ကြည်နူးပီတိမှသည် စိတ်ပျက်ခြင်းဆီသို့ …

weiweiSeptember 20, 20111min34317

ဒီကနေ့ ဥပုသ်နေ့မှာ အလုပ်ထဲမှမိတ်ဆွေတစ်ယောက်အလှူကို သွားခဲ့ပါတယ်။ အလှူလုပ်တဲ့နေရာက ဗဟိုလမ်းမပေါ် သမိုင်းကုန်းကျော်အနီးက မေတ္တာဝါဒီပရဟိတဘုန်းကြီးကျောင်းမှာ နေ့ဆွမ်းဖြစ်ပါတယ်။ ငါးထပ်ကျောင်းဆောင်တစ်ခုနဲ့ ၉ ထပ်ကျောင်းဆောင်တစ်ခုတွေ့ခဲ့ပါတယ်။ ဆရာတော်ဆွမ်းဘုန်းပေးရာနေရာနဲ့ ရေစက်ချအမျှပေးဝေတဲ့နေရာက ငါးထပ်ကျောင်းဆောင် ပထမထပ်မှာ ဖြစ်ပါတယ်။ ကျွန်မတို့လဲ ရေစက်ချချိန်အမှီရောက်သွားပြီး နဲနဲပါးပါး စပ်စုခဲ့ရသလောက် မိဘမဲ့ကျောင်းသား ၄၀ဝ ကျော်ရှိတယ်လို့သိရပါတယ်။ အငယ်ဆုံး ၂ နှစ်ကနေ တက္ကသိုလ်ကျောင်းသားအရွယ်အထိ ရှိပါတယ်။ ယောက်ျားလေးများကိုသာတွေ့ခဲ့ရပြီး မိန်းကလေးလဲလက်ခံပါတယ်တဲ့။ အနီးအနားက သီလရှင်ကျောင်းတစ်ကျောင်းမှာ ထားလို့ ကျွန်မတို့မတွေ့ခဲ့ရပါဘူး။ မိန်းကလေး အယောက် ၅ဝ လောက်ရှိပါတယ်။ ဘုန်းကြီးနဲ့ကျောင်းသားအားလုံးစာအတွက် အာရုံဆွမ်း တစ်သိန်းခွဲ၊ နေ့ဆွမ်း နှစ်သိန်းခွဲနဲ့ ညနေစာ ကလေးတွေအတွက် တစ်သိန်းသတ်မှတ်ထားပါတယ်။ နေ့ဆွမ်းအတွက် ရေစက်ချတရားချီးမြှင့်ပြီး ဆရာတော်၊ ဦးဇင်း၊ ကိုရင်နဲ့ ဧည့်သည်များကို အရင်ကျွေးမွေးပါတယ်။ ကိုရင်ကလေးများ စုပေါင်းဆုတောင်းမေတ္တာပို့သသည့်အသံက ကြည်နူးပီတိဖြစ်ရပါတယ်။ ကိုရင်များဆွမ်းစားပြီးနောက် ကျောင်းသားလေးများအတွက်ပြင်ဆင်ပြီး တန်းစီဝင်ထိုင်ကာ ထမင်းစားကြရပါတယ်။ အဝတ်အစားဘိုသီဗတ်သီနဲ့ သနားစရာမျက်နှာလေးများနဲ့ မိဘမဲ့ကလေးများကိုတွေ့ရတာ ရင်ထဲမှာမကောင်းပေမယ့် သူတု့ိကို လာလှူတာမို့လို့ ဝမ်းသာကြည်နူးစိတ်နဲ့ ရောထွေးနေခဲ့ပါတယ်။ ဒီလောက်များတဲ့ကလေးတွေအတွက် နေ့စဉ် စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး အဆင်ပြေဖို့ တော်တော်တာဝန်ကြီးမှာမို့ တတ်နိုင်ရင် ဒီလိုနေရာမျိုးမှာ လာလှူအုန်းမယ်လို့ စိတ်ကူးမိခဲ့ပါတယ်။

ကျွန်မတို့ ဧည့်သည်တွေကလည်း သဒ္ဒါပေါက်ပြီး အတော်လေးလှူဒါန်းခဲ့ကြသေးတယ်။ အားလုံးပြီးလို့ အောက်ထပ်ကိုဆင်းလိုက်တော့မှ အကြီးအကျယ် စိတ်ပျက်မိသွားပါတော့တယ်။ လူတွေအများကြီး တန်းစီပြီး ထမင်းဟင်းလာယူနေတာ တွေ့လိုက်ရလို့ပါ။ ရုတ်တရက် နားမလည်နိုင်အောင်ဖြစ်သွားပါတယ်။ အိုးကြီးတွေချလို့၊ ထမင်းကသက်သက်၊ ဟင်းကတော့ ဟင်းပေါင်းလိုမျိုး အစုံပေါင်းထားတဲ့ဟင်းရည် (ဘာမှန်းမသိတဲ့ဟင်းရည်) ကို ဝေငှပေးနေတာဖြစ်ပါတယ်။ ကြွပ်ကြွပ်အိပ်တွေနဲ့ ထမင်းတစ်အိပ်၊ ဟင်းရည်တစ်အိပ် အလှူခံနေကြတဲ့ ရပ်ကွက်ထဲကလူတွေလား၊ သူတောင်းစားတွေလားတော့ ကျွန်မလဲ သေချာမသိဘူး။ သန်သန်မာမာယောက်ျားတွေ အများစုဖြစ်ပြီး ဒုက္ခိတတွေလဲ ပါတယ်။ ကလေးတွေ၊ မိန်းမတွေလဲအများကြီးပဲ။ စုစုပေါင်း အယောက် ၁၀ဝ လောက်ရှိမယ်ထင်ပါတယ်။

အပေါ်ထပ်က ကြည်နူးခဲ့တာတွေပျောက်ပြီး ရင်ထဲမှာလေးလံလာပါတယ်။ အဲဒီမြင်ကွင်းကို မျက်စိထဲက မထွက်သလို အတွေးထဲကနေလဲ ထုတ်လို့မရဖြစ်နေပါတယ်။ ဘာဖြစ်လို့ အဲဒီလို ဖြစ်နေကြတာလဲ ??? ထမင်းတစ်နပ် ချက်မစားနိုင်လောက်အောင် ဆင်းရဲနေကြပြီလား ???
အတူသွားကြတဲ့ မိတ်ဆွေတွေက အဲဒါမျိုး ဒီတစ်နေရာထဲရှိတာမဟုတ်ဘူးတဲ့ … သူတို့နေတဲ့ ရပ်ကွက် (သာကေတ၊ ကမာရွတ် …..) ထဲမှာလဲ ရှိပါတယ်တဲ့ … ဘုန်းကြီးကျောင်းကနေ ထမင်းကျန် ဟင်းကျန်ကို စောင့်စားပြီး အသက်ဆက်နေတဲ့ မိသားစုတွေ ရန်ကုန်မြို့လိုနေရာမှာ အများကြီးရှိနေပါသေးတယ်တဲ့လေ …

ဘာဖြစ်လို့အလုပ်မလုပ်တာလဲ ????? ဘယ်လိုစိတ်ဓါတ်မျိုးနဲ့ ဒီလိုတောင်းစားနိုင်ကြတာလဲ ?????
ဘယ်လိုမှ မတွေးတတ်တဲ့အဆုံး စိတ်ပျက်စွာနဲ့ ဒီပို့စ်ကိုရေးလိုက်ရပါကြောင်း …..

(ဖုန်းနဲ့ဓါတ်ပုံရိုက်ခဲ့ချင်ပေမယ့် အတူသွားခဲ့တဲ့မိတ်ဆွေက အားနာလို့လားမသိဘူး … မရိုက်ပါနဲ့ .. မကောင်းပါဘူးဆိုလို့ မရိုက်ခဲ့လိုက်ရဘူး)

ကျောင်းအဝင်မုခ်ဦး

17 comments

  • etone

    September 20, 2011 at 2:07 pm

    မဝေရေ …. ဘုန်းကြီးကျောင်းနားမှာ အဲ့လိုလူတွေရှိတယ် … ဘုန်းကြီးတွေ ဆွမ်းစားပြီး အကျန်ကို လာတောင်းစားကြတာလေ … တချို့လည်းသူတောင်းစားတွေပေါ့ … တချို့ကလည်း မတတ်နိုင်တဲ့ ချို့တဲ့နေသူတွေပါ … မြင်ရတွေ့ရပြီး စိတ်မကောင်းဖြစ်တာကလွဲလို့ … ဘာမှ မလုပ်ပေးနိုင်ဘူးလေ … ။ ဘုန်းကြီးတွေကလည်း ထိုက်သင့်သလောက်ပဲ ဘုန်းပေးပြီး ကျန်တာသူတို့ပေးချင်ပေး .. တိရိစာ္ဆန်ကျွေးချင်ကျွေးလုပ်ကြတယ် … ။ လိုအပ်တဲ့ လူတွေအတွက်တော့ ..ထမင်းတစ်နပ်စာ အသက်ရှုချောင်သွားတယ်လို့ပဲ ဖြည့်တွေးလိုက်ပါ … ။

    ဒါနဲ့ မဝေရေ ..အဲ့ဒီကျောင်းမှာ အင်္ဂလိပ်လိုပြောတတ်တဲ့ ဘုန်းကြီးရှိမလားဟင် … ။ Nov လထဲမှာ Germany က လင်မယားနှစ်ယောက်နဲ့ … အသစ်စက်စက်စုံတွဲ တစ်တွဲက မြန်မာနိုင်ငံက ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းကို သွားပြီး လှူဒါန်းချင်ပါတယ်လို့ပြောထားလို့ … ဘုန်းကြီးကျောင်းရွှေးပေးနေလို့ပါ … ။
    ဘုန်းကြီးဝတ်နည်းတွေ ကျတော့ … ကိုယ်တွေလည်း ဘာသာ မပြန်တတ်တော့ဘူးလေ .. 😛

  • windtalker

    September 20, 2011 at 2:20 pm

    စိတ်မပျက်လိုက်ပါနဲ ့
    အန်တီဝေ ရယ်
    သူတို ့ဘဝတွေ က ဒီလိုပဲပေါ့
    မရှိလို ့မလှူ ၊ အလုပ်မလုပ်တော့ မရှိ ၊ မရှိတော့ မလှူ ၊ မလှူတော့ မရှိ
    အသိဉာဏ်က လည်း မပြည့်စုံ
    “ အမှောင်ထဲ က လာပြီး အမှောင်ထဲ ကို ပြန်သွားမယ့် သူတွေ ပါ ”
    အန်တီဝေ သွားခဲ့တဲ့ အလှူရှင် မှာ ကုသိုလ်တွေ ပိုရသွားတာပေါ့ ဗျာ
    နော…

    • weiwei

      September 20, 2011 at 3:54 pm

      အလှူရှင်က ဝမ်းသာအားရဖြစ်လို့ သူ့အတွက် ကုသိုလ်ပိုရသွားတာပေါ့လေ …
      ကျွန်မကသာ ကြားထဲကနေ ဝမ်းမသာနိုင်ဖြစ်သွားခဲ့ရတာ … ရင်လေးတယ်လို့ပြောရင် ပိုမှန်မှာပေါ့ …

  • mr.lone

    September 20, 2011 at 2:24 pm

    မြို့ထဲက ဘုန်းကြီးကျောင်းတော်တော်များများက ဘုန်းကြီးတော်တော်များများ အင်္ဂလိပ်လိုတတ်ကြပါတယ်
    ဒါပေမယ့် အင်္ဂလိပ်လိုတတ်တတ်မတတ်တတ် သူတို့လှူချင်တယ်ဆိုရင်…ချို့တဲ့တဲ့ကျောင်းတွေမှာလှူစေချင်ပါတယ်။ ချို့တဲ့တဲ့ကျောင်းတွေကျတော့ ချို့တဲ့ပြီးရင်း…ချို့တဲ့ပြီး…ပိုလျှံတဲ့ကျောင်းတွေကျတော့ပိုလျှံပြီးရင်းပိုလျှံဖြစ်နေကျလို့ပါ…

  • kai

    September 20, 2011 at 2:44 pm

    ပရောဖက်ရှင်နယ်အလုပ်.. လူမှန်နေရာမှန်.. အလှူအတန်းလုပ်တဲ့နေရာဒေသ… ငွေကြေးလည်ပါတ်မှု.. အလုပ်အကိုင်အနေရာချရရှိမှု.. အကုန်“စံနစ်တကျ..မှားယွင်းနေတယ်” တွေးမိတယ်..။

    ဂျပန်မှာနေတုံး.. သွားဆရာဝန်တယောက်ပြောပြတာ သတိရမိတယ်..။
    သွားတွေမညီတော့.. မေးရိုးကြွက်သားတွေအလုပ်လုပ်ပုံမညီ..
    မေးရိုးအထားအသို..အရိုးတွေနေရာမညီတော့.. လယ်ပင်းအရိုးအဆစ်တွေ..နေရာချပုံမညီ..။
    အဲဒီတော့.. ကျောရိုးအဆစ်တွေ.. နေရာချပုံမညီ..။
    အဲဒီလိုနဲ့..ခန္တာကိုယ်ကြီးရဲ့..အရိုးတွေအကုန်.. ေ–ာက်တလွဲတွေကို… စံနစ်တကျ.ဘဲလင်န့်ကိုက်အောင်… ထိန်းညှိသွားရင်း.. မတ်တပ်ရပ်..လမ်းလျှောက်နေတဲ့..လူတယောက်ဖြစ်တာပါပဲတဲ့..။

    အဲဒီလိုလူမျိုးက.. အားလုံးပုံမှန်အရိုးအကျောအဆစ်တွေ.. ညီညာလှပရှိနေသူထက်စာရင်.. အလှတရားနည်းသလို.. ကျမ်းမာရေးလည်း မကောင်းလှဘူး.. ကြွက်သား..အရိုးနာတဲ့ဝေဒနာမျိုးခံစားရတယ်…ဆိုတာပဲ..။

    အဲဒီလို…။

  • မီးမီး သော်

    September 20, 2011 at 2:59 pm

    တောင်းစားနေတဲ့လူတွေ တော်တော်များလာတာတော့ စိတ်မကောင်းစရာပါ။ခြေအကောင်း၊လက်ကောင်းနဲ ့လာတောင်းရင် မောင်းထုတ်ရလဲခက်ပါတယ်။
    ကိုယ့် အမေအရွယ်၊ဦးလေးအရွယ်တွေဆိုသနားလို ့လှူဖြစ်ပါတယ်။

  • မဝေရေ
    တစ်ခုတော့ ပြောချင်ပါတယ်ဗျာ။
    အခုခေတ်မှာဖြစ်နေတာတစ်ခုက အလကားဝေတယ်ဆိုရင် မရှက်မကြောက်ဝင်တန်းစီပြီးယူမယ်ဆိုတဲ့
    စိတ်ဓါတ်တွေကိန်းအောင်းနေတာပါ။
    ထမင်းမစားနိုင်လောက်အောင် ဆင်းရဲနေကြလို့ လို့ထင်ရင်မှားပါလိမ့်မယ်။
    သင်္ကြန်တွင်းတစ်ခုမှာ အရက်တွေ ဆေးလိပ်တွေ ပရိုမိုးရှင်းလုပ်ပြီးဝေတယ် သောက်တတ်သူရော မသောက်တတ်သူရောအလုအယက်။
    ဟိုတစ်လောက မိတ်ဆွေတစ်ယောက်က ရေဘေးဒုက္ခသည်တွေ လှူချင်တယ်ပြောလို့ စီစဉ်ပေးလိုက်ပါတယ်။
    သူက ကိုယ်တိုင်ဝေချင်တယ်ပြောပါတယ်။
    အဲလိုဝေတဲ့အခါ ကားနားကို ဝိုင်းအုံလို့လာပြီးအလုအယက်တောင်းကြတာနဲ့ရပ်လိုက်ရပါတယ်။
    ဲအဲလို လာတောင်းတဲ့သူတွေထဲမှာ ရေဘေးမှာ မပါတဲ့ ကောင်းကောင်းကို မှတ်မိနေတဲ့လူတွေရဲ့မျက်နာကိုအသေအချာတွေ့လိုက်ရပါတယ်။
    အားမနာတမ်းပြောရရင်တော့ အလကားရရင်ယူမယ်ဆိုတဲ့ စိတ်ဓါတ်တွေကိန်းအောင်းနေ အမြစ်တွယ်နေတာပါဘဲ။
    ဒါကို ပျောက်အောင်လုပ်ဘို့ကတော့ လူတိုင်းလူတိုင်းအပေါ်မှာဘဲတာဝန်ရှိပါတယ်။

    • pan pan

      September 20, 2011 at 3:58 pm

      လေးပေါက်ပြောသလိုလည်း ဟုတ်နေတာပဲ
      အလကားရရင် ယူမယ်ဆိုတာချည်းပဲ
      အဓိကကတော့ ရှားပါးလို့ထင်တာပဲ
      ရေဘေးဒုက္ခသည်မဟုတ်ဘဲ ဝင်တောင်းတယ်ဆိုတော့
      ပေးနေမှာတော့ အလကားရလို့တောင်းပြီပေ့ါလေ
      ရသမျှ လောက်မှမလောက်တော့လည်း ပေးတဲ့နေရာရှိတိုင်း ပေးသမျှယူကြမှာချည်းပဲ
      သူတောင်းစားတွေလို လိုက်တောင်းတာမဟုတ်တာပဲရှိတယ်

    • weiwei

      September 20, 2011 at 3:58 pm

      ကိုပေါက်ပြောတာမှန်ပါတယ် .. အဓိကက စိတ်ဓါတ်ပါ …
      ငတ်ပြတ်နေလို့တောင်းစားတာမဟုတ်ပဲ အချောင်ရလို့ဆိုတဲ့ စိတ်ဓါတ်တွေကြောင့် အခုလိုဖြစ်နေကြတာပါ … ဘုန်းကြီးကျောင်းတွေက ပိုလို့ပေးလိုက် ကျွေးလိုက်တာပေမယ့် အချောင်စားလိုစိတ် အမြစ်တွယ်သွားတာကို မြင်မိတော့ တကယ်ကို စိတ်ပျက်မိပါတယ် …

  • pan pan

    September 20, 2011 at 3:49 pm

    ခုလို ဘုန်းကြီးကျောင်းမှာလာတောင်းစားနေတာက ချို့တဲ့ကြလို့နေမှာပါ
    စီးပွားရေးကျပ်တည်းကြတော့လည်း ဒီလိုဖြစ်သွားတာနေမှာ
    ခုလာတောင်းနေတဲ့လူတွေ(သန်သန်မာမာယောက်ျားတွေ)က အလုပ်လုပ်သူပါမှာပါ
    ရတဲ့ငွေနဲ့ စားဖို့သုံးဖို့နေဖို့မလွယ်တော့ ငွေကိုတခြားသုံးဖို့ထားပြီး စားဖို့ ဘုန်းကြီးကျောင်းကို အားကိုးတာမျိုးဖြစ်မယ်ထင်တယ်
    ဒီတိုင်းကြီးလိုက်တောင်းကြတာကတော့ သူတောင်းစားပေ့ါလေ
    ရပ်ကွက်ထဲမှာ တခုခုဝေပြီ ကျွေးပြီဆိုရင် အများဆုံးကတော့ ချို့တဲ့သူတွေလာတောင်းကြတယ်
    သူတို့ကလည်း ဒါမျိုးရှာနေတာလေ
    ဒါမျိုးကို အားကိုးကြတယ်
    ကျွန်မတို့လမ်းမှာလည်း နှစ်စဉ်သင်္ကြန်အတက်နေ့မှာ ထမင်းစတုဒီသာကျွေးတယ်
    အဲလိုပဲ ချို့တဲ့သူတွေ ဘယ်ကဘယ်လိုရောက်လာမှန်းမသိဘူး အများကြီးပဲ
    သူတို့တွေလည်း အလုပ်လုပ်ပြီး ငွေတော့ရှာသူ ပါမှာပါ
    ဒါပေမယ့် ထမင်းတစ်နပ်ဖိုးသက်သာလည်း သိသာတဲ့ဘဝတွေကိုး……………။။။။။

  • pooch

    September 20, 2011 at 8:21 pm

    အလှူတခုမှာ ကြားဖူးတယ် ။ ရှင်အပါး ၃၀ဝ ကို လှူတဲ့ ဆွေကြီး မျိုးကြီး မျက်နှာကြီး အလှူ တခုမှာပါ။ ဖိတ်ထားတဲ့ ဧည့်သည်များက လည်း အများကြီးပါ။ ဒါပေမဲ့ ကျောင်းပေါ်မှာ ရေစက်ချပြီးလို့ အလှူရှင် အောက်လည်းဆင်းရော ဘာမှ မကျန်တော့ပါဘူး။ အဲ့ဒီအချိန် မှပဲ ဧည့်သည်များကို ဖိတ်ထားလို့ ဧည့်စည်တဲ့ အချိန်မှာပါ၊
    ဧည့်သည်တွေကို ကျောင်းပေါက်ဝကနေ တောင်းပန်ပြီး ပြန်လွှတ်တဲ့ အထဲမှာ ကိုယ့်အဒေါ်လည်း ပါလို့ သိရတာပါ။ ဖြစ်ပုံက အဲ့ဒီ အနီးတဝိုက် နေသူများက မလှူခင်ထဲက သတင်းကြီးပြီး အလှူနေ့မှာ လာပြီး အလှူရှင် ဒါနမြောက်အောင် အစောကြီး ကတည်းက သုံးဆောင်သွားတာပါတဲ့ ။ အလှူရှင်ကတော့ ဧည့်သည်တွေကို အားနာတာကလွဲ ရင် သူ့ဒါန မြောက်သွားတာမို့ အပြုံးမပျက်သလို ဒီလိုမှန်းသိရင် ဒီထက်ပိုပြီး အများကြီး ပိုချက်မှာပါလို့ အဒေါ်တို့ကို ပြောလိုက်ပါတယ်။ အဲ့ဒီ အလှူရှင်ရဲ့စိတ်က တော့ ထားတတ်တဲ့ အတွက် ပီတိပေါ်ပီတိ ဆင့်သွားပြီး စိတ်မပျက်လိုက်ဖူး ထင်ပါတယ်။

    နောက်ပြီး လာစားသူများဟာလည်း ငတ်နေလို့တော့ မဟုတ်တန်ပေမဲ့ ဒါမျိုးကောင်းကောင်းစားရဖို့ အတွက် ခက်ခဲနေလို့ ကျပ်တည်းနေလို့ သူများလှူနေတာပဲလေဆိုပြီး အားရပါးရ အားမနာတမ်း ဒါနမြောက်အောင် လာစားနေပုံရပါတယ်။ ဒါပေမဲ့ နေရတကာ အချောင်ရလို့ အချောင်လိုက်တယ် ဆိုတဲ့ စိတ်ဓာတ်ဆိုတာမျိုးက တော့ ဘယ်လိုမှ မရှိသင့်မရှိအပ်ပါဘူး။ ရှက်တတ်ရင် ရှက်စရာကြီးပါ။
    မဝေစိတ်ထဲ မကောင်းဖြစ်သွားတာလဲ မလွန်ပါဘူး။ ကိုယ်သာဆိုလဲ အဲ့လို မျိုးပဲ နေမှာပါ။

  • unclegyi1974

    September 20, 2011 at 10:43 pm

    လွယ်လို့တောင်းစားသူရှိသလို
    လုပ်ကိုင်စားရင်းမလောက်လို့လာတောင်းတဲ့သူတွေပါရှိကြောင်း
    ဘုန်းကြီးကျောင်းမှပြောပြချက်အရသိရှိရပါကြောင်း
    ဘာဖြစ်လို့လုပ်ကိုင်မစားတယ်ဆိုတာရယ်
    ဘာဖြစ်လို့စားမလောက်တယ်ဆိုတာရယ်မမေးခဲ့မိပါ၍ မဝေနောက်တခေါက်ရောက်ရင်
    ဆက်လက်လေ့လာနိုင်ရန်အကြောင်းကြာလိုက်ပါတယ်

  • ကြောင်ကြီး

    September 21, 2011 at 10:02 am

    တနပ်စာ သက်သာလည်း မနည်းဘူးပေါ့ဗျာ။ မကုန်လို့သွန်ပြစ်လိုက်တာနဲ့စာရင် အလှူရှင်အတွက် ကုသိုလ်နှစ်ဆရတာပေါ့…။ များများလှူ မြန်မြန်ရောက်တယ်၊ သဂျီးတော့ မသိစေနဲ့၊ အလှူရှင်မြန်သလို သူလည်း မြန်လိမ့်မယ်၊ လားရာခြင်း တူမှာမဟုတ်လို့..။ 😛

  • manawphyulay

    September 21, 2011 at 10:03 am

    အင်း အရင်တုန်းကတော့ ဘုရားရှင်လက်ထက်ကတော့ ဖရယ်ကျွန်ဆိုတာတော့ ကြားဖူးပါတယ်။ ခုနောက်ပိုင်း လွယ်လွယ်ရတော့ လွယ်လွယ်တောင်းစားကြတော့တယ်လေ။ မြန်မာဆိုတာကလည်း နှစ်ခါ မတောင်းရဘူး။ သနားတတ်တဲ့အမျိုးတွေဆိုတော့ လုပ်စားဖို့အရမ်းလွယ်တယ်လေ။ ခုဆို အဖွဲ့လိုက်တောင် တောင်းစားတဲ့သူတွေရှိတယ်။ ကလေးတွေကိုလည်း တောင်းစားဖို့ လူစုထားသလားမှတ်ရ တချို့ကျတော့ အိုးတိုက်ဖွဲပြာ အတင်းဝယ်ခိုင်းတာရှိသေးတယ်။ ဘယ်နေရာသွားသုံးရမှာလဲ။ မဝယ်ရင်လည်း ထမင်းစားဖို့ ၁၀ဝ ၂၀ဝ လောက်ပေးပါဆိုတာတွေက မြို့လယ်ကောင်မှာ ဒုနဲ့ဒေး ပေါမှပေါလေ တစ်ယောက်တောင်းပြီး နောက်တစ်ယောက်တန်းစီတောင်းနေတွေကတော့ မမြင်ချင်မှအဆုံး တချို့ဆို မပေးမချင်း ထိုင်ကန်တော့နေတာရှိသေးတယ်။ ဒီလိုတွေကို ဘယ်သူတွေက ဘယ်လိုရှင်းကြမှာလဲ… ခေတ်ကိုက ဒီလိုဖြစ်နေတာကိုး…

  • weiwei

    September 21, 2011 at 10:05 am

    ကြည်နူးစရာပုံလေးတွေ ထပ်ဖြည့်ပေးလိုက်ပါတယ် …
    ထပ်စုံစမ်းကြည့်လိုက်တော့ ပိုလို့တောင် စိတ်ပျက်မိသွားပါတယ် …
    အဲဒီရပ်ကွက်ထဲမှာ သူဌေးအလှူရှိရင် ကားဝင်ကားထွက်မှာ တမင်တကာ အတိုက်ခံလေ့ရှိကြလို့ ဘုန်းကြီးကိုယ်တိုင် အောက်ဆင်းပြီး ကြီးကြပ်ရပါတယ်တဲ့ … ဘုန်းကြီးကျောင်းနဲ့ လူနေရပ်ကွက်က အရမ်းကပ်နေပြီး ကားလမ်းက တော်တော်ကျဉ်းပါတယ် …
    နောက်ပြီး ဖိနပ်တွေခိုးလွန်းလို့ ဖိနပ်ကို ပထမထပ်မှာ ချွတ်ပြီး ကျောင်းသားအကြီးတွေက စောင့်ကြပ်နေရတယ်တဲ့ ….

  • ဆူး

    September 23, 2011 at 8:43 pm

    လာတောင်းစားတဲ့ လူတွေလို့ပဲ ပြောရမလား ယဉ်ယဉ်ကျေးကျေး ပြောတော့ ဘုန်းကြီးကျောင်းက ဆွမ်းကျန် အလှူခံပေါ့.. ထိုလူတွေ တယောက်ချင်းစီမှာ မတူညီတဲ့ နောက်ကြောင်းတွေ ရှိမှာပါ။
    သူတို့ တကယ် မဖြစ်လို့လား။ ဒါမှ မဟုတ် ဒီဘဝ ကြီးကို ကျေနပ်နေလို့လား ဆိုတာ သူတို့ကိုယ်တိုင်ပဲ သိပါလိမ့်မယ်။ ဘဝ ဆိုတာ ဆင်းရဲသားမှ မဟုတ်ပါဘူး ချမ်းသာတဲ့ လူလည်း ရုန်းကန်ရတာပါပဲ။ ရုန်ကန်ရပုံချင်း မတူညီတဲ့ အတွက် အနေအထားတွေ ပြောင်းလဲကုန်တာလို့ မြင်မိတယ်။

  • တညင်သား

    September 23, 2011 at 11:03 pm

    ကျွန်တော်တို့ လူမျိုးတွေက ဝေလေလေ ထဲမှာပါတယ်……အလုပ်လုပ်တာနဲ့ နေစရာတိုက်ခန်းပေးမယ် ကားပါမစ်ပေးမယ်ဆိုတဲ့ စနစ်ထားပေးရင်တောင် အဲဒါတွေရောင်းပြီး တောင်းစားကြအုံးမှာပဲ နဲနဲတော့ ရော့ခြင်ရော့သွားမှာပေါ့…… မမဝေရေ အဝေးကြီးသွားကြည့်စရာမလိုပါဘူး ပထမပြန် မင်းကျောင်းစာသင်တိုက် နောက်ကို သွားကြည့်ရင်သိပါလိမ့်မယ်… သူများတွေလှုုတာဟေ့ ငါတို့တော့ နဲနဲပါးပါးဝိုင်းဝန်းလုပ်ကိုင်ပေးလိမ့်မယ်မထင်နဲ့ ..ကုသိုလ်ရဖို့ဆိုတာ မတွေးပါနဲ့အုံး ပေးကမ်းတဲ့သူ ပေးခြင်အောင် ဟန်ပြလေးလောက်တောင် မလုပ်ပါဘူး ဘုန်းကြီးဆွမ်းကပ်နေရင်တောင် မကောင်းတက်လို့ စောင့်နေတာ ထင်မိတယ် ….သုံးခွ၊ ခရမ်းဒေသ ပဲတွေပေါ်ချိန်ဆို တခြားဒေသတွေက အလုပ်ပါးတဲ့သူတွေ ပဲလာခူးကြပါတယ်.. ကိုယ့်စီက နယ်ခံတွေက ထမင်းတနပ်စာရရင် ဆက်မလုပ်တော့ဘူး တခြားဒေသကလူတွေက တနေကုန် ခူးကြပါတယ် .အလုပ်ရှိတဲ့အချိန် ရသလိုလုပ်ကြတာကို ဆိုလိုတာပါ .. ဒါဆို သူတို့ရော ချမ်းသာလားဆို မချမ်းသာကြပါဘူး . ဒါပေမဲ့ ထမင်းတော့ မငတ်ကြဘူး… အလုပ်ရှင်တွေကလဲ ဒီလို ရိုးသားကြိုးစားရင် ဆန်တို့ ဆီတို လုပ်အားခ အပြင် ပို ပေးတက်ကြပါတယ်…
    နောက်ရှိပါသေးတယ် ….. ယောက်ကျားက ခြေတဖတ်ပျက်လို့ တောင်းစားတာ သဘာဝ ကျ ပေမဲ့ မိန်းမတွေက တောင့်တောင့်တင်းတင်း ခြေကောင်း လက်ကောင်း… ကဲ ဘယ်လို ပြောကြမလဲ

Leave a Reply