ကိုယ်စဉ်းစားတွေးခေါ်ချက်မျိုး စိုးစိမျှ မပါဘူးကိုး။

မလေးရှားနိုင်ငံမှာ ဗုဒ္ဓဘာသာကလေးငယ်တွေအတွက်
Nalanda Institute ဆိုတဲ့ ပညာသင်ဌာနလေးရှိတယ်။
အတော်စနစ်ကျတယ်။

နှစ်စဉ်နှစ်တိုင်း ဗုဒ္ဓဘာသာလူမျိုးတွေစုပေါင်းပြီး
နာမည်ကြီးဗုဒ္ဓဘာသာရေးခေါင်းဆောင်တွေကို ဖိတ်ကြားကာ
ဟောပြောပွဲလုပ်လေ့ရှိတယ်။

၂၀၀၈  ဒီဇင်ဘာလတုန်းက အဲ့ဟောပြောပွဲကို တက်ဖြစ်တယ်။
ဟောပြောပွဲမှာ ဟောပြောပေးမဲ့ပုဂ္ဂိုလ်တွေထဲမှာ
အမေရိကမှာ သီတင်းသုံးနေတဲ့
သီဟိုဠ်ဘုန်းကြီးတစ်ပါးပါလာတယ်။
Mindfulness In Plain English ဆိုတဲ့စာအုပ်နဲ့ နာမည်ရလာတဲ့ဘုန်းကြီး။
ဘွဲ့က Ven. H. Gunaratana တဲ့။

သူဟောပြောတဲ့ထဲမှာ ခုနက ရှင်အာနန္ဒာက ဘုရားရှင်ကို ရေကပ်တဲ့အကြောင်းပါလာပြီး
ရေနောက်ကျုရာက ကြည်လင်သန့်ရှင်းလာတာဟာ
ဘုရားရှင်ရဲ့ တန်ခိုးတော်ကြောင့်မဟုတ်ကြောင်း ထည့်ပြောပါတယ်။
ကိုယ်နဲ့ဒီဘုန်းကြီးအယူအဆ ဒီနေရာမှာ တူပြီဟေ့ဆိုပြီး
စိုက်နေတဲ့ခေါင်းထောင်လာပါတယ်။
အာရုံပိုစိုက်ပြီး နားထောင်ဖြစ်ပါတယ်။

သူဆက်ပြောတာက
ပထမတစ်ကြိမ် ဘုရားရှင် ရှင်အာနန္ဒာကို ရေခပ်ခိုင်းတုန်းက
ကုန်သည်လှည်းငါးရာဖြတ်ပြီးခါစဖြစ်လို့ ရေ အမှုံထနေကြောင်း၊
အနယ်ထနေကြောင်း၊
ဒါပေမဲ့ ဘုရားရှင်တတိယအကြိမ်ခိုင်းတဲ့အချိန်မှာ
အချိန်အနည်းငယ်ကြာသွားပြီးဖြစ်လို့
မြစ်ရေဟာလဲ စီးဆင်းနေတာဖြစ်လို့ ကြည်လင်နေပြီဖြစ်ကြောင်း
ယုတ္တိရှိရှိပြောသွားပါတယ်။

ကိုယ်လဲ ဒီတော့မှ ဟုတ်လိုက်လေ လို့ စိတ်ထဲက ရေရွတ်ပြီး
ရှင်းသွားပါတော့တယ်။
စာထဲမှာ မပါပေမဲ့ လက်ခံသင့် လက်ခံရပါမယ်။

ဘုရားရှင်ကိုယ်တိုင်ပြောခဲ့တဲ့
မာပိဋကသမ္ပဒါနေန – စာပေကျမ်းဂန်နဲ့ညီညွတ်တယ်ဆိုတာလောက်နဲ့
အတည်မယူနဲ့ဆိုတာနဲ့လဲ ကိုက်ညီပါတယ်။

6 comments

  • kai

    August 16, 2011 at 10:27 am

    သာဓုပါအရှင်ဘုရား..။ သာဓု၊ သာဓု..သာဓုပါ..။

  • ကြောင်ကြီး

    August 16, 2011 at 10:40 am

    မိချောင်းမင်းရေခင်းပြ၊ နွားလားဥဿဘရှေ့ထွန်ကြူး၊ ဘီလူးမင်းရှေ့သွားဖြဲခြောက်၊ နဂါးမင်းရှေ့မျက်စောင်းထိုး၊ တပ်ချုပ်ကြီးရှေ့မျိုးချစ်စိတ်ထက်သန်ရေးစကားပြောတယ်လို့ မထင်စေလိုပဲ ရိုးရိုးသားသား ထင်မိမြင်ရာကို လျောက်တင်ပါရစေဖလ…။
    ဗုဒ္ဓဝါဒ အရာရာမှာ အကြောင်းအကျိုးနှစ်မျိုးပဲရှိတယ်လို့ လက်ခံရင် အတိတ်ဘဝ နွားသားပေါက်ဘဝနဲ့ မိခင်နွားမကြီးရေသောက်တာကို နှောက်ယှက်မိတဲ့ ဝဋ်ကျွေးဆပ်ရတယ်၊ ဘုရားရှင်ရဲ့ အဆီးအတား ပိတ်ပင်ခြင်းမရှိတဲ့ ညဏ်တော်၊ဘုန်းတော်၊ တန်ခိုးတော်ကြောင့် ရေကြည်လင်သွားတယ်ဆိုတာ သင်္ကမကင်းဖြစ်ရန်မရှိပါ။
    မယုံကြည်သူ လူသားဝါဒီများပြောသလို သူ့သဘောသူဆောင် ဝဋကျွေးမဟုတ်ဘဲ ကြောင်းကျိုးတိုက်ဆိုင်လို့ ဖြစ်တယ်ဆိုလဲ ငြင်းဖွယ်ရာမရှိပါ။ သို့ပေမဲ့ ယုတ္တဗေဒဆန်ဆန် ပြန်ပြောကြေးဆို တကယ်နောက်ကျိနေတဲ့ရေကို ရေစစ်နဲ့စစ်လို့ ကြည်လင်သန့်ရှင်းတဲ့ရေအဖြစ် ရောက်သွားမယ်မထင်ပါ။
    ဒီပြဿနာ ကြီးထွားစေခြင်းရဲ့ အရင်းခံသည် ရေနောက်မနောက် ဝဋ်ကျွေးဟုတ်မဟုတ် ဆိုခြင်းထက် များစွားပိုကြောင်း တရားစာပေ ဗဟုသုတရှိသူများ သိပါတယ်။ ပစ္စုပ္ပန်ဝါဒီဆန်လွန်းပြီး မျက်မြင်ကိုယ်တွေ့ လက်လှမ်းမှီရာ ညဏ်မှီရာကိုသာ အမှန်အဖြစ် ပြောင်းလဲပြင်ဆင်ရန် ကြိုးစားနေခြင်းများကိုတော့ အလွန်အကြူး ဖော်ကျူးဖွဲ့ဆိုခြင်းများနှင့်အတူ ဗုဒ္ဓတရား၊ ထေရုပတ္တိကို ထင်ဟပ်စေတယ်လို့ မသတ်မှတ်နိုင်ပါကြောင်း…။

  • မိုက်ကယ်ဂျော်နီအောင်ပု

    August 16, 2011 at 4:11 pm

    ကိုကြောင်ကြီးခင်ဗျား
    ဘုန်းတော်ကြီးမြတ် နတ်လူဗြမ္မာတို့၏ အားထားရာအစစ် ဖြစ်တော်မူအပ်သော
    သံဃာတော်ရှင်မြတ် ashinindaka ဘုရား… ရဲ့ အဆိုအမိန့်ကိုများဝေဖန်နေပါသလားခင်ဗျား?

  • ဘုန်းသန့်ခန့်

    August 16, 2011 at 8:02 pm

    ကျွန်တော်မှာလည်း အဲ့လို မေးချင်၊ သိချင်၊ မရှင်းမလင်းတာတွေ အများကြီးရှိတယ်။ အခုလို့ သိရတာ ဝမ်းသာပါတယ်ဘုရား။ တပည့်တော်တို့က ကြောက်လို့စောင်ခြုံနေတဲ့ ကလေးတွေမဖြစ်သင့်ဘူးလို့ ထင်ပါတယ်။ နောက်လည်း အခုလို ဒွိဟတွေ၊ သံသယတွေကို ရှင်းစေမယ့် စာတွေများများတင်ပေးပါ ဘုရား။

  • bigbird

    August 17, 2011 at 7:55 pm

    လေးအသချေင်္ နဲ့ ကမ္ဘာတစ်သိန်း ဖြည့်စီးခဲ့တဲ့ ပါရမီတန်ခိုးတွေကမှ ဒီရေကို ကြည်အောင်မလုပ်ပေးနိုင်ဘူးဆိုရင် …..

    ဒါဆိုရင် ကဿဖ မြတ်စွာဘုရား မဟာဒုတ်ရဲ့ တဲပုတ်ထဲကို ကြွဝင်နိုင်ဖို့အတွက် တံဇာတ်မိတ်က မြင့်ပေးရ
    ပြီး မြေကြီးက နိမ့်ပေးရတယ်ဆိုတာ ယုတ်တိမရှိတော့ဘူးပေါ့။

    အတုမရှိမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကို သာမာန်ရိုးရိုးသူတွေနဲ့ မနှိုင်းကောင်းပါဘုရား။

  • နေမဝင်

    December 9, 2011 at 11:21 am

    ဘုရားရှင်ကိုယ်တော်မြတ်ကြီးဟာ ….ကမ ္ဘာပေါ်မှာ အမြင့်မြတ်ဆုံးပုဂ္ဂိုလ်ပါ။ အတုမရှိ ၊ အတူ မရှိတဲ့ ပါရမီရှင်ကြီးပါ။ မိမိ ဉာဏ်အဆင့်လောက်နဲ့တော့ သတ္တိကောင်းကောင်း မဝေဖန်ရဲသင့်ပါဘူး။

Leave a Reply