ခန္ဓာတွင်းအစည်းအဝေးပွဲလေး-၁

who whoNovember 1, 20111min1084

အစည်းအဝေးခန်းမကြီးကတော့ ဟာဒယနှလုံးအိမ်တွင်းမှာ ကျင်းပပါ တယ်။
ကျနော် ခန်းမထဲသို့ ဝင်ဝင်ချင်း အားလုံးရဲ့ အနေအထားလေးကို အရင်လှမ်းပြီး အကဲခတ်လိုက်တယ်။
အင်း မဆိုးပါဘူး။ အရင် အလုပ်မရှိခင် ကနဲ့စာရင် ခုပုံစံလေးက တော်တော်ကို တည်တည်ငြိမ်ငြိမ်လေး ဖြစ်နေပါတယ်။
ဒါနဲ့ပဲ ကျနော့်ရဲ့ ခန္ဓာအိမ်ထဲက စိတ်ကလေးနဲ့ အလုပ်အကြောင်းလေး ဆွေးနွေးခြင်း စတင်လိုက်ပါတယ်။
ဆရာ– ကဲ စိတ်ကလေးရေ မင်းကြည့်ရတာတော့ တော်တော့ကို တည်တည် ငြိမ်ငြိမ်လေးဖြစ်နေပါပေါ့လား။ ကဲ ပြောပြစမ်းပါဦးကွာ။ မင်းရဲ့ အလုပ်အတွေ့ အကြုံလေးလည်းသိချင်ပါသေးရဲ့။
စိတ် – အရင်ဆုံးတော့ ကျနော့အနေနဲ့ ဆရာ့ကို ကျေးဇူးတင်ကြောင်းလေး အရင်ပြောပါရစေ။ ကျနော် အလုပ်စလုပ်ခါစတုန်းကတော့ ဆရာရယ်ဘာပြော ကောင်းမလဲ။ ငါးမိနစ်ဆိုတာတောင် ကျနော့မှာ ကမ္ဘာနှစ်ပတ်လောက် ပတ်ပြီး ပေါ့။ ဝင်လေဝင်လာတာကို “သိ” လို့လည်း မှတ်ပြီးရော ကျနော့သူငယ်ချင်း တွေ နဲ့ ခိုးထွက်ပြီး လျှောက်လည်လိုက်တာ ခုမှ ပိုတောင် လည်လို့ကောင်း နေပါသေးတယ် ထင်တာပါပဲ။ အဲ လည်ရင်းကမှ ဟာ ငါ့မှာ အလုပ်ရှိပါ သေးပါလားလို့ သတိက ဝင်လာမှပဲ အမြန်ကို အလုပ်ပြန်လုပ်ရတယ်။ ဒီလိုနဲ့ ကျနော့်မှာ ခိုးထွက်လိုက် သတိနဲ့မိပြီး အလုပ်ပြန်လုပ်လိုက်နဲ့ ဆိုတော့ ကြာတော့ မောလာတယ်ဆရာရယ်။ အဲဒါနဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီးဆုံးမ ရတာပေါ့။ မင်း ဒီလိုသာ အလုပ်ကို ပေ့ါပျက်ပျက် လုပ်နေမယ်ဆိုရင် အလုပ် ထွက်လိုက်ပါတော့လား။ မင်းကွာ မလုပ်ရင် အရှင်း လုပ်ရင် အရှင်းပေါ့မဟုတ် ဘူးလား။ ခုလို ဟိုမရောက် ဒီမရောက်တော့ လုပ်မနေနဲ့ကွာ။ မင်းဟိုကောင် တွေနဲ့ ပေါင်းမယ်ဆိုလည်း ခါတိုင်းလို ပေါင်းပြီးသာ ဆက်မိုက်တော့ကွာ။ အေး အဲလို မဟုတ်ပဲ အလုပ်ကို ပဲကြိုးစားမယ်ဆိုရင်တော့ အလုပ်ကို ပီပီပြင်ပြင် လုပ်လေကွာ။ အခုလို ပုံစံလုပ် နေတာတော့ ရှက်ဖို့တောင်ကောင်းနေပါတယ်။ ဒီလောက်လေးတောင် အဖြစ်မရှိဘူးလားလို့ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး ဆုံးမ လိုက်မှပဲ ဆရာရယ် ငြိမ်သွားတော့တာ။ ခုတော့ ကျနော့အတွက် သတိက ကိုယ်ရံတော်လေးလို ဖြစ်နေပါပြီ။ သူမရှိတာနဲ့ ဟို ကိလေသာ တဏှာ စေတသိတ်တွေက ဝိုင်းကပ်လာကြလို့ ကျနော့်မှာ ဒီသတိကိုပဲ သက်တော် စောင့် လုပ်ထားနေရပါတယ်။ ခုတော့ အလုပ်မှာလည်း ပျော်နေပါပြီဆရာ။ စိတ်ကလေးလည်း နေလို့ ကောင်းနေပါပြီဆရာ။ ဒါကြောင့် ဆရာ့ကို ကျေးဇူးတင်ပါတယ် ဆရာရယ်။
ဆရာ – ကဲ ဟုတ်ပါပြီ။ ခုလိုလေး ကြားရတော့ ဆရာလည်း စိတ်ချမ်းသာတာ ပေါ့။ အင်း မင်းကို ဆရာမြင်သလောက် ပြောပြပါဦးမယ်။ ဒီလိုလေ မင်းအနေနဲ့ က တကယ်ဆို ဖြူစင်ပြီးသားပါ။ ဒါပေမယ့် မင်းပေါင်းတဲ့ စေတသိတ် အပေါင်း အသင်းတွေကို လိုက်လို့ မင်းမှာ အရောင်တွေ ပြောင်းသွားရတယ်လေ။ မကောင်းတဲ့ အကုသိုလ် စေတသိတ်ဖြစ်တဲ့ ကိလေသာ စေတသိတ်တွေနဲ့ ပေါင်းဖော်မိတော့ မင်းခမျာ အကုသိုလ်စိတ်တွေအဖြစ် အသွင်ပြောင်းလို့ ညစ် ပတ် ပေတူးသွားရတယ်လေ။ အဲဒီကနေမှ မကောင်းတဲ့ အကုသိုလ်ကံတွေ ကျူးလွန်မိရာက စိတ်ဆင်းရဲခြင်းဆိုတဲ့ ဒုက္ခကို ခံရလွန်းလို့ ဒဏ်ရာတွေက ပရပွကို ထပ်နေတော့တာပေါ့ကွာ။ အင်း…ခုလို အလုပ်ပေးလိုက်တယ်ဆိုတာ တကယ်တော့ ဒီကိလေသာ အပေါင်းအသင်းတွေနဲ့ အဆက်ဖြတ်ခိုင်းလိုက်တဲ့ သဘောပါပဲ။ ဒါတောင် မင်းက လစ်ရင်လစ်သလို ခိုးတွေ့နေသေးတယ်နော်။ ဒါပေမယ့်လေ မင်းတို့တွေမှာက အပေါင်းအသင်း စေတသိတ် မရှိလို့ကလည်း နေလို့ မရပြန်ဆိုတော့ ဆရာက ဒါတွေကို သိလို့ပဲ သတိ ဆိုတဲ့ အစောင့်လေး ကို အဖော်အနေနဲ့ ထားပေးလိုက်တာပေါ့။
စိတ် – အော် အဲလိုလား ဆရာရယ်။ အတော်လည်း ပညာပါပါလား ဆရာ။ ကျနော့် လိုအပ်ချက်ကို ဆရာက ကြိုသိပြီး ဟာကွက်မရှိစေရအောင် စီစဉ် ထားတာကိုးနော်။ ကျေးဇူးပါ ဆရာရယ်။
ဆရာ – ကဲ ဒီနေ့ကတော့ မင်းတို့ကို ဆရာက အလုပ်လုပ်ခြင်းဆိုသော အကြောင်းတရားကြောင့် ရလာတဲ့အကျိုးတွေကိုရှင်းပြမှာဖြစ်တယ်။ အရင်ဆုံး မင်းတို့က ဘာအကြောင်းတွေ လုပ်ရသလဲဆိုရင်
ဝင်လေ၊ ထွက်လေတို့ရဲ့ အပေါ်မှာ
၁။ သတိဆိုတဲ့ ရှေးရှုမှုက တစ်ကြောင်း
၂။ ဝီရိယဆိုတဲ့ လုံ့လပြုမှုက တစ်ကြောင်း
၃။ ဉာဏ်လို့ဆိုတဲ့ သုံးသပ်မှုက တစ်ကြောင်းရယ်
လို့ အကြောင်းသုံးရပ်နဲ့ အလုပ် လုပ်နေရတယ်နော်။ အဲလို သတိဝီရိယလေးတွေ အားစိုက်ပြီး ဝင်လေ၊ ထွက်လေလေးကို မလွတ်အောင် တစ်ချက်ပြီးတစ်ချက် ထိထိမိမိလေး မှတ်နိုင်လာပြီဆိုရင် ဒီလိုသိ..သိပေးနေတဲ့ စိတ်ကလေးဟာ ငြိမ်ပြီး တည်ကြည်လာတယ်လေ။ ဒါသည်ပင် သမာဓိ ထူထောင်နိုင်ပြီလို့ မှတ်လိုက် ပါ။ သမာဓိကို သတိရယ် ဝီရိယရယ်ဆိုတဲ့ အုတ်မြစ်နဲ့ ထူထောင် လိုက်တာနော်။ ဒါဆိုရင်ကိုပဲ မင်းတို့ဟာ စိတ်ကို ယောက်ယက်ခတ်စေသော ကိလေသာ တိုက်ပွဲ တစ်ပွဲကို နိုင်အောင် တိုက်နိုင်တဲ့အတွက် ဂိတ်စောင့် ကနေ ရာထူးတိုးသွားပြီပေါ့။ ကဲ နက်ဖြန်မှပဲ မင်းတို့ ထမ်းဆောင်ရမယ့် တာဝန်တွေကို ထပ်ပြီး သင်ပြပေးမှာ ဖြစ်တာကြောင့် ဒီနေ့တော့ မင်းတို့ ရာထူးတိုးသွားပြီ ဆိုတာလေး ကြေငြာရင်းနဲ့ပဲ အစည်းအဝေးကို ဒီမှာတင် ရပ်နားကြပါစို့နော်။

4 comments

  • windtalker

    November 1, 2011 at 8:02 pm

    အနော့်မှာတော့
    ဖမ်းရခက်နေတုန်းဘဲ ဆရာလေး ဝူဝှူး ရေ
    တော်တော်ကြီးကို အလုပ်လဲမရှိ ၊ လူလည်း အေးအေးလူလူဖြစ်မှ
    မနည်းဖမ်းကြည့်မိတယ်ဗျို ့

    • whowho

      November 2, 2011 at 5:28 pm

      အခက်ဆုံးအလုပ်ကို အထက်ဆုံးအချိန်မှာမှ စွမ်းနိုင်မယ်ဆိုတာလေး သတိပေးလိုက်ပါတယ်။

  • TTNU

    November 1, 2011 at 11:58 pm

    Who ရေ
    တီချာ သမာဓိကို သတိရယ် ဝီရိယရယ်ဆိုတဲ့ အုတ်မြစ်နဲ့ ထူထောင် နေခြင်းအလုပ်ကို
    ဆောင်းပါးကောင်းများစွာနဲ့ ဝိုင်းရံပေးတတ်တဲ့ Whowho တစ်ယောက် ဓမ္မခရီး တစ်လျှောက်
    မှာ အားကြီးသောအထောက်အပံ့ ရပါစေ မေတ္တာပို့သပါတယ်။

    • whowho

      November 2, 2011 at 5:30 pm

      ပို့သသော မေတ္တာကို ဝမ်းမြောက်စွာခံယူပါ၏။

Leave a Reply