ဆရာ မလုပ်ရရင် ရင်ကြပ်တတ်လို့ပါ
အခုလထဲမှာ ကျွန်မအလုပ်လုပ်တဲ့ဌာနကို အလုပ်သင်ခန့်ထားတဲ့ ကောင်မလေးတစ်ယောက် ရောက်လာပါတယ်။ တော်ရုံနဲ့ ကျွန်မတို့ဌာနအတွက် ဝန်ထမ်းအသစ်ခန့်လေ့မရှိတော့ နဲနဲတော့ အံ့ဩမိတယ်။ နောက်တော့မှ သူကလေးက ဘောစိနဲ့အမျိုးတော်တယ်တဲ့ (တူမဘယ်နှစ်ဝမ်းကွဲလဲတော့မသိ)။ ကျွန်မက ဌာနအတွင်းမှာတော့ လူကြီးပေမယ့် စည်းကမ်းပိုင်းမှာတော့ ခပ်ညံ့ညံ့ပါပဲ။ ခေါင်းဆောင်ကိုယ်တိုင်က စည်းကမ်းဖောက်နေတော့ တပည့်တွေကိုလဲ မပြောရဲဘူးပေါ့။ ဒါပေမယ့် အလုပ်အဆင်ပြေနေတော့ အေးဆေးပါပဲ …
ကျွန်မတို့ဌာနကို အလွယ်တကူ ဒီဇိုင်းဌာနလို့ နံမည်တပ်ထားပေမယ့် တကယ်လုပ်တာက mechanical design ပါ။ စက်ရုံထဲမှာ အသစ်ထွင်စရာရှိရင်ဖြစ်ဖြစ်၊ အဟောင်းကို ပြင်ချင်ရင်ပဲဖြစ်ဖြစ် လိုအပ်တဲ့အချက်အလက်တွေကို ရှာဖွေပေးရတဲ့ ပင်မနေရာတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် အခုတလော စီးပွားရေးအခြေအနေက သိပ်မကောင်းတော့ ကျွန်မတု့ိကို အလကားလခပေးထားရသလိုဖြစ်နေတယ်။ ဘေးမဲ့လည်းပေးထားလေသတည်းပေါ့။ ဂိမ်းကစားလိုက်၊ အတင်းပြောလိုက်၊ ကော်ဖီသောက်လိုက်၊ မုန့်စားလိုက်နဲ့ ပျော်သလိုနေနေကြတာပေါ့။
ကောင်မလေးက graphic designer တဲ့။ ကွန်ပျူတာဒီပလိုမာအပြင် ကွန်ပျူတာကိုပဲ မာစတာဘွဲ့တောင်ရထားတယ်ဆိုပဲ။ Autocad ဆိုတာကိုလဲ သူကဆွဲတတ်ပါတယ်တဲ့။ ကျွန်မကနေ လိုအပ်တာသင်ပေးလိုက်ဆိုပြီး ဘောစိက ကိုယ်တိုင်အပ်ထားလေတော့ တော်တော်ဂွကျတယ်။ ဘယ်လိုသင်ပေးရမလဲလို့ စဉ်းစားကြည့်တယ်။ ဘယ်လိုမှစဉ်းစားလို့မရဘူး။ သူကအင်ဂျင်နီယာမှမဟုတ်တာ ဘယ်လိုသင်မလဲနော် … အဲဒါနဲ့ ကိုယ့်ဟာကိုယ်လေ့လာပြီး မသိတာမေးလို့ပဲ ပြောလိုက်တော့တယ်။ ကောင်မလေးက လူကောင်သေးသေးလေးနဲ့ အကြောကတော့ တော်တော်တင်းတာ။ သူအကုန်သိတယ်၊ အကုန်တတ်တယ်လို့ထင်နေရှာတယ်လေ။ အင်တာနက်ရှိရင် အကုန်လုပ်လို့ရပါတယ်တဲ့။ မသိတာတွေကို အင်တာနက်ကနေ လေ့လာလိုက်မယ်လို့ လေကျယ်ပါသေးတယ်။ ကျွန်မတို့အဖွဲ့ ဂိမ်းကစားနေတာကို သူကပြောတယ်။ အလုပ်ချိန်မှာ ဂိမ်းမကစားပါနဲ့တဲ့။ ဒါဟာ စည်းကမ်းမရှိတာတဲ့။ ပညာရအောင် မသိသေးတာတွေကို လေ့လာနေသင့်ပါတယ်တဲ့လေ … ကျွန်မတု့ိ ပါးစပ်အဟောင်းသားနဲ့ အံ့့ဩနေကြတာ … နားကြားများလွဲသွားသလားလို့ …
အဲဒါနဲ့ ဘာမှမပြောပဲ ဂိမ်းကစားတာ ခဏရပ်ထားပြီး သူများအကြောင်း စပ်မိစပ်ရာ ဘာညာဂွိဂွ ပြောကြပြန်တော့ သူဝင်ပါပြန်တယ်။ အတင်းပြောချင်ရင် အလုပ်ချိန်ပြင်ပမှာမှ ပြောပါလားတဲ့ (ရွာပြင်ထွက်ပြောခိုင်းတာ) .. သူ့ကို နဲနဲစတင်းလာပြီ..
သူ့ကို ကွန်ပျူတာတစ်လုံးပေးထားလိုက်ပြီး လေ့လာချင်တာလေ့လာဆိုတော့ ခပ်တည်တည်နဲ့ဖိုင်တွေကို ဖွင့်ကြည့်နေတယ် … ဆရာကြီးစတိုင်နဲ့ … အလစ်မှာ ဖိုင်တွေကို ခိုးကူးနေတာကို မြင်ပေမယ့် မသိချင်ယောင်ဆောင်ပေးလိုက်ပါတယ်။ ကျွန်မတို့ software တွေက အဆန်းတွေဆိုတော့ ကောင်မလေး ဘယ်သိမလဲ။ အခက်တွေ့နေပါပြီ။ ဒါပေမယ့် သူက မမေးဘူး။ ဆရာကြီးစတိုင်ဆိုတော့ မေးလိုက်ရင် သိက္ခာကျမယ်လို့ ထင်တယ်နဲ့တူပါတယ်။ ခဏနေတော့ သူလုပ်တတ်တဲ့ graphic design တွေကို ကျွန်မတို့မြင်အောင် လုပ်ပြနေပါတယ်။ အလုပ်နဲ့ ဘာမှမဆိုင်လေတော့ ကျွန်မတို့လဲ မကြည့်ပါဘူး။
ကျွန်မက ရုံးစာကို အငယ်ဆုံးစာရေးဝန်ထမ်းကောင်မလေးကို ရိုက်ခိုင်းလိုက်တာတွေ့တော့ သူကပြောတယ် … အစ်မက မြန်မာလိုတောင် မရိုက်တတ်ဖူးလားတဲ့ 😛 …. ခက်တော့ခက်နေပြီ … ကျွန်မက ရုံးစာရိုက်ရမဲ့စာရေး မဟုတ်တာကို သူနားလည်အောင် ဘယ်လိုရှင်းပြရမလဲ …
ထမင်းစားကြတော့ အတူတူခေါ်စားရတာပေါ့လေ (မကောင်းတတ်လို့) … ကျွန်မ ထမင်းဗူးလဲဖွင့်လိုက်ရော သူကကြည့်ပြီးမေးတယ် … အစ်မက ထမင်းကို ဆိုင်ကနေ ဝယ်စားတယ်နော် … မချက်တတ်ဘူးလားတဲ့ … တကယ်တော့ ကျွန်မက ဒီဇိုင်းလုပ်တာ ဝါသနာပါလွန်းလို့ ကိုရီးယားဇာတ်လမ်းထဲက ထမင်းဗူးတွေလို သိပ်လှအောင် အလှဆင်လာခဲ့တာကို သူက ဝယ်လာတာလို့ ထင်နေရှာတာကိုး … 😛
ကျွန်မက တစ်ခါတစ်လေ safety officer တာဝန်ကိုပါ ယူရတော့ ယူနီဖောင်းအပြည့်အစုံနဲ့ ရုံးလာရတဲ့နေ့တွေလဲရှိတယ်။ စက်ရုံထဲလှည့်စစ်တဲ့အခါ အဆင်ပြေအောင်ပေါ့။ ဘောင်းဘီ၊ ဦးထုပ်၊ ရှူး အပြည့်နဲ့ကျွန်မကိုကြည့်ပြီး မေးလိုက်တာက … အစ်မက ယောက်ျားစိတ်ပေါက်နေတာလားတဲ့ … 😛
ကျွန်မက ကော်ဖီခါးခါးကြိုက်လို့ တမင်ခါးအောင်ဖျော်သောက်တာကိုလဲ ကော်ဖီသောက်တာ မကောင်းဘူးအစ်မရေ .. ဉာဏ်ကောင်းအောင် အိုဗာတင်းပဲ သောက်ပါလားတဲ့ … 😛
တစ်ချို့ရက်တွေ အိမ်ကနေ ဘုရားရှိခိုးဖို့ အချိန်မရင် ရုံးရောက်မှ မျက်စိမှတ်ငြိမ်နေလိုက်ပြီး ဘုရားတရားအာရုံပြုရင်း စိတ်ထဲကနေ ရွတ်ဖတ်နေဖြစ်တယ်။ တခြားဝန်ထမ်းတွေကသိလို့ ဘာအကြောင်းပဲ ရှိရှိအလိုက်တသိနဲ့ ခဏစောင့်ပေးလေ့ရှိပါတယ်။ သူ့ကျမှ … အစ်မ အစ်မ … အိပ်ပျော်နေတာလားတဲ့ .. 😛
အဆိုးဆုံးကတော့ ကျွန်မချစ်သူလာလည်တာကို ဘုမသိ ဘမသိနဲ့ အလုပ်လာအပ်တဲ့သူထင်ပြီး အလုပ်လုပ်ရတာ လွယ်တာမဟုတ်ဘူး … အလိုက်တသိနဲ့ အာရကေလေးဘာလေး ပေးသင့်တာပေါ့တဲ့ … 😛
ကျွန်မကိုတော့ အသက်လဲကြီးလို့ အစ်မလို့ခေါ်ပေမယ့် တခြားဝန်ထမ်းတွေကို သူကခေါ်တာ ညီမလေးတဲ့ … အသက်လဲမမေးပဲနဲ့ သူ့အထင်နဲ့သူခေါ်နေတာ .. သူ့ကိုယ်သူ မမ တဲ့ … 😛
ရီရမလား ငိုရမလား မသိလောက်အောင်ပါပဲ … ဘယ်လိုအကျင့်ဆိုးနဲ့ မစူးစမ်းမဆင်ခြင်ပဲ အပြစ်မြင်ချင်စိတ်၊ ဆရာလုပ်ချင်စိတ်တွေ ဒီလောက်တောင် ကိန်းအောင်းနေတာလဲမသိပါဘူး … လောကကြီးမှာ မရှိတာထက် မသိတာခက်တယ်ဆိုတာ သူမသိလေရော့သလား …. ဘာပဲဖြစ်ဖြစ် ဒီအချိုးမျိုးနဲ့ ကျွန်မတို့နဲ့ မဖြစ်တာတော့ သေချာနေပြီမို့ ဘောစိကို အကျိုးအကြောင်းသွားပြောပြီး ဌာနပြောင်းပေးလိုက်ရပါတော့တယ် … 😛
14 comments
ထွန်းကျော်သန့်
September 24, 2011 at 6:42 pm
မမ etone က ဆရာလုပ်တာများလား လို့
ခုတော့ မမ က တပည့်လုပ်ရတဲ့ အဖြစ်အပျက်လေးပါလား 😛
thit min
September 24, 2011 at 7:31 pm
ဘုရားရေ၊ခုရေးတာ ဝေဝေ လေ ဘယ်က “etone” ကပါလာရတာတုန်း?
(အင်းအီးတုံး တွေနဲ့ ပါတွေနဲ့ ရှင်းလေရှုပ်လေဖြစ်ကုန်ပါပြီ)
ဆူး
September 24, 2011 at 7:45 pm
ဆူး လည်း အဲလို လူမျိုး တွေ့ဖူးတယ်။
ဆူး ကတော့ ကြည့်နေတယ်။ ဥပမာ – မျက်စိရှေ့ဖြတ်ပြေးတဲ့ ကြွက်ကို မျက်စိနောက်ပေမဲ့ မသိချင်ယောင်ဆောင်နေပြီး ကြည့်နေပေမဲ့ အနားရောက်လာရင်တော့ တချက်တည်းနဲ့ ချက်ကောင်းရိုက်ပြီး ကြောင်ကို လက်ဆောင်ပေးတတ်တယ်။ မပိုင်ပဲ လိုက်ရိုက်နေရင် အလကားနေရင်း လိုက်ရိုက်တဲ့ ရိုက်ချက်တွေကို လူမြင်တယ်.. တချက်တည်းနဲ့ အပိုင်သာ ရိုက်.. ရိုက်ချက်မှန်သွားရင် ငြိမ်သွားလိမ့်မယ်။
ဆရာလုပ်တယ် ဆိုတာ ပါးစပ်က စကားထွက်တိုင်း လက်က လှုပ်လို့ စာဖြစ်တိုင်း လိုက်ပြီး ဆရာလုပ်နေရင် ဘယ်သူမှ သည်းခံမှာ မဟုတ်ဘူး။ အခု ဘယ်လို ဖြစ်နေလဲ ဆိုတော့ ရပ်ကွက်ထဲမှာ တအိမ်ဝင် တအိမ်ထွက် ဆရာဝင်လုပ်လိုက် အိမ်ရှင်တွေက ရိုက်ထုတ်လိုက် တင်ပါးလေး ပွတ်ပြီး ပြန်ထွက်သွားလိုက် အဲလို ဖြစ်နေတယ်။
တင်ပါးလေးပဲ ပွတ်ပွတ်နေရင်တော့ ဂရုဏာ သဒ္ဒါကြေးနဲ့ မောင်ပေ ရဲ့ ဆေးလေး တောင်းပြီး လူးခိုင်းလိုက်အုန်းမှပဲ။
weiwei
September 24, 2011 at 7:53 pm
အဲဒီကောင်မလေးက အကြွားလဲသန်ပါတယ် … သူဘာပြောပြော မသိချင်ယောင်ပဲ ဆောင်နေလိုက်တာပေါ့ … နောက်ဆုံးမခံချင်တော့မှ MD နဲ့ သွားတိုင်ပစ်လိုက်တယ်လေ ….
တကယ့်အဖြစ်အပျက်တစ်ခုကို သရော်ချင်တဲ့ရှုဒေါင့်ကနေ ရေးလိုက်မိသွားတယ် … ကောင်မလေးဒီပို့စ်ကို မဖတ်မိပါစေနဲ့လို့ ဆုတောင်းနေရတယ် .. 🙂 🙂
ကိုပေါက်(မန္တလေး)
September 24, 2011 at 8:20 pm
ဖတ်မိမှကောင်းမှာမဝေရဲ့။
ဒါမှသူ့အကြောင်းသူသိသွားမှာ။
ပြောသာပြောရတယ် တစ်ချို့က သူ့ပြောတာတောင် သူများပြောတယ်ထင်ချင်ထင်နေမှာ။
သူများကိုတော့ ဘယ်လိုနေဘယ်လိုထိုင်ဆိုပြီးဆုံးမနေပေမယ့် ကိုယ်တိုင်တော့ မနေတတ်မထို်င်တတ်တွေ
တွေ့နေရတော့ မောင်ပု စကားငှားသုံးရရင် စိတ်…………..လေ………….ဒ.ယ်
ကြောင်ကြီး
September 24, 2011 at 8:35 pm
အတင်းပြောတယ်ဆိုတာ ဒါမျိုးပေါ့…။ 😛
weiwei
September 24, 2011 at 8:39 pm
ဟုတ်တယ်လေ … အတင်းပြောပါတယ်လို့ ဝန်ခံထားပါတယ် … 😛
စိတ်ထဲမတွေ့ရင်တော့ ရွာထဲမှာ အတင်းပြောပြီး စိတ်ဖြေရလို့ ဒီရွာကို မခွဲနိုင်ဖြစ်နေတာပေါ့ …
musicalpunk
September 24, 2011 at 8:44 pm
အတင်းမပြောပါနဲ့လား ဝေဝေ……….
(ငါ ပြောသလိုလုပ် ငါ လုပ်သလို လိုက်မလုပ်နဲ့ ဒါပဲ)
ဆရာ မလုပ်ရရင် ရင်ကြပ်တက်လို့ပါ။
windtalker
September 24, 2011 at 8:52 pm
ဒန်တန်တန်…..
မဝေ ရဲ ့ပို ့စ်ကို ဖတ်ပြီးသကာလ
စကားပြေ အတို ပြန်ချုံ ့ရသော်
“ ဟက်ထိတယ် ဟက်ထိတယ်ဟေ့ ”
“ အိုဘာတဲ့……ဟက်ထိတယ်ဟေ့ ”
“ ကောင်မလေးက graphic designer တဲ့။ ကွန်ပျူတာဒီပလိုမာအပြင် ကွန်ပျူတာကိုပဲ မာစတာဘွဲ့တောင်ရထားတယ်ဆိုပဲ။
ကောင်မလေးက လူကောင်သေးသေးလေးနဲ့ အကြောကတော့ တော်တော်တင်းတာ။
သူအကုန်သိတယ်၊ အကုန်တတ်တယ်လို့ထင်နေရှာတယ်လေ။ အင်တာနက်ရှိရင် အကုန်လုပ်လို့ရပါတယ်တဲ့။ မသိတာတွေကို အင်တာနက်ကနေ လေ့လာလိုက်မယ်လို့ လေကျယ်ပါသေးတယ်။
သူ့ကို ကွန်ပျူတာတစ်လုံးပေးထားလိုက်ပြီး လေ့လာချင်တာလေ့လာဆိုတော့ ခပ်တည်တည်နဲ့ဖိုင်တွေကို ဖွင့်ကြည့်နေတယ် … ဆရာကြီးစတိုင်နဲ့ … အလစ်မှာ ဖိုင်တွေကို ခိုးကူးနေတာကို မြင်ပေမယ့် မသိချင်ယောင်ဆောင်ပေးလိုက်ပါတယ်။ ကျွန်မတို့ software တွေက အဆန်းတွေဆိုတော့ ကောင်မလေး ဘယ်သိမလဲ။ အခက်တွေ့နေပါပြီ။ ဒါပေမယ့် သူက မမေးဘူး။ ဆရာကြီးစတိုင်ဆိုတော့ မေးလိုက်ရင် သိက္ခာကျမယ်လို့ ထင်တယ်နဲ့တူပါတယ်။ ခဏနေတော့ သူလုပ်တတ်တဲ့ graphic design တွေကို ကျွန်မတို့မြင်အောင် လုပ်ပြနေပါတယ်။ အလုပ်နဲ့ ဘာမှမဆိုင်လေတော့ ကျွန်မတို့လဲ မကြည့်ပါဘူး။
ကျွန်မကိုတော့ အသက်လဲကြီးလို့ အစ်မလို့ခေါ်ပေမယ့် တခြားဝန်ထမ်းတွေကို သူကခေါ်တာ ညီမလေးတဲ့ … အသက်လဲမမေးပဲနဲ့ သူ့အထင်နဲ့သူခေါ်နေတာ .. သူ့ကိုယ်သူ မမ တဲ့ … ”
++++++
မဝေ ရေ
ဒီလောက်ဆိုရင်
အောင်မှတ် ရပြီ မလား ဟင် ?
weiwei
September 24, 2011 at 9:44 pm
ရေးပြီးသားပို့စ်ထဲကနေ ပြန်ကူးပြီး စာမေးပွဲလာဖြေလို့ ဘယ်ရမလဲ ကိုတော်ကာ …
အောင်မှတ်မရပါ .. နောက်တစ်နှစ်မှ ထပ်ကြိုးစားပါ … 🙂
အာရက္ခ မြေသား
September 24, 2011 at 10:01 pm
တောပျားရည်စစ်စစ်လေးဆောင်ထားပေးပါလား။စေတနာထားပါတယ်။
pooch
September 24, 2011 at 10:53 pm
မဝေရဲ့ စာကိုဖတ်ပြီး ကျောင်းတက်တုန်းက သူငယ်ချင်းတယောက်ကို သွားသတိရမိတယ်…
တူတယ်တူတယ် အရမ်းတူတယ်.. လောကကြီးက ကျဉ်းကျဉ်းလေးဆိုတော့ သူတို့ အမျိုးတွေ ဘာတွေတောင်တော်နေနိုင်တယ် 🙂
meelay
September 25, 2011 at 11:16 am
မီးရဲ့ အလုပ်မှာလဲ တစ်ယောက်ရှိတယ် မဝေရေ … မန်နေဂျာ သူငယ်ချင်းရဲ့သမီး … အလုပ်မှာ ကွန်ပျူတာ ရိုက်တတ်တဲ့လူ လိုလို့ခေါ်လိုက်တာ … ကွန်ပျူတာ သင်တန်းတက်ထားပြီးသားတဲ့ … စာရိုက်တတ်လား… ဇယားတွေ ဆွဲတတ်လား မေးတော့ တတ်တယ်တဲ့ … အလုပ်စဝင်တော့ မီးဆွဲထားတဲ့ ဇယားကို စမ်းရိုက်ခိုင်းကြည့်တာ အဆင်မပြေမှန်းကိုယ်ကသိတော့ ကွန်ပျူတာ သင်တန်းပြန်တက်ဖို့ပြောတာ … မန်နေဂျာကလဲ သင်တန်းတက်ဖို့လိုရင် တက်ခိုင်းလိုက်တဲ့ … သင်တန်းကြေးကို သူစိုက်ပေးမယ်တဲ့ … အဲဒါကို မယ်မင်းကြီးမက ရတယ်တဲ့ .. ဒီဇယားတွေပဲ ရိုက်ရမယ်ဆိုရင် ရတယ်တဲ့.. မတက်တော့ဘူးတဲ့ … အဲဒါ မီးလဲ ဘာမှ မပြောဘူး … ကိုယ်ဆွဲပေးထားတဲ့ဇယားမှာပဲ လိုက်ရိုက်သွားတော့ ပြဿနာမရှိဘူး … သူ့ကိုယ်သူ ဟုတ်လှပြီပေါ့ … နောက်မှ မီးက ဇယားအသစ်တစ်ခုပေးပြီး ဒီဇယားအတိုင်း အစအဆုံး ရိုက်ပေးပါ ပြောတော့ ဇယားကို ဘယ်ကနေစပြီး ရိုက်ရမှန်းမသိဘူး ဖြစ်နေတာ … အဲဒီအချိန်မှ မီးကလဲ ပြန်ပြောလိုက်တယ် … အစကတည်းက နင်မရိုက်တတ်မှန်းသိတယ် … လိုအပ်လို့တက်ခိုင်းတာကို နင်က မတက်ချင်ဘူး … အခု လုပ်ခိုင်းတော့ လုပ်တတ်လားလို့ ပြောတော့မှ သင်တန်းပြန်တက်တယ် … အဲဒီအခါမှ အချိုးလဲ ပြောင်းသွားတယ် …..
Captain
September 25, 2011 at 12:05 pm
အင်း အစ်မကြီး ရဲ့ စာကို စဖတ်ကတည်း ပိုင်ရာဆိုင်ရာနဲ့အလုပ်ဝင်လာတယ်ဆိုကတည်း တစ်ခုခု ဖြစ်တော့မယ် ဆိုတာ သိနေတယ်အမ ေ၇……..