ဂျာနယ်ပါဆောင်းပါးဖြစ်တဲ့ မသိတော့လည်း အဟုတ်မှတ်နေတယ် အပိုင်း(၁)

ကမ္ဘာမှာပေါ်မှာ ကျင်လည်ကျက်စားနေကြတဲ့ သတ္တဝါအသီးသီးဟာ မိမိတို့ အမှန်တရားကို မသိသေးတဲ့အခါကျတော့ အမှားတွေကိုပဲ အဟုတ်မှတ်နေပြီး အဲဒီအမှားတွေ ပြုလုပ်ကျင်လည် ကျက်စားနေရတာကိုပဲ ကျေနပ်နေကြတယ်။ ဘယ်ဟာက အမှန်အမှားဆိုတာကို ခွဲခြားဝေဖန် နိုင်စွမ်း မရှိသေးရင် မိမိမှန်တယ်ထင်တဲ့အရာကို အထင်ကြီး အဟုတ်မှတ်ကြတာ ဓမ္မတာပါပဲ။ မိမိတို့ကျင်လည်ခဲ့ရတဲ့ ဘဝများစွာကလည်း အမှန်တကယ်တည်ရှိတဲ့အရာများကို ခွဲခြားဝေဖန် သိမြင်နိုင်အောင် မလုပ်နိုင်ခဲ့ကြတော့ ယခုဘဝမှာလည်း မသိမြင်ဘဲ ဖြစ်နေကြတာပါ။ အဲဒါကြောင့် ဒီဘဝမှာတော့ လောကရှိအမှန်တရားကို သိမြင်အောင်လုပ်ပြီး မဟုတ်တဲ့အရာတွေကို အဟုတ် မှတ်ခြင်းမှ ကင်းဝေးအောင်လုပ်ဖို့ လိုနေပါပြီ။

တကယ်တော့ လောကကြီးထဲမှာ အမှန်တကယ်အရှိတရားကိုပြောပါဆိုရင် ဖောက်ပြန် တတ်တဲ့သဘော တရားလေးနဲ့ အာရုံသိတတ်တဲ့သဘောတရားလေးသာ ရှိပါတယ်။ အဲဒီနှစ်မျိုး လုံးဟာ အထည်ကိုယ်ဒြပ် မှုန်းဝါးဝါးလေးတောင် မရှိဘဲနဲ့ သဘောမျှလေးရှိရုံသာ ရှိတာပါ။ ဥပမာ-ပင်လယ်ထဲမှာ ရေမြုစ်ကြီးတစ်ခုကို အဝေးကကြည့်ရင် ရေခဲတုုံးကြီးလို့ ထင်ရပါတယ်။ အနီးကပ်ကြည့်လိုက်တဲ့အခါ ရေမြုစ်ဖြစ်နေမှန်းသိပြီး ကိုင်ကြည့်တော့လည်း အထည်ကိုယ်ဒြပ် အနေနဲ့ ကိုင်ပြလို့မရဘူး ဖြစ်နေပါတယ်။ မိမိတစ်ယောက်တည်းသာ အနီးကပ်ကိုင်ကြည့်တဲ့အတွက် ဒါဟာ ရေခဲတုံးမဟုတ်ဘူး။ ရေမြုစ်ပဲဖြစ်တယ်ဆိုတာ သိပါမယ်။ ဒါကို အဝေးကနေ လှမ်းကြည့်နေကြတဲ့ လူအားလုံးကတော့ ဒါဟာ ရေမြုစ်မဟုတ်ဘူး ရေခဲတုုံးပဲလို့ မိမိကိုယ်တိုင် အနီးကပ်ကိုင်မကြည့်ခင်က ထင်နေတဲ့အတိုင်းပဲ ယုံကြည်နေကြပါတယ်။ အဲဒါကို မိမိတစ်ယောက် တည်းသာ အနီးကပ်ကိုင်ကြည့်တဲ့အတွက် ရေခဲတုုံးမဟုတ် ရေမြုစ်ဖြစ်တယ်ဆိုတာသိပေမဲ့ သူများ ယုံကြည်အောင် ရေမြုစ်ဖြစ်ကြောင်း အထည်ကိုယ်ဒြပ်အနေနဲ့ လက်ဆုတ်လက်ကိုင် မပြနိုင်လို့ အများက မိမိပြောတာကို မယုံကြည်ဘဲ ဖြစ်နေပါလိမ့်မယ်။

အဲဒီလိုပါပဲ မိမိတို့က ဝိပဿနာမပွားများလို့ဖြစ်စေ၊ ပွားများမှုအားနည်းနေလို့ဖြစ်စေ၊ ပါရမီအားနည်းနေ လို့ဖြစ်စေ ရုပ်နာမ်တရားတို့ရဲ့ ဖောက်ပြန်မှုသဘော၊ လောကကြီးထဲမှာ အမှန်တကယ်ရှိတဲ့အရာကို မမြင်သေးတော့ သိမြင်ခဲ့ကြတဲ့ အရိယာသူတော်ကောင်းတွေရဲ့စကားကို မယုံကြည်ဘဲဖြစ်ပြီး ဘယ်ဟာကအမှန်ဆိုတာကို မသိဘဲဖြစ်နေကြတာပါ။ အရိယာဖြစ်သွားတဲ့ ပုဂ္ဂိုလ်များကတော့ ဒီသဘော တရားတွေကို သိမြင်ကြပါတယ်။ ဒါကြောင့် အရိယာသူတော်ကောင်း တွေက ရုပ်နာမ်ဆိုတာ မမြဲဘူး၊ ဘယ်အရာမှ တပ်မက်ချင်စရာ၊ စွဲလမ်းချင်စရာမရှိဘူးလို့ပြောလည်း မိမိက ဝိပဿနာဉာဏ်မရှိသေးဘူး ဆိုရင်တော့ ရေမြုစ်ကို ရေခဲတုံးပဲလို့ထင်နေတဲ့ အတွက် အရာအားလုံးကို တပ်မက်စိတ်နဲ့ မိုက်ပြီးရင်း မိုက်နေဦးမှာပါ။

အရိယာဖြစ်တဲ့လူတွေက ရေမြုစ်ဆိုတာကို အနီးကပ်ကြည့်တဲ့လူနဲ့တူပြီး လောကရှိ ကာမဂုဏ် အာရုံများကို ရေမြုစ်လိုပဲ အထည်ကိုယ်ဒြပ်အနေနဲ့ ဟန်ဆောင်ထားကာ တကယ်တမ်း တပ်မက်ချင်စရာ၊ မြဲမြံတဲ့အရာ မရှိဘူးဆိုတာကို သိကြပါတယ်။ အရိယာမဖြစ်သေးတဲ့ပုဂ္ဂိုလ်တွေကတော့ အဝေးကနေပဲ ရေမြုစ်ကို ရေခဲတုံးလို့ ထင်မြင်ကာ လောကကြီးထဲမှာရှိတဲ့ ကာမဂုဏ်အာရုံများကို တပ်မက်ချင် စရာ၊ စွဲလမ်းချင်စရာတွေထင်ပြီး လောဘ၊ ဒေါသ၊ မောဟတွေ ဖြစ်နေကြတာပါ။

တချို့က ရုပ်နာမ်တို့ရဲ့ မမြဲခြင်းသဘော၊ တပ်မက်ချင်စရာမရှိခြင်းသဘောတွေကို သိတော့ သိကြပါတယ်။ ဒါပေမဲ့ သိတယ်ဆိုတဲ့နေရာမှာ အမှန်တကယ်ထိုးထွင်းပြီး အမြဲတမ်းသိနေအောင် လုပ်ရမဲ့ဟာကို အပေါ်ယံသညာသိနဲ့ပဲသိပြီး ရှေ့မဆက်ဘဲ ဖြစ်နေကြတဲ့ပုဂ္ဂိုလ်များလည်း ရှိကြပါတယ်။ အမြဲတမ်းထိုးထွင်းပြီး သိနေဖို့ရန်အတွက် ရုပ်နာမ်တို့ရဲ့ဖောက်ပြန်မတည်မြဲမှုတွေကို မိမိသန္တာန်မှာ အမြဲစွဲနေအောင်ပြုလုပ် ကာ လောဘ၊ ဒေါသ၊ မောဟတွေကင်းအောင် အပြတ်ရှင်းရမှာ ဖြစ်ပါတယ်။ ရုပ်နာမ်တို့ရဲ့ ဖောက်ပြန်မှု၊ မတည်မြဲမှု၊ တပ်မက်ချင်စရာမရှိမှုတွေကို ခဏတာသိပြီး ခဏတာပယ်သတ်နိုင်တဲ့ သညာသိ၊ သိရုံလောက်နဲ့တော့ မဖြစ်သေးပါ။

ဒါပြင် မိမိသန္တာန်မှာ အမြဲလိုလို သိနေတယ်ထင်ပြီး ကိလေသာအာရုံများ ခဏတာပယ်သတ်နိုင်တာကို ကိလေသာတွေ အကုန်ကင်စင်နေတယ်လို့လည်း ထင်မနေပါနဲ့။ နောက်ဆုံး မိမိသန္တာန်မှာ ဘယ်လိုကိလေသာအာရုံတွေနဲ့ပဲ တိုက်ဆိုက်မှုတွေဖြစ်ပါစေ ကိလေသာထကြွမှုမဖြစ်တော့ဘဲ အမှန်ကို အမှန်အတိုင်း ရုပ်နာမ်တရားတို့ရဲ့ သဘောသဘာဝကို အမှန်တကယ်သိမြင်တဲ့ အရိယာပုဂ္ဂိုလ် အဆင့်ထိရောက်အောင် လုပ်ရပါမယ်။

ပုထုဇဉ်တွေဟာ ရုပ်နာမ်တို့ရဲ့ ဖောက်ပြန်မတည်မြဲမှု၊ လောကရှိ သဘောသဘာဝ အမှန်တရားများကို ခဏတာတော့ သိတတ်ကြပါတယ်။ ဥပမာ-တရားထိုင်စဉ်အချိန်မှာ ဆရာတော်များရဲ့ သွန်သင်းမှုကိုလိုက်နာပြီး ကျင့်ကြံနေတဲ့အချိန်မှာပေါ့။ အဲဒီလို ကျင့်ကြံနေတဲ့အချိန်မှာတော့ ခဏတာ ရုပ်နာမ်တို့ရဲ့ မမြဲမှု၊ လောကရှိအမှန်တရားများကို သိမြင်ပါတယ်။ ဒါပေမဲ့ ခဏတာပဲ သိမြင်ပြီး ရှေ့မဆက်တဲ့အတွက် ကိလေသာလျှော့နည်းမှုပဲဖြစ်ကာ နည်းနည်းဖြစ်စေ၊ တစ်ဝက်လောက်ဖြစ်စေ ကုန်မသွားဘူး။ အဲဒီလို ရုပ်နာမ်တို့ရဲ့သဘော၊ လောကရှိအမှန်တရားကို သညာသိနဲ့သိရုံလောက်နဲ့တော့ ကိလေသာလျှော့ပါးမှုပဲဖြစ်တဲ့ အတွက် မကောင်းမှု မလုပ်ဘူးလားဆိုတော့ ယုံကြည်စိတ်ချလို့ မရသေးတဲ့ပုထုဇဉ်ပဲရှိသေးလို့ စိတ်မချရသေးပါဘူး။ အဲဒီလိုပါပဲ စာရေးသူတို့ ဗုဒ္ဓဘာသာဝင်လူမျိုးများဟာ သညာသိလောက်ပဲ လုပ်တတ်ကြပြီး ရှေ့ဆက်မလုပ်ကြတဲ့အတွက် အကျိုးရရှိမှု နည်းနေကြတာပါ။ တချို့ကျတော့ အဲဒီလို သညာသိကိုသိအောင် မလုပ်ကြတဲ့လူတွေကလည်း အများကြီးရှိသေးလို့ စိတ်မကောင်းများ စွာ ဖြစ်ရပါသေးတယ်။ ဒါကြောင့် အနည်းဆုံး ဒီဘဝမှာ အရိယာမဖြစ်ရင်တောင်မှ နောက်ဘဝမှာတော့ အရိယာဖြစ်အောင် နည်းနည်းချင်း ကျင့်ကြံပေးဖို့ လိုပါတယ်။

တစ်ခါ ဈာန်နဲ့ကောင်းကင်ကိုပျံသန်းနိုင်ကြတဲ့ ရသေ့စတဲ့ သူတော်စင်များကလည်း ကိလေသာအာရုံများကို ခဏတာငြိမ်းအောင် ထိန်းနိုင်ကြပါတယ်။ ဒါပေမဲ့ အပြီးသတ် ငြိမ်းသတ်ထားခြင်းမဟုတ်တာကြောင့် ကိလေသာများ ထကြွသောင်းကျန်မှုဖြစ်လာရင် နဂိုရှိရင်း ဈာန်များပါ ပျောက်ကွယ်သွားတတ်ပါတယ်။ ကိလေသာမှန်သမျှ အပြီးသတ်ပယ်သတ်ထားတဲ့ ဘုရားရဟန္တာစတဲ့ အရိယာသူတော်ကောင်းတွေကတော့ ဘယ်လိုနည်းနဲ့ဖြစ်စေ ကိလေသာ ထကြွမှုမဖြစ်ဘဲ ရုပ်နာမ်တို့ရဲ့ သဘောသဘာဝအမှန်ကို သိမြင်ကြပါတယ်။

အပိုင်း(၂)ကို ဆက်လက်တင်ပြပေးပါမယ်။

4 comments

  • windtalker

    October 21, 2011 at 10:00 pm

    မှန်လှပါ ၊ အပိုင်း ၂ ကို ဆက်လက် ဖတ်ရှု ပါမယ် ဘုရား

  • minmahar

    October 21, 2011 at 11:48 pm

    အများခေါ် ပုထုဇဉ် ၊ ကျနော့မှာ အူအရိုင်းပေမို့
    ကြောင်းနှင့်ကျိုး မှတ်စဉ် တတ်ကာဖြင့်
    ရှောင်ရန်ကို ကျိုးပစ်ခြင်းတွေနှင့်
    ဆောင်ရန်ကို ကျိုးစစ် ကောင်းတွေကြောင့်
    ရောက်ရလိမ့် နိဗ္ဗာန်
    အရိယာအမှန် အသွင်ပြောင်းစေဖို့
    ဟောပါ့ဘုရား တိုတုတ်တုတ်နှင့်
    လူဘိန်းတွေ နားလည်လွယ်အောင်ဖြင့်
    နာရမည့် အရေး မျှော်ကာတွေးလို့
    စောင့်နေပါသည်..
    အရှင်မြတ်ဘုရား … ။

  • siamonone

    October 22, 2011 at 11:31 am

    ဘုန်းဘုန်းဘုရား အမှန်တရားမှာ dimension ဘယ်နှခုရှိပါသလဲခင်ဗျား ..
    ဇာတ်ကား လေးထဲမှာ .. လေ .. လူကြီးလေး နဲ့ လူငယ်လေး ပြောကြတယ် ..
    လက်ဝါးပေါ်မှာ “၁” ပုံလေး တင်ပီးတော့ .. တဘက်ကကြည့်ရင် “၁” တဲ့။ အဲ ကျန်တဘက်ပြောင်းသွားရင် “င” ဖြစ်သွားပီ .. အဲ့ဒါကို နောက်တစ်ဘက်က ကြည့်ရင် ” ဂ” ပီးတော့ “ပ” ပီးတော့ ..”I” (ဒေါင်လိုက်ကြည့်ရင်လေ) ဖြစ်နေအုံးမလားဘဲ . ဟီး ..
    ကျွန်တော် သိချင်တာက .. ဘယ်ဘက်က ကြည့်ကြည့် မှန်နိုင်မယ့် အမှန်တရား ရှိပါလား .. ? ရှိရင် သိချင်ပါတယ် ..
    ဘုန်းဘုန်း ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ ဘုန်းဘုန်းဖြစ်ချင်တဲ့ ဆန္ဒတွေ ပြည့်ဝ ပါစေ ..

  • ဆန်နီနေမင်း

    October 22, 2011 at 12:24 pm

    တကယ်အမှန်တရားကို သိချင်တယ်ဆိုရင်တော့ သစ္စာလေးပါးတရားကိုသာ အားထုတ်ကြည့်ပါ။ ဘယ်တော့မှ အမှားဆိုတာဖြစ်မလာသလို ဘယ်သူကမှလဲ မှားတယ်လို့ ကြိုက်တဲ့ရှု့ထောင်ကနေ ငြင်းနိုင်မှာ မဟုတ်ပါဘူး။ အင်း ရှေးကကိုယ်တိုင်လုပ်ခဲ့တဲ့ ကိုယ်တိုင်တွေ့ကြုံခံစားခဲ့ရတဲ့ အမှန်တရားကို မိမိတို့က ကိုယ်တိုင်မကျင့်ကြံဘဲ သူများပြောခဲ့တာကို မဟုတ်ဘူး၊ မမှန်ဘူးလို့ ငြင်းနေမယ်ဆိုရင်တော့ သဘာဝမကျတဲ့အတွက် အဲဒီလူနဲ့ ဆက်လက်ငြင်းစရာ အကြောင်းမရှိပေ။ ဒါကြောင့် သူများပြောတာ ဟုတ်မဟုတ်ကို ကိုယ်တိုင်လက်တွေ့လေ့လာကြည့်ပါ။ ကိုယ်တိုင်ခံစားပါလိမ့်မယ်။

    ဥပမာ-ထွက်သက်ဝင်သက်စတဲ့ ဝိပဿနာတရားကို နည်းစနစ်မှန်ကန်စွာနဲ့ စိတ်ဝင်စားစွာ အားထုတ်တဲ့မည်သည့်လူမဆို စိတ်ရဲ့ငြိမ်းချမ်းကို ခံစားရပါလိမ့်မယ်။ ဒါဟာ အမှန်တရားပါ။ မမှန်ဘူးထင်ရင် ကိုယ်တိုင်နည်းစနစ်မှန်သိအောင် လေ့လာပြီး ကိုယ်တိုင်စမ်းသပ်ကြည့်ပါ။

Leave a Reply